Thursday, December 8, 2011

(၂-၃) အရှင်သာရိပုတ္တရာမထေရ်နှင့် အရှင်မဟာမောဂ္ဂလာန် မထေရ်တို့အကြောင်း သိကောင်းစရာ

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ မဟာပညာနံ ယဒိဒံ သာရိပုတ္တော။ (အံ-၁၊ ၂၃)
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဣဒ္ဓိမန္တာနံ ယဒိဒံ မဟာမောဂ္ဂလာနော။ (အံ-၁၊ ၂၃)

မထေရ်မြတ်တို့အကြောင်း ရှေးဆုတောင်း---
လွန်ခဲ့သော တသင်္ချေနှင့် ကမ္ဘာတသိန်းထက်ဝယ် အရှင်သာရိပုတ္တရာအလောင်းတော်သည် သရဒလုလင်အမည်ဖြင့် ပုဏ္ဏား သူဌေးမျိုး၌ဖြစ်၍ အရှင်မောဂ္ဂလာန်အလောင်းတော်သည် သိရိဝဍ္ဎန အမည်ဖြင့် သူကြွယ်မျိုး၌ဖြစ်လေသည်။ သရဒလုလင်သည် စီးပွားဥစ္စာတို့ကို စွန့်လှူ၍ တောထွက်ကာ ရသေ့ရဟန်းပြုလျက် လောကီအဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့ကို ရရှိခဲ့လေသည်။ သရဒရသေ့သည် မိမိတပည့်နှင့်တကွ အနောမဒဿီဘုရားအား သစ်သီးကြီးငယ် လှူဒါန်းခြင်း၊ ဘုရားရှင်နှင့် ရဟန်းတော်တသိန်းတို့အတွက် ထိုင်နေစရာ ပန်းအခင်းတို့ကို လှူဒါန်းကြပြီးလျှင် ဘုရားရှင်ဟောကြားတော်မူသော ဒေသနာတော်အဆုံး၌ တပည့်အားလုံးသည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေသည်။ သရဒရသေ့ကား အနောမဒဿီဘုရားရှင်၏ လကျာ်တော်ရံ အရှင်နိသဘကဲ့သို့ “ပညာအရာ၌ အမြတ်ဆုံး=အဂ္ဂသာဝက” ဆုတောင်းခဲ့လေသည်။

သရဒရသေ့သည် သူငယ်ချင်း သိရိဝဍ္ဎနထံသို့ သွား၍ အကျိုးအကြောင်းရှင်းပြသောအခါ သိရီဝဍ္ဎနသူကြွယ်လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကြီးပေးကာ အနောမဒဿီဘုရားရှင်၏ လက်ဝဲတော်ရံ အရှင်အနောမကဲ့သို့ “တန်ခိုးအရာ၌ အမြတ်ဆုံး အဂ္ဂသာဝက”ဆု တောင်းခဲ့လေသည်။

နောက်ဆုံးဘဝ၊ ရဟန်းပ၊ ရကြဧတဒဂ်---
ထိုဆုတောင်းကြသည့်အတိုင်းပင် ဂေါတမဘုရားလက်ထက်တော်ဝယ် ဘုရားရှင်က အရှင်သာရိပုတ္တရာထေရ်ကို ဉာဏ်ပညာ ကြီးကြသည့် တပည့်ရဟန်းတို့တွင် အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူ၍ အရှင်မဟာမောဂ္ဂလာန်ထေရ်ကို တန်ခိုးနှင့်ပြည့်စုံကြသည့် တပည့်ရဟန်းတို့တွင် အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူလေသည်။ (အံ-ဋ္ဌ-၁၊ ၁၁၆၊ ၁၂၆)

No comments: