အမှုသည်---အရှင်ဆန္န။
အမှု---ဆုံးမသည်ကို မနာခံမှု။
အရှင်ဆန္န အပြောရခက်ပုံ။ ။ ဘုရားရှင်၏ ဖွားဖက်တော်ဖြစ်သော အရှင်ဆန္နသည် အခြားရဟန်းတို့က “ဤမည်သောအမှုကို မပြုနှင့်, မအပ်ပါဘူး”ဟု ပြောဆိုဆုံးမသောအခါ ထိုရဟန်းတို့ကို ဤသို့ ပြန်ပြောလေ့ ရှိ၏။
“တပည့်တော်ရဲ့ ဘုရား၊ တပည့်တော်ရဲ့ တရား၊ တပည့်တော်ရဲ့ အရှင့်သားတော်သည် တရားတော်ကို ထိုးထွင်း၍ သိထားတာဖြစ်တယ်၊ လေမုန်တိုင်းကြီး တိုက်လာသည့်အခါ မြက် ထင်း သစ်ရွက် အမှိုက်သရို က်
တွေကို တနေရာ၌ ဖယ်ရှားလိုက်သလို, တောင်ပေါ်မှ စီးကျလာသော မြစ်ရေသည် မှော်သေး မှော်ညှင်းတို့ကို တနေရာ၌ ဖယ်ရှားလိုက်သလို၊ ထို့အတူ ကိုယ်တော်တို့တတွေကို တပည့်တော်က ဖယ်ရှားနိုင်တယ်၊ ကိုယ်တော်တို့က တပည့်တော်ကို ပြောစရာ ဆိုစရာလို့ မှတ်နေကြသလား, တပည့်တော်ကသာ ကိုယ်တော်တို့ကို (မတော်တာရှိလျှင်) ပြောရ ဆိုရ ဆုံးမရမှာ”...ဤသို့ ပြန်၍ ပြောလေ့ရှိ၏။
ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ် ပါဠိတော်။ ။ ဘိက္ခုပနေဝ ဒုဗ္ဗစဇာတိကော ဟောတိ ဥဒ္ဒေသပရိယာပန္နေသု သိက္ခာပဒေသု၊ ဘိက္ခူဟိ သဟဓမ္မိကံ ဝုစ္စမာနော အတ္တာနံ အဝစနီယံ ကရောတိ၊ မာ မံ အာယသ္မန္တော ကိဉ္စိ အဝစုတ္ထ ကလျာဏံ ဝါ ပါပကံ ဝါ၊ အဟမ္ပာယသ္မန္တေ န ကိဉ္စိ ဝက္ခာမိ ကလျာဏံဝါ ပါပကံ ဝါ၊ ဝိရမထာယသ္မန္တော မမ ဝစနာယာတိ၊ သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော၊ မာယသ္မာ အတ္တာနံ အဝစနီယံ အကာသိ၊ ဝစနီယမေဝ အာယသ္မာ အတ္တာနံ ကရောတု၊ အာယသ္မာပိ ဘိက္ခူ ဝဒတု သဟဓမ္မေန၊ ဘိက္ခူပိ အာယသ္မန္တံ ဝက္ခန္တိ သဟဓမ္မေန၊ ဧဝံ သံဝဍ္ဎာ ဟိ တဿ ဘဂဝတော ပရိသာ, ယဒိဒံ အညမညဝစနေန အညမညဝုဋ္ဌာပနေနာတိ၊ ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂယှေယျ၊ သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျ၊ သံဃာဒိသေသော။
သိက္ခာပုဒ် မြန်မာပြန် အကျဉ်း။ ။ ရဟန်းဖြစ်ပါလျက် ပါတိမောက်၌ (ဝိနည်းပါဠိတော်၌) အကျုံးဝင်ကုန်သော သိက္ခာပုဒ်ဆိုင်ရာဝယ် အပြောခက် အဆိုခက် ဖြစ်နေအံ့၊ ရဟန်းတို့က သိက္ခာပုဒ်ဖြင့် ပြောဆိုဆုံးမလျှင် မိမိကိုယ်ကို သူများ အဆုံးအမခံမည့်သူ မဟုတ်ကြောင်း ပြန်၍ပြောအံ့၊
ပြောပုံကား...“အရှင်ဘုရားတို့...တပည့်တော်ကို ကောင်းကောင်ဆိုးဆိုး ဘာကိုမျှ မပြောကြပါနဲ့၊ တပည့်တော်ကလည်း အရှင်ဘုရားတို့ကို ကောင်းတာဖြစ်စေ, ဆိုးတာဖြစ်စေ ဘာကိုမျှ ပြောလိမ့်မည်မဟုတ်၊ တပည့်တော်ကို ပြောခြင်း ဆိုခြင်းမှ ရှောင်ကြပါ”
ဤသို့ ပြန်ပြောအံ့၊ ထိုအဆုံးအမခက်သောရဟန်းကို အခြားရဟန်းတို့က ပြောရမည်မှာ-
”အရှင်သည် ကိုယ့်ကိုယ်ကို မပြောရ မဆိုရသူ မလုပ်ပါနဲ့၊ အရှင်ကလည်း ရဟန်းတို့ကို သိက္ခာပုဒ်ဖြင့် (မတော်တာရှိလျှင်) ပြောပါ၊ ရဟန်းတို့ကလည်း သိက္ခာပုဒ်ဖြင့် အရှင့်ကို ပြောပါလိမ့်မည်၊
ဤသို့ အချင်းချင်း ပြောဆိုကြခြင်း (အာပတ်သင့်လျှင်) အာပတ်မှထအောင် အချင်းချင်း ကူညီကြခြင်းကြောင့်သာ ထိုဘုရားရှင်၏ တပည့်ပရိသတ်သည် ဤအခြေအနေတိုင်အောင် တိုးတက်ကြီးပွားလာရပါသည်၊ (တပါးနှင့်တပါး ပြောခွင့် ဆိုခွင့် ဆုံးမခွင့် မရ၍ မပြောကြ မဆုံးမကြလျှင် ဆုတ်ယုတ်ကုန်ပါလိမ့်မည်-ဟူလို)
ဤသို့ အချင်းချင်း ပြောဆိုကြခြင်း (အာပတ်သင့်လျှင်) အာပတ်မှထအောင် အချင်းချင်း ကူညီကြခြင်းကြောင့်သာ ထိုဘုရားရှင်၏ တပည့်ပရိသတ်သည် ဤအခြေအနေတိုင်အောင် တိုးတက်ကြီးပွားလာရပါသည်၊ (တပါးနှင့်တပါး ပြောခွင့် ဆိုခွင့် ဆုံးမခွင့် မရ၍ မပြောကြ မဆုံးမကြလျှင် ဆုတ်ယုတ်ကုန်ပါလိမ့်မည်-ဟူလို)
ဤသို့ ရဟန်းတို့က ပြောပါလျက် (အပြောအဆို မခံလိုခြင်းဟူသော) သူ့ဝါဒကို မစွန့်ဘဲ ချီးမြှောက်နေသေးလျှင် ထိုရဟန်းကို သံဃာအလယ်သို့ အတင်းဆွဲခေါ်၍ ဉတ်ကမ္မဝါစာဖြင့် ဆုံးမရမည်၊ ထိုသို့ ဆုံးမ၍ သူ့ဝါဒကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင် တတိယကမ္မဝါစာ အဆုံး၌ သံဃာဒိသေသ်အာပတ် သင့်သည်။
မှတ်ချက်။ ။ ယခုခေတ်၌ များသောအားဖြင့် တိုက်ကို၎င်း, ကျောင်းကို၎င်း အုပ်ချုပ်နေကြသော တိုက်အုပ် ကျောင်းထိုင်ပုဂ္ဂိုလ်များသည် တိုက်ရှိသံဃာ ကျောင်းရှိသံဃာများကို မပြောဝံ့ မဆုံးမဝံ့ကြတော့၊ လက်အောက် သံဃာများသည်လည်း အတော်များများက ထိုတိုက်အုပ် ကျောင်းထိုင်ကို မှီခိုအားထားလို၍ လာရောက်နေထိုင်ကြသည်မဟုတ်, နေရာရရုံလောက်ကို ရည်ရွယ်၍ လာရောက်နေထိုင်ကြခြင်း ဖြစ်၏၊ စာသင်ခြင်းကိစ္စကိုမူ သင့်တော်ရာပုဂ္ဂိုလ်ထံ (အခြားကျောင်း အခြားတိုက်မှာဖြစ်စေ) သွားရောက် သင်ယူကြလေသည်။ ထိုကဲ့သို့ အချင်းချင်း မှီခိုအားထားခြင်း မရှိကြသောကြောင့်လည်း ပြောဆိုဆုံးမဖို့ မလွယ်ကူကြတော့ချေ၊ ဤကား မြို့စာသင်တိုက်များ၌ များသောအားဖြင့် ဖြစ်နေပုံတည်း။
ထိုကဲ့သို့ ဖြစ်နေမှုကြောင့် “ဧဝံ သံဝဍ္ဎာ ဟိ တဿ ဘဂဝတော ပရိသာ၊ ယဒိဒံ အညမညဝစနေန =အချင်းချင်း ပြောဆိုဆုံးမလာခြင်းကြောင့်သာ ဘုရားရှင်၏ ပရိသတ်သည် ဤအခြေအနေတိုင်အောင် သီလ သမာဓိ ပညာအားဖြင့် ကြီးပွားတိုးတက်လာရပါသည်”ဟူသော စကားနှင့် ပြောင်းပြန်ဖြစ်ကာ “အချင်းချင်း မဆုံးမနိုင်သောကြောင့် ဘုရားသာသနာတော်ကြီးသည် ဤအခြေအနေတိုင်အောင် သီလ သမာဓိ ပညာအားဖြင့် ဆုတ်ယုတ်လာခဲ့ရပါသည်”ဟု ငြီးငြူရသောခေတ်သို့ ရောက်လုနီးပါး ဖြစ်နေရပါသည်၊ ဤအခြေအနေကို တမျိုးတမည်ပြောင်းအောင် လက်ရှိဆရာတော်ကြီးများနှင့် အစိုးရကသာ မပြုပြင်နိုင်ပါလျှင် ဤသာသနာတော်သည် မြန်မာနိုင်ငံတော်တွင် ဤအခြေအနေမျှပင် တည်တံ့ဖို့ ခဲယဉ်းပါလိမ့်မည်။
အရှင်ဇနကာဘိဝံသ-ဘာသာပြန်ဆို ရေးသားအပ်သော
ဘုရားဥပဒေတော်ကြီး-စာမျက်နှာ ၅၁-မှာ ကူးယူဖော်ပြသည်။
1 comment:
သာသနာတော်ရဲ့ ဖြစ်ရပ် ဖြစ်စဉ်အမှန်တရားတွေကို ဆရာတော်ကြီးတွေလဲ ရဲရဲရင့်ရင့်အသုံးပြုနိုင်အောင် အစိုးရလဲ တကယ်တန်းသိပီး လိုက်နာနိုင်အောင် ဆက်လက်ကြိုးစားကြပါစို့ဘုရား။
Post a Comment