Thursday, December 8, 2011

(၁) အရှင်ကောဏ္ဍညမထေရ်အကြောင်း သိကောင်းစရာ

ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကာနံ ဘိက္ခူနံ ရတ္တညူနံ ယဒိဒံ အညာသိကောဏ္ဍညော။ (အံ-၁၊ ၂၃)

အရှင်ကောဏ္ဍညမထေရ်အလောင်း ရှေးဆုတောင်း---
ဤဘဒ္ဒကမ္ဘာမှ ပြန်ရေတွက်လျှင် လွန်ခဲ့သော ကမ္ဘာတသိန်းထက်၌ ပွင့်တော်မူသော ပဒုမုတ္တရဘုရားလက်ထက်တော်ဝယ်
ရှေးဦးစွာ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်သော ရဟန်းတော်တပါးကို ရတ္တညူအရာ (ရဟန်းဝါအကြီးဆုံးအရာ)၌ အမြတ်ဆုံး-ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို ကြားသိရသော အရှင်ကောဏ္ဍညအလောင်း အမျိုးကောင်းသားသည် ဘုရားအမှူးရှိသော ရဟန်းတော်တသိန်းအား ခုနစ်ရက်ပတ်လုံး ဆွမ်းဆက်ကပ်ပြီး နောက်ဆုံးနေ့တွင် တိစီဝရိတ် သင်္ကန်းများကို လှူဒါန်းကာ “ရတ္တညူအရာ=ဧတဒဂ်ရာထူး” ကို ဆုတောင်းခဲ့လေသည်။
ကိုးဆယ့်တကမ္ဘာထက်၌ ပွင့်ထွန်းတော်မူသော ဝိပဿီဘုရားလက်ထက်တော်ဝယ် မဟာကာလအမည်ဖြင့် သူကြွယ်မျိုး၌ ဖြစ်သောအခါမှာလည်း ကောက်စပါး တကြိမ်တကြိမ် စိုက်ပျိုးရာ၌ ကိုးကြိမ်ကိုးကြိမ် အဦးအစအလှူ(အဂ္ဂဒါန) ပြုလုပ်ခဲ့လေသည်။


ဆုံးဘဝမူ၊ ရတ္တညူ၊ ရယူဧတဒဂ်---
ထို့ကြောင့် ဂေါတမဘုရားရှင်လက်ထက်တော်ဝယ် အရှင်ကောဏ္ဍညသည် အလုံးစုံသော တပည့်တို့ထက် အဦးအစ သစ္စာလေးပါးတရားကို သိတော်မူသောကြောင့် ထိုသိမြင်သည့် ရှည်လျားစွာသော အချိန်မှစ၍ ထိုညဥ့်အပိုင်းအခြားကို သိကြသည့် တပည့်ရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူလေသည်။ (အံ-ဋ္ဌ-၁၊ ၁၀၅၊ ၁၁၅)

No comments: