Friday, January 21, 2011

အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း

လူသားသည် သူ၏ဘဝအသက်ရှင်ရပ်တည်ရေးအတွက် ခြေနှင့်လက်အား မွေးစမှ သေဆုံးသည့် အချိန်တိုင်အောင် မရပ်မနား အသုံးချလေ့ရှိသည်။ ထိုအခါ အလုပ်များသော လက်နှင့်ခြေသည် ထိခိုက်နာကျင်ပျက်စီးမှု အများဆုံး ဖြစ်ရလေတော့သည်။ ယင်းသို့ ထိခိုက်နာကျင်စေသော အကြောင်းများအနက် အဆစ်အမြစ်ကိုက် ရောဂါသည် တခုအပါအဝင် ဖြစ်လေသည်။

ဗုဒ္ဓ ၄-မျိုး

၁။ သဗ္ဗညု ဗုဒ္ဓ=လေးသင်္ချေနှင့် ကမ္ဘာတသိန်း, ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း, တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်းတို့ပတ်လုံး ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်ပြီးလျှင် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လျက် သိစရာဟူသမျှကို သိတော်မူသော သဗ္ဗညု ဘုရားရှင်။

၂။ ပစ္စေကဗုဒ္ဓ=နှစ်သင်္ချေနှင့် ကမ္ဘာတသိန်းတို့ပတ်လုံး ပါရမီတို့ကို ဖြည့်ကျင့်လျက် ကိုယ်တော်တိုင် သစ္စာလေးပါးတရားတို့ကို သိတော်မူသော ပစ္စေကဗုဒ္ဓါ။

၃။ စတုသစ္စဗုဒ္ဓ=သစ္စာလေးပါးတရားကို သိတော်မူသော ရဟန္တာ။

၎။ သုတဗုဒ္ဓ=ကျမ်းဂန် အကြားအမြင် ဗဟုသုတရှိသော ပုဂ္ဂိုလ်။

စတ္တာရော ဟိ ဗုဒ္ဓါ သဗ္ဗညုဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စတုသစ္စဗုဒ္ဓေါ သုတဗုဒ္ဓေါတိ။ တတ္ထ သမတိံသ ပါရမိယော ပူရေတွာ သမ္မာသမ္ဗောဓိံ ပတ္တော သဗ္ဗညုဗုဒ္ဓေါ နာမ။
ကပ္ပသတသဟဿာဓိကာနိ ဒွေ အသင်္ချေယျာနိ ပါရမိယော ပူရေတွာ သယမ္ဘုတံ ပတ္တော ပစ္စေကဗုဒ္ဓေါ နာမ။
အဝသေသာ ခီဏာသဝါ စတုသစ္စဗုဒ္ဓေါ နာမ။
ဗဟုဿုတော သုတဗုဒ္ဓေါ နာမ။(သံ-ဋ္ဌ ၁-၂၄)
စတ္တာရော ဟိ ဗုဒ္ဓါ သုတဗုဒ္ဓေါ စတုသစ္စဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ သဗ္ဗညုဗုဒ္ဓေါတိ။ တတ္ထ ဗဟုဿုတော ဘိက္ခု သုတဗုဒ္ဓေါ နာမ။
ခီဏာသဝေါ စတုသစ္စဗုဒ္ဓေါ နာမ။
ကပ္ပသတသဟဿာဓိကာနိ ဒွေ အသင်္ချေယျာနိ ပါရမိယော ပူရေတွာ သာမံ ပဋိဝိဒ္ဓ ပစ္စေကဗောဓိဉာဏော ပစ္စေကဗုဒ္ဓေါ နာမ။
ကပ္ပသတသဟဿာဓိကာနိ စတ္တာရိ ဝါ အဋ္ဌ ဝါ သောဠသ ဝါ အသင်္ချေယျာနိ ပါရမိယော ပူရေတွာ တိဏ္ဏံ မာရာနံ မတ္ထကံ မဒ္ဒိတွာ ပဋိဝိဒ္ဓသဗ္ဗညုတဉာဏော သဗ္ဗညုဗုဒ္ဓေါ နာမ။(အံ-ဋ္ဌ ၁-၈၉-၉၀)

သာသာနကွယ်ကြောင်းတရား ၁၅-ပါး

၁။ ရဟန်းများ တရားမနာခြင်း။(ရဟန်းရှင်လူတို့ တရားမနာခြင်း)။
၂။ စာပေကျမ်းဂန်များကို မသင်ကြားခြင်း။
၃။ နှုတ်တက်အာဂုံ, အရမဆောင်ခြင်း။
၎။ အနက်အဓိပ္ပါယ်ကို သိအောင်မပြုခြင်း။
၅။ ပဋိပတ်ကို မကျင့်ခြင်း။
(အံ-၂၊ ၁၅၅၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ဒုတိယ၊ ပဌမသဒ္ဓမ္မသမ္မောသသုတ်၊ ၁၉၇-၈)
ဆောင်ပုဒ်။ ။ အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊
................. ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကွာ၊
................. ဤငါးဖြာတည်း။

၁။ သုတ္တ, ဂေယျ စသော စာပေတရားများကို မသင်ကြားခြင်း (စာသင်အလုပ်ကို ပယ်ဖြုတ်ထားခြင်း)။
၂။ တရားကို အကျယ်မဟောခြင်း။
၃။ စာပေကျမ်းဂန်များကို အကျယ်အားဖြင့် မပို့ချခြင်း။
၎။ စာပေကျမ်းဂန်ကို အကျယ်အားဖြင့် မသရဇ္ဈာယ်ခြင်း။
၅။ အနက်အဓိပ္ပါယ်ကို မကြံစည်ခြင်း။
(အံ-၂၊ ၁၅၆။ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်။ ဒုတိယ၊ ဒုတိယသဒ္ဓမ္မသမ္မောသသုတ်။ ၁၉၈-၉)
ဆောင်ပုဒ်။ ။ ထဝါထို့ပြင်၊ စာသင်ပယ်လျှော၊ ကျယ်မဟောကြ၊ ကျယ်မချနဲ့၊ ကျယ်စွာ့မအံ၊ မကြံမစည်၊ ဤငါးလီတည်း။
................. (နောက်လာထို့ပြင်.....ဤငါးမည်တည်း။(သဗ္ဗမင်္ဂလ ဓမ္မဒေသနာ၊ ၄၉၂)။

၁။ မမှန်မကန်, ပုဒ်, ပါဌ်, အက္ခရာ ပါဠိပျက်များကို လေ့ကျင့်သင်ကြားခြင်း။
၂။ ဆရာသမားတို့၏ အဆုံးအမကို မနာယူခြင်း။
၃။ စာချမည့်ပုဂ္ဂိုလ် ရှားပါးခြင်း။
၎။ အချင်းချင်း ခိုက်ရန်ကွဲပြားခြင်း။ (ကျောင်းလုခြင်း စသည်)။
၅။ လာဘ်လာဘ ပေါများအောင် ပြုလုပ်အားထုတ်ခြင်း။
(အံ-၂၊ ၁၅၇-၈။ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ဒုတိယ၊ တတိယသဒ္ဓမ္မသမ္မောသသုတ်၊ ၂၀၀-၁)
ဆောင်ပုဒ်။ ။ ဝါတနည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျင့်သင်ကြ၊ ဒုဗ္ဗစမူ၊ စာချသူရှား၊ လာဘ်များအောင်ဖန်၊ ခိုက်ရန်ကွဲပြား၊ ................. ဤငါးပါးသည်၊ ဘုရားသာသနာ ကွယ်ကြောင်းတည်း။
.................( ဆုံးမခက်သူ၊ ...လာဘ်များအောင်ကြံ။ (သဗ္ဗမင်္ဂလ ဓမ္မဒေသနာ ၄၉၂)
ဤကဗျာသုံးပုဒ်သည် ဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး ရေးသားတော်မူသော ကဗျာများဖြစ်၏။

ဤ ၁၅-ပါးတို့ကို ပယ်ရှား၍ ကျင့်ကြံလိုက်နာလျှင် သာသနာတည်ကြောင်း ၁၅-ပါးသည်လည်း အင်္ဂုတ္တိုရ်ပါဠိတော် (အံ-၂၊ ၁၅၅-၁၅၉။ မြန်မာပြန် ဒုတိယ၊ ပ,ဒု,တ သဒ္ဓမ္မသမ္မောသသုတ်များ ၁၉၈-၂၀၂) ၌ပင် လာရှိ၏။


သာသနာတည်ကြောင်းတရား ၁၅-ပါး
၁။ ရဟန်များ တရားကို ရိုသေစွာ နာခြင်း။
၂။ တရား (စာပေကျမ်းဂန်များ)ကို ရိုသေစွာ (ကောင်းစွာ) သင်ယူခြင်း။
၃။ တရား (စာပေကျန်းဂန်များ)ကို နှုတ်တက်အာဂုံဆောင်ခြင်း။
၎။ နှုတ်တက်အာဂုံဆောင်ထားသော တရား (စာပေကျမ်းဂန်များ)၏ အနက်အဓိပ္ပါယ်ကို ကောင်းစွာ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ခြင်း၊
(အနက်အဓိပ္ပါယ်ကို သိအောင်ပြုခြင်း)
၅။ အနက်သဘောကို သိ၍ တရားသဘောကို သိ၍ (လောကုတ္တရာ) တရားအား လျော်သောအကျင့်ကို ကောင်းစွာ ကျင့်ခြင်း။
(ပဋိပတ်ကို ကောင်းစွာ ကျင့်ခြင်း)။
ဆောင်ပုဒ်။ ။ အင်္ဂုတ္တိုရ်လာ၊ သာသနာတည်ကြောင်း၊ တရားပေါင်းကား၊
................ ရဟန်းများတို့၊ တရားတော်နာ၊ စာပေကိုသင်၊ နှုတ်တွင်ရအောင်၊ သိအောင်လည်းပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကို၊ ............... ကျင့်အပ်မကွာ၊ ဤငါးဖြာတည်း။

၁။ သုတ္တ, ဂေယျ စသော စာပေကျမ်းဂန်တရားများကို သင်ယူခြင်း။
၂။ သင်ယူပြီးသော တရား(စာပေကျမ်းဂန်များ)ကို အကျယ်အားဖြင့် ဟောကြားခြင်း။
၃။ သင်ယူပြီးသော တရား(စာပေကျမ်းဂန်များ)ကို အကျယ်အားဖြင့် ပို့ချခြင်း။
၎။ သင်ယူပြီးသော တရား(စာပေကျမ်းဂန်များ)ကို အကျယ်အားဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း။
၅။ သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည် ဆင်ခြင် သုံးသပ်ခြင်း။
ဆောင်ပုဒ်။ ။ ထဝါထို့ပြင်၊ စာသင်ပြန့်ပြော၊ အကျယ်ဟောကြ၊ အကျယ်ချနဲ့၊ ကျယ်စွာ့လည်းအံ၊ ကြံကြံစည်စည်၊ဤငါးမည်တည်း။

၁။ မှန်ကန်သော ပုဒ်, ပါဌ်, အက္ခရာ ပါဠိများကို လေ့ကျက်သင်ကြားခြင်း။
၂။ ဆရာသမားတို့၏ အဆုံးအမကို ကောင်းစွာ နာယူခြင်း။
၃။ သုတ်, ၀ိနည်း, အဘိဓမ္မာ တရားတော်များကို ကောင်းစွာ ပို့ချခြင်း။
၎။ ပစ္စည်းလေးပါး ပေါများရန် မကြံဖန်ကြပဲ ဈာန်, မဂ်, ဖိုလ်ကို ရရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုကြရန်သာ အားထုတ်ခြင်း။
၅။ အချင်းချင်း ဆဲရေးငြင်းခုံ မရှိကြပဲ သံဃာအချင်းချင်း ညီညွတ်ခြင်း။
ဆောင်ပုဒ်။ ။ ဝါတနည်းမှာ၊ အက္ခရာပုဒ်မှန်၊ သင်အံကျက်ကြ၊ ဆုံးမလွယ်ကူ၊ စာချသူများ၊ လာဘ်များမဖန်၊ ခိုက်ရန်ပယ်ရှား၊
................. ဤငါးပါးသည်၊ ဘုရားသာသနာ တည်ကြောင်းတည်း။ (သဗ္ဗမင်္ဂလ ဓမ္မဒေသနာ ၄၉၀၊ ၄၉၂)

မော်လူး
သာသနာ တည်သည်ထက်တည်အောင် ဆောင်ရွက်နိုင်ကြပါစေ။

ဆရာတော် ဦးဇောတာလင်္ကာရ-၏ ပိဋကတ်တော်နှင့်စပ် မှတ်စုထွေလာ သိကောင်းစရာ-မှ ကူးယူဖော်ပြသည်။

Thursday, January 20, 2011

စိတ်ဝေဒနာ

ဆီးကျိတ်အကြောင်း ၀တ္ထုဆောင်းပါးများ ကျွန်တော်ရေးစဉ်က မိမိခံစားရသည့်အကြောင်းအရာတခုကို ဖော်ပြရန် မေ့ကျန်ခဲ့သည်။
အခြားမဟုတ်။
စိတ်ဝေဒနာ...
ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်သည်ဟူသော အသိ ကျွန်တော့်ခေါင်းထဲသို့ ၀င်လာခဲ့သည့်အချိန်မှစပြီး စိတ်မှာ ထိန်းမနိုင် သိမ်းမရဖြစ်ခဲ့ပါသည်။

သွားလည်းဒီစိတ်...
စားလည်းဒီစိတ်...
အိပ်လည်းဒီစိတ်...
ဘန်ကောက်မြို့ရှိ ဆေးရုံသို့ အသားစထုတ်၍ အစစ်ဆေးခံရန် သွားရသည့် အချိန်၌ ပိုဆိုးလာပါသည်။

အိပ်၍ လုံးဝမရတော့...ညစဉ် အိပ်ဆေးသောက်ပြီး ကြိုးစားအိပ်နေရပါသည်။ အိပ်ဆေးတွင်မှ ပုံမှန်ပမာဏကို သောက်၍ မတိုးတော့...
ဆရာဝန်သောက်ခိုင်းသည်ထက် နှစ်ဆ သုံးဆ သောက်မှ အိပ်သွားပါသည်။
သို့သော် ကြာကြာအိပ်ခြင်းမဟုတ်၊
အိပ်ဆေးအရှိန်လျော့သွားသည်နှင့် ပြန်နိုးလာပါသည်။ ပြန်အိပ်၍မရ...
မျက်စိကြောင်နေသည်။
အားငယ်နေသည်...
ဖြစ်နိုင်သည့် ဆိုးကျိုးအမျိုးမျိုးကို တွေးပြီး သောကပွားနေသည်။ တဖြည်းဖြည်းနှင့် ကျွန်တော့်အတွေးများမှာ လောကကြီး၌ဆက်၍ လူလုပ်ချင်စိတ်ပင် မရှိတော့...။ သေပစ်လိုက်ချင်လှပြီ...။

မှန်ပါသည်။
အကယ်၍ ဆီးကျိတ်အသားစကို ထုတ်၍ စစ်ဆေးခြင်းပြုလုပ်ရာ၌ ကင်ဆာရောဂါဟုသာ ဆိုလျှင် ရောဂါကြောင့် မဟုတ်၊ စိတ်ဝေဒနာ တခုတည်းကြောင့်ပင် ကျွန်တော် တလနှစ်လ အချိန်အတွင်း သေသွားလိမ့်မည်ဟု ထင်၏။

စိတ်...။
ပျံ့လွင့်နေသော စိတ်...။
အဆိုးများကိုသာ မြင်နေသော စိတ်...။
ဒီစိတ်ကို ကျွန်တော် ဘယ်သို့ ထိန်းသိမ်းရမည်နည်း။
ခေါင်းထဲသို့ ပထမဆုံးအကြိမ်အဖြစ် အသိတခု ရုတ်တရက် ၀င်လာသည်။
စိတ်နှင့်ပတ်သက်၍ ဘာလေ့ကျင့်မှုမှ ငါ့ဘ၀တွင် မပြုလုပ်ခဲ့မိပါလား...။
ကျွန်တော်သည် မိမိခန္ဓာ၏ ကျန်းမာရေးကို အလွန်ဂရုစိုက်ခဲ့သူ ဖြစ်၏။

ဂေါက်သီး တပတ်နှစ်ကြိမ် သို့မဟုတ်-သုံးကြိမ် ကစားသည်။
ဒေါက်တာသန့်ဇင် သင်ပေးခဲ့သည့် ကျန်းမာရေးလေ့ကျင့်မှုများကို မနက်တကြိမ် ညတကြိမ် ပြုလုပ်သည်။
ဤသို့ မိမိခန္ဓာ၏ ကျန်းမာရေးကို အလွန်ဂရုစိုက်ခဲ့သည်မှာကြာပြီ။ အနည်းဆုံး ဆယ်နှစ်ကျော်လာခဲ့ပြီ။
စိတ်နဲ့ပတ်သက်၍မူ ဒီနေ့အထိ ဘာမှမလုပ်ခဲ့...။
အကယ်၍ လုပ်ခဲ့မိလျှင်...။
ယနေ့ ဆီးကျိတ်ဝေဒနာကို ခံစားရသောအချိန်၌ စိတ်နှင့်ပတ်သက်၍ ဤမျှကြီးမားသော ခံစားချက်များကို ခံစားရလိမ့်မည်မဟုတ်။

ကျွန်တော်မှားခဲ့ပြီ...။
မိမိဘ၀၌ သေခြင်းအပါအ၀င် အရှုံးပေးရသော ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ရာ၌ စိတ်နှင့်ပတ်သက်သည့် ပြင်ဆင်မှုများကို ပြုလုပ်ထားရမည်။
စိတ်လေ့ကျင့်ခန်းများကို ခန္ဓာ လေ့ကျင့်ခန်းများကဲ့သို့ နေ့စဉ် ပြုလုပ်ရမည်။

Meditation ခေါ် စိတ်လေ့ကျင့်စဉ်များနှင့်ပတ်သက်သည့် အတွေးများ ခေါင်းထဲသို့ ပထမဆုံး ပျံ့လွင့်ဝင်လာကြ၏။
ကျွန်တော်သည် အလွန်စာဖတ်သူဖြစ်၏။
စာစုံဖတ်ခဲ့၏။
ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀တွင် ကျွန်တော့်ကျောင်းမှ စာကြည့်တိုက်တွင်လည်းကောင်း၊ ရပ်ကွက်မှစာကြည့်တိုက်တွင်လည်းကောင်း ကျွန်တော်မဖတ်ဖူးသည့် စာအုပ်တအုပ်မှ မရှိပါ။
ကျွန်တော့်ဘ၀၌ အရင်းနီးဆုံးအဖော်မွန်မှာ စာအုပ်များပင် ဖြစ်၏။
ထို့ကြောင့် Meditation နှင့်ပတ်သက်သည့် စာအုပ်အများအပြားကို ဖတ်ခဲ့ဖူးပါသည်။
သို့သော် စိတ်မ၀င်စားလှ...မိမိနှင့် မသက်ဆိုင်သည့် ဘာသာရပ်မှ အကြောင်းအရာများဟုသာ သတ်မှတ်ခဲ့၏။
ဖတ်ပြီး မေ့ပစ်ခဲ့၏။
ကျွန်တော်မှားချေပြီ။
Meditation ဟူသော ဝေါဟာရကို မြန်မာအများစု ပတ်ဝန်းကျင်၌ တရားထိုင်ခြင်းဟုသာ ယေဘုယျအားဖြင့် သဘောပေါက်နားလည်ကြ၏။
မမှန်ပါ။

Meditation (မယ်ဒီတေးရှင်း) ယူသော အင်္ဂလိပ်ဝေါဟာရ၏ တိုက်ရိုက်အဓိပ္ပါယ်မှာ
စိတ်အတွင်းမှ အတွေးများကို ထုတ်ပစ်ခြင်း...
စိတ်ကို တခုထဲ အပေါ်၌ အာရုံရအောင် ပြုလုပ်ခြင်း...
တခုခုကို အလေးအနက်တွေးခြင်း၊ အသေအချာတွေးခြင်း...
စိတ်အတွင်းမှ အတွေးများနှင့် ပတ်သက်၍ စနစ်တကျ လေ့လာခြင်း...
ဆင်ခြင်ခြင်းဟု အဓိပ္ပါယ်ရ၏။
နောက် တနည်း...သွယ်ဝိုက်အဓိပ္ပါယ် သို့သော် အဓိက အများနားလည်အောင် ဆိုလိုသည့် အဓိပ္ပါယ်မှာ စိတ်ကိုငြိမ်အောင် ပြုလုပ်ခြင်း...စိတ်ကို လေ့ကျင့်ခြင်းပင် ဖြစ်၏။

တကယ်တော့ (မယ်ဒီတေးရှင်း) ဟူသော ဝေါဟာရမှာ အင်္ဂလိပ်ဝေါဟာရစစ်စစ်လည်းမဟုတ်။ (လက်တင်)ဝေါဟာရဖြစ်၏။ လက်တင်မှ ပြင်သစ်သို့ကူး...ပြင်သစ်ကမှတဆင့် အင်္ဂလိပ်ဝေါဟာရဘ၀ ရောက်လာခြင်းဖြစ်၏။
(မယ်ဒီတေးရှင်း) ပြုလုပ်ခြင်းကို လူသားတို့ ကျင့်သုံးခဲ့ကြသည်မှာလည်း ကြာချေပြီ။ အချို့က လွန်ခဲ့သည့် နှစ်ပေါင်းသုံးထောင်ကျော်ကပင် စခဲ့သည်ဟုယူဆ၏။
မှန်ပါသည်။
ဗုဒ္ဓပွင့်ခဲ့သည်မှာပင် နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်လာခဲ့ပြီမဟုတ်လား။
ယနေ့ကမ္ဘာ၌ ထင်ရှားသော...လူအများကိုးကွယ်ယုံကြည်သော...အဓိကဘာသာကြီး အားလုံး၌ပင်(မယ်ဒီတေးရှင်း)ပြုလုပ်သည့်အလေ့အကျင့်များရှိ၏။
လုပ်ပုံလုပ်နည်းသာ ကွာ၏။

မယ်ဒီတေးရှင်းကို ယနေ့ကမ္ဘာကြီး၌ ဘာသာမဲ့များလည်း ပြုလုပ်၏။
ကျွန်တော်သည် ဘန်ကောက်မြို့၌ ရှိစဉ်ကပင် မိမိစိတ်ကို မိမိမထိန်းနိုင်လွန်းသဖြင့် (မယ်ဒီတေးရှင်း)နှင့်ပတ်သက်၍ လေ့လာမှုများကို စတင်ပြုလုပ်ခဲ့၏။
ကံကောင်းပါသည်။ ကျွန်တော့်သား အပါ ယူလာသော(၂၀၀၃)ခုနှစ် သြဂုတ်လထုတ် အမေရိကန် စာပဒေသာမဂ္ဂဇင်းကြီး၌ Carol Krucoff ရေးသော Meditation for busy, normal people ဟူသောဆောင်းပါးပါ၏။

ထိုဆောင်းပါးကို ကျွန်တော် ဖတ်ကြည့်လိုက်၏။ (မယ်ဒီတေးရှင်း)နှင့် ပတ်သက်ပြီး တိုတိုတုတ်တုတ်နှင့် လိုရင်းကို ရှင်းရှင်းလင်းလင်း မြင်အောင်ဖော်ပြနိုင်သည့် ဆောင်းပါးဖြစ်၏။
သင်...သက်ပြင်းတချက်ကို ရှူလိုက်ပါ။ ရှူလိုက်သည့်လေကို ချက်ချင်း ပြန်မထုတ်ပါနဲ့..။
စက္ကန့် အနည်းငယ်လောက် ထိန်းထားပါ။ ဖြည်းဖြည်းချင်း သတိထားပြီး ပြန်ထုတ်ပါ။
နောက်တကြိမ် သက်ပြင်းတချက် ထပ်ရှူပါ။ ပထမတကြိမ် ပြန်ထုတ်သကဲ့သို့ပင်ပြန်ထုတ်ပါ။ ဤနှစ်ကြိမ်မျှ အသက်ရှူစဉ်အတွင်း သင့်ဦးခေါင်းထဲ...သင့်ရင်ထဲ ပြည့်ကျပ်နေသည့် အတွေးများ..သောကများ..အိပ်မက်များ လျော့ကျသွားသည်ကို တွေ့ရပါမည်။

ဆောင်းပါးတွင် လမ်းညွှန်ထားသည့်အတိုင်း သတိထား၍ အသက်ကို ပြင်းပြင်းရှူခြင်းကို ကျွန်တော် ဆယ်မိနစ်ခန့် ကြိုးစားပြုလုပ်ကြည့်လိုက်၏။
အံ့စရာ ခံစားရ၏။
ဆီးကျိတ်ကင်ဆာဖြစ်နိုင်သည်ဟူသော ဒုက္ခကြောင့် ရင်ထဲ ခေါင်းထဲတွင် မွန်းကျပ်နေသည့်သောကများ လျော့မှန်းမသိ လျော့သွားသည်ကို ခံစားလိုက်ရ၏။

တယ်ဟုတ်ပါလား...။
ကျွန်တော် ပထမဆုံးတွေးမိသည့် အတွေး။ တကယ်တော့ ကျွန်တော်သည် ခေတ်တခေတ်တွင် ခေတ်အနောက်၌ ပြတ်ကျန်ခဲ့သည့်လူတယောက်နှင့် တူလှ၏။
ယနေ့ ကမ္ဘာကြီး၌(မယ်ဒီတေးရှင်း) ကျင့်စဉ်များကို နေ့စဉ်လေ့ကျင့်နေသူပေါင်း မြောက်မြားစွာရှိပါသည်။ (မယ်ဒီတေးရှင်း) ကျင့်စဉ်နည်းများကလည်း အမျိုးမျိုးရှိ၏။

အမေရိကန်ပြည်ထောင်စု တခုတည်း၌ပင် (မယ်ဒီတေးရှင်း)ကျင့်စဉ်များကို လေ့ကျင့်နေသူပေါင်း တသန်းခွဲကျော် ရှိ၏။ ထိုအထဲ၌ ဆရာဝန်ပေါင်း (ခြောက်ထောင်)ကျော် ပါဝင်၏။
အံ့စရာမကောင်းလှပေလား။

လူများတွင် ခံစားရသည့်ဝေဒနာများကို ဆေးမသုံးဘဲ ...သဘာဝဖြင့် ကုသခြင်း(naturl healing) များတွင် (မယ်ဒီတေးရှင်း)သည် တခုအပါအ၀င် ဖြစ်၏။ ယင်းသို့(မယ်ဒီတေးရှင်း) အပါအ၀င် သဘာဝကုသနည်းများကို လေ့လာရန်အတွက် (NIH)အမေရိကန် ကျန်းမာရေးဌာနမှ အိုဟိုင်းအိုးပြည်နယ် Maharishi vedic Medicine ကောလိပ်သို့ပင် ထောက်ပံ့ငွေ ဒေါ်လာရှစ်သန်း ချပေးထား၏။

အမေရိကန်ဆေးတက္ကသိုလ်များ၌(မယ်ဒီတေးရှင်း)ကို ရောဂါကုသနည်းတခုအဖြစ် စိတ်ဝင်စားခဲ့ကြသည်မှာ ၁၉၆၀-ပြည့်နှစ်နှင့် ၁၉၇၀-ပြည့်နှစ်များမှပင် စခဲ့ခြင်းဖြစ်၏။
ကမ္ဘာကျော် အမေရိကန်(ဟာဗတ်)ဆေးတက္ကသိုလ် နှလုံးရောဂါအထူးကုဌာနမှ စခဲ့ခြင်းဖြစ်၏။ ထိုဌာန၏ ဌာနမှူး ဒေါက်တာ Herbert Benson မှာ (မယ်ဒီတေးရှင်း) ကျင့်စသ်များဖြင့် နှလုံးကုသနည်းကို ပထမဆုံး သိပ္ပံနည်းကျ လက်တွေ့စမ်းသပ်ခဲ့သူဖြစ်၏။

လူနာတွေကို (မယ်ဒီတေးရှင်း) လုပ်ခိုင်းပြီး တပတ်လောက်အတွင်းမှာ သူတို့ရဲ့ သွေးတိုးပြုတ်ကျသွားတာကို မြင်ရစက ကျွန်တော် သိပ်အံ့သြတယ်။ (မယ်ဒီတေးရှင်း)ကိုလည်း ပိုစိတ်ဝင်စားလာခဲ့တယ်။
ဒေါက်တာ(ဟားဗတ်ဗင်ဆင်) ပြောကြားခဲ့ဖူးသောစကား ဖြစ်၏။ သူက ဆက်ရှင်းပြပါသေးသည်။
ကျွန်တော်တို့ ဆေးပညာရှင်တွေရဲ့ လောကမှာလည်း စိတ်ဝေဒနာ ဖိစီးခံနေရတဲ့လူတွေ သိပ်များတယ်။ ဆေးပညာလောကသား ဝေဒနာသည်တရာမှာ ရှစ်ဆယ်ဟာ စိတ်ဖိစီးခံနေရမှုကြောင့် ဖြစ်တဲ့ရောဂါတွေ...။ ဒီရောဂါသည်တွေ ခံစားနေရတဲ့ ဝေဒနာကို ပျောက်ဖို့က သမရိုးကျ သောက်ဆေးတွေ...ခွဲစိတ်ကုသမှုတွေနဲ့ လုပ်လို့မှမရဘဲ။ ကျွန်တော့်ကိုယ်တွေ့ ရေရှည်ထိရောက်မှု ရှိအောင် အကောင်းဆုံးလုပ်ပေးနိုင်တာက (မယ်ဒီတေးရှင်း)အလေ့အကျင့်တွေပဲ။

ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ (Migraine) စွဲကပ်နေသည့် ဝေဒနာသည် ၃၂-ရာနှုန်းမှာ (မယ်ဒီတေးရှင်း) ပြုခြင်းဖြင့် သက်သာခဲ့ဖူး၏။
၁၉၉၅-ခုနှစ်တွင် အမေရိကန်၌ပြုလုပ်သော (အမ်အိုင်အိတ်ခ်ျ)သုတေသန၏ တွေ့ရှိချက်အရ အလွန်ပြင်းထန်စွာ နာကျင်သည့်ဝေဒနာ ခံစားနေရသည့် ရောဂါသည်အများအပြားမှာ (မယ်ဒီတေးရှင်း)ပြုခြင်းဖြင့် ဝေဒနာသက်သာမှု ရခဲ့ကြသည်-ဟုဆို၏။

ကင်ဆာရောဂါကုထုံးများ၌မူ (မယ်ဒီတေးရှင်း) ပြုခြင်းမှာ လူအများသိနားလည် လက်ခံသည့်ကုသနည်း တခုပင် ဖြစ်လျက်ရှိစေချေပြီ။
ထို့ကြောင့်ပင် ဖြစ်နိုင်ပါသည်။
ကျန်းမာရေးအာမခံ (Health Insurance) အချို့က သူတို့တွင် ရေရှည်အာမခံထားသော နှလုံးရောဂါရှိသူ ဖောက်သည်များကို အခမဲ့ (မယ်ဒီတေးရှင်း) သင်တန်းများသို့ တက်ရောက်ရန် စီစဉ်ပေးလျက်ရှိ၏။

ကျွန်တော်သည် ဘန်ကောက်မှ ရန်ကုန် ပြန်ရောက်လာသည့် အချိန်မှစပြီး (မယ်ဒီတေးရှင်း) နှင့် ပတ်သက်ပြီး အလွန်စိတ်ဝင်စားနေသည်။
လမ်းညွှန်နည်းများပါရှိသော (မယ်ဒီတေးရှင်း)စာအုပ်အမျိုးမျိုးကို ရှာဖတ်၏။
တခုမှ စိတ်ကြိုက်မတွေ့...
ကျွန်တော့်ပတ်ဝန်းကျင်၌ (မယ်ဒီတေးရှင်း) အကြောင်း စာအုပ်ကောင်းများကလည်း အလွန်များလှ၏။

တရားထိုင်တတ်သော မိတ်ဆွေအချို့နှင့် တိုင်ပင်ဆွေးနွေးကြည့်၏။ သူတို့က သူတို့ လက်တွေ့ကျင့်သုံး နေသော (မယ်ဒီတေးရှင်း)လုပ်နည်းများကို ပြောပြ၏။ ရှင်းပြ၏။
ကျွန်တော်ကလည်း ကြိုးစားပြီး လက်တွေ့လုပ်ကြည့်၏။ အဆင်မပြေ။

(မယ်ဒီတေးရှင်း)လုပ်စဉ် ကျွန်တော် ကြုံတွေ့ရသော အခက်အခဲများ...
(မယ်ဒီတေးရှင်း)နှင့်ပတ်သက်ပြီး ကျွန်တော့်ရင်၌ မရှင်း...အဖြေရှာမရဖြစ်နေသော ပြဿနာများကို ကျွန်တော်ကျေနပ်အောင် သူတို့ အဖြေမပေးနိုင်ကြပါ။

လွန်ခဲ့သည့် ဒီဇင်ဘာလဆန်းက ကျွန်တော် စင်ကာပူသို့ ခေတ္တရောက်သွား၏။ စင်ကာပူသို့ရောက်တိုင်း ကျွန်တော် အမြဲသွားတတ်သောနေရာမှာ ကီနိုကူနီယား(kinokuniya) စာအုပ်ဆိုင် ဖြစ်၏။
ဤစာအုပ်ဆိုင်မှာ ကျွန်တော့်အတွက် စာအုပ်ဆိုင်နှင့် မတူပါ။ ရတနာသိုက်ကြီးနှင့် အလွန်တူလှ၏။ ကျွန်တော် စင်ကာပူရောက်တိုင်း ဤစာအုပ်ဆိုင်ကြီး၌ နေ့တ၀က်ခန့် အချိန်ဖြုန်းတတ်၏။
တွေ့လေပြီ...။
(ကီနိုကူနီယား) စာအုပ်ဆိုင်၌ (မယ်ဒီတေးရှင်း) နှင့်ပတ်သက်သော စာအုပ်ပေါင်းများစွာရှိ၏။ ကောင်းလိမ့်မည်...မိမိစိတ်ကြိုက်ဖြစ်လိမ့်မည်ဟုထင်သော စာအုပ်အများအပြားကို မြည်းစမ်း ဖတ်ကြည့်၏။

8 minute Meditation စာအုပ်---
အမေရိကန်ကမ္ဘာကျော် (တိုင်း)မဂ္ဂဇင်းကြီးက အမေရိကန်လူမျိုးတိုင်း လက်တွေ့ ကျင့်သုံးနိုင်သောနည်းဟု မှတ်ချက်ရေးထားပေးသည့် စာအုပ်ဖြစ်၏။
ကျွန်တော် မြည်းစမ်းဖတ်ကြည့်သည်။
အလွန်ကျေနပ် သဘောကျလှ၏။

စာရေးသူ၏အမည်မှာ Victor Davich ဖြစ်၏။ ရှေ့နေ...ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ...ထုတ်ဝေသူဖြစ်၏။ မယ်ဒီတေးရှင်းနှင့်ပတ်သက်၍ သူ၏ပထမဆုံးထုတ်ဝေသော The Best Guide to Meditation စာအုပ်မှာ ကမ္ဘာကျော်စာအုပ်ဖြစ်၏။ American Month club စာစဉ်၌ စာအုပ်ကောင်းတအုပ်အဖြစ် အသိအမှတ်ပြု ခံခဲ့ရသည့် စာအုပ်ဖြစ်၏။
သူ့တွင် (မယ်ဒီတေးရှင်း)...လက်တွေ့ကျင့်ကြံအားထုတ်ဖူးသည့် အတွေ့အကြုံ နှစ်ပေါင်းနှစ်ဆယ်ကျော် ရှိ၏။

စာရေးကောင်းသူ ပြုစုသော (မယ်ဒီတေးရှင်း)စာအုပ်ဖြစ်သဖြင့် သူ့စာအုပ်မှာ ဖတ်ရှုရ အလွန်လွယ်ကူ၏။ ခက်ခဲသော...လူသိနည်းသော(မယ်ဒီတေးရှင်း)နှင့်ပတ်သက်သည့် ဝေါဟာရများကို လုံးဝမသုံး။
ဘာသာမရွေး လူမျိုးမရွေး လက်တွေ့ကျင့်သုံးနိုင်သည့် နည်းလမ်းများကို ဖော်ပြထားသော...
ဆွေးနွေးထားသော...လမ်းညွှန်စာအုပ်...။
ဖတ်ရှုသူတိုင်း နားလည်လွယ်အောင် ပြုစုထားသော စာအုပ်ဖြစ်၏။

ဤစာအုပ်မှာ(မယ်ဒီတေးရှင်း) ပြုလုပ်ရန် စနစ်တကျဖော်ပြထားသော လမ်းညွှန်စာအုပ်ဖြစ်၏။ ရှစ်ပတ်အလေ့အကျင့် ပြုလုပ်ရမည့် နည်းလမ်းများကို စနစ်တကျ လမ်းညွှန်ထား၏။
ကျွန်ုပ်စာအုပ်ကို သင် ဖတ်ရှုပြီး ၈-ပတ်ကြာသည်နှင့် မယ်ဒီတေးရှင်း၏ အနှစ်သာရများကို သင်သဘောပေါက်စေရမည်။ နားလည်စေရမည်။ သင်ဖတ်ကြည့်ပါ။ ကြိုးစားကြည့်ပါ။ လက်တွေ့ အကျိုးရှိစေရမည်ကို ကျွန်ုပ် လုံးဝတာဝန်ယူသည်-ဟု ရေးထားပါသည်။

ယနေ့...ကျွန်တော် သူ့စာအုပ်ကိုဖတ်ပြီး သူညွှန်ကြားသည့်အတိုင်း လေ့ကျင့်နေထိုင်ခဲ့သည်မှာ (၆)ပတ်အတွင်းသို့ရောက်နေချေပြီ။
အလွန်ကျေနပ်ပါသည်။
အမှန်တကယ် အကျိုးရှိပါသည်။
တနေ့ ၈-မိနစ်မျှ လေ့ကျင့်ရမည်ဟူသော အချိန်မှာ လူတိုင်းပေးနိုင်သည့် အချိန်ဖြစ်၏။ အလွန်လက်တွေ့ကျ၏။

ကျောင်းသားလူငယ်များ အတွက်လည်း အချိန်ပေးနိုင်သည်။ ကျန်းမာရေး အားနည်းနေသော သက်ကြီးရွယ်အို များအတွက်လည်း အချိန်ပေးနိုင်သည်။
ကျွန်တော့်ဘ၀တွင် စာအုပ်သည် အကောင်းဆုံးသော အဖော်မွန်ဖြစ်၏။ ကျွန်တော့်ဘ၀၏ အောင်မြင်မှု အားလုံးမှာ စာအုပ်များကြောင့်ပင် ဖြစ်သည်ဟု ကျွန်တော်ယုံကြည်၏။

စိတ်ဝေဒနာ...
စိတ်၏သက်သာမှု ဖြစ်ပေါ်စေရေး...။
စိတ်၏အင်အားကို တိုးပွားစေရေး...။
စိတ်ကြံ့ခိုင်စွမ်းအား၏ အလွန်အရေးကြီးလှပုံ...စသည်...တို့မှာ လူ့လောက၌ လူအများသိနားလည်ထားကြသည်မှာ ယေဘုယျ သဘောမျှသာ ရှိသည်ဟု ကျွန်တော်ထင်၏။
မှန်ပါသည်။

ဤဆောင်းပါး၏ အစတွင် ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော်ပင်လျှင် ဆီးကျိတ်ရောဂါ ခံစားရပြီး...အချိန် မနေ့တနေ့ကမှ လူ့ဘ၀၏ ဤနက်နဲလှသော လျှို့ဝှက်ချက်သဘောကို သိနားလည်ခဲ့သည်မဟုတ်လော။
Victor Davich ၏ 8 Minute Meditation စာအုပ်ကို ကျွန်တော် အလွန်ကြိုက်ပါသည်။
စာရှုသူများကို အလွန်ဖတ်စေချင်လှပါသည်။
ရင်ထဲတွင် အလွန်ကြီးသော ဆန္ဒတခု ဖြစ်ပေါ်လျက်ရှိ၏။
ဤစာအုပ်ကို ကျွန်တော် အလွန် ဘာသာပြန်ချင်သည်။
စာရှုသူများလက်သို့ ရောက်အောင် အလွန်ပို့ချင်သည်။
သို့သော်...သို့သော်...။

ဦးလှဝင်း(လေသူရဲတဦး)
(မြန်မာ့ဓန ၂၀၀၅-မတ်လ)

ထိရောက်သော ကိုယ်လက်လှုပ်ရှားမှုများ

အလှအပအတွက်ပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးအတွက်ပဲ ဆိုဆို နည်းလမ်းသစ်တွေကို အမြဲတမ်း စူးစမ်းလေ့လာရင်း ထုတ်ဖော်လေ့ ရှိတတ်ကြပါတယ်။ ကိုယ့်နိုင်ငံရဲ့ စရိုက်၊ ရေမြေသဘာဝနှင့် ရိုးရာပေါ်တည်လို့ အမျိုးမျိုး ကွဲပြားကြသည့်တိုင် တခုတည်းသော ဦးတည်ချက်ကတော့ တူညီပြီးသားပါ။ ကြံ့ခိုင် ကျန်းမာပြီး လှပသွယ်ပျောင်းဖို့ပါပဲ။

ခေတ်မီတိုးတက်တဲ့ နည်းနိဿယျတွေဟာလည်း တနေ့တခြား ဆန်းသစ်လို့ နေပါတယ်။ နောက်ပြီး ထိရောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုပိုင်းဆိုင်ရာ စက်ကိရိယာတွေဆိုတာကလည်း အများကြီး အလွယ်တကူ ၀ယ်ယူသုံးစွဲနိုင်ကြသလို၊ သက်ဆိုင်ရာ ကိုယ်ကာယ လေ့ကျင့်မှု သင်တန်းခန်းမတွေမှာလည်း သွားရောက် လေ့ကျင့်လို့ ရနိုင်ပါတယ်။ ခက်တာက အချိန်၊ တိတိကျကျ ပြောရရင် အဲဒီလို ကိုယ်လက်လှုပ်ရှားမှုအတွက် ကိုယ်ပိုင်အချိန်ထဲက ဖဲ့ပေးရမှာက သိပ်ပြီး လွယ်ကူလှတယ်လို့ မဟုတ်ပါဘူး။

နောက်တခုကတော့ တချို့ စက်ကိရိယာ ပစ္စည်းတွေဟာ ကိုယ်အလေးချိန်လျှော့ချရေးမှာ အဆီပိုတွေကို ဖယ်ရှားပေးရာမှာ ထိရောက်တယ်ပဲ ထား၊ တန်ဖိုးအနေနဲ့ မသေးလှတာမို့ အလွယ်တကူ ၀ယ်ယူသုံးစွဲဖို့ ဆိုတာကလည်း ထင်သလောက် မလွယ်ပြန်ဘူး။ ဒီတော့ မိန်းကလေး အများစုအနေနဲ့ အချိန်လည်း သိပ်မကုန်၊ ငွေကြေးကုန်ကျစရိတ်လည်း သက်သာမယ့် နည်းလမ်းတွေကို ပိုပြီး အာရုံထားတတ်ကြပါတယ်။ အဲဒီအခါမှာ ဘယ်တော့မှ မရိုးတဲ့ နည်းလမ်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ခုန်ခြင်းနှင့် ပြေးခြင်းတို့ကို ဂရုတစိုက် လေ့ကျင့်ဖို့ လိုအပ်တယ်ဆိုတာ သိလာကြပါပြီ။

အသက်အရွယ် မရွေး၊ ကျားမ မရွေး၊ အဓိကလိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုဟာ လမ်းလျှောက်ခြင်းပါလို့ သုတေသနပညာရှင်တွေက တညီတညွတ်တည်း အဆိုပြုထားကြပါတယ်။ ပိန်သူ၊ ၀သူတွေသာမက ကျန်းမာရေး ကောင်းမွန်ခြင်း မရှိလှဘဲ ချူချာသူတွေအတွက်ပါ သင့်လျော်တဲ့ လေ့ကျင့်မှုမျိုးပါပဲ။ တနည်းပြောရရင် အားစိုက်မှု အနည်းဆုံးအတွက် အကျိုးအာနိသင်အများဆုံး ရရှိတတ်တဲ့ လေ့ကျင့်မှုဟာ လမ်းလျှောက်ခြင်းအပြင် တခြား မရှိနိုင်ပါဘူး။ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တဲ့အပြင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေနိုင်တာကြောင့်ပါပဲ။ အဲဒီအခါ နှလုံးရဲ့ ကြံ့ခိုင်မှုကို ရရှိပြီးသား ဖြစ်သွားပါတယ်။

နေ့စဉ်လို ကြုံတွေ့နေကြရတဲ့ စိတ်ဖိစီး တင်းကျပ်မှုတွေကို လျော့ပါးစေတာမို့ လူရောစိတ်ပါ ကြည်လင် လန်းဆန်း လာတယ်။ အဲဒီအခါ သွေးသားစိုပြည်တာမို့ အသားအရေလှပပြီး တက်ကြွဖျတ်လတ်တဲ့ အသွင်မျိုး ရှိနေမယ်ဆိုတာတော့ သေချာနေပြီ။

ကျန်းမာခြင်းနှင့် နှီးနွယ်နေတဲ့ အလှအပအတွက် အကောင်းဆုံးသော လေ့ကျင့်မှု တခုထဲမှာ လမ်းလျှောက်ခြင်းဟာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ အရေးကြီးတာက လမ်းလျှောက်တယ်ဆိုပြီး အဖြစ်လမ်းလျှောက်လို့ မရပါဘူး။ နည်းစနစ် ကျနဖို့တော့ လိုတယ်လေ။
ဆိုပါစို့ လမ်းလျှောက်တဲ့အခါ ခေါင်းကို မတ်မတ်ထားပြီး ခါးကို ဆန့်ထားဖို့၊
ပြီးတော့ ၀မ်းဗိုက်ကို ရှပ်ထားဖို့ လိုပြန်ရော။ ဒါမှလည်း ထိရောက်မှု ရှိမှာလေ။
လက်နှစ်ဖက်ကို လွတ်လွတ်လပ်လပ်ကြီး လွှဲလျှောက်ဖို့လည်း လိုပါတယ်။
ဦးဆုံး စပြီးလျှောက်တဲ့အခါ ကိုယ့်ရဲ့ခြေလှမ်းဟာ သက်တောင့်သက်သာ အနေအထားမျိုးလေးပဲ ရှိပြီး အချိန်အားဖြင့် ၁၅-မိနစ်၊ ဒါမှမဟုတ် မိနစ် ၂၀-လောက် အတွင်းမှာပေါ့။

တဖြည်းဖြည်းနဲ့ ခြေလှမ်းကို ခပ်မြန်မြန်လှမ်းပြီး အချိန်ကိုလည်း တိုးပြီး လျှောက်ရပါမယ်။ အဲဒီအခါမှာ ခြေလှမ်း အကျယ်ဟာ တသမတ်တည်း ရှိအောင် သတိထားပါ။ လမ်းလျှောက်တဲ့အခါ ပေါ့ပါးပြီး အဆင်ပြေမယ့် အ၀တ်အစားမျိုးဖြစ်ဖို့ အရေးကြီးသလို ပေါ့ပါးတဲ့ ဖိနပ်မျိုးလည်း လိုအပ်ပါတယ်။

တချို့မိန်းကလေးတွေအနေနဲ့ ကျန်းမာလှပဖို့အတွက် နေ့စဉ် လမ်းလျှောက်လေ့ကျင့်ဖို့ လိုအပ်တာကို ကောင်းကောင်းကြီး နားလည်သဘောပေါက်သလို လက်တွေ့လည်း ဆောင်ရွက်လေ့ ရှိပါတယ်။ တချို့ကျပြန်တော့ လမ်းလျှောက်ခြင်းရဲ့ အကျိုးအာနိသင်ကို မသိမဟုတ်၊ သိပါတယ်။ ဒါပေမယ့် အချိန်မပေးနိုင်ကြပြန်ပါဘူး။ အဲဒီသူတွေအတွက် အိမ်တွင်းမှာပဲ နေရင်း တနေရာတည်းမှာ ခုန်တဲ့ လေ့ကျင့်နည်းမျိုးကို အသုံးပြုနိုင်ပါတယ်။ ကိရိယာပစ္စည်း မလိုအပ်တဲ့ အလွယ်ကူဆုံး လေ့ကျင့်နိုင်တဲ့ နည်းလမ်းတခုလည်း ဖြစ်ပါတယ်။

ခုန်တဲ့အကြိမ် ရေတွက်ရာမှာ ဘယ်ဘက်ခြေဖ၀ါးဟာ ကြမ်းပြင်(မြေပြင်) ကို ထိတဲ့အချိန်ကို တကြိမ်လို့ သတ်မှတ်ရပါလိမ့်မယ်။ ခြေဖ၀ါး တခုစီကို မ,တဲ့အခါ (မြေပြင်) ကြမ်းပြင်နှင့် ၆-လက်မ အနည်းဆုံး ကွာဖို့လိုပါတယ်။ အချိန် တမိနစ်အတွင်းမှာ အကြိမ် ၇၀-ခုန်နိုင်ခြင်းကတော့ အကောင်းဆုံးပါပဲ။ တခု ရှိတာက ဦးဆုံး စတင်တဲ့အခါ ခပ်ဖြည်းဖြည်းလေ့ကျင့်ဖို့ပဲ။

ပထမသီတင်းပတ်မှာ အချိန် ၅-မိနစ်လောက် လေ့ကျင့်ချိန်ယူရင် တော်လောက်ပါပြီ။ တဖြည်းဖြည်းနှင့် တိုးပြီး လေ့ကျင့်တဲ့အခါ ကြာချိန်ကို နာရီဝက်ခန့် ယူနိုင်ပါတယ်။
တနေရာတည်းမှာ ခုန်တဲ့ လေ့ကျင်မှုဟာ အဆုတ်နှင့် နှလုံးအတွက် ကောင်းမွန်ထိရောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။ ခြေသလုံး ကြွက်သားတွေနဲ့ ပေါင်တံတလျှောက်မှာ ရှိတဲ့ ကြွက်သားတွေဟာ ပိုပြီး ကျစ်လစ်သန်မာလာမှာပါ။ ခြေမျက်စိ၊ ဒူးခေါင်းနှင့် တင်ပါးဆုံ အဆစ်များဟာ ပျော့ပျောင်းလာတာကို တွေ့မြင်ရမှာ သေချာပါတယ်။

ရက်အတန်ကြာ လေ့ကျင့်လာတဲ့အခါမှာ နာရီဝက်ခန့် မနားတမ်း (တနေရာတည်းမှာ) ခုန်လာနိုင်ပြီ ဆိုရင်တော့ ကြံ့ခိုင်မှုစွမ်းရည်ဟာ အကောင်းဆုံး အနေအထားမှာ ရှိနေပါပြီ။

နောက်တခု ရှိတာက ကြံ့ခိုင် ကျန်းမာသူတွေအဖို့ ကိုယ်ခန္ဓာ ကျစ်လျစ်သွယ်လျပြီး ကျန်းမာရေး အထူးကောင်းမွန်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုကတော့ ပြေးခြင်းပါပဲ။ အသက်အရွယ် မရွေးဘူးလေ။
ကြွက်သားတွေကို ကျစ်လစ်စေနိုင်ရုံသာမက၊ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေနိုင်တယ်။ အဆုတ်နှင့် နှလုံးကိုလည်း သန်မာစေနိုင်တယ်။ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တာကြောင့် ကြည်လင်လှပမှုကို အထောက်အကူပြုနိုင်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့ နည်းလမ်းကောင်းတခုပဲ ဆိုတာတော့ ယုံ။

ပြေးတဲ့အခါမှာ လက်မောင်းတွေဟာ တံတောင်ဆစ် ကွေးထားရမယ့် အပြင် လက်ချောင်းတွေကို ကုပ်ထားဖို့ လိုပါတယ်။ ခြေလှမ်းတွေကို မှန်မှန် လှမ်းပြီး ပြေးနိုင်ဖို့အတွက် ယာဉ်အသွားအလာ ရှင်းတဲ့လမ်းမျိုးကို ရွေးချယ်ပါ။ ဒါမှလည်း ပြေးရတာ အဆင်ပြေနိုင်မယ်မဟုတ်လား။

ကျယ်လွန်း ပွလွန်းတဲ့ အ၀တ်အစားမျိုးတွေကို ရှောင်ပြီး ကိုယ်နှင့် အဆင်ပြေတဲ့ ပေါ့ပါးတဲ့ အ၀တ်အစားမျိုးဖြစ်ဖို့ သိပ်ကို အရေးကြီးတယ်။ လှပကျန်းမာပြီး ကျစ်လစ်သွယ်လျတဲ့ ကိုယ်ခန္ဓာမျိုးကို ပိုင်ဆိုင်ဖို့အတွက် လမ်းလျှောက်လေ့ကျင့်မှု၊ ခုန်တဲ့ ကိုယ်လက်လှုပ်ရှားမှု၊ ဒါမှမဟုတ်-အပြေးလေ့ကျင့်မှုတို့ကို တခုချင်း၊ ဒါမှမဟုတ်-နှစ်မျိုး သုံးမျိုး စသည်ဖြင့် အဆင်ပြေရာကို ရွေးချယ်လေ့ကျင့်နိုင်သည်ဆိုတဲ့အကြောင်း .

မေလေး

ကျန်းမာရေး အမေး+အဖြေ

လူဆိုတာ ဒုက္ခရဲ့အရိပ်အငွေ့တွေကြားကနေ ဘ၀အမြင့်ကို တက်လှမ်းနေကြရတာပါ။ မပြေလည်မှုတွေ ညှိယူရင်း မမျှတမှုတွေခံစားရင်း ...။ ဘ၀အမြင့် ခရီးစဉ်မှာ လက်တွေ့ကျတဲ့ဘ၀ရဲ့ အခြေအနေပေါ် လုပ်ရပ်များနဲ့ သက်သေပြနိုင်သူဟာ ဘ၀ကိုနားလည်သူပါပဲ။ ဘ၀ကို နားလည်တဲ့အသိဟာ တကယ်တော့ တန်ထိုးပြည့်ဝတဲ့ စွမ်းအားတခုပေါ့။ ဒီစွမ်းအားက ဘ၀ကို နားလည်ခြင်းထက် ဘ၀ကို သုံးသပ်နိုင်ခြင်းအတွက် ပိုပြီး အာရုံပြုပေးနိုင်ပါတယ်။ မိမိကိုယ်ကို ဆန်းစစ်ခြင်း၊ မိမိဘ၀ရဲ့ အဖြစ်မှန် အဖြေမှန်ကို မြင်တွေ့သိရှိခြင်း အတွက်ပါ။ ကိုယ့်ကိုယ်သိ၊ ပညာရှိ-လို့ သတ်မှတ်ထားကြတာမဟုတ်လား။

မေးခွန်း(၁)
ဆရာမရှင့် ---
ကျွန်မအသက် နှစ်ဆယ်ကတည်းက ကျွန်မချစ်သူနဲ့ အိမ်ထောင်ပြုပြီး သားသမီးရင်သွေးရတနာ ရယူဖို့ ကြိုးစားပေမယ့် ကိုယ်ဝန် ခဏခဏ ပျက်ကျသွားတာကြောင့် အခုထိ ကျွန်မမှာ သားသမီးမရှိပါဘူး။ မိခင်သိပ်ဖြစ်ချင်နေတဲ့ကျွန်မမှာ ဘယ်လိုချို့ယွင်းချက်တွေ ရှိနေနိုင်သလဲဆိုတာ ကျွန်မ ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန်ကြည့်ချင်လို့ ဆရာမ ရှင်းပြပေးပါရှင့်။

အဖြေ(၁)
တချို့အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်တဲ့အကျင့်ဖြစ်အောင် ဖန်တီးနိုင်တဲ့ရောဂါတချို့ ရှိပါတယ်။ ဥပမာအားဖြင့်-ဆိုးရွားပြင်းထန်တဲ့ သွေးအားနည်းရောဂါနဲ့ နှလုံးရောဂါဆိုရင် ကိုယ်ဝန်ပျက်တတ်ပါတယ်။ နောက်တခါ Thyroid လို့ခေါ်တဲ့ လည်ပင်းအကျိတ် သိပ်အလုပ်မလုပ်တာ၊ သိပ်အလုပ်လွန်နေတာ၊ ပြီးတော့ ကျောက်ကပ်ရောင်ရမ်းတဲ့ရောဂါ၊ သွေးတိုးရောဂါ ဒီလိုမျိုးရောဂါ တမျိုးမျိုးဖြစ်နေရင်လည်း ကိုယ်ဝန်ခဏခဏ ပျက်ကျတတ်ပါတယ်။

ဖြစ်နိုင်တာ နောက်တမျိုးက မိခင်ရဲ့သွေးသားထဲမှာ ဟော်မုန်းဓာတ်ညီမျှမှုမရှိဘူးဆိုရင်လည်း ပျက်တတ်ပါ တယ်။ ဟော်မုန်းဓာတ်အနေနဲ့ မိခင်လောင်းဖြစ်သူမှာ အီစထရိုဂျင်(Oestrogen) နဲ့ ပရိုဂျက်စထရုန်း (Progestrone) ဆိုတာရှိပါတယ်။ ကိုယ်ဝန်ရှိခါစအချိန်မှာ ဒီဟော်မုန်းနှစ်မျိုးစလုံးက အလုပ်လုပ်ရပါတယ်။ ဒါပေမယ့် သန္ဓေသားပီပီပြင်ပြင် ဖြစ်လာပြီးတဲ့နောက်မှာ ကလေးမွေးဖွားတဲ့အချိန်အထိ သန္ဓေသားတည်တံ့ ဖို့ရာအတွက် အဓိကအကျဆုံးဟော်မုန်းက ပရိုဂျက်စထရုန်း ဟော်မုန်းပါပဲ။ ဒါကြောင့် ပရိုဂျက်စထရုန်း ဟော်မုန်း ရှိသင့်တာထက် နည်းနေမယ်၊ ချို့တဲ့နေမယ်ဆိုရင် အဲဒီမိခင်လောင်းတွေမှာ ကိုယ်ဝန်ခဏခဏ ပျက်ကျတတ်ပါတယ်။

တခါတရံမှာ ကိုယ်ဝန်ရှိမှန်းမသိလို့၊ မသိနားမလည်လို့ ငှက်ဖျားတိုက်ဖျက်တဲ့ ဆေးဝါးတို့၊ ၀မ်းကိုက်ရောဂါ ပိုးကို ခုခံတဲ့ဆေးဝါးတို့၊ ကင်ဆာနဲ့ပတ်သက်တဲ့ Cytotoxic drugs တို့ အဲဒီလိုဆေးဝါးတွေ သုံးစွဲမိတယ် ဆိုရင်လည်း သန္ဓေသား ပျက်စီးတတ်ပါတယ်။ ကိုယ်ဝန်လနုစဉ်မှာ ဓာတ်မှန် (Radiation) ရိုက်မိရင်လည်း သန္ဓေသား ထိခိုက်နိုင်တာပေါ့။

နောက်တခုက သွေးသားမသန့်တာ၊ ကာလသားရောဂါပိုး ရှိနေမယ်ဆိုရင်၊ ဒါမှမဟုတ် Cytomegalovirus ဆိုတဲ့ လိုင်ဆက်ဆံခြင်းဖြင့် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးတမျိုး ရှိနေတယ်ဆိုရင်လည်း ပျက်တတ်ပါတယ်။ ဆီးချိုရောဂါရှိတဲ့ မိခင်လောင်းတချို့မှာလဲ ကိုယ်ဝန်ပျက်ကျတတ်တာတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ရာနှုန်းတော့ အတော်နည်းပါတယ်။

မိခင်လောင်းဖြစ်သူ အမျိုးသမီးရဲ့ သားအိမ်မှာ မွေးရာပါ အကန့်(Septum)ရှိတာ၊ သားအိမ်နှစ်ခွဖြစ်နေတာ၊ သားအိမ်ထဲမှာ အလုံးအခဲအကျိတ် အသားပိုရှိနေတဲ့ အမျိုးသမီးများမှာလည်း ကိုယ်ဝန်ခဏခဏ ပျက်ကျနိုင်ပါတယ်။

မိခင်လောင်းမှာ ဘာရောဂါမှမရှိရင်တောင်မှ Stress and Strain စိတ်ဖိစီးမှုနဲ့ တင်းအားများနေရင်၊ အလွန်အမင်း ပူဆွေးသောကရောက်နေတဲ့အခါမှာလည်း ကိုယ်ဝန်ပျက်ကျတာတွေ မြင်ခဲ့ရဖူးပါတယ်။ ဒါဟာ ရှားပါတယ်ဆိုပေမယ့် ဖြစ်ဖူးတဲ့အမျိုးသမီး ရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရလို့၊ သွေးထွက်လွန်လို့၊ အထိတ်တလန့် ဖြစ်လို့ Shock လို့ခေါ်တဲ့ သွေးလန့်ခြင်းဖြစ်တဲ့အခါမှာလည်း သွေးပေါင်ကျသွားလို့ သန္ဓေသား ဆီကို သွေးလှည့်ပတ်မှု နည်းသွားပြီး အောက်ဆီဂျင် ထောက်ပံ့မှုနည်းသွားတာကြောင့် ပျက်ကျနိုင်ပါတယ်။

ဖြစ်နိုင်တဲ့အကြောင်းအရာများကို စဉ်းစားလို့ရသလောက် ပြောပြထားတာမို့ မိမိကိုယ်ကို ဆန်းစစ်ဝေဖန် အဖြေရှာနိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်ရှင်။
****************************************************************************************

မေးခွန်း(၂)
ဆရာမရှင့်
ကျွန်မရဲ့ အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြားမှာ ရေယုန်တွေ မကြာခဏပေါက်တတ်ပါတယ်။ ကျွန်မကြားဖူးနားဝနဲ့ သွားတိုက်ဆေး လိမ်းပေမယ့် မသက်သာပါဘူး။ အိမ်နီးချင်းတယောက်က ကြိတ်မှန်ရွက်လေးထောင်းပြီး အရည်ညှစ်လို့ အဲဒီအရည်ကို လိမ်းခိုင်းပါတယ်။ နောက်တယောက်ကတော့ ကင်းပုံရွက်ပြုတ်ပြီး အုပ်ပေးခိုင်းပါတယ်။ ကျွန်မ ဘာလုပ်ရမှန်းမသိတော့လို့ ဆရာမဆီ အကြံဉာဏ်တောင်းရတာပါ။ ဆရာမ ဖြေကြားပေးပါနော်။

အဖြေ(၂)
ရေယုန်နဲ့ပတ်သက်တဲ့ ဆေးမြီးတိုတွေ အများကြီး ကြားဖူးပါတယ်။ ဒါတွေက စိတ်ထင်ရာ ရမ်းသမ်းလုပ်နေကြတာပါ။ အဲဒါတွေလုပ်မယ့်အစား တကယ်တမ်းလုပ်သင့်တာလေးတွေ ပြောပြပါရစေ။

ရေယုန်ပေါက်တယ်ဆိုရင် အရေပြားရောင်ရမ်းတာရှိမယ်။ အရည်ကြည်ဖုလေးတွေရှိမယ်။ အဲဒီ အရည်ကြည်ဖုထဲ တခြားပိုးတွေဝင်ရင် ပြည်တည်လာတတ်တယ်။ ဒါကြောင့်မို့---
(က) ဒီနေရာကို စိုစွတ်ညစ်ပတ်မနေစေဘဲ သန့်ရှင်းခြောက်သွေ့နေအောင် ဂရုစိုက်ရပါမယ်။
(ခ) ဒီနေရာကို ရေခဲအိတ်လေး ကပ်ပေးသင့်ပါတယ်။
(ဂ) ကယ်လ်မင်းဆေးရည် လိမ်းပေးနိုင်ပါတယ်။ အဲဒီဆေးရည်ဝယ်ဖို့ အခက်အခဲရှိရင်လည်း သန့်ရှင်းတဲ့ ကျောက်ပျဉ်မှာ သန့်ရှင်းတဲ့ရေအေးနဲ့ ရှင်မတောင် သနပ်ခါးသွေးပြီး လိမ်းပေးလို့ရပါတယ်။
(ဃ) ရေယုန်မှာ ပိုးဝင်သွားလို့ ပြည်ဖုလေးတွေ ဖြစ်လာရင်တော့ ပဋီဇီဝဆေးတွေ သုံးစွဲဖို့ လိုအပ်လာပြီမို့ နီးစပ်ရာဆေးခန်းက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသရတော့မှာပေါ့။ ရေယုန်ဖြစ်ခါစမှာ စတွေ့ခါစမှာ စတီးရွိုက် (Steroid) သောက်ဆေးပေးရင် သိပ်ကို ထိရောက်မှုရှိတတ်ပါတယ်။ အနာတွေပေါ်ပြီးမှ ပေးရင်တော့ သိပ်မထူးခြားတော့ပါဘူး။ ရေယုန်က သိပ်နာနေရင်တော့ Analgesic ဆေး သောက်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။

အရေးအကြီးဆုံးကတော့ ရေယုန်ပေါက်တဲ့လူနာဟာ ကိုယ်ခံအားလည်း ကျဆင်းနေတာမို့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ဂရုတစိုက် စားပေးဖို့လိုအပ်ပါတယ်။ အားဆေးသောက်ရမယ်။ အိပ်ရေး၀၀ အိပ်ရပါမယ်။ စိတ်ဖိစီးမှုတွေ လျှော့ပေးဖို့လည်း လိုအပ်ပါတယ်။ စိတ်တည်ငြိမ် အေးချမ်းမှုရအောင် ဗုဒ္ဓဘာသာဝင် တယောက် ဆိုရင်တော့ ပုတီးစိပ်ခြင်း၊ တရားတိုင်ခြင်းများ ပြုလုပ်သင့်ပါတယ်။ ဒီလိုမျိုး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါတွေဟာ ကိုယ်ရောစိတ်ပါ အနားယူပြီး အားပြန်လည်လန်းဆန်းနေမှ အမြန်သက်သာ ပျောက်ကင်းမှာ ဖြစ်ပါတယ်ရှင်။
***************************************************************************************

မေးခွန်း(၃)
ဒေါက်တာရှင့်---
ဆရာမယဉ်မင်းဦး (ဆေးတက္ကသိုလ်) ရဲ့ အက်တိုးပစ် အပျိုစင်-လုံးချင်ဝတ္ထုဖတ်ပြီး အဲဒီထဲက ကောင်မလေးလိုမျိုး အက်တိုးပစ်ကိုယ်ဝန်ဖြစ်မှာ ကြောက်လိုက်တာဒေါက်တာရယ်။ ဘယ်လိုအမျိုးသမီးတွေမှာ အက်တိုးပစ် ကိုယ်ဝန်ဖြစ်လေ့ရှိပါသလဲရှင့်။ ကျွန်မ သိချင်စိတ်ပြင်းပြနေလို့ ဖြေကြားပေးပါနော်။

အဖြေ(၃)
တထစ်ချ ဖြစ်မယ်လို့တော့ မဟုတ်ပေမယ့် အဖြစ်များတတ်တဲ့သူတွေကတော့ သုတေသနစစ်တမ်းများအရ အိမ်ထောင်ကျပြီး သားသမီးလွယ်လွယ်နဲ့ မရဘဲ အကြာကြီးနေမှ၊ အချိန်လွန်မှ ကိုယ်ဝန်ရလာတာမျိုး၊ တချို့လည်း သားသမီးမွေးဖူးပေမယ့် နောက်ထပ်ကလေးမမွေးတာ ၆-နှစ် ၇-နှစ် ၁၀-နှစ် စသဖြင့် အချိန်အကြာကြီး ခြားပြီးမှ ကိုယ်ဝန်ရလာတာမျိုး၊ ပြီးတော့ သားအိမ်ရောင်ရမ်းတာ၊ သားဥပြွန် ရောင်ရမ်းတာ၊ အူအတက်ရောင်တာ ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတို့ ဒီလိုအမျိုးသမီးများမှာ အက်တိုးပစ် ကိုယ်ဝန်ဖြစ်တတ်တာ တွေ့ရပေမယ့် ဒီလိုမျိုးဖြစ်တဲ့ အမျိုးသမီးတိုင်း အက်တိုးပစ်ကိုယ်ဝန် ရကြတာမဟုတ်သလို၊ ဒီလိုမျိုး မဟုတ်တဲ့ အမျိုးသမီးတွေမှာလည်း အက်တိုးပစ်ကိုယ်ဝန်ရတာ တွေ့ဖူးပါတယ်ရှင်။
***************************************************************************************

မေးခွန်း(၄)
မမရှင့်---
သမီးကလေ လက်ဖက်တအားကြိုက်ပါတယ်။ လက်ဖက်ထမင်း၊ လက်ဖက်သုပ်ကို နေ့တိုင်းစားဖြစ်ပါတယ်။ သမီးနှုတ်ခမ်းက ဖြူဖတ်ဖြူရော်နဲ့ သွေးအားနည်းနေတော့ လက်ဖက်တွေတအားလို့ပဲဆိုပြီး သမီးရဲ့အဖေက ဆူပါတယ်။ လက်ဖက်မစားရဘူးလို့ တားမြစ်ပါတယ်။ သမီးက လက်ဖက်မစားရရင် ထမင်းမမြိန်ပါဘူး။ အဲဒါ အဖေပြောသလို လက်ဖက်စားရင် သွေးအားနည်းစေနိုင်တယ်ဆိုတာ ဟုတ်ပါသလားမမ။

အဖြေ(၄)
လက်ဖက်စားရင် သွေးအားနည်းစေတယ်ဆိုတာ ဟုတ်ပါသလားလို့ မေးလာတဲ့အခါ အင်း--ဟုတ်ပါတယ်လို့ပဲ ဖြေကြားရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်ဖက်ကရရှိတဲ့ တယ်နင်-ဆိုတဲ့ဓာတ်မျိုးဟာ ကိုယ်ခန္ဓာတွင်းကို သံဓာတ်ဝင်ရောက်ခြင်းကို လျော့ကျစေနိုင်တဲ့အစွမ်းသတ္တိ ရှိလို့ပါပဲကွယ်။

ညီမလေးကလည်း လက်ဖက်မစားရရင် ထမင်းမမြိန်ဘူးဆိုတော့ လက်ဖက်စားပါ။ ဒါပေမယ့် လက်ဖက်ကို စားတဲ့အခါ ဗီတာမင်စီပါဝင်တဲ့ သံပုရာသီး၊ ဇီးဖြူသီး စသည်တို့နဲ့ တွဲဖက်စားသုံးပေးစေချင်ပါတယ်။ ဗီတာမင်စီပါတဲ့ သံပုရာသီး၊ ဇီးဖြူသီး စတာတွေဟာ လက်ဖက်ကရရှိတဲ့ တယ်နင်-ကြောင့် ကိုယ်ခန္ဓာတွင်းကို သံဓာတ်ဝင်ရောက်မှုလျော့ကျစေတဲ့ အစွမ်းသတ္တိကို ချေဖျက်ပေးနိုင်တာကြောင့်ပါပဲညီမငယ်။

နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ
ဒေါက်တာ နိုက်တင်ဂေးလ်
(ရုပ်ရှင်အမြုတေ ၂၀၀၈-ဇန်န၀ါရီလ)

Wednesday, January 19, 2011

ပြည်တွင်းဖြစ် ဟာသများ

ဟန်ဆောင်လူနာ---
ဒေါက်တာ ပြီးခဲ့တဲ့အပတ်က ဖျားချင်ယောင်ဆောင်ပြီး ဆေးရုံလာတက်တဲ့လူုနာကို မှတ်မိလား...
အင်း...မှတ်မိပြီ၊ ဘာလဲ သူ အမြင်မှန်ရသွားပြီလား...

ဆုံးပြီ။
**************************************************************************************

ကလေးအသစ်---
ဖခင်ဖြစ်သူက ညစ်ပေနေသော သားသမီးများကိုကြည့်၍
အင်း...ဒီကလေးတွေကို ရေချိုးပေးလိုက်ရင် ကောင်းမလား၊ ကလေးအသစ်ထပ်ရအောင် လုပ်ရင် ကောင်းမလား။
***************************************************************************************

ပုံစံတူ---
ဟိုရှာ ဒီရှာ ရှာနေသူတယောက်အား ကျန်တယောက်က..
ဘာရှာနေတာလဲဗျ...
တထောင်တန် တရွက် ပျောက်နေလို့ဗျ၊
ဟေ့လူ...ဒါ ကျုပ် တထောင်တန်နော်...
ဟုတ်လား...ကျုပ်တထောင်တန်နဲ့ တပုံစံတည်းပဲနော်။
****************************************************************************************

မိန်းမ ညီမျှခြင်း စောင်---
မိန်းမဆိုတာ ဘာနဲ့တူသလဲဗျ အနီးစပ်ဆုံး...

စောင်နဲ့ တူတာပေါ့၊
ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် အေးလာပြန်ရော။
****************************************************************************************

သာတဲ့အချက်---
မိန်းမဆိုတာ ဓားပြထက်ပိုပြီး ကြောက်စရာ ကောင်းတယ်ဆိုတာ အဟုတ်လားဗျ၊
သိပ်မှန်တာပေါ့ဗျာ၊ ဓားပြကမှ ငွေပေးမလား၊ ဘ၀ပေးမလားလို့ ကြိုက်ရာတခုခု ရွေးခိုင်းသေးတယ်။
မိန်းမက နှစ်ခုစလုံး ယူတာဗျ။
****************************************************************************************

ကံကောင်းသူ---
အချစ်ရေးမှာ ကံကောင်းတဲ့သူ ဆိုတာ ဘယ်လိုလူမျိုးတွေလဲဗျ။

လူပျိုကြီး အပျိုကြီးတွေလေ။


( ကိုရင်သြဘာ)

Tuesday, January 18, 2011

မိန်းမများ သတိထားသင့်သော ယောက်ျားတို့အကြောင်း

လစဉ် မေဦးသက် ချစ်ပရိသတ်များအတွက် မိန်းမသားတို့ သတိထားသင့်သော ယောက်ျာတို့အကြောင်းကို တစေ့တစောင်းဖော်ပြရာမှာ အကြောင်းအရာ တခုနဲ့တခု တူညီမှုမရှိအောင် ရှာဖွေစုဆောင်း ဖော်ပြရပါတယ်။ စာဖတ်ပရိသတ်များထဲမှလည်း မေဦးကို ရေးစေလိုတဲ့ အကြောင်းအရာ အသစ်အဆန်းလေးတွေဖြစ်စေ၊ ကိုယ်ပိုင် ခံစားမှုကိုပဲဖြစ်စေ ရုပ်ရှင်အမြုတေမဂ္ဂဇင်းမှတဆင့် မေဦးဆီကို ဆက်သွယ်အကြံပြုစေချင်ပါတယ်။

ဒီတလမှာတော့ ဆင်းရဲနေရာက မမျှော်လင့်ဘဲ ငွေကြေးအများကြီး ရလိုက်တဲ့အခါ ငွေရဲ့ဒဏ်ကို မခံနိုင်လို့ ကတောက်ကဆဖြစ်ရာကနေ ကွဲကွာတဲ့အဆင့်ထိ ဖြစ်ခဲ့ရတဲ့ ဇနီးမောင်နှံ နှစ်ဦးရဲ့အကြောင်းကို တင်ပြလိုက်ပါတယ်။

ကိုမောင်မောင်နဲ့ တင်တင်ဝင်းတို့ဟာ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။ ကိုမောင်မောင်ဟာ သစ်စက်မှာ နေ့စားနဲ့အလုပ်လုပ်ပြီး တင်တင်ဝင်းကတော့ နံနက်စောစော အိမ်မှုကိစ္စတွေပြီးတာနဲ့ ဖရဲသီးတွေကို ခွဲစိပ်ပြီး ရပ်ကွက်ထဲမှာ လည်ရောင်းရတယ်။ အဲဒီလို လင်မယားနှစ်ယောက် ရတာလေးနဲ့ စုဆောင်းပြီး ချွေချွေတာတာ နေထိုင်ကြပါတယ်။

ကိုမောင်မောင်က တနေ့မှာ---
မိန်းမရေ...ငါတို့သစ်စက်ရှေ့မှာ ထီလာရောင်းတာနဲ့ ထီနှစ်စောင် ထိုးလိုက်တယ်ကွ၊
ကောင်းတယ် ယောက်ျားရေ...ထီသာပေါက်လို့ကတော့ ကျုပ်တို့တွေ ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ နေနိုင်ပြီး အခုလို သူများနောက်ဖေးမှာ အနံ့ပေါင်းစုံနဲ့ မနေရတော့ဘူးပေါ့။

အေးပေါ့ကွာ...ကံတရားပဲပေါ့။
ကိုမောင်မောင်ဟာ တဦးတည်းသော သမီးလေးကိုလည်း သိပ်ချစ်တယ်။ ဒါကြောင့် အလုပ်ကို သိပ်ကြိုးစား ရှာတယ်။ အချိန်ပိုဆင်းပြီး အပိုငွေရအောင် ရှာတယ်လေ။ တင်တင်ဝင်းကတော့ စုထားတဲ့ပိုက်ဆံလေးနဲ့ သီရိမင်္ဂလာဈေးကိုသွား၊ နှစ်ရက်သုံးရက်ရောင်းနိုင်အောင် ဖရဲသီးတွေဝယ်ထားပြီး နေ့စဉ်ထွက်ရောင်းတယ်။

ကိုမောင်မောင်တို့ ဇနီးမောင်နှံအဖို့ စကားများ ရန်ဖြစ်တယ်ဆိုတာ မရှိလောက်အောင် ငြိမ်းချမ်းတဲ့ မိသားစုအဖြစ် ရပ်ကွက်ထဲကတောင် ချီးမွမ်းကြတယ်။ ဒါပေမယ့် တနေ့မှာတော့---
မိန်းမရေ ...ထီသည်က ပြောတယ်၊ ထီ ပေါက်တယ်တဲ့။
ဟုတ်လား ဘယ်လောက်ပေါက်တာတဲ့လဲတော့်၊ တိုးတိုးပြောစမ်းပါ၊ သူများတွေ သိသွားဦးမယ်။
သိန်းငါးဆယ်တဲ့ကွ...
အို...သိန်းငါးဆယ်လဲ နည်းလား...ဘယ်လောက်ဆုပဲရရ မြေလေးဝယ်ပြီး တဲထိုးနေရပါစေ။ ကျုပ်တို့ မိသားစုတွေ အေးအေးဆေးဆေး နေလို့ရတာပေါ့။

နေစမ်းပါကွာ အိမ်ဝယ်တာ မြေ၀ယ်တာတွေ ထားစမ်းပါ။ ကောင်းကောင်းစား ကောင်းကောင်း ၀တ်ရမယ်ကွ။
ဒီလိုနဲ့ လက်ထဲကို ငွေသိန်းငါးဆယ် ရောက်လာတာနဲ့ ကိုမောင်မောင်တယောက် အပြောင်းလဲကြီး ပြောင်းလဲသွားတော့တယ်။ အဖိုးတန် အင်္ကျီ၊ လုံချည်တွေဝတ်၊ လက်ပတ်နာရီ အကောင်းစား ၀ယ်ပတ်ပြီး ဘောလုံးပွဲလောင်း၊ တခြားလောင်းကစားတွေ လုပ်ပြီး အရက်နံ့တသင်းသင်းနေအောင် သောက်စားပြီး သုံးဖြုန်းနေတော့တယ်။

တင်တင်ဝင်းတယောက်ကိုတော့ ဖုတ်လေတဲ့ ငပိ ရှိလေတယ် မထင်ပေါင်။ ငွေကိုလည်း တပြားမှ ကိုင်သုံးခွင့်မပေးဘဲ ဈေးဝယ်ဖို့လောက်သာ တိုင်းထွာပေးပါတယ်။ ကိုမောင်မောင်ကတော့ စားသောက်ဆိုင် ပေါင်းစုံမှာ အပေါင်းအသင်းတွေနဲ့ ညနေတိုင်း စားသောက်ပြီး ဘ၀ကို အမေ့ကြီးမေ့နေတော့တယ်။ တင်တင်ဝင်း ဘယ်လိုပဲပြောပြော နားမ၀င်ရုံမက ဆဲဆိုကြိမ်းမောင်းတာတောင် လုပ်တတ်လာတော့တယ်။

နောက်ဆုံးတော့ ကုန်လှကုန်ခင်ငွေလေးကို တင်တင်ဝင်းက ခိုးယူပြီး သုံးစွဲမိလို့ အကြီးအကျယ်ရန်ဖြစ် လမ်းခွဲကြရတော့တယ်။
မင်းက ငါခွင့်ပြုချက်မရဘဲ ပိုက်ဆံတွေ ခိုးပြီးဈေးဝယ်တယ်ဟုတ်လား...
ဟုတ်တယ်...ကျွန်မမှာ မယားတယောက်ဖြစ်ပြီး ဘာခံစားခွင့်မှမရှိဘဲ မငတ်ရုံ စားနေရတာ မကျေနပ်ဘူး။

နောက်ထပ် မင်းကို တပြားမှမပေးနိုင်ဘူး။ ဒါ ငါ့ကံနဲ့ငါ ရတာ၊ မင်းတို့ စားနေရရင် တော်ပြီပေါ့။
တော်တော်တရားတဲ့ ယောကျာ်း---စိတ်ထားညံ့ဖျင်းတဲ့ ရှင့်လိုယောက်ျားကို မပေါင်းဘူး၊ ကျွန်မဘာသာ ဖရဲသီးပဲရောင်းစားမယ်...မပေါင်းနိုင်ဘူး။

အေး ကြိုက်တဲ့လမ်း ကြွ၊ ငါကလဲ မပေါင်းဘူး။
နောက်ဆုံးတော့ သုံးချင် ဖြုန်းချင် ပျော်ပါးချင်လွန်းတဲ့ ကိုမောင်မောင်တယောက် ငွေတွေကုန်အောင် သုံးဖို့မှလွဲပြီး ဘာအကြံမှ မတွေးတော့ဘဲ အပျော်ကြီး ပျော်နေခဲ့တော့တယ်။

မိန်းမသားတို့ဘ၀မှာ ဆင်းရဲစဉ်က အတူတကွ ရုန်းကန်ကြလို့ ယောက်ျားတွေကို သိပ်တော်တာပဲလို့ ယုံကြည် စိတ်ချပြီး ချီးမွမ်းမနေကြဘဲ စောင့်ကြည့်ကြဖို့ လိုပါတယ်။ ကိုမောင်မောင်လို ယောက်ျားမျိုးနဲ့ မတွေ့ကြပါ စေနဲ့လို့ ဆုတောင်းရင်း.....

မေဦးသက်
(ရုပ်ရှင်အမြုတေ ၂၀၀၈-ခု ဇန်န၀ါရီလ)

ငဲ့လို့စောင်း စောင်းလို့ဖိတ်သတဲ့လား

လောကမှာ အားနာသမျှတော့ ခါးပါရုံသာမက ဘ၀ပါ ပါခဲ့ရတာတွေက ဒုနဲ့ဒေး။ ဒီအကြောင်းရင်းကတော့ အားနာမှုကြောင့် လိုက်လျောခဲ့ရတာတွေပါ။ ပြီးတော့ ပေးဆပ်လိုက်ကြရတာတွေပေါ့။ ဒီအကြောင်းရင်းရဲ့ ဇစ်မြစ်မှာ ငဲ့ကွက်မှုတွေကြောင့်ပါ။ အောင်မြင်ဖို့အတွက် အောင်မြင်မှုတွေကို လက်လွတ်၊ လမ်းကောင်း တွေကို တွေ့ပါလျက်နဲ့ လမ်းကြောင်းမှန်တွေကို သွေဖည်မိကြ၊ အကောင်းမှန်းသိပါလျက်နဲ့ အဟောင်းကဲ့သို့ ချုပ်တည်းနေလိုက်ကြရတာတွေဟာ လူတယောက်အတွက်တော့ မူတခုဟာမှန်ပေမယ့် အမှားခံလူသား အဖြစ် စတေးလိုက်ကြရတာပါ။

ဘယ်သူ့အတွက် စတေးလိုက်တာလဲ။ ခင်ပွန်းအတွက်၊ ဇနီးအတွက်၊ သားအတွက်၊ သမီးအတွက်၊ မြေးအတွက်၊ သားတပည့်တွေ စသည့် စသည့်တို့အတွက် တည့်မတ်ဖို့ လမ်းကြောင်းမှသည် ငဲ့ကွက်မှုကြောင့် စောင်းဖိတ်ခဲ့ရတဲ့ သရုပ်တွေက ရိပ်သာဝင် တရားကျင့်တော့မယ်-သင်တန်းတခုခုတက်ဦးမှ-ပြည်ပထွက် စီးပွားရှာတော့မယ်-မဖြစ်ပါဘူး ဇနီးသည်က တယောက်တည်း-သားနှင့်သမီးကရှိသေး-အခုလို ငဲ့ကွက်မှု တွေမှာ ကိုယ်ရဲ့ရည်မှန်းချက်၊ ရရှိမယ့်အခွင့်အရေး၊ အောင်မြင်ရရှိမှု သရဖူ၊ စတာတွေကို ပေးဆပ်လိုက်ရ၊ ဆုံးရှုံးလိုက်ရတာဟာ စောင်းဖိတ်မှုတွေပါ။

အခုလို ငဲ့နေသမျှ စောင်း၊ စောင်းနေသမျှတော့လည်း တခုမကျန် ဖိတ်စဉ်မှုဟာ သဘာဝပါ။ အရာဝတ္ထုတခု ဖိတ်စဉ်ကျတယ်ဆိုတာက ပြန်လည်ရရှိနိုင်တာ ရှိသလို ပြန်လည်လို့ မရရှိတာမျိုးလည်း ရှိပါတယ်။ အဲဒီအခါမှာတော့ ပြန်လည်လို့ မရရှိတာမျိုးကို အစားရှာဖွေလို့ ရရှိနိုင်ကြပါတယ်။ အစားပြန်ရရှိနိုင်တာပေါ့ ကာယကံ၊ ၀စီကံ၊ မနောကံ ဆိုတဲ့ ကံသုံးပါးနဲ့ ကျူးလွန်ဖောက်ပြန် အနေအထားတွေ မမှန်ကန်ပါက အပါယ်ငရဲသို့သာ ဖိတ်စဉ်ကျရတော့မှာပါ။ မကောင်းသောဘ၀၊ မလှပတဲ့ အနေအထားများရဲ့ နေရာချမှုကို ခံယူနေကြရတော့မှာပါ။

မှန်ကန်တဲ့ ရည်မှန်းချက်တွေကို ပိုင်ဆိုင်တဲ့ဘ၀မှာ ရရှိနေပါလျက် ငဲ့လို့စောင်း။ စောင်းလို့ ဖိတ်စဉ်သွားရတဲ့ သာဓကကို ဟိုး-ကဿပမြတ်စွာဘုရား လက်ထက်တော်အချိန်ကာလက ဖြစ်ပျက်ခဲ့တဲ့ ဖြဟ်ပျက်ကြီးတခုပါ။ အများတကာ မျှော်မှန်းထားသလို မဟုတ်ဘဲ မထင်မှတ်တဲ့ လွဲချော်မှုကြီးတခုလို့လည်း ယနေ့တိုင် အသိအမှတ်ပြုခဲ့ပါတယ်။ ဒီအမှုအခင်းကြီးရဲ့ သတင်းကို ကြားရသူမြင်ရသူ အဖို့များစွာတို့မှာ ဟင်-ဟာ ဆိုတဲ့ အာမေဍိတ်အသံတို့ ကျယ်လောင်စွာ ပေါ်ထွက်လာခဲ့တာပါ။

အများပြည်သူတို့မှာ အခုလောက်ထိ ခံစားမှု အပူပြင်းထန်ရခြင်းမှာ ဒီဆရာတော်ကြီးနှစ်ပါးဆိုတာ သာမန် ဆရာတော်ကြီးများ မဟုတ်ကြပါ။ ဟိုးဟိုးကျော် သီလစင်ကြယ်မှုတွေနဲ့ ကျော်ကြားမှုတွေရနေတဲ့ ဆရာတော်ကြီးနှစ်ပါးပါ။ ၀ိနည်းဥပဒေတော်လို့ဆိုတဲ့ သီလအကျင့် ဓမ္မရေးရာမှာ အလွန်သန့်ရှင်းလှ၊ မြင့်မြတ်လှတာပါ။ သီလစင်ကြယ် မြင့်မြတ်ပါပြီဆိုတဲ့နောက် တပြေးညီ တူယှဉ်တွဲပါလာတာက သီလရဲ့အကျိုးတွေ။ သီလ၊ ကိုယ်ကျင့်တရားရဲ့ အကျိုးရလဒ်တွေက မနည်းလှ---

၁။ ပစ္စည်းရလွယ်ခြင်းအကျိုး။
၂။ ဂုဏ်သတင်းကြွယ်ခြင်းအကျိုး။
၃။ မျက်နှာမငယ်ရခြင်းအကျိုး။
၎။ တွေတွေဝေေ၀ မသေရခြင်းအကျိုး။
၅။ သေပြီးတဲ့နောက်မှာ နတ်ပြည်နတ်ရွာ ရောက်ရခြင်း အကျိုးလို့ဆိုတဲ့ (၅)မျိုးသော သီလအကျိုးများအနက် ရဟန်းတော်တိုင်း၊ လူပုဂ္ဂိုလ်တိုင်း၊ သက်ရှိထင်ရှား ပစ္စုပ္ပန်ကာလမှာ လက်တွေ့ခံစားကြရမှာက နံပါတ် တစ်ရယ်၊ နံပါတ် နှစ်ရယ်၊ နံပါတ် သုံးရယ်ပါ။

နံပါတ်တစ် အကျိုးဆိုတာက ပစ္စည်းရလွယ်ကြတယ်။ ရဟန်းတော်များဖြစ်တဲ့အတွက် သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ဆိုတဲ့ ပစ္စည်းလေးပါး မခံယူလိုလောက်အောင် ပေါများလှတာပါ။ (လူပုဂ္ဂိုလ်များဆိုပါရင်တော့ သူဌေး၊ သူကြွယ်ကြီးတွေ ဖြစ်ကြရမှာပါ)။
နံပါတ်နှစ် ဖွင့်ဆိုတဲ့အတိုင်း သီလရှိကြတဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေရဲ့ ကျော်စောခြင်း ဂုဏ်သတင်းဆိုတာ အောက်ကို အ၀ီစိ၊ အထက်ကို ဘ၀ဂ်တိုင်အောင်ကိုပဲ ပျံ့နှံ့သွားခဲ့တာပါ။ ကြားရသူအဖို့ မြင်တွေ့ရသူအဖို့ မှာလည်း ကိုယ်စိတ်နှလုံး အေးမြမှုကို ခံစားရမှာပါ။
သုံးနံပါတ် ဖွင်ဟသလို ဘယ်မှာနေနေ ဘယ်ကိုသွားသွား သီလရှိသူများဆိုတာ ဘယ်သောအခါမှ မျက်နှာမငယ်ရပါဘူး။

သီလရှိသူ၊ သီလကျင့်ဝတ် ပြည့်ဝသူများရဲ့ သေခါနီးအချိန် ညွှန်းဆိုတာကတော့ နံပါတ်လေးပါ။ သီလနဲ့ ပြည့်စုံကြတဲ့သူများဆိုတာ သေခါနီးအချိန်ကာလမှာ တွေတွေဝေေ၀နဲ့ မသေကြရပါဘူး။ ကောင်းမှုတွေနဲ့ ကြည်ကြည်လင်လင် သေကြရတာပါ။
နောက်ဆုံးဖြစ်တဲ့ နံပါတ်ငါးကတော့ သေဆုံးကွယ်လွန်ပြီးနောက် လားရမယ့် (သွားရတော့မယ့်) ဘ၀ကိုညွှန်းတာပါ။ ကိုယ်ကျင့်သီလ ပြည့်စုံကြသူများမှာ နတ်ပြည်ကိုပဲ ကိန်းသေမုချ ရောက်ကြရပါတယ်။ အခုလို အကျင့်သီလရဲ့ အကျိုးဝေဆာပုံလေးကို ပရိသတ်ကြီး လွယ်လင့်တကူ မှတ်မိရအောင် အမှတ်တရ သတိတရ အနေနဲ့ ပေးလိုက်ပါတယ်။ နှုတ်ပါးစပ်မှ အသံထွက် ရွတ်ဆိုကြည့်စေချင်ပါတယ်။ အရသာရှိလွန်းလို့ပါ။

ဆောင်ပုဒ်---
ပစ္စည်းရလွယ်၊ ဂုဏ်ကောင်းကြွယ်၍
မငယ်မျက်နှာ၊ မတွေကာသေ
ရောက်လေနတ်ရွာ၊ ဤငါးဖြာ
မှန်စွာ သီလအကျိုးတည်း။

ဤမျှအထိ ဤမျှလောက်မက အကျိုးတွေကို ပိုင်ဆိုင်ရယူထားတော်မူတဲ့ ဆရာတော်ကြီးနှစ်ပါးပါ။ ဒီဆရာတော်ကြီးနှစ်ပါးမှာ ဘာမျှ မပြောလောက်ပါတဲ့ လှူဒါန်းမှု ချဉ်းကပ်မှုကို သာယာမိခဲ့တယ်။ အခုလို သာယာမိတဲ့အကြောင်းမှာ သီလစင်ကြယ်တဲ့ သီလရှိရဟန်းတော်နဲ့ သီလမစင်ကြယ် သီလမရှိတဲ့ ရဟန်းတို့ အမှုအခင်းဖြစ်ခဲ့ကြပါတယ်။ သီလမဲ့တဲ့ ရဟန်းမှာ အကျင့်တရား မရှိတဲ့အတိုင်း သူတပါး နိမ့်ကျအောင် ပြုလုပ်ပါတော့တယ်။ သီလစင်ကြယ်(၀ိနည်းဓိုရ်) ဆရာတော်နှစ်ပါးထံ အရင်ရောက်အောင်ကြွ၊ ဆရာတော်ကြီးနှစ်ပါးကို ခြေလက်ဆုပ်နယ်ပေး၊ လှူဘွယ်ပစ္စည်း လှူဒါန်းပါတယ်။
ဆရာကို ပိုင်ချင်ရင် ချဉ်းကပ်၊ ဒကာကို နိုင်ချင်ရင် ပေးကမ်း-ဆိုတဲ့စကားပုံအတိုင်းပေါ့။

သီလစင်ကြယ်၊ သီလရှိတဲ့ ရဟန်းမှာတော့ ဆရာတော်ကြီးနှစ်ပါးထံ အမှုအခင်းရက်ချိန်းရောက်မှပဲ ရိုသေဂါရ၀အပြည့်နဲ့ ကြွခဲ့ပါတယ်။ နှစ်ပါးစုံညီပြီဖြစ်တဲ့အတွက် အမှုအခင်းကို ဆုံးဖြတ်ဖို့အချိန် ရောက်လာခဲ့ပါပြီ။ ကြိုတင်ပြုလုပ် စီရင်ထားတဲ့အတိုင်းပါ။ ချဉ်းကပ်မှု၊ ပေးကမ်းလှူဒါန်းမှုတွေနဲ့ ပြည့်စုံနေတဲ့ သီလမရှိ(အကျင့်ပျက်) ရဟန်းကို အနိုင်ပေးလိုက်ပါပြီ။ သီလရှိ ရဟန်းကိုတော့ ဆရာတော်ကြီး နှစ်ပါးမှာ ဒေါသကို ရှေ့တန်းတင် မျက်နှာ၊ ခြေ၊ လက်၊ အမူအရာ ကြမ်းကြမ်းတမ်းတမ်းနဲ့ အရှုံးပေးခဲ့ပါတယ်။ မှားသူကို မှန်စေ၊ မှန်သူကို မှားစေရယ်လို့ပါ။

ဟိုးဟိုးကျော် သီလ (စင်ကြယ်မှု) အရာမှာ အလွန်သတင်းကျော်ကြားလှတဲ့ ဆရာတော်ကြီးနှစ်ပါး ပျံလွန်တော်မူကြလို့ ဘ၀ဟောင်းမှသည် ဘ၀သစ်သို့ ကူးပြောင်းသွားခဲ့ပါပြီ။ အခုလို ဘ၀ဟောင်းကိုစွန့်လို့ ဘ၀သစ်သို့ ကူးသွားတဲ့အခါမှာ သီလလည်းရှိ မှန်လည်းမှန်ကန်တော်မူတဲ့ ရဟန်းတော်ကို ကြမ်းတမ်းတဲ့ အမူအရာတွေပြလို့ အရှုံးပေးခဲ့မိလို့ ရုပ်ကြမ်းများကို ပိုင်ဆိုင်တဲ့ နတ်ဘီလူးကြီးများ ဖြစ်ကြရတယ်။ ယနေ့တိုင်လည်း ဟေမ၀တ နတ်ဘီလူးနဲ့ သာတဂီရိ နတ်ဘီလူးရယ်လို့ သာသနာ့သမိုင်း စာမျက်နှာမှာ ထင်ရှားနေရဲ့။

ဒီအဖြစ်အပျက်ကို ကြည့်ပါက မငဲ့သင့်တာကို ငဲ့ခဲ့မိတယ်။ ငဲ့ပြီဆိုတဲ့ နောက်မှာတော့ စောင်းမြဲသာ စောင်းခဲ့ကြရ။ စောင်းပြီဆိုတဲ့ နောက်မှာ ဖိတ်စဉ်ခဲ့ရတဲ့ အထင်အရှား သာဓကမှတ်တိုင်တခုပါ။ အခွင့်ကောင်းတခုကို ရယူနိုင်ပါလျက် အားနာနေဦးမယ်ဆိုပါက ခါးပါမဟုတ် ဘ၀ပါ ပါရချေပြီ။ ငဲ့လို့စောင်း စောင်းလျှင် ဖိတ်တတ်တဲ့အကြောင်းကို တစိမ့်စိမ့်တွေးပေးပါ။ ဘ၀အရေးမို့ ဓမ္မအတွေးဆိုတာ တွေးလို့ မရှုံးပါ။ ရုန်းထွက်နိုင်မဲ့အားတွေသာ ဖြစ်လာမှာပါ။

မေတ္တာဝေစည်
သု(သဒ္ဓမ္မရံသီ)
(ရုပ်ရှင်အမြုတေ ၂၀၀၈-ခု ဇန်န၀ါရီလ)

နိုင်ငံတကာ အတွေးအခေါ် ဟာသများ

မင်းကြိုက်ရာကို ရွေး

ကျောင်းပြေးတဲ့ ကျောင်းသားတယောက်ကို ကျောင်းအုပ်ဆရာကြီးက သူ့ရုံးခန်းမှာ ခေါ်ပြီး-
မင်း---မနေ့က ကျောင်းပြေးပြီး ရေကူးနေတယ်ဆို၊
ဟုတ်ပါတယ် ဆရာကြီး
မင်းမှာ အပြစ်ရှိသလား
ရှိပါတယ် ဆရာကြီး
မင်းကို အပြစ်ပေးမယ်၊ ဒါပေမယ့် ပထမဦးဆုံးအကြိမ် ကျောင်းပြေးတယ်ဆိုတော့ ငါ မင်းကို ရွေးချယ်ခွင့်ပေးမယ်။ ထိုင်ထ အကြိမ်(၁၀၀) လုပ်ရမယ်။ ဒါမှမဟုတ်ရင် ကြိမ်ဒဏ်(၅)ချက် ရိုက်မယ်။ မင်း ကြိုက်ရာကို ရွေးပေတော့။

ကျွန်တော် ဘယ်ဟာမှမကြိုက်ပါဘူး ဆရာကြီး-လို့ ပြန်ပြောလိုက်ပါတယ်-တဲ့။
**************************************************************************************************

ဒီလိုလုပ်လိုက်ပါ

တခါက ဟင်နရီဟာ သူငယ်ချင်း လင်မယား အိမ်ကို ရောက်လာပါတယ်။ ကလေးငိုလွန်းနေလို့ မေးကြည့်တော့---
ကလေးက ဘာဖြစ်လို့လဲ
အလကား ဂျီတိုက်နေတာပါ၊ မျက်စိမှိတ် မအိပ်ဘူး
ဒါဆို လွယ်ပါတယ်၊ ဒီကလေးကို အိပ်အောင် နေရောင်အောက်မှာ ပက်လက်လှန်ထားလိုက်၊
ဟေ---ဘာဖြစ်လို့လဲ
နေထိုးရင် မျက်စိဖွင့်မရလို့ မကြာခင်မှာ အိပ်သွားလိမ့်မယ်၊ စိတ်ချ-လို့ ပြောလိုက်ပါတယ်-တဲ့။
***************************************************************************************************

အပြန်လမ်း

လက်ဝှေ့သမား နှစ်ယောက်ဟာ အ၀တ်စားလဲခန်းကနေထွက်ပြီး စင်မြင့်ရှိရာကို လျှောက်လာကြပါတယ်။
နည်းနည်းလှမ်းတော့ အတော်ကလေးကြာအောင် လျှောက်နေရတယ်။ ရှေ့ကလျှောက်သွားနေတဲ့ လက်ဝှေ့သမားက---

စင်မြင့်နဲ့ အ၀တ်လဲခန်းက အဝေးကြီးပါလား--
လို့ အမှတ်မထင် ညည်းညူပြောဆိုလိုက်ပါတယ်။ နောက်မှာ ရှိနေတဲ့ ပြိုင်ဘက်လက်ဝှေ့သမားက ကြားသွားတဲ့အခါမှာ---

ပူမနေပါနဲ့ကွာ--အပြန်မှာ မင်း လမ်းမလျှောက်ရတော့ပါဘူး။ ထမ်းစင်နဲ့ တင်ခေါ်လာမှာပါ-လို့ လှမ်းပြောလိုက်ပါတယ်-တဲ့။
***************************************************************************************************

ဓားကြော်ငြာ

တခါက မြို့ကိုဘုရားဖူးလာတဲ့ ဧည့်သည်တယောက်ဟာ ဓားဝယ်ဖို့ ဓားတန်းကိုရောက်လာပါတယ်။ ဓားရောင်းတဲ့သူတွေဟာ အလွန့်ကို အပြောကောင်းလှပါတယ်။

ဟောဒါက ယိမ်းနွဲ့ပါးဓားရဲ့ မျိုးဆက်ပြတ်မသွားအောင် ထိန်းထားတဲ့ဓားပဲ။ နိုင်ငံခြားမှာတောင် မရှိဘူး။
ရေကို မခုတ်အောင်ဘဲ သတိထား အသွားတွေ လိပ်သွားတတ်တယ်။
ဟောဟို ရွှေကျင်ဓားကတော့ အသားကိုလှီးတာတောင် သွေးမထွက်ဘူး-လို့ အာမခံတယ်။
ဘေးဆိုင်က လူကြီးဟာ နားငြီးလာတာကြောင့်
မြန်မြန် ၀ယ်သွားစမ်းပါဗျာ၊ အိမ်ရောက်ရင် တိုဟူးအစိမ်းကို အံကြိတ်ပြီး လှီးနေရမှာ မြင်ယောင်တယ်-လို့ ပြောလိုက်ပါတယ်-တဲ့။
***************************************************************************************************

အကြံကောင်း

ရုံတရုံးမှာ ဂျုံးဆိုတဲ့ အမျိုးသမီး စာရေးမ တယောက်ရှိပါတယ်။
သူ့ရဲ့ကိုယ်ပိုင် ဘောလ်ပင်၊ စာအုပ်ကူးတဲ့စက် အစရှိတဲ့ ပစ္စည်းတွေကို ငှါးငှါးသုံးပြီး ပြန်ပေးဖို့ မေ့နေတတ်လို့
ဂျုံး-က ထင်ထင်ရှားရှား ကမ္ပည်းရေးထိုးထားပါတယ်။

ဒါပေမယ့် ရုံးဝန်ထမ်းတွေက စည်းကမ်းမရှိ နေထိုင်တဲ့အလေ့အထကို မပျောက်နိုင်သေး။
တလခန့်ကြာလို့ သူမက ပစ္စည်းတွေကို စစ်ဆေးကြည့်တဲ့အခါမှာ
ဂျုံး-ထံမှ ခိုးထားသည်-
ဆိုတဲ့ စာတန်း ရေးထိုးထားတာကို တွေ့ရတယ်-တဲ့။

မောင်ဝေဖြိုး


Saturday, January 15, 2011

လက်ငင်း ချမ်းသာ

မြတ်စွာဘုရားသခင် သက်တော်ထင်ရှားရှိစဉ်အချိန်က တနေ့သောအခါတွင် နတ်တို့သနင်း သိကြားမင်းက မြတ်စွာဘုရားထံ ရိုသေစွာကန်တော့ပြီး လျှောက်ထားမေးမြန်းပါတယ်တဲ့။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-
လူသားအပါအ၀င် သက်ရှိသတ္တ၀ါဟူသမျှတို့ဟာ ခိုက်ရန်ဒေါသ ကင်းပကာ အေးငြိမ်းချမ်းသာ နေထိုင်လိုကြ ပါတယ်ဘုရား။ လက်နက်ခဲယမ်းစတဲ့ ဘေးရန်တို့မှ ကင်းဝေးစွာနေထိုင်လိုကြပါတယ်။ ရန်သူဟူသမျှ ကင်းစင်ပကာ အေးအေးဆေးဆေး နေထိုင်လိုကြပါတယ်၊ စိတ်ဆင်းရဲခြင်း ကင်းရှင်းကာ စိတ်နှလုံးမှာ ကြည်ကြည်သာသာနဲ့ နေထိုင်လိုကြပါတယ်။ ခိုက်ရန်ဒေါသ စိုးစဉ်းမျှမရှိကြဘဲ ဘေးကင်းလုံခြုံစွာ နေလိုကြ ပါတယ်။ အဲဒီလို အေးအေးဆေးဆေး ချမ်းချမ်းသာသာ နေထိုင်လိုကြပါသော်လည်း တကယ်တော့ အဲဒီလို မနေနိုင်ကြဘဲ ခိုက်ရန်ဒေါသတွေ ဖြစ်နေကြပါတယ်။ လက်နက်ဥစ္စာ ဒဏ်ဘေးသင့်ပြီး ဒုက္ခရောက်ကြရ ပါတယ်။ ရန်သူတွေ ၀ိုင်းဝိုင်းလည်နေလို့ ဆင်းရဲပင်ပန်းကြရပါတယ်။ နှလုံးမသာမယာ စိတ်ဆင်းရဲစွာ နေကြရ ပါတယ်။ အဘယ်သို့သော အကြောင်းကြောင့် အေးငြိမ်းချမ်းသာ နေလိုပါသော်လည်း အမြဲမကွာ စိတ်ဆင်းရဲ ပူပန်စွာ အလိုမကျ ဆင်းရဲဒုက္ခရောက်နေကြရပါသလဲ အရှင်ဘုရား-တဲ့။ သိကြားမင်းကမေးတော့--

အရာရာတိုင်းကို ဟုတ်တိုင်းမှန်စွာ အလုံးစုံ ထွင်းဖောက်သိမြင်တော်မူသော သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားသခင်က-
နတ်တို့သနင်း သိကြားမင်း သတ္တ၀ါတွေ ဆင်းရဲဒုက္ခရောက်နေရခြင်း အကြောင်းရင်းတရားကတော့
(၁) ဣဿာ နဲ့ (၂) မစ္ဆရိယ ဆိုတဲ့ အနှောင်အဖွဲ့ကြောင့် ဖြစ်ပေတယ်-တဲ့။

ဣဿာ=မနာလိုခြင်း၊ ငြူစူခြင်း၊ သူတပါးတွေ ကြီးပွားတာ အောင်မြင်တာကို မနှစ်သက်ခြင်း၊ မကျေနပ်ခြင်း၊ ဒေါသဖြစ်ခြင်း။
မစ္ဆရိယ=မိမိမှာရှိတာကို မမျှဝေလိုခြင်း၊ မိမိပိုင်တာကို မခွဲဝေနိုင်ခြင်း၊ ကိုယ်နဲ့ဆိုင်တာကို သူတပါး ယူမှာ၊ သုံးမှာ၊ စားမှာတို့ကို မကြည်ဖြူ မနှစ်သက်ခြင်း၊ မကျေနပ်ခြင်း၊ ၀န်တိုခြင်း၊
ကြည့်ပါဦး နေပူနေတုန်း ကိုယ့်ထီးအရိပ်ကို လာခိုတဲ့ ကလေးတယောက်။ အနားမကပ်စေချင်လို့ တနေရာ သွားပြီး ရပ်တယ်။ သြော်-ထီးရိပ်ခိုတာကိုတောင် မနှစ်သက်နိုင်ဘူး၊ သူပိုင်ဆိုင်တဲ့ အခွင့်အရေးတွေ မျှဝေ ပေးဖို့ဆိုတာ ဝေးလေရာ။

ဒါတွေဟာ စိတ်ထဲက စိတ်နေသဘောထားပါ။ ကိုယ့်ထက်သာရင် မနာလိုဘူး။ ကိုယ်နဲ့တန်းတူဖြစ်ရင် မကျေနပ်ဘူး။ ကိုယ့်အောက်ကလူတွေက တိုးတက်လာရင် မကြိုက်ဘူး။ ငါနဲ့ ပခုံးချင်းယှဉ်မှာစိုးလို့။
လူတွေ စိတ်ဆင်းရဲကြရခြင်းရဲ့ အကြောင်းရင်းက ဒါပါပဲ။ ဒီအချက်ကို မဟာစည်ဆရာတော်ဘုရားက ဘယ်လိုများ စာစီထားသလဲဆိုရင်-
ကာမဘုံသား၊ နတ်လူများတို့၊ ကောင်းစားပြည့်ဝ၊ ဘေးရန်ပလျက်၊ အေးမြချမ်းသာ၊ နေလိုပါလည်း၊ ဣဿာမစ္ဆေ၊ သူရှုပ်ပွေ၍၊ ထင်ချေမကျ၊ ဆင်းရဲရတည့်-တဲ့။

သူတပါး ချမ်းသာတာ မြင်ရရင် မပျော်ရွှင်နိုင်။
သူတပါး အောင်မြင်တာ ကြားရရင် မျက်နှာပျက်။
သူတပါး ကောင်းစားတာ တွေ့ရင် မေးငေါ့။
သူတပါး ကြီးပွားပြီလည်းဆိုရော သူငယ်ငယ်က ဘယ်လိုဆင်းရဲမွဲတေခဲ့ဖူးတယ် စသဖြင့် အပုပ်ချ အထင်သေးအောင် ရှုတ်ချပြောနေတတ်တာ ဒီစိတ်ကြောင့်ပဲ။

လူတွေစိတ်ဆင်းရဲတာက ကိုယ့်အတွက် ကိုယ့်ကိစ္စကြောင့် မဟုတ်လှဘူး။ သူတပါးကို ကြည့်မြင်ပြီး မုဒိတာ၊ ကျေနပ်ဝမ်းသာတဲ့ စိတ်ထား၊ ဖြူစင်မြင့်မြတ်တဲ့ နှလုံးသား မထားနိုင်ဘဲ ငြူစူ ငြိုငြင် မဲ့ကာရွဲ့ကာ မကျေမနပ် ဖြစ်တာကြောင့်ပါပဲ။

ဟာ---အကြောင်းရင်း သိရပြီ။
မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်း ချမ်းသာကြရမည်၊ မဟာစည်ဆရာတော်ဘုရားကြီး ဆုံးမခဲ့တဲ့ တရားတော်ပါ။ ကောင်းလိုက်တာနော်။
မြတ်စွာဘုရားရဲ့ သက္ကပဥှသုတ္တံအရ အနှစ်ချုပ်လိုက်ရရင်-
မနာလိုမှုတွေ ကင်းအောင် စိတ်ကို ဖြူဖြူစင်စင် ထားပါ။ ၀န်တိုမှုတွေ ရှင်းအောင် ကိုယ့်စိတ်ကို ဖြူဖြူထားပါ။
အဲဒီ မနာလိုမှု စိတ်အညစ်အမည်း (ရောဂါဝေဒနာ) ၀န်တိုမှုဆိုတဲ့ စိတ်အပုပ် စိတ်အယုတ်သဘောတွေ မိမိရင်ထဲ၊ နှလုံးသားထဲ အ၀င်မခံနဲ့၊ မထည့်မိပါစေနဲ့။ အမှိုက်တွေထည့်ထားရင် အမှိုက်တောင်းပဲ ဖြစ်မှာပေါ့။
အညစ်အကြေးတွေ စုပုံထားရင် အညစ်အကြေးအပုံ၊ အမှိုက်ပုံ စိတ်သဘောထား ဖြစ်သွားမှာ။

သတ္တ၀ါတွေဟာ စိတ်ညစ်နွမ်းလို့ ကိုယ်ပါညသ်နွမ်းကြရတာ။
သံယောဇဉ်ဆိုတဲ့ စကားတလုံးကို ကြားဖူးကြတယ်မဟုတ်လား။ သံယောဇဉ်နှောင်ကြိုးတဲ့ သုံးနှုန်းတတ်ကြတယ်။ သံယောဇဉ် သံယောဇဉ်နဲ့ အထပ်ထပ်ဆိုတဲ့ တေးသီချင်းတွေလည်းရှိပါရဲ့ ။

သံယောဇန-ဆိုတဲ့ ပါဠိဝေါဟာရမှ မြန်မာစာလုံးအဖြစ် ကူးပြောင်းဆင်းသက်လာတာ ဖြစ်ပါတယ်။ ပါဠိသက်ဝေါဟာရလို့ ဆိုရပါမယ်။ အဓိပ္ပါယ် အတိအကျဆိုရရင် သံယောဇဉ်တိုတာ ဖွဲ့ချည်တတ်သော သဘော၊ နှောင်ကြိုးသဖွယ် ရစ်ပတ်နှောင်တွယ်သော သဘောဖြစ်ပါတယ်။

သံယောဇဉ်တရား ဘယ်နှစ်ပါး ရှိပါသလဲဆိုရင် သံယောဇဉ်က (၁၀)ပါးရှိပါတယ်။ နှောင်ဖွဲ့တတ်တဲ့ တရားတွေ (၁၀)ပါးထဲမှာ အဆိုးဝါးဆုံးက ဣဿာ နဲ့ မစ္ဆရိယ ဆိုတဲ့ အထက်ကတင်ပြပြီးသား တရားနှစ်ပါးပါပဲ။ မြတ်စွာဘုရားက လိုရင်းအနှစ်ကို ကောက်ပြီး ဣဿာ နဲ့ မစ္ဆရိယ တရားတို့ကြောင့် လူနတ်သတ္တ၀ါ သက်ရှိအားလုံးတို့ဟာ ချမ်းသာကြသော်လည်း ဆင်းရဲနေကြရခြင်းဖြစ်တယ်လို့ ဟောကြားတော်မူတာပါ။

ကိုယ့်ဘ၀ကို အရည်အသွေးမြင့်အောင် မြှင့်တင်ပျိုးထောင်နိုင်တာ မိမိကိုယ်တိုင်ပါပဲ။
မနာလိုစိတ်ဆိုတာ သူ့မှာရှိရင် သူမကောင်း။
ကိုယ့်မှာရှိရင် ကိုယ်မကောင်း
မနာလိုစိတ် ၀န်တိုစိတ် ၀င်ရောက်ပူးကပ်မိရင် ဘယ်သူမဆို လူ၊ နတ်၊ သတ္တ၀ါ၊ ဘယ်သူဘယ်ဝါမရွေး စိတ်တွေဟာ ညစ်နွမ်းနိမ့်ကျသွားရစမြဲပါပဲ။ ဒီတော့ မေတ္တာတရားမှာပါတဲ့ မုဒိတာစိတ်ထား ပြန့်ပွားအောင်၊ ထုံမွှမ်းအောင် မွေးမြူထူထောင်ကြရပါမယ်။

သူတပါး ချမ်းသာတယ်ကြားရတာ ကောင်းတယ် ဒီလိုခံယူပါ။ သူတပါး တိုက်ကြီးတွေဆောက်နေပြီ၊ မြင်ရတာ ကောင်းတာပေါ့။ ၀မ်းသာစရာပဲ။
သူတပါး ကားအကောင်းစားကြီးတွေ စီးနေပြီ။ တွေ့ရတာ ကောင်းတယ်၊ မုဒိတာထား၊ စိတ်ချမ်းသာမိပါတယ်။ သူတပါးကျော်ကြားအောင်မြင်တာတွေ ရာထူးတိုးတာတွေ ဆုရတာတွေ စသဖြင့် ကြားရ၊ သိရတာတွေကို ၀မ်းမသာနိုင်ဘဲ သူတို့တွေတော့ တိုးတက်ကြီးပွားချမ်းသာသွားကြပြီ။ ငါ့မှာဖြင့် ဆင်းရဲနေတုန်းပဲ။ မကျေနပ်ပါဘူး၊ မနာလိုပါဘူး စသဖြင့် စဉ်းစားနေမိခဲ့ရင် ပြုပြင်ပါ။ ဒီအမြင်ဟာ ကောင်းကျိုးမပေးဘူးလေ။

ငါ့ရဲ့စိတ်ထားက ညစ်နွမ်းနေလို့ ငါ့ဘ၀ဟာလည်း အကျိုးပေးနဲ့ အချိုးညီစွာ နိမ့်ကျနေရတာပါလားလို့ သိရပါမယ်။
အကယ်၍သာ ငါဟာ ဣဿာ မစ္ဆရိယစိတ်ထားမ၀င်ဘဲ မုဒိတာစိတ် ထားရှိတတ်မယ်ဆိုရင် မဟာစည်ဆရာတော်ဘုရား ဆုံးမခဲ့သလိုပေါ့။ မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာကြရမည်-ချမ်းသာမှာပဲ။

တကယ်ဆိုရင် မြန်မာနိုင်ငံဟာ ကိုလိုနီ သူ့ကျွန်ဘ၀ ဖိနှိပ်သွေးစုပ်ခံခဲ့ရရာမှ လွတ်လပ်ခဲ့တာ နှစ်ပေါင်း (၆၀)ကျော် ကြာလာခဲ့ပြီ။ မချမ်းသာသေးဘူး။
နိုင်ငံကလည်း ဆင်းရဲတုန်းပဲ။
လူအများစုကလည်း ဆင်းရဲနေကြတုန်းပဲ။
အခုခေတ် ချမ်းသာတဲ့လူဟာ အရင်ကနဲ့စာရင် အနှစ်(၂၀)ကာလအတောအတွင်း တော်တော်များများ ဦးရေ တိုးပွားလာပြီ။ ဒါကိုကြည့်ပြီး အများစုက ၀မ်းသာဂုဏ်ယူကြရပါမယ်။ အားလုံးက ၀မ်းမြောက်ကြည်ဖြူ ကျေနပ်ကြရပါမယ်။ ဒါဟာ လက်ငင်း ကိုယ်လည်းချမ်းသာတဲ့ နည်း၊ နည်းမှန်လမ်းမှန်။

ပိုက်ဆံချမ်းသာတဲ့ ကောင်တွေနဲ့တွဲပြီး ချူစားနေတာကိုးကွ။ ပြေလည်မှာပေါ့---တောက်၊ မကျေနပ်သံနဲ့။ သူများချမ်းသာ ကိုယ်မနာလို။ ဒီလေသံ၊ ဒီသဘောထား၊ ဒီစကားမျိုးနဲ့ ဒီမျက်နှာထားမျိုးတွေဟာ မိမိစိတ်နှလုံးကို ကိုယ်တိုင် မီးရှို့နေတဲ့ ဣဿာ မစ္ဆရိယတရားတွေနဲ့ ပူလောင်တဲ့သဘောပါပဲ။ ဘယ်သူမပြု မိမိမှု။ သူတပါးချမ်းသာတာကို ၀မ်းသာနိုင်တဲ့စိတ် ရှိကြပါမှ အားလုံးပဲ ချမ်းသာကြပါမယ်။

ဆင်းရဲတဲ့ မွဲတဲ့လူတွေထဲမှာ မုဒိတာစိတ်ထား ထားနိုင်တဲ့လူဟာ သိသိသာသာ ချမ်းသာတိုးတက် လာတာပါပဲ။ မွန်မြတ်တဲ့စိတ်ထားက သူ့ကို မြင့်မားစေတာပေါ့။ မုဒိတာစိတ်ထား ထွန်းကားပြန့်ပွားကြပါစေ။
ချမ်းသာချမ်းသာ ဆင်းရဲဆင်းရဲ ဣဿာ နဲ့ မစ္ဆရိယဆိုတဲ့ စိတ်ကိုပူလောင်ညှိုးနွမ်းစေတတ်သော အဲဒီစိတ်ထားမျိုးကို သိုမှီးသူဟာ သူသူငါငါ စိတ်ဆင်းရဲရပြီး ရုပ်ဆင်းရဲ ဆင်းရဲနေကြရှာဦးမယ်။ ဒါပါပဲ။

ချစ်စွာသော စာဖတ်သူများ မနာလိုကင်း ၀န်တိုရှင်း လက်ငင်းချမ်းသာကြပါစေ။
ချမ်းသာကြွယ်ဝ လောကကို အလှဆင်နိုင်ကြပါစေ။
ကျေးဇူးတင်ပါတယ်။

ချစ်နိုင်-(စိတ်ပညာ )

Friday, January 14, 2011

ယောက်ျားလေးသာ မွေးအောင်

စာရေးသူဟာ ဤဆောင်းပါးကို ရေးသင့် မရေးသင့် နှစ်အတော်ကြာကတည်းက စဉ်းစားခဲ့ပါတယ်။ ယခင်က ရေးဖို့ရန် လက်မရဲခဲ့တာကြောင့် ယခုမှပဲ ရေးဖြစ်ပါတော့တယ်။ ရေးဖို့ရန်အကြောင်းလေးလဲ တိုက်ဆိုင်မှု ရှိလာတာကြောင့်ပါပဲ။

၂၀၀၉-ခုနှစ် နိုဝင်ဘာလထုတ် နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၊ အမှတ်(၂၈၀) စာမျက်နှာ(၅၄)ပါ
ဆရာ ဦးအောင်မြိုင် (ဥပဒေဘွဲ့) လက္ခဏာဗေဒင် သုတေသီရဲ့ သားဦးမွေးမလား၊ သမီးဦးမွေးမလား-ဆောင်းပါးကို အခြေခံ၍ ၂၀၁၀-ပြည့်နှစ် သြဂုတ်လထုတ် နက္ခတ္တရောင်ခြည် မဂ္ဂဇင်း အမှတ်(၂၉၈) စာမျက်နှာ(၂၃၀)မှာ နော်(သာစည်)က ဖအေတူလား၊ မအေတူလား-ဆောင်းပါးကို ဆရာတော် ၀န၀ါသီ အရှင်ဉေယျဓမ္မသာမိထေရ်ရဲ့ ဓာတုယာန ၀ိပဿနာ ကထာ-ကို မှီငြမ်းပြု၍ ရေးသားထားတာကို ဖတ်ရှုရပါတယ်။

နော် (သာစည်)ရဲ့ ဆောင်းပါးစာပိုဒ်တွင်-
လူအဖြစ် မွေးဖွားလာသူများတွင် ယောက်ျား မိန်းမဟူ၍ ဖြစ်လာရခြင်းမှာ ကာယကံရှင်၏ နောက်ခံစိတ်စွဲသည် မူလအကြောင်းရင်းခံဖြစ်၍ မိဘနှစ်ပါး ပေါင်းသင်းချိန် စိတ်စွဲသည် မွမ်းမံအကြောင်းရင်း ဖြစ်သည်-လို့ ဆိုထားပါတယ်။

အနှီစာပိုဒ်ထဲမှ မိဘနှစ်ပါး ပေါင်းသင်းချိန် စိတ်စွဲသည် မွမ်းမံအကြောင်းရင်းဖြစ်သည်-ဟူသော စာသားဟာ ယခု စာရေးသူ တင်ပြမယ့် လက်တွေ့ဖြစ်ရပ်ကလေးနဲ့ တိုက်ဆိုင်မှု ရှိနေလို့ ဆက်လက်ဖတ်ရှုကြပါရန်။

ယောက်ျားလေး မွေးနည်း (သို့မဟုတ်) ရယူနည်း---
ဤနည်းကို မတင်ပြမီ နည်းရရှိလာပုံကလေးကို ဦးစွာ တင်ပြပါရစေ။ စာရေးသူဟာ အသက်(၂၆)နှစ်အရွယ် ၁၉၇၅-ခုနှစ်မှာ အိမ်ထောင်ကျပါတယ်။ ၁၉၇၆-ခုနှစ်ရောက်တော့ ဇနီးသည်မှ သမီးဦး မွေးဖွားရရှိပါတယ်။

ထိုကာလစာရေးသူတို့ရဲ့ အသင်းဥက္ကဋ္ဌကြီး ဦးတင်အောင်က စာရေးသူကို ပြောပါတယ်။
မောင်ရဲရဲ့ မင်း အခု သမီးလေး မွေးတာဆိုတော့ နောင်ကို သားယောက်ျားလေးများ မလိုချင်ဘူးလား-
လို့မေးရာ စာရေးသူမှ---
လိုချင်တိုင်း ရပါ့မလား ဥက္ကဋ္ဌကြီးရဲ့ သူဖြစ်ချင်တာ ဖြစ်တာ၊ သူမွေးချင်တာမွေးတာပဲ မဟုတ်ဘူးလား။ လုပ်ယူလို့ရတဲ့ကိစ္စမှ မဟုတ်ဘဲ-
လို့ ပြောရာ ဦးတင်အောင်-မှ ယောက်ျားကလေးမွေးအောင် ရယူတဲ့နည်း ရှိသကွ။ ငါတောင် အခု မင်း သမီးနဲ့အတူတူ မွေးတဲ့ကောင်နဲ့ပါဆိုရင် စုစုပေါင်း ယောက်ျားလေးချည်းပဲ (၁၂)ယောက် ရှိထားပြီ။

သူက လက်တွေ့ပြောတော့ စာရေးသူလဲ ကိုယ်တွေ့စမ်းဖူးပါတယ်။ ယောက်ျားနှစ်ဦးရတဲ့အနက် တဦးတော့ အဖတ်တင်ပါတယ်။
ဦးတင်အောင် ပြောပြတဲ့ နည်းလေးကို စာရေးသူရဲ့ လက်တွေ့ စမ်းသပ်ချက်နဲ့ သုတရှိသလောက် ထပ်လောင်းပြီး လိုရှင်းတိုရှင်း တင်ပြပေးပါမယ်။

ယောက်ျားကလေး ရယူနည်း ဆောင်ရွက်တော့မယ်ဆိုရင်---
၁။ မိမိရဲ့စိတ်ဟာ သားယောက်ျားလေး ရယူလိုတဲ့ဆန္ဒ ပြင်းပြမှု ရှိနေရမယ်။
၂။ မိမိတို့ရဲ့ အိပ်ခန်းအတွင်း နံရံများတွင် ယောက်ျားရုပ်ပုံများကိုသာ ကပ်ထားရပါမယ်။

ဥပမာ-နိုင်ငံခြား ရုပ်ရှင်မင်းသားများဖြစ်တဲ့ အာနိုး၊ ဗန်ဒိန်း၊ စတားလုံးတို့ရဲ့ အထက်ဗလာကျင်း ကျားကျားလျားလျား ရုပ်ပုံများ၊ အလားတူ မိမိတို့ ကြိုက်နှစ်သက်တဲ့ ကိုရီးယား မင်းသားတို့၊ နေတိုး၊ ဟိန်းဝေယံ၊ ပြေတီဦး စတဲ့ နှစ်သက်ရာ ယောက်ျားပုံများကို ကြိုတင်ပြီး ကပ်ထားပေးပါ။

၃။ မိမိရဲ့ ဇနီးဟာ (သန္ဓေယူနိုင်သည့် ကာလ) အချိန်အခါ ဖြစ်ရပါမယ်။
ဥပမာ-(၂၈)ရက် တကြိမ် ဓမ္မတာလာသူဆိုပါစို့။ (၁)ရက်နေ့မှာ ဓမ္မတာ စလာရင် (၁၁)ရက်နေ့အထိ သန္ဓေမရနိုင်။ (၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိမှာ မျိုးဥ (Ova) ကြွေချိန်ဖြစ်ပြီး သန္ဓေရယူနိုင်တဲ့ကာလ ဖြစ်ပါတယ်။ (၁၇)ရက်မှ (၂၈)ရက်နေ့အထိလဲ သန္ဓေ မရနိုင်ပါ။

၎။ နှစ်ဦးသဘောတူ သံဝါသပြုရာတလျှောက်လုံး အစအဆုံး ယောက်ျားကပဲ ဦးဆောင်ရပါမယ်။ ယောက်ျားစိတ်ဓာတ် အပြည့်အ၀ ကျင့်သုံးဆက်ဆံရပါမယ်။

နောက်ဆုံး မိမိထုတ်လွှတ်လိုက်တဲ့ အဖိုမျိုးရည် (သုက်ရည်) ထဲမှ မျိုးကောင် (သုက်ကောင်ကလေးများ Spermato Zea) (တနည်း) လူ့ဖားလောင်းကောင်ကလေးများဟာ ယောနိ(Vaginal Camal)မှတဆင့် သားအိမ်ပြွန် (Fallopian Tube) တွင်းရှိ မ,မျိုးဥထံ အသွားတွင် ယောက်ျားလို့ ကြွေးကြော်ပြီး သွားနေတယ်လို့ မိမိစိတ်ကို ထင်ထားလိုက်ပါ။ ဒါဆိုရင် ယောက်ျားကလေးဖြစ်ဖို့ (၉၀)ရာခိုင်နှုန်း သေချာသွားပါပြီ။

(သုက်ကောင်များစွာထဲမှ တကောင်ဟာ သားအိမ်ပြွန်တွင်းရှိ မ,မျိုးဥများစွာထဲမှ မ,မျိုးဥ တလုံးအတွင်း ၀င်ရောက်ပေါင်းစပ်ပြီး ထိုအလုံးလေးဟာ သားအိမ် (Uterus) အတွင်းနံရံမှာ သန္ဓေတည်ပါတယ်။)
ဒီခေတ်ဒီအခါ ဒီကမ္ဘာကြီးတွင် အများသိကြတဲ့အတိုင်း ယောက်ျားလူဦးရေက နည်းပါးပြီး မိန်းမလူဦးရေက များပြားနေပါတယ်။
သို့ပါ၍ ဤစာစုလေးကို ဖတ်ပြီး ယောက်ျားကလေး ရရှိနိုင်မယ့် အကျိုးတရားများ ရရှိနိုင်ကြမယ် ဆိုပါရင်--

တခုတော့ရှိပါတယ်။ အိမ်ထောင်စုတခုမှာ ယားယောက်ျာလေးချည်းပဲ မွေးရင် မပြည့်စုံသလို၊ သမီးမိန်းကလေးချည်းပဲ မွေးရင်လဲ မပြည့်စုံနိုင်ပါ။
ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ်ဆိုရင် တကမ္ဘာလုံး ယောက်ျားသားချည်းပဲ ဖြစ်နေရင် မရသလို တကမ္ဘာလုံး မိန်းမချည်းပဲ ဖြစ်နေလို့လဲ မရပါ။

လူသားမျိုးဆက် မတုံးရေးအတွက် ယောက်ျားရော မိန်းမပါ ရှိနေဖို့ လိုအပ်ပါတယ်။ တမျိုးတည်း များမနေဘဲ မျှမျှတတလေး ဖြစ်နေဖို့သာ။
ဝန်ခံချက်။ ။ ဒီဆောင်းပါးမှာ သားယောက်ျားကလေး လိုချင်သူများအတွက်သာ ရည်ရွယ်တင်ပြခြင်း ဖြစ်ပါတယ်။ တခြားရည်ရွယ်ချက် အလျှင်းမရှိပါ။

စာရေးသူဟာ ၀ါသနာရှင်သာ ဖြစ်ပါတယ်။ ပညာရှင် မဟုတ်ပါသဖြင့် ရေးသားမှု မလိမ္မာရင် ခွင့်လွှတ်ပါရန်။
(ကွယ်လွန်သွားရှာပြီဖြစ်သော ဥက္ကဋ္ဌဟောင်း ဦးတင်အောင်အား ဤစာစုဖြင့် အမှတ်တရပါ)

အကြောင်းကောင်းလျှင် အကျိုးကောင်းပါမည်။
(ဧစန္ဒာမိုး-တောင်ငူ)

ကျမ်းကိုး
၁။ ဒေါက်တာအောင်ခင်ဆင့်-၏ ဖိုမဆက်ဆံရေး။
၂။ ပျိုဖော်ဝင်စအရွယ် ယောက်ျားလေး၊ မိန်းကလေးများ သိမှတ်စရာ အဖြာဖြာ။

အသက်ရှည်ရာ အနာမဲ့ကြောင်း ဆေးနည်းကောင်း

သ၊ မ၊ ထော၊ပျား၊ တောကကျား-ဟူသော တိုင်းရင်းဆေးဆရာကြီးများ ပြောပြထားသော ဆောင်ပုဒ်အား လက်ကိုင်ထား၍ ဖော်စားလျှင် အသက်ရှည်ရာ အနာမဲ့ကြောင်း ဆေးနည်းတလက် ဖြစ်ပါသည်။ ထို့ကြောင့် ဆေးဖက်များနှင့် ဖော်စပ်စားသုံးနိုင်ရန် အသက်ရှည်ဆေးနည်းကို ဖော်ပြပေးလိုက်ပါသည်။

ဆေးနည်းမှာ---
၁။ (သ) ဆိုခြင်းကြောင့်-သကြား (၁၀)ကျပ်သား။
၂။ (မ) ဆိုခြင်းကြောင့်-မန်းကျည်းမှည့် (၁၀)ကျပ်သား။
၃။ (ထော) ဆိုခြင်းကြောင့်-ထောပတ် (၁၀)ကျပ်သား။
၎။ (ပျား) ဆိုခြင်းကြောင့်-ပျားရည် (၂၀)ကျပ်သား။
၅. (တောကကျား) ဆိုခြင်းကြောင့် ကျားမနိုင်ဆီ (၂)ကျပ်သား။ သို့မဟုတ်-အမှုန့် (၅)ကျပ်သား ထည့်လျှင်လည်း ရသည်။

အထက်ပါ ဆေးနည်းငါးမျိုးတွင် သကြားအား ရေဖြင့် ပွက်ပွက်ဆူဆူ ကျိုရပါမည်။ သကြား အရည်ပျော်လျှင် ကျန်သည့် ဆေးစုများကို ထည့်ပြီး မွှေးပေးရပါမည်။ ဆေးရည် ကြွက်မြီးတန်းဖြစ်လျှင် အောက်သို့ချ၍ အေးအောင် မွှေပေးရပါမည်။

ထို့နောက် အ၀ကျယ်ပုလင်းတွင် ထည့်၍ လေလုံအောင် သိမ်းဆည်းထားပါ။ လတ်ဆတ်သော ဆေးကို ရပါမည်။ နံနက်၊ ည တနေ့လျှင် နှစ်ကြိမ် လက်ဖက်ရည်ဇွန်း တဇွန်းခန့် (၂-ပဲသားခန့်) ရေအေးဖြင့် စားသုံးရပါမည်။

အထက်ပါ ဆေးစုများဖြင့် ရော၍ ဆေးဖော်စားသုံးရသော အာနိသင်များမှာ သွေးကြောလေကြောများတွင် ပိတ်ဆို့နေသော အညစ်အကြေးများ တွန်းကန်ပွင့်လင်းသွားခြင်း၊ မကောင်းသော ချွေးပုပ်များ ဖြိုင်ဖြိုင် ထွက်ခြင်း၊ ပေါ့ပါးဖျတ်လတ်ခြင်း၊ နောက်တဖန် သွေးကြောလေကြောများ ပိတ်ဆို့မှု မရှိခြင်းတို့ ဖြစ်ပြီး ဆေးတွင် ဓာတ်လေးပါးညီညွတ်အောင် စွမ်းအင်များ ပါရှိသောကြောင့် ရောဂါကင်းရှင်း၍ ၀ဖြိုးကျန်းမာ သန်စွမ်းစေပါသည်။

ဆေးအား မှန်မှန်စားသုံးခြင်းအားဖြင့် အကြောတက်ခြင်း၊ ရေကြောက်ခြင်း၊ မောပန်းခြင်း၊ ဒူလာပိန်၊ မီးယပ်ပိန်၊ စားမကောင်း၊ အိပ်မပျော်၊ ဓာတ်ကျန်၊ အားအင်ကုန်ခန်းခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။

ထို့ပြင် ညောင်းညာ တက်ကိုက်၊ ထုံနာ ကျဉ်နာ၊ ဆီးပူနာ၊ ဆီးနည်း၊ လေချုပ်၊ ဆီးချုပ်၊ သွေးတိုးရောဂါများနှင့် အတွင်းအပြင် လိပ်ခေါင်းရောဂါများအတွက် သက်သာပျောက်ကင်းစေသော ဆေးကောင်းတလက် ဖြစ်ပါသည်။ သို့သော် တန်ဆေး လွန်ဘေး ဖြစ်တတ်ပါသည်။

မှတ်ချက်။
ကျားမနိုင်ပင် နှင့် အဆီချက်နည်း---
ကျားမနိုင်ပင်သည် အပင်တူများ ရှိသော်လည်း မှားနိုင်စရာအကြောင်း မရှိပါ။ ကျားမနိုင်ပင်၏ အနွယ်သည် ပေါက်နွယ်ပင်ကဲ့သို့ အတောင် (၂၀)မှ (၃၀)အတွင်း မြေပေါ်တွင် လျှောက်၍ သွားနေပါသည်။
အပင်ကြီးများနှင့်နီးလျှင် အပင်ကြီးများပေါ်သို့ ရစ်ပတ်လျက် နွယ်တက်တတ်ကြပါသည်။ တက်စရာအပင် မရှိလျှင် အလိုအလျောက် ရပ်တည်နိုင်သော အပင်ဖြစ်ပါသည်။ ကျားမနိုင်ပင်သည် ပေါက်နွယ်ဥပင်ကဲ့သို့ နွယ်ရောင်ပင်ရောင် ရှိပါသည်။ ကျားမနိုင်နွယ်ပင်သည် ကြံဆစ်များကဲ့သို့၎င်း၊ ပေါက်နွယ်ပင်ကဲ့သို့၎င်း အဆစ်များစွာ ပါရှိပါသည်။

အဆစ်များတွင် တပင်တိုင် အကိုင်းထွက်ပြီး အကိုင်းတွင် အရွက်အကြီးတရွက် ထွက်ပါသည်။ အရွက်ဖျားနှင့် အရွက်၏အရင်းတွင် ကွဲ၍ ရှိနေသည်ကို တွေ့မြင်ရပါသည်။ အရွက်တရွက်တွင် နှစ်ပိုင်းဖြစ်နေပါသည်။ အရွက်သည် အပွေးရှိ၍ အနည်းငယ် ကြမ်းပါသည်။

ကျားမနိုင်နွယ်၏ အပင်ရင်းတွင် တမိုက်ကျော်ခန့် တူးလျှင် ကျားမနိုင်မြစ်ကို တွေ့ရှိရပါသည်။ ကျားမနိုင်နွယ်ပင် သေးလျှင် အမြစ်သေးပါသည်။ နွယ်ပင်ကြီးလျှင် အမြစ် ကြီးပါသည်. စားရေးသူ တူးယူခဲ့သော ကျားမနိုင်နွယ်သည် ခဲတံချောင်းခန့်ရှိ၍ အမြစ်မှာ (၅)တောင်ခန့် ရှိပါသည်။
စာရေးသူ တွေ့ရှိခဲ့သော ကျားမနိုင်မြစ်သည် (၁၅)တောင်ကျော်ခန့် ရှိမည်ဟု ထင်ရပါသည်။

တိုင်းရင်းဆေးဆရာများသည် ထိုကဲ့သို့ ရှည်လျားသော ကျားမနိုင်မြစ်ကိုတွေ့လျှင် အမြစ်အားလုံးကို တူးမယူခဲ့ကြပါ။ လိုသလောက် တူးယူပြီး မြေကြီး ဖုံးဝှက်ထားပြီး နေရာမှတ်သားထားခဲ့ကြပါသည်။

ဤအလေ့အထသည် ဆေးမြစ်တူးသွားသည့် ဆရာများ၏ အလေ့အထတခုဖြစ်ပါသည်။ ယခု စာရေးသူ တွေ့ခဲ့သော ကျားမနိုင်အမြစ်မှာလည်း ရှည်လျားသောကြောင့်(၅)တောင်ခန့် တူးယူပြီး ကျန်သည့်အမြစ်အား ဖုံးအုပ်၍ မှတ်သားထားခဲ့ပါသည်။

တွေ့ရှိရသော အမြစ်အား ကျားမနိုင်မြစ် ဟုတ်-မဟုတ် သိလိုလျှင် အမြစ်အား အရင်းမှ၎င်း၊ အဖျားဘက်မှ၎င်း ညီညာစွာ ဓားဖြင့် ခုတ်ကြည့်လျှင် မျက်နှာပြင်ပေါ်တွင် အနီရောင် ကျားခြေရာကို တွေ့ရှိမှ ကျားမနိုင်အစစ် ဖြစ်ပါသည်။
မျက်နှာပြင်ပေါ်တွင် ခြေရာများမတွေ့ခဲ့လျှင် ကျားမနိုင်မြစ် မဟုတ်ပါ။ ကျားမနိုင်မြစ်၏ ဆေးအသုံးဝင်ပုံကို လက်တွေ့သုံးစွဲ ကုသနေသော ရာဇဂြိုဟ်တောင်တန်း တောင်ခြေမှ ဥယျာဉ်စိုက်ပျိုးနေသော ဆိုင်းရင်းဆေး ဆရာကြီး တဦးထံမှ ဆေးနည်းကို ရရှိခဲ့ပါသည်။

ထိုဆရာကြီး၏ ဆေးနည်းအတိုင်း စမ်းသပ်သုံးကြည့်ခဲ့ရာ အသက်ရှည်ဆေးအဖြစ် အလွန်ကောင်းသော ဆေးတလက် ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ကျားမနိုင်မြစ် အဆီအား ဆေးဝါးဖော်စပ် စားသုံးလျှင် ခွန်အားဗလကောင်းသည့် ကျားသတ္တ၀ါကိုပင် နိုင်စွမ်းသောအားကို ပေးသည်ဟု သိရပါသည်။

ကျားမနိုင်မြစ် အဆီချက်နည်းမှာ---
ကျားမနိုင်မြစ်အား လိုသလောက် ယူဆောင်၍ ရေစင်အောင် ဆေးရပါမည်။ ကျားမနိုင်မြစ်တွင် ကပ်နေသော ရွှံ့မြေများ စင်သွားလျှင် ကျားမနိုင်မြစ်အား ဓားဖြင့် ပါးပါး ခုတ်စဉ်း၍ အတုံးအဖတ်များကို ဒယ်အိုးကြီးတွင် ရေမြုပ်အောင် ထည့်၍ မီးပြင်းပြင်းဖြင့် ပြုတ်ကျိုရပါမည်။
ဆူပွက်လာသောအချိန်တွင် ဆေးရည်၏ အရောင်သည် နီညိုရောင်ဖြစ်လာပါမည်။ အရည်အား ယောက်မဖြင့် မပြတ်မွှေပေးရပါမည်။ ရေတ၀က်ခန့် အကျန်ကို အိုးတလုံးတွင် ထည့်ထားရပါမည်။
ထို့နောက် ဒယ်အိုးတွင် ကျန်ရစ်သော အဖတ်များအား ရေမြုပ်အောင် ထပ်ထည့်၍ ကျိုရပါမည်။ ရေတ၀က်အကျန်ကို ပြန်၍ ခပ်ထည့်ထားရပါမည်။

ဤသို့ဖြင့် ဆေးဖတ်များကို ရေထည့်၍ အထက်ပါနည်းအတိုင်း လေး,ငါးကြိမ် ပြုတ်ကျိုရပါမည်။ ထိုကဲ့သို့ ပြုလုပ်ရခြင်းမှာ ဆေးဖတ်များတွင်ရှိသော အဆီအနှစ်များ ကုန်စင်သွားရန် ကျိုရခြင်း ဖြစ်ပါသည်။

ကျားမနိုင်ပြုတ်ထားသော ဒယ်အိုးအား သန့်ရှင်းစွာ ဆေး၍၊ ပြုတ်ကျို၍ခပ်ထားသော ကျားမနိုင်ဆေးရည်ကို ထည့်ပြီး မီးမျှဉ်းမျှဉ်းဖြင့် အဆီဖြစ်လာအောင် ကျိုရပါမည်။ ဆေး မီးတူးမသွားစေရန် သတိထား၍ မကြာမကြာ မွှေပေးရပါမည်။

ရေခန်းစပြုလာသောအချိန်တွင် အနီရောင်မှ နီညိုရောင် ဖြစ်လာပါသည်။ နောက်ဆုံးအဆင့် ဆေးရည်တွင် ရေမကျန်အောင် ကျိုရပါမည်။ ရေကျန်လျှင် မှိုတက်ပြီး ဆေးရည်ပျက်စီးတတ်ပါသည်။
ဆေးရည်မွှေသော ယောက်မဖြင့် ဆေးရည်ကို အပေါ်မှ အောက်သို့ချကြည်လျှင် ဆေးရည် ကြွက်မြီးတန်း အောက်သို့ကျလာသောအခါ ဆေးချက်အိုးကို အောက်သို့ချပါ။ အအေးခံထားပါ။ အ၀ကျယ်ပုလင်းဖြင့် ထည့်ထားပါ။ သန့်ရှင်းလတ်ဆတ်သော ကျားမနိုင်အဆီကို ရရှိပါမည်။

ကျားမနိုင်အမှုန့် သုံးလိုလျှင် စဉ်းထားသော ကျားမနိုင်အဖတ်များကို ခြောက်အောင် လှန်း၍ သံဆုံဖြင့် အမှုန့်ထောင်း ဆန်ခါစိပ်ဖြင့် ချ၍ အမှုန့်အား ပုလင်းတွင် လုံအောင်ထည့်ထားလျှင် ကျားမနိုင်အမှုန့်ကို ရရှိပါမည်။
ကျားမနိုင်ဆေး တမျိုးတည်းကို သုံးလျှင် ဂုဏ်သတ္တိပြင်းထန်၍ ချွေးထွက်လွန်ပြီး သတိလစ်သွားသည်အထိ ဖြစ်တတ်ပါသည်။
ထို့ကြောင့် ကျားမနိုင်ဆေးအား တမျိုးတည်း သုံးစွဲလိုလျှင် ကျားမနိုင်နွယ်အား ခုတ်စဉ်း၍ အရက်နှင့်စိမ်၍၄င်း၊ ကျားမနိုင်မြစ်အား သွေး၍၄င်း လိမ်းပေးလျှင် အဆစ်အမြစ် ကိုက်ခဲခြင်း၊ ကိုယ်လက်ညောင်းညာ ကိုက်ခဲခြင်း၊ စသော ရောဂါဝေဒနာများ သက်သာပျောက်ကင်းပါသည်။

ကျားမနိုင်ဆေးအား အစားလွန်ကဲသွားလျှင် အော့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ချွေးသီးချွေးပေါက်ကျခြင်း၊ ခိုက်ခိုက်တုန် ချမ်းခြင်းများ ဖြစ်လာလျှင် (ဂျင်း)ပြုတ်ရည် (သို့မဟုတ်)ထန်းလျက်ပြုတ်ရည်ကို သောက်ပေးရပါသည်။

နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည့် ကျားမနိုင်ဆီဖြင့် ဖော်စပ်သည့် ဆေးနည်းအား ပြောပြခဲ့သည့် ရာဇဂြိုဟ်တောင်ခြေမှ တိုင်းရင်းဆေးဆရာကြီးအား အစဉ်ရိုသေ လေးစားစွာဖြင့် ဂါရ၀ပြု ရေးသားဖော်ပြလိုက်ပါသည်။

(မဟူရာ-ဧရာဝတီ၊ ကသာ)

သွေး မြင်းသရိုက်အတွက် ဆေးပင်

ယောက်ျားမှာ ဒူလာ၊ မိန်းမမှာ မီးယပ်-ဟု ကျန်းမာရေး ဆိုရိုးစကားရှိသည်နှင့်အညီ ယောက်ျားတို့မှာ အများအားဖြင့် ဒူလာဟုခေါ်သည့် မြင်းသရိုက်နာများကို ဂရုစိုက်ရသကဲ့သို့ မိန်းမများမှာလည်း မီးယပ်(၁၅)ပါးကို ဂရုစိုက်ကြရပါသည်။

ဒူလာ (၁၃)ပါး ရှိပါသည်။
၁။ မြင်းသရိုက်လိပ်ခေါင်း။
၂။ မြင်းသရိုက်ကြက်ဥနာ။
၃။ မြင်းသရိုက်ကြက်ဆူ။
၎။ လေမြင်းသရိုက် လေသာခ။
၅။ ချောင်းဆိုးမြင်းသရိုက်။
၆။ အတွင်းမြင်းသရိုက်။
၇။ သွေးမြင်းသရိုက် သွေးသာခ။
၈။ ဒေါသမြင်းသရိုက်။
၉။ မြေမြင်းသရိုက်။
၁၀။ ဆိတ်ချီးမြင်းသရိုက်။
၁၁။ ခေါင်းသွေးမြင်းသရိုက်။
၁၂။ အကြောမြင်းသရိုက်။
၁၃။ အရေမြင်းသရိုက်-ဟူ၍ ရှိသကဲ့သို့ မိန်းမများမှာလည်း

မီးယပ် (၁၅)ပါးရှိသည်။ ယင်းတို့မှာ---
၁။ မီးယပ်သွေးထ။
၂။ မီးယပ်သွေးပျက်။
၃။ မီးယပ်သွေးရည်နက်။
၎။ မီးယပ်သွေးပုပ်။
၅။ မီးယပ်လေပုပ်။
၆။ မီးယပ်သွေးသနပတ်။
၇။ မီးယပ်လေသနပတ်။
၈။ မီးယပ်မေထုန်သနပတ်။
၉။ မီးယပ်ဖက်သကတ်။
၁၀။ မီးယပ်ဖက်သချာ။
၁၁။ မီးယပ်ပါဒရက်။
၁၂။ မီးယပ်ကိုယ်လုံးရှန်။
၁၃။ မီးယပ်သွေးပုပ် နှလုံးဝင်။
၁၄။ မီးယပ်အာပေါမြင်းသရိုက်။
၁၅။ မီးယပ်လေမြင်းသရိုက်။
စသည်တို့ ရှိကြောင်း ဆေးကျမ်းများတွင် တွေ့ရှိရပါသည်။

မြန်မာတိုင်းရင်း သမားတော်များကလည်း ထိုအခြင်းအရာများထဲမှ မည်သည့်ဒူလာ၊ မည်သည့်မီးယပ်နှင့် ဆက်စပ်မှုရှိသည်ကို ကြည့်၍ ဆေးနည်း ပေးကြရပါသည်။
ယောက်ျားများတွင် ဖြစ်တတ်သော မြင်းသရိုက်ဒူလာများထဲမှ သွေးမြင်းသရိုက်ဆန်သည်နှင့် ပတ်သက်၍ ကုသမှု ပျောက်ကင်းသော ဆေးပင်အကြောင်းကို တင်ပြလိုပါသည်။

သွေးမြင်းသရိုက်ရောဂါ ဖြစ်လာလျှင် တင်ပါးဆုံများ ကိုက်ခြင်း၊ နားထင်နှင့် ဇက်များ ကိုက်ခြင်း၊ ၀မ်းဗိုက်နာကျင်၍ နောက်ဖေးသွားလျှင်လည်း သွေးသာလျှင် အလျင်ပန်းထွက်ခြင်း၊ ပြီးမှ မစင် လိုက်လာခြင်း၊ မစင်တွင်လည်း သွေးစသွေးနများဖြင့် တရဲရဲဖြစ်နေသည်ကို တွေ့ရှိရပြီး ဒုက္ခဝေဒနာများစွာ ခံစားရကြောင်း ဥမှင်ရွာသား ဦးတင်ဦးမှ ပြောပြပါသည်။

ဦးတင်ဦးမှာ သွေးမြင်းသရိုက်ရောဂါအတွက် မိမိတတ်ကျွမ်းနားလည်သော ဆေးနည်းများဖြင့် သုံးစွဲ ကုသသော်လည်း သက်သာပျောက်ကင်းခြင်း အလျှင်းမရှိ၊ ဆေးမတွေ့ဘဲ သွေးမြင်းသရိုက်ရောဂါ မပျောက်တတ်အောင် ဖြစ်နေစဉ် ကျောင်းဆရာ အငြိမ်းစား ဦးစိုးသိန်းနှင့် တွေ့ကာ အောက်ပါဆေးနည်းကို ပေး၍ ဆရာကြီး၏ ညွှန်ကြားသည့်အတိုင်း သုံးစွဲခဲ့ရာ သွေးမြင်းသရိုက်ရောဂါမှာ သက်သာပျောက်ကင်း သွားကြောင်း စာရေးသူအား ပြောပြခဲ့သဖြင့် ထိုဆေးနည်းအား စာဖတ်ပရိသတ်များအား ဆေးနည်းဒါန ဝေငှပေးလိုက်ပါသည်။

သွေးမြင်းသရိုက်ရောဂါဖြစ်လျှင် တောထဲ၌ မအူရွှေဝါပင်ကို ရှာပါ။ မအူအမျိုးမျိုး ရှိပါသည်။ မအူရွှေဝါ၊ မအူလက်ထန်း၊ မအူဖြူ-ဟူ၍ ရှိတတ်ပါသည်။
မအူရွှေဝါပင်သည် အပင်ကြီးဖြစ်ပြီး အရွက်မှာ အစိမ်းရောင်နှင့် (၅)လက်မ၊ (၆)လက်မခန့် ၀ိုင်းဝိုင်းသဏ္ဌာန် ရှိသည်။ အပင်ကို ဓားနှင့် ခုတ်လိုက်လျှင် အခေါက်နှင့်အသားမှာ အ၀ါရောင် ထွက်လာပြီး အရသာမှာ ခါးသည့်အရသာရှိသည်။

သုံးစွဲပုံ နည်းစနစ်မှာ---
မအူရွှေဝါ အရွက် (၇)ရွက် အလျား အနံ ခေါက်ပြီး နှီး(သို့မဟုတ်) ကြိုးဖြင့် ချည်၍ ရေထည့်ထားသည့် မြေအိုးဖြင့် သုံးခွက်တခွက်တင် ပြုတ်သောက်ခြင်းဖြင့် သွေးမြင်းသရိုက်ရောဂါ သက်သာပျောက်ကင်းကြောင်း သိရသည်။

ဦးတင်ဦးမှာ ဆေးပြုတ်ရည် တအိုးတည်းနှင့် သက်သာပျောက်ကင်းသွားသည်ဟု သိရှိရသဖြင့် ဤဆေးနည်းကို အသုံးပြု၍ သွေးမြင်းသရိုက်ရောဂါ ဖြစ်လာပါက ကုသနိုင်ရန် စေတနာဖြင့် ရေးသားလိုက်ရပါသည်။

(ညိုမင်းထက်-မြန်မာစာ၊ မော်လူး)
နက္ခတ္တရောင်ခြည်-၂၀၁၀-ဒီဇင်္ဘာလ

ဝံအူ

ဝံအူပင်သည် ဆေးဖက်ဝင်အပင်နှင့် အနွယ် ပေါင်းစပ်နေသော ဆေးပင်တမျိုး ဖြစ်ပါသည်။ ကုန်းမြင့်ပိုင်း ဒေသများတွင် ဆေးပင်ပေါက်ရောက်တတ်လျက် ရေ၀ပ်သော ဒေသများတွင် ပေါက်ပွားခြင်း မရှိပါ။ အနီးကပ်နေသော သစ်ပင်များရှိလျှင် နွယ်၍ တက်သွားတတ်သည်။ ထိုသို့ နွယ်တက်ရန်အပင် မရှိလျှင် မြေပြင်တွင် တွယ်၍ သွားတတ်သည်။

အရွက်များမှာ အစိမ်းရောင် ဖြစ်သည်။ အလျား(၅)လက်မခန့်နှင့် အနံ(၄)လက်မခန့်ရှိ၍ တညှာလျှင် အရွက်(၇)ရွက်ခန့် ရှိပါသည်။ ပင်စည်အရောင်မှာ မွဲညစ်ညစ်ဖြစ်ပြီး အသားမှာ အမျှင်များဖြင့် ဖွဲ့စည်းလျက် ပွပြီး အ၀ါရောင်ဖြစ်သည်။ မြေတွင်းတွင် အမြစ်များလျှောက်သွား၍ ထိုအမြစ်များမှ အပင်ငယ်များ ပေါက်ပွားတတ် သည်။

ထိုဝံအူမြစ်ကို မန်းဆေးအဖြစ် အသုံးပြုကြ၍ အထူးသဖြင့် အရိုးကျိုးသော ရောဂါများတွင် ၀ံအူမြစ်အား ထု၍ ကျပ်စည်းခြင်းဖြင့် သက်သာပျောက်ကင်းတတ်သည်။ ထိခိုက်ရှနာသော အနာများ၊ ရောင်ရမ်းသော အနာများ ကိုလည်း အမြစ်ကို ထု၍ ကျိုသောက်ခြင်း၊ ကျောက်ပျဉ်တွင်သွေးလိမ်းခြင်းဖြင့် သက်သာပျောက်ကင်းစေ ပါသည်။

ထိုဝံအူမြစ်ကို စာရေးသူငယ်စဉ်က ခြေသလုံး ညှပ်ရိုး ကျိုးခြင်းနှင့် ညာဘက်လက် ညှပ်ရိုးကျိုးစဉ်က ၀ံအူမြစ်ကို ထုခြေ၍ ကျပ်စည်း၊ အရည်ကျိုသောက်ခြင်းဖြင့် သက်သာပျောက်ကင်းခဲ့ရပါသည်။

၁၉၇၀-ပြည်နှစ်လောက်တွင် တပ်သားတယောက် ဂျီသရီးကျည်ဆန် ဘယ်ဘက်လက် ပခုံးညှပ်ရိုး အောက်နားရှေ့မှ ကျောလက်ပြင်သို့ ဖောက်ထွက်သွားသော ဒဏ်ရာတချက်၊ ဘယ်လက်မောင်း အရိုးမထိဘဲ ရှေ့မှ နောက်သို့ ဖောက်သွားသော ဒဏ်ရာတချက်၊ ဘယ်ဘက်ပေါင် အရိုးမထိဘဲ ရှေ့မှနောက်သို့ ဖောက်ထွက်သွားသော ဒဏ်ရာတချက်တို့ ထိမှန်ခံရပြီး တောတွင်းပြေးလွှား ပုန်းလျှိုးနေရင်း တောတွင် ၀ံအူပင်မှ ၀ံအူမြစ်ကို ရသလို တူးဖော်၍ ကျောက်ခဲနှင့် ထုပြီးလျှင် အရည်ကို မျိုပြီး အဖတ်များကို ဒဏ်ရာများတွင် အ၀တ်စုတ်နှင့် ပတ်တီးစည်းထားခဲ့ရာ တလလောက်အကြာတွင် အသားနုတက်၍ သက်သာပျောက်ကင်းစ ပြုနေသည်ကို တွေ့ခဲ့ရဖူးပါသည်။

ဝံအူမြစ်ကို ဆေးရိုးစဉ်းသကဲ့သို့ ခုတ်စဉ်း အခြောက်လှန်း၍ ငရင်နှင်းမြစ်၊ တောပဲချဉ်နွယ် စသည်တို့နှင့် ရှေးဆရာတော်ကြီးများ ရေနွေးကျို၍ ထန်းဖို၊ ထန်းလျက်တို့ဖြင့် သုံးဆောင်ခဲ့ကြရာ ဆီး၊ ၀မ်း၊ လေ ကောင်းမွန်ပြီး သွေးသား ညီညွတ်ကြောင်း သိရှိရပါသည်။ ၀မ်းသွားလိုပါက ဆားအနည်းငယ်ထည့်၍ သောက်သုံးကြပါသည်။

ဝံအူဆေးပင်မှာ တောတွင်း အလေ့ကျပေါက်သော ဆေးပင်တမျိုးဖြစ်၍ တိုင်းရင်းဆေးအဖြစ် မန်းဆေးဖော်စပ် သုတေသန ပြုလုပ်မည်ဆိုပါက စီးပွားဖြစ် ထုတ်လုပ်နိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။

(ဦးဓမ္မ)

Thursday, January 13, 2011

ဆံပင်အတွက် ဆေးတလက်

စာရေးသူဟာ ငယ်ရွယ်သူဖြစ်တဲ့အတွက် ဆံပင်ကို အမျိုးမျိုး ပြုပြင်ပြီး နေပါတယ်။ ဆံပင်မဖြူဘဲနဲ့လဲ အနက်ဆေးဆိုးပါတယ်။ တခါ သူများတွေနီပြန်တော့ လိုက်နီလိုက်ပါတယ်။ အ၀ါပေါ်ပြန်တော့ ထပ်ဝါလိုက်ပါသေးတယ်။ ဆံပင်ကိုလဲ တပတ်တခါ ခေါင်းလျှော်ပြီးတိုင်း ဖြောင့်စက်နဲ့ ဖြောင့်ပါတယ်။

တနှစ်ကျော် ကြာလာတဲ့အခါမှာတော့ စာရေးသူရဲ့ ဆံပင်တွေဟာ နီကြောင်ကြောင်နဲ့ ပါးပါးလေး ဖြစ်လာပါတယ်။ ဒါကြောင့် ဆံပင်ကို ဘာမှမလုပ်ဘဲ ဒီအတိုင်းထားလိုက်ပါတယ်။
အခုတော့ စာရေးသူရဲ့ ဆံပင်ဟာ အရင်လို သန်စွမ်းနက်မှောင်လာပါပြီ။ ဘာကြောင့်လဲဆိုတာကို အခု တင်ပြပါ့မယ်။

တနေ့မှာ စာရေးသူရဲ့ အဘွာေးလးတော်သူ အမေတင်ဟာ ရန်ကုန်မြို့မှ စာရေးသူတို့ထံ အလည်ရှောက်ရှိလာ ပါတယ်။ နောက်တနေ့ နေ့လယ်မှာ စာရေးသူနဲ့ အမေတင် စကားပြောရင်း အမေတင့်ခေါင်းက ဆံပင်ကို သတိထားမိလိုက်ပါတယ်။

အမေတင် ဆံပင်တွေ မဖြူတော့ပါလား၊ ဆေးဆိုးထားတာလား-ဟု မေးလိုက်ပါတယ်။
အမယ်လေးအေ၊ အသက်ကြီးမှတော့ ဆေးမဆိုးပါဘူး။
ဒါဖြင့် ဘာလို့နက်နေတာလဲ အရင်တုန်းက ဖြူနေတဲ့ဟာကို၊
ဒါကတော့ ကိုယ့်နည်းနဲ့ကိုယ်ပေါ့၊
နည်းကောင်းရှိရင် ပြောပြပါဦး။
သမီးဆံပင်တွေလဲ ပျက်စီးနေလို့။

ညည်းတို့က ခေတ်ပေါ်နည်းတွေ လျှောက်လုပ်တာကိုး၊ ပျက်မှာပေါ့။ ဒါပေမယ့် မပူပါနဲ့၊ အခု အဘွားပြောပြတဲ့နည်းကို (၆)လလောက် လုပ်ကြည့်ပါ။ အရင်လို ပြန်ဖြစ်လာပါလိမ့်မယ်။

ဆေးနည်းက လွယ်ပါတယ်။ ဘာမှမခက်ပါဘူး။
အရင်ဆုံး အိမ်သုံးလက်ဖက်ခြောက် (အဖန်ခြောက်)ကို ဒယ်အိုးထဲထည့်ပြီး တူးခြစ်သွားအောင် လှော်ပါ။ ပြီးရင် ညက်မှုန့်နေအောင် ထောင်းပါ။ ပြီးရင် ပန်းကန်ထဲထည့်ပြီး အုန်းဆီနဲ့ ဖျော်ပါ။ ပြီးရင် ဒန်အိုးထဲ ရေထည့်ပါ။
အလယ်ကောင်မှာ အုန်းဆီနဲ့ လက်ဖက်ခြောက်မှုန့် ဖျော်ထားတဲ့ ပန်းကန် ထည့်ပြီး ဆီပွက်လာတဲ့အထိ ပေါင်းပါ။
ဆီပွက်ရင် မီးဖိုမှချပြီး အအေးခံကာ လေလုံသောပုလင်းထဲသို့ ထည့်ပြီး နေ့စဉ် မှန်မှန်လိမ်းပေးပါက ဆံပင်များ နက်မှောင်သန်စွမ်းလာပါလိမ့်မယ်။ ဖြူသောဆံပင်လဲ နက်လာပါလိမ့်မယ်။

ဆေးဆိုးစရာ မလိုပါ။ ဆေးဆိုး၍ ဆံပင်များ နီကြောင်ကြောင် ဖြစ်နေပါက ဤနည်းကို ယုံကြည်စွာ လုပ်ကြည့်ပါ။ နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။

(မေသက်ပိုင်ထွန်း-မိတ္ထီလာ)

ပဋ္ဌာန်းတန်ခိုးတော်

ဤအရှင် နေထိုင်သီတင်းသုံးသည့် တောရကျောင်းသည် မြို့နှင့် မနီးမဝေးအရပ်၌ ရှိသည်။ အသံချဲ့စက်သံ၊ ကာကြီးသံတို့မှတပါး မည်သည့်အသံကိုမှ မကြားရသောနေရာ ဖြစ်သည်။
မူလက သုံးပင်ကျောင်းဖြစ်ဟန်ရှိသော်လည်း သုံးလေးနှစ် သီတင်းသုံးသည့် ရဟန်းသာမဏေ ပြတ်လပ်နေ သဖြင့် အမိုးမရှိ၊ ကြမ်းခင်းများဆွေးမြည့် ပျက်စီးနေလေပြီ၊ ပတ်လည်တခွင်လုံးသည် စိမ်းစိုသော လယ်ကွင်းများဖြင့် ၀ိုင်းပတ်ထားလျက်ရှိ၏။

ရေမပြတ်သော အင်းကျယ်ကြီးတခု အစဉ်မပြတ် စီးနေတတ်သော အင်းရေထွက်၊ လယ်ဝရေထွက် (ပတ်ဝန်းကျင်မှ လ၀ါဟု ခေါ်ကြသည်) မြောင်းလက်တံများ ရှိသည်။ ကုက္ကိုပင်၊ ညောင်ပင်၊ သရက်ပင်၊ ညံပင်တောနှင့် ကြီးများသော ညောင်ပင်ကြီးများ အုပ်ဆိုင်းထားခြင်းကြောင့် ထိုနေရာတွင် သီတင်းသုံးလေ့ ရှိကြသူများမှာ တောထွက်ကိုရင်ကြီးများ၊ တောထွက်ရဟန်းများ အနေများကြသည်။

လွန်ခဲ့သော ကိုးနှစ် ဆယ်နှစ်ခန့်က ငယ်ဖြူဆရာတော်လေးတပါး၊ ကိုရင် သာမဏေ သုံးလေးပါး ဤနေရာ၌ ခေတ္တသီတင်းသုံးနေကြဖူးသည်။
ထောက်၍ခုန်နိုင်သော မြွေဆိုးများ၊ မမြင်ရသော ပရလောကသားများ နှောင့်ယှက်၍၄င်း၊ လေကြီးမိုးကြီးကျသည့် နောက်နေ့မှာပင် ဤနေရာမှ ပြောင်းရွှေ့ထွက်ခွါသွားကြပါသည်။ ထိုငယ်ဖြူ ဆရာတော်လေးမှာ ထူးခြားသောအသံရှိ၍ ထင်ရှားပါ၏။ ယခုအခါ တိုက်နှင့်တာနဲ့ ခံ့ညားစွာ သီတင်းသုံးနေပါပြီ။

ဆိုလိုသည်မှာ ဤရှင် သီတင်းသုံးရာနေရာကို ရှောင်ကြသူတွေ များပါသည်။ လွန်ခဲ့သော ခုနစ်နစ်က ဤနေရာသို့ရောက်ခဲ့သည်။ သက်ဆိုင်ရာ ကွင်းပိုင် အုပ်စုဆရာတော်ထံ ခွင့်တောင်း၍ နေထိုင် သီတင်းသုံးနေခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။
ညနေ ခြောက်နာရီမှ နံနက် ရှစ်နာရီခန့်အထိ လူသံသူသံ မကြားရ၊ သူတော်ကောင်းများ နှစ်သက်ရာနေရာ တခုဟု ဆိုနိုင်ပါသည်။

ကျောင်းခေါင်းရင်းတွင် လေးမျက်နှာတ၀ဂူ စေတီတော်တဆူ၊ မြောက်ဘက်ကျောင်း၏ မျက်နှာစာတွင် ကျိုက်ထီးရိုးဘုရားပုံတူ စေတီတော်၊ အဂ္ဂ၊ ဇေယျ၊ ပသုတ-ဟု ဘွဲ့တော်ရသည့် ရှစ်မျက်နှာစေတီတော်၊ မဲဒီးကုန်းမှ ဒေါ်စန်းရီ၊ ဒေါ်ဝင်းကြည်၊ ဦးသိန်းဇံ တို့ ဖခင် ဦးစိုးမောင် ပြုလုပ်ခဲ့သည့် ကျောက်လိပ်တကောင်၊ ခေါင်းရင်းတွင် အုတ်ချပ်စီ ရေတွင်းတတွင်း ရှိသည်။

ပုပ္ပားဆရာတော် ဦးသောန၊ ယခုကျောင်းကုန်းကျောင်း ဆရာတော် ဦးတေဇ (ခေါ်) ဦးဓမ္မသာရတို့ သီတင်းသုံးစဉ်က သောက်သုံးရေ ရှားပါးသည်။ ထူးပေါက်ရွာမှ လာရောက်လှူဒါန်းကြရသည်ဆို၏။
ပုထုဇဉ်တို့သည် ကြောက်တတ်ကြ၏။ မနုဿာဘယ တဇ္ဇိတာ-ဟု ပါဠိတော်၌ လာ၏။ ညဥ့်နက်၍ တိတ်ဆိတ်နေသည့်အခါ အားငယ်စိတ်မှသည် ကြောက်စိတ်သို့ ကူးပြောင်းလာလေ့ရှိ၏။

ထိုအခါမျိုး၌ ရတနာမြတ်သုံးပါးကိုသာ အားထား ကိုးကွယ်အပ်၍ ကိုယ်စောင့်နတ်မှစ၍ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့အား မေတ္တာပို့သအပ်၍ မေတ္တသုတ်၊ ခန္ဓသုတ်တို့ကို ရွတ်ဖတ်ပူဇော်သင့်သည်။ ဤအရှင်သည် ပရိယတ္တိစာပေကို နှံ့နှံ့စပ်စပ် မသိပါ။ သို့ရာတွင် ရတနာမြတ်သုံးပါးအပေါ် ယုံကြည်သက်ဝင်မှု သဒ္ဓါအနေဖြင့် အသက်စွန့်၍ ယုံကြည်သူဖြစ်ပါသည်။

တဖက်ရပ် ထန်းရွက်မိုးကျောင်းကလေးပေါ်တွင် ခေါင်းအုံးမရှိ၊ စောင် ခြင်ထောင်မရှိ၊ သပိတ်တလုံး၊ သင်္ကန်းသုံးထည်ဖြင့် မေတ္တာကို အရင်းခံလျက် သီတင်းသုံးနေထိုင်ခဲ့သည်။
ရေချိုးချိန်တွင် ဆပ်ပြာနံ့ရခြင်း၊ ဟင်းချက်ချိန်တွင် ချဉ်ပေါင်ဟင်း၊ မဆလာ၊ ကြက်သွန်ဖြူ ချင်းနံ့ရခြင်း၊
လွန်စွာ ချိုအီ၍ မွှေးသောအနံ့၊ ပုပ်အဲ့သော အနံ့များ၊ ကျောင်းအမိုးပေါ်သို့ ခဲနှင့်ထုခြင်း၊ သဲမှုန်ဖြူးခြင်း၊ မီးခိုးလုံးသဏ္ဌာန် လူရိပ်လူယောင်ပြုခြင်း၊ ဘာမှမရှိပါဘဲ မိန်းကလေးတယောက် ညည်းညူသံ၊ စကားတွတ်ထိုးသံ၊ မြင်ရလျက် ပျောက်ကွယ်သွားသည့် အရာများကိုသာ စာတစောင်ပေတဖွဲ့ ဇာချဲ့၍ ရေးနေရလျှင် စာမျက်နှာများစွာ ကုန်ပေလိမ့်မည်။

ဘယ်တော့မှမလာဘူးသည့် ဧည့်သည် လာမည်ဆိုပါလျှင် ကြိုတင်သိမြင်နေတတ်သလို မနက်ဖြန် သုံးဆောင်ရမည့် ဟင်းအချို့ကိုလည်း အတိအကျ သိနေတတ်ပြန်သည်။ ပါးစပ်က အသံပြု၍ တ,လိုက်လျှင် မရသည့်အရာ (ရဟန်းအသုံးအဆောင်ကို ဆိုလိုပါသည်) မရှိပါ။

တပါးတည်း နှစ်များစွာနေကြည့်မှ သိသာနိုင်ပါသည်။ လွန်စွာထူးခြားသည့်အချက်မှာ အလွန်ရင်းနှီးသူချင်း သွေးကွဲသွားတတ်၍ မိတ်သစ်များ တိုးပွားစေခြင်းတို့ပင် ဖြစ်ပါသည်။ ရောက်စနှစ်တွင် ညတိုင်း သတိပြုမိ သည်မှာ ည-ဆဲ့တနာရီမှ သန်းခေါင်ကျော်သည်ထိ ဘမ်း-ဘမ်း-ဆိုသောအသံကြီးကို ချောက်ချားဖွယ်ရာ ကြားနေရ၏။ သမာဓိ ထူထောင်နေပြီဆိုလျှင် ထိုအသံက အနှောင့်အယှက် ဖြစ်လာ၏။

ကြားကာမတ္တ ဥပေက္ခာ မရှုနိုင်၊ စိတ်က အသံဆီသို့ ပြေးသွား၏။ သြော်-အရှုခံတရားပါလား-ဟူ၍လည်း ပညာဖြင့် ပိုင်းခြား၍ နားမလည်။ မျက်စိဖွင့်လျက် နေရသည်။ ဘမ်း-ဘမ်း-ဆိုသောအသံသည် တနေရာတည်းမှ ထွက်ပေါ်လာသည်မဟုတ်၊ တခါတရံ မြောင်းလက်တက်ဆီမှ ကြားရ၏။ တခါတရံ လ၀ါရိုးထဲမှ ကြားရသည်။ အရပ်လေးမျက်နှာစလုံးမှ ညစဉ် ကြားရသည်ဖြစ်ရာ ရေလှည့်လာချသည့် ထူးပေါက်ရွာမှ ဒကာများ၊ ကြိမ်မြောင်းမှ ဒကာအချို့ကို စုံစမ်းရာ ထိုအသံကို သူတို့လည်း ကြားရကြောင်း၊ မြောင်းထဲ လ၀ါထဲမှ ကြားရခြင်းဖြစ်၍ ငါးရိုက်သည်ဟု ထင်ကြောင်း လျှောက်ထားကြလေရာ ဤအရှင်လည်း ဤကဲ့သို့ပင် ထင်ကြောင်း ပြောပြရသည်။

ရေချသူများသည် တပတ်တခါခန့်သာ ရောက်ကြသည်ဖြစ်ရာ သူတို့ကို စုံစမ်း၍ မသေချာ၊ ကိုယ်ကိုယ်တိုင် စူးစမ်းမှ သင့်မည်ဟု ဆုံးဖြတ်လျက် ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း၊ မေတ္တာပို့သခြင်း အလုပ်များကို ညဦးကတည်းက စောစီးစွာ ဆောင်ရွက်ပြီး စင်္ကြံသွားလျက် နေလိုက်မိသည်။

ညဥ့် ဆဲ့တနာရီထိုးသည်နှင့် တောင်ဘက်ယွန်းယွန်း မြောင်းဆီမှ ဘမ်းခနဲ ကျယ်လောင်သောအသံ ကြားလိုက်၏။ မြောင်းတဆလျှာက် တစွပ်စွပ်ပြေးလာသံ ကြားရသည်။ အနောက်ဘက်ရှိ လ၀ါရှိုးထဲမှ ကြားရပြန်၏။
ထန်းပလပ်ပြားကြီးကြီးဖြင့် ရိုက်သည့်အသံမျိုး၊ နောက် တဖြည်းဖြည်း လ၀ါရိုးကို စုန်လျက် မြောက်ဘက် သရက်တောစပ်မှ ကြားရပြန်သည်။ အရှေ့၊ အရှေ့တောင်အရပ်သို့ အသံရောက်သွားလျက် ဝေးသွားကာ တနာရီထိုးသာသာတွင် လုံးဝ အသံတိတ်သွားတော့သည်။

နောက်ထပ် သတိထားမိသည်မှာ တော်သလင်းလဆန်းမှ လပြည့်ထိရက်များတွင် သိသိသာသာ ကြားရခြင်းပင်။ အဖြေကို သိရပြီဖြစ်သဖြင့် မေတ္တသုတ်တော်၊ ခန္ဓသုတ်တော်၊ မဟာသမယသုတ်တော်များ၊ ရွတ်ဖတ်ပူဇော်ခြင်းအပြင် ပဋ္ဌာန်း (၂၄)ပစ္စည်း၊ အနန္တနယ မဟာပဋ္ဌာန်းကျမ်းတော်မြတ်ကို ငါးတွဲလုံး နေ့စဉ်မပြတ် ရွတ်ဖတ်ပူဇော်ခြင်း၊ ပြာသိုလဆန်း (၁၃)ရက်မှ လပြည့်နေ့ထိ နီးစပ်ရာ သံဃာတော်များ၏ အကူအညီဖြင့် အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလာခဲ့ရာ သုံးနှစ်ပြည့် မြောက်ခဲ့ပါသည်။

ထိုနှစ် တော်သလင်းလပြည့်ညတွင် ထူးခြားသော အိပ်မက်တခု မက်ခဲ့သည်။ အိပ်မက်ထဲတွင် မြွေလက်ပတ်၊ သံကွင်းစွပ်မြွေ တို့ကဲ့သို့ မည်းနက်ပြောင်လက်သော အသားအရေရှိသည့် အသက်နှစ်ဆယ်ခန့်ရှိ လူရွယ်တဦး ကျောင်းရှေ့မြေပြင်တွင် ဒူးထောက်နေသည်ကို မြင်ရသည်။ အ၀တ်အစား လုံးဝ ၀တ်ထားခြင်း မရှိခြင်းက ထူးခြားလှပါသည်။

အိပ်မက်ထဲတွင် မိမိမှ-
ဟဲ့ ဒကာ ဘာကိစ္စလဲဟဲ့ ညကြီးသန်းခေါင်မှာ-
တပည့်တော် လ၀ါထဲမှာ ငါးရိုက်စားရတဲ့ ပရလောကသားတဦးပါဘုရား၊ အရှင်ဘုရား ညစဉ် ပို့သတဲ့ မေတ္တာနဲ့ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်ကြတဲ့ ပဋ္ဌာန်သံကို ကြားနာရလို့ ငါးရိုက်မစားတာ ကြာပါပြီဘုရား။

ထိုအသံရှင်သည် ဦးသုံးကြိမ်ချ၏၊ ထို့နောက် ဆက်လျှောက်ထားပြန်၏။
ခွင့်ပြုပါဘုရား။ တပည့်တော် ဟိုးဘ၀တွေတုန်းက ဒီဝန်းကျင်က လယ်သမားတယောက်ပါ။ သေခါနီးမှာ ငါးဟင်းနံ့ရပြီး မစားရလို့ ငါးကိုစွဲပြီး ယခုဘ၀ ရောက်ရတာပါဘုရား။ နှစ်ပေါင်းငါးဆယ်တိတိ ငါးရိုက်ပြီး အစိမ်း စားနေခဲ့ရတာပါဘုရား။ ယခု တပည့်တော် လူဖြစ်တော့မှာပါဘုရား၊ ခွင့်ပြုတော်မူပါ။

ထိုအသံရှင် မတ်တတ်ရပ်လိုက်ချိန်၌ ငှက်ပျောပင်အရပ်ခန့် မြင့်မားသောအရပ်ရှိသည်ကို သတိထားလိုက် မိ၏။ သီးပင်နာမှ ဖြတ်လျက် အရှေ့အရပ်သို့ စိုက်စိုက် စိုက်စိုက်နဲ့ သွားလေ၏။ လွန်စွာပင် လျင်မြန်လှပါသည်။ မပြေးဘဲ မြန်သည်ဟု ပြောချင်ပါသည်။ မောင်သန်းဝင်းတို့ လယ်အဆုံး ဖျောက်ဆိပ်ပင်အောက်ဝယ် လုံးဝ ကွယ်ပျောက်လေ၏။

သို့နှင့် မိမိလည်းနိုးလာရာ အိပ်မက်ဖြစ်ကြောင်း သိလိုက်ရသည်။ တော်သလင်းလပြည့်ည ဖြစ်သည့် အားလျော်စွာ လသည် ထိန်လင်းစွာတောက်ပသောအလင်းဖြင့် သာလျက်ရှိလေတော့၏။

လူသားအားလုံး တဏှာ ဥပါဒါန် ချုပ်ကြောင်းအကျင့် ကျင့်နိုင်ကြပါစေ။

(ဓမ္မရက္ခိတ သံဝရ-မြပါရမီတောရ)

မှိုဟင်းကဲ့သို့ စားကောင်းသော ရှားစောင်း ပြာသာဒ်ပွင့်

ရှားစောင်းပြာသာဒ်(တဇောင်းပြာသာဒ်) ဆိုသည်မှာ အညာဒေသ မိုးခေါင်ရေရှားရပ်ဝန်း၊ ပူပြင်းခြောက်သွေ့ သောဒေသတွင် အပူဒဏ်ကို ခံနိုင်သော ဆူးပါသည့်ရှားစောင်းမျိုးနွယ်ပင် ဖြစ်ပါသည်။
အထက်အညာအရပ်တွင် ရှားစောင်းကြီး၊ ရှားစောင်းပြာသာဒ်၊ ရှားစောင်းမြင်းနား၊ ရှားစောင်းချဉ်၊ ရှားစောင်းခါးများ ပေါက်ရောက်ကြပါသည်။

ရှားစောင်းကြီးပင်မှာ အောက်ခြေပင်စည်မှ အထက် (၂)ပေ၊ (၃)ပေလောက်မှ စတင်၍ အကိုင်းအခက်အခွများ အပင်ကို ၀ိုင်း၍ထွက်ကြသည်။ ယင်းအကိုင်းအခက်များသည် အစောင်း(ဇောင်း)မြောင်းများ ပါရှိပြီး တိုတောင်း တုတ်တိုသော ဆူးငယ်များ တန်း၍ပေါက်ပါသည်။

လေးညှင်းပွင့်ကဲ့သို့သော အနီဖျော့ရောင် အပွင့်များ ထွက်လေ့ရှိပါသည်။ ယင်းအပွင့်များ၏ ၀တ်ရည်ကို ပျားများက စုပ်ယူရရှိသော ပျားရည်မှာ တန်ဖိုးရှိပြီး ဆေးဖက် အလွန်ဝင်လှပါသည်။
ှရှားစောင်းကြီးပင်၏ အမြင့်မှာ (၈)ပေ၊ (၉)ပေခန့်အထိ အမြင့်ရှိကြသဖြင့် နွားကျောင်းသားများပင် အရိပ်ခိုနားကြရပါသည်။ အရွက်တော့ မရှိပါ။ အပင်ကို ဆိတ်ကြည့်လျှင် အဖြူရောင်အစေးများ ထွက်ရှိပြီး ဆေးဖက်ဝင်ပါသည်။

ရှားစောင်းမြင်းနားပင်မှာ အထက်ဖော်ပြပါ ရှားစောင်းကြီးပင်ကဲ့သို့ ဖြစ်ပြီးထူးခြားသည်မှာ အရွက်ရှည်ရှည်၊ ထိပ်ဝိုင်းဝိုင်းများ ထွက်ရှိနေသဖြင့် မြင်းနားရွက်ပင်၊ ရှားစောင်းမြင်းနားပင်ဟု ခေါ်ကြသည်။
နားအူ နားလေးလျှင် ဤရှားစောင်းမြင်းနားရွက်များကို မီးအပူ အနည်းငယ်ပြပြီး အရည်ညှစ်၍ ယင်းအရည် နွေးနွေးလေးကို နားလေး နားအူသူများမှ နားရွက်အတွင်းသို့ လောင်းထည့်လေ့ရှိကြသည်။ ဒေသဆိုင်ရာ ဆေးနည်းတိုတမျိုး ဖြစ်ပါသည်။ အပင်၏ အရွယ်အစားများ ရှားစောင်းကြီးပင်ကဲ့သို့ မြင့်ပါသည်။

ရှားစောင်းချဉ်နှင့် ရှားစောင်းခါးပင်များမှာ အပင်အရွက် သေးငယ်ပြီး လက်မ၊ လက်ညှိုးအရွယ် အတုတ်ပင်စည် ရှိပြီး အမြင့်မှာ (၁)ထွာသာသာ မြင့်ပါသည်။ ရှာစောင်းမျိုးနွယ် ဖြစ်သဖြင့် အပင်အခက်အလက်များမှာ တိမ်သော စောင်းငယ်များပါရှိပြီး အပင်အသားမှာ နူးညံ့ပါသည်။

ရှားစောင်းခါးပင်ကို ရေစင်အောင်ဆေး၊ ဓားပြားရိုက်ပြီး ဆားနယ်ညှစ်ပစ်၍ ပုဇွန်ခြောက်နှင့် ကြော်ချက်၍ စားရပါသည်။ အနည်းငယ် ခါးသက်သောအရသာ ရှိပါသည်။
ရှားစောင်းချဉ်မှာမူ ရှားစောင်းခါးပင်နှင့် အပင်တူ၊ အရွယ်တူ ဖြစ်သော်လည်း အရသာမှာ ချဉ်သောအရသာ ရှိပါသည်။ ယင်းကိုလည်း ရှားစောင်းခါးပင်ကဲ့သို့ ဆားဖြင့် မနယ်ရဘဲ ဓားပြားရိုက်၍ ပုဇွန်ခြောက်နှင့် ကြော်စား၍ ကောင်းပါသည်။ ဤရှားစောင်းနှစ်မျိုးမှာ ကျောက်သလိပ်ကုန်းချုံစပ်များတွင် ပေါက်ရောက်လေ့ ရှိကြပါသည်။

စာရေးသူနောက်ဆုံး တင်ပြချင်သည်မှာ ရှားစောင်းပြာသာဒ်ပင် ဖြစ်ပါသည်။ အပင်စည်၏ (၂)ပေ၊ (၃)ပေလောက် အမြင့်မှ အထက်သို့ ရှည်မျောသော အခက်များ ထွက်လေ့ရှိပါသည်။ ယင်းအခက်များသည် ဘေးသို့ ရှားစောင်းကြီးပင်ကဲ့သို့ ကားမထွက်ပါ။ အရိပ်လည်း မရပါ။ စောင်း(ဇောင်း)ရှည်များ ပါရှိပြီး စောင်း(ဇောင်း)များပေါ်တွင် သေးမျှင်သော ဆူးချွန်ငယ်များ အစုလိုက် အစုလိုက် ပေါက်နေပါသည်။

ဤသို့ ဆူးများ ပါရှိသဖြင့် ဤရှားစောင်းပြာသာဒ်ပင်များကို အညာဒေသကျေးလက်နေ အိမ်ခြံစည်းရိုးများ တွင်၎င်း၊ ယာခင်းဘေးများတွင်၎င်း၊ စိုက်ပျိုးထား၍ လူဆိုး၊ သူခိုးများနှင့် ကျွဲနွားများ ၀င်မည့်အန္တရာယ်ကို ကာကွယ်ကြသည်။

ကျေးရွာများတွင် လမ်းဘေးမှ ယာခင်း ကန်သင်းရိုးများတွင် လမ်းသွားလမ်းလာ ကျွဲနွားများ ယာခင်းဝင်စားခြင်း မှ ကာကွယ်ရန် စိုက်ပျိုးထားလေ့ရှိကြသည်။
အထက်ဖော်ပြပါ ရှားစောင်းပြာသာဒ်ပင်သည် မိုးဦးကျကာလတွင် အပွင့်များ ပွင့်ကြပါသည်။ အပင်ထိပ်ဖျားဘက်မှ အောက်နားတလျှောက် အပွင့်တံရှည်များ တပွင့်ချင်းစီ၍ ပွင့်နေတတ်ကြသည်။

အပွင့်တံအလုံးမှာ ငါးမူးလုံး၊ ကျပ်လုံးခန့်ရှိပြီး ပွင့်တံအရှည် ခြောက်လက်မခန့် ရှည်ပါသည်။ ပွင့်တံရှည်၏ ထိပ်ဖျား (၂)လက်မသာသာခန့်တွင် ပွင့်အာလာမည့် ပွင့်ဖတ်ငုံရှိပါသည်။ ပွင့်အာလာသည့်အခါတွင် ပွင့်ဖတ်များသည် ကြာဖြူပွင့်များကဲ့သို့ အာထွက်လာပြီး အလယ်တွင် ၀တ်ဆံထိုင် ပါလာပါသည်။

ဤရှားစောင်းပြာသာဒ် အပွင့်များကို အပင်မှ ခူးဆွတ်၊ ရေစင်စင်ဆေး၊ အရိုးတံကို ဖြတ်၊ ပွင့်ဖတ်ကို ခွဲလှန်၍ ၀တ်ဆံကို ထုတ်ပစ်၊ ပွင့်ဖတ်များကို အရွယ်တော် လှီးဖြတ်၍ ကြက်သွန်ဆီသတ်ပြီး ရေအနည်းငယ်နှင့် ကြော်ချက် ချက်လိုက်လျှင် ဒယ်အိုးမှ ဟင်းချက်နံ့သည် မှိုဟင်းချက်နံ့ကဲ့သို့ ရနံ့များ မွှေးကြိုင်လှပါသည်။ ဆားကိုတော့ သင့်ရုံထည့်ရပါသည်။

ဟင်းအိုး နူးနပ် ကျက်သွားလျှင် ဖိုမှချ၍ ပန်းကန်တွင် ထည့်ပြီး ထမင်းဝိုင်း၌ ဟင်းရန်အဖြစ် စားကြလျှင် ထမင်းမြိန်သော မှိုဟင်းနှင့် ရနံ့တူသော နူးညံ့သော၊ အနည်းငယ် အရသာချဉ်သော ဟင်းကောင်းတခွက် ဖြစ်ပါကြောင်း စားဖိုချောင်အတွက် ဟင်းလျာတခွက် တင်ပြလိုက်ရပါသည်။

(ထွန်းငွေ-အမတ-၂၄၁၄၊ တံတားဦး၊ သန်လျင်)

Wednesday, January 12, 2011

အစွမ်းထက် ဆီးဖြူသီး

စာရေးသူ ငယ်စဉ်က နှာခေါင်းသွေး အလွန်လျှံသည်။ အနည်းဆုံး နှစ်ရက်တခါ၊ သုံးရက်တခါတော့ လျှံသည်။ တခါတရံဆို နေ့စဉ်နေ့တိုင်းလိုလို ဖြစ်သည်။ ညအိပ်နေရင်းပင် ဖြစ်တတ်၍ အတော်လေးပင် စိတ်ညစ်ရ ပါသည်။

မိဘများကလည်း တိုင်းရင်းဆေးဆရာများနှင့် ကုသပေးပါသည်။ ထူးခြားမလာပါ။ ဆေးရုံဆေးခန်း ပြသော်လည်း ခေတ္တခဏသာ သက်သာသည်။ အသက် ၂၀-၀န်းကျင်လောက် မဆိုးပါ။ တပတ်တကြိမ်၊ နှစ်ပတ်တကြိမ်လောက်တော့ ဖြစ်တတ်ပါသေးသည်။

အသက် ၂၅-နှစ် နောက်ပိုင်း ယနေ့အထိ မဖြစ်တော့ပါ။ အနှစ် ၂၀-နှစ်လောက်ကြာပြီ ဖြစ်သည်။ အသက်အရွယ်အရ ပျောက်သွားခြင်းတော့ မဟုတ်ပါ။ ဆရာဝန်တဦး၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းကြောင့် ပျောက်သွားရခြင်း ဖြစ်ပါသည်။

ဆောင်ရွက်ရသည့် ကိစ္စကလည်း လူတိုင်းလုပ်နိုင်ပြီး ငွေကုန်အလွန်သက်သာပါသည်။
နေ့စဉ် ဆီးဖြူသီးသုံးလုံး စားပေးရုံသာ ဖြစ်ပါသည်။
အစိမ်းဖြစ်စေ၊ မြေပဲနှင့်ထောင်း၍ဖြစ်စေ၊
ဆားရည်စိမ်၍ဖြစ်စေ ဟင်းချက်၍ဖြစ်စေ စားသုံးနိုင်ပါသည်။

အရေးကြီးသည်မှာ အနည်းဆုံး သုံးလ စားပေးရုံသာ ဖြစ်ပါသည်။ အစိမ်းမရသော အချိန်ကာလဆိုလျှင် အခြောက်ကိုလည်း အသုံးပြုနိုင်ပါသည်။

(ထီလာကျော်)

Tuesday, January 11, 2011

ပျူတွေ ဘယ်ဘာသာ ကိုးကွယ်ခဲ့ကြသလဲ

ယနေ့ ပျောက်ကွယ်ခဲ့ပြီဖြစ်သော ပျူလူမျိုးများ၏ မြိုတော်များသည် မြန်မာတို့ မြို့ပြနိုင်ငံများ ထူထောင်နေထိုင်တတ်လာသော ကာလများ၏ မူလအစ ဖြစ်သည်ဟု ယုံကြည်ယူဆလာကြသည်။ ပျူစစ်လျှင် မြန်မာ၊ မြန်မာစစ်လျှင် ပျူ-ဆိုသောစကားများလည်း ပေါ်လာခဲ့သည်။

စဦး မြန်မာများဖြစ်သော ပျူတို့သည် သူတို့ကိုသူတို့ ထုလောကျူ-ဟု ခေါ်ကြပြီး၊ တရုတ်နိုင်ငံသားများက သူတို့ကို ဖျောက်-ဟု ခေါ်ကြသည်။ မွန်တိုင်းရင်းသားများကမူ တိရ်စုလ် ခေါ်လေသည်။

ပျူတို့၏ မူလအစ---
တိဗက်၊ မြန်မာမျိုးတူစုဝင် ထိုပျူလူမျိုးများသည် တရုတ်နိုင်ငံ၊ မြစ်ဝါမြစ် အထက်ပိုင်း ကန်စုနယ်တွင် နေခဲ့ကြပြီး ဘီစီ(၁၁)ရာစုလောက်တွင် အုပ်စုကြီး (၂)စု ကွဲသွားသည်။
အုပ်စုတစုသည် စီချွမ်နယ်တွင် နေခဲ့ပြီးနောက် ခရစ်နှစ် (၁)ရာစုလောက်အထိ ယွန်းနန်နယ်စပ်တွင် နေခဲ့ကြသည်။

ပျူဖြစ်လာမည့် သူတို့ကား ခရစ်တော်မမေါ်ပီ(၅)ရာစုနှစ်လောက်ပင် မြန်မာနိုင်ငံထဲသို့ ၀င်ရောက်နေထိုင် ခဲ့မည်-ဟု ခန့်မှန်းကြ၏။ (၃)ရာစုလောက်တွင်မူ မြန်မာနိုင်ငံ မြေပြန့်ဖြစ်သော ဧရာဝတီ မြစ်ဝှမ်းတလျှောက် တွင် ရွှေဘိုနယ်မှ ပြည်အထိ နေထိုင်သွားကြပါသည်။

ပျူများသည် ယနေ့ မြန်မာနိုင်ငံဟုခေါ်သော နေရာတွင် အစောဆုံးမင်းနေပြည်များ ထူထောင်ထဲ့ကြသည်။ မြို့ရိုးပါသော မြို့တော်ကြီးများကို တခမ်းတနား တည်ထောင်ကာ နေထိုင်သွားကြပါသည်။ ထိုနေရာများကို မင်းဘုရင်များ၊ ဘုရင်မများ အုပ်ချုပ်ခဲ့ကြပါသည်။

ပျူတို့၏ မြို့တော်ဟောင်းများ---
ပျူလူမျိုးတို့ ဖွံ့ဖြိုးအောင်မြင်ခဲ့သော ထိုအချိန်များအတွင်း စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်တွင် ဟံလင်းကြီးမြို့ဟောင်း။
မန္တလေးတိုင်း၊ ကျောက်ဆည်လွင်ပြင်၊ မြစ်သားမြို့နယ်တွင် မိုင်းမော (ခေါ်) ပင်လယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ၀တီး။
မကွေးတိုင်း တောင်တွင်းကြီးအနီးတွင် ဗိဿနိုးမြို့ဟောင်း။
မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်တွင် ဘိန္နက။
မြန်မာနိုင်ငံအောက်ပိုင်း ပဲခူးတိုင်း ပြည်အနားရှိ မှော်ဇာရပ်တွင် သရေခေတ္တရာ မြို့ဟောင်းတို့ကို တည်ဆောက်ခဲ့ကြသည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ တကောင်း။ ပုဂံညောင်ဦးဒေသများတွင်လည်း ပျူများ နေထိုင်ခဲ့သည့် အထောက်အထားများ ယခု တွေ့ရှိလာရသည်။ ပျူတချို့ကမူ ရခိုင်ရိုးမကို ကျော်ကာ ရခိုင်ပြည်နယ်၊ သံတွဲအထိပင် ရောက်သွားကြပါသည်။

(၂၁)ရာစု အသစ်တွေ့ရှိမှုများတွင် တကောင်းမြို့ဟောင်းတ၀ိုက် မြစ်ဝကျွန်းပေါ်နှင့် မွန်ပြည်နယ်များတွင်လည်း ပျူတို့ နေထိုင်သွားခဲ့သည့်လက္ခဏာများကို တွေ့ရှိလာရပြန်ပါသည်။ သို့ဖြစ်ရာ (၄)ရာစုမှ (၉)ရာစုအတွင်း သီပေါမှ မဒမ(မုတ္တမ) တိုင်အောင် ကျယ်ပြောသည့် ထိုပျူနိုင်ငံတော်သည်ပင် ပထမမြန်မာပြည်ထောင်စုနိုင်ငံ ဖြစ်ပေလိမ့်မည်။

ထိုသို့ ပျူတို့ စိုးစံအုပ်ချုပ်နေကြစဉ်ကာလများအတွင်း ပျူတို့သည် ပြည်ပဆက်သွယ်ရေးအနေဖြင့် အရှေ့ဘက်တွင် ဗီယက်နမ်၊။
အနောက်ဘက်တွင် အိန္ဒိယ၊။
မြောက်ဘက်တွင် တရုတ်၊။
တောင်ဘက်တွင် အင်ဒိုနီးရှားနိုင်ငံများ နှင့်လည်း ကုန်သွယ်ဆက်ဆံနိုင်ခဲ့ပြီ ဖြစ်သည်။

ကုန်သွယ်ဆက်ဆံမှု၏ သက်သေအဖြစ် ဒင်္ဂါးပြားများ၊ ယဉ်ကျေးမှု အထောက်အထားများကို တွေ့ရှိနိုင် ပါသည်။ အနောက်တိုင်း သမိုင်းပညာရှင်များကမူ ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့်ခေတ်ကို အေဒီ(၅)ရာစုထက် စောပြီး မဆိုချင်ခဲ့ကြပေ။

ပျူအရိုးအိုး၊ ပျူကျောက်စာ၊ ကာဗွန်ဓာတ်ခွဲ စမ်းသပ်ခြင်း (Carbon Dating) များက ပျူမြို့ပြနိုင်ငံများသည် အေဒီ (၁)ရာစုလောက်ကတည်းကပင် စတင်ထွန်းကားနေပြီဖြစ်ကြောင်း ပြဆိုနေပါသည်။

တောင်တွင်းကြီးက ဗိဿနိုးမြို့ဟောင်း---
ဗိဿနိုးမြို့ဟောင်းသည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ရှိသည့် ရှေးအကျဆုံးသော ပျူမြို့ဟောင်း ဖြစ်သည်။ ယနေ့အထိ တူးဖော်တွေ့ရှိမှုများကလည်း ဗိဿနိုးသည် သရေခေတ္တရာထက် ရှေးကျကြောင်း သက်သေပြနေ၏။ သို့ဖြစ်ရာ ဗိဿနိုးတွင် ဗုဒ္ဓသာသနာ ဖွံ့ဖြိုးတိုးတက်ခဲ့သည့် လက္ခဏာများကိုလည်း ထင်ထင်ရှားရှား မတွေ့ရှိရပါ။ စေတီပုထိုး၊ ဆင်းတု၊ ရုပ်တုများလည်း မမြင်ရပါ။

တွေ့ရှိရသည့် အဆောက်အအုံအချို့မှာ ဘာသာရေးအဆောက်အအုံဟု ထင်ရလောက်သော်လည်း သရေခေတ္တရာမှာကဲ့သို့ မဟုတ်သေးချေ။ ရွှေ၊ ငွေ၊ ကြေး ဆင်းတုတော်များ မဆိုထားဘိ မြေမီးဖုတ်ဘုရားများပင် မတွေ့ရပါ။ ကျောက်စာအထောက်အထားလည်း ရှိမနေပါ။

သို့သော် စကြာနှင့် ချွန်းတောင်းပုံပါသော ကျောက်ပြားငယ်ကို တွေ့ရသည့်အပြင် စေတီပုထိုး ဖြစ်နိုင်ခြေရှိသော အဆောက်အအုံအချို့ကို တွေ့ရသည်။ ယင်းတို့သည် အိန္ဒိယနိုင်ငံ အမရ၀တီ Amaravati) နှင့် နာဂဇုနကုဏ္ဍ (Nagarjunakonda) မှ စေတီပန္နက်ပုံများနှင့် တူသောကြောင့် အန္ဒြနယ် (Andra) မှ ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှုအချို့ ပျံ့နှံ့ရောက်ရှိနေပြီလောဟုမူ စဉ်းစားစရာဖြစ်၏။

ထိုဒေသများမှ အပရသေလီယဂိုဏ်းနှင့် မဟီသာသကဂိုဏ်း ဗုဒ္ဓဘာသာဝင်တို့သည် ရုပ်တုရုပ်ပွားများ ကိုးကွယ်ခြင်း မပြုသောကြောင့် ဆင်းတုတော်များ မတွေ့ရခြင်းပေလောဟုလည်း တွေးဆနိုင်ပြန်သည်။
ဗိဿနိုး အမှတ်(၂)ကုန်းမှ အဆောက်အအုံပျက်မှ တံဆိပ်ခတ်နှိပ်ထားသော ရွှံ့တုံးလေးတခု ရရှိပါသည်။ ယင်းအပေါ် အလယ်ဗဟိုတွင် ဗိန္ဒုပြောက် (Vindu) တခု ပါရှိပြီး ပတ်ပတ်လည်တွင် စာတန်းကို ၀ိုင်း၍ ရေးထိုးထား၏။ ယင်းကို ဖတ်ရှုကြည့်ရာတွင် စကြာအမှတ်အသားနှင့် သံဃသီရိ-ဟု တွေ့ရပါသည်။

ယင်းသည် အိန္ဒိယတောင်ပိုင်း အမရ၀တီမြို့ဟောင်းမှ စေတီများရှိ ဗုဒ္ဓ၀င်ကျောက်ရုပ်ကြွများ ထုလုပ်ပူဇော် ရာတွင် ရေးထိုးထားသော ဓမ္မသီရိ၊ ဒီဃသီရိ၊ အဂ္ဂသီရိ၊ နာဂသီရိ စသော ဒါယကာများ၏ ဘွဲ့အမည်များနှင့် တူနေလေသည်။

ထို့ကြောင့် ယင်းတံဆိပ်တုံးသည် ထိုအမှတ်(၂) အဆောက်အအုံကို လှူဒါန်းခဲ့သူ ဒါယကာ ကုသိုလ်ရှင် (သို့မဟုတ်) ကျောင်းထိုင်သွားသူ သံဃာတဦးဦး၏ ဘွဲ့အမည် ဖြစ်နိုင်ပေသည်။ ထို့ပြင် အက္ခရာအရေး အသားမှာလည်း အိန္ဒိယနိုင်ငံ တောင်ပိုင်း၌ နှစ်ရာစုခန့်က အသုံးပြုသွားသော ဗြာဟ္မီပွား အက္ခရာနှင့် နီးစပ်လေသည်။

ဗိဿနိုးမှ ရွှံ့တံဆိပ်သည် ခတ်နှိပ်ရန်သုံးသော တံဆိပ်မဟုတ်ဘဲ ခတ်နှိပ်ထားပြီးသော တံဆိပ်ပြင်ဖြစ်၏။ ထိုရွှံ့တံဆိပ်မှာလည်း ဗိဿနိုးတွင် တွေ့ရသည့် တခုတည်းသော ကမ္ပည်းစာပင် ဖြစ်ပေသည်။
အဆောက်အအုံအချို့မှ မီးကျွမ်းသစ်သားတိုင်တို့မှ မီးသွေးကို ခေတ်မီရေဒီယိုကာဗွန် ဓာတ်ခွဲနည်းဖြင့် စစ်ဆေးကြည့်ရာ ဗိဿနိုးသည် (၁)ရာစုမှ (၄,၅)ရာစုအတွင်း ထွန်းကားသည်ဟု သိလာရ၏။

သို့ဖြစ်ရာ သရေခေတ္တရာထက်စောစွာ ဗိဿနိုးကို တည်ထောင်ခဲ့ပြီးခေတ်ပြိုင်လည်း ထွန်းကားခဲ့ကြောင်းကိုမူ မှန်းဆနိုင်သည်။ ဗြဟ္မဏအယူ ဗုဒ္ဓဘာသာတို့နှင့် ထိတွေ့မှုရှိခဲ့သော်လည်း စာပေ မထွန်းကားသေးသဖြင့် ပိဋကတ်စာပေများကို ရေးထိုးနိုင်ခြင်း မရှိခဲ့ရာ ဗုဒ္ဓသာသနာ မထွန်းကားဘဲ ရှိနေခဲ့ခြင်း ဖြစ်ပေမည်။

ထို့ပြင် ဗိဿနိုးမြို့သည် အခြားသော ပျူမြို့များထက် စောစွာတည်ဆောက်ခဲ့၊ ဖွံ့ဖြိုးခဲ့သော်လည်း ဗိဿနိုးမြို့ဟောင်းမှ အရိုးအိုးများသည်ကား နောက်မှတည်ထောင်သော ဟံလင်း၊ သရေခေတ္တရာ မြို့များမှ အရိုးအိုးများထက် ပိုမိုလှပဆန်းကြယ်နေကြောင်း တွေ့ရသည်မှာလည်း စဉ်းစားစရာဖြစ်၏။ အရိုးအိုးများ၏ မျိုးကွဲများမှာလည်း (၁၀၀)ကျော်မျှ ရှိနေလေသည်။

ယင်းအချက်ကိုကြည့်ကာ ဗုဒ္ဓဘာသာ ဖွံ့ဖြိုးမှုနည်းပါးသော ဗိဿနိုးတွင် သေခြင်းတရားကို သင်္ခါရသဘောဖြင့် တရားမရှုမှတ်နိုင်ဘဲ အမွှမ်းတင်နေကြကာ ဗုဒ္ဓအယူအဆများ ခိုင်မြဲလာသော ကျန်မြို့များတွင် တန်ဆာဆင်မှု နည်းလာသောကြောင့် ဖြစ်မည်ဟု ယူဆသူများလည်း ရှိလာကြသည်။

၁၉၅၉-ခုနှစ်မှ စတင်ပြီး ရှေးဟောင်းသုတေသနဌာနမှ ဗိဿနိုးတွင် တူးဖော်ခဲ့ရာ မည်သည့် ဗုဒ္ဓဆင်းတုတော်မှ မတွေ့ခဲ့ရပေ။ သို့ဖြစ်ရာ ဗိဿနိုးမြို့ဟောင်းတွင် ဆင်းတု၊ ရုပ်တု ကိုးကွယ်ခြင်းမရှိဟု ယူဆခဲ့ကြသည်။ သို့သော် ၂၀၀၃-ခုနှစ်တွင်မူ ရှေးဟောင်းသုတေသန ဦးစီးဌာနမှ တူဖော်ရေးအဖွဲ့များသည် ဇွန်လ(၃)ရက်နေ့မှ စပြီး ဗိဿနိုးမြို့ဟောင်းမှ တူးရန်ကျန်နေသေးသော ရှေးဟောင်းကုန်းများကို ဆက်လက်တူးဖော်ခဲ့သည်။

ထိုသို့ တူးဖော်စဉ် ဇွန်လ(၁၁)ရက်နေ့တွင် ကုန်းအမှတ် ဘီတီအို(၁၃) (BTO-13) ကျင်းကွက်အမှတ် ဒီ(၂) (D-2) ၌ ရှေးကျလှသော ကြေးဗုဒ္ဓရုပ်ပွားတော်တဆူနှင့် ယင်းနေရာမှ (၃)ပေအကွာတွင် ကြေးခေါင်းလောင်းငယ်တလုံးကို တူးဖော်ရရှိခဲ့၏။

ထိုဆင်းတုတော်သည် အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ရှေးဟောင်းအာဂျန်တာ (Ajanta) ကျောက်ထွင်းလိုဏ်ဂူ များမှ ဗုဒ္ဓရုပ်ပွားပုံတော်များနှင့် တူနေသည်။ ဦးခေါင်းတော်၊ ဆံတော်၊ သင်္ကန်းဝတ်ရုံပုံ၊ သင်းပိုင်၊ ဧကသီ အောက်အနားရစ်များကို ထင်ရှားစွာ ပုံဖော်ထားသည်။ ၀ိတက္ကမုဒြာ လက်ဟန်ရှိကာ၊ ခြေနှစ်ဖက်ချကာ သက်သောင့်သက်သာ ထိုင်နေတော်မူသော အာသန (Asana) ပုံတော် ဖြစ်သည်။

ဆင်းတုတော်သည် ဉာဏ်တော်(၆)လက်မ မြင့်ပြီး ဗြက် (၂၅)လက်မရှိကာ နှစ်ပေါင်းများစွာ မြေကြီးအောက်တွင် နစ်မြုပ်နေခဲ့ရသဖြင့် ကြေးညှော်များတက်ကာ အက်ကွဲကြောင်းများလည်း ထင်နေပြီဖြစ်၏။
ယခု တူးဖော်တွေ့ရှိမှုကား ဗိဿနိုးမြို့ဟောင်းနယ်မြေတွင် ပထမဆုံးအကြိမ် ဗုဒ္ဓဆင်းတုတော် တွေ့ရှိရခြင်း ဖြစ်သော်လည်း တူးဖော်တွေ့ရှိမှု မြေအနေအထား (Stratigraphy) နှင့် ဆင်းတုတော်၏သက်တမ်း (Dating)၊ ပဋိမာသိပ္ပံပညာအမြင်ဖြင့် ဆင်းတုတော်၏ အသွင်အပြင်တို့ကို လေ့လာပြီးမှသာ ဗိဿနိုးမြို့ဟောင်းတွင် ဗုဒ္ဓဘာသာ ထွန်းကားမှုကို ခိုင်မာစွာ ပြောနိုင်မည်ဖြစ်ပါသည်။
(ရှေ့လဆက်ဖတ်ရန်)

(ကိုအေးမြင့်-မဟာဝိဇ္ဇာ ၊ ရှေး-သု)
(နက္ခတ္တရောင်ခြည်-၂၀၁၀-ဒီဇင်္ဘာလ)

စာကိုး။
(၁) စိန်မောင်ဦး၊ ဦး။
သရေခေတ္တရာ မြို့ဟောင်း၊ ရှေးဟောင်းမြန်မာမြို့တော်များ၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ ၁၉၉၃-ခုနှစ်၊ ရန်ကုန်။
(၂) စံရွှေ၊ ဦး။
ရှေးဟောင်းသုတေသန ပညာဌာန၊ ရန်ကုန်တက္ကသိုလ်၊ ပျူဒင်္ဂါးနှင့် ပျူခေတ်ကုန်သွယ်မှု၊ ဗိဿနိုးပျူဓလေ့။
နှစ်ချုပ် အစီရင်ခံစာ၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်၏ ၁၉၆၃-၆၄ ခုနှစ်၊ ၁၉၆၄-၆၅ ခုနှစ်အတွက် နှစ်ချုပ်အစီရင်ခံစာ။
(၃) မြင့်အောင်၊ ဦး။
ဟန်လင်းမြို့ဟောင်း။
(၄) အောင်သော်၊ ဦး။
ဗိဿနိုးမြို့ဟောင်း။ ပြန်ကြားရေးဝန်ကြီးဌာန၊ ၁၉၉၃-ခုနှစ် ရန်ကုန်။
(၅) သန်းထွန်း၊ ဒေါက်တာ။ ပါမောက္ခ။
တံဆိပ်လက္ခဏာ ရည်ညွှန်းချက်၊ ကလျာမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၁၉၉၆-ခုနှစ်။
(၆) သန်းထွန်း၊ ဒေါက်တာ၊ ပါမောက္ခ။
မြန်မာသမိုင်းပုံ၊ ပထမအကြိမ်၊ မုံရွေးစာပေတိုက်၊ ၂၀၀၄-ခုနှစ် ရန်ကုန်။
(၇) အောင်သော်၊ ဦး။
ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်၊ ပျူဒင်္ဂါးများ။

အသင့်ဖော်ပြီး ဆေးတော်ကြီး

မျက်စိရောဂါတွေ တော်တော်များများ ပျောက်တဲ့ဆေး ရှိတယ်ဗျ-
ဘာရောဂါတွေတုံးကွယ့်-
(၁) ဒူလာပါဒရက် မျက်စိ၊
(၂) မီးယပ်မျက်စိ၊
(၃) မျက်စိဝေ၊
(၄) မျက်ဝတ်ထွက်၊
(၅) မျက်သားတက်၊
(၆) မျက်ရိုးကိုက်၊
(၇) မျက်စိမှုန်၊
(၈) တိမ်သလာ၊
(၉) မျက်စိစွန်၊
(၁၀) ရိုးရိုးမျက်စိနာ၊
အဲဒါတွေပဲ မှတ်မိတော့တယ်။ အကုန်သက်သာ ပျောက်ကင်းလောက်ပါတယ်။

ဆေးအမည်တွေ များလား-
မများတာမှ တမည်တည်းပါခင်ဗျာ၊
သြော်-မြစ်ချင်းပြီး ဆေးလား?
အမြစ်တော့လဲ မဟုတ်ဘူးဗျ၊
တမည်တည်းဆိုတော့ မြစ်ချင်းပြီး သဘောပေါ့။ ဒါက ပြဿနာမဟုတ်ပါဘူး။ မောင်ရင်ရဲ့ ဆေးကိုသာ ပြောပါ။

သူ့ကို လျက်လိုက်ရင် အများကြည်တဲ့ ပျားရည်---ပါ ဆရာကြီး။
အေး ကောင်းသကွ၊ ဘယ်လိုသုံးရတာတုံး၊
ရေ သန့်သန့်နဲ့ ဖျော်ပြီး ခတ်ရတာပါဗျ၊

စာရှုသူများခင်ဗျား---ပန်းပေါင်း-လို့ တင်စားခေါ်ဆိုကြတဲ့ ပျားရည်ဟာဖြင့် ကျေးလက်တောရွာမှအစ မြို့ကြီးပြကြီးအဆုံး အလွယ်တကူသုံးဖို့ ၀ယ်ယူဆောင်ထားကြတာ များတာကြောင့်
အသင့်ဖော်ပြီး ဆေးတော်ကြီး အပြီးပေးလိုက်မည်-လို့။

ကျေးဇူးစကား-
ဆေးနည်းပြောပြသော တပည့်လေး ၀င်းထိန်လင်းအား အထူးကျေးဇူးတင်ရှိပါကြောင်း။

(၀င်းကိုကိုအောင်-ထုံရွာ၊ ဆားလင်းကြီး)

ဝိပဿနာအကျိုး လင်္ကာ

လက်ရှိခန္ဓာ၊ မတွယ်တာနဲ့
နောင်လာဘ၀၊ မတောင့်တဘဲ၊
ကြောင့်ကြဇွဲဖြင့်
အမြဲမပြတ်၊ ၀ိပဿနာ
လေ့လာကြိမ်ကြိမ်၊ အာစိဏ္ဏကံ
ဖြစ်ကြောင်းဖန်မူ၊ ထိုသည့်သူကား
အယူမလွဲ၊ ဂတိမြဲ၏။

မီးစွဲလောင်မှ၊ ရေကို တသော်
မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍
မဂ္ဂင်သန္ဓေ၊ တည်နေမြဲအောင်
မသေခင်က၊ ပြင်ဆင်တောက်လျှောက်
မေ့မပျောက်နဲ့။
ချွေးပေါက်ယိုစီး၊ သေခါနီးဝယ်
အပြီးမုချ၊ မဂ္ဂင်ရလိမ့်။

ကိစ္စမလျော်၊ အကြောင်းပေါ်၍
မတော်တဆ၊ မဂ်မရဦး
ဘ၀အစွန်၊ တမလွန်တွင်
ထူးချွန်အံ့လောက်၊ နတ်ပြည်ရောက်၍
မဖောက်မပြန်၊ သောတာပန်အစစ်
ဧကန်ဖြစ်သည်၊ မလစ်ဝိပဿနာ အကျိုးတည်း။



Monday, January 10, 2011

ဆူးပန်းရွက် နှင့် သွေးအားနည်း ရောဂါ

ကျွန်မ ပန်းတနော်မြို့နယ် ဇလုပ်ငူကျွန်းတွင် တာဝန်ကျရာ ကျွန်မ၏အချစ်ဆုံး သူငယ်ချင်း ခင်မျိုးဆန်းလည်း အလည် လိုက်လာပါသည်။ တနေ့ သူနှင့်ကျွန်မ ကျွဲဒုံးမြို့မှအပြန်တွင် ဇလုပ်ငူရွာအ၀င် ကုက္ကိုပင်ကြီးဘေး၌ ဆူးပန်းပင်များ အလေ့ကျပေါက်နေပြီး ခူးမည့်သူမရှိဘဲ သန်စွမ်းနေတာကို တွေ့ရပါသည်။ ခင်မျိုးဆန်းက---

ဒီကလူတွေ ဆူးပန်းအရွက်အစွမ်းကို မသိလို့ ဖြစ်မယ်၊
ဟုပြောရာ ကျွန်မက စိတ်ဝင်စားပြီး--
ဟဲ့...ဆူးပန်းက ဘာစွမ်းလို့လဲ-ဟု မေးမိပါသည်။

ဆူးပန်းက နာလန်ထူစ လူမမာတွေ သွေးအားနည်းနေရင် သွေးအားတက်အောင် ကြော်စားရတယ်-ဟု ပြောပြပါသည်။ သူပြန်သွားပြီး နောက်တပတ်တွင် ကျွန်မ ဖျားပါတော့သည်။ အဖျားကြာရှည်ရာ (၈)ရက်ခန့် ကြာသွားပါသည်။ နာလန်ထလာသောအခါ လက်ဝါး, ခြေ၀ါးများ ဖြူဆွတ်ဆွတ်ဖြစ်နေပြီး သွေးအားနည်း နေပါတော့သည်။

ကျွန်မလည်း ခင်မျိုးဆန်းစကားကို သတိရပြီး ပေါပေါများများ လွယ်လွယ်ကူကူ ရနိုင်သော ဆူးပန်းရွက်များကို ခူးယူ၍ ဆီနိုင်နိုင်ဖြင့် ကြော်ကာ တနေ့လုံး (ထမင်းသုံးနပ်စလုံး) စားလိုက်ရာ များမကြာခင် သွေးအားများ ပြန်လည်ပြည့်ဖြိုးပြီး လက်ဖ၀ါးများ နီမြန်းကာ လာပါတော့သည်။

ကျွန်မ၏ လက်တွေ့ ပွဲတွေ့ သွေးအားနည်းပျောက်ဆေး တလက်ပင်ဖြစ်ပါသည်။
(မှတ်ချက်)
ဆူးပန်းပင်မှာ ဆူးများ များပြားကာ အရွက်သေး၍ အရိုးတံ ဖြောင့်ဖြောင့်မတ်မတ် ရှိသော ချုံပုတ်ပင်မျိုးဖြစ်ပြီး လမ်းဘေးများတွင် လွယ်ကူစွာ တွေ့နိုင်သော အပင်မျိုး ဖြစ်ပါသည်။

(မခိုင်ဝါ-မြန်အောင်)

ရှားစောင်းလက်ပပ် ဆေးအသုံး

ရှားစောင်းလက်ပပ်သည် အသက်ရှည်ဆေးများတွင် တမျိုးပါဝင်ပါသည်။ စွမ်းအင်ထက်မြက်သည်မှာ
အရွက်တွင် ရှားစောင်းလက်ပပ်-ဟုပင် ဆိုကြ အသိအမှတ်ပြုကြရသည်။

ရှားစောင်းလက်ပပ်၏ အရသာမှာ အေး၍ခါးသည်။ လေကို နိုင်စေရုံသာမက အားကို ဖြစ်စေပြီး သွေးမှန်စေသော ဆေးဖက်ဝင်အပင် ဖြစ်သည်။

ဆေးအဘိဓာန်ကျမ်းများတွင် ရှားစောင်းလက်ပပ်အမြစ်သည် အားကို ဖြစ်စေ၏။ လေကို နိုင်စေ၏။ အရိုးကျိုးသည်၌ သင့်မြတ်၏-ဟု ဖော်ပြထားသည်။
ရှားစောင်းလက်ပပ်သည် အမြစ်သာမက အပင်ပါ အသုံးဝင်သော ဆေးတလက် ဖြစ်သည်။ ရှားစောင်းလက်ပပ်တွင် အပြင်မှ အစိမ်းရောင် အခွံများ ဖုံးအုပ်ထား၍ အတွင်း၌ အဖြူရောင်ရှိ ချွဲသော အသားများ ရှိသည်။ ရေဓာတ်များစွာ ပါဝင်ပြီး စိမ်းစိုလျက် တာရှည်ခံသည်။ သို့ဖြစ်၍ မသေဆေး လေးမျိုးတွင် ရှားစောင်းလက်ပပ်ကို အထူးဖော်ပြကြသည်။

ရှားစောင်းလက်ပပ်အတွင်းရှိ အဖြူရောင်ရှိ ချွဲသောအသားများကို ခြစ်ယူကြရသည်။
လေငန်းရောဂါ အတွက် ရှားစောင်းလက်ပပ် ငါးဆ၊
ဆင်တုံးမနွယ် အမှုန့်၊
ပျားရည်တို့ကို ရော၍ စားသော် သက်သာပျောက်ကင်းနိုင်၏။
ထိုဆေးကို မှန်မှန် မှီဝဲပါက သွေးလေညီမျှ ခွန်အားကို တိုးပွားစေပါသည်။

အသားအရေ ချောမွတ်စေရန် ရှားစောင်းလက်ပပ်အနှစ်ကို ခပ်ပါးပါးလိမ်း၍ ခြောက်သွေ့သွားပါက အသာခွာ၍ အသားကို ရေနှင့်ဆေးကြောပစ်ပါ။ အသားအရေ ၀င်းပချောမွတ်လာပါလိမ့်မည်။ ယခုအခါ အလှကုန်များနှင့် ကိုယ်တိုက် အမွှေးဆပ်ပြာများတွင် ရှားစောင်းလက်ပပ်ကို ထည့်သွင်းထုတ်လုပ်လာကြသည်။

ထို့ကြောင့် သက်ရှည်ကျန်းမာ၍ အားအင် တိုးပွားကာ အသားအရေအတွက် အကျိုးပြုသော ရှားစောင်းလက်ပပ်ကို အသုံးပြုနိုင်ကြစေရန် ရေးသားတင်ပြလိုက်ပါသည်။

(ညွန့်ဝင်း-ပညာရေး၊ နတ်တလင်း)

ကြို့ကြီးထိုးရောဂါ သက်သာပျောက်ကင်း ဆေးနည်း

သာမန်ကြို့ထိုး (ကျွတ်ထိုး) သည်လောက်ကတော့ ရေတခွက်သောက်ချလိုက်သည်နှင့် သက်သာ ပျောက်ကင်းပါသည်။ အထူးသဖြင့် ကလေးများ ၀မ်းခေါင်းချဲ့လျှင် ကြို့ထိုး(ကျွတ်ထိုး) တတ်ပါသည်။ ထိုအခါ ကလေးနဖူး အလယ်တည့်တည့် မျက်ခုံးနှစ်ခုကြားမှာ အနှီးစလေးကို တံတွေးဆွတ်၍ ကပ်ပေးပြီး မိခင်က နို့ချိုတိုက်ကျွေးလိုက်သည်နှင့် သက်သာပျောက်ကင်းပါသည်။

ယခု ကြိုးကြီးထိုးရောဂါ ဆိုသည်ကတော့ လူကြီးများမှာ ဖြစ်တတ်ပါသည်။ ကြို့ကြီးထိုးရောဂါ ထပြီဆိုလျှင် တဆက်တည်း မနားတမ်း ကြို့ထိုး(ကျွတ်ထိုး)တတ်ပါသည်။ ရေသောက်ရုံနှင့် မပျောက်ပါ။ အဲဒီအခါမျိုးမှာ နံဘေးမှ မြင်ရသူများပင် ဝေဒနာရှင်ကို ကြည့်ပြီး စိတ်မသက်သာလှပါ။

တနေ့ ကျွန်ုပ်၏နေအိမ်သို့ ဇနီးသည်၏အကို (ကျွန်ုပ်၏ယောက်ဖ)တော်သူ ရောက်လာပါသည်။ အကြောင်းကတော့ ကြို့ကြီးထိုးရောဂါ ဖြစ်နေသည့်အတွက် ဆေးကုသရန် ရောက်လာခြင်းဖြစ်ပါသည်။
သူ့အိမ်မှာမြန်မာဆေး၊ အနောက်တိုင်းဆေးများဖြင့် အမျိုးမျိုး ကုသသော်လည်း မပျောက်ကင်းသဖြင့် မြို့ပေါ်ဆေးရုံသို့ ပြပြီး ကုသမှုခံယူရန်အတွက် ရောက်လာခြင်း ဖြစ်ပါသည်။

သူ့ရောဂါမှာ နေ့ခင်းဘက်တွင်သာမက ညဘက် အိပ်နေရင်းနှင့်ပင် ကြို့ထိုး(ကျွတ်ထိုး)နေသည်မှာ အတော်ကြာကြာ ခံစားနေရပါသည်။
ကျွန်ုပ်လည်း လူကြီးသူမများထံမှ ကြားဖူးနားဝရှိထားသော ဆေးနည်းဖြင့် ကုကြည့်မည်ဟု ပြောပြီး ကုသပေးပါသည်။ အမှန်တကယ်ပင် သက်သာပျောက်ကင်းခဲ့ပါသည်။ သုံးရက်ခန့် အကြာမှာ သက်သာပျောက်ကင်းသွားပြီး နောင်လည်း ထိုကြို့ထိုး(ကျွတ်ထိုး) ရောဂါ ထပ်မဖြစ်တော့ပါကြောင်း လက်တွေ့ကုထုံးလေးကို ဒါနပြုရေးသားလိုက်ရပါသည်။

ဆေးနည်းလေးမှာ---
ကြက်သွန်နီ အနေတော် ဥတလုံးကို အခွံနှင့် အမြစ်များ ဖယ်၍ ကြို့ထိုး(ကျွတ်ထိုး)နေစဉ် သူ့ကို အလုံးလိုက် ၀ါးစားခိုင်းလိုက်ပါ။ ကြို့ထိုးခြင်း သက်သာပျောက်ကင်းပါသည်။
ကြို့ထိုးတိုင်း တလုံး စားပါ။ နှစ်ရက် သုံးရက်ထက် ပိုမစားရဘဲ သက်သာပျောက်ကင်းပြီး နောင်ကိုလည်း အနှီကြို့ထိုးရောဂါ လုံးဝ ပြန်မဖြစ်တော့ပါကြောင်း ဆေးနည်းကောင်း ပါးလိုက်ရပါသည်။

လက်တွေ့ဆေးနည်း ပြောပြသူ ကိုငယ် (သာဝတ္ထိ) အား ကျေးဇူးတင်လျက်---
(ဧစန္ဒာမိုး-တောင်ငူ)

Sunday, January 9, 2011

ဆီးကျန်ရောဂါအတွက် မြင်းခွါပင်

စာရေးသူဟာ ကျင်ငယ် (သေး) စွန့်ပြီးတိုင်း ကျင်ချောင်းထဲမှာ ကျင်ငယ်တွေ ကျန်နေတတ်တယ်။ ကျင်ငယ်စွန့်ပြီးလို့ ထိုင်နေ၊ သွားနေမှ ကျင်ချောင်းထဲက ကျန်နေတဲ့ ကျင်ငယ်ဟာ ယိုစိမ့်ထွက်လာပါတယ်။
ယိုစိမ့်ထွက်လာတဲ့ ကျင်ငယ်ဟာ ခါးမှာဝတ်ထားတဲ့ သင်းပိုင်အ၀တ်သင်္ကန်းကို စွန်းထင်းပေကျံသွားပါတယ်။
နေ့စဉ် ရက်ကြာရှည်စွာ ကျင်ငယ်တွေစွန်းပေပါများတဲ့အတွက် သင်းပိုင်တနေရာမှာ အကွက်ကြီးဖြစ်နေ ပါတယ်။ ဖွပ်လျှော်လို့လဲ မရပါဘူး။ သင်းပိုင်ဟာ ကျင်ငယ်နံ့ ခဏခဏထွက်နေတဲ့အတွက် မကြာမကြာ လျှော်ဖွပ်ပေးရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အင်ပင်တောကျောင်း ဥဇ္ဇယစာကြည့်တိုက်သို့ စာအုပ်လာငှါးတဲ့ ဒကာကြီး ဦးနုကို ပြောပြမိပါတယ်။ စာရေးသူ့စကားကို နားထောင်ပြီး ဦးနုမှ အခုလိုလျှောက်ထားပါတယ်။

မြင်းခွါပင်က ဆီးအတွက် ကောင်းတယ်ဘုရား၊ အရှင်ဘုရားဖြစ်တဲ့ ဆီးရောဂါအတွက် မြင်းခွါပင် ပဉ္စငါးပါးကို အရိပ်ထဲမှာခြောက်အောင်လှန်းပြီး အမှုန့်ပြုပါ။ ရလာတဲ့ အမှုန့်ကို ပျားရည်နဲ့ ရောပြီး မှီဝဲပေးပါ။ ဒါဆိုရင် အရှင်ဘုရားဖြစ်တဲ့ ကျင်ချောင်းထဲမှာ ဆီးကျန်တဲ့ရောဂါနဲ့ ကျင်းချောင်းထဲမှ ဆီးယိုစိမ့်တဲ့ရောဂါ သက်သာပျောက်ကင်းပါလိမ့်မယ်ဘုရား။

ဒကာကြီးရဲ့ ဆေးနည်းကို ဦးပဉ္ဇင်း လက်တွေ့ စမ်းကြည့်ပါ့မယ်။
ဒါဆိုရင် အရှင်ဘုရား မြင်းခွါပင် ပဉ္စငါးပါး အမှုန့်ကို မနက် ဆွမ်းဘုဉ်းပေးပြီးတိုင်း လက်ဖက်စားဇွန်းငယ်နဲ့ တဇွန်း ပုံမှန်စားကြည့်ပါ။
တလရှိရင်အရှင်ဘုရားရောဂါ ထူးခြားလာပါလိမ့်မယ်။

စာရေးသူဟာ ဦးနုရဲ့ အကြံပေးချက်အတိုင်း မြင်းခွါပင် ပဉ္စငါးပါး (မြစ်၊ နွယ်၊ ပွင့်၊ သီး၊ ရွက်) ကို နေရိပ်ထဲမှာ ခြောက်အောင်လှန်းတယ်။ ပြီးတော့ မှုန့်နေအောင် ထောင်းတယ်။ ထောင်းလို့ရတဲ့ မြင်းခွါမှုန့်ကို ဖန်ဘူးထဲမှာ ထည့်ထားပြီး နေ့စဉ် မနက် ဆွမ်းဘုဉ်းပေးပြီးတိုင်း လက်ဖက်စားဇွန်းငယ်နဲ့ တဇွန်း မှီဝဲပါတယ်။

စားစမှာ မထူးခြားပေမယ့် (၁၅)ရက်ခန့်ရှိတဲ့အချိန် ကျင်ချောင်းထဲမှ ဆီးယိုစိမ့်တာ လျော့နည်းလာတာ သတိပြုမိတယ်။ တဖြည်းဖြည်း ဆေးစားတာ တလပြည့်တဲ့အချိန် ဆီးသွားပြီး ကျင်ချောင်းထဲမှာ ဆီးကျန်နေတာ၊ ကျင်ချောင်းထဲမှ ဆီးယိုစိမ့်တာ သက်သာပျောက်ကင်းသွားပါတယ်။

အခု စာရေးသူဟာ ဆီးရောဂါ ပျောက်သွားပေမယ့် မြင်းခွါဆေးမှုန့်ကိုတော့ ဆက်လက်စားနေပါတယ်။ အရင်က လက်ဖက်စားဇွန်းငယ်နဲ့ တဇွန်းစားတာ အခုဆိုရင် နှစ်ဇွန်း ပုံမှန် စားပါတယ်။ ရောဂါပျောက်ပေမယ့် နောက်ထပ်ဝေဒနာ ထပ်မဖြစ်စေချင်လို့ ဆေးဆက်စားတာပါ။

အရှင်ဥဇ္ဇယ

ဆီးပူ ဆီးချုပ်ရောဂါ သက်သာပျောက်ကင်းဆေး

အပူအစပ် စားတာ များမယ်၊ ဆီးသွားချင်ပေမယ့် မသွားဘဲ အောင့်ထားမယ်၊ နေပူမိတာ များမယ်၊ ဒီလိုဟာတွေကြောင့် ဆီးပူခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးကျန်ခြင်း ဖြစ်ရတာပါ။
ဆီးပူ၊ ဆီးအောင့်၊ ဆီးကျန်ခြင်းဖြစ်လာရင် ခြေဖျားအထိ ပူလာတယ်။ မျက်စိတွေ မှုန်လာတယ်။ ဆီးအပူအခိုးတွေ မှုတ်လို့ မျက်စိမှုန်လာခြင်း ဖြစ်ပါတယ်။

မုရားကြီးရွက် (၂၅)ကျပ်သားကို ဒန်အိုးတခုမှာထည့်ပါ၊
ရေ မတ်ခွက် သုံးခွက်ထည့်ပါ။
ဒန်အိုးကို မီးဖိုပေါ် တင်ပါ။
ရေ မတ်ခွက် သုံး တခွက်တင်(ကျန်) ကျိုပါ။

မုရားကြီးရွက်ပြုတ်ရည် အေးသွားပြီဆိုရင် သကြား (၅)ကျပ်သား ထည့်ပြီး ညအိပ်ရာဝင်ချိန်မှာ သောက်ပါ။
ဆီးပူ၊ ဆီးအောင့်၊ ဆီးချုပ်၊ ဆီးကျန်ခြင်းရောဂါတွေ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

မုရားကြီးရွက်ပြုတ်ရည် နှစ်ရက် ဆက်သောက်ပါ။ သောက်တဲ့အခါ သကြားတွေ ရေထဲမှာ ပျော်ဝင်သွားအောင် မွှေနှောက်သောက်ပါ။
ဆီးရောဂါ မရှိတဲ့သူများ ဆီးအိမ်သန့်ရှင်းတဲ့အနေနဲ့ ဒီဆေးနည်းအတိုင်း ပြုလုပ်ပြီး သောက်ပေးသင့်ပါတယ်။ တပတ်တခါ၊ တလတခါ သောက်ပေးရင် ဆီးနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ် ပြီးသား ဖြစ်ပါတယ်။

ဆေးနည်းကို ပြောပြတဲ့ ဆရာကြီး ဦးစံသိန်း-ကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။
ကျန်းမာကြပါစေ။
( ဘမှီ-စည်သာ)

Saturday, January 8, 2011

အရက်သမားမယား တဖားဖား

ဆင်းရဲသား၊ ကာယအလုပ်သမားတွေနဲ့ အရက် ပတ်သက်မှုကတော့ အမောပြေ အပန်းပြေစေတဲ့ အရာတခု အနေနဲ့ သုံးကြတာများပါတယ်။ ဒီကနေစပြီးတော့ အကျင့်ဆိုတာပါလာတယ်။ နောက်ဆုံး ရောဂါကြီးတခုခု စွဲလာတဲ့အထိပါပဲ။

ကျွန်မမိတ်ဆွေ ဆရာဝန်ကြီးတယောက်ဆီကို ကိစ္စတခုနဲ့ ရောက်နေချိန်မှာ စံပယ်ဆိုတဲ့ လူနာရှင်က အသက် (၃၈)နှစ်အရွယ် သူ့ခင်ပွန်း ကိုမင်းဟန်ကိုခေါ်ပြီး ဆရာဝန်နဲ့တွေ့ဖို့ စောင့်နေပါတယ်။ အကျိုးအကြောင်း မေးကြည့်တော့ ရောဂါက အခုခေတ်လူကြီးလူငယ်မရွေး ဖြစ်နေကြတဲ့ အရက်စွဲရောဂါပါပဲ။

ကျွန်မမိသားစုလေးက အစမှာ ပျော်ပျော်ရွှင်ရွှင် ရှိခဲ့ကြတာပါ။ ကျွန်မမှာ ကလေးနှစ်ယောက်ရှိတယ်။ သူ့စီးပွားရေးကလည်း ကျွန်မတို့အိမ်ထောင်မကျခင်ကတည်းက အစပြုခဲ့တာဆိုတော့ တော်တော်လေး အရှိန်ရနေပါပြီ။ လွန်ခဲ့တဲ့ (၁၂)နှစ်ကပေါ့။ တနေ့ သူ့သူငယ်ချင်းရဲ့သား မွေးနေ့ပါတီပေးလို့ဆိုပြီး သွားခဲ့တယ်။ ကျွန်မက ကလေးနေမကောင်းလို့ လိုက်မသွားခဲ့မိဘူး။ အပြန်မှာ အရက်သောက်လာတာကို သတိပြုမိတယ်။ သူကလည်း သူငယ်ချင်းအားလုံး ၀ိုင်းတိုက်လို့ မလွှဲသာလို့ သောက်ခဲ့ရတာပါ။ နောက်မသောက်တော့ပါဘူးတဲ့။ ကျွန်မကလည်း ဘာမှတုံ့ပြန်ပြောမနေတော့ပါဘူး။

အဲဒါက ကျွန်မအတွက် အကြီးမားဆုံးအမှားပါပဲ။ နောက်ပိုင်းကျတော့ ပွဲလမ်းသဘင် အစီအစဉ်တခုခုတက်ပြီး ပြန်လာတိုင်း အရက်နံ့သင်းနေတတ်ပါတယ်။ ပြောလိုက်ရင် အပျော်သက်သက် တခွက်တပက်လောက်ပါ ကွာနဲ့ လုပ်ရင်းလုပ်ရင်း အကျင့်ပါလာပါတော့တယ်။ စီးပွားရေးဘက် စိတ်ဝင်စားမှုနည်းလာတော့ ၀င်ငွေက တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့တယ်။

ကျွန်မက မသောက်ဖို့တားရင် ရိုက်မောင်းပုတ်မောင်း လုပ်လာတဲ့အထိ အခြေအနေဆိုးလာတယ်။ ကျွန်မမှာ
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် စိတ်ဆင်းရဲခဲ့ရတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကလည်း အရက်ရဲ့ရိုက်ချက်တွေ ပြလာပါပြီ။ အသည်းက ငါးဆယ်ရာခိုင်နှုန်း ပျက်စီးနေပြီ။

စီးပွားရေးကို ကျွန်မက၀င်ပြီး ကိုယ်င်တွယ်စီမံလာတော့ သူက သံသယမျက်လုံးတွေနဲ့ ကြည့်လာတယ်။ လင်မယားကြား နေ့စဉ်ရက်ဆက် ရန်ပွဲတွေကြောင့် ကလေးတွေရဲ့ ပညာရေးမှာပါ အနှောင့်အယှက် ဖြစ်လာတယ်။ တနေ့ အိမ်နီးနားချင်းအမကြီးက အရက်ပြတ်စေချင်ရင် ဆရာဝန်ကြီးဆီသွားပါလား။ တကယ်ပြတ်တယ်ဆိုတာနဲ့ ကျွန်မ နယ်ကသူ့အဖေကို ခေါ်ပြီး အကူအညီတောင်းရတယ်။ ဒါတောင် မလိုက်ချင်ဘူး။ မနည်းကြိုးစားပြီး ဆရာ့ဆီခေါ်ခဲ့ရတာပါ။

အခုတဖြည်းဖြည်းနဲ့ တော်တော်လေးကို အခြေအနေကောင်းနေပါပြီ။ ကျွန်မလေ တကယ်လို့ ပထမဆုံး သူသောက်လာတဲ့နေ့ကသာ ရှောရှောရှူရှူ လက်မခံဘဲ ပြဿနာလုပ်ခဲ့မိရင် ဒီအခြေအနေရောက်လာဖို့ အကြောင်းကို မရှိပါဘူး။
ဒါကတော့ အရက်ရဲ့ ကျေးကျွန်ဖြစ်ရပုံ ဥပမာတခုပါ။ လူလတ်တန်း စားတွေမှာ ဖြစ်လေ့ဖြစ်ထရှိကြတဲ့ ပုံစံတမျိုးပေါ့။

အထက်တန်းလွှာချည်းပဲ ဒါမျိုးဓလေ့ရှိတာ မဟုတ်ပါဘူးလေ။ ခေတ်မီတိုးတက်ပါတယ်ဆိုတဲ့ လူလတ်တန်းလွှာမှာလည်း ပွဲတိုင်းလိုလို အရက်သေစာနဲ့ ကင်းတယ်ဆိုတာ ခပ်ရှားရှားပါ။ တချို့လူငယ်တွေက ကိုယ့်ဇနီးသည်နဲ့ လူကြီးမိဘတွေကို တပတ်ရိုက်တတ်တာတွေရှိသေးတယ်။ ဖျော်ရည်သောက်တာပါဆိုပြီး အရက်တွေရောသောက်၊ တဖြည်းဖြည်းများလာတော့မှ အသိလွတ်ပြီး လူစိတ်ပျောက်ရာက ဘူးပေါ်သလို ပေါ်သွားတာပါပဲ။

ဆင်းရဲသား၊ ကာယအလုပ်သမားတွေနဲ့ အရက်ပတ်သက်မှုကတော့ အမောပြေအပန်းဖြေစေတဲ့ အရာတခုအနေနဲ့ သုံးကြတာများပါတယ်။ ဒီကနေစပြီးတော့ အကျင့်ဆိုတာပါလာတယ်။ နောက်ဆုံး ရောဂါကြီးတခုခု စွဲလာတဲ့အထိပါပဲ။

ငွေရှိတဲ့လူနဲ့ ဆင်းရဲသားမှာ သောက်တာချင်းလည်းတူတယ်။ မူးတာချင်းလည်း အတူတူပါပဲ။ ကွာတာက နိုင်ငံခြားဖြစ်နဲ့ ပြည်တွင်းဖြစ်လောက်ပဲ။ တချို့က ရွာထွက်အရက်တွေသောက်ပြီး အစုလိုက်အပြုံလိုက် ဒုက္ခရောက်ကြရတာ ကြားဖူးကြမှာပါ။
ဘယ်အရက်ပဲသောက်သောက် အလွန်အကျွံ မူးလာပြီဆိုရင်တော့ သတိလက်လွတ်ဖြစ်ကုန်ပြီး လမ်းမှားကိုလျှောက်ဖို့ ၀န်မလေးကြတော့ပါဘူး။ အမှား အမှန် ဆိုတာကိုလည်း မဝေခွဲနိုင်ကြတော့ဘဲကိုး။

အသက် ၄၅-နှစ်အရွယ် ဒေါ်ခင်ထားထားတယောက်လည်း အသက် ၂၀-အရွယ် သားတော်မောင်ကိုခေါ်ပြီး အရက်ဖြတ်ဖို့ ဆေးရုံကို ရောက်နေပါတယ်။ သူ့ဖအေကလည်း အရက်သမားမို့ အသက် ၃၀-နှစ်အရွယ်မှာပဲ
မုဆိုးမဖြစ်ခဲ့ရတယ်။ ကလေးတွေ လူလားမြောက်အောင် မနည်းရုန်းကန်ခဲ့ရတယ်။ အခု သားက အရက်သမားဖြစ်နေပြန်ပြီ။ ပိုက်ဆံတောင်းလို့ မပေးရင် အိမ်မှာတွေ့တဲ့ပစ္စည်း မ,သွားတော့တာဘဲတဲ့။

အခုခေတ်လူငယ်တွေကတော့ အဆင့်အတန်းမရွေး၊ ဖက်ရှင်လို သဘောထားနေကြပါပြီ။ ပြည်ပက ပုလင်းလှလှလေးတွေ၊ ပြည်တွင်းဖြစ် ကမ္ဘာကျော်ဘီယာနဲ့ အရက်မျိုးစုံက သူတို့ကို ဆွဲဆောင်နေကြတယ်။
မဂ္ဂဇင်းဂျာနယ်တွေရဲ့ နောက်ကျောဖုံးက ဘီယာခွက်ကိုယ်စီနဲ့ လူငယ်တွေပုံကလည်း အတူယူလောက် စရာပဲကိုး။

ချစ်သူက ပစ်သွားလို့ဆိုတာတမျိုး၊ အပျော်သောက်တာပါဆိုတာက တဖုံ၊ အကြောင်းအမျိုးမျိုးပြပြီး သောက်နေကြတာပါပဲ။ သူတို့က အရက်ကို သောက်တယ်ဆိုပေမယ့် အရက်က ၀မ်းထဲရောက်သွားတာနဲ့ သူ့ရဲ့ခိုင်းစေချက်အတိုင်း ဦးနှောက်ကြီးလှပါတယ်ဆိုတဲ့ လူသားစစ်စစ်ကနေ တိရစ္ဆာန်အဆင့်ကို ရောက်သွားပါတော့တယ်။ စီးပွားဥစ္စာ၊ လုပ်ငန်းဂုဏ်သိက္ခာအားလုံးကို တိတိနဲ့ ပါးပါးလှီးတတ်တဲ့ တရားခံ ကတော့ အရက်သေစာ၊ မူးယစ်ဆေးဝါးပါပဲ။

မြွေပွေးဆိုတာ သူ့ဘာသာသူနေရင် ဘာမှအန္တရာယ်မပြုပေမဲ့ သူ့ကိုထိလိုက်တာနဲ့ ပေါက်တတ်သလို အရက်ကလည်း သူနဲ့ပတ်သက်လိုက်တာနဲ့ မြွေဆိပ်တွေ ခန္ဓာကိုယ်ထဲ တဖြည်းဖြည်းချင်း ပျံ့သွားသလို လူကိုအကျိုးယုတ်စေပြီး နာလန်မထူအောင် လုတ်တတ်တာပါ။ ဒါကို လူတွေမသိကြတာ မဟုတ်ပါဘူး။ သိသိကြီးနဲ့ကို ပတ်သက်နေကြတာဟာ မိမိကိုယ်ကို ယုံကြည်စွမ်းအား လျော့နည်းကြလို့သာ ဖြစ်ပါတယ်။

ဘယ်အဆင့်အတန်းကလူပဲဖြစ်ဖြစ် အရက်သောက်လို့ အရက်သမားချက်ချင်း ဖြစ်မသွားပါဘူး။ အစပြုပြီဆိုတာနဲ့ အန္တရာယ်ကျော့ကွင်းကို နင်းမိလိုက်သလိုပါပဲ။ တချို့ကတော့ ငါကိုယ်ငါ နိုင်ပါတယ်။ သူများတွေလို အရက်သမားမဖြစ်စေရပါဘူးလို့ ကြွေးကြော်တတ်ကြတယ်။ နောက်ဆုံးတော့လည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ သောက်လာလိုက်တာ ကိုယ့်ကိုယ်ကို အရက်သမားဖြစ်လို့ဖြစ်မှန်း မသိကြ တော့ပါဘူး။ ဒါပေမဲ့ အရက်ဆိုတဲ့ အရာကို သောက်စပြုပြီဆိုတာနဲ့ အလုပ်အကိုင်ပျက်၊ အိမ်ထောင်ရေးမှာ တာဝန်ပျက်၊ ငွေရေးကြေးရေးကဏ္ဍမှာ ထိခိုက်လာ၊ ကတိပျက်၊ ဂုဏ်သိက္ခာကျဆင်းမှု စတဲ့အရာတွေက နောက်မှာ တသီကြီးပါလာတတ်ပါတယ်။

ဇနီးမယားကဏ္ဍ---
မေးစရာဖြစ်လာတာက ခင်ပွန်းသည် အရက်သမားဖြစ်သွားရင် ဇနီးသည်က ဒီလိုခင်ပွန်းမျိုးကို ပြတ်စဲပစ်ရမှာလား၊ ဆက်ပေါင်းရမှာလားဆိုတာပါပဲ။ တကယ်တော့ အရှေ့တိုင်းဇနီးမယားတွေရဲ့ အစဉ်အလာမှာ ခင်ပွန်းကိုပစ်ထားဖို့၊ ရုတ်တရက် ပြတ်စဲဖို့ဆိုတာ လွယ်လှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

အရက်သမားနဲ့ ဆက်လက်ပေါင်းသင်းဖို့ကရော လွယ်လို့လား။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာ ပဲလေ။ သူ့အဆင့်အတန်းအလွှာအလျောက် စိတ်ချမ်းသာတဲ့ ဇနီးမယားရယ်လို့ မရှိသလောက်ပါပဲ။ သူတို့ရဲ့ ရိုင်းပြတဲ့ပြုမူဆက်ဆံမှုတွေက သည်းမခံနိုင်လောက်အောင် ဖြစ်တတ်တယ်။ သူတို့မသောက်ထားတဲ့အချိန်မှာတော့ ဆက်ဆံမှုက သာမန်အခြေအနေမှာ ရှိနေကြတာပါ။

ချမ်းသာတဲ့အလွှာမှာ စီးပွားရေးနဲ့ ဆုတ်ယုတ်မှုက ချက်ချင်းမသိသာလှပေမယ့် ဆင်းရဲသား လက်လုပ်လက်စား လူတန်းစားတွေမှာ အရက်နည်းနည်းဖြစ်စေ၊ များများဖြစ်စေ သောက်လိုက်တာနဲ့ သိသာလှပါတယ်။ သောက်တတ်လာတဲ့ ခင်ပွန်းတွေမှာ အရက်ကလွဲရင် တခြားဘာမှအရေးမကြီးတော့ ပါဘူး။ ဇနီးကို လူကြားထဲ ဆူငေါက်ရမလား။ သားသမီးကို ရိုက်မောင်းပုတ်မောင်း လုပ်ရမလား၊ မိဘကို ပြန်အော်ရမလား၊ ဘာမဆို လုပ်ရဲကြပါတယ်။

ဒီလိုမိသားစုကို ပတ်ဝန်းကျင်ကလည်း တဖြည်းဖြည်း ရှောင်လာတတ်ကြပါတယ်။ ဒီတော့ စိတ်ဆင်းရဲရတာ ဇနီးသည်ပါပဲ။
ခင်ပွန်းသည် အရက်စသောက်ချိန်မှာ အရေးမကြီးသလို ဘာသိဘာသာ နေတတ်တဲ့ ဇနီးသည်တွေဟာ များသောအားဖြင့် အရက်ရဲ့ ကြီးမားတဲ့အန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတခေါင်းပါးလို့ပါပဲ။ ဒီစကားကို စာရေးသူရဲ့မိတ်ဆွေ စိတ်ရောဂါအထူးကု ဆရာဝန်ကြီးတဦးက ပြောခဲ့တာပါ။ သူက ဆက်ပြီးပြောပြခဲ့ တာက---

အရက်က ခန္ဓာကိုယ်မှာ ပျံ့နှံ့သွားပြီး အာရုံကြောအဖွဲ့အစည်း (Nerovous System) ကို အားပျော့လာ စေတယ်။ ဒီတော့ ခန္ဓာကိုယ်ထိန်းချုပ်မှု အားနည်းလာတယ်။ အစာအိမ်အူလမ်းကြောင်းနဲ့ အသည်းတွေ ပျက်စီးစပြုလာတယ်။
အရက်ကို အမြဲသောက်တာကြောင့် နှလုံးရောဂါ၊ သွေးတိုး၊ အာခံတွင်းနဲ့ လည်ပင်းကင်ဆာ၊ စိတ်ရောဂါနဲ့ လေရောဂါ အမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီလိုလူနဲ့ ကလေးကိုယ်ဝန်ရှိလာရင်တောင် ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်တယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မဖွံ့ဖြိုးတဲ့ကလေးလည်း ဖြစ်နိုင်ပါတယ်။

အရက်သမားတယောက်ရဲ့ ခန္ဓာကိုယ်ပိုင်းမှာ ကမောက်ကမတွေ ဖြစ်နိုင်သလို စိတ်ပိုင်းဆိုင်ရာလည်း တည်ငြိမ်ကျန်းမာမနေနိုင်ဘူး။ သူတို့မှာ ရန်လိုစိတ်နဲ့ ခက်ထန်ကြမ်းတမ်းတဲ့ အပြုအမူတွေ တွေ့ရတတ်တယ်။
အရက်သမားတိုင်းဟာ ကိုယ်အရက်သောက်ရတဲ့ အကြောင်းအရင်းကို ဇနီးနဲ့မိဘအပေါ် လွှဲချတတ်ကြတယ်။ အရက်သမား (၄၀)ရာခိုင်နှုန်းက စိတ်ဖိစီးမှုကြောင့် သောက်တတ်သလို (၆၀)ရာခိုင်နှုန်းက ကြိုက်လို့ သောက်ရာက အရက်သမားဖြစ်ကုန်ကြပြီး အရက်က ကိုယ့်ကိုသောက်တဲ့အဆင့် ရောက်ကုန်ကြသည်။

ဇနီးသည်အနေနဲ့ အရက်သမားခင်ပွန်းရဲ့ ရန်လိုမှု၊ မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံမှုကို မကြောက်သင့်ပါဘူး။ ကြောက်စိတ်ဆိုတာ ကင်ဆာရောဂါလို ကြောက်ဖို့ကောင်းပြီး မိသားစုအားလုံးကို ၀ါးမျိုသွားနိုင်ပါတယ်။
အထူးသဖြင့် ဇနီးသည်က ခင်ပွန်း ပထမဆုံး အရက်သောက်လာတဲ့နေ့မှာပဲ ခါးခါးသီးသီးကြီးကို တားမြစ်သင့်ပါတယ်။ နားဝင်အောင် ရှင်းပြသင့်တယ်။ သောက်တတ်တဲ့အပေါင်းအသင်းနဲ့ ဝေးအောင် ဖန်တီးသင့်တယ်။ သူ့ကို အမြဲအာရုံထားသင့်တယ်။ လူမှာ အရက်ကြောင့် ဘယ်လိုရောဂါတွေ ရနိုင်သလဲဆိုတဲ့ တီဗီအစီအစဉ်၊ စာစောင်၊ စာအုပ်တွေ လေ့လာစေသင့်တယ်။
နောက်ဆုံး ကိုယ့်အသိဆရာဝန်တွေဆီခေါ်သွားပြီး အရက်ကြောင့်ဖြစ်ရတဲ့ ဆိုးကျိုးတွေအကြောင်း အပြန်အလှန် ဆွေးနွေးစေသင့်တယ်။ ပြီးတော့ အရင်ကရှိခဲ့တဲ့ သူ့ရဲ့ဝါသနာတွေကို ပြန်ဖော်ထုတ်ပြီး လုပ်စေသင့်တယ်။

ဆေးရုံတက်ရလောက်အောင် အရက်သမားကြီး လုံးလုံးဖြစ်သွားပြီဆိုရင်တော့ ဆေးရုံကတိုက်တဲ့ ဆေးလောက်နဲ့ မလုံလောက်ပါဘူး။ ဇနီးအပါအ၀င် မိသားစုတခုလုံးရဲ့ ဂရုစိုက်မှုပါ လိုအပ်လာပါပြီ။ တခြားရောဂါတွေလို ဒီဆေးသောက်၊ ပျောက်ကင်းဆိုပြီး တိခနဲပြတ်သွားမှာပဲဆိုတဲ့ မျှော်လင့်ချက် မထားသင့်ပါဘူး။ အရက်ဆိုတဲ့အရာက ပြတ်ဖို့အချိန်ယူရပါတယ်။

သူ့ကို ဥပေက္ခာပြုတာတို့၊ ဝေးဝေးရှောင်တာတို့ မလုပ်ဘဲ သူနဲ့အတူနေပေးပါ။ ကြင်နာမှုပေးပါ။ အရက်ဖြတ်ဖို့ လွယ်ပါတယ်။ တခုပဲအရေးကြီးတာက ဖေးမမှုနဲ့ နားလည်မှု၊ ဆေးကုသပေးသူရဲ့ စကားကို လိုက်နာပြီး လူနာကို ကြပ်ကြပ်မတ်မတ်လေး ဂရုစိုက်ပေးရင် သင့်ရဲ့မိသားစု အရင်လိုပျော်ရွှင်ချမ်းမြေ့နိုင်တော့မှာပါ။

ဒီစကားတွေကတော့ ကျွန်မရဲ့ မိတ်ဆွေဆရာဝန်ကြီး ပြောခဲ့သမျှပါပဲ။

နီမာလာ
(Image 2010-November)