Saturday, December 31, 2011

ပဋ္ဌာန်းတရား ပွားများဆည်းကပ် အကျိုးမြတ်

စာရေးသူ ပထမအကြိမ် ပဋ္ဌာန်းတရားတော်မြတ် ပစ္စယနိဒ္ဒေသကို ရွတ်ဖတ်ပူဇော်ရခြင်း အကျိုးထူးများ ကိုယ်တွေ့ဖြစ်ရပ်ကို ရေးသားတင်ပြခဲ့ပါတယ်။ ယခုတဖန် တပည့်မတဦး၏ ကိုယ်တွေ့ဖြစ်ရပ်ကို စာဖတ်သူများ သဒ္ဓါတရား ပွားများနိုင်စေရန် ထပ်မံရေးသား တင်ပြလိုက်ပါသည်။


စာရေးသူမှာ သမီးကဲ့သို့ ချစ်ခင်ရသော တပည့်မတဦး ရှိပါသည်။ သူမ၏ အမည်က မနီလာတင့်။ သူမနှင့် လွန်ခဲ့သော ငါးနှစ်ကျော်က တွေ့ဆုံသိကျွမ်းခဲ့ကြသည်။ သူမသည် အသက်(၃၀)ကျော် တခုလပ်၊ သားတယောက် မိခင် ဖြစ်ပြီး စိတ်သဘောထား ဖြူစင်ရိုးသားသည်။

သူမသည် မနူးမနပ်အရွယ် အသက်(၁၉)နှစ်တွင် အိမ်ထောင်ကျခဲ့သည်။ သားလေးဖွားမြင်ပြီးနောက် လပိုင်းအတွင်း အလွန်ခါးသီးသော လူမှုဒုက္ခကြီး တွေ့ကြုံခဲ့ပြီး အိမ်ထောင်ပျက်ခဲ့ရသည်။ သူမမှာ မိဘများ မရှိတော့သဖြင့် လူမမည် ညီမလေးနှင့် မောင်လေးနှစ်ယောက်တို့ တာဝန်ပါ သူမအပေါ် ပုံကျလာသည်။


အားကိုးစရာဆို၍ မိခင်ဘက်မှ အသက်(၇၀)ကျော် အဘွားတဦးသာ ရှိသည်။ အသက်(၂၀)အရွယ်မှစ၍ အဘွားအို၊ ညီမနှင့် မောင်လေးများ အပါအဝင် မှီခိုသူ ငါးယောက်၏ စားဝတ်နေရေးအတွက် သူမတယောက်တည်း ရုန်းကန်ရှာဖွေ ကျွေးမွေးခဲ့ရသည်။ 


သို့သော် သူမမှာ ထူးခြားသော စွမ်းရည်များ ပိုင်ဆိုင်ထားသည်။ ပေါင်းသင်းဆက်ဆံရေး ကောင်းသည်။ လူ့ဘဝကို ရိုးရိုးသားသားဖြင့် ရဲရဲရင်ဆိုင်မည်ဟူသော ကြံ့ခိုင်သည့် စိတ်ဓာတ်၊ ကြီးမားသော ဇွဲလုံ့လနှင့် လူ့အောက်ကျမခံ ကြိုးစားရုန်းကန်မည်ဟူသော သတ္တိများ ရှိသည်။


သူမသည် နှမ်းရိတ်၊ ဆီးသီးကောက်၊ အကြော်ရောင်း၊ ရက်ကန်းခတ် အပါအဝင် အညာဒေသ အလုပ်ကြမ်းမျိုးစုံ လုပ်ခဲ့ဖူးသည်။ မိဘများ သေဆုံးပြီး အိမ်ထောင်ပျက်ချိန်က သူမ တခုတည်းသော ပိုင်ဆိုင်မှုမှာ မြို့စွန်သံလမ်းဘေး ကျူးကျော်မြေပေါ်ရှိ မျောတိုင်၊ ဝါးကပ်မိုး၊ ထရံကာ၊ မြေစိုက်အိမ်အိုလေးသာ ဖြစ်သည်။


စာရေးသူနှင့် တွေ့ဆုံသိကျွမ်းရသောအချိန်တွင် ဆယ်နှစ်ခန့် ဇွဲလုံ့လနှင့် ကြိုးစားရှာဖွေမှု၊ ချွေတာ စုဆောင်းတတ်မှုကြောင့် စီးပွားရေး နာလန်ထူစပြုနေပြီ၊ လက်ထဲမှာ ငွေကြေး အနည်းငယ်စုဆောင်းမိ၍ နေ့ပြန်တိုး ပေးနိုင်သော အခြေအနေရှိနေပြီ၊ စာရေးသူသည် တပည့်မ၏ ကြမ်းတမ်းလွန်းသော ဘဝကို သိရှိရပြီးနောက် သားသမီးချင်း ကိုယ်ချင်းစာနာ သနားမိသည်။ 


မိဘများသေဆုံး၍ အိမ်ထောင်ပျက်သောအချိန်တွင် သူမလက်ထဲမှာ ငွေငါးကျပ်သာ ရှိသည်။ မိန်းမသားငယ် တဦးအနေဖြင့် ကြမ်းတမ်းသောလူ့ဘဝ ကန္တာရကြီးကို “လှေခွက်ချည်းကျန်၊ အလံမလှဲ” စတမ်း ဇွဲနပဲကြီးစွာ ရုန်းကန်ရပ်တည်နိုင်သည့် သူမ၏စိတ်ဓာတ်နှင့် သတ္တိကို မလေးစားဘဲ မနေနိုင်ဖြစ်ခဲ့သည်။ စာရေးသူ ဖတ်ဖူးသော ဆရာကြီး မင်းသုဝဏ်၏ “ပျဉ်းပငုတ်တို”ကဗျာကို သတိရမိသည်။ မြန်မာ့ရုပ်သံမှ ပြသခဲ့သော ဂျပန်ဇာတ်ကားမှ အာဂအမျိုးသမီးကြီး “အိုရှင်”ကိုလည်း မြင်ယောင်မိသည်။ သို့သော် တပည့်မကား “ပျဉ်းမငုတ်တို”ကဗျာကိုလည်း ဖတ်ဖူးမည်မထင်။ ဟအိုရှင်”ဇာတ်ကားကိုလည်း ကြည့်ဖူးမည် မထင်။


ထို့ကြောင့် တပည့်မအား လေးစားမိသည်။ သူမလည်း စာရေးသူအား ဖခင်တဦးလို လေးစားခင်မင်သည်။ တပည့်မ၏ လူစွမ်းလူစကို အကဲခတ်မိသည်။ တောက်မည့်မီးခဲ တရဲရဲ ဖြစ်ကြောင်း သိရသည်။ သူမကို လက်ရှိအခြေအနေထက် ပိုမိုတိုးတက်ကြီးပွားအောင် အရင်းအနှီး မ,တည်ပေးချင်သည်။ သို့သော် စာရေးသူမှာ အရင်းအနှီး ထုတ်ပေးနိုင်သော အခြေအနေမရှိ။ စေတနာသာ ရှိသည်။ ငွေအသပြာ မရှိ၊ သည်တော့ စာရေးသူအနေဖြင့် တပည့်မအား ဘယလိုအကူအညီပေးနိုင်မလဲ စဉ်းစားကြည့်မိသည်။


စာရေးသူလည်း ငယ်စဉ်က သူမလောက်နီးနီး ဆင်းရဲခဲ့ဖူးပြီ။ ဘဝကို ကြိုးစား၍ ရုန်းကန်ပြီး တိုးထွက်လာခဲ့ရသည်။ ရတနာသုံးပါးနှင့် ပဋ္ဌာန်းတရားတော်မြတ်ကြီးကိုသာ ဘဝအားဆေးအဖြစ် စွဲစွဲမြဲမြဲ ဝတ်မပျက် ရွတ်ဖတ်ပူဇော်ခဲ့သူ ဖြစ်သည်။ တပည့်မအား မ,တည်ပေးနိုင်သည့် အရင်းအနှီးမှာ မြတ်ဗုဒ္ဓ၏ တရားတော်များနှင့် ဂုဏ်တော်များသာ ဖြစ်ပါသည်။


ထို့ကြောင့် သူမအား ပဋ္ဌာန်းပစ္စယနိဒ္ဒေသနှင့် ပဋ္ဌာန်းတရားတော်မြတ် အကျယ်ငါးအုပ်တွဲကို မှန်ကန်စွာ ရွတ်ဖတ်ပူဇော်တတ်အောင် နှုတ်တက်ချ၍ သင်ပေးခဲ့သည်။ ပဋ္ဌာန်းတရားတော်မြတ် ငါးအုပ်ကို ဓမ္မလက်ဆောင်အဖြစ် ပေးခဲ့သည်။ ရတနာသုံးပါးကို ယုံကြည်လေးနက်စွာ ကိုးကွယ်ဆည်းကပ်တတ်ရန် သွန်သင်ခဲ့သည်။

သူမကလည်း အားကိုးရာမဲ့ဘဝမို့ စာရေးသူ၏ သွန်သင်မှုကို နာယူ၍ ရတနာသုံးပါးကို ဆည်းကပ်၍ ပဋ္ဌာန်းတရားတော်မြတ် ပစ္စယနိဒ္ဒေသနှင့် အကျယ်ငါးအုပ်တွဲကို အဓိဋ္ဌာန်ဖြင့် နေ့စဉ်မပြတ် ရွတ်ဖတ်ပူဇော်သည်။
စာရေးသူသည် တပည့်မနှင့် ခွဲခွာခဲ့ပြီး လေးနှစ်ကျော် အဆက်အသွယ်ပြတ်ခဲ့သည်။ ပဋ္ဌာန်းဆက်ကြောင့် ဆရာတပည့် ပြန်လည် ဆုံစည်းကြပြန်သည်။ ပြန်လည် ဆုံစည်းချိန်တွင် တပည့်မ၏ အခြေအနေကို မြင်တွေ့ရပြီး စာရေးသူ အံ့သြဝမ်းသာ ဖြစ်မိသည်။ သူ၏မ စီးပွားရေးအခြေအနေ အတော်ကြီး တိုးတက်ကောင်းမွန်နေချေပြီ။ သံလမ်းဘေး ကျူးကျော်မြေမှာ မဟုတ်တော့ဘဲ ရပ်ကွက်ထဲတွင် ပေ (၆၀ x ၄၀)မြေကွက်မှာ သွပ်မိုး ထရံကာ ဇလီသတ် သုံးပင်ပတ်လည် သပ်ရပ်သောအိမ်လေး ပိုင်ဆိုင်နေပြီ။


အိမ်မှာ စတားတီဗွီ၊ နှစ်ပေ ရှစ်ပေ စလောင်းများ၊ မော်တော်ဆိုင်ကယ်နှင့် ရေခဲသေတ္တာ သုံးစွဲနိုင်ပြီ။ လက်ဝတ်လက်စား ပြည့်ပြည့်စုံစုံနှင့် ငွေသိန်းတရာကျော် စုဆောင်းရင်းနှီးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ညီမနှင့် မောင်လေးများကိုလည်း သူတို့ပိုင် အိမ်ခြံမြေနှင့်ဖြစ်အောင် ပံ့ပိုးပေးနိုင်ခဲ့သည်။ “မနီလာတင့်”ဟူသော နာမည်တလုံးဖြင့် စီးပွားရေးလုပ်ငန်း မျိုးစုံတို့ဖြင့် စီးပွားလမ်းဖြောင့်နေပြီဖြစ်ကြောင်း သိရသည်။


သူမက စာရေးသူအား ပဋ္ဌာန်းတရားတော်မြတ်ကို နေ့စဉ် အဓိဋ္ဌာန်ဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ရာမှ လာဘ်လာဘ ပွင့်လန်း၍ စီးပွား အခြေအနေ တိုးတက်ဖြစ်ထွန်းလာခဲ့ပုံနှင့် အခြားထူးခြားသော ကောင်းကျိုးများ ကြုံတွေ့ခဲ့ပုံတို့ကို ဝမ်းသာအားရ ပြောပြခဲ့ပါသည်။


ပဋ္ဌာန်းတရားတော်မြတ် ငါးအုပ်တွဲကို ပထမအကြိမ် ပူဇော်ပြီးချိန်တွင် ရွှေလက်စွပ် ငါးမူးသားတကွင်း ကောက်ရခဲ့ကြောင်း၊ ဒုတိယအကြိမ် ပူဇော်ပြီးနောက် ငွေသိန်းတရာကျော် မမျှော်လင့်ဘဲ ရခဲ့ကြောင်း၊ တတိယအကြိမ် ပူဇော်ပြီးချိန်တွင် ချေးထားရာမှ ပြန်မရနိုင်တော့ဟု အဆုံးခံထားသော ငွေကျပ် ငါးသိန်းကျော်ကို ချောမောစွာ ပြန်ရခဲ့ကြောင်း သိရပါသည်။


စာရေးသူသည် တပည့်မ၏ ကြိုးစားအားထုတ်မှုနှင့် အကျိုးထူးများကို ကြားသိမြင်တွေ့ရသောအခါ အတိုင်းမသိ ကြည်နူးဝမ်းသာ ဂုဏ်ယူမိပါသည်။ မြတ်ဗုဒ္ဓနှင့် ပဋ္ဌာန်းတရားတော်မြတ်ကြီးအား ရည်စူး၍ ရှိခိုးပူဇော်မိပါသည်။


လူအများစုသည် စားဝတ်နေရေး ဟူသော လူမှုရေးဒုက္ခမျိုးစုံကို နိစ္စဓူဝ တွေ့ကြုံရင်ဆင် ဖြေရှင်းနေကြရပါသည်။ ဒုက္ခအခက်အခဲ တွေ့ကြုံသောအချိန်တွင်မှ အားကိုးရာ ရှာပြီး ငွေကုန်ကြေးကျများစွာခံ၍ ယတြာအမျိုးမျိုး ကောင်းနိုးရာရာ ပြုလုပ်လေ့ရှိကြသည်။


ဘေးဒုက္ခကြုံမှ ယတြာချေမည့်အစား မြတ်ဗုဒ္ဓ၏ ပဋ္ဌာန်းတရားတော်မြတ်ကို ယုံကြည်အားထား၍ ရွတ်ဖတ်ပူဇော်ခြင်းဖြင့် မိမိတို့ တွေ့ကြုံရမည့် အခက်အခဲ ဘဝရင်မောစရာများကို ကြိုတင်ကာကွယ်နိုင်ကြပြီး စီးပွားတိုးတက် အောင်မြင်ခြင်း အကျိုးထူးများ ရနိုင်ပါကြောင်း အကြံပြုလိုပါသည်။


မြတ်ဗုဒ္ဓ၏ ပဋ္ဌာန်းတရားတော်မြတ်ကြီးကား လောကီကောင်းကျိုးချမ်းသာကိုသာမက ဗုဒ္ဓဘာသာဝင်တိုင်း အိုနာသေဒုက္ခဘေးကြီးမှ ကင်းဝေးရာ မြတ်နိဗ္ဗာန်တိုင်အောင် ကောင်းကျိုးပေးနိုင်ကြောင်း ထင်ရှားလှပါသည်။ 


သို့ကြောင့်လည်း မြန်မာနိုင်ငံအနှံ့အပြားတွင် နှစ်စဉ် ပဋ္ဌာန်းတရားပွဲများကျင်းပ၍ သံဃာတော် အရှင်မြတ်များက ရွတ်ဖတ်ပူဇော်ပေးနေကြသည် မဟုတ်ပါလား။
သို့ပါ၍ နက္ခတ္တရောင်ခြည် စာဖတ်ပရိသတ်ကြီးအနေဖြင့် မြတ်ဗုဒ္ဓနှင့် တရားဂုဏ်တော်များကို စူးစူးစိုက်စိုက် အာရုံပြုလျက် ပဋ္ဌာန်းတရားတော်မြတ် ပစ္စယနိဒ္ဒေသနှင့် အကျယ်ကိုပါ ရွတ်ဖတ်ပူဇော်ခြင်းဖြင့်
လောကီ လောကုတ္တရာ နှစ်ဖြာ ကောင်းကျိုးများ ရရှိနိုင်ကြစေခြင်းငှါ မေတ္တာဖြင့် တင်ပြလိုက်ပါသည်။


ချစ်စံဖြိုး
(နက္ခတ္တ ၂၀၀၇-၄)


No comments: