Sunday, December 4, 2011

ပင်လယ်စာစား သတိထား

ပင်လယ်ထွက်အစားအစာ (ပင်လယ်စာ)များအနက် အဆိပ်အတောက်ဖြစ်နိုင်သည့်အစာ မြောက်များစွာ ရှိ၏။ ယခင်ကဆိုလျှင် ပင်လယ်ထွက်အစားအစာများကို ကမ်းရိုးတန်းဒေသများတွင်နေထိုင်ကြသူများသာ စားသောက်လေ့ရှိကြသဖြင့် ပင်လယ်စာကြောင့် အဆိပ်သင့်ခြင်းသည် ကမ်းရိုးတန်းဒေသများအတွက်သာ
 ပြဿနာဖြစ်ခဲ့၏။ သို့သော် ခေတ်မီနည်းစနစ်များဖြင့် သားငါးများကို တာရှည်ခံအောင် သိမ်းဆည်း သယ်ပိုးနိုင်ပြီဖြစ်ရာ ပင်လယ်နှင့်ဝေးလံသည့် ဒေသများ၌လည်း ပင်လယ်စာ များကို လူအများ စားသုံးနိုင်ကြပြီဖြစ်ပေသည်။ ပင်လယ်စာ (Sea Foods)များကိုသာ သီးသန့်ချက်ပြုတ် ရောင်းချသည့် ဆိုင်များလည်း ခေတ်စားလာနေပြီဖြစ်ရာ ပင်လယ်စာနှင့်ပတ်သက်သည့် အန္တရာယ်များကို လူတိုင်း သိထားသင့်ပေသည်။


ပင်လယ်စာကို အစားများသည့် ဂျပန်နိုင်ငံတွင် ပင်လယ်စာကြောင့် အဆိပ်သင့်ခြင်းသည် အစာအဆိပ်သင့်မှု စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်ရှိကြောင်း သိရသည်။ ပင်လယ်စာများကို တင်သွင်းစားသုံးနေကြသည့် ကုန်းတွင်းနိုင်ငံများ၌လည်း ပင်လယ်စာကြောင့် အစာအဆိပ်သင့်မှုများ တစထက်တစ များပြားလာနေကြောင်း သိရပါသည်။ ပင်လယ်စာများကြောင့် အစာအဆိပ်သင့်ခြင်းဖြစ်ရာတွင် အဓိကနည်းသုံးမျိုး ရှိလေသည်။

(၁) ပထမနည်းမှာ ပင်ကိုသဘာဝအားဖြင့် အဆိပ်ရှိနေသော မစားကောင်းသည့် ပင်လယ်ငါး သို့မဟုတ်-ပင်လယ်သတ္တဝါကို စားမိခြင်း ဖြစ်သည်။ စားမိလျှင် အဆိပ်ဖြစ်ရန် သေချာ၏။ မစားကောင်းသည့် ပင်လယ် သတ္တဝါ၊ မစားကောင်းသည့် ပင်လယ်ငါးတို့ကို ခွဲခြားသိရှိထားခြင်းဖြင့် အဆိပ်မသင့်အောင် ကြိုတင်ကာကွယ်နိုင်ပါသည်။ အချို့သော ပင်လယ်သတ္တဝါများ၊ ပင်လယ်ငါးများသည် မိမိ၏ခန္ဓာကိုယ် တစ်နေရာတွင် အဆိပ်အတောက်ကို ကိုယ်တိုင်ထုတ်လုပ်၏။ သို့သော် အဆိပ်ထုတ်လုပ်သည့် ကလီစာ (Organ)ကို ဖယ်ထုတ်ပြီး အသားကိုစားလျှင် အန္တရာယ်မရှိပေ။ ထိုအချက်ကို မသိဘဲစားလျှင်မူ အဆိပ်သင့်မည်ဖြစ်၏။ ထိုအဆိပ်မျိုးသည် အပူပြင်းပြင်းပေး၍ ချက်ပြုတ်လိုက်လျှင် ပြေပျောက်သွားတတ် ပါသည်။

(၂) ဒုတိယနည်းမှာ လူတို့ စားသုံးသည့် ပင်လယ်ငါး၊ သို့မဟုတ်-ပင်လယ်သတ္တဝါသည် ပင်ကိုသဘာဝအားဖြင့် စားကောင်းသောအစာ ဖြစ်၏။ အဆိပ်မရှိပေ။ သို့သော် ပင်လယ်ရေထဲ၌ အဆိပ်အတောက်ရှိသည့် ပင်လယ်ရေညှိ (Marine Algae) ကဲ့သို့ အမှုန်အမွှား သက်ရှိကောင်ကလေးများ (Micro-organisms) ရှိနေသည်။ ယင်းကဲ့သို့ ပင်လယ်သတ္တဝါ (ဥပမာ-ခရု၊ ပင်လယ်ငါး)တို့ကို စားသုံးမိပြီး၊ ခရု၊ ပင်လယ်သတ္တဝါတို့ကို လူတို့က တဖန် စားသုံးခြင်းဖြင့် အဆိပ်အတောက်များသည် လူတို့၏ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ ထိုအဆိပ်မျိုးကြောင့် ဖြစ်ရသည့် အစာအဆိပ်သင့်မှုမျိုးကို ကာကွယ်ထိန်းသိမ်းရန်ခက်ခဲ၏။ အကြောင်းမှာ မည်သည့်ဒေသမှ ပင်လယ်ရေညှိများက အဆိပ်အတောက် ဖြစ်စေနိုင်သည်ဆိုသည်ကို ကြိုတင်၍ မသိနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ယင်းတို့ကို ပင်လယ်ငါးနှင့် ပင်လယ်သတ္တဝါမျိုးစုံတို့က စားသုံးကြခြင်းဖြစ်ရာ ဘယ်လိုငါးမျိုး၊ ဘယ်လိုခရုမျိုးကိုစားလျှင် စိတ်ချရသည်။ ဘယ်လိုငါးမျိုး ဘယ်လိုခရုမျိုးကို စားလျှင် စိတ်မချရဟု ကြိုတင်တွက်ဆဖို့လည်း မလွယ်ပေ။ ပင်လယ်စာတမျိုးတည်းက တရာသီတွင် အဆိပ်သင့်မှုများဖြစ်စေပြီး နောက်တရာသီတွင် အဆိပ်သင့်မှု မဖြစ်စေနိုင်ခြင်းက ကြိုတင်ကာကွယ်မှုပြုလုပ်ရန် ခက်ခဲစေပြန်၏။ ဤနည်းဖြင့် အဆိပ်သင့်နေသည့် ပင်လယ်သတ္တဝါတို့၏ အသားကို အပူပြင်းပြင်းနှင့် ချက်ပြုတ်သော်လည်း အဆိပ်အတောက်များ ပြေပျောက်မသွားတတ်ချေ။ အစာအိမ်ထဲ ရောက်သွားလျှင်လည်း အစာခြေအင်ဇိုင်း (Digestive Enzymes)များက ထိုအဆိပ်အတောက်များကို မခြေဖျက်နိုင်ပြန်ပေ။ ဤအဆိပ်သင့်နည်းမှာ ဖြစ်ပွားလေ့အရှိဆုံးနှင့် ကာကွယ်ရန် အခက်အခဲဆုံးနည်း ဖြစ်ပေသည်။


၃။ ပင်လယ်စာကြောင့် အဆိပ်သင့်နိုင်သည့် နောက်တနည်းမှာ အစာထားသိုမှု စနစ်မကျခြင်း၊ သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် အစာထဲတွင် ဗက်တီးရီးယား (Bacteria) ပိုးများပေါက်ဖွားပြီး အဆိပ်များထုတ်လုပ်ကြခြင်း ဖြစ်၏။ ဗက်တီးရီးယားများမှ ထုတ်လုပ်သည့် အဆိပ်များကို အစာခြေအင်ဇိုင်း (Digestive Enzymes) များက မဖျက်ဆီးနိုင်၊ တော်ရုံတန်ရုံ အပူပေး၍ ချက်ပြုတ်ရုံနှင့်လည်း ပျက်စီးမသွားတတ်ပေ။ အပူရှိန်ပြင်းပြင်းနှင့် ချက်ပြုတ်မှသာပျက်စီးသွားနိုင်ပါသည်။


(၁) ပင်ကိုသဘာဝအားဖြင့် အဆိပ်ရှိသည့် ပင်လယ်ငါးနှင့် ရေသတ္တဝါများ---
လွန်ခဲ့သော နှစ်ပေါင်းများစွာ (ဘီစီ-၂၀၀၀၊ ၃၀၀၀ ခန့်) ကပင် တရုတ်ပြည်၌ ငါးပူတင်း (Pufferfish) စားခြင်းကြောင့် အစာအဆိပ်သင့်ခြင်းများ ဖြစ်ခဲ့သည်ဟု မှတ်တမ်းများရှိခဲ့ပါသည်။ ယနေ့တိုင်အောင်လည်း ငါးပူတင်းကြောင့် အစာအဆိပ်သင့်ခြင်းများ ရှိနေဆဲပင်ဖြစ်၏။ အဆိပ်ကို ငါးပူတင်း၏ အသည်း၊ အူ၊ အရေပြား၊ မ-မျိုးဥအိမ် (Ovary) နှင့် ဥများတွင်တွေ့ရသည်။ ငါးပူတင်းမျိုးပေါင်း မြောက်များစွာရှိရာ အမျိုးအစားအားလုံးတွင် အဆိပ်ရှိသည်ဟု မဆိုလိုပေ။ အချို့ အမျိုးအစားများမှာသာ အဆိပ်တွေ့ရလေသည်။ ငါးပူတင်းမျိုးပေါင်း ၃၀-ခန့်အနက် ၂၈-မျိုးသည် တရုတ်နှင့်ဂျပန် ပင်လယ်ပြင်တွင် ကျက်စားနေပြီး အဆိပ်အပြင်းဆုံး ငါးပူတင်းများကိုလည်း ထိုဒေသများမှာပင် တွေ့ရသည်။ အဆိပ်ပြင်းသည့် ငါးပူတင်းမျိုးများသည် စား၍လည်း အရသာ အရှိဆုံးဖြစ်ကြပြန်၏။ ဂျပန်နိုင်ငံတွင် အဆိပ်ပြင်းသည့် ငါးပူတင်းများသည် ပင်လယ်၌ ပျော်သည့် ပင်လယ်ငါးများသာ ဖြစ်ကြပြီး တရုတ်နိုင်ငံတွင်မူ ယင်းတို့သည် ဥချချိန်၌ မြစ်ချောင်းများအတွင်းသို့ နယ်ကျူးကာ ရောက်ရှိလာတတ်ကြသည်။ ငါးပူတင်းများသည် နွေရာသီတွင် အဆိပ်အနည်းဆုံးဖြစ်ပြီး ဆောင်းရာသီတွင် အဆိပ်ပိုများကာ ဥချချိန်မတိုင်မီ မိုးဦးရာသီတွင် အဆိပ်အပြင်းဆုံးဖြစ်သည်ဟု ဆိုပါသည်။


ငါးပူတင်း အဆိပ်သင့်သူသည် မိနစ်အနည်းငယ်အတွင်း ခြေဖျားလက်ဖျား၊ နှုတ်ခမ်းနှင့်လျှာတွင် ထုံခြင်း၊ တရွရွဖြစ်ခြင်းတို့ကို ခံစားရတတ်သည်။ အချို့တွင် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရင်ခေါင်းအောင့်ခြင်း၊
 ဝေဒနာများ ခံစားကြရ၏။ အချိန်ကြာလာသည့်အခါ အာရုံကြောနှင့် ကြွက်သားများ အားနည်းလာပြီး
 နောက်ဆုံးတွင် အသက်ပင် မရှူနိုင်တော့ပဲ သေဆုံးရတတ်လေသည်။


ငါးပူတင်းကဲ့သို့ ပင်ကိုသဘာဝအားဖြင့် အဆိပ်ရှိသည့် အခြားပင်လယ်သတ္တဝါများ ရှိနေပါသေးသည်။ ယင်းတို့မှာ ငါးမန်း (Shark) မျိုးနွယ် ငါးအချို့၊ ငါးပုပ်သင် (Mackerel) မျိုးနွယ်ငါးအချို့၊ ငါးလင်ပန်း (Lamprey) မျိုးနွယ် ငါးအချို့၊ ငါးစာလုပ် (Squid) မျိုးနွယ် ငါးအချို့၊ ရေဘဝဲ (Octopus) မျိုးနွယ် သတ္တဝါအချို့နှင့် လိပ်မျိုးနွယ်စု အချို့တို့ ဖြစ်ကြပါသည်။


(၂) အဆိပ်ရှိသည့် ပင်လယ်ရေညှိကို စားသည့်ငါးနှင့် ရေသတ္တဝါများကြောင့် အစာအဆိပ်သင့်ခြင်း။
(က) ခရု (Shellfish) စား၍ အဆိပ်သင့်ခြင်း---
အဆိပ်ရှိသည့် ပင်လယ်ရေညှိ (Toxic Marine Algae) များကို စားသုံးထားသော ခရုများကို စားမိလျှင် ထိုသူကိုယ်တိုင် အဆိပ်သင့်ခြင်းအန္တရာယ်ကို ကြုံတွေ့ရမည်ဖြစ်သည်။ ကယ်လီဖိုးနီးယားမြောက်ပိုင်းနှင့် ကယ်လီဖိုးနီးယား အလယ်ပိုင်းမှ ဂျပန်နိုင်ငံထိ ပစိတ်ဖိတ်သမုဒ္ဒရာကမ်းရိုးတန်း၊ အမေရိကန် ပြည်ထောင်စု မြောက်ပိုင်း အတ္တလန်တိတ် သမုဒ္ဒရာကမ်းရိုးတန်း၊ ဂျပန်နိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် အဆိပ်ရှိသည့် ပင်လယ်ရေညှိများကို တွေ့ရှိရပါသည်။ 


ထိုအဆိပ်သင့်ခြင်းမျိုးတွင် အာရုံကြောများ အားနည်းခြင်း၊ အကြောသေခြင်းတို့သည် အဓိကလက္ခဏာများ
 ဖြစ်၏။ အဆိပ်သင့်ထားသည့် ခရုကိုစားပြီး မိနစ်အနည်းငယ်အတွင်း နှုတ်ခမ်း၊ လျှာနှင့် လက်ထိပ် ကလေးများတွင် ထုံကျဉ်မှုဝေဒနာကို စတင်ခံစားရတတ်သည်။ ထို့နောက် ခြေထောက်၊ လက်ဖျံ၊ လက်မောင်း၊ လည်ပင်းတို့ပါ ထုံကျဉ်လာပြီး ခြေလက်လှုပ်ရှားမှုများလည်း မူမမှန်တော့ပဲ ဒယိမ်းဒယိုင်ဖြစ်လာ တတ်သည်။ သို့သော် လူနာသည် သတိကင်းလွတ်သွားခြင်း မရှိတတ်ချေ။ နောက်ဆုံးတွင် လူနာသည် အသက်မရှူနိုင်တော့ပဲ ၂-နာရီမှ ၁၂-နာရီအတွင်း သေဆုံးရလေတော့၏။ အဆိပ်သင့်ပြီး ၂၄-နာရီအထိ မသေဆုံးခဲ့လျှင်မူ အသက်ရှင်ရန် အခွင့်အရေး ပိုများလေသည်။


ခရုစား၍ အဆိပ်သင့်ခြင်းသည် ၁၉၇၃-ခုနှစ်အထိ ပဟေဠိသဖွယ်ဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာ စားသုံးခဲ့ပြီး အန္တရာယ်တစုံတရာ မပေးခဲ့သော ခရုမျိုးကိုပင် စားမိသူများ အဆိပ်သင့်ကြရ၏။ ထိုခရုများကို ရက်သတ္တ သုံးပတ်ကာလအတွင်း စားသူတိုင်း အဆိပ်သင့်ခဲ့သော်လည်း နောက်ပိုင်းတွင် လုံးဝအဆိပ်မဖြစ်တော့ပြန်ပေ။ ၁၉၇၃-ခုနှစ်ရောက်မှသာ အဖြစ်မှန်ကို သိကြရလေသည်။ ပင်လယ်ရေ၏ အပူချိန်၊ အငန်ဓာတ်၊ pH  စသည့် ပတ်ဝန်းကျင်အခြေအနေများ သင့်တင့်လျောက်ပတ်သည့် အချိန်တွင် ထိုရေထဲ၌ အဆိပ်ရှိသည့် ပင်လယ်ရေညှိများ ပေါက်ဖွားရှင်သန်ကြသဖြင့် ထိုရေညှိများကို စားသုံးမိသည့် ခရုများကြောင့် အစာအဆိပ်သင့်ကြခြင်း ဖြစ်၏။ 


ရက်သတ္တ သုံးလေးပတ်ခန့် ကြာသည့်အခါ ပင်လယ်ရေ၏ အပူချိန်၊ အငန်ဓာတ်၊ pH စသည့် ပတ်ဝန်းကျင်အခြေအနေများ ပြောင်းလဲသွားပြီး ပင်လယ်ရေညှိများ သေကုန်ကြသဖြင့် ခရုများလည်း အဆိပ်အတောက် ကင်းသွားကြပြန်တော့သည်။ ခရုများသည် ပင်လယ်ရေညှိ၏ အဆိပ်ကို ခံနိုင်ရည် ရှိကြ သော်လည်း ခရုကိုစားသုံးသည့် လူများကိုယ်တိုင်မှာ ခံနိုင်ရည်မရှိဘဲ အဆိပ်၏ဒဏ်ကို ခံကြရခြင်း ဖြစ်လေသည်။


(ခ) ဂဏန်းများ (Crabs), ကမာကောင်များ(Oysters)---
ဂျပန်ပင်လယ်ရေပြင်မှ ဖမ်းဆီးရမိသော ဂဏန်းအချို့သည်လည်း အဆိပ်သင့်စေနိုင်ကြောင်း
 တွေ့ရှိထားပါသည်။ ထိုဂဏန်းများသည် ခရုများကဲ့သို့ပင် အဆိပ်ရှိသည့် ပင်လယ်ရေညှိများကို စားသုံးထားခြင်းကြောင့် လူကို အဆိပ်သင့်စေခြင်း ဖြစ်နိုင်သည်ဟု ဆိုပါသည်။


ဂျပန်နိုင်ငံ Hamana ပင်လယ်အော်မှ ကမာကောင်အချို့သည်လည်း ယင်းတို့ စားသုံးထားသည့် ပင်လယ်ရေညှိ များကြောင့် လူတွင် အစာအဆိပ်သင့်ရောဂါ ဖြစ်စေနိုင်ကြောင်း သိရပါသည်။ ထိုကမာကောင်များစား၍ အဆိပ်သင့်သူများသည် ပထမ ရက်အနည်းငယ်အတွင်း ဗိုက်နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊
 ခေါင်းကိုက်ခြင်း ဝေဒနာများ ခံစားကြရပါသည်။ ထို့နောက် အရေပြားနှင့် အစာအိမ် စသည့် ကလီစာများ၏ အမြှေးပါး (Mucous Membrane) တို့မှ သွေးများယိုလာပြီး နောက်ဆုံးတွင် အသည်းပျက်၍ (acute yellow atrophy of the liver) သေဆုံးရတတ်လေသည်။

(ဂ) ပင်လယ်ငါးများ--- 
အနောက် အင်ဒီးစ် West Indies) ဒေသတွင် ပင်လယ်ငါးအချို့ကို စားပြီး လူများ အစာအဆိပ်သင့်ခဲ့ကြောင်းကို ၁၅၅၅-ခုနှစ်လောက်ကပင် မှတ်တမ်းများရှိခဲ့လေသည်။ ထိုငါးများသည် ပင်ကိုသဘာဝအတိုင်း အဆိပ်ရှိနေခြင်း မဟုတ်ဘဲ အဆိပ်ရှိသည့် ပင်လယ်ရေညှိများကို စားထားခြင်းကြောင့်သာ လူကို အဆိပ်သင့်စေခြင်း ဖြစ်ကြောင်း အထောက်အထားများတွေ့ရပါသည်။ ကရစ်ဘီယမ်ပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်း အထူးသဖြင့် မြောက်လတ္တီတွဒ် ၃၅-ဒီဂရီနှင့် တောင်လတ္တီတွဒ် ၃၅-ဒီဂရီကြား ကျွန်းများတွင်လည်း ဤသို့ အဆိပ်သင့်မှုများ ဖြစ်တတ်၏။ ငါးအမျိုးအနွယ်စုပေါင်း ၃၀၀-ကျော်သည် ဤနည်းဖြင့် အဆိပ်သင့်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထားပါသည်။ Ciguatera Poisoning ခေါ် အဆိုပါ အစာအဆိပ်သင့်ခြင်းသည် ပင်လယ်စာကြောင့် အစာအဆိပ်သင့်မှု Seafood Poisoning များအနက် အကြီးမားဆုံး ကျန်းမာရေးပြဿနာဖြစ်ကြောင်း သိရှိရသည်။


Ciguatera Poisoning ခေါ် ပင်လယ်ငါးကြောင့် အဆိပ်သင့်ခြင်း၏ လက္ခဏာများမှာ နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းများ တရွရွဖြစ်နေရာမှ ထုံကျဉ်လာခြင်းဖြစ်၏။ တစ်တခါတစ်ရံ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း စသည့် ဝေဒနာများကိုလည်း ခံစားရတတ်သည်။ နောက်ပိုင်းတွင် လမ်းမလျှောက်နိုင်သည်ထိ အားနည်းသွားတတ်၏။ အသက်သေဆုံးသည်ထိ ပြင်းထန်လေ့မရှိသော်လည်း နှလုံးနှင့် သွေးလည်ပတ်မှုလုပ်ငန်း ပျက်ယွင်းသွားလျှင်မူ အသက်ဆုံးရှုံးမှုရှိနိုင်သည်ဟု သိရပါသည်။


(၃) ဗက်တီးရီးယားများကြောင့် ပင်လယ်စာ အဆိပ်သင့်ခြင်း---
ဗက်တီးရီးယားများကြောင့် ပင်လယ်အစာအဆိပ်သင့်ခြင်း အမျိုးမျိုးရှိသည့်အနက် Clostridium Botulium ခေါ် ဗက်တီးရီးယားကြောင့် အစာအဆိပ်သင့်ခြင်းကို နမူနာထား၍ တင်ပြပါမည်။
Clostridium Botulinum အမျိုးအစား ငါးမျိုး ( A-မှ E ထိ) ရှိသည့် အနက် အမျိုးခွဲ (E)သည် အစာအဆိပ်သင့်မှု အများဆုံးဖြစ်စေသည့် ဗက်တီးရီးယားမျိုး ဖြစ်သည်။ အခြားအမျိုးကွဲများကြောင့် အစာအဆိပ်သင့်မှု
 ဖြစ်တတ်သော်လည်း ရှားပါ၏။ CI.Bitulinum သည် အကောင်ဘဝ  Vegetative Form နှင့် မျိုးအောင်းစေ့ဘဝ Spore Form ဟူ၍ သဏ္ဍာန်နှစ်မျိုးဖြင့် တည်ရှိသည်။ မျိုးအောင်းစေ့များသည် မြေကြီးထဲ၌ ၄င်း၊ ပင်လယ်ကမ်းခြေ၊ ရေကန်များနှင့် မြစ်များ၏ ကမ်းတစ်လျှောက် နုံးမြေများထဲတွင်၎င်း ရှိနေကြ၏။ မျိုးအောင်စေ့များသည် ပတ်ဝန်းကျင်အပူချိန် ၃-ဒီဂရီမှ ၅-ဒီဂရီ စင်တီဂရိတ်အတွင်း၌ပင် အကောင်ဘဝသို့ ပြောင်းပြီး အဆိပ်များ ထုတ်လုပ်နိုင်သည်။ ၅-ဒီဂရီမှ ၃၀-ဒီဂရီ စင်တီဂရိတ်အတွင်း အပူချိန်တက်လာလေ အကောင်ပေါက်ရန် အခွင့်ပို၍ သာလာလေဖြစ်၏။ ထို့ကြောင့် ရေထွက်အစားအစာတိုင်းသည် CI.Botulinum ဗက်တီးရီးယားပိုး ဝင်ရောက်ပြီး အစာအဆိပ်သင့်မှုဖြစ်ရန် အန္တရာယ် အမြဲရှိနေသည်ဟု မှတ်ယူနိုင်ပါသည်။


ဤပိုးကြောင့် အစာအဆိပ်သင့်လျှင် ရောဂါလက္ခဏာများကို များသောအားဖြင့် အစာစားပြီး ၁၂-နာရီမှ ၃၆-နာရီအတွင်း စတင်၍တွေ့ရလေ့ရှိ၏။ သို့သော် စားပြီး သုံးလေးနာရီအတွင်း စောစွာတွေ့နိုင်သကဲ့သို့ စားပြီး ၁၀၈-နာရီကြာမှ နောက်ကျစွာ တွေ့ရသည်လည်း ရှိသည်။ ယေဘုယျအားဖြင့် ရောဂါလက္ခဏာ
 စောစောပေါ်လေ အဆိပ်ပြင်းလေဟု မှတ်ယူနိုင်၏။
ပျို့ခြင်း၊ အန်ခြင်း ဖြစ်ခဲ့လျှင် အန်လိုက်ခြင်းကြောင့် အဆိပ်သင့်မှု သက်သာသွားနိုင်သည်။


အဆိပ်၏ အဓိကပစ်မှတ်မှာ အာရုံကြောနှင့် ကြွက်သားများဖြစ်၏။ မျက်လုံးကြွက်သားများ ထိခိုက်မှုကြောင့် အရာဝတ္ထုတစ်ခုကို နှစ်ခုကဲ့သို့ မြင်ရခြင်းသည် အဆိပ်သင့်ခြင်း၏ ကနဦး ဝိသေသလက္ခဏာတရပ်ပင်
 ဖြစ်သည်။ ထို့နောက် မျက်ခွံများလေးလံတွဲလာခြင်း၊ သူငယ်အိမ် ကျယ်လာခြင်း၊ လက်နှိပ်ဓာတ်မီးနှင့် မျက်စိကို ထိုးကြည့်သည့်တိုင် သူငယ်အိမ် မကျယ်တော့ခြင်း စသည့် လက္ခဏာများကို တွေ့ရတတ်သည်။ လက်ချောင်းကြွက်သားများ ထိခိုက်သဖြင့် အစာမမျိုနိုင်ခြင်း၊ အသံဝင်ခြင်း၊ အစာနှင့်အရည်များ
 နှာခေါင်းနှက့်ပါးစပ်မှ ပြန်ထွက်လာခြင်း၊ လည်ပင်းကြွက်သားများ ထိခိုက်သဖြင့် ဦးခေါင်းကို မထောင်နိုင် ဇက်မခိုင်နိုင်ခြင်းတို့ ဆက်လက်ဖြစ်ပေါ်ခံစားရတတ်၏။ နောက်ဆုံးတွင် အသက်ရှူသည့် ကြွက်သားများ အလုပ်မလုပ်တော့သဖြင့် အသက်ရှူရပ်ပြီး သေဆုံးရတတ်သည်။ နှလုံးကြွက်သားများ အလုပ်မလုပ်တော့သဖြင့် နှလုံးရပ်ပြီး သေဆုံးရသည်လည်း ရှိ၏။ ဤအဆိပ်သင့်သဖြင့် သေဆုံးမှုနှုန်းသည် ၆၅-ရာခိုင်နှုန်းထိ ရှိကြောင်း သိရပါသည်။


E-အမျိုးအစားမဟုတ်သော CI.Botulinum ပိုးများနှင့် Staphylococcus Aureus ဗက်တီးရီးယားများသည်လည်း ပင်လယ်စာများတွင် တစ်ခါတစ်ရံ ဝင်ရောက်ပွားများပြီး အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ပင်လယ်စာကြောင့် အစာအဆိပ်သင့်မှု အန္တရာယ် လျော့ပါးစေခြင်း---
* မစားကောင်းသည့် ပင်လယ်စာများကို သိထားသင့်သည်။
* မည်သည့်ပင်လယ်သတ္တဝါများသည် မည်သည့်အင်္ဂါ (ကလီစာ) မှ အဆိပ်အတောက်များ ထုတ်လုပ်တတ်သည်ကို သိထားသင့်သည်။

ပင်လယ်စာ (အသားစိမ်း၊ ငါးစိမ်း) များကို 
* အလွန်အေးသော အပူချိန် (ရေခဲခန်း)တွင်  သိမ်းဆည်းရမည်။
* ရေခဲခန်းမှ ထုတ်ပြီးလျှင် ချက်ပြုတ်ရန် ဟင်းအိုးထဲ မထည့်မချင်း ရေခဲသေတ္တာထဲ၌သာ ထားရမည်။
* အသား-ငါး အတုံးအတွင်းပိုင်းတွင် အပူချိန် ၇၀-ဒီဂရီ စင်တီဂရိတ် ကျော်သည်အထိ မီးရှိန်ပြင်းပြင်းနှင့် ချက်ပြုတ်ရမည်။

ချက်ပြုတ်ပြီး ပင်လယ်စားများကို ---
* မီးဖိုမှချပြီး ပူပူနွေးနွေး စားသုံးသင့်သည်။
* ချက်ချင်း မစားသုံးဖြစ်လျှင် ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပြီး မစားသုံးမီ (အပူချိန် ၇၀-ဒီဂရီ စင်တီဂရိတ်ကျော်ထိ) ပြန်၍ အပူပေး (နွေး)ပြီးမှသာ စားသုံးရမည်။
* ချက်ပြုတ်ပြီးသော အသားတုံး၊ ငါးတုံးများကို တုံး,တစ်,လှီးဖြတ်လိုလျှင် သားစိမ်းငါးစိမ်းများ လှီးဖြတ်သည့် စဉ်းတီတုံးကို အသုံးမပြုဘဲ သီးသန့်စဉ်းတီတုံးကိုသာ သုံးရမည်။
* တစ်နေ့စာ လောက်ငှရုံ ချက်ပြုတ်စားသုံးသင့်သည်။ ပိုနေလျှင် နောက်တစ်နေ့စားရန် ချန်မထားဘဲ သွန်ပစ်ရမည်ဟု အကြံပြုလိုပါသည်။


ဒေါက်တာ-လှကြည်
(အာရောဂျံ ၂၀၀၀-ပြည့်နှစ်)

No comments: