Tuesday, November 29, 2011

စပျစ်သီး သန္ဓေနှင့် နောက်ဆက်တွဲ

သားအိမ်အတွင်းတွင် ကလေးတည်ရမည့်အစား အရည်တွေပြည့်နေသော အိတ်ငယ်ကလေးများ စုဝေးဖြစ်ပေါ်နေခြင်းမျိုးကို စပျစ်သီးသန္ဓေဟု ခေါ်ပါသည်။ အရည်တွေပြည့်နေသော အိတ်ငယ်အစုအဝေးသည် သန္ဓေချောင်းမြှေး ပြောင်းလဲယိုယွင်းခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ စပျစ်သီးသဏ္ဌာန်များ ဖြစ်နေသည့်အတွက် စပျစ်သီးသန္ဓေဟုခေါ်ခြင်း ဖြစ်နိုင်ပါသည်။ စပျစ်သီးသန္ဓေသည် မျိုးပွားနိုင်သော အမျိုးသမီးများတွင် မည်သည့်အသက်အရွယ်မဆို ဖြစ်ပွားနိုင်ပါသည်။ 

အထူးသဖြင့် အသက် ၄၀-ကျော် ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် အဖြစ်များပါသည်။ သို့သော် အသက် ၁၄-၁၆ နှစ်အရွယ် ဆယ်ကျော်သက်သားဦး ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင်လည်းဖြစ်ပွားမှုအန္တရာယ်
မြင့်မားသည်ဟု ဆိုကြပါသည်။ 
သွေးအုပ်စု (အေဘီ) အမျိုးသမီးများ၊ သွေးအုပ်စု (အို)ရှိသော အမျိုးသားများနှင့် အိမ်ထောင်ကျသော သွေးအုပ်စု(အေ) အမျိုးသမီးများသည် စပျစ်သီးသန္ဓေဖြစ်ပွားရန် အန္တရာယ်အများဆုံး ဖြစ်၏။ မိသားစုရာဇဝင်တွင် စပျစ်သီးသန္ဓေဖြစ်ဖူးသော အမျိုးသမီးများတွင် မျိုးရိုးလိုက်၍ 
ဖြစ်ပွားသည်ဟူသော အထောက်အထား မရှိပါ။ သို့သော် စပျစ်သီးသန္ဓေဖြစ်ဖူးသော အမျိုးသမီးများသည် နောက်တကြိမ်ထပ်ဖြစ်ရန် အခွင့်အလမ်း အဆ ၂၀-ရှိလေသည်။


စပျစ်သီးသန္ဓေ ဖြစ်ပွားမှုသည် နေရာဒေသအလိုက် မတူညီကြပါ။ ဥရောပနှင့် မြောက်အမေရိကနိုင်ငံများ၌ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၀၀၀-မှ ၂၅၀၀-တွင် တဦး၊ အင်္ဂလန်နိုင်ငံ၌ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀၀၀-တွင် ၁-ဒသမ ၅-ဦး၊ အင်နိုနီးရှား၌ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၀၀-တွင် ၁၀-ဦး၊ ထိုင်ဝမ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၈၂-ဦး၌ တဦးနှုန်းဖြစ်ပွားကြပါသည်။


စပျစ်သီးသန္ဓေဟု ယေဘုယျအားဖြင့် ခေါ်ဆိုနေကြသော်လည်း အမျိုးအစားမှာ နှစ်မျိုးရှိပါသည်။ အပြည့်အဝ စပျစ်သီးသန္ဓေနှင့် တစိတ်တဒေသ စပျစ်သီးသန္ဓေဟူ၍ ဖြစ်သည်။ စပျစ်သီးသန္ဓေ တည်ရခြင်းနှင့်  ပတ်သက်၍ မျိုးရိုးဗီဇဗေဒ ပညာရှင်များက လေ့လာကြည့်ကြရာတွင် မူမမှန် သန္ဓေအောင်ခြင်း ဖြစ်စဉ်ကြောင့် စပျစ်သီး သန္ဓေဖြစ်ပေါ်လာသည်ကို တွေ့ရှိရ၏။


အပြည့်အဝ စပျစ်သီးသန္ဓေသည် အဖိုသုက်ပိုးမျိုးစေ့က ခရိုမိုဇုမ်း လုံးဝမပါသော အမဗလာမျိုးဥနှင့်
ပေါင်းစပ်မိ၍ ဖြစ်ပေါ်လာပြီး တစိတ်တဒေသ စပျစ်သီးသန္ဓေမှာ အမမျိုးဥတခုနှင့် အဖိုသုက်ပိုးမျိုးစေ့နှစ်ခု (23,x and 23,Y) တို့ ပေါင်းစပ်မိပြီး ဖြစ်ပေါ်လာသည်ဟု ယူဆကြပါသည်။
အပြည့်အဝ စပျစ်သီးသန္ဓေသည် တစိတ်တဒေသ စပျစ်သီးသန္ဓေထက် ပိုမိုဖြစ်ပွားပါသည်။ သန္ဓေသား၏ အစိတ်အပိုင်းများကို အပြည့်အဝ စပျစ်သီးသန္ဓေတွင် မတွေ့ရသော်လည်း တစိတ်တဒေသ စပျစ်သီးသန္ဓေတွင် တွေ့ရပါသည်။ အပြည့်အဝ စပျစ်သီးသန္ဓေသည် တစိတ်တဒေသ စပျစ်သီးသန္ဓေထက် ပိုပြီး ကိုရီယိုကာဆီနိုးမားခေါ် ကင်ဆာရောဂါဖြစ်ပွားလွယ်ပါ၏။ ကိုရီယိုကာဆီနိုးများ ကင်ဆာရောဂါဖြစ်ပွား ရသည့် ၅၀-ရာခိုင်နှုန်းသည် စပျစ်သီးသန္ဓေကြောင့် ဖြစ်ပါသည်။ စပျစ်သီးသန္ဓေမှ တဆင့် ကင်ဆာရောဂါ ဖြစ်နိုင်သည်ကို ဂရုပြုရမည် ဖြစ်၏။


စပျစ်သီးသန္ဓေ၏ ရောဂါလက္ခဏာများအနေဲ့ လူနာအများစုသည် ကိုယ်ဝန်အစောပိုင်း ၁၂-ပတ် သို့မဟုတ် ၁၆-ပတ်၌ သားအိမ်အတွင်းမှ သွေးယိုတတ်ပြီး ကလေးပျက်ကျသကဲ့သို့ စပျစ်သီးနှင့်တူသောအရာများ ကျဆင်းလာတတ်သည်။ အလွန်အမင်းး ပျို့ခြင်း၊ အန်ခြင်းဖြစ်ကာ လူနာသည် ကိုယ်အလေးချိန် ဆုံးရှုံးပြီး လူမမာရုပ် ပေါက်နေသည်။ လူနာတဝက်လောက်တွင် သွေးတိုးခြင်း ဖောရောင်ခြင်း စသော ကိုယ်ဝန်အဆိပ်တက် လက္ခဏာစုကို တွေ့ရ၏။


သားအိမ်ကို စမ်းသပ်ကြည့်လျှင် လူနာ ၅၀-ရာခိုင်နှုန်း၌ သားအိမ်သည် ကြီးထွားသင့်သည်ထက် ပိုကြီးနေပါသည်။ အချို့လူနာတွင် သားအိမ်သည် ကိုယ်ဝန်လထက် ငယ်နေတတ်၏။ သားအိမ်ကို လက်နှင့်စမ်းကြည့်လျှင် တင်းမာနေခြင်း သို့မဟုတ်-ပုံမှန်ကိုယ်ဝန်လိုပင် တွေ့နိုင်သည်။ သန္ဓေသား၏ အစိတ်အပိုင်များကို စမ်း၍မရပါ။ သန္ဓေသား၏ လှုပ်ရှားမှုနှင့် နှလုံးခုန်သံကိုလည်း မတွေ့ရ မကြားရပါ။


စပျစ်သီးသန္ဓေ ဟုတ်-မဟုတ် ရောဂါအမည်ဖော်ထုတ်ရာတွင် ရောဂါရာဇဝင်အကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်း၊ အာထရာဆောင်းဖြင့် စစ်ဆေးခြင်း၊ H.C.G ဟော်မုန်းပမာဏ စစ်ဆေးခြင်း နည်းများနှင့် အလွယ်တကူ ရောဂါအမည်ဖော်၍ ရပါသည်။ စပျစ်သီးသန္ဓေဟု ရောဂါသတ်မှတ်လျှင် သားအိမ်အတွင်းမှ စပျစ်သီးသန္ဓေကို စုပ်ထုတ်ပစ်ရမည် ဖြစ်သည်။ သားဖွားမီးယပ် ဆရာဝန်များသည် ပထမအကြိမ် သားအိမ်ကိုရှင်းပြီး သွေးသွန်လျှင် (သို့) ရက်သတ္တပတ် တပတ် နှစ်ပတ်ကြာလျှင် ဒုတိယအကြိမ် သားအိမ်ခြစ်ချမှု ပြုလုပ်တတ်ကြပါသည်။ သားအိမ်ခြစ်ရာတွင် သွေးသွန်တတ်သည့်အတွက်
ဆေးရုံတွင် ပြုလုပ်ရန် လိုအပ်ပါ၏။


အချို့ စပျစ်သီးသန္ဓေသည် သားအိမ်နံရံကို ထိုးဖောက် ဖောက်ထွက်တတ်ပါသည်။ထိုသို့သော စပျစ်သီး သန္ဓေကို ကျူးကျော်ဝင်ရောက်သော စပျစ်သီးသန္ဓေဟုခေါ်သည်။ ထရိုဘိုဗလတ်ဆဲလ်များသည် သွေးလမ်းကြောင်းမှတဆင့် အဆုတ်နှင့်ဦးနှောက်သို့ ရောက်ရှိသွားတတ် ပါသည်။ ကျူးကျော်ဝင်ရောက်သော စပျစ်သီးသန္ဓေသည် သားအိမ်ပေါက်ထွက်ပြီး သွေးယိုမှုဖြစ်စေသည့် အတွက် ထိရောက်သော ကုသမှုခံယူရန် လိုအပ်ပါသည်။


စပျစ်သီးသန္ဓေ၏ အဆိုးရွားဆုံး နောက်ဆက်တွဲပြဿနာမှာ ရှေ့၌ ဖော်ပြခဲ့သော ကိုရီယိုကာဆီနိုးမား ကင်ဆာရောဂါဖြစ်သည်။ စပျစ်သီးသန္ဓေ ၄၀-ဦးတွင် တဦးသည် ဤရောဂါဖြစ်နိုင်၏။ ဤကင်ဆာရောဂါသည် လျင်မြန်စွာ ထိုးဖောက်ပျံ့နှံ့သော ကင်ဆာအမျိုးအစားဖြစ်သည်။ သားအိမ်နံရံကို ဖောက်ထွက်ပြီး အဆုတ်၊ အသည်း၊ ဦးနှောက် စသော ကိုယ်အင်္ဂါများကို ပျံ့နှံ့သွားကာ အသက်ဆုံးရှုံးစေပါသည်။ 


ဤကင်ဆာရောဂါဖြစ်ပွားလျှင် ပထမ သားအိမ်ထုတ်ပစ်ပြီး ကင်ဆာဆေးများနှင့် ထပ်မံကုသရပါသည်။
ရောဂါနုသေးလျှင် ပျောက်ကင်းနိုင်သော်လည်း ရောဂါရင့်လျှင် ပျောက်ကင်းနှုန်း နည်းလေ့ရှိသည်။
အချုပ်ဆိုရလျှင် စပျစ်သီးသန္ဓေ ဖြစ်ဖူးသော အမျိုးသမီးများသည် စပျစ်သီးသန္ဓေကို စုပ်ထုတ်ပြီးနောက်
နောက်ဆက်တွဲပြဿနာများ မဖြစ်ပွားစေရန် ဆေးရုံမှ ရက်ချိန်းပေးပြန်လည်ခေါ်ယူ စစ်ဆေးမှုကို ခံယူရမည်ဖြစ်ပါသည်။ ရက်ချိန်းအတိုင်း ပုံမှန်စစ်ဆေးခြင်း၊ ကုသမှု ခံယူခြင်းတို့ကို နှစ်နှစ်တိတိ ခံယူ၍ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။


ဇော်လင်းမြင့် (ဆေး/မန်း)
Ref:
1/. Jeffcoate's Principle of Gynaecology (5th Edition)
2. Robbins Pathologic Basis of Disease (5th Edition)
3. Obstetrics by Ten Teachers (16th Edition)

No comments: