Thursday, December 15, 2011

ပိစပ် မဲဇလီ အစွမ်းထက်သည်

ဆေးနည်း---
၁။ ပိစပ်ပင် ပဉ္စငါးပါး
၂။ ပွေးမဲဇလီရွက် မနုမရင့်
၃။ ပျားရည် စစ်စစ်။


ဖော်စပ်ပုံ---
ပိစပ်ပင် ပဉ္စငါးပါးကို နုပ်နုပ်စဉ်းပြီးလျှင် အိုးကြီးတလုံးထဲတွင် ထည့်ပါ။ ရေအပြည့် လောင်းထည့်၍ မီးကြမ်းကြမ်းဖြင့် ပြုတ်ပါ။ ရေတဝက်ခန်းလျှင် ရေအပြည့် ထပ်မံဖြည့်ပြီး ပြုတ်ပါ။ 
ဤသို့ ၃-ကြိမ် ရေထည့်ပြီး ပြုတ်၍ ပြုတ်ရည် ၃-ပုံ ၁-ပုံကျန်လျှင် အဖတ်အားလုံး ဆယ်ယူ စွန့်ပစ်ပါ။ ကျန်သောပြုတ်ရည်ကို စစ်ယူပြီး မီးမျှဉ်းမျှဉ်းဖြင့် ချက်ပါ။ မည်းညိုရောင်အဆင်းရှိသော ကတ္တရာစေးကဲ့သို့ ဆေးဆီကို ရပါသည်။

ပိစပ်ပင်မှ ဆေးဆီများကို သိမ်ထားပါ။ ပွေးမဲဇလီရွက်ကိုလည်း ပိစပ်ပင်မှ အဆီထုတ်ယူသည့်နည်းအတိုင်း ပြုလုပ်၍ အဆီထုတ်ယူပါ၊ သိမ်းထားပါ။

အချိုးအဆ---
ပိစပ်ပင် အဆီ ၅-ဆလျှင် ပွေးမဲဇလီပင်အရွက်အဆီ ၁-ဆနှုန်း ရောစပ်ပါ။
ပျားရည်ကို ထည့်စပ်၍ သမအောင် မွှေပေးပါ။
ပျားရည်စပ်ပြီးသား ဆေးသည် သကာရည်၊ တင်လဲရည်၊ ထမင်းရည် ပျစ်ပျစ်သဏ္ဌာန် ဖြစ်နေစေရပါသည်။ 
 (ဝမ်းခိုင်သူများ မဲဇလီအဆီကို အနည်းငယ် ပိုထည့်ရန် လိုပါသည်)

သုံးစွဲရန် ပမာဏ---
ထမင်းစားပြီးတိုင်း ဟင်းစားစတီးဇွန်းနှင့် ၁-ဇွန်းနှုန်း ဆေးစားပြီးလျှင် ရေဝဝ သောက်၍ ရေဝဝ ချိုးပေးရမည်။

အကျိုး---
အဆုတ်နာ၊ အစာအိမ်နာ၊ သွေးတိုး လေနာ၊ မောပန်းလွယ်ခြင်း၊ သွေးအားနည်းခြင်း၊ ဓာတ်ချုပ်ခြင်း၊ ကိုယ်လက် ကိုက်ခဲ ညောင်းခြင်း၊ တက်ခြင်း၊ အကြောနာခြင်း၊ နှလုံးရောင်ခြင်း၊ ခြောက်ခြင်း၊ အခိုးမပွင့်ခြင်း၊ ခေါင်းအုံ ခေါင်းခဲ၊ ဦးခေါင်း မကြည်လင်ခြင်း၊ စားမဝင် အိပ်မပျော်ခြင်း၊ သားအိမ်ရောင်တင်းခြင်း၊ အဖြူဆင်းခြင်း၊ ဓမ္မတာလာစဉ် ကိုက်ခဲခြင်း၊
ဒူလာ မီးယပ်ပိန် မီးယပ်ခြောက်ခြင်းနှင့် ထက်အောက်သွေးလှည့်ပတ်မှု မမှန်ကန်သော ရောဂါများ၊ သက်သာပျောက်ကင်း၍ စွဲပြီးစားလျှင် ကျန်းမာသက်ရှည် နုပျို အဆင်းလှစေသည်။ အတွင်းကလီစာများတွင် ဖြစ်သော ပြည်တည်နာ၊ အနာပေါက်ရောဂါများအတွက်လည်း သက်သာပျောက်ကင်း စေသော ဆေးဖြစ်သည်။

ဆရာဆုစံ(မြိတ်) တိုင်းရင်းဆေး
(နက္ခတ္တ ၂၀၀၉-ဇွန်) 

No comments: