Friday, December 16, 2011

ကလတက် (သို့မဟုတ်) အုန်းမောင်း ပြုလုပ်ပုံ

ရှေးလူကြီးများရဲ့ စကားတခု ရှိပါတယ်။ “အသစ် ဘယ်လိုကောင်းကောင်း အဟောင်းကိုတဲ့ တလည်လည်”လို့ ကြားဖူးပါတယ်။ ဒီနေ့ခေတ်ကြီးဟာ အလွန်လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ မယုံကြည်နိုင်လောက်အောင်ဘဲ တိုးတက်ပြောင်းလဲနေတာကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမယ့် အသစ်တွေ ကောင်းသလို အဟောင်းကိုလဲ မေ့မထားသင့်ဘူးလို့ ယူဆမိပါတယ်။


ကျွန်တော်တို့ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများမှာ ကလတက် (အုန်းမောင်း) ရှိပါတယ်။ နံနက် ၄-နာရီ တကြိမ်၊ ညနေ ၄-နာရီ တကြိမ် ၂-ကြိမ် နာရီကို ကလတက် ခေါက်ပါတယ်။
ဟိုခေတ်က ကျေးရွာများမှာ နာရီရှားပါတယ်။ အဲဒါကြောင့် အချိန်နာရီသိဖို့အတွက် ဘုန်းတော်ကြီးကျောင်းက ကလတက်သံကို အားကိုးရပါတယ်။ ဒီနေ့ခေတ်မှာ နာရီတွေ ပေါများလာပေမယ့် မဝယ်နိုင်သော လူများ ရှိနေဆဲ ဖြစ်၍ ဘုန်းတော်ကြီးကျောင်းက ကလတက်သံကိုပဲ အားကိုးမြဲအတိုင်း ဂရုစိုက် နားထောင်ကြရပါတယ်။

ရှေးဟောင်း အစဉ်အလာရှိတဲ့ ကလတက် လုပ်နည်းလုပ်ဟန် နည်းစနစ်တခု ပျောက်မသွားစေချင်လို့ ကျွန်တော်သိထားတဲ့အတိုင်း နက္ခတ္တရောင်ခြည် မဂ္ဂဇင်းကတဆင့် လက်ဆင့်ကမ်း ဝေငှလိုက်ပါတယ်။ လိုအပ်သူများ အကျိုးရှိပါစေ။

ထွင်းလုပ်ပုံ စနစ်---
(က) ထိပ်ဝတစ်ပြန်၊ အနားချန်၊ လေးပြန် အလယ်ထား။
(ခ) ထိပ်ဝငါးချိုး၊ ပယ်တစ်ချိုး၊ လေးချိုး အနက်ထား။
(ဂ) ထိပ်ဝခြောက်ချိုး၊ ပယ်ငါးချိုး၊ တစ်ချိုး ပါးစပ်ထား။

ပြုလုပ်မယ့်သစ်သားဟာ အနန္တောအနန္တငါးပါးကို ရည်ရွယ်ပြီး ငါးပေ ပြုလုပ်ရပါမယ်။

တီးခတ်နည်း စနစ်---
(က) ညင်ညင်သာသာနဲ့ မှန်မှန် တီးရမယ်။
(ခ) ထို့နောက် တစ်ချက်ချင်း ၂၄-ချက် ထပ်မံ တီးရမယ်။
(ဂ) နောက်ဆုံး နေ့နံဂြိုဟ်အရ တီးရမယ်။

ဥပမာ--တနင်္ဂနွေနေ့ ၁-ချက်၊ တနင်္လာနေ့ ၂-ချက်။
မြန်မာဗေဒင်ပညာနည်းအတိုင်း ကလတက်ဆိုတာ စနေနံ၊ အဲဒါကြောင့် နံတူထပ်က အသေရ ဆိုတဲ့အတိုင်း ကလတက်ကို ခေါက်ဖို့ စနေနေ့ ထန်းသီးဆန် အခြောက်ဖြစ်အောင် လုပ်ရမယ်။ ထန်းပင်ပေါ်က ခုတ်ချတဲ့ ထန်းသီး မဖြစ်စေရပါ။ အပင်ပေါ်က ထန်းသီးရင့်ရင့်ကိုရှာပြီး အပင်အောက်ကို ယူလာခိုင်းရမယ်။ ပစ်ချရင် အသံ မကောင်း ဖြစ်တတ်တယ်။ ထို ရထားတဲ့ ထန်းသီးဆန်တခုကို ရေနှစ်ပုလင်းခန့်နဲ့ အရက်မီးတောက် ပုလင်းထက်ဝက်ခန့်နဲ့ ထပ်ပြီး ရောထည့်ပါ။ ထပ်ပြီး ရေဆူအောင်ကျိုပါ။


အဲဒီနောက် ထိုအဆန်ကို စပါးပုတ်ထဲမှာ သုံလခန့်မြှုပ်ပါ၊ ထိုအဆန်ကို အရိုးလုပ်ဖို့အတွက်  ကလတက် စနေနံရဲ့ ဓာတ်ရန်ဂြိုဟ်ဖြစ်တဲ့ (တောသူ) သီးသား (သို့မဟုတ်) သံသတ်သားကို ရှာပြီး အရိုးပြုလုပ်ပါ။ ထိုအခါ ဆီးခတ်တဲ့အခါ အလွန်မြည်၊ အလွန်အသံသာတဲ့ ကလတက်သံ ကြားရပါ့မယ်။


ထိုကလတက်သံကို အလှမ်းကွာတဲ့ အရပ်ဒေသများကပင် ကြားရပါတယ်။ ကလတက်ကို အကြိမ်ဆက်ကာဆက်ကာ ခေါက်ရင် ရွာထဲကဒကာအချို့ ကျောင်းကိုရောက်အောင် သွားရတယ်။ အကြောင်းရှိတယ်၊ ပြောစရာ အရေးကြီးနေတယ်လို့ သဘောပေါက်ကြတယ်။


ကိုးချက်ခေါက်တယ်ဆိုရင် နေ့လယ် ကျောင်းမှာ အစည်းအဝေး ရှိတယ်၊ ဒကာတွေ ကျောင်းကို လာရမယ်လို့ သဘောပေါက်ကြတယ်။ 
တချက် ခေါက်ရင် ကပ္ပိယ၊
နှစ်ချက်ခေါက်ရင် ကျောင်းသား၊ 
သုံးချက်ခေါက်ရင် ကိုရင်၊ လာရမယ်ဆိုတာ သိနေတဲ့အတိုင်း ဘုန်းတော်ကြီးထံကို ရောက်အောင် သွားကြရတယ်။

ဒီနေ့ခေတ် ဆယ်လူလာ(Cellular) တွေ မပေါ်ခင်ကပင် ကျွန်တော်တို့ရဲ့ ဘုန်းကြီးကျောင်းတွေမှာ ဆယ်လူလာပုံစံမျိုး ပေါ်ပေါက်ပြီးသားလို့ဆိုရင် ကြွားတယ်များ ဖြစ်နေမလား။
ကျွန်တော် ရှေးနည်းဟောင်းတခု ပျောက်ဆုံးမသွားအောင်  မှတ်တမ်းတင် ရေးပြခွင့်ရတာကိုပဲ အလွန်ဝမ်းသာမိပါတယ်။ သက်ဆိုင် လိုအပ်တဲ့အခါ အသုံးပြုနိုင်ပါစေရန် ရည်ရွယ်လိုက်ပါတယ်ခင်ဗျား။


သဗ္ဗေသတ္တာ ဘဝန္တု သုခိတတ္တာ
ဦးအေးရွှေ-ကနောင်
(နက္ခတ္တ ၂၀၀၉-ဇွန်) 


မှတ်ချက်။ ။ 
ကလတက် ထွင်းမည့် တုံးသည် အလျား ၅-ပေ ရှိရမည်။
လုံးပတ် (ခေါ်) အချင်း ၉-လက်မ ရှိရမည်။
ကလတက် ပါးစပ် (ခေါ်) အပေါက်  အလျား ၃-ပေ ၆-လက်မ ရှိရမည်။
ပါးစပ် အနံ ၁-လက်မ ၅-စိပ် ရှိရမည်။ 
ပါးစပ် ဇောက်၊ အနက် ၇-လက်မ ၂-စိပ် ရှိရမည်။

No comments: