Saturday, December 3, 2011

အသက်ရှူခြင်း

အသက်ရှင်နေထိုင်လျက်ရှိကြသော လူအားလုံးတို့သည် “အသက်ရှူခြင်း လုပ်ငန်းကို မလွဲမသွေ လုပ်ဆောင်လျက် ရှိကြသည်၊ “အသက်ရှူခြင်း”ကို အကြမ်းအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုပါလျှင် “ခန္ဓာကိုယ်သည် လိုအပ်သော အောက်ဆီဂျင်ကို ရယူ၍ မလိုအပ်တော့သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ပစ်ခြင်း” ဖြစ်ပါသည်။

လူတယောက်သည် လေထဲမှ အောက်ဆီဂျင်ကို ရယူသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လေထဲသို့ပင်
ပြန်လည်စွန့်ပစ်သည်။ ငါးတကောင်သည် ယင်း၏ ပတ်ဝန်းကျင်ဖြစ်သော ရေထဲမှ အောက်ဆီ၈ျင်ကို ရယူ၍ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရေထဲသို့ပင် စွန့်ပစ်၏။ လူသည် အသက်ရှူရန် အဆုတ်တစုံကို အသုံးပြုသည်။ ငါးသည် ပါးဟက်ကို သုံးသည်။

ဖားတကောင်သည် ကုန်းပေါ်၌နေစဉ် လေထဲမှ အောက်ဆီဂျင်ကို ရယူနိုင်ပြီး ရေထဲ၌ နေစဉ် ရေမှ
အောက်ဆီဂျင်ကို ရယူနိုင်သည်။ ဖားသည် လေမှ အောက်ဆီဂျင်ကို ရယူရန် အဆုတ်ကိုသုံး၍
ရေမှ အောက်ဆီဂျင် ရယူရန် အရေပြားကို အသုံးပြုလေသည်။ သို့အတွက် ဖားသည် ကုန်း၌၄င်း၊ ရေ၌၄င်း၊ အသက်ရှူနိုင်စွမ်း ရှိသည်။ သို့သော် လူသည် ရေ၌ အသက်မရှင်နိုင်.၊ ငါးသည်လည်း ကုန်း၌ အသက်မရှင်နိုင်ချေ။

အောက်ဆီဂျင် ရယူ၍ ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ပစ်ခြင်းကို “အသက်ရှူခြင်း”ဟု ယေဘုယျသဘောအားဖြင့် ဆိုနိုင်သော်လည်း ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ပြီးပြည့်စုံခြင်း မရှိသေးပေ။ အမှန်စင်စစ် အောက်ဆီဂျင်ကို တိုက်ရိုက်အသုံးပြုသည်မှာ ကလာပ်စည်းခေါ် ဆဲလ်များပင်ဖြစ်၏။ ထိုအတူ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ပစ် ကြသည်မှာလည်း ကလာပ်စည်းများပင် ဖြစ်၏။ အဆုတ်မှ ကလယ်စည်းများသို့ အောက်ဆီဂျင်ရောက်စေ 
ရန်နှင့် ကလာပ်စည်းများမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အဆုတ်ထံ ရောက်စေရန် “သွေးလှည့်ပတ်ခြင်း”ဖြင့် ပို့ဆောင်ပေးရသေးသည်။

သို့ဖြစ်ရာ အသက်ရှူခြင်းတွင်--
၁။ အဆုတ်မှ အောက်ဆီ၈ျင်ရယူခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ပစ်ခြင်း။
၂။ အဆုတ်နှင့် သွေးအကြား အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖလှယ်ခြင်း။
၃။ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို သွေးမှသယ်ဆောင်ပေးခြင်း။
၎။ ကလာပ်စည်းနှင့် သွေးအကြား အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖလှယ်ခြင်း။
၅။ ကလာပ်စည်းများမှ အောက်ဆီဂျင်ရယူ၍ ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ပစ်ခြင်းဟူ၍ အဆင့်ငါးဆင့် ပါဝင်သည်။

လူတယောက်၏ အသက်ရှူနှုန်းသည် တမိနစ်လျှင် ၁၀-ကြိမ်မှ ၁၈-ကြိမ်ကြားတွင် ရှိရမည်ဖြစ်သည်။ ကလေးငယ်များ၏ အသက်ရှူနှုန်းသည် လူကြီးများထက် မြန်သည်။ မွေးကင်းစ ကလေးငယ်တဦးသည် တမိနစ်တွင် အကြိမ် ၄၀-မျှ အသက်ရှူကြောင်း တွေ့ရပါသည်။

လူတယောက်သည် တကြိမ်အသက်ရှူလျှင် လေ ၅၀၀-စီစီမျှသည်။ ထို့ကြောင့် တမိနစ်လျှင် ပျှမ်းမျှ အသက်ရှူနှုန်း “၁၂”ကြိမ်ရှိပါက အဆုတ်နှင့် လေထုကြား လေဖလှယ်မှုမှာ တမိနစ်အတွင်း ခြောက်လီတာမျှ ရှိမည်ဖြစ်၏။ လူတယောက်၏ အဆုတ်တစုံသို့ လေအပြည့်ဖြည့်ကြည့်ပါက စုစုပေါင်း ခြောက်လီတာမျှပင် ဆန့်ဝင်ကြောင်း တွေ့ရပါမည်။
ကလာပ်စည်းများ အသက်ရှင်နေနိုင်ရေးအတွက် အဓိက လိုအပ်သည်မှာ အောက်ဆီဂျင်ဖြစ်သည်။
အောက်ဆီဂျင် မရှိလျှင် ကလာပ်စည်းများ အသက်မရှင်နိုင်။ တနည်းဆိုရသော် လူတို့ အသက်မရှိနိုင်။ ထိုအောက်ဆီဂျင်ကို လေထုမှ ရယူပေးရ၏။ လေထုတွင် အောက်ဆီဂျင် ပါဝင်မှုမှာ ၂၀-ရာခိုင်နှုန်းခန့် ဖြစ်ပါသည်။ လေထု၏ဖိအားကို ၇၆၀-မီလီမီတာ ပြဒါး (760-mm Hg) ဟု သတ်မှတ်သည်။ ထို့ကြောင့် လေထုရှိ အောက်ဆီဂျင်၏ ဖိအားပမာဏမှာ ၁၅၅-မီလီမီတာ ပြဒါးခန့် ဖြစ်သည်။

သွေးတွင် အောက်ဆီဂျင်ပါဝင်မှုကို ကြည့်ပါလျှင် သွေးလွှတ်ကြော၌ရှိသောသွေး (Arterial Blood)တွင် ၁၉.၈ စီစီ ရာခိုင်နှုန်းရှိပါသည်။ ဆိုလိုသည့် အဓိပ္ပါယ်မှာ ၁၀၀-စီစီမျှသော သွေးများ ကလာပ်စည်းသို့ ရောက်ရှိ သွားသောအခါ (၁၉.၈-၁၅.၂) ၄.၆ စီစီမျှသော အောက်ဆီဂျင်ကို ကလာပ်စည်းများမှ ရယူလိုက်နိုင်သည်။ ခန္ဓာကိုယ်၌ တမိနစ်အတွင်း သွေးလှည့်ပတ်မှုပမာဏမှာ ၅.၅ လီတာခန့် ရှိပါသည်။ အထက်ပါကိန်းဂဏန်းများအရ တွက်ချက်ကြည့်ပါမူ လူတယောက်သည် တမိနစ်လျှင် ၂၅၀-စီစီမျှသော အောက်ဆီဂျင်ကို သုံးစွဲလျက် ရှိသည်။

အောက်ဆီဂျင်သည် ကလာပ်စည်းများ၏ လုပ်ငန်းများအတွက် အရေးကြီးပါသည်။ ကလာပ်စည်းများသည် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် စွမ်းအင်လိုအပ်သည်။ စွမ်းအင်ရရန် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း နှင့် အဆီတို့ကို ဖြိုခွဲရမည်ဖြစ်၏။ ထိုသို့သော လုပ်ငန်းများအတွက် အောက်ဆီဂျင်သည် အဓိကလိုအပ်သော ပစ္စည်းဖြစ်သည်။ ဇီဝဖြစ်စဉ်များသည် အဓိက အညစ်အကြေးအဖြစ် ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ပေးသည်။ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို သွေးမှပင် သယ်ဆောင်၍ အဆုတ်မှတဆင့် စွန့်ပစ်ပေးရ၏။

အောက်ဆီဂျင်ကို သယ်ယူရာတွင် သွေး၏ ရေတွင် ပျော်ဝင်လျက်သော်၎င်း၊ သွေးနီဥများတွင် ရှိသော ဟေမိုဂလိုဘင် Haemoglobin နှင့် ပေါင်းစပ်၍သော်၎င်း သယ်ဆောင်ခြင်း ဖြစ်၏။ အဓိကအားဖြင့် ဟေမိုဂလိုဘင်နှင့် ပေါင်းစပ်၍သယ်ပါသည်။ သွေးအားနည်း (Anaemia) သူတယောက်တွင် အောက်ဆီဂျင် သယ်ယူပို့ဆောင်မှု စွမ်းအား ညံ့ဖျင်းသွားကြသည်။ သို့အတွက် ကလာပ်စည်းများသည် လုံလောက်သော အောက်ဆီဂျင်ကို မရရှိနိုင်ကြတော့ပေ။ အောက်ဆီဂျင် လုံလောက်စွာ မရရှိမှုကြောင့် မူးဝေခြင်း၊ မောပန်းခြင်း၊ နွမ်းနယ်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊ ရင်တုန်ခြင်း စသည့် ဝေဒနာလက္ခဏာများ ခံစားကြရနိုင်ပါသည်။

အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ အလွန်အကျွံ သွေးအားနည်းခြင်း၊ သတိလစ်မေ့မျောခြင်းတို့ဖြင့် ဆေးရုံသို့
ရောက်ရှိလာသော လူနာအများအား အောက်ဆီဂျင်ပေး၍ ကုသရတတ်သည်ကို စာဖတ်သူများ မြင်တွေ့ဖူးကြပါလိမ့်မည်။ အောက်ဆီဂျင်သည် မည်၍မည်မျှ အရေးကြီးသည် ဆိုခြင်းကို အားလုံးနားလည်ကြပြီး ဖြစ်ပါသည်။

ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်ကို ရယူပေးလျက်ရှိသော “အဆုတ်”တစုံမှာ အခြား လုပ်ငန်း တာဝန်ပေါင်းများစွာ ရှိနေသေးသည်ကို ဗဟုသုတအဖြစ် တင်ပြချင်ပါသည်။
၁။ အဆုတ်သည် ခန္ဓာကိုယ် အပူချိန် ထိန်းညှိရာတွင်လည်း ပါဝင်ပါသည်။ အထူးသဖြင့် ဤတာဝန်မှာ တိရစ္ဆာန်များတွင် ပို၍ အရေးကြီးသည်။ (Thermal Balance)
၂။ အဆုတ်သည် ခန္ဓာကိုယ်၌ ရေမျှတမူရှိစေရန် ထိန်းသိမ်းခြင်းနှင့်လည်း စပ်ဆိုင်ပါသည်။ နေ့စဉ် အဆုတ်တစုံမှာ ၃၀၀-စီစီမျှသောရေဆုံးရှုံးမှု ရှိနေပါသည်။ (Water Balance)
၃။ အဆုတ်သည် ခန္ဓာကိုယ်၏ ခုခံကာကွယ်ရေးစနစ်တွင်လည်း ပါဝင်သည်။ လေထုထဲမှ ပါလာသော
ရောဂါပိုးမွှားများကို ကာကွယ်တာဆီးပေးနိုင်စွမ်း ရှိသည်။ ခန္ဓာကိုယ် နေရာအနှံ့အပြားမှ သွေးကြောထဲတွင် ပါလာနိုင်သော သွေးခဲ အစအနများကို ဦးနှောက်သို့ ရောက်ရှိမသွားစေရန် စစ်ယူပေးပါသည်။ (Protective Function)
၎။ ခန္ဓာကိုယ်၌ လိုအပ်သော ဓာတ်ပစ္စည်း တချို့ကို တည်ဆောက်ထုတ်လုပ်နိုင်စွမ်း ရှိပါသည်။ (Synthetic Function)
၅။ ခန္ဓာကိုယ်မှ ထွက်ရှိသော ပစ္စည်းတချို့ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပါသည်။ (Metabolic Function)
၆။ အဆုတ်တစုံသည် အခြားသောလုပ်ငန်းများ လုပ်နိုင်ပါသေးသည်။ အသေးစိတ် ဖော်ပြရန် မလွယ်ကူသဖြင့် ချန်လှပ်ထားခဲ့ခြင်း ဖြစ်ပါသည်။

လူတိုင်း အသက်ရှင်ရန် အသက်ရှူနေကြရသည်။ အသက်ရှူခြင်းနှင့် ပတ်သက်၍ ထူးခြားမှု တခုကို ဆက်လက်တင်ပြလိုပါသည်။ အသက်ရှူရန် နံရိုးများ (Ribs) ကြားရှိ ကြွက်သားများ၊ ဝမ်းခေါင်းသား (Diaphragm) နှင့် အခြားကြွက်သား အချို့က လုပ်ဆောင်ပေးရသည်။ အထက်ဖော်ပြပါ ကြွက်သားများသည် အလိုအလျောက် မသိစိတ် (Invountary) (Automatic) လုပ်နိုင်သကဲ့သို့ ဆန္ဒစိတ် (သိစိတ်) Voluntary) လည်း ပြုလုပ်နိုင်ကြသည်။ သာမန်အားဖြင့် အသက်ရှူခြင်းသည် အလိုအလျောက် ဖြစ်နေသော
ဖြစ်စဉ်တခုသာ ဖြစ်သည်။ အသက်ရှူခြင်းသည် အလိုအလျောက် မသိစိတ်နှင့် စိတ်ဆန္ဒ (သိစိတ်) နှစ်မျိုးစလုံး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်မှာ ထူးခြားသည့် ဖြစ်စဉ်တခု ဖြစ်လေသည်။

ဒေါက်တာ အေးကျော် (ဇီဝကမ္မ)

No comments: