Thursday, December 22, 2011

အပ်ဝင် ပုဆိန်ထွက်

(ကော့ကရိတ်-ဖားအံ) အမြန်ယာဉ် ဂျစ်ကားကလေးသည် ခရီးသည်နှင့် ကုန်အပြည့်တင်ကာ နံနက် ၆-နာရီခွဲခန့် ခရီးစတင်ခဲ့သည်။ နံနက် ၁၀-နာရီထိုးတော့မည်ဖြစ်၍ အတန်ပင် ခရီးပေါက်လာခဲ့ပေပြီ။ ဂျစ်ကားကလေးမှာ ပစ္စည်း အထုပ်အပိုးများနှင့် ပြည့်ကျပ်လျက်ရှိရာ ခရီးသည်တို့မှာ ပစ္စည်းအိတ်များကြားတွင် ဖြစ်သလို လိုက်ပါကြရလေသည်။


ကားပေါ်တွင် ပါခဲ့သူ မိချိုမှာ အဒေါ်၏ ခေါ်ဆောင်မှုကြောင့်သာ ဤခရီးကို ရောက်ဖူးခြင်းဖြစ်သည်။ မိချိုသည် အဒေါ်နှင့်အတူ မော်လမြိုင်တွင်နေသည်။ ကော့ကရိတ်ရှိ အဒေါ့်ညီမ ဒေါ်လေး၏ ယောက်ျားဖြစ်သူ ဆုံးသဖြင့် အဒေါ်နှင့်အတူ ဤခရီးကို လာခဲ့ရခြင်းဖြစ်သည်။ အလာတွင် မော်လမြိုင်မှ ကျုံဒိုးသို့ သင်္ဘောဖြင့်၊ ကျုံဒိုးမှ တဆင့် ကော့ကရိတ်သို့ ကားဖြင့်လာခဲ့ကြသည်။ အပြန်တွင်မူ အဒေါ်က သထုံရှိ ဆွေမျိုးများနှင့် တွေ့ချင်သည်-ဟုဆိုသဖြင့် လမ်းသင့်အောင် ကော့ကရိတ်-ဖားအံ ကားဖြင့် ပြန်ခဲ့ကြခြင်း ဖြစ်လေသည်။

ကားလမ်းမှာ အချို့နေရာများ၌ ကျောက်ကြမ်းလမ်းမျှသာ ဖြစ်သည်။ ကားဘီး နှစ်နေရာစာလောက်ကိုသာ 
ကျောက်လမ်းခင်းထားသည်လည်း ရှိသည်။ လမ်း မညီညာသဖြင့် ကားကဆောင့်ရသည့်ကြားထဲ နေကလည်း ပူလာပြီး၊ ဂျစ်ကားတံခါးကိုဖွင့်ပြီး  သံကြိုးနှင့် ပြန်သိုင်းချည်ထားသော နေရာတွင် လိုက်ခဲ့ရ၍ မိချိုမှာ ကားဆောင့်လျှင် ကွေ့လျှင် ပြုတ်မကျအောင် ထိန်းရသည်မှာ ဒုက္ခကြီးလှသည်။ နေပူရှိန်ကြောင့် ခေါင်းပူ၊
ကျောပူ၍ ချွေးများပင် ပြိုက်ပြိုက်ကျလာသည်။ ထိုအချိန်တွင် ကားတွင်း၌ နေရာရထားသူ မှောင်ခို အမျိုးသမီးတဦးက ခမောက်တလုံး ကမ်းပေးလာသည်။ ဝါးခမောက်ငယ်လေးကို သင်္ဘောဆေးအစိမ်းနုလေး သုတ်ထားသည်မှာ ချစ်စဖွယ် ဖြစ်နေသည်။


လေတိုက်လျှင် လွင့်မကျအောင် ချည်နှောင်စရာ ကြိုးကလေးကလည်း အဆင်သင့်၊ ဤသို့ဖြင့် ဝါးခမောက်ငယ်လေး၏ အကွယ်အကာဖြင့် မိချိုတယောက် ကိုယ်ဆင်းရဲမှု အတော်အတန် သက်သာရာ ရခဲ့သည်။ နေ့လယ် ၁-နာရီခွဲခန့်တွင် ဖားအံကားဂိတ်သို့ ရောက်သည်။ မိချိုနဲ့ အဒေါ်မှာ ဖားအံမှ
မြိုင်ကလေးသို့ လှေဖြင့် ကူးကြမည်ဖြစ်သည်။ ခမောက်ပိုင်ရှင် အမျိုးသမီးမှာလည်း သူမ၏ပစ္စည်း အထုပ်များ စုံ-မစုံ စစ်ဆေးရ၊ မြင်းလှည်းငှါးပြီးတင်ရဖြင့် အလုပ်ရှုပ်ကာ မိချိုအားပေးထားသော ခမောက်ကို ပြန်တောင်းရန် သတိမရ။ မိချိုကမူ သတိရသည်၊ သို့သော် ခမောက်လေးမှာ ချစ်စဖွယ်ဖြစ်၍ တမင်ပြန်မပေးခဲ့ခြင်း ဖြစ်သည်။ 


“သူတို့လို မှောင်ခိုသမားတွေအဖို့ ဒီခမောက်လေးတလုံးလောက်က ဘာမှဖြစ်မသွားလောက်ပါဘူး”ဟု အတွေးဝင်ကာ ပြန်ပေးလျှင် ရပါလျက် ပြန်မပေးခဲ့ပေ။ လှေကလေးပေါ်တွင် ခမောက်လေး
ဆောင်းထားသောကြောင့် နေပူဒဏ်မှ သက်သာရာ ရခဲ့ပြန်လေသည်။ အချောင်ရခဲ့တဲ့ ခမောက်လေးက အတော်အသုံးဝင်သားပဲ-ဟု ကိုယ့်အတွေးနှင့်ကိုယ် မိချို ကျေနပ်နေမိသည်။


သထုံတွင် သုံးရက်ခန့်နေပြီး ရထားနှင့် မော်လမြိုင်သို့ ပြန်ကြသည်။ ဘူတာသို့ အသွား ဆိုက်ကား စီးရာတွင် နေပူလှ၍ ကော့ကရိတ်မှ မိမိဝယ်ယူခဲ့သည့် ခေါက်ထီးအသစ်ကလေးကို ဖွင့်ဆောင်းပြီးနောက် ထီးကို ပြန်ခေါက်ကာ လက်ဆွဲခြင်းထဲ၌ ထည့်ထားမိလေသည်။ မုတ္တမဘူတာ၌ ရထားရပ်လိုက်သည်နှင့် ခရီးသည်များမှာ ရပ်ထားသော သင်္ဘောပေါ်သို့ ငူ့ထက်ငါ အပြေးအလွှား တိုးဝှေ့တက်ကြလေသည်။ မိချိုလည်း တိုးရင်း ဝှေးရင်းဖြင့် သင်္ဘောပေါ်တွင် တနေရာစာ ရ၍ ပစ္စည်းများချရင်း ရပ်တန့်မိသောအခါ ဆွဲခြင်းထဲတွင် ထည့်ခဲ့သည့် မိမိ၏ ခေါက်ထီး မရှိတော့သည်ကို သိရှိလေတော့သည်။ တဒိန်းဒိန်း ရင်ခုန်သံနှင့်အတူ ဆွဲခြင်းအတွင်း မည်သို့ပင် မွှေနှောက်ရှာသော်လည်း ထီးကလေးကိုမူ လုံးဝ မတွေ့ရတော့ပြီ။


နှစ်ရာကျော် ပေးဝယ်ထားရတဲ့ ခေါက်ထီး အသစ်လေး...သွားပါပြီ-ဟု ခါးပိုက်နှိုက်သူကို မကျေမနပ် ရေရွတ်ရင်း နှမြောစိတ်၊ ငိုချင်စိတ်များက တားဆီးမရစွာ ရင်၌ တင်းကျပ်လာလေသည်။ အသီးအနှံများ ဝယ်ထည့်လာသည့် အဒေါ်၏တောင်းတွင် အုပ်ထားသည့် ဝါးခမောက် အစိမ်းနု ကလေးကမူ မိချိုကို ပြုံး၍ ကြည့်နေသယောင်။
သြော်--မတရားသဖြင့် အပ်ဝင်လျှင် ပုဆိန် ထွက်တတ်ပါတကား။


ဒါလီ
(မြတ်မင်္ဂလာ ၁၉၉၁-မတ်လ)

No comments: