Friday, December 9, 2011

(၅) အရှင်အနုရုဒ္ဓါအကြောင်း သိကောင်းစရာ

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ယဒိဒံ အနုရုဒ္ဓေါ။ (အံ-၁၊ ၂၃)

အရှင်အနုရုဒ္ဓါမထေရ်အလောင်း ရှေးဆုတောင်း---
လွန်လေပြီးသော ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရဘုရားရှင် ပွင့်တော်မူစဉ်က အရှင်အနုရုဒ္ဓါအလောင်းတော်သည် အမည်မထင်ရှားသော သူကြွယ်တဦး ဖြစ်ခဲ့လေသည်။ တနေ့သောအခါ သူကြွယ်သည် တရားနာရန်ကျောင်းတိုက်သို့ သွားရောက်ခိုက်ဝယ် ဘုရားရှင်က ရဟန်းတပါးကို ဒိဗ္ဗစက္ခုအဘိညာဉ်ရသောအရာဝယ် ဧတဒဂ်ဘွဲ့ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ မိမိလည်း ထိုဧတဒဂ်ဘွဲ့မျိုး ပုဂ္ဂိုလ်ဖြစ်ပါမူကား ကောင်းလေစွာ့ဟု စိတ်အကြံဖြစ်ပြီးလျှင် ခုနစ်ရက်တိုင်တိုင် ဘုရားအမှူးရှိသော သံဃာတော်အား ကြီးစွာသော အလှူဒါနကို ပေးလှူပြီးလျှင် ခုနစ်ရက်မြောက်နေ့၌ အလွန်မွန်မြတ်သော အဝတ်သင်္ကန်းတို့ကို လှူဒါန်းလျက် ဒိဗ္ဗစက္ခုအဘိညာဉ်ရသော ရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ် ဖြစ်ရပါလို၏-ဟု ဆုတောင်းခဲ့လေသည်။

 ဒိဗ္ဗစက္ခုအဘိညာဏ် ရရန်ပရိကံ ကောင်းမှုကံ---
ပရိနိဗ္ဗာန်စံတော်မူပြီးသော ပဒုမုတ္တရဘုရားရှင်၏ ရွှေစေတီတော်အနီးရှိ ရဟန်းသံဃာတော်သို့ ချဉ်းကပ်လျက် 
အရှင်အနုရုဒ္ဓါ အလောင်း သူကြွယ်က “အရှင်ဘုရားတို့...ဒိဗ္ဗစက္ခုအဘိညာဏ်၏ ရရန်အကြောင်း ပရိကံကောင်းမှုကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်လေ၏။
ရဟန်းသံဃာတော် အရှင်မြတ်များက “ဒါယကာ...ဆီမီးအလှူကို ပေးလှူရန် သင့်ပေ၏”ဟု မိန့်တော်မူကြ၏။
ထို့ကြောင့် သူကြွယ်သည် ဆီမီးတိုင် ထောင်ပေါင်းများစွာ လှူဒါန်းလေ၏။ (အံ-ဋ္ဌ-၁၊ ၁၄၄)

No comments: