Friday, December 23, 2011

သူများမကောင်းကြံ ကိုယ်သာခံ

လွန်ခဲ့သော ၁၀-နှစ်ခန့်အချိန်က ဖြစ်ပါသည်။ စာရေးသူ၏ ဖခင်သည် နေ့လယ်စာစားပြီးသည့်အခါတိုင်း အိမ်ဘေး မြေကွက်လပ်တွင် စာကလေး၊ ခို စသော ကျေးငှက်တိရစ္ဆာန်များအား ဆန်ကွဲ၊ ဆွမ်းတော်စာ စသည်တို့ကို ပက်ကြဲ၍ ကျွေးမွေးလေ့ရှိပါသည်။ ဖခင်ဖြစ်သူ မအားလပ်ပါက စာရေးသူတို့ မောင်နှမများ အနက်မှ တဦးဦးက ကျွေးမွေးရပါသည်။ ခိုများ စာကလေးများ လာရောက် စားသောက်ကြသည်ကို ကြည့်၍ စိတ်ထဲတွင် ကြည်နူးပီတိဖြစ်ရသည့် အရသာမှာ အခြားမည်သည့်အရသာနှင့်မျှ မတူပါ။


စာရေးသူတို့ မိသားစုက ထိုသို့ ကျွေးမွေးထား၍ စာကလေးများ၊ ခိုများ လာရောက်စားသောက်နေပြီဆိုလျှင် စာရေးသူတို့ အိမ်အနီးတွင် နေထိုင်သော မောင်တူး-ခေါ် ၁၂-နှစ်အရွယ် လူငယ်လေး တဦးသည် လေးခွဖြင့် လာရောက်ပစ်ခတ်လေ့ရှိပါသည်။ စာရေးသူတို့ မိသားစုက မပစ်ခတ်ရန် ပြောသည့်အခါတွင်
မောင်တူးသည် ချောင်မြောင်း၍ ပစ်ခတ်တတ်ပါသည်။ မောင်တူး လက်ချက်ကြောင့် ခြေထောက်ကျိုးသည့် ခို၊ တောင်ပန်ကျိုးသည့်ခို၊ အသက်သေဆုံးသွားသော ခိုများလည်း မနည်းတော့ပါ။ 


ချောင်မြောင်းပစ်ခတ်ခံရသည့်အတွက်ကြောင့် ခြေထောက်ကျိုးသည့်ခိုများမှာ အများဆုံး ဖြစ်ပါသည်။
ခြေထောက်ကျိုးသော ခိုလေးများ ခြေထောက်တချောင်းတည်းနှင့် ခုန်ဆွခုန်ဆွ သွားနေရသည်ကို မြင်ရသော အခါ စိတ်မကောင်း ဖြစ်ကြရပါသည်။ သို့သော်လည်း မောင်တူးကတော့ လစ်လျှင် လစ်သလို ချောင်းမြောင်း ပစ်ခတ်မြဲ ပစ်ခတ်လျက် ရှိပါသည်။


တနေ့သောအခါတွင် စာရေးသူတို့ အိမ်အနီးလမ်းဆုံးတွင် လူငယ်လေးတဦးက ကားတိုက်ခံရကြောင်း၊ ဆေးရုံ ပို့လိုက်ရကြောင်း ကြားသိရသည်။ စုံစမ်းကြည့်လိုက်သောအခါ မောင်တူးဖြစ်နေသည်။ နောက်ဆက်တွဲ ကြားသိရသော သတင်းများအရ မောင်တူးတယောက် အသက်မသောသော်လည်း ညာဘက်ခြေထောက်
ချေချင်းဝတ် အနီးမှ အရိုးကျိုးသွားကြောင်း၊ နဂိုအတိုင်း ပြန်ကောင်းနိုင်ရန် ခဲယဉ်းကြောင်း ကြားသိရပါသည်။
မောင်တူး ဆေးရုံမှ ဆင်းသောအခါ တုတ်ကောက်ကိုင်စွဲ၍ ခြေထောက် ထော့နင်း ထော့နင်း လမ်းလျှောက်နေသည်ကို တွေ့မြင်ရသည်။


မောင်တူး နောက်တကြိမ် ဆေးရုံတက်၍ ထပ်မံခွဲစိတ်ရသည်။ သည်အခါ မောင်တူး တုတ်ကောက် မကိုင်ရတော့သော်လည်း ယခင်ကဲ့သို့ မိမွေးတိုင်း ဖမွေးတိုင်း လုံးဝ ပြန်မဖြစ်နိုင်တော့ပါ။ လမ်းလျှောက်ရာတွင် ထော့နင်း ထော့နင်း ဖြစ်နေသည်ကို စိတ်မကောင်းစွာ တွေ့မြင်ကြရပါသည်။


အမှန်မှာ မောင်တူးသည် ခိုလေးများကို ခြေထောက်ကျိုးအောင် ပစ်ခတ်ခဲ့၍ ခိုလေးများ ခံစားရသည့်အတိုင်း ကိုယ်တိုင် ခံစားရသည်ကို မောင်တူးတယောက် ကောင်းစွာ သဘောပေါက်နားလည်ခဲ့ပါပြီ။
မိမိပြုသော အကုသိုလ်ကံသည် ယခုဘဝတွင်ပင် လက်တွေ့အကျိုးပေးတတ်ကြောင်း၊ ကံကံ၏အကျိုးကို သိမြင်လာပါတော့သည်။


အုန်းဝမ်(ရန်ကုန်တက္ကသိုလ်)
(မြတ်မင်္ဂလာ ၁၉၉၁-ခု မတ်လ)

No comments: