Monday, December 26, 2011

ပဋာစာရီ

သူဌေးသမီး ပဋာစာရာ (ပဋာစာရီ)သည် မိဘအိမ်တွင် ခိုင်းစေထားသော လူငယ်နှင့် ချစ်ကြိုက်ပြီး အိမ်မှထွက်ပြေး၏။ သားနှစ်ယောက်ရခါမှ မိဘထံ ပြန်လာရာ လမ်းခုလတ်တွင် လင်ယောက်ျား မြွေကိုက်၍ သေ၏။ သားငယ်ကို စွန်ချီ၍ သားကြီး ရေနစ်သေဆုံးပြန်သည်။
သောကပရိဒေဝဖြင့် တယောက်တည်းး ဆက်လက်သွား၍ မိဘမြို့သို့ ရောက်လာရာ၌ အမိအဖနှင့် မောင်တို့ ၃-ဦး မီးလောင် သေဆုံးနေသည်ကို တွေ့ရပြန်၏။ ဤသို့ သား-လင်-မိဘ-မောင်- ၆-ဦးစလုံး သေဆုံးမှု ကြုံရသော အဖြစ်ကြောင့် ရူးသွပ်သောအဖြစ်သို့ ရောက်သွားသည်။ အဝတ်မကပ်ဘဲ ဟိုဟိုသည်သည် ရောက်တတ်ရာရာ သွားနေလေသည်။ 
“သားငယ်ကို စွန်သုပ်၊ ရေမြုပ်၍ သားကြီးသေ၊ လင်သက်ဝေ မြွေခဲ၊ အိမ်လဲလို့ မိနှင့်ဖ၊ မောင်ကစ ဆုံးချေပြီ”ဟု အလီလီရွတ်ဆို၍ သွားနေရင်း ဇေတဝန်ကျောင်းတော် မြတ်ဘုရားထံ ရောက်လာခဲ့လေသည်။ ဘုရားရှင်၏ တရားတော်ကို ကြားနာရပြီး သောတာပန်တည်ကာ ထေရီမ ဖြစ်လာသည်။ တနေ့သောအခါ  ပဋာစာရာသည် ခြေဆေးရေ၏ ရပ်တန့်မှုကိုကြည့်ပြီး အရွယ်သုံးပါး၏ ပျက်စီးခြင်းကို ဆင်ခြင်ရာ ဘုရားရှင်က ဂန္ဓကုဋီမှနေ၍ ရောင်ခြည်တော်လွှတ်လျက် ခန္ဓာငါးပါး ဖြစ်ပျက်မှုကို ဟောတော်မူသည်။

ပါဠိဂါထာ
ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

မြန်မာပြန်
ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တရာပတ်လုံး အသက်ရှည်ရခြင်းထက် 
ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပုဂ္ဂိုလ်၏ တရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

ဆောင်ပုဒ်
ခန္ဓာငါးတန်၊ ဖြစ်ပျက်ဟန်ကို၊ ဉာဏ်ဖြင့်မယှဉ်၊ မသိမြင်မူ၊
နှစ်လျှင်တစ်ရာ၊ သက်ရှည်ပါလည်း၊ ဘာအကျိုးမျှ၊ ရှာမရတည့်။
ခဏဖြစ်လျက်၊ ခဏပျက်ကို၊ နှစ်သက်ဉာဏ်မွေ့၊ ထင်ရှားတွေ့က၊
တနေ့မျှသာ၊ နေရပါလည်း၊ တရာသက်ထက်၊ အမြတ်ထွက်၏။
(သဟဿဝဂ်၊ ပဋာစာရာ ဝတ္ထု)


ဦးချိုရှိန်

No comments: