Thursday, March 31, 2011

ရိုးသားခြင်း၏ လက်ငင်းအကျိုး

မောင်လှဝင်းသည် တောင်ငူမြို့၏ မြောက်ဘက် ဆင်ခြေဖုံးရက်ကွက်လေးတွင် နေထိုင်သူ ဖြစ်သည်။ အဖေ အမေ အပါအ၀င် မောင်နှမ ငါးယောက်နှင့် မိသားစု ခုနစ်ယောက်ရှိသည်။ ဖခင်ဖြစ်သူက အငှားဆိုက်ကားနင်းသည်။ မိသားစု ခုနစ်ယောက်ရှိ၍ သူတို့ဝင်ငွေနှင့် မလောက်ငပါ။

မောင်လှဝင်းသည် ငါးတန်းနှင့် ကျောင်းထွက်လိုက်ရသည်။ ကျန်သော ညီလေးနှစ်ယောက်နှင့် ညီမလေးနှစ်ယောက်လည်း ကျောင်းထွက်လိုက်ရသည်။ မောင်လှဝင်းက အသက် တဆယ့်လေးနှစ် အရွယ်ရှိ၍ အကြီးဆုံး ဖြစ်သည်။ ညီလေးနှစ်ယောက်နှင့် ညီမလေး နှစ်ယောက်က ပြောင်းဖူးပြုတ်၊ ခွေးချိုသီး၊ ကြံရိုး၊ နာနတ်သီး၊ ဖရဲသီးစိတ် စသော ရာသီပေါ် အသီးများကို လည်၍ ရောင်းရသည်။ 

သူတို့ဖခင်သည် ရိုးသားသူ ဖြစ်သည်။ မိသားစု ညစာ စုပေါင်းစားချိန်တွင် သားသမီးများကို အမြဲတမ်း သွန်သင်ဆုံးမစကား ပြောကြားလေ့ရှိသည်။
သားတို့၊ သမီးတို့-လူဆိုတာ ရိုးသားရမယ်။ ကြိုးစားရမယ်။ သူတပါး ပစ္စည်းဥစ္စာကို ဘယ်သောအခါမှ မခိုး၊ မ၀ှက်၊ မလုရဘူး။ ကိုယ့်ထက်နိမ့်ကျသူကို သနားရမယ်။ ကူညီရမယ်။ ကြီးသူကို ရိုသေရမယ်။ ရွယ်တူကို လေးစားရမယ်။ သူတပါးအပေါ် မလိမ်မညာ၊ မလှည့်စားရဘူး။ ကိုယ်ကောင်းစားရေးအတွက် သူတပါး အကျိုးစီးပွားပျက်စီးအောင် ဘယ်သောအခါမှ မလုပ်ရဘူး။ မှတ်ထားကြနော်။ ကဲ--သားတို့ သမီးတို့ ဘုရားကန်တော့ကြ၊ အဖေတို့ကိုလည်း ကန်တော့ပြီး အိပ်ရာဝင်ကြ။

မောင်လှဝင်းတို့ မိသားစုသည် ဆင်းရဲသော်လည်း ရှိတာလေးနှင့် ရောင့်ရဲတင်းတိမ်မှု ရှိကြပါသည်။ အိမ်နီးနားချင်းများထံမှ ချေးငှားခြင်း မရှိပါ။ မောင်လှဝင်း၏ ဖခင်သည် ရပ်ကွက်ထဲကပင် ဖြစ်စေ၊ တခြားနေရာကပဲ ဖြစ်စေ၊ မဖိတ်ဘဲနှင့် အလှူအတန်းများကို သွားလေ့မရှိပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ နေ့စဉ် ဘုရားဝတ်တက်ပြီး ဥပုသ်နေ့တိုင်း ဥပုသ်စောင့်လေ့ရှိသည်။


မောင်လှဝင်းသည် ဖခင်ဖြစ်သူ၏ သွန်သင်ဆုံးမမှုများကို ဂရုတစိုက် နားထောင်ပြီး လိုက်နာသူဖြစ်သည်။ မောင်လှဝင်းအလုပ်က မြွေရေခွံအိတ်ကြီးကို ကြိုးဖြင့်သိုင်း၊ ပခုံးမှာ လွယ်ပြီး လမ်းဘေး အမှိုက်ပုံထဲက ရေသန့်ဘူးခွံ့၊ နို့ဆီခွက်၊ ဘီယာဘူးခွံ၊ ကျွဲရိုင်းဘူးခွံ၊ ပုလင်းခွံ၊ ကော်အတိုအစအနနှင့် ပလတ်စတစ်များကို လိုက်ကောက်ပြီး ပစ္စည်းဟောင်း ၀ယ်သည့်ဆိုင်များတွင် ပြန်ရောင်းသည့်အလုပ် ဖြစ်သည်။


တနေ့တွင် နှစ်ထပ်တိုက်ထဲမှ အသက် ၄၀-ခန့် အမျိုးသမီးတယောက် အမှိုက်ပုံ၌ အမှိုက်ခြင်းကို ပစ်သွားသည်။ မောင်လှဝင်းသည် ထိုအမှိုက်ခြင်းထဲက ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံ၊ ငံပြာရည်ဘူးခွံနှင့် ပလပ်စတစ် အတိုအစများကို မွှေနှောက်ရှာဖွေနေသည်။ ထိုစဉ် အမည်းရောင် အထုပ်ကလေး တထုပ်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ထိုအထုပ်ကလေးကို လက်နှစ်ဖက်ဖြင့် သေသေချာချာ စမ်းကြည့်ပြီး ရင်တွေခုန်နေသည်။ ရွှေထုပ်မှန်း မောင်လှဝင်း သိလိုက်ပြီ။ သည်အချိန်မှာပင် ဖျတ်ခနဲ သူ့အဖေကို မြင်ယောင်ပြီး အဖေ ဆုံးမသော လူဆိုတာ ရိုးသားရမယ်-ဆိုသည့်စကားကိုလည်း ပြန်လည်ကြားယောင် မိသည်။ ထို့ကြောင့် မောင်လှဝင်းသည် ချက်ချင်းပင် စောစောက အမှိုက်ပစ်သွားသော အမျိုးသမီး၏ တိုက်ရှေ့ကို ပြေးသွားသည်။


အန်တီ..အန်တီ..ဟု လှမ်းခေါ်လိုက်သည်။ စောစောက အမျိုးသမီးသည် တိုက်ထဲက ထွက်လာပြီး-
ဟဲ့-ဘာကိစ္စရှိလို့လဲ-ဟု ပြန်မေးသည်။ မောင်လှဝင်းက အန်တီ-ဒီမှာ စောစောက အန်တီပစ်သွားတဲ့ အမှိုက်ခြင်းထဲက အထုပ်ကလေး တွေ့လို့ ပြန်လာပေးတာပါ-ဟု ပြောလိုက်သည်။ ထိုအခါ အမျိုးသမီးသည် ပျာပျာသလဲ ဖြစ်သွားသည်။


ဟယ်-ဒါ..ဒါ..မနက်က အမတို့ ရွှေဆိုင် မသွားခင် မေ့ကျန်သွားတဲ့ ရွှေထုပ်ပဲ-ဟု ဆိုကာ သူ့မိဘများကို ခေါ်ပြီး ရွှေထုပ်ကို သေသေချာချာ ကြည့်သည်။ ရွှေထုပ်ကလေးက မူလအတိုင်း ကြိုးစည်းထားလျက်ပင် ရှိသည်။


ဤတွင် အမျိုးသမီး မိဘတွေက မောင်လှဝင်းကို အိမ်ထဲခေါ်ပြီး ဘယ်မှာနေလဲ၊ မိဘတွေက ဘာလုပ်လဲ၊ မိသားစု ဘယ်နှစ်ယောက်ရှိလဲ-စသည်ဖြင့် မေးမြန်းကြသည်။ ထို့နောက် မောင်လှဝင်းကို ရေမိုး ချိုးခိုင်းပြီး အင်္ကျီ လုံချည်အသစ်တွေ ၀တ်ဆင်ပေးသည်။ ထမင်းကို ကြက်သား၊ ဘဲသားနှင့် ကျွေးသည်။ မောင်လှဝင်းတို့ အိမ်ကို သူတို့ကားဖြင့် လိုက်ပြခိုင်းပြီး သူ့မိဘတွေနဲ့ တွေ့သည်။ ဖြစ်ကြောင်းကုန်စင် ပြောပြပြီး မောင်လှဝင်းတို့ နေအိမ်ကိုလည်း ပြုပြင်ပေးသည်။ မောင်လှဝင်းကိုလည်း သူတို့ရွှေဆိုင်တွင် အလုပ်ပေးသည်။ မောင်လှဝင်း ဖခင်ကိုလည်း ထိုအိမ်မှာပင် သန့်ရှင်းရေး၊ ခြံစောင့် အလုပ်ပေးသည်။ ထို့ပြင် မိသားစုအတွက် ဆန်နှစ်အိတ်၊ ကလေးတွေအတွက် အင်္ကျီ လုံချည်များ ပေးပြီး ကလေးတချို့ကို ကျောင်းထားပေးလိုက်ပြန်သည်။


နေ့ချင်း ညချင်း ဆိုသလို ပြောင်းလဲသွားသော မောင်လှဝင်းတို့ မိသားစု၏ ဘ၀သည် သာယာစိုပြည်နေပြီး တရပ်ကွက်လုံး တမြို့လုံး မောင်လှဝင်းတို့ မိသားစု၏ ကောင်းသတင်းသည် ပျံ့နှံ့သွားပါတော့သည်။ ဤအဖြစ်အပျက်သည် ရိုးသားခြင်း၏ လက်ငင်းအကျိုးပင် ဖြစ်ပေသည်။


ကေတုမတီ မျိုးသန့်
(မြတ်မင်္ဂလာ ၂၀၁၀-ဒီဇင်္ဘာလ)

သက်ကြီးရွယ်အိုများ ရေသောက်သင့်သော အချိန်ကောင်း ၅-ချိန်

(၁) မအိပ်မီ
သုတေသနပြုချက်အရ သက်ကြီးရွယ်အိုများသည် အိပ်ရာဝင်ခါနီးတွင် ရေသောက်သင့်သည်။ ထိုသို့ ရေမသောက်လျှင် သွေးရည်စေးပျစ် ကျုံ့နည်းစေသည်။ ညအိပ်ချိန်တွင် သွေးကြောတွင်း သွေးခဲဖတ်ကလေးများ ဖြစ်တည်စေနိုင်သည်။

ညအိပ်ရာမ၀င်မီ အချို့က ရေတခွက်မှ မသောက်သည်မှာ ညဘက် ဆီးထသွားရမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်။ အမှန်မှာ သက်ကြီးရွယ်အို၏ ဆီးအိမ်သည် ကျုံ့သေးသွား၍ ၀င်ဆံ့နိုင်သော ထုထည် ငယ်လာသည်။ ထို့ကြောင့် ရေမသောက်သော်လည်း ညဘက် ဆီးထသွားရမည်သာ ဖြစ်သည်။ 

(၂) ညဥ့်သန်းခေါင်
သက်ကြီးရွယ်အို၏ ကျောက်ကပ်သည် ကျုံ့၍ အလုပ်လုပ်နိုင်စွမ်းအား လျော့နည်းသွားသည်။ ညဘက်တွင် ဆီးသွားများသည့်အတွက် ခန္ဓာကိုယ်တွင်း ရေချို့တဲ့စေနိုင်၍ သွေးရည်စေးပျစ်စေနိုင်သည်။ နှလုံးနှင့် ဦးနှောက် သွေးစီးဆင်းမှု၊ ခုခံအား များလာစေနိုင်သည့်အတွက် သွေးကြောရောဂါများ ဖြစ်စေနိုင်သည်။ ဦးနှောက်သွေးချို့တဲ့ပြီး လေဖြတ်နိုင်သည်။ ထို့ကြောင့် ညဥ့်သန်းခေါင်ချိန် ရေသောက်ခြင်းသည် အလွန်အကျိုးထူးသည်။

(၃) နံနက် အိပ်ရာထချိန်
သက်ကြီးရွယ်အိုများသည် ညအိပ်သည့်အချိန်တွင် ဆီးသွားခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှူခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင်း၌ ရေဓာတ် ချို့တဲ့လာမည်။ သွေးရည်ပျစ်ကျုံ့လာမည်။ သွေးရည်လည်ပတ် စီးဆင်းမှု နှေးကွေးလာမည်။ ထိုအခါ ဇီဝဖြစ်ပျက်ဖြစ်စဉ်မှ ပျက်စီးပြီးသော ဇီဝပစ္စည်းများ စုပုံ အနည်ထိုင်စေ နိုင်သည်။ ထို့ကြောင့် အိပ်ရာထသည်နှင့် တပြိုင်နက်တည်း ရေ-သို့မဟုတ် ရေနွေးကြမ်း တခွက် သောက်သင့်သည်။ သွေးတိုး ဦးနှောက်သွေးခဲ ပိတ်ဆို့ခြင်း၊ နှလုံးသွေးကြော ပိတ်ခြင်းတို့ကို ကာကွယ်နိုင်မည်။

(၄) အနှေးပြေး လေ့ကျင့်မှု မစမီ
ရေသောက်ပြီးမှ အနှေးပြေး လေ့ကျင့်ခြင်း ပြုသင့်သည်။ ထိုသို့ပြုပါက ရေဓာတ်သည် အစာအိမ် အူလမ်းကြောင်း၏ သန့်ရှင်းမှုကို ကူညီထိန်းသိမ်းနိုင်သည်။ ထို့ပြင် သည်းခြေ၏ အဆိပ်ဖြေခြင်းလုပ်ငန်းကို အကူအညီပေးနိုင်သည်။ ကျောက်ကပ်၏ လုပ်ဆောင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်သည်။ ရောဂါ ခုခံနိုင်စွမ်းကို တိုးပွားစေနိုင်သည်။ အအေးမိ၊ လည်ချောင်းနာ၊ အဆစ်ရောင်နာနှင့် အချို့သော အရေပြားရောဂါများကို ကာကွယ်ပေးနိုင်သည်။
(၅) ထမင်းမစားမီနှင့် စားပြီးချိန် 
ထမင်းမစားမီ ရေသောက်လျှင် အစာချေရည်ကို ကျဲစေပြီး အစာချေခြင်းကို ညံ့ဖျင်းသွားစေနိုင်သည်ဟု အချို့က ယူဆတတ်ကြသည်။ သုတေသန ပြုချက်အရ ထမင်းမစားမီနှင့် စားပြီး ရေသောက်ပါက အစာချေခြင်းကို အကူအညီ အထောက်အပံ့ ဖြစ်စေသည်ကို တွေ့ရသည်။ သို့သော် သောက်သောရေသည် မများရ၊ နည်းရမည်။ သောက်လျှင် နှေးနှေးသောက်ရမည်။ ရေခဲရေကိုမူ လုံးဝ မသောက်သင့်ပေ။


သက်ကြီးရွယ်အိုများ ကျန်းမာရေး လေ့ကျင့်မှုနှင့် ပတ်သက်၍ ရှောင်ကြဉ်ရန် ၇-ချက်
(၁) စောစောထ၍ ကျန်းမာရေး မလေ့ကျင့်သင့်
Bio-clock ခေါ် ခန္ဓာကိုယ် ဇီဝနာရီ၏ အချိန်ဇယားအရ သက်ကြီးရွယ်အိုများ အိပ်ရာစောစောထ၍ အပြင်ထွက်ပြီး ကျန်းမာရေး လေ့ကျင့်မှု မပြုသင့်ပေ။ ထိုသို့ ပြုပါက ခန္ဓာကိုယ်၏ ပြင်ဆင်ချိန်ကို ထိခိုက်စေနိုင်သည်။ နေထွက်ပြီး အနည်းဆုံး နာရီဝက်ခန့် ကြာပြီးမှ အပြင်ထွက်လေ့ကျင့်သင့်သည်။

(၂) မိုးမလင်းမီ သစ်ပင်များ ရှိရာသို့ သွားရောက်လေ့ကျင့်ခြင်း မပြုသင့်
အစိမ်းရောင် အပင်များသည် တနေ့တာတွင် လုပ်ဆောင်ချက် နှစ်မျိုး လုပ်ဆောင်သည်။ နေ့ဘက်တွင် အလင်း၊ ရေနှင့် ကာဘွန်ဒိုင် အောက်ဆိုက်တို့ကို အာဟာရ ဖြစ်အောင် ပေါင်းစပ်ပြီး အောက်ဆီဂျင်ဓာတ်ငွေ့ကို ထုတ်လွှတ်ပေးသည်။ ညဘက်တွင် အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဘွန်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်သော အသက်ရှူခြင်းကို လုပ်ဆောင်သည်။ ထို့ကြောင့် နေထွက်ပြီး နာရီဝက်ခန့် အနည်းဆုံး ကြာပြီးမှသာလျှင် အပင်များ ၀န်းကျင်တွင် အောက်ဆီဂျင်များ ပေါများလာပြီဖြစ်၍ လေ့ကျင့်မှုသည်လည်း အောက်ဆီဂျင်ရမှ ထိရောက် အကျိုးရှိနိုင်ပေမည်။

(၃) ၀မ်းဟာလျက် နံနက် လေ့ကျင့်ခြင်း မပြုသင့်
တညတာ အိပ်စက်ပြီးနောက် နံနက်၌ ဘာမျှမစားဘဲ ကျန်းမာရေး လေ့ကျင့်လျှင် ကယ်လိုရီ မလုံလောက်မှုကြောင့် ဦးနှောက်သို့ သွေးပို့မှု မလုံလောက်၍ လူကို မအီမသာ ဖြစ်စေနိုင်သည်။ ပေါ့လျှင် ခေါင်းမူး၍ ပြင်းထန်လျှင် ရင်ဟာ၊ ဒူးပျော့ကာ ကောင်းကောင်းပင် မရပ်နိုင်တော့ပေ။ နှလုံးရောဂါရှိသူ ဖြစ်လျှင် ရုတ်တရက် လဲကျနိုင်သည်။ ထို့ကြောင့် နံနက်ခင်း လေ့ကျင့်မှုမပြုမီ အနည်းငယ် အစာ စားသင့်သည်။ ဥပမာ-ဖီးကြမ်းငှက်ပျောသီး၊ နွားနို့၊ ပဲနို့၊ ပေါင်မုန့် စသည့် အစာကြေလွယ်သော အစားအစာများကို စားသုံးသင့်သည်။ အစာအိမ် မကောင်းသူများအတွက် လေ့ကျင်မှု မစမီ အစာစားခြင်းသည် သင့်မြတ်သော ကုသမှု တမျိုး ဖြစ်သည်။

(၄) အိမ်မှုကိစ္စနှင့် မအားလပ်သော်လည်း ကျန်းမာရေး လေ့ကျင့်ရန်လိုအပ်
တနေကုန် အိမ်မှုကိစ္စနှင့် မအားလပ်ရသူသည် ကျန်းမာရေးလေ့ကျင့်ရန် မလိုမဟုတ်၊ လိုသည်သာ ဖြစ်သည်။ 
အိမ်မှုကိစ္စများ လုပ်ဆောင်ခြင်းသည် ခန္ဓာကိုယ် တခုလုံး လှုပ်ရှားခြင်းမဟုတ်။ ဥပမာအားဖြင့် မတ်တတ်ရပ်ရသည့် အချိန်ကြာလျှင် ခါးနာ၊ ခြေထောက်နာပြီး ခြေထောက်သွေးပြန်ကြောများ တွန့်လိမ်လာနိုင်သည်။ နှိုင်းယှဉ်လိုက်လျှင် ကျန်းမာရေး လေ့ကျင့်ခြင်းသည် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးရှိ ကြွက်သားအားလုံးကို လေ့ကျင့်ပေးခြင်းဖြစ်၍ အဆစ်အမြစ်အားလုံး လှုပ်ရှားရပြီး နှလုံး အဆုတ်၊ ကျောက်ကပ် စသည့် အတွင်းအင်္ဂါများလည်း လေ့ကျင့်မှုရသည်။ ထို့အပြင် မိမိ၏ လိုအပ်ချက်နှင့် ကိုက်ညီသော လေ့ကျင့်မှုများ လုပ်နိုင်သည်။ အိမ်မှုကိစ္စ လုပ်ခြင်းကြောင့် ခန္ဓာကိုယ်ကို ဖြစ်စေသော နွမ်းနယ်ကိုက်ခဲမှုကို ဖြေဖျောက်နိုင်သည်။

(၅) အသက်ရှူအောင့်၍ လေ့ကျင့်မှု မပြုသင့်
သက်ရွယ်ကြီးသူ၏ အသက်ရှူကြွက်သား အင်အားသည် လျော့နည်းလာတတ်သည်။ အဆုတ်၏ အမျှင်အဖွဲ့အစည်ျးား တိုးပွားလာပြီး အဆုတ်လေအိတ်ငယ်များ၏ ရုန်းပြန်အား ဆုတ်ယုတ်လာသည်။ ကျန်းမာရေး လေ့ကျင့်သည့်အခါတွင် အသက်အောင့်ထားပါက အသက်ရှူကြွက်သားများနှင့် အဆုတ်လေအိတ်ငယ်များ ပျက်စီးစေနိုင်ပြီး အသက်ရှူလေပြွန်မှ သွေးအန်စေနိုင်သည်။ 

(၆) အိပ်ရာပေါ်တွင် ကျန်းမာရေး လေ့ကျင့်ခြင်း
အိပ်ရာပေါ်တွင် လေ့ကျင့်ခြင်းသည် အိပ်ရာပေါ်မှ ဆင်း၍ လေ့ကျင့်ခြင်းနှင့် တူညီသော အကျိုးကျေးဇူးကို ရရှိစေနိုင်သည်။ အထူးသဖြင့်  ရောဂါကြောင့် အိပ်ရာတွင် လဲနေသော သက်ကြီးရွယ်အိုများအတွက် သင့်လျော်သည်။

(၇) နွေး မိုး ဆောင်း ရာသီမရွေး လေ့ကျင့်သင့်
သက်ကြီး ရွယ်အိုများအတွက် အေးချမ်းသော ဆောင်းရာသီ၊ သို့မဟုတ်-ပူအိုက်သော နွေရာသီင်္တို့တွင် ပြင်ပသို့ထွက်၍ လေ့ကျင့်မှု လုပ်ရန် မသင့်လျော်ပေ။ အထူးသဖြင့် ပူအိုက်သော ရာသီတွင် အပူရှပ်၍ ဒုက္ခရောက်နိုင်သည်။ အကြောင်းမှာ သက်ကြီးရွယ်အိုများ၏ အတွင်းအင်္ဂါ လုပ်ဆောင်ချက်သည် လူငယ်ကိုမမီတော့သည့်အပြင် ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်သည် လူငယ်ထက် ၁၅-ရာခိုင်နှုန်းခန့် လျော့နည်းနေ၍ အပူကာကွယ်ခုခံအား ကျဆင်းနေသည်။

အထူးသဖြင့် ပူပြင်းသော နေ့များတွင် ၃၃-ဒီဂရီ စင်တီဂရိတ် (၉၁.၄ ဒီဂရီ ဖာရင်ဟိုက်) အပူချိန်ရှိလျှင် ကာယလေ့ကျင့်မှု မလုပ်ဘဲ နေရမည်။ အကယ်၍ ပတ်ဝန်းကျင် အပူချိန်သည် ၃၅-ဒီဂရီမှ ၃၆-ဒီဂရီ စင်တီဂရိတ် (၉၆.၈ ဒီဂရီ ဖာရင်ဟိုက်) လမ်းလျှောက်၊ ထမင်းချက် စသည် (နေ့စဉ်လှုပ်ရှားမှု) အားလုံး ရပ်တန့်ရမည်။ နေ့စဉ်လုံလောက်သော ရေကို  ဖြည့်စွက်သောက်သုံးရမည်။

ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ) 
(တရုတ်ဘာသာဖြင့် ထုတ်ဝေသော Look Younger Live Lohger စာအုပ်မှ ကောက်နုတ်ဘာသာပြန်ပါသည်)
(မြတ်မင်္ဂလာ ၂၀၁၀-ဒီဇင်္ဘာလ)

မေတ္တသုတ် ကျင့်စဉ်

ဗုဒ္ဓဘာသာ မြန်မာတို့သည် ပရိတ်ကြီး ၁၁-သုတ်ကို လက်စွဲပြုကြသည်။ ရွတ်ဆိုကြသည်။ ပရိတ်ကြီး ၁၁-သုတ်တွင် မေတ္တသုတ်ကို အများပင် အားထားကြသည်။ မေတ္တသုတ်သမိုင်းမှာလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ 

တခါသော် ရဟန်းငါးရာတို့သည် ကမ္မဋ္ဌာန်းတရားကို ယူ၍ တောအုပ်တခုတွင် နေထိုင် ကျင့်ကြံပွားများ၏။ နေ့ရက်ကြာသောအခါ ရဟန်းတော်များကြောင့် နေရာဖယ်ပေးနေရသော နတ်အချို့က အမျိုးမျိုး ခြောက်လှန့်ကြသည်။ ဤတွင် ရဟန်းတို့သည် တရားဖြောင့်စွာ နှလုံးမသွင်းနိုင်။ စိတ်ဓာတ်ချောက်ချား၍ ဘုရားရှင်ထံ ပြန်သွားကြလေသည်။ ထိုအခါ ဘုရားရှင်က မေတ္တသုတ်ကို သင်ပေး၍ ထိုနေရာသို့ ပြန်သွားပြီး ကျင့်ကြံအားထုတ်ရန် ညွှန်ကြားသည်။ ရဟန်းတို့လည်း ပြန်သွားကာ ဘုရားရှင်ညွှန်ပြသည့်အတိုင်း ကျင့်ကြံပွားများကြသည်။ သည်တွင် ရဟန်းတို့၏ မေတ္တာဓာတ်ကြောင့် နတ်များက ချစ်ခင်မြတ်နိုးလာကြသည်။ အန္တရာယ် မပြုကြတော့ပေ။ ရဟန်းတို့လည်း ငြိမ်းအေးစွာ သီတင်းသုံး နေထိုင်သွားလာနိုင်ကြပေသည်။

မေတ္တသုတ်၌ ရွတ်ဆိုရန် တိုက်တွန်းခြင်း၊ ကျင့်ပွားခြင်း၊ မေတ္တာအကျိုး အာနိသင် စသည်တို့ကို ဖော်ပြထားသည်။ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဖြစ်သူ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ (Ph.D) က မေတ္တသုတ်ဆိုတာ ရွတ်ဖတ်ရုံသက်သက် မဟုတ်ဘူး။ နာရမှာသက်သက် မဟုတ်ဘူး။ မေတ္တသုတ်ကို နေ့စဉ် ရွတ်ဖတ်လို့ရှိရင် အန္တရာယ်တွေ ကင်းတယ်၊ နာရင် အန္တရာယ်တွေ ကင်းတယ်လို့ ဒီမေတ္တသုတ်မှာ ပြဆိုထားတဲ့စကား တလုံးမှ မပါဘူး။ သို့သော် အများက ဒီအတိုင်းပဲ ယုံကြည်နေကြတယ်။ မိုးကုတ်ဆရာတော်ကြီး ပြောတဲ့ စကားလုံးနဲ့ ပြောရမယ်ဆိုလို့ရှိရင် -တို့လူတွေက သောက်ဆေးကို လိမ်းဆေး လုပ်နေကြတယ်ပေါ့-တဲ့။ သောက်ရမှာကို မသောက်ဘဲနဲ့ လိမ်းဆေးအဖြစ် အသုံးပြုနေလို့ရှိရင် အကျိုးသက်ရောက်မှု အားနည်းမှာပေါ့နော်။ သောက်ရမယ့်ဆေးက သောက်ကို သောက်မှ အကျိုးသက်ရောက်မှု ဖြစ်မှာပေါ့။ ဒါကြောင့် မေတ္တာဆိုတာ ဘာဝနာတရား ဖြစ်လို့ ပွားများကြရပေမယ်-ဟူ၍ ဖွင့်ဟ မိန့်ဆိုတော်မူခဲ့သည်။

ဆရာတော် ထုတ်ဖော်ညွှန်ပြသည့်အတိုင်းပင် မေတ္တသုတ်တွင် သတ္တ၀ါများ ကျန်းမာ၊ ချမ်းသာ အသက်ရှည်စေရန် ဆန္ဒပြု ပွားများမှုသင့်ရုံသာ ပါရှိသည်။ အဓိက ပါရှိသည့် ဘုရားရှင်၏ ညွှန်ပြချက်မှာ ရဟန်းရှင်လူတို့ ကျင့်ရမည့် ကျင့်စဉ်ပင် ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်က ငြိမ်းချမ်းသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍ နေလိုသော၊ အကျိုးစီးပွား၌ လိမ္မာသောသူသည် အောက်ပါကျင့်စဉ်တို့ကို ပြုကျင့်အပ်၏-ဟူ၍ မေတ္တသုတ်၌ ညွှန်ပြတော်မူထားသည်။ 
ယင်းတို့ကား---
၁။ သီလ၊ သမာဓိ၊ ပညာတို့ကို ကျင့်စွမ်းနိုင်ရမည်။
၂။ ကိုယ် နှုတ် ဖြောင့်မတ်ရမည်။
၃။ စိတ်နေစိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်။
၎။ ဆိုဆုံးမလွယ်ရမည်။
၅။ စိတ်ထား နူးညံ့သိမ်မွေ့ရမည်။
၆။ လွန်ကဲမြင့်မောက်သော မာန မရှိရာ။
၇။ ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်။
၈။ မွေးမြူလွယ်ရမည်။ (ကျွေးသမျှ၊ မွေးသမျှ၊ ပေးသမျှနှင့် ကျေနပ်သူ ဖြစ်ရမည်)
၉။ အမှုကိစ္စ နည်းပါးရမည်။
၁၀။ ၀န်ကျဉ်း ပေါ့ပါးသော အသက်မွေးမှု ရှိရမည်။
၁၁။ ငြိမ်သက်သော ဣနြေ္ဒရှိရမည်။
၁၂။ ရင့်ကျက်သော ပညာရှိရမည်။
၁၃။ ကိုယ် နှုတ် နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ဒါယကာတို့၌ တပ်မက်မှု ကင်းရမည်။
၁၅။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဉ်းအနည်းငယ်မျှ မပြုကျင့်ရာ။
၁၆။ တယောက်က တယောက်ကို အမျက်မထွက်ပါစေလင့်။
၁၇။ တစုံတခုသော အရာ၌ တစုံတယောက်ကိုမျှ ချုပ်ချယ်ခြင်း မပြုပါစေလင့်။
၁၈။ ရန်လိုသောစိတ်ဖြင့် မထီမဲ့မြင် မပြုပါစေလင့်။
၁၉။ အချင်းချင်း ညှဉ်းဆဲမှု၊ ဆင်းရဲမှုကို မပြုပါစေလင့်။
၂၀။ မိခင်သည် ရင်၌ဖြစ်သော တဦးတည်းသော သားကို မိမိအသက်နှင့်လဲ၍ အစဉ်စောင့်ရှောက်ဘိ သကဲ့သို့ သတ္တ၀ါခပ်သိမ်းတို့ကို အတိုင်းအရှည် မရှိသော မေတ္တာစိတ်ကို ထား၍ ပွားများရာ၏။

ဤသို့လျှင် မေတ္တသုတ်၌ ရဟန်း-ရှင်-လူတို့ ပြုကျင့်အပ်သော ကျင့်စဉ်များ ပါရှိရာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသုခကို အလိုရှိသော ပုဂ္ဂိုလ်တို့သည် ထိုကျင့်စဉ်များအတိုင်း လိုက်နာပြုကျင့် ပွားများနိုင်သော် ကောင်းလေစွ။

သြ၀ါဒ

ဗုဒ္ဓဘာသာဝင် တကာ တကာမအပေါင်းတို့ နိဗ္ဗာန်မရောက်မီ ဘ၀များစွာ သံသရာ၌ အပါယ်ဘုံသို့ မကျရောက်ဘဲ သုဂတိဘုံသို့သာ ရောက်ရှိရန် အမြဲပြုလုပ် အားထုတ်အပ်သော နိဗဒ္ဓ ကုသိုလ် ၇-မျိုးရှိသည်။ 
ထို ၇-မျိုးတို့မှာ ---
၁-သရဏဂုံ သုံးပါးကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ခြင်း။
၂-ငါးပါးသီလကို မကျိုးမပေါက် ထိန်းသိမ်း စောင့်ရှောက်ခြင်း။
၃- စာရေးတံမဲချ၍ မကြာခဏ လှူဒါန်းခြင်း။
၎-လဆန်း လဆုတ် ၁၅-ရက်တကြိမ် ဆွမ်းလှူခြင်း။
၅-၀ါဆိုသင်္ကန်း နှစ်စဉ် ကပ်လှူခြင်း။
၆-ရေတွင်း ရေကန် ရေအိုးစင် လှူဒါန်းခြင်း။
၇-ဇရပ်တန်ဆောင်း၊ ကျောင်း စသည် လှူဒါန်းခြင်းတို့ ဖြစ်သည်။

ထို ၇-မျိုးတို့တွင် အကျင့်သီလမြဲ၍ တမျိုးမျိုးသော ကုသိုလ်တခုနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် ယခုဘ၀ သောတာပန်ဖြစ်အောင် မကျင့်နိုင်သော်လည်း နောင်ဘ၀သံသရာ၌ အပါယ်မကျဘဲ သုဂတိဘုံသို့သာ ဧကန် ရောက်နိုင်သည်။ သောတာပန်ကဲ့သို့ ကောင်းသောလားရာဂတိ မြဲသည်ဟု အင်္ဂုတ္တရနိကာယ်၌ ပြဆိုထားပါသည်။ ထို့ကြောင့် ထိုကုသိုလ်များကို ပြုလုပ်အားထုတ်ကြပါဟု တိုက်တွန်းအပ်ပါသည်။

ဘဒ္ဒန္တသောဘန မဟာထေရ်
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်
မြသိန်းတန် ပရိယတ္တိ စာသင်တိုက်
သောဘနာရာမ ကျောင်းဆရာတော်

Saturday, March 26, 2011

အရှင်ဥပဂုတ္တ

(မေး) ဆရာတော် အရှင်မြတ်ဘုရား၊ သမီးက ဗဟန်းမှာ နေပါသည်ဘုရား။ မနီးမဝေးမှာ အရှင်ဥပဂုတ္တ ကျောင်းဆောင်ရှိပါတယ်။ နာဂစ်မုန်တိုင်းကြီး တိုက်လို့ အရှင်ဥပဂုတ္တကျောင်းဆောင် အနည်းငယ် ပျက်စီးသွားတာကို ပြုပြင်ဖို့ ယခုအခါ ဂေါပကတွေက အလှူခံနေကြပါတယ်။ သမီးတို့ အိမ်နားက ဘကြီးက ဥပဂုတ္တဟာ ဘုရားဟောမဟုတ်ဘူး။ ဟုတ်တယ်ဆိုရင် ခုလိုမျိုး လေဘေးဆိုးကြီးနဲ့ မကြုံအောင် ဘာပြုလို့ တားဆီးမပေးတာလဲ၊ မိုးမရွာအောင် တားပေးနိုင်တယ်မဟုတ်လားလို့ သမီးတို့ ဖေဖေကို ပြောတာကို ကြားလိုက်ရပါတယ်။ အဲဒီဘကြီး ပြောတာ ဟုတ်ပါသလားဘုရား၊ အရှင်ဥပဂုတ္တမထေရ် အကြောင်းကို သိလိုပါသည်ဘုရား။
(ဦးတင်လျက် မြမဉ္ဇူ-ဗဟန်း) 

(ဖြေ) 
သက္ကတကျမ်းတွေ အဆို---
ဒိဗျာဝဒါနကျမ်းမှာ ဗုဒ္ဓမြတ်စွာက မထုရာမြို့ကို ရောက်ခိုက် နောင်နှစ်တစ်ရာအကြာမှာ ဒီမြို့မှာ ဥပဂုတ္တဘွဲ့အမည်နဲ့ ရဟန္တာတစ်ပါး ပွင့်ထွန်းပြီး ဗုဒ္ဓကိုယ်စား ဗုဒ္ဓသာသနာတော်ကို စည်ပင်အောင် ဆောင်ရွက်မယ်လို့ ဗျာဒိတ်ပေးတော်မူကြောင်း ဖော်ပြတယ်။ (စကားမစပ် မထုရာမြို့ကို ဗုဒ္ဓရောက်ကြောင်း ထေရ၀ါဒ ပါဠိတော် အံ-၂၊ ၂၂၄-မှာလည်း ဖော်ပြတယ်)။ 

ဘီစီ ၃-ရာစု အသောကခေတ်က မထုရာမြို့မှာ သဗ္ဗတ္ထိဝါဒီဂိုဏ်း ထွန်းကားပါတယ်။ အရှင်ဥပဂုတ္တမထေရ်အကြောင်းကို သဗ္ဗတ္ထိဝါဒီဂိုဏ်းသားတွေဆီက ရရှိတာလို့ ဆိုတယ်။ ဒါကြောင့် အရှင်ဥပဂုတ္တဟာ အိန္ဒိယအနောက်မြောက်ပိုင်း မထုရာမြို့သား သဗ္ဗတ္ထိဝါဒဂိုဏ်းဝင် ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းရတယ်။

သက္ကတအစဉ်အလာနဲ့ ရှေးကျတဲ့ တရုတ်တိဘက် မှတ်တမ်းတွေအရ အရှင်ဥပဂုတ္တဟာ ထေရ်စဉ်အရ လေးပါးမြောက် သံဃာ့ခေါင်းဆောင်မထေရ်၊ အသောကမင်းရဲ့ ထင်ရှားတဲ့ ဆရာအရှင် ဖြစ်ရုံမက အသောကမင်းကို လုမ္ဗိနီ စတဲ့ ဗုဒ္ဓ၀င် နေရာတွေကို သွားရောက်ဖူးမြော်ဖို့ တိုက်တွန်းသူလည်း ဖြစ်တယ်။ သဗ္ဗတ္ထိဝါဒ ၀ိနည်းကို စုစည်းသူ၊ နေတ္တိပဒကျမ်းကို ရေးသားသူအဖြစ်လည်း လေးစားကြတယ်။ (John H.Strong. The Legand and Cult of Upagupata, Intro. P.6)

ထေရ၀ါဒကျမ်းနဲ့ အရှင်ဥပဂုတ္တ---
အရှင်ဥပဂုတ္တနဲ့ အသောကမင်းတို့ ပတ်သက်ပုံ အစအနကို ထေရ၀ါဒ ပါဠိတော် အဋ္ဌကထာတွေမှာ မတွေ့ရတာကတော့ အင်မတန် ထူးခြားတာပဲ။ ဒါပေမဲ့ အေဒီ ၁၂-ရာစု မတိုင်ခင် ရေးသားခဲ့တဲ့ ရှေးအကျဆုံး ၀ိနည်းဋီကာဖြစ်တဲ့ ၀ဇီရဗုဒ္ဓိ ဋီကာမှာ ယခုဖော်ပြနေတဲ့ အရှင်ဥပဂုတ္တအကြောင်းကို ရှားရှား ပါးပါး ရည်ညွှန်းထား (စာ၊၆၃) တာကလည်း စဉ်းစားစရာပါပဲ။ John. H.Strong ရဲ့ အလိုအရ အေဒီ ၁-ရာစုအချိန်က စပြီး အိန္ဒိယ အနောက်မြောက်ပိုင်းမှာ အရှင်ဥပဂုတ္တကို ကိုးကွယ်မှု စတင်ခဲ့ပြီး မြန်မာ-ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာတော့ အေဒီ ၁၂-ရာစုလောက်မှာ စတင် ကိုးကွယ်ခဲ့ဖွယ် ရှိတယ်။ သီရိလင်္ကာမှာတော့ အရှင်ဥပဂုတ္တအကြောင်းကို လုံးဝ မသိကြဘူးလို့ ဆိုတယ်။ (ibid.p.5)

ကစ္စည်းသဒ္ဒါကျမ်း (အေဒီ ၅၊ သို့မဟုတ် ၆-ရာစုခန့်) မှာ ဥပဂုတ္တေန မာရော ဗန္ဓော-လို့ ရည်ညွှန်းထား တာကို တွေ့ရတယ်။ အဲဒီဝါကျကိုပဲ ပုဂံခေတ် မြန်မာနိုင်ငံသား အရှင်အဂ္ဂ၀ံသ ရေးတဲ့ သဒ္ဒနီတိ ပါဠိသဒ္ဒါကျမ်း (အေဒီ ၁၂-ရာစု အစပိုင်း) မှာလည်း ထပ်ဆင့်ဖော်ပြတယ်။ ဒီပါဠိသဒ္ဒါကျမ်းတွေကို မြန်မာတို့ ပုဂံခေတ်ကပင် သင်ယူခဲ့ကြတာ ဖြစ်လို့ မထုရာမြို့သား အရှင်ဥပဂုတ္တ အကြောင်းကို အနည်းဆုံး အေဒီ ၁၂-ရာစု အချိန်က မြန်မာနိုင်ငံသားတို့ ကြားဖူးနေပြီလို့ ဆိုနိုင်တယ်။

ယိုးဒယား၊ ဇင်းမယ်အရပ်က အမည်မသိ ပုဂ္ဂိုလ် ပါဠိဘာသာနဲ့ ရေးတဲ့ ပဌမသမ္ဗောဓိကျမ်း (PTS version နိဒါန်း ဖော်ပြချက်အရ အေဒီ ၁၂-ရာစု) နောက်ဆုံးခန်း (မာရဗန္ဓနအခန်း၊ အေဒီ ၁၈-ရာစု ထပ်ဖြည့်သည့်အခန်း)မှာလည်း ဥပဂုတ္တနဲ့ အသောကမင်းအကြောင်းကို ဖော်ပြတယ်။ နှောင်းခေတ် မြန်မာဘာသာ ကျမ်းတွေဖြစ်တဲ့ ဦးကုလား မဟာရာဇ၀င်၊ မှန်နန်းရာဇ၀င်၊ မဟာဝင်ဝတ္ထုနဲ့ ကျီးသဲလေးထပ် ဆရာတော်ရဲ့ ဇိနတ္ထပကာသနီကျမ်းတွေမှာလည်း အရှင်ဥပဂုတ္တမထေရ်က မာရ်နတ်ကို တန်ခိုးနဲ့ ဆုံးမပုံအကြောင်းကို တခမ်းတနား ဖော်ပြတယ်။


လောကပညတ္တိကျမ်း
အေဒီ ၁၁၊ သို့မဟုတ်-၁၂-ရာစုလောက်မှာ မြန်မာနိုင်ငံ သထုံမြို့နေ အရှင်သဒ္ဓမ္မဃောသမထေရ် ပါဠိဘာသာနဲ့ ရေးစီရင်ခဲ့တဲ့ ကျမ်းပါ။ ပါဠိ-ပြင်သစ် နှစ်ဘာသာနဲ့ ၁၉၇၇-ခုနှစ်က ပဲရစ်မြို့မှာ ထုတ်ဝေတယ်။ မူရင်းဖြစ်တဲ့ သက္ကတကျမ်းကတော့ ယခုအခါ တရုတ်ဘာသာနဲ့ပဲ ရှိတော့ကြောင်း သိရတယ်။ ဒီကျမ်းမှာ အရှင်ဥပဂုတ္တမထေရ်က အသောကမင်းကို ကူညီပြီး သာသနာပြုပုံကို ဒီလို ဖော်ပြပါတယ်။


အသောကမင်းဟာ စေတီပေါင်း ရှစ်သောင်းလေးထောင်ကို တည်ပြီးနောက် စေတီပူဇော်ပွဲကို ကျင်းပဖို့ ပြင်ဆင်ရာမှာ ပွဲကို မနှောင့်ယှက်နိုင်အောင် ထိန်းစောင့်ဖို့ ပြည့်စုံတဲ့ ရဟန္တာတပါး ခန့်အပ်ပါရန် သံဃာကို လျှောက်ထားတယ်။ သံဃာက သမုဒ္ဒရာထဲမှာ ရတနာပြာသာဒ် ဖန်ဆင်းပြီး တပါးတည်း သီတင်းသုံးနေထိုင်တဲ့ အရှင်ဥပဂုတ္တမထေရ်ကို ခန့်အပ်လိုက်တယ်။ ဥပုသ်ပြုခြင်း စတဲ့ သံဃာ့ကိစ္စကို လာရောက် မဆောင်ရွက်လို့ အပြစ်ပေးတဲ့သဘောနဲ့ပါ။


ပါဋလိပုတ်မြို့နားက အသောကမင်း တည်ဆောက်တဲ့ မဟာစေတီ မီးထွန်းပွဲတော် ပျက်အောင် မာရ်နတ်က မိုးရွာ၊ လေတိုက် လုပ်ပြီး နှောင့်ယှက်တာကို အရှင်ဥပဂုတ္တက တားဆီးတယ်။ မာရ်နတ်က ဧရာမ နွားကြီး အသွင်၊ ကျားအသွင်၊ နဂါးအသွင်၊ ဂဠုန်အသွင်နဲ့ ဆီမီးတိုင်တွေကို ဖျက်ဆီးဖို့ ပြေးလာတာကို အရှင်ဥပဂုတ္တက နှစ်ဆကြီးတဲ့ ကိုယ်ကို ဖန်ဆင်းပြီး မာရ်နတ်ကို မောင်းထုတ်တယ်။ နောက်ဆုံး အရှင်ဥပဂုတ္တဟာ လူအသွင်နဲ့ နှောင့်ယှက်ဖို့လာတဲ့ မာရ်နတ်ရဲ့ လည်ပင်းမှာ လောက်တွေ ပြည့်နေတဲ့ ခွေးသေကောင်ပုပ် တခု ဖန်ဆင်းပြီး ဆွဲပေးလိုက်တယ်။ အဲဒီခွေးပုပ်ကို အရှင်ဥပဂုတ္တမှတပါး မည်သူမျှ မဖြုတ်နိုင်တဲ့အတွက် (Journey to the West ထဲက မျောက်မင်း ၀ူခုန်းရဲ့ ခေါင်းမှာ ဘုရားလောင်း ရဟန်းမှတပါး မည်သူမျှ ဖြုတ်မရတဲ့ ခေါင်းပေါင်း စွပ်ပေးလိုက်သလိုပါပဲ) နောက်ဆုံး မာရ်နတ်က အရှင်ဥပဂုတ္တကို ရှိခိုးတောင်းပန်ရတယ်၊ မာရ်နတ်ဟာ ဗုဒ္ဓ၀ါဒီ ဖြစ်သွားပြီး ဘုရားဆုကို ပန်တယ်။
(လောကပညတ္တိ၊ စာ ၂၄၁-၂၆၄) 


ဒီကျမ်းအလို မာရ်နတ်ဟာ ဘုရားလောင်းပါ။ 


အ၀ိရောဓိ အမြင်
အယောနိသော မနသိကာရ (မသင့်မတင့် နှလုံးသွင်းမှု) ဖြစ်ရင် ကုသိုလ်မဖြစ်ဘူး။ ခပ်ငယ်ငယ်က စာပေ အဖတ်အရှုများတဲ့ အသက် ၆၀-လောက် ဒကာကြီးတယောက်နဲ့ ဆုံဖူးတယ်။ သူက ဘုန်းကြီးနေတဲ့ ကျောင်းဝင်းထဲက အရှင်ဥပဂုတ္တ ကျောင်းဆောင်ကို ဖျက်ပစ်ဖို့ ဆရာတော်ကို အကြံပေးတယ်။ ဆရာတော်က လက်မခံဘူး။


ဘုန်းကြီးရဲ့ အမြင်အရ တချိန်က အနည်းဆုံး အရှင်ဥပဂုတ္တဘွဲ့တော်နဲ့ တန်ခိုးဣဒ္ဓိပါဒ်ရှိတဲ့ အများအကျိုးဆောင် ရဟန္တာကြီးတပါး ဧကန်ရှိခဲ့ဖူးတယ်။ အဲဒီ ရဟန္တာကြီးကို ရည်ညွှန်းပြီး ကိုးကွယ်တဲ့ မြန်မာတို့ရဲ့ အစဉ်အလာဟာ သူ့အသက်ကိုသတ်ပြီး အလှူပေးတာ၊ ယဇ်ပူဇော်တာမျိုးလို ဆိုးသွမ်းတာမှ မဟုတ်ဘဲ။ တည်ရှိပြီး အစဉ်အလာကောင်းကို ဘာလို့ ဖျက်ပစ်မလဲ။ ကိးကွယ်ကောင်းပါတယ်။ အရှင်သာရိပုတ္တရာကို ကြည်ညိုရင် အရှင်သာရိပုတ္တရာ အထိမ်းအမှတ်ပြု ဆင်းတုကိုလည်း ထုလုပ်ကိုးကွယ်ကောင်းတာပဲ။ အရှင်သီဝလိကို ကြည်ညိုရင် အရှင်သီဝလိ ဆင်းတုပေါ့ ။


တချို့ အရှင်ဥပဂုတ္တ ဆင်းတုတော်တွေဆိုရင် သက်တမ်းအရ နှစ်ပေါင်း ရာချီရှိနိုင်တယ်။ ဒီသမိုင်းဝင် အမွေအနှစ်ကို ကျမ်းဂန်နဲ့ မညီလို့ သို့မဟုတ်-ထေရ၀ါဒ မဟုတ်လို့ ပျက်ရင် မပြင်နဲ့၊ ရှိနေတာကို ဖျက်ပစ်-ဆိုရင် အာဖဂန်နစ္စတန်က သမိုင်းဝင် ဗုဒ္ဓဆင်းတုကြီးကို ဖျက်ဆီးသူတွေနဲ့ ဘာထူးဦးမှာလဲ။ အနည်းဆုံးတော့ အဲဒီလို (သမိုင်းဝင်) ဆင်းတုတွေဟာ နိုင်ငံရပ်ခြားက လူတွေကို ဆွဲဆောင်နိုင်လို့ မိမိတို့မှာ နေရင်းထိုင်ရင်း ဂုဏ်လည်းတက်၊ အမြတ်လည်း ထွက်နိုင်တာပဲ။


နေကို ကြည့်နေပုံ
အစဉ်အလာ ပြောဆိုချက်အရ အရှင်ဥပဂုတ္တ နေကိုကြည့်ပြီး ဆွမ်းဘုဉ်းပေးရာမှာ အဓိပ္ပါယ် နှစ်မျိုးရှိတယ်။ အရှင်မြတ်ဟာ ၀ိနည်း အင်မတန်လေးစားလို့ မွန်းမတိမ်းမီ ဆွမ်းစားပြီးအောင် နေကိုကြည့်နေတာ။ နောက်တမျိုးက ဆွမ်းဘုဉ်းပေးနေတုန်း နေမွန်းတည့်နေလို့ မွမ်းမအတိမ်းအောင် တန်ခိုးနဲ့ နေကို ဖမ်းကိုင်ပြီး ဆွမ်းဘုဉ်းပေးတာ ဖြဟ်ပါတယ်။ ဒီလို နားလည်ထားရင် အနှစ်သာရအနေနဲ့ နှစ်သက်စရာ ဖြစ်လို့ လည်ပင်းစောင်းကြီးနဲ့ ဆင်းတု ဆိုပြီး ဘာမှ ကဲ့ရဲ့စရာ မရှိပါဘူး။


သဒ္ဓါ၊ ပညာ တူမျှရင် ဆိုင်ကလုံး မုန်တိုင်းကို တားမပေးလို့ ဆိုပြီး အရှင်ဥပဂုတ္တ ဆင်းတုတော်ကို အပြစ်မတင်သင့်ပါဘူး။ မိဘဘိုးဘွားတွေ တည်ဆောက်ခဲ့တဲ့ ဆင်းတုဆောင် ပျက်စီးသွားတာကို မွေခံထိုက်တဲ့ သားသမီးတွေအနေနဲ့ ပါဝင်လှူဒါန်းပြီး ပြုပြင်သင့်ပါတယ်။


အရှင်ကေလာသ
ဓမ္မာစရိယ၊ B.A. (Philo)
M.A. (Buddhism)
(မြတ်မင်္ဂလာ ၂၀၁၀-နိုဝင်ဘာလ)

Saturday, March 12, 2011

သိပ္ပံအမြင် နှင့် ဗုဒ္ဓဘာသာ ( ၁၁ )

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေ၀င်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

(မေး) အရှင်ဘုရား၊ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်ပြီ၊ ရဟန္တာဖြစ်ပြီ မည်သို့ သိနိုင်ပါလဲ၊ အပြင်လူကော သိနိုင်ပါသလား။

(ဖြေ)
ရဟန္တာမှန်း သိဖို့သိပ်ခက်။
အပြင်လူ ဆိုတာကတော့ တခါတုန်းက-ရဟန္တာအရှင်မြတ်ကြီးရဲ့ နောက်က တောထွက်ကြီးတပါး သပိတ်ယူပြီးတော့ လိုက်သွားတယ်။ လိုက်သွားတော့ သူက သူ့ဆရာ ဘုန်းတော်ကြီးကို လျှောက်တယ်။ အရှင်ဘုရား-ရဟန္တာများ ဘယ့်နှယ်လုပ်ပြီးတော့ သိရပါမလဲ၊
ဦပဉ္ဇင်းကြီး၊ ရဟန္တာဆိုတာ အင်မတန် အသိခက်တယ်။ သပိတ်ကိုင်ပြီးတော့ နောက်ကလိုက်တောင်မှ သိဖို့ခဲယဉ်းတယ်-လို့ အမိန့်ရှိတော့ ရဟန္တာမှန်း သိဖို့ သိပ်ခက်တယ်။

ကမ္မဋ္ဌာန်းဆရာလည်း မသိ---
     ရဟန္တာမှန်းသိဖို့ သိပ်ခက်တယ်ဆိုရင် သောတာပန်မှန်းသိဖို့ ဆိုတာလည်း သိပ်ခက်တာပဲ။ ဘယ်လိုပုဂ္ဂိုလ်မှ သိတုန်းဆိုတော့ ပရစိတ္တ၀ိဇာနန-သူတပါးစိတ်ကို သိတဲ့ဉာဏ်ကို ရနေတဲ့အချိန်ကျမှ သောတာပန် ဟုတ်တယ်-မဟုတ်တယ်ဆိုတာ သိတယ်။ ပရစိတ္တ၀ိဇာနန အဘိညာဉ်ကို မရလို့ရှိရင် ကမ္မဋ္ဌာန်းဆရာကိုယ်တိုင် သူ့တပည့် တရားပေါက်တယ်။ မပေါက်ဘူးဆိုတာ မသိနိုင်ဘူး။
********************************************************************
(မေး) အရှင်ဘုရား၊ ဗုဒ္ဓဘာသာဝင်တဦးနှင့် ဘာသာခြားတဦးတို့သည် တူညီသော အလှူဒါန တခုစီကို စေတနာတူစွာဖြင့် အတူတူ ပြုလုပ်ကြပြီး အကျိုးပေးပုံ မည်သို့ ကွာခြားပါသနည်း။

(ဖြေ)
အဲဒါကတော့ စေတနာ တူစွာဖြင့် ဆိုတဲ့ဥစ္စာကို လူတဖက်သားကို ရစေလိုတဲ့ စေတနာချင်းသာ တူနိုင်တယ်။ ကံနှင့်ကံရဲ့အကျိုးကို ယုံကြည်တဲ့ သဒ္ဓါချင်း မတူနိုင်ဘူး။ ပြီးတော့ အမြော်အမြင် ဆိုပါတော့၊ မဂ်ဖိုလ်နိဗ္ဗာန် ဆိုတာမျိုးက မတူနိုင်ဘူး။ မတူနိုင်လို့ရှိရင် သာတာက အကျိုးကြီးမှာပါပဲ။
********************************************************************
(မေး) အရှင်ဘုရား၊ သေတဲ့အခါမှာ ရုပ်နဲ့ စိတ်တို့ ချုပ်ပုံ ရှင်းပြပါ။

(ဖြေ)
ပရိနိဗ္ဗာန် စုတိစိတ်---
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူခါနီးမှာ အားလုံး ကြားဖူးတဲ့အတိုင်း အပ္ပမာဒေန သမ္ပာဒေထ-လို့ မိန့်တော်မူလိုက်ပါတယ်။ မိန့်တော်မူပြီးတဲ့နောက် နှုတ်တော်မှ စကားတလုံးမှ မြွက်တော်မမူတော့ပါဘူး။ ဈာန်ဝင်စားပါတယ်။ ဈာန်ဝင်စားတဲ့အခါမှာ ပထမဈာန်ဝင်စား၊ ဈာန်မှထ ပစ္စဝေက္ခဏာ ဆင်ခြင်၊ ဒုတိယဈာန် ၀င်စား၊ ဒီလို အပြန်အလှန် ဈာန်ဝင်စားပြီးတော့ နောက်ဆုံးဈာန်လည်း ကုန်ရော ပရိနိဗ္ဗာန် စုတိစိတ် ပေါ်လာပါတယ်။

ဥတုဇရုပ် ကျန်နေ---
     စုတိစိတ် မပေါ်ခင် ၃၆-ချက်လောက်ကတည်းက ကမ္မဇရုပ်အသစ်  မဖြစ်တော့ပါဘူး။ နောက်ဆုံး စုတိစိတ်လည်း ဖြစ်ရော ကမ္မဇရုပ်လည်း နောက်ဆုံး ချုပ်တာပဲ။ ကမ္မဇရုပ်နဲ့  စုတိစိတ် တပြိုင်နက် ချုပ်ပါတယ်။ အရင်တွေ ဘာတွေ မရှိပါဘူး။ သို့သော် ဥတုဇရုပ် ကျန်နေပါတယ်။ ဥတုဇရုပ်ကတော့ ခု-အလောင်းတွေလိုပဲ။ ဗုဒ္ဓမြတ်စွာရဲ့ အလောင်းတော်မှာလည်း ဥတုဇရုပ် ကျန်တော်မူပါတယ်။ ဒါကြောင့် အဲဒီရုပ်ကတော့ ပရိနိဗ္ဗာန်စံပြီးတဲ့နောက်ပိုင်းမှာ ကျန်တော်မူပါတယ်။

ဇီဝိတဆိုတဲ့ အသက် ကျန်နေသမျှ မသေ---
     အာဟာရဇရုပ်တို့ စိတ္တဇရုပ်တို့ဆိုတာက အဘိဓမ္မာ၊ သင်္ဂြိုဟ် သင်ဖူးတဲ့သူမှ သိပါတယ်။ နည်းနည်းကလေး ကျန်တယ်လို့ ဆိုရရုံကလေး ကျန်ပါတယ်။ ပြန်ချုပ်တာပါပဲ။ ဥတုဇရုပ်ကတော့ တပြိုင်နက် ချုပ်ပါတယ်။ ကြည်ညိုစရာကောင်းအောင်လို့ ဘုရားကို ပြောရတယ်။ ဘုန်းကြီးသေလည်း တပြိုင်နက် ချုပ်မှာပဲ။ ကမ္မဇရုပ်မချုပ်သမျှ ဇီဝိတဆိုတဲ့ အသက်ကျန်နေသေးတယ်။ အသက် ကျန်နေသမျှ သေကို မသေဘူး စုတိစိတ်ကို မဖြစ်သေးဘူး။
********************************************************************
(မေး) အရှင်ဘုရား၊ သံဃိကကျောင်းကို မိမိသေလျှင် ဘယ်သူ့ကို လွှဲနိုင်ပါသလဲ၊ ၀ယ်ကော ၀ယ်ကောင်းပါ သလား။

(ဖြေ)
ဘယ်ပုဂ္ဂိုလ်ကိုမှ မလွဲခဲ့ရဘူး။ သံဃိကကျောင်းဆိုလို့ရှိရင် ဂေါပကတို့၊ ဘာတို့က ထိန်းထားပါ။ ဘယ်သူ့မှ မလွှဲပါနဲ့၊ ဒါမှ နောက် သံဃာ ကောင်းကောင်းရမယ်။

ပုဂ္ဂလိကကျောင်း ၀ယ်နိုင် ရောင်းနိုင်---
     သံဃိကမဟုတ်ဘူး။ ပုဂ္ဂလိကဆိုရင် ရောင်းပါ။ ရောင်းပြီးတော့ သူ့လက်ထက်မှာ သူသုံးနိုင်တယ်။ အမေ-အဖေ ပေးနိုင်တယ်။ အလိုရှိသလို သုံးနိုင်တယ်။ ၀ယ်တဲ့သူတွေက ၀ယ်ပါ။ ဒါကို ဂေါပကအဖွဲ့တို့ ဘာတို့က ၀ယ်ပါ။ ၀ယ်ပြီးတော့ ကျောင်းကို ရွှေ့တန်တာ ရွှေ့ပါ။ ဒီလို ဘုန်းကြီးက ပြောနေတယ်။ ဒါကြောင့် ဒကာမကြီး ၀ယ်ပါ။ ကိစ္စမရှိပါဘူး။ သံဃိကကို သွားမ၀ယ်နဲ့။

သံဃိကကို မ၀ယ်နဲ့---
     သံဃိက သွားဝယ်လို့ရှိရင် ဒကာမကြီး ပိုင်မှာမဟုတ်ဘူး။ ပုဂ္ဂလိကဆိုမှ ၀ယ်ပါ။ ပုဂ္ဂလိကလည်းပဲ သူက ဆိုရုံနဲ့ မ၀ယ်ပါနဲ့။ လှူတုန်းက ဟုတ်သလား၊ မဟုတ်ဘူးလား၊ စုံစမ်းပါဦး။ လှူတုန်းက ဟုတ်တယ်၊ ပုဂ္ဂလိက လုပ်ထားတာပဲလို့ သူတို့ ဆွေမျိုးတွေက ပြောရင်တော့ ၀ယ်ပါ။ သံဃိကကို မ၀ယ်လေနဲ့။ မသေချာတဲ့ ပုဂ္ဂလိကကိုလည်း မ၀ယ်နဲ့။ ကိုယ် မပိုင်ဘူး။ ကိုယ့်ဘုန်းကြီးလည်း မပိုင်ဘူး။
*********************************************************************
(မေး) အရှင်ဘုရား၊ စူဠသောတာပန် အပါယ်တံခါး ပိတ်တယ်ဆိုတာ တဘ၀အဖြစ် ဆိုတာလား။ သံသရာ တလျှောက်လုံး နိဗ္ဗာန်မရောက်မချင်း ဆိုတာပါလား။

(ဖြေ)
နိဗ္ဗာန်မရောက်မချင်း ပိတ်လို့ရှိရင် စူဠသောတာပန်လို့ မခေါ်နဲ့တော့၊ သောတာပန်လို့ပဲ ခေါ်။
သူ့တာဝန်ကတော့ တဘ၀ပဲရှိတယ်။ ဘာဖြစ်လို့ တဘ၀တည်းရှိလည်းဆိုတော့ လာမယ့်ဘ၀က ဘယ်လိုအဖြစ်မျိုးနဲ့ ဖြစ်မှန်းမသိလို့ တဘ၀ပဲ ရှိတယ်။ တသံသရာလုံး ဆိုတာကတော့ စူဠသောတာပန်ရဲ့ တာဝန်မရှိပါဘူး။ မတတ်နိုင်ပါဘူး။ ဒီလိုဆိုရင် မဟာသောတာပန်နဲ့ ဘာထူးတော့မှာလဲ။
*********************************************************************
(မေး) အရှင်ဘုရား၊ ဘုရား၊ ရဟန္တာများ စုတိစိတ်တော် ဖြစ်ပြီးနောက် ဘ၀သစ်ခန္ဓာ မပေါ်တော့ဘူး။ ဘ၀သစ်ခန္ဓာ မပေါ်ဘဲ ငြိမ်းသွားတာ နိဗ္ဗာန်ပဲ မဟုတ်လား။

(ဖြေ)
ဒီလိုတော့မဟုတ်ဘူး။ ဘ၀သစ်ခန္ဓာ မပေါ်ဘဲ ငြိမ်သွားတာကို နိဗ္ဗာန်လို့ ဆိုချင်စရာကောင်းအောင် တရားတော်မှာ ရှိတယ်။ အယံပဒီပေါ-ဤဆီမီးသည်၊ နိဗ္ဗုတောယထာ-ငြိမ်းအေးသကဲ့သို့၊ ဓီရာ-ရဟန္တာ ပညာရှိတို့သည်၊ နိဗ္ဗန္တိ-ငြိမ်းအေးတော်မူကြကုန်၏-လို့ ပရိတ်ကြီးက ဒါကြောင့် ဘ၀ဆက် မရှိဘဲနဲ့ ကမ္မဇရုပ် စုတိစိတ်တော်များ ချုပ်သွားခြင်းသည်ပင် နိဗ္ဗာန်လို့ ဆိုတော့ နိဗ္ဗာန် ဘာမှ မရှိဘူး။
********************************************************************
(မေး) အရှင်ဘုရား၊ မီးငြိမ်းသွားသလို ဆိုတော့ လုံးဝ ဘာမှ မရှိဘူးလား။

(ဖြေ)
ဒီလိုမဟုတ်ဘူး။ အဲဒါက ဗုဒ္ဓမြတ်စွာက ဘယ်မှ မရောက်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးကို ဥပမာပြတာ။ ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဉာဏ် ရတော်မူတဲ့အချိန်တုန်းက သစ္စာလေးပါးတရားကို သိတော်မူတယ်။ ဒါကို နားလည်တယ်နော်။ အဲဒီအချိန်တုန်းက နိရောဓသစ္စာကို သစ္ဆိကရဏီယ သစ္ဆိကတအဖြစ်နဲ့ မျက်မှောက်ပြု တော်မူတယ်။

မျက်စိအောက်ကို ရောက်နေသလို မြင်---
     မျက်မှောက်ပြုတော်မူတယ်ဆိုတဲ့ဥစ္စာ မျက်စိအောက်ကို ရောက်နေသည်ကို မြင်တော်မူတယ်။ ဒါကို သဘောပေါက်ပြီလား။ နိရောသစ္စာကို မျက်စိအောက် ရောက်သလိုကို မြင်တော်မူတယ်။ ဒါကို သဘောပေါက်သလား။ နိရောဓသစ္စာ နိဗ္ဗာန်၊ ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်တဲ့ အချိန်တုန်းက အရဟတ္တမဂ် ဆိုပါတော့၊ နောက်ဆုံး မဂ်ကို ရတယ်။ အတူတူပဲ။ သောတာပတ္တိမဂ်ရော၊ ဘာရော အဲဒီမဂ်ရတဲ့ အချိန်တုန်းက နိဗ္ဗာန်ကို မြင်တော်မူတယ်။ (ရှေ့လဆက်ရန်)

(မဟာဂန္ဓာရုံ ဆရာတော်)
(မြတ်မင်္ဂလာ ၂၀၁၀-နိုဝင်ဘာလ)

Thursday, March 10, 2011

ဆားလျှော့လိုလျှင် ရှာလကာရည် ခတ်၊ သကြား မခတ်နဲ့။ အိပ်မပျော်ဘူးလား။ အယ်လီဇဘက် ဘုရင်မကြီး၏ ကျန်းမာရေး စည်းမျဉ်း

( ဆားလျှော့လိုလျှင် ရှာလကာရည် ခတ်၊ သကြားမခတ်နဲ့)
သွေးတိုးရောဂါ ကာကွယ်ကုသရန် ဆား လျှော့စားရမည်။
ဟင်းချက်သည့်အခါတွင် ဆားလျှော့ခတ်သော်လည်း အရသာမပျက်စေသော နည်းလမ်းရှိပါသည်။ 
အရသာ သုတေသနပြုမှုအရ သိရသည်မှာ အရသာများ အချင်းချင်း ထူးဆန်းအံ့သြဖွယ် ဆက်စပ်မှု ရှိနေခြင်းဖြစ်သည်။ အချဉ်ဓာတ်သည် အငန်ဓာတ်၏ အားဖြည့်ဓာတ်-ဖြစ်သည်။ စမ်းသပ်မှုအရ ၁-ရာခိုင်နှုန်းမှ ၂-ရာခိုင်နှုန်းရှိသော ဆားပျော်ရည်ထဲတွင် ၀.၁၁ ရာခိုင်နှုန်းရှိသော ရှာလကာရည် ထည့်လိုက်ပါက ပိုမိုငန်သည်ဟု ခံစားရသည်။ ထို့ကြောင့် ဆားအနည်းငယ်သာ သုံးပြီး ဟင်းကို ငန်စေလိုလျှင် ရှာလကာရည် သို့မဟုတ်-သံပုရာ ရှောက်ရည် အနည်းငယ် ထည့်လိုက်ပါ။ ပို၍ လေးပင်သောအရသာကို ရစေပါသည်။

အငန်ဓာတ်ကို အားပျော့စေသော အခြားအရာသည် အချိုဓာတ်ပင် ဖြစ်သည်။ လက်တွေ့စမ်းသပ် သက်သေပြချက်အရ ၁-ရာခိုင်နှုန်းမှ ၂-ရာခိုင်နှုန်း ရှိသော ဆားပျော်ရည်ထဲသို့ ၁၀-ရာခိုင်နှုန်းသော သကြားထည့်လိုက်လျှင် ငန်သောအရသာ လုံးဝပျောက်သွားနိုင်သည်။ များစွာသော ချို-ငန် ဟင်းလျာများထဲတွင် ဆား-ပါဝင်မှုသည် ခံစားရသည်ထက် ပိုမိုများနေတတ်သည်။ ထို့ကြောင့် ဟင်းလျာများစွာတွင် သကြားခတ်ခြင်းသည် အကျိုးမရှိသည့်အပြင် ဆိုးကျိုးကိုသာ ပေးတတ်သည်။ ထို့ပြင် သစ်သီးယိုစုံများတွင်လည်း ဆားများပါတတ်၍ သတိထားရပါမည်။
*********************************************************************
( အိပ်မပျော်ဘုးလား)
ကျွန်ုပ် မကြာခဏ အိပ်မပျော် ဖြစ်တတ်သည်။ မိတ်ဆွေတဦး၏ ဆေးမြီးတိုနည်းအရ ကြက်သွန်နီ တစိတ် ယူပြီး ကျေအောင် ထုထောင်းကာ ပုလင်းတလုံးတွင် ထည့်ပိတ်ထားလိုက်သည်။ ခေါင်းအုံးနံဘေးတွင် ထားပြီး အိပ်ခါနီး ပုလင်းအဖုံးကို အနည်းငယ် ဟပေးကာ အနံ့ကိုရှူပါသည်။ ထို့နောက် ၁၀-မိနစ်ခန့် အတွင်း အိပ်ပျော်သွားပါသည်။

ဤကား တရုတ်တိုင်းရင်း ဆေးတက္ကသိုလ်၊ ပါမောက္ခကျိုကျူရီ၏ ပြောကြားချက်ဖြစ်သည်။ ထိုပြောကြားချက်အရ ယခုခေတ် ဆေးဝါးဗေဒ ပညာရှင်များက သုတေသန ပြုကြည့်ရာ ကြက်သွန်နီတွင် ပါဝင်သော ဓာတ်များသည် လူခန္ဓာကိုယ်၏ နွမ်းနယ်မှုကို ပြေလျော့စေနိုင်သည်။ ကြက်သွန်နီ၏ စူးရှသော အမွှန်အနံ့သည် လူ၏အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး အိပ်ချင်အောင် ဆွဲဆောင်နိုင်သည်ကို သိရှိရသည်။

ထို့ပြင် ပါမောက္ခကျိုကျူရီက ကြက်သွန်နီနှင့် ဖျော်စပ်သည့် အိပ်ပျော်စေသော ဖျော်ရည်တမျိုး သောက်ရန်ကိုလည်း တိုက်တွန်းအကြံပြုထားသည်။
ဖျော်ရည်လုပ်နည်းမှာ ၁၀၀-ဂရမ် (၆-မှ ၁၀-ကျပ်သားခန့်) ရှိသော ကြက်သွန်နီများကို လှီးပြီး ၆၀၀-မီလီမီတာ (ရေသန့်ဘူးတ၀က်ကျော်ခန့်) ရှိသော ချက်အရက်တွင် စိမ်ထားလိုက်ပါ။ ရက်သတ္တတပတ် ကြားသောအခါ ကြက်သွန်နီများကို ထုတ်ပစ်လိုက်ပါ။

ထို့နောက် ထိုကြက်သွန်နီစိမ် အရက် ၁၀-မီလီမီတာနှင့် ကြက်ဥတလုံး မွှေထားသော ကျိုချက်ပြီး နွားနို့ ၉၀-မီလီမီတာ၊ အရည်ကြိတ်ထားသော ပန်းသီးတခြမ်းတို့ကို သမအောင် ရောမွှေပါ။ ယင်းကို အိပ်ရာမ၀င်မီ နာရီဝက် ကျို၍ သောက်နိုင်ပါသည်။
********************************************************************

( အယ်လီဇဘက် ဘုရင်မကြီး၏ ကျန်းမာရေး စည်းမျဉ်း)
အင်္ဂလိပ်ဘုရင်မကြီး အယ်လ်ီဇဘက်သည် ၁၉၂၆-ခု ဧပြီလတွင် မွေးဖွားသည်။ ယခု အသက် ၈၄-နှစ်ရှိပြီ။ လှပကျန်းမာသန်စွမ်းစွာဖြင့်  ကမ္ဘာအရပ်ရပ်သို့ သွားလာမြဲဖြစ်သည်။
ဘုရင်မ၏ အတုယူဖွယ် နေထိုင်ပုံစံစနစ်နှင့် နည်းလမ်းများကို တစေ့တေစာင်း လေ့လာကြည့်ပါက---

(၁) အနားယူတတ်ခြင်း---
မည်မျှပင် ကြီးကျယ်ခန်းနားသော ညစာစားပွဲ သို့မဟုတ်-ကပွဲ ဖြစ်ပါစေ ဘုရင်မသည် မိမိ၏ အစီအစဉ် သတ်မှတ်ချက်အတိုင်း အချိန်လွန်အောင် မနေ။ ကြိုတင် ထွက်ခွါသွားတတ်သည်။ ည ၁၁-နာရီတွင် အိပ်စက်အနားယူပြီး နောက်တနေ့ နံနက် ၇-နာရီတွင် အချိန်မှန် အိပ်ရာမှထသည်။ သို့မှသာ အလုပ်တာဝန်များသည့် တနေ့တာကို ကြိုဆိုနိုင်မည်။ ဤကဲ့သို့သော အလေ့အကျင့်ကို နိုင်ငံခြား ရောက်သည့်အခါတွင်လည်း တင်းကျပ်စွာ ကျင့်သုံးတတ်သည်။

ဘုရင်မသည် နေ့စဉ် ထက်သန်တက်ကြွစွာ အလုပ်လုပ်သည့်နည်းတူ အချိန်လုပြီးလည်း အနားယူတတ် သည်။ တိုတောင်းသော ၅-မိနစ်တာကလပင် ဖြစ်စေကာမူ ဖိနပ်ကို ချွတ်ထားပြီး ခြေထောက်များ မ,၍၄င်း၊ ရေနွေးကြမ်းသောက်၍၄င်း၊ စိတ်ကို ဖြေလျှော့တတ်သည်။ ပုခုံး၊ လည်တိုင် လှုပ်ခါ၍ လေ့ကျင့်ခန်းလည်း လုပ်တတ်သည်။

(၂) ခြေထောက်ကို စောင့်ရှောက်ခြင်း---
ဘုရင်မသည် ခြေထောက်၏ သက်သောင့်သက်သာရှိမှုကို အလွန်အလေးထားသည်။ တရုတ်တိုင်းရင်း ဆေးပညာတွင် အဆိုတခု ရှိသည်။ ခြေသည် လူ၏အမြစ်၊ လူအိုလျှင် ခြေထောက်က စပြီး အိုသည်။ ဘုရင်မသည် ထိပ်ချွန်ချွန်၊ ခုံမြင့်မြင့် ခေတ်မီ ဒေါက်မြင့်ဖိနပ်များကို မစီး၊ သက်သောင့်သက်သာ စီးနိုင်သော ထိပ်လုံးလုံး၊ ဒေါက်နိမ့်နိမ့်၊ ၅-စင်တီမီတာ ရှိသော ဒေါက်မြင့်ဖိနပ်ကို စီးလေ့ရှိသည်။ ခြေထောက် သက်သာစေရန် တနေ့လျှင် ၄-၅ ကြိမ်ခန့် ဖိနပ် လှဲလှယ်စီးတတ်သည်။

ခြေထောက်ကို လေ့ကျင့်နိုင်ရန် ၂-နာရီခန့် ဆက်တိုက် မတ်တတ်ရပ်တတ်သည်။ ဤသို့ ပြုခြင်းဖြင့် ခြေထောက်ကို လေ့ကျင့်တတ်သည်။

(၃) ကာယလေ့ကျင့်မှု အလေ့အထ---
တော်ဝင်မိသားစုများတွင် လမ်းလျှောက်သောစည်းမျဉ်း ရှိသည်။ သွက်လက်စွာ လမ်းလျှောက်နည်း ဖြစ်သည်။ ကာယလေ့ကျင့်မှု ဆရာဝန်၏ အဆို ကျန်းမာရေးအတွက် လမ်းလျှောက်ရာတွင် လမ်းလျှောက် ကြာချိန်နှင့် အမြန်နှုန်းကို ဂရုစိုက်ရမည်။ အမြန်နှုန်း မရှိဘဲ နှေးကွေးစွာ ကြာရှည် လမ်းလျှောက်ခြင်းသည် အကျိုးကျေးဇူးနည်းသည်ဟု ဆိုသည်။

သွက်သွက် လမ်းလျှောက်ရာတွင်လည်း ခေါင်းမော့ ရင်ကော့ရမည်။ သို့မှ ခါးကိုင်းခြင်းကို ကာကွယ်နိုင်ပြီး ၀မ်းဗိုက်အဆီများကို လျှော့ချနိုင်မည်။ နှလုံး၊ အဆုတ်တို့၏ စွမ်းဆောင်ချက်ကိုလည်း လေ့ကျင့်ပေးနိုင်မည်။ မိမိကိုယ်ကို ယုံကြည်မှုအတွက်လည်း အားဖြည့်ပေးသည်။

ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)
(မြတ်မင်္ဂလာ ၂၀၁၀-နိုဝင်ဘာလ) 
အကိုး။ ။ ၁၂-၇-၂၀၁၀ နေ့ထုတ် တရုတ်ဘာသာဖြင့် ထုတ်ဝေသော ကျန်းမာရေးဂျာနယ်။
           တရုတ်ဘာသာဖြင့် ထုတ်ဝေသော Look Younger, Live Longer စာအုပ်မှ ကောက်နုတ် ဘာသာပြန်ဆိုပါသည်။

သရဏဂုံသုံးပါး ဂုဏ်ကျေးဇူး

စာရေးသူတွင် ဆဋ္ဌမတန်း၌ ပညာသင်ကြားနေသော သမီးလေးတဦးရှိ၏။  သူ၏အမည်မှာ ပေါက်ကျော်မ-ဖြစ်ပါသည်။ ပေါက်ကျော်မသည် အလွန်သတ္တိရှိသူဖြစ်၏။ သတ္တိရှိသည်ဆိုခြင်းမှာ ညအချိန် ၁၂-နာရီ တနာရီ အပေါ့အပါးသွားလျှင်သော်၎င်း၊ အိမ်သာသွားလျှင်သော်၎င်း ညအမှောင်ထဲတွင် မိဘမောင်ဖွားကို မနှိုးဘဲ အဖော်မပါ တယောက်တည်း ထသွားပါသည်။ ဘာကိုမှ မကြောက်တတ်ပါပေ။ ကျွန်တော်တို့အိမ်ရှိ အိမ်သာမှာ အိမ်နှင့်တွဲလျက် မရှိဘဲ အိမ်နှင့်ပေ ၁၅၀-ခန့် ဝေးပါသည်။

တနေ့သော ည ၁၂-နာရီခန့်တွင် ပေါက်ကျော်မ တယောက် အိမ်သာထသွားပါသည်။ အိမ်သာမှ အပြန်တွင် ခွေးနက်မကြီးတကောင် သူ့နောက်က ကပ်ပြီးလိုက်လာသည်ဟုဆိုကာ အိမ်ပေါ်သို့ ကြောက်လန့်တကြား ပြေးတက်လာပါသည်။ ပြီးလျှင် မျက်စိကို စုံမှိတ်ထားပြီး-
ခွေးနက်မကြီး၊ ခွေးနက်မကြီး၊ ကြောက်တယ်၊ ကြောက်တယ်-ဟု အော်ဟစ်နေပါသည်။ သူ့အသားများ မှာလည်း တဆတ်ဆတ် တုန်နေ၏။ ကျွန်တော်တို့ ဇနီးမောင်နှံ အိပ်ရာမှ လူးလဲထပြီး ထိတ်လန့်နေသော ပေါက်ကျော်မက ပွေ့ဖက်ထားကာ --

သမီး ဘာဖြစ်လို့လဲ ပြောစမ်း၊ ဒီမှာ အဖေကော အမေကော ရှိနေတယ်။ မျက်စိဖွင့်စမ်း-ဟု ပြောသော်လည်း ခွေးမကြီး-ခွေးမကြီး၊ ကြောက်တယ်-ကြောက်တယ်-ဟုသာ အော်ဟစ်နေသဖြင့် ကျွန်တော်တို့ဇနီးမောင်နှံ ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေပါတော့သည်။ ဤသို့ဖြင့် ပေါက်ကျော်မသည် အကြောက်မပြေဘဲ အော်ဟစ်မြဲ အော်ဟစ်လျက်ရှိရာ ပေါက်ကျော်မ၏ နားသို့ကပ်လျက်---

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟု အဆက်မပြတ် ကျွန်တော် ရွတ်ဆိုပေးပါသည်။ ၅-မိနစ်ခန့်အကြာတွင် ပေါက်ကျော်မ မျက်လုံးများဖွင့်လာပြီး ဖေဖေ သမီးအနားက ခွေးနက်မကြီး ပြေးသွားပြီ-ဟု ပြောပါသည်။

အင်း အဖေ ရွတ်ဆိုသော သရဏဂုံသုံးပါး၏ အစွမ်းကြောင့် ပြေးသွားတာ-ဟု ပြောလိုက်၏။
ဟုတ်တယ် ဖေဖေ၊ ခွေးနက်မကြီးက သမီးကို ကိုက်မလို့ လုပ်နေတာ။ ဖေဖေ ရွတ်ဆိုတဲ့ သရဏဂုံသုံးပါးကို သမီး သေသေချာချာ နားထောင်လိုက်တဲ့အချိန်မှာပဲ ခွေးမကြီး ထွက်ပြေးသွားတော့တာပဲဖေဖေ။ နောက်ဆိုရင် သမီးလည်း သရဏဂုံသုံးပါးကို အမြဲရွတ်တော့မယ်-ဟု ပြောပါသည်။

ကောင်းတာပေါ့ သမီးရယ်၊ သရဏဂုံ သုံးပါးကို ရွတ်ရင် သမီးကြောက်တဲ့ ခွေးနက်မကြီးတင်မကဘူး တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ ဘီလူးတွေလည်း အကုန်ပြေးတော့တာပဲ။ နောက်ပြီး ဘာအန္တရာယ်မှလည်း မကျရောက်နိုင်ဘူး။ အန္တရာယ်ကင်း ဘေးရှင်းသလို သရဏဂုံသုံးပါး ရွတ်ပြီး စာတွေကျက်ရင်လည်း ခဏလေးနဲ့ ရလွယ်တယ်။ ပြီးတော့ စာမေးပွဲပါ အောင်လိမ့်မယ်-ဟု ကျွန်တော်က ပြောလိုက်ရာ ပေါက်ကျော်မသည် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟု သရဏဂုံ သုံးပါးကို မပြတ်ရွတ်ဆိုရင်း ထိုနေ့ညက အိပ်ပျော်သွားပါတော့သည်။

သက်ဦးနိုင်(မြ၀တီ)
(မြတ်မင်္ဂလာ ၂၀၁၀-နိုဝင်ဘာလ)

သမ္ဗုဒ္ဓေဂါထာ အစွမ်း

လွန်ခဲ့သော ၁၅-နှစ်ခန့်က ဖြစ်ပါသည်။ ထိုအချိန်က ကျွန်တော်သည် လွိုင်ကော်မြို့ရှိ ခရစ်ယာန်သီလရှင် ကျောင်းတကျောင်းတွင် လက်သမားအလုပ်ကို ၀င်ရောက်လုပ်ကိုင်ခဲ့ပါသည်။
တရက်တွင် ကျွန်တော်တို့ ဆောက်လုပ်နေသော အဆောက်အဦးတွင် မျက်နှာကြက်လုပ်ငန်းကို လုပ်ကိုင်ကြရသည်။ ကျွန်တော်တို့ ဆောက်လုပ်သော အဆောက်အအုံမှာ တခြမ်းက ၃-ထပ် ဖြစ်ပြီး တခြမ်းက ၂-ထပ် ဖြစ်ပါသည်။

ထိုနေ့က ကျွန်တော်တို့အဖွဲ့ လုပ်ရသောနေရာမှာ ၂-ထပ်ဆောင်ဘက်တွင် ဖြစ်သည်။ မျက်နှာကြက်ပြားများ ရိုက်ရန်အတွက် လက်သမားတချို့မှာ ဖရိန်တန်းများ ထိုးနေပါသည်။ ဖရိန်တန်းဆိုသည်မှာ မျက်နှာကြက်ပြားများ ရိုက်ရန် ၂-လက်မပတ်လည် သစ်သားချောင်းများ တန်းထိုးခြင်းကို ဆိုလိုပါသည်။

ထိုနေ့က ကျွန်တော်သည် အခြားလက်သမားများ ဖရိန်တန်း ရိုက်ရန်အတွက် အရှည် ၄-ပေရှိ ၂-လက်မပတ်လည် သစ်ချောင်းများကို အဆောက်အအုံ အပေါ်ထပ်၌ ကြမ်းခင်း ခင်းရန် ရိုက်ထားသော ဆင့်တန်းများပေါ်တွင် ခွထိုင်ပြီး လွှဖြတ်ပေးနေရသည်။

ထိုနေ့က ကျွန်တော်သည် လွှဖြတ်နေရင်း သမ္ဗုဒ္ဓေဂါထာတော်ကို နှုတ်က အဆက်မပြတ် ရွတ်ဆိုနေပါသည်။ ထို့နောက် ကျွန်တော်သည် ဖြတ်ထားသော သစ်သားချောင်းများကို ကျွန်တော့်အထက်က ငြမ်းစင်ပေါ်သို့ တင်ထားပေးပြီး အခြားတနေရာသို့ ပြောင်းရွှေ့ကာ ကျွန်တော် လွှဖြတ်နေပါသည်။

ကံအားလျော်စွာပင် ကျွန်တော် နေရာပြောင်းရွှေ့ပြီး ၅-မိနစ်လောက်အကြာမှာပဲ ကျွန်တော်နေရာ မပြောင်းခင်က လွှဖြတ်ခဲ့သော ကျွန်တော့်အထက်က ငြမ်းစင်ကြီး ဗြုန်းခနဲ ကျိုးကျပါလေတော့သည်။ ကျွန်တော်သည် အကယ်၍သာ ထိုနေရာတွင် လွှဖြတ်နေပါက ကျိုးကျသော ငြမ်းစင် သစ်သားချောင်းများ ကျွန်တော့်ဦးခေါင်းကို ထိမိမှာ သေချာသည်။ ထိုသို့ ထိမိလျှင်လည်း ကျွန်တော့်ဦးခေါင်းတွင် အနာတရကြီးကြီး ဖြစ်မှာ သေချာသည်။

သို့သော် ယခုကဲ့သို့ တဒင်္ဂအချိန်အတွင်း ဘေးအန္တရာယ်မှ ကပ်ပြီး လွဲသွားခဲ့ရခြင်းမှာ သမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုခြင်းကြောင့်ဟု ယုံကြည်ယူဆမိပါသည်။

အောင်-ကယားမြေ
(မြတ်မင်္ဂလာ ၂၀၁၀-ခု နိုဝင်ဘာလ) 

ရေကုသိုလ် အကျိုး

ကျွန်မနှင့် အတော်လေးခင်သော မိသားစု၌ အရေပြားရောဂါ စွဲကပ်နေသူ အပျိုကြီးတဦး ရှိပါသည်။ သူမသည် စွဲကပ်နေသော အရေပြားရောဂါကို မြန်မာဆေး၊ အင်္ဂလိပ်ဆေး မျိုးစုံဖြင့် ကုသသော်လည်း မပျောက်ပါ။ တကိုယ်လုံး ပျံ့နှံ့နေသဖြင့် စိတ်ဒုက္ခရောက်နေရပါသည်။

ကျွန်မတို့ ရွာသားများသည် မဲဇာချောင်းကို အမှီပြု နေထိုင်ရပါသည်။ ရွာသည် ကုန်းမြင့်နေရာ၌ တည်ရှိသဖြင့် မဲဇာချောင်းသို့ ရေချိုးသွားရန် ရွာထိပ် ပေ ၂၀-ခန့်မြင့်သော ကျောက်ဆောင်ကမ်းပါးကို လှေကားဖြင့် ဆင်း၍ သွားရပါသည်။ ထို့အပြင် တံတားတခုကိုလည်း ဖြတ်သန်းပြီးမှ ချောင်းသို့ ရောက်ပါသည်။  ထိုတံတားအောက်နားရှိ အင်းစပ်၌ ရောဂါသည် အပျိုကြီးသည် ကိုယ်တိုင် ရေတွင်းတတွင်းတူး၍ လှူဒါန်းထားပါသည်။ 

တွင်းအနက် ၁၀-ပေခန့် ရှိပြီး တွင်းအ၀ ငါးပေပတ်လည်ခန့်ရှိ ရေတွင်းလေးကို ပျဉ်ဖြင့် ဘေးပတ်လည် ကာရံထားပါသည်။ ရေတွင်းမှာ ချိုးရေတွင်း ဖြစ်ပါသည်။ အစပိုင်းတွင် ရွာသားများ သိပ်ပြီး မချိုးကြသော်လည်း နောက်ပိုင်းတွင် ရေချိုးသူများ ပေါများလာပါသည်။

မဲဇာချောင်းရေသည် ယခုအခါတွင် အမြဲနောက်ကျိနေသဖြင့် သူမ တူးထားသော ရေတွင်း၌သာ လူအများ ရေချိုးနေကြပါတော့သည်။ စိမ့်ရေတွင်းဖြစ်သဖြင့် အမြဲကြည်လင်နေပြီး လူမည်မျှ ချိုးချိုး ကုန်သည်မရှိ။
ရေတွင်းတူးပြီး တနှစ်လောက် အကြာ၌ သူမ၏ ကိုယ်ရေပြား ရောဂါများမှာလည်း ပျောက်ကင်းသွား ပါတော့သည်။ မည်သည့်ဆေးနှင့် ပျောက်မှန်းပင် မသိတော့ပါ။ သူမ၏ရောဂါ ပျောက်ကင်းသွားသည်မှာ ထိုချိုးရေတွင်းလေး အလှူကြောင့်ပင် ဖြစ်မည်ဟု ယုံကြည်ယူဆမိပါသည်။

မွှေးမွှေး (အင်းတော်-တာပေါ)
(မြတ်မင်္ဂလာ ၂၀၁၀-နိုဝင်ဘာလ) 

သြ၀ါဒ

* ဤလောကမှာ၊ ဘေးသုံးဖြာ၊ မှန်စွာ ရှိပေသည်။
* အို-နာ-သေရေး၊ ဒုက္ခဘေး၊ ဘယ်သွေး ဘယ်သား မကယ်ပြီ။
* စည်းစိမ် ဥစ္စာ၊ အဖြာဖြာ၊ မှန်စွာ ထားခဲ့ရပေမည်။
* ကိုယ့်နောက်ပါအောင်၊ သတိဆောင်၊ မှန်အောင် ကျင့်ရမည်။
* အကျင့်မှန်မှ၊ ဘေးလွတ်ရ၊ ဘ၀ငြိမ်းအေးမည်။

ဘဒ္ဒန္တတေဇ၀န္တ မဟာထေရ်
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်
ပဓာနနာယကဆရာတော် 

ခူနာ

ခူနာရောဂါ ဖြစ်ခဲ့သော် 
မဲဇလီရွက် လက်တဆုပ်ကို ရေနဲ့စင်ကြယ်အောင်ဆေးပြီး
ဒုတ္ထာ အနည်းငယ်/ တပဲသားခန့်နှင့်ရောကာ ညက်နိုင်သမျှ ညက်အောင် ကြိတ်ပါ။ 
ထို့နောက် သံပုရာရည် အနည်းငယ်စွက်ကာ အနာပေါ်သို့ သုတ်လိမ်းပေးပါ။ 

အနည်းငယ်စပ်သော်လည်း သည်းခံပြီး တနေ့ ၅-ကြိမ်ခန့် သုတ်လိမ်းပေးရုံဖြင့် ခူနာမှာ အလွှာလိုက် အလွှာလိုက် ကွာကျကာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

မင်းရွှေဝင်း-သရက် 
(နက္ခတ္တရောင်ခြည်-၂၀၀၆-ခု မေလ)

ကလေး သူငယ်နာကင်း ၀ဖြိုးခြင်း

ကလေးငယ်များ သူငယ်နာရောဂါ ပျောက်ကင်းစေဖို့ 
ဇာ, လေး, ရှိန်း, သိန်း, နု, ကဲ-ကို အသုံးပြုလိုက်ပါ။

ဇာ-ဆိုတာ ဇာသီးဆန်။
လေး-ဆိုတာ လေးညင်းပွင့်။
ရှိန်း-ဆိုတာ ရှိန်းခို။
သိန်း-ဆိုတာ သိန္ဓော။
နု-ဆိုတာ ဟင်းနုနယ်မြစ်။ 

အဲဒီ ဆေးအစု ၅-မျိုးကို ဆ,တူ ကဲ (ကြိတ်)ပါ။ နောက် အတောင့်လုပ်ပြီး ကလေးရဲ့ လျှာကို ပွတ်ပေးပါ။
သူငယ်နာ လျှာဝါး၊ သူငယ်နာ မျက်လှန်၊ သူငယ်နာ မျက်ပိတ်၊ သူငယ်နာ နောက်လှန်-စတဲ့ ရောဂါတွေ သက်သာပျောက်ကင်းပါသည်။
***********************************************************************************

ပိန်သူများ ၀လိုသော်---
လက်, ပေါက်, ပျား-နှံ၊ ပျိုရုပ်ခံ၊ ၀,ရန် ဤသည့်ဆေး။

လက်-က လက်ပံဥ၊( လက်ပံပင်အငယ်မှာ အမြစ်နဲ့တွဲပြီး ဥ-ရှိတယ်)
ပေါက်-က ပေါက်ပင်ဥ၊( သူ့မှာလဲ ဥ-ရှိတယ်)
ပျား-ကတော့ ပျားရည်ပေါ့။
လက်ပံဥ၊ ပေါက်ဥတို့ကို ဆတူအမှုန့်ပြုလုပ်ပြီး ပျားရည်နဲ့ တေ-ပါ။ ပြီးရင် ဒီဆေးကို တနေ့ ၂-ကြိမ် စားပါ။ 
မကြာခင် ၀,လာပါလိမ့်မည်။

ကိုကိုအောင်-မြကန်သာ
(နက္ခတ္တရောင်ခြည် ၂၀၀၆-ခု မေလ)

Wednesday, March 9, 2011

ကြိြု့ီ့းထိုး ဝေဒနာအတွက် ဆေးတလက်

ကြို့ကြီးထိုး-ဟူသည် မရပ်မနား ဆက်တိုက်ထိုးနေခြင်း၊ နာရီခြား၍ မကြာမကြာ ထိုးနေခြင်းကို ဆိုလိုသည်။

လက်ဖက်အသား (နှစ်ကျပ်ခွဲသားခန့်) များများကို ဆီရွှဲရွှဲဆမ်း၊ ဆား သင့်ရုံထည့်၍ နယ်ပြီး အားရပါးရ စားပါ။ 


မှတ်ချက် ။ ကြက်သွန်ကြော်၊ နှမ်း၊ အချိုမှုန့် စသည်များ မပါစေဘဲ လက်ဖက်အသားချည်း သက်သက်ကိုသာ ဆီးနှင့်ဆားသာ ထည့်၍ စားရန် သတိပြုဖို့ လိုပါသည်။


မောင်သန့်ဇင်-ပဲခူး ကျောက်တန်း
(နက္ခတ္တရောင်ခြည် ၂၀၀၆-ခု မေလ)

နှလုံးရောဂါ လေးဘက်နာ

နှလုံးရောဂါ လေးဘက်နာရောဂါအတွက် ကြွက်နားရွက်မှိုကို စားပါ။ ( ဘိုးဘွားနားရွက်လို့ခေါ်သည်)
ငါးရက်တခါ၊ တကြိမ်ကို မှိုခြောက် တကျပ်သား ကုန်အောင် စားရသည်။ ဟင်းချက်စား၊ သုပ်စား၊ အမျိုးမျိုး စီမံပြီး စားပါ။ တလအတွင်း ခြောက်ကျပ်သား ၀မ်းထဲဝင်ရင် ရပြီ။

အကျိုးဆက်က နှလုံးသွေးကြောကျဉ်းတာ၊ ကျယ်တာ၊ နှလုံးအဆီပိတ်တာ၊ မောပန်းနွမ်းနယ်တာ၊ ရင်ကျပ်ပန်းနာ၊ အစာအိမ် လေထိုးလေအောင့် ဝေဒနာ အစုံသက်သာပျောက်ကင်းစေသည်။ 

ကြွက်နားရွက်မှို သုပ်စားလိုသော်---
    မှိုခြောက်ကို ရေနွေးစိမ်ပါ၊ တနာရီကြာလျှင် ရေစင်အောင် ဆေး၍ ဓား၊ ကတ်ကြေးဖြင့် ပါးပါးလှီး ညှပ်ထားပါ။ ကြက်သွန်နီတဥကို ဆီချက်ချက်၍ အအေးခံထားပါ။ ကျန်တလုံးကို ပါးပါး လှီးထားပါ။ စားခါနီးတွင် မှို၊ ပုစွန်ခြောက်မှုန့်၊ ပဲအကျက်မှုန့်၊ ဂေါ်ဖီလှီးပြီးသားများ ကြက်သွန်နီ လှီးပြီးသားတို့ကို အချို၊ အငန် သင့်ရုံ၊ ဆီချက်၊ သံပုရာရည်ဆမ်း၍ နယ်ကာ စားသုံးပါ။ အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက် အကျက်မှုန့် သုံးနိုင်ပါသည်။

ဟူဂျင်းဇီ
(နက္ခတ္တရောင်ခြည် ၂၀၀၆-ခု မေလ) 

စစ်တွေ ရခိုင်ဒေသပေါက် ဆေးပင်တချို့

စစ်တွေမြို့ တိုင်းရင်းဆေးရုံမှ ဆရာမ ဒေါ်သန်းသန်းစိုး နှင့်တွေ့ဆုံရာမှ ဆေးရုံဝင်းအတွင်း စိုက်ပျိုးထားသော ဒေသပေါက် ဆေးပင်အချို့နှင့် ဆေးအသုံးတို့ကို ရှင်းပြပေးသည်။

စပါးကြီးသည်းခြေ---
     နှစ်မျိုးတွေ့ရသည်။ စပါးကြီးမြွေ၏ သည်းခြေကဲ့သို့ပင် ဆေးစွမ်းထက်သည့် ရခိုင်ဒေသဆေးပင် ဖြစ်သည်။ တမျိုးမှာ ဒူးရင်းရွက်နှင့် ဆင်တူသည်။ ပြက်ကျယ်၍ အရင်းအဖျား ၀ိုင်းချွန်သည်။ အရွက်ကြော ပေါ်လွင်သည်။ ရွက်လွှဲထွက်သည်။ အရွက်အပေါ်ပိုင်း အစိမ်းရင့်ရောင်ရှိ၍ အောက်ဘက်အရောင် ဖျော့သည်။

အခြားတမျိုးမှာ ရွက်ရင်းဝိုင်း၍ အဖျားသွယ်ချွန်သည်။ မျက်နှာချင်းဆိုင် အပြိုင်ထွက်၍ ရွက်ညှာတွင် အရွက်ငယ်တခု သုံးရွက်ဆိုင် ထောင့်မှန်ထပ် ထွက်သည်။
ဆေးသုံးမှာ နှစ်မျိုးလုံး တူသည်။ ကလေး အပူကြီး၍ အဖျားသည်းထန်လျှင် အမြစ်ကို သွေးလိမ်းပေးရသည်။ လေငန်းဝေဒနာရှင်များအား အမြစ်သွေးရည်ဖြင့် လျှာပွတ်၊ လျှာဆွဲပေးနိုင်သည်။ ထစ်, အ, လေးလံခြင်းတို့ သက်သာပျောက်ကင်းစေသည်။

အမြစ်ကို ရေဖြင့် ပျစ်ပျစ်သွေးကာ ပျားရည်ရော၍ (ကော်ဖီဇွန်း) တဇွန်းစီ တနေ့ သုံးကြိမ် တိုက်ပေးလျှင် လေငန်းရောဂါ သက်သာပျောက်ကင်းစေသည်။
*********************************************************************
ဖက်လိုင်စိုင်းပင်---
     လောက်သေရွက်တမျိုး ဖြစ်သည်။ ရှောက်ရွက်ကဲ့သို့ ရွက်ညှာတဆင့်ရှိသော ငှက်တောင်မွေးပုံ အလျားရှည်အရွက် ရှိသည်။ အနာပေါက်၊ အနာဟောင်းများ အုံပေးနိုင်သည်။ အသည်းရောင်ရော၈ါအတွက် ပဉ္စငါးပါးပြုတ်ရည် သောက်သုံးရသည်။
*********************************************************************
စွန်လက်သည်းပင်---
     ဘီလူးဝက်ဝါး(ခေါ်) ရွက်ကျပင်ပေါက်အနွယ် ဖြစ်သည်။ ဆီးကျောက်တည်ခြင်း၊ ဆီးအနည်ကျခြင်း၊ ဆီူနောက်ခြင်းတို့ကို ပြုတ်သောက်ရသည်။ ငန်းမန်းပြေစေရန် သတ္ထုရည်ကို လိမ်းနိုင်၊ သောက်နိုင်သည်။
အနာစက်၊ မီးလောင်နာ မျကက်နိုင်သောအနာများတွင် သတ္ထုရည်ကို အ၀တ်ဖြင့်ဆွတ်၍ အုပ်ထားပေးပါက အသားနုတက်မြန်၊ အနာကျက်စေသည်။
********************************************************************
စိုင်းလိုင်းပင်---
     တောင်မုရိုးပင်ကို ခေါ်ခြင်း ဖြစ်သည်။ အဆစ်အမြစ် ရောင်နာများအတွက် အခေါက်မှုန့်နှင့် ပျားရည်ကို တေကာ ကော်ဖီဇွန်း တဇွန်းက တနေ့ သုံးကြိမ် စားပေးပါက (၇)၇က်အတွင်း သက်သာပျောက်ကင်းသည်။
*********************************************************************
မုရိုး---
     အစေးကို အရေပြားရောဂါ၊ ကြွက်နို့ (ကတွတ်) တို့ကို ဆွ၍ ထည့်ပေးရသည်။ ခြေဖ၀ါးတွင် ချိုင့်ခွက်၏ အမြစ်တွယ်သော ကြက်မျက်စိနာ (ငါးမျက်စိ သို့မဟုတ်-ဖက်ခွက်နာဟုလည်း ခေါ်သည်) ကိုလည်း ထည့်ပေးနိုင်သည်။

အရွက်သတ္ထုရည်ကို ထောပတ်အနည်းငယ်စွက်၍ သောက်လျှင် အဆိပ်မျိုးစုံ ပျက်ပြယ်နိုင်သည်။ ချောင်းဆိုးခြင်းအတွက် ထောပတ်အစား ဆားစွက်၍ သောက်ရသည်။ ကျော်ဖီဇွန်း (၃)ဇွန်းထက် မပိုသင့်ပါ။ 

ကလေးငယ်များအတွက် သလိပ်နာ၊ ပန်းနာ၊ ၀မ်းဗိုက်ရောင် တင်းခြင်းတို့ ဖြစ်လျှင် မုရိုးရွက် သတ္ထုရည် (ကော်ဖီဇွန်း) တဇွန်းတွင် ဆားအနည်းငယ်စွက်၍ တိုက်ကျွေးရလေသည်။

ခွန်စိုင်းဝမ်း
(နက္ခတ္တရောင်ခြည် ၂၀၀၆-ခု မေလ) 

Tuesday, March 8, 2011

သိပ္ပံအမြင် နှင့် ဗုဒ္ဓဘာသာ ( ၁၀ )

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေ၀င်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

(မေး) အရှင်ဘုရား၊ စိတ်ဟာ ဦးနှောက်မှာ ဖြစ်တယ်လို့ နိုင်ငံခြားပါရဂူများက ဆိုကြပါတယ်။ ဗုဒ္ဓဘာသာမှာ ဟဒယ၀တ္ထု (နှလုံး)မှာ ဖြစ်တယ်လို့ ကြားဖူးပါတယ်။ ရှင်းပြတော်မူပါ။
(ဖြေ)
သူတို့အယူကို ဘုန်းကြီးက မသိဘဲနဲ့တော့ မရှင်းနိုင်ဘူး။ ဘုန်းကြီးတို့လည်း ဘုန်းကြီးတို့နည်းနဲ့ပေါ့လေ။ ဟဒယ၀တ္ထု ရှိတယ်လို့ ဆိုပေမယ့် စိတ်က ဒီမှာ အကောင်အထည် မှီသလို မှီနေတာ မဟုတ်ဘူး။ ခုနက ဘုန်းကြီးပြောပြီမဟုတ်လား။ ပဋိသန္ဓေ နေကတည်းက ဟဒယဆိုတဲ့ ၀တ္ထုရုပ်ပါလာတယ်။ အဲဒီ ပဋိသန္ဓေနေတုန်းက ဘယ်မှာဒီလို ရင်တွေဘာတွေ ရှိဦးမလဲ။ ဟဒယ၀တ္ထု ပါလာတယ်။ အဲဒီဝတ္ထုရုပ် ရှိလို့မို့ စိတ်က ဖြစ်နိုင်တယ်။ ၀တ္ထုရုပ် မရှိလို့ရှိရင် ကာမရူပဘုံမှာ စိတ်မဖြစ်နိုင်ဘူး။

ဆရာရှိလို့ တပည့်ကြီးပွားသလို---
     ဒါကြောင့် ဆရာရှိလို့ တပည့်ကြီးပွားတယ်။ ဆရာမရှိရင် တပည့်မကြီးပွားဘူး။ တခါ တပည့်က ဆရာကို မှီနေတယ်။ မိဘရှိလို့ သားသမီး ကြီးပွားတယ်။ မိဘမရှိရင် သားသမီး မကြီးပွားဘူးလို့ ပြောတယ်။ ဒီတော့ သားသမီးက မိဘရင်ခွင်ထဲမှာ နေတာ မဟုတ်ဘူး။ သူ့ကို မှီတယ်လို့ဆိုတဲ့ ဥစ္စာကလည်း မှီကပ်နေတာ မဟုတ်ဘူး။ စကားသဘောအားဖြင့် ဖြစ်အောင် ပြောနေတာ။ အမှန်ကတော့ မိဘကို အကြောင်းပြုပြီးတော့ သားသမီးကြီးပွားတယ်။

ဒီလိုသာ ယူဆ---
     အဲဒါကြောင့် ဟဒယ၀တ္ထုကို မှီတယ်ဆိုတာ ဟဒယ၀တ္ထု၏အပေါ်မှာ စိတ်က တည်နေတာ မဟုတ်ဘူး။ ဟဒယ၀တ္ထုရှိလို့ ဘုန်းကြီးတို့ နိဿယပစ္စည်းနဲ့ မှီရာလို့ ခေါ်နေတာ။ သူမရှိရင် ကာမရူပဘုံမှာ မဖြစ်ဘူး။ ဒါကြောင့် မှီတယ်လို့ ပြောတာ။ ဦးနှောက်ထဲ စိတ်က ရောက်သွားတာ မဟုတ်ဘူး။ ဦးနှောက်ရှိလို့ စိတ်ဖြစ်နေတာပဲ။ ဒီလိုသာ ယူဆရမယ်လေ။ ဟဒယ၀တ္ထုရှိလို့ စိတ်ဖြစ်နေတာပဲ။

ဆရာကို တပည့်က မှီတဲ့သဘောမျိုး---
     ဟဒယ၀တ္ထုအပေါ်မှာ ခုနက ဆရာကို တပည့်က မှီတဲ့အမှီမျိုး သဘောထားပါ။ ဆရာကို မှီနေတဲ့ဥစ္စာ၊ ဘုန်းကြီး ဘယ်မှမသွားနဲ့နော်၊ တပည့်တော် လဲသွားလိမ့်မယ်။ ဒီလိုမှီတာမျိုး မဟုတ်ဘူး။ ဆရာက ဟိုကျောင်းနေတယ်။ သူက ဒီကျောင်းနေပေမယ့်လို့ ဆရာ့ကို မှီနေတာပဲ။ ဆရာစကား နားထောင် နေတာပဲ။ မိဘကို မှီနေတယ်ဆိုတာ မိဘက ဟိုအိမ်နေတယ် သူက ဒီအိမ်နေတယ်။ မိဘမှီပြီးတော့ သူကြီးပွားရတာပဲလို့ ပြောတယ်။ ပြောပေမယ့်လို့ မိဘအပေါ်မှာ သူမှီနေတာ မဟုတ်ပါဘူး။ စိတ်ကလည်း ဒီလိုမှီတာ မဟုတ်ဘူး။ ဟဒယ၀တ္ထုကိုမှီပြီးတော့ နေတာမဟုတ်ဘူး။ ဟဒယ၀တ္ထုတို့၊ ဦးနှောက်တို့ ရှိလို့သာ စိတ်တွေဖြစ်တာ၊ အဲဒီလို မှတ်သားပါ။

ဦးနှောက်---
     ဘုန်းကြီးကတော့ ဦးနှောက်လို့ ပုံမှန်မယူဆဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ကဗန္ဓိုပြိတ္တာဆိုတာ ရှိတယ်။ ကဗန္ဓိုပြိတ္တာဆိုတာ ခေါင်းမပါဘူး။ ခေါင်းမပါဘဲနဲ့ စိတ်တော့ ဖြစ်နေတာပဲ။ အမှန်က ဦးနှောက်မှီတဲ့ စိတ်မျိုးတော့ မဟုတ်ပါဘူး။ ဒါ ဘုန်းကြီးယူဆတာလေ။ ဒီပြင်သူတွေကို ဘယ့်နှယ် ညာ့နယ် မပြောချင်ပါဘူး။

ဘုန်းကြီးတို့လက်ခံထား---
     ဟဒယ၀တ္ထုကို ဘုရားက ၀တ္ထုလို့ ဟောတာ၊ ဟဒယလို့ မဟောဘူး။ ဓမ္မသင်္ဂဏီမှာ ၀တ္ထုရုပ်လို့ ဟောတယ်။ မှီရာဝတ္ထုရုပ်။ ဒီ ဟဒယမှာတို့၊ ဘာတို့ ဆိုတဲ့ဥစ္စာက ကျမ်းစာတွေက သတ်မှတ်ပြီးတော့ ထားတာ၊ တခါတလေ ဒိန်းခနဲဆိုရင် ဒီထဲက နည်းနည်း အသိမြန်သလိုလို၊ ဘာလိုလို ရှိနေတယ် မဟုတ်လား။ ဒါကြောင့် ဘုန်းကြီးတို့က လက်ခံထားတာပဲ။
အကုသိုလ်မပြုဖို့ လိုတာပါ---
     လက်ခံထားတော့လည်း အကုသိုလ်မပြုဖို့ လိုတာပါ။ လက်မခံတော့လည်း အကုသိုလ် မပြုဖို့ လိုတာပါ။ လက်ခံတော့လည်း တရား နှလုံးသွင်းဖို့ လိုတာပါ။ လက်မခံတော့လည်း တရားနှလုံးသွင်းဖို့ လိုတာပါ။ ဒီလောက်အရေးကြီးတဲ့ ပြဿနာတော့ မဟုတ်ပါဘူးလို့ ဘုန်းကြီးက ယူဆထားတယ်။
*********************************************************************
(မေး) အရှင်ဘုရား၊  တပါးသောရဟန်းက ၀ိနည်းတော်နှင့် မအပ်သောနည်းဖြင့် ရရှိထားသော ဥပမာ-ဒကာ ဒကာမတို့ လှူချင်လာအောင် ဆွယ်တရားဟော၍ ရရှိထားသော ဆွမ်း၊ ကျောင်း၊ အစရှိသည်တို့ကို စားသုံးသူ ရဟန်းတိုင်း အပြစ်ရှိသည်-ဟု ဆိုပါသည်။ တရားတော်၌ စေတနာဆန္ဒ အဓိကပါ-ဆိုထားရာ မအပ်သောနည်းဖြင့် ရရှိထားသော ဆွမ်းမှန်း၊ ကျောင်းမှန်း မသိ၍ စားသုံးမိလျှင် စားသုံးနေသော ရဟန်းသည် စေတနာမပါ၍ အပြစ်ရှိသလား

(ဖြေ)
အပြစ်ရှိတာကို တခန်း၊ အာပတ်သင့်တာကို တခန်း၊ အာပတ်သင့်တယ်ဆိုတာ အပြစ်ပဲ။ ပြီးတော့ အကုသိုလ်အပြစ်ရှိသလား။ မရှိဘူးလား၊ ဒါကို စဉ်းစားရမယ်။ မအပ်မရာ ကျောင်းကြီးကို ဘုန်းကြီးတို့ နေမိရင် အာပတ်သင့်တယ်။ အကုသိုလ်အပြစ်ရှိသလား၊ မရှိဘူးလားဆိုတော့ ယူဆနေကြတာက အာပတ်ရှိနေရင် တရားအားထုတ်တဲ့အခါမှာ တရားမထင်နိုင်ဘူး။ ဒီလို ယူဆနေကြတယ်။ ဒါကို ဘုန်းကြီး ငြင်းလည်း မငြင်းပါဘူး။ ထောက်လည်း မထောက်ခံပါဘူး။

အာပတ်နှစ်မျိုး---
      ဒါဖြင့် ဒီကျောင်းထဲ နေတာနဲ့ပဲ ငရဲ-ပြိတ္တာ-တိရစ္ဆာန် တခုခု ဖြစ်ရတော့မလားဆိုောတ့ ဘုန်းကြီးတို့စာမှာ နိယတအာပတ်၊ အနိယတအာပတ် နှစ်မျိုးခွဲထားတယ်။ နိယတအာပတ်က မချွတ်ဧကန် အမှန်ငရဲကျမယ်။ တိရစ္ဆာန်-ပြိတ္တာ-ဖြစ်မယ်။ အနိယတအာပတ်က မသေချာဘူး။ သေခါနီးထင်တဲ့ အာရုံနဲ့ ဆိုင်ပါတယ်။ နိယတအာပတ်ကတော့ သေခါနီးဧကန်မုချ ဒီအာရုံကို ဆိုက်မှာ၊ နိယတအာပတ်က ဘယ်လိုအာပတ်မျိုးတုန်းဆိုတော့ အန္တရိယကံဆိုတဲ့ အမေကို သတ်မိတဲ့ ပါဏာတိပါတဆိုတဲ့ အာပတ်မျိုး။ လူလည်း မထွက်ဘူး။ လူထွက်လည်းပဲ သူကတော့ ကျမှာပဲ။ အင်မတန်ဆိုးဝါးတဲ့ အကုသိုလ်မျိုး ပြုထားတယ်၊ ပြုထားရင် သူသေခါနီး ထင်ကိုထင်မှာ။ အဲဒါ နိယတအာပတ်။

အဲဒီလိုဟာကြောက်လို့---
     တချို့အာပတ်တွေက ကိုယ်လည်း မသိဘူး။ တရားအားထုတ်တော့ မရဘူးလို့ ဆိုထားတယ်။ ဒါ ဟုတ်ချင်လည်း ဟုတ်လိမ့်မယ်။ ဒီလိုပဲ ဘုန်းကြီးလက်ခံတယ်လေ။ အပြစ်ဘယ်လောက်ကြီးသလဲ ဆိုတော့ နဂိုကမှ နိယတအာပတ်မှ မဟုတ်ဘဲနဲ့။ သူသေခါနီး ကောင်းတဲ့အာရုံတွေ ထင်လာလို့ရှိရင် ကောင်းတဲ့ ဂတိပဲ ရောက်မှာပဲ။ သို့သော်လည်း ဆယ်ရေးတရေး ကိုးရေးတရာ၊ အနိယတဖြစ်တဲ့ အာပတ်တွေကြောင့်လည်း သေခါနီး ထင်လာတတ်တာ ဖြစ်တော့ ထင်လာတဲ့ ၀တ္ထုတွေကလည်း ရှိတော့ အဲဒီလိုဟာ ကြောက်လို့မို့ အာပတ်မသင့်အောင် ဆိုပြီးတော့ ကြိုးစားနေကြတော့တာပဲ။

*********************************************************************
(မေး) အရှင်ဘုရား၊ ကုသိုလ် အကုသိုလ်အရာမှာ အကုသိုလ်ကံကို မလုပ်ရုံမျှဖြင့် ကုသိုလ်ဖြစ်ပါသလား။ ဥပမာ-အသက်သတ်ခြင်းဆိုတဲ့ အကုသိုလ်ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်းအားဖြင့် ကုသိုလ်ဖြစ်ပါသလား။
(ဖြေ) 
ဒါက သိမ်မွေ့တယ်။

ကုသိုလ်ဝိရတီ---
     သူ့အသက်သတ်ဖို့လို့ ရှေ့ရောက်လာတယ်။ သတ်မယ်လို့လည်း စိတ်ကတော့ ကူးထားတယ်။ နောက်တော့ တစုံတခုသော အဖြစ်ကြောင့် မသတ်ပါဘူးလေလို့ ရှောင်လိုက်ရင် အဲဒီရှောင်တဲ့စိတ်က ကုသိုလ်စိတ်-၀ိရတီ။ ၀ိရတီ စေတနာပါနေတဲ့ ကုသိုလ်စိတ်ဖြစ်တယ်။ ရှောင်တာနဲ့ကို ဖြစ်တာပဲ။

ညစာမစားဘဲ ရှောင်တဲ့စိတ်---
     ဘုန်းကြီးတို့ ဥပုသ်သည်တွေမှာ ဥပုသ်မှ ကုသိုလ်တွေ ဖြစ်နေတယ်ဆိုတဲ့ ဥစ္စာ ရှောင်နေတာပဲ။
သဘာဝကတော့ နဂိုတုန်းက ဗုဒ္ဓမြတ်စွာရဲ့ တရားတော်အရ ညစာမစားပါဘူးလို့ ရှောင်နေတာဖြစ်တော့ ညစာစားချင်လိုက်တာ၊ စားချင်ပေမယ်လို့ သီလပျက်မှာစိုးလို့ သူက ရှောင်တယ်။ ရှောင်တဲ့ ၀ိရတီစေတသိက် ဖြစ်တာပဲ။ အဲဒီဟာ ကုသိုလ်ခေါ်တာ။
*********************************************************************
(မေး) အရှင်ဘုရား၊ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်ပြီ ရဟန္တာဖြစ်ပြီ မည်သို့သိနိုင်ပါသလဲ။

(ဖြေ)
အစစ်ဖြစ်လို့ရှိရင်တော့ သူတို့ ပစ္စဝေက္ခဏာ ဆင်ခြင်ရသေးတယ်။ ဆင်ခြင်တဲ့အခါမှာ တကယ့်ကို နိဗ္ဗာန်အာရုံကို ရနေတယ်။ တကယ့်ကို မဂ်ကို အာရုံရနေတယ်ဆိုရင်တော့ သူသိတာပဲ။ ဒီလိုမဟုတ်ဘဲနဲ့ ဆိုရင် သူ မသိနိုင်ပါဘူး။ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲနဲ့ ဆိုရင် သူ မသိပါဘူး။ သောတာပန်ဖြစ်မှန်းလည်း မသိပါဘူး။ မဖြစ်မှန်းလည်း မသိပါဘူး။
********************************************************************
(မေး) အရှင်ဘုရား၊ ရဟန္တာသည် သံဃာတော်များ လိုက်နာရန် ဘုရားရှင် ပညတ်တော်မူခဲ့သော ၀ိနည်းသိက္ခာပုဒ်တော် အထူးသဖြင့် သံဃာများနည်းတူ လိုက်နာရပါသလား၊ မလိုက်နာဘဲ ရဟန္တာ ဖြစ်နိုင်ပါသလား။

(ဖြေ)
ပုထုဇဉ်ထက် ပိုပြီးတောင် လိုက်နာရမယ်။ မလိုက်နာလို့ရှိရင် ရဟန္တာဆိုတာ ဝေးလို့၊ သောတာပန်တောင် မဖြစ်နိုင်ဘူး။

မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ
(မြတ်မင်္ဂလာ ၂၀၁၀-အောက်တိုဘာလ)

E-Suta ( 5 )


E-Suta ( Myat Mingala 10-2010)                                                                                                   

ဝိပဿနာ အကျိုး ( ၅ )


Vipassana Akyo ( 10-2010)                                                                                                   

Monday, March 7, 2011

မြန်ဆန်လွန်းသည့် ၀ဋ်ကြွေး


ကျွန်တော်သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့၌ အစိုးရဌာနတခုတွင် တာဝန်ထမ်းဆောင်စဉ်က ဖြစ်သည်။ တနေ့ ကောင်းဘို့ရာတွင် ဘုရားပွဲရှိသဖြင့် ကျွန်တော်၊ ကိုလတ်နှင့် ကျော်နိုင်တို့ ကောင်းဘို့ရွာသို့ သွားခဲ့ကြသည်။ အချိန်မှာ ည ၉-နာရီခန့်ရှိမည် ထင်သည်။ ရပ်စောက်မြို့နှင့် ကောင်းဘို့ရွာမှာ ၁၅-မိုင်ခန့်ဝေးသည်။ ဆိုင်ကယ်ဖြင့်သွားလျှင် လမ်းမချောသဖြင့် ၁-နာရီခန့် မောင်းရသည်။ ကောင်းဘို့ရွာသို့ ဆိုင်ကယ်ဖြင့် သွားကြသည်။ 

ကျွန်တော်နှင့် ကျော်နိုင်က တစီး၊ ကိုလတ်က တစီး၊ ဆိုင်ကယ်နှစ်စီးဖြင့် ထွက်လာရာ ကိုလတ်တယောက် မူးမူးနှင့် ရှေ့ကနေ ဆိုင်ကယ်ကို အရှိန်ပြင်းစွာ စီးသွားသည်။ ကျွန်တော်လည်း ကိုလတ်အတွက် စိုးရိမ်သဖြင့် အမီလိုက်ရသည်။
ကျွန်တော်တို့ ၀ိုင်းဝိုင်း ထမင်းဆိုင်ရှေ့သို့ ရောက်သောအခါ လူငယ်တယောက် လဲနေသည်ကို တွေ့ရသည်။ ကျွန်တော် ဆိုင်ကယ်ကိုရပ်၍ ထိုလူငယ်အား ထူပေးလိုက်သည်။ လူငယ်၏ ယာဘက်ဒူးခေါင်းနှင့် ခြေမျက်စိတို့တွင် ပွန်းပဲ့နေသော ဒဏ်ရာများ တွေ့ရပြီး သွေးများ စိုရွှဲနေသည်။

ညီလေး ဘာဖြစ်လို့လဲ
လူငယ်လေးတွင် ပေနေသော သွေးများကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးရင်း ကျွန်တော်မေးလိုက်သည်။
ရှေ့က ဆိုင်ကယ်နဲ့ သွားတဲ့လူတယောက်က ဆိုင်ကယ်ပေါ်ကနေ ကန်သွားလို့ ပစ်လဲသွားတာ အကို။
ဟင် အဲဒီလူက ၀လား-ပိန်လား
ဝတယ် အကို။

ဟုတ်ပါပြီ ကိုလတ်ပဲနေမှာပါ-ဟု ကျွန်တော့်စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။
ညီလေး၊ လမ်းလျှောက်လို့ ရရဲ့လား၊ အကိုလိုက်ပို့ပေးမယ်လေ။
ရပါတယ် အကို၊ ပို့မနေပါနဲ့၊ ကျွန်တော် လမ်းလျှောက်နိုင်ပါတယ်။ လောကမှာ အကိုတို့လို လူတွေပဲ ရှိရင် ကောင်းမှာနော်။ ဟိုလူလည်း တနေ့နေ့ ၀ဋ်လည်မှာပါ။ အကို သွားစရာရှိတာ သွားပါ။ ကျွန်တော့်အတွက် စိတ်မပူပါနဲ့။

အေးအေး၊ ဒါဆို အကိုတို့ သွားမယ်နော်။
လူငယ်အား နှုတ်ဆက်၍ ကျွန်တော်တို့ ထွက်လာခဲ့သည်။
ဆိုင်ကယ်စီးနေရင်း လူငယ်ပြောလိုက်သောစကား တခွန်းက ကျွန်တော့်ရင်ထဲတွင် ပဲ့တင်ထပ်နေပေသည်။
ဟိုလူ တနေ့နေ့ ၀ဋ်လည်မှာပါ။

လူငယ်စကား မှန်ပါသည်။ ၀ဋ်မှာအမြဲ ငရဲမှာ အပ-ဆိုသလို ငရဲဆိုတာ ကုသိုလ်ပြုရင် ပျောက်နိုင်ပေမယ့် ၀ဋ်ဆိုတာ ပျောက်နိုင်ခဲတာမှ မဟုတ်ပေ။ အနှေးနှင့်အမြန် လည်တတ်တာမျိုး ဖြစ်၏။ လူကြီးတွေပြောနေကြသည့် စကားတခွန်းကိုလည်း ကြားယောင်မိပါသည်။ အခုခေတ် ၀ဋ်ဆိုတာ ချက်ချင်း လည်တတ်တယ်-တဲ့။

ကျွန်တော်သည် ကိုလတ်အတွက် စိတ်ပူမိသဖြင့် ကိုလတ်နောက်သို့ အမီလိုက်ရန် ဆိုင်ကယ်ကို အရှိန်ပြင်းပြင်း မောင်းနှင်လိုက်သည်။ သို့သော်လည်း ကိုလတ်ကို မမီ၊ အရိပ်အယောင်ပင် မတွေ့ရချေ။ တဖြည်းဖြည်း ရပ်စောက်မြို့နှင့် ရှစ်မိုင်ခန့်အကွာရှိ S-ကွေ့သို့ရောက်လာသည်။
ဟာ သွားပြီ ကျော်နိုင်
ဘာဖြစ်လို့လဲ သိုက်စိုး၊
ဟိုမှာ ဆိုင်ကယ်တစီး လဲနေသလားလို့။
ကျွန်တော်က ကော်ဖီခြံရှေ့တွင် လဲနေသော ဆိုင်ကယ်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအခါ ကျော်နိုင်က--

 အေး ဟုတ်တယ်၊ ကိုလတ်လားမသိဘူး။
ဖြစ်နိုင်တယ်ကွ၊
ကျွန်တော်လည်း ပြောပြောဆိုဆိုနဲ့ ဆိုင်ကယ်ရပ်၍ သွားကြည့်လိုက်သည်။ ဟုတ်ပါသည်။ ဆိုင်ကယ်အောက်တွင် ကိုလတ် ပိနေသည်။ အရက်မူးနေသဖြင့်လည်း မထနိုင်ဘဲ ဖြစ်နေသည်။ ကျော်နိုင်က ဆိုင်ကယ်ကို ဆွဲမ၍ လမ်းဘေးတွင် ထောက်ထားလိုက်သည်။ ကျွန်တော်က ကိုလတ်ကို ထူလိုက်ပြီး ထွက်နေသော သွေးများကို သုတ်ပေးလိုက်သည်။ ထိုသို့ သုတ်ပေးနေစဉ် ကျွန်တော့်စိတ်ထဲသို့ လူငယ်၏စကားသံက ၀င်ရောက်လာပြန်သည်။

ဟိုလူ တနေ့နေ့ ၀ဋ်လည်မှာပါ-
ဟုတ်ပါသည်။ ကိုလတ် ၀ဋ်လည်သည်ဟု ဆိုရပါမည်။ သူပြုသည့်ကံ သူပြန်ခံရသလို ဖြစ်သွားပါသည်။ ကျွန်တော် ယခင်က ၀ဋ်လည်သည်ဆိုသည်ကို မယုံကြည်ခဲ့ပေ။ အခုလို ကိုယ်တိုင်ကြုံတွေ့ရတော့မှ ၀ဋ်ကြွေးဆိုတာ နောင်မှ မဟုတ်၊ ယခုချက်ချင်းလည်း လည်တတ်ကြောင်း ယုံကြည်ခဲ့ရပါတော့သည်။

နွေး (သရက်) 
(မြတ်မင်္ဂလာ ၂၀၁၀-အောက်တိုဘာလ)

သမ္ဗုဒ္ဓေအစွမ်း အံ့မခန်း


၂၀၀၄-ခုနှစ် သြဂုတ်လ ၁၂-ရက်နေ့က လုံးခင်းနှင့် မိုင် ၂၀-ကျော်ဝေးသော ကံဆီးကျေးရွာကျောင်း ဆရာတော်အား ကန်တော့ရန် ကျွန်မနှင့် သူငယ်ချင်းတစုတို့ လုံးခင်းမှ စက်လှေဖြင့် လိုက်၍ ထွက်ခွာကြသည်။ ထိုတွင် ရေကြောင်းလမ်း တခါမှ မသွားဖူးသောကြောင့်၎င်း၊ ရေစီးက ကြမ်းပြီး ခရီးကလည်း ဝေးသောကြောင့်၎င်း စက်လေစီးရင်း ရင်တထိတ်ထိတ် ဖြစ်ရသည်။

ထိုစဉ် ကျွန်မသည် ငယ်စဉ်ကပင် မိဘများသင်ပေးထား၍ နှုတ်တိုက်ရနေသော သမ္ဗုဒ္ဓေဂါထာကို နှုတ်မှ တဖွဖွ ရွတ်ဆိုပြီး ကျွန်မနှင့်အတူ ခရီးသည်အားလုံး အန္တရာယ်ကင်းစေဖို့ ဆုတောင်းနေမိပါသည်။ မမြင်ဖူးသော ရှုခင်းများကို မြင်နေ၊ တွေ့နေရသော်လည်း ကြည်နူးမှု အပြည့်အ၀ မခံစားနိုင်ပေ။ ရင်တထိတ်ထိတ် ရှိသောကြောင့် သမ္ဗုဒ္ဓေဂါထာကိုသာ ထပ်ခါတလဲလဲ ရွတ်ဆိုနေမိသည်။ 

မိနစ် ၅၀-ကြာလောက် ခရီးပေါက်ချိန်တွင် မကော့အိုက်-ဟု အမည်ရှိသော နေရာနားသို့ရောက်လာသည်။ ထိုနေရာတွင် ယခင်က မကော့-ဆိုသော အမျိုးသမီးတယောက် ရေနစ် သေဆုံးခဲ့ဖူးသောကြောင့် မကော့အိုက်-ဟု ခေါ်ကြောင်း စက်လှေသမားက ပြောပြပါသည်။ ပစောက်ပုံသဏ္ဍာန်ရှိသော ထိုအိုက်နား အရောက်တွင် စက်လှေသမားက စက်လှေကို ဖြည်းညင်းစွာ မောင်းနှင်ပါသည်။

ထိုမှ ရှေ့ဆက်သွားသော် လီဆူးကုန်း ရွာနားသို့ ရောက်သည်။ ထိုတွင် စက်လှေသည် ရှေ့ဆက်မသွားတော့ဘဲ ရေလယ်ခေါင်တွင် သောင်တင်နေသည်။ ဘာကြောင့် စက်လှေ သောင်တင်သည်ကို သိလိုသဖြင့် စက်လှေသမားနှင့် အတူပါလာသော အမျိုးသားနှစ်ယောက် ရေငုပ်ပြီး ဆင်းကြည့်ကြသည်။ ခဏအကြာတွင် ထိုလူနှစ်ယောက် ပြန်ပေါ်လာပြီး စက်လှေအောက်မှာ သဲသောင်ခံနေသောကြောင့် သွား၍မရကြောင်း ပြောပြကြသည်။ ထိုအခါ ကျွန်မတို့တတွေ ဟင်ခနဲ ဟာခနဲ ဖြစ်ကြရသည်။

စက်လှေပေါ်ပါသူမှာ စုစုပေါင်း ၁၂-ယောက်ဖြစ်သည်။ အားလုံး တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်ငြိမ်လေး နေကြသည်။ ဤသို့ ဖြစ်သဖြင့်လည်း ကျွန်မလည်း သမ္ဗုဒ္ဓေဂါထာကို ပို၍ပင် အာရုံစူးစိုက်၍ ရွတ်ဆိုနေမိပါ တော့သည်။ စက်လှေသမားလေးကတော့ အားလုံးကို မကြောက်ကြရန်၊ စက်လှေတစီးစီး လာပါက အကူအညီတောင်း၍ ထိုစက်လှေပေါ် တင်ပေးမည်ဖြစ်ကြောင်း၊ ကျွန်တော်တို့ စက်လှေလည်း လမ်းကြောမှားသွား၍ ခုလို ဖြစ်သွားကြောင်း ပြောပြပါသည်။

သည်လိုနှင့် ရေလယ်ခေါင်တွင် စက်လှေကြီး မလှုပ်မယှက် မိနစ် ၃၀-ခန့်မျှအကြာတွင် ကျွန်မတို့အတွက် ကံဆီးဘက်မှ ထွက်ပေါ်လာသော စက်လှေခုတ်မောင်းသံတခု ကြားကြရသည်။ 
မကြာမီ ထိုစက်လှေသည် ကျွန်မတို့စက်လှေနားရောက်လာသည်။ ထိုတွင် အကျိုးအကြောင်း ပြောပြပြီး ထိုစက်လှေအလွတ်ပေါ်သို့ ခရီးသည်အားလုံး ကူးပြောင်းနိုင်ခဲ့ကြပါသည်။ ထိုအခါတွင်မှ ကျွန်မတို့အားလုံး ပျော်ရွှင်နိုင်ကြပါတော့သည်။

ည ၇-နာရီလောက်တွင် ကံဆီးကျေးရွာသို့ ရောက်ရှိပါသည်။ ထူးခြားသည်မှာ ကျွန်မတို့ စက်လှေဆီသို့ လာသော စက်လှေသည် ကံဆီးဘက်မှ မည်သူမျှ မလွှတ်ဘဲ လာချင်စိတ် ပြင်းထန်နေ၍ တဦးတည်း စက်လှေမောင်း၍ ထွက်ခဲ့ကြောင်း၊ ဒီအရောက်တွင် ကျွန်မတို့ စက်လှေနှင့် တွေ့ကြောင်း ပြောပြပါသည်။ ဤတွင် ကျွန်မ ရွတ်ဆိုသော သမ္ဗုဒ္ဓေဂါထာ တန်ခိုးကြောင့် ကျွန်မတို့အားလုံး ဤဘေးဒုက္ခမှ ကင်းဝေးခဲ့ရသည်ဟု ယုံကြည်ယူဆမိပါသည်။

အေးမွန်ကျော် (နမ္မတီး)
(မြတ်မင်္ဂလာ ၂၀၁၀-အောက်တိုဘာလ) 

ဒေါသအပြစ်


ဒေါ်ဆိုင်ခမ်းတယောက် အလုပ်နှင့်လက် ပြတ်သည်ဟူ၍ မရှိပေ။ တနေကုန် အလုပ်လုပ်ရသူဖြစ်သည်။ သားကျွေးမှု မယားကျွေးမှု လုပ်ရသည်ဆိုပေမယ့်လည်း ခင်ပွန်းသည်ကတော့ဖြင့် သူ့အတွက် အားကိုးအားထား မရနိုင်ခဲ့ပေ။ ကလေး ၅-ယောက်၏တာဝန်ကို ချက်ပြုတ်ကျွေးမွေးရေးနဲ့ ပညာသင်စရိတ်ကအစ ဒေါ်ဆိုင်ခမ်းတယောက်တည်းသာလျှင် ကုန်းရုန်းရှာဖွေရသည်။ 

တနေ့ ဒေါ်ဆိုင်ခမ်းတယောက် မီးဖိုထဲ၌ ချက်ပြုတ်နေစဉ် တဖက်အိမ်မှ ခင်ပွန်းဦးစိုင်းလှမောင်၏ စကားပြောသံကို ကြားလိုက်ရသည်။ ထိုအိမ်မှ ညီအကိုလိုခင်ရသည့် ကိုမြတ်ခိုင်သည် တခြားရွာမှ အမျိုးသမီးနှင့် လက်ထပ်ပြီး ပြန်လာသည့်နေ့ဖြစ်၍ ညနေပိုင်းတွင် ပျော်ပွဲစားလုပ်သည်။ ဦစိုင်းလှမောင်ကိုလည်း ဖိတ်ထားသည့်အတွက် ပျော်ပွဲစားရင်း စကားပြောနေခြင်း ဖြစ်သည်။

ငွေရဖို့ဆိုလျှင် အလုပ်ရွေးတတ်သည့် ဦးစိုင်းလှမောင်သည် အရက်သောက်ရမည်ဆိုလျှင်တော့ နေရာဒေသမရွေး လိုက်ပြီး သောက်တတ်သူဖြစ်သည်။
ဒေါ်ဆိုင်ခမ်းတယောက် အလုပ်မောမောနှင့် စိတ်ဆိုးဒေါသဖြစ်နေသည်။ အလုပ်မလုပ်သည်ကို အပြစ်မပြောလိုသော်လည်း ခုလို မူးယစ်သောက်စားသည်ကိုတော့ လုံးဝ သဘောမကျနိုင်ပေ။ နည်းနည်းလေးမှလည်း သည်းမခံနိုင်ပေ။

ဒေါ်ဆိုင်ခမ်းက ပြန်လာမှသိမယ်-ဟု ကြိမ်းဝါးလိုက်သည်။ ထမင်းအိုးကိုနှပ်ရင်း ဟင်းအိုးတည်ရန် အိမ်ပြင်သို့ ထွက်အလာတွင် နေပူလှန်းထားသည့် စပါးတွေကို ယက်နေသည့် ကြက်တအုပ်ကို တွေ့လိုက်ရသည်။ နဂိုက ဒေါသအခံရှိနေသော ဒေါ်ဆိုင်ခမ်းသည် မြင်မြင်သမျှ ဘာကိုမှ အကောင်းမမြင်တော့ပေ။ အနီးမှာတွေ့သည့် တုတ်တချောင်းနှင့် ယက်နေသည့် ကြက်မကြီးကို ပေါက်ထည့်လိုက်သည်။ ဤတွင် ခေါင်းတည့်တည့်သို့ ထိမှန်သဖြင့် ကြက်မကြီး လဲကျသေဆုံးသွားသည်။

ထိုသို့ပြုမိပြီးနောက် တလခန့်ကြာသောအခါ ဒေါ်ဆိုင်ခမ်းတယောက် ခေါင်းကိုက်ရောဂါ ရရှိသည်။ ထိုရောဂါသည် ပျောက်လိုက် ဖြစ်လိုက်နှင့် မကြာခဏ ဖြစ်နေသောအခါ သူပြုမိသော အကုသိုလ်ကံကြောင့်ဟု ယုံကြည်ယူဆမိပါသည်။

နန်းလုံးကြိုင်(ကချင်မြေ)
(မြတ်မင်္ဂလာ ၂၀၁၀-အောက်တိုဘာလ)

မြတ်ဂုဏ်တော် အကျိုး


ဘုရားရှင်၏ ဂုဏ်တော်တို့သည် လွန်စွာပင် တန်ခိုးထက်လှသည်။ ကျွန်မ၏ အဘိုးသည် အသက် ၈၆-နှစ်ရှိပြီ ဖြစ်သည်။ အဘိုးသည် နေ့စဉ် မနက်တိုင်း ပရိတ်ကြီး ၁၁-သုတ်၊ ပဋ္ဌာန်း ၂၄-ပစ္စည်းနှင့် ဓမ္မစကြာတို့ကို ရွတ်ဆိုသရာဇ္ဈာယ်လေ့ရှိသည်။ တနေ့ ကျွန်မတို့ မိသားစု ခရီးတခုမှ ပြန်လာချိန်တွင် အဘိုးသည် ခါးနာသည်ဟု ပြောသည်။ ထိုသို့နေလာရာမှ မထနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည်။ 

ထို့ကြောင့် မိသားစုအားလုံး တိုင်ပင်ကာ ရန်ကုန်ရှိ အထူးကုဆေးခန်းတခုတွင် ပြသခဲ့သည်။ ဓာတ်မှန်ရိုက်ကြည့်ရာ ရောဂါမှာ သာမန်ခါးနာခြင်း မဟုတ်၊ အရိုးကင်ဆာ ဖြစ်ပြီး နံရိုး ၂-ချောင်းမရှိတော့ဟု သိရသည်။ ထိုအခါ ကျွန်မတို့ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ အဘိုးကိုလည်း စိတ်ဓာတ်မကျအောင် အကြောညပ်သည်ဟုသာ ပြောထားသည်။

အဘိုးသည် ထမင်းကို ထိုင်၍ပင် မစားနိုင်။ ဘေးစောင်း၍သာ စားရသည်။ ဆီး၊ ၀မ်းသွားရာတွင်လည်း ခုတင်ပေါ်သာ အညစ်အကြေးသွားသည့် ခွက်ဖြင့် သွားရသည်။ သို့သော် အဘိုးသည် အားမလျှော့။ တခါတရံ ကြိုးစား၍ ထိုင်သည်။ သို့သော်လည်း ပရိတ်၊ ပဋ္ဌာန်း ၂၄-ပစ္စည်းနှင့် အနတ္တလက္ခဏသုတ် တို့ကိုတော့ ပုံမှန် ရွတ်ဆိုသည်။ ၀ိပဿနာတရားစာအုပ်များကိုလည်း အဘိုး ဖတ်သည်။ ကျွန်မတို့က မင်္ဂလာမောင်မယ်၊ မြတ်မင်္ဂလာ၊ ဓမ္မဗျူဟာ စာအုပ်များကို လစဉ် ယူသောကြောင့် ထိုစာအုပ်များကိုလည်း ဖတ်သည်။

အဘိုး၏ အရိုးကင်ဆာဟူသော ရောဂါဆိုးကြီးသည် ၆-လ သက်တမ်းသာ ခံမည်ဟု ပြောခဲ့သော်လည်း အဘိုးမှာ မထနိုင်၊ လမ်းမလျှောက်နိုင်သည်မှအပ နာကျင်ခြင်း၊ တစုံတရာ မရှိဘဲ နေလာခဲ့သည်မှာ ၁-နှစ်ပင် ကျော်ခဲ့ပြီ။ ဤသည်မှာ ဘုရားရှင်၏ ဂုဏ်တော်၊ ပရိတ်၊ ပဋ္ဌာန်း တရားတော်တို့၏ အကျိုးကျေးဇူးကြောင့်ပင် ဖြစ်သည်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။
ဆုမြတ်ဝတ်ရည်
(မြတ်မင်္ဂလာ ၂၀၁၀-အောက်တိုဘာလ)

မင်းမြောက်တန်ဆာ ၅-ပါး

မင်းမြောက်တန်ဆာဟူသည် မင်းဧကရာဇ်တို့၏ အဆောင်အယောင်ငါးပါး ဖြစ်သည်။ ယင်းတို့မှာ 
၁။ သန်လျက်၊  
၂။ ထီးဖြူ၊ 
၃။ မကိုဋ် (သင်းကျစ်)
၎။ ခြေနင်း၊
၅။ သားမြီးယပ် တို့ဖြစ်သည်ဟု မြန်မာအဘိဓာတ်ကျမ်း၌ ဖော်ပြထားသည်။

ဆန်လုံးညို စားသုံးပါက သွေးတိုး နှလုံး လေဖြန်းရောဂါ ကာကွယ်နိုင်


မကြာခင်က သုတေသန ဆေးသိပ္ပံပညာရှင်များသည် ဆန်လုံးညို စားသုံးခြင်းဖြင့် သွေးတိုးနှင့် နှလုံး၊ လေဖြန်းရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်မည်-ဟု ပြောကြားလိုက်သည်။

ဆန်လုံးညိုသည် ဆန်ဖြူထက် အမျှင်ဓာတ် ပိုမိုများပြီး သွေးအဆီ တိုးခြင်းကို တိုက်ထုတ်နိုင်သည်။ ဆန်လုံးညိုတွင် နှလုံးကို ကာကွယ်ရန်အတွက် ပရိုတင်းဓာတ်တမျိုး ပါရှိသည်။ ယင်းဓာတ်သည် ဆန်ကို ဖြူအောင် ဖွပ်လိုက်သောအခါ ပါသွားနိုင်သည့်အတွက် ဆန်လုံးညိုကို စားသုံးကြရန် ဆေးသိပ္ပံပညာရှင် များက တိုက်တွန်းခဲ့ကြသည်။

အမေရိကန်ပြည် ဖယ်လာဒယ်(လ်) ဖီးယားပြည်နယ်၊ တန်ပယ်ယူနီဗာစီတီမှ ပရော်ဖက်ဆာ ဆာတိုရုအီဂူချီက ဆန်လုံးညိုဟာ ဆန်ဖြူထက် အားသာချက်တွေ ရှိပါတယ်။ သွေးတိုးနဲ့ သွေးကြောထူပိတ်လာခြင်း (သွေးကြောတွေ မာတောင့်လာခြင်း)ကို ကာကွယ်နိုင်ပါတယ်။ ဆန်မှာ Sublager လို့ ခေါ်တဲ့ ပရိုတိန်းအလွှာဓာတ် တမျိုးပါဝင်ပါတယ်။ ယင်းအလွှာဟာ သွေးတိုးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်-ဟု ပြောကြားခဲ့သည်။
အကိုး။ ။ True News ဂျာနယ် (၁၈-၅-၂၀၁၀) 
မင်းစောထက်  

တညင်းသီးနှင့် ကျောက်ကပ်ရောဂါ


လူအများသည် တညင်းသီးကို ပုံစံအမျိုးမျိုးပြုလုပ်၍ နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြသည်။ တညင်းသီးတွင် ပါဝင်သည့် Crystal -ဟုခေါ်သော အဖုအချွန်လေးများကြောင့် ကျောက်ကပ်ပျက်စီးနိုင်ကြောင်း အထွေထွေ အထုးကုဆရာဝန် ဒေါက်တာ ထွန်းသိန်းက ပြောကြားခဲ့သည်။

ကျောက်ကပ်၏ အညစ်အကြေး စစ်ထုတ်ရာ၌ ဆန်ခါပေါက်လေးကဲ့သို့ တညင်းသီးတွင် ပါဝင်သော အဆိုပါ အဖုအချွန်လေးများ ၀င်ရောက်ပိတ်ဆို့မိရာမှ  ကျောက်ကပ်များ ပျက်စီးလေ့ရှိကြောင်း သိရသည်။ ကျောက်ကပ် ပျက်စီးသွားပါက ကျောက်ကပ်အစားထိုးခြင်း၊ ကျောက်ကပ်ပြန်ဆေးရခြင်းများ ပြုလုပ်ရပေမည်။ ကျောက်ကပ်ပြန်ဆေးရခြင်းမှာလည်း နှစ်ပတ်တခါ အမြဲမပြတ် ပြုလုပ်ရပြီး ဆေးဝါးများဖြင့် အသက်ဆက်ကြရကြောင်း သိရသည်။

ဆီးကျောက် တည်နေသူများ၊ ကျောက်ကပ်လုပ်ဆောင်မှု မကောင်းသည့်အတွက် ဆေးကုသမှု ခံယူနေရသူများသည် တညင်းသီးကို မစားသုံးသင့်ပေ။ တညင်းသီး ဆားရည်စိမ် စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း သွေးပေါင်ချိန်ကို တိုးစေနိုင်သည်။

တညင်းသီး အများကြီး စားတဲ့ သူတွေလည်း ရောဂါ ဖြစ်နိုင်တယ်။ နည်းနည်းလေး စားတာတောင် ရောဂါဖြစ်နိုင်ပါတယ်။ လူတွေက ရောဂါမဖြစ်သေးတဲ့အခါ မယုံကြဘူး။ မဖြစ်သေးတာပဲ ရှိတယ်-ဟု ဒေါက်တာထွန်းသိန်း-က ပြောကြားခဲ့သည်။
အကိုး။ ။ 7-Day News ဂျာနယ် (၁-၇-၂၀၁၀) 

ကျန်းမာရေး စစ်ဆေးခြင်း


ဆေးပညာရှင် အများစု၏ အယူအဆအရ ကျန်းမာရေး ဆေးစစ်ခြင်းဆိုသည်မှာ တကိုယ်လုံး၏ အရေးကြီး အင်္ဂါအစိတ်အိပိုင်းများကို စစ်ဆေးခြင်းဖြင့် ခန္ဓာကိုယ် ကျန်းမာရေး အခြေအနေကို ရောဂါများ ထင်ထင်ရှားရှား မပေါ်မီ သိရှိနိုင်ရန် ဖြစ်သည်။ ဆေးစစ်ခြင်း၏ ဦးတည်ချက်ကို အကြမ်းဖျင်း သုံးရပ် ခွဲထားသည်။
(၁) သက်ရှိဇီဝလက္ခဏာ---
ဥပမာ-အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း စသည့် ခန္ဓာကိုယ်ပြင်ပ အမြင်နှင့် တကိုယ်လုံး စစ်ဆေးခြင်းများ ဖြစ်သည်။

(၂) ခန္ဓာကိုယ် အင်္ဂါများ၏ လုပ်ဆောင်နိုင်စွမ်း---
ဥပမာ-သွေးစစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်း၊ နှလုံး (ECG) စစ်ဆေးခြင်း၊ နားကြားနိုင်အား၊ မျက်စိ မြင်နိုင်အား၊ အဆုတ်စွမ်းအား စသည့် အတွင်းအင်္ဂါများ၏ လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးခြင်း ဖြစ်သည်။

(၃) အတွင်းအင်္ဂါများ၏ တည်ဆောက်ဖွဲ့စည်းပုံ 
ဥပမာ-ရင်ဘတ်ကို အိတ်စ်ရေး (X-ray) ရောင်ခြည် ရိုက်ကြည့်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း မြင်ကွင်း ရိုက်ကြည့်ခြင်း၊ အာလ်ထရာဆောင်း (အသံလွန်ရောင်ခြည်) ဖြင့် စစ်ဆေးခြင်း စသည်တို့ ဖြစ်သည်။ 

ဤဦးတည်ချက် ၃-ရပ်ဖြင့် ကွယ်ဝှက်နေသာ ရောဂါ ရှိ-မရှိ၊ ရောဂါ စဖြစ်နေခြင်း ရှိ-မရှိ၊ ရောဂါ ရှိလျှင်လည်း ရှိနေခြင်းတို့ သိရှိကာ ဆောလျင်စွာ ကုသနိုင်သည်။ ထိုသို့ ကုသခြင်းဖြင့် ရောဂါကို လျှော့ပေါ့ ပျောက်ကင်းစေနိုင်သည်။
ရောဂါဖြစ်ပေါ်ခြင်းကို ဆေးပညာ၏ သိပ္ပံပညာရေးရာ ဥပဒေသအရ အဆင့် ၅-ဆင့် ခွဲထားသည်။

(၁) ရောဂါဖြစ်လွယ်သော ကာလ---
ဤအချိန်ကာလတွင် ရောဂါမဖြစ်ပေါ်သေး။ သို့သော် ရောဂါအန္တရာယ် အကြောင်းရင်းများ တည်ရှိနေပြီ။ ဥပမာ-ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အ၀လွန်ခြင်း၊ သွေးတိုးမြင့်ခြင်း၊ ကိုလက်စထရော များခြင်း၊ သွေးချို များခြင်း စသည်တို့ ဖြစ်သည်။

(၂) ရောဂါ စမ်းသပ်ကုသရေး မတိုင်မီ---
ဤအချိန်ကာလတွင် ရောဂါအကြောင်းရင်းများကြောင့် ခန္ဓာကိုယ်၏ တစိတ်တဒေသတွင် ပြောင်းလဲမှု ဖြစ်နေသော်လည်း ပြင်ပအမြင်နှင့် နေ့စဉ် နေထိုင် စားသောက်မှုတွင် ရောဂါလက္ခဏာ မပြသေးပေ။

(၃) ရောဂါဖြစ်ချိန်ကာလ---
ထိုအချိန်ကာလတွင် ရောဂါလက္ခဏာများ တဖြည်းဖြည်း ထင်ရှားလာသည်။

(၄) ပြန်လည်ကျန်းမာ ကာလ---
ရောဂါအခြေအနေ တနေ့တခြား ဆိုးဝါးလာသောအခါ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်း၊ သို့မဟုတ်-လုပ်ဆောင်နိုင်မှု ပျက်ပြားခြင်းတို့ ဖြစ်ပြီး နာတာရှည် ၀ဋ်နာ၊ ကံနာအဖြစ် ဒုက္ခခံစားရမည် ဖြစ်သည်။ သို့မဟုတ်-အချိန်မီ ကုသနိုင်လျှင် မိမိခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအား ကောင်းမှုကြောင့် ရောဂါလက္ခဏာများ တဖြည်းဖြည်း ပျောက်ကွယ်ပြီး နေကောင်းခြင်း၊ ကျန်းမာခြင်းသို့ ပြန်ရောက်နိုင်မည်။

(၅) သေဆုံးခြင်း---
ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၏ စွမ်းဆောင်နိုင်မှု၊ ယိုယွင်းပျက်စီးမှုတို့ကြောင့် ဇီဝဖြစ်ပျက် ပြောင်းလဲဖြစ်စဉ်ကို ထိခိုက်ပြီး ကိုယ်ခန္ဓာ အရေးကြီး အင်္ဂါများ ပျက်စီးကာ အသက်နိဂုံးချုပ်ခြင်းသို့ ဦးတည်လေသည်။ 

ကျန်းမာရေး ဆေးစစ်ခြင်း၏ လိုရင်းသဘောသည် ရောဂါဖြစ်စေနိုင်သော အကြောင်းရင်းများကို ရောဂါဖြစ်ပေါ်ခြင်း ပထမအဆင့်မှာပင် ဆောလျင်စွာ ဖယ်ရှားကုသခြင်းဖြင့် ကျန်းမာရေးကို ထိန်းသိမ်း ထားနိုင်မည်။
မည်သို့ပင် ဆိုစေ အချိန်မှန် ကျန်းမာရေး ဆေးစစ်ခြင်း၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း ၃-ချက် ခွဲနိုင်သည်။

(၁) ခန္ဓာကိုယ်တွင် ငုပ်လျှိုးပုန်းကွယ်နေသော ရောဂါ ဖြစ်နိုင်သည့် အကြောင်းရင်းများကို ဆောလျင်စွာ တွေ့ရှိက အချိန်မီ ဖယ်ရှားကုသရန်။

(၂) ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ၏ စွမ်းဆောင်နိုင်မှုနှင့် တုံ့ပြန်မှုများကို စစ်ဆေးခြင်းဖြင့် အချိန်မီ ပြုပြင်ထိန်းသိမ်းရန်။

(၃) မိမိခန္ဓာကိုယ် လုပ်ဆောင်နိုင်မှုကို ပိုမိုသိရှိနားလည်စေပြီး မှားယွင်းနေထိုင်စားသောက်မှု အလေ့အကျင့်များ ပြုပြင်ကာ အန္တရာယ်ရှိသော အကြောင်းကိုသိ၍ ရောဂါဖြစ်မှုမှ ကာကွယ်ရန်။

ကျန်းမာရေး ဆေးစစ်ခြင်းဖြင့် ကြီးကြီးငယ်ငယ် ရောဂါပေါင်းစုံကို ဖော်ထုတ်လိုသည်မှာ ကမ္ဘာ့လူသားများ၏ တူညီမျှော်မှန်းချက် ဖြစ်သည်။ သို့သော် မျက်မှောက်ခေတ်၏ နည်းပညာအရ ရာနှုန်းပြည့် မဖြစ်နိုင်သေးပေ။

အသက် ၂၀-မှ ၆၀-နှစ်အရွယ်ရှိသူများသည် ကျန်းမာရေးကောင်းကြသည်။ တနှစ်တကြိမ်ခန့် ကျန်းမာရေး ဆေးစစ်လျှင် လုံလောက်ပြီ။ အသက် ၆၀-ကျော်သော်လည်း သွေးတိုး၊ ဆီးချို၊ သွေးအဆီဓာတ် များခြင်း စသည့် ရောဂါမရှိသူဖြစ်လျှင် တနှစ်တကြိမ်ခန့် ဆေးစစ်လျှင် လုံလောက်ပါသည်။

ကျန်းမာရေး ဆေးစစ်ခြင်းကို မည်သို့မှန်ကန်စွာ ရင်ဆိုင်ရမည်နည်း--
(၁) အချိန်မှန်မှန် ဆေးစစ်ပါ။ အချို့ရောဂါသည် တကြိမ်တခါ ဆေးစစ်ရုံနှင့် မတွေ့ရှိနိုင်။ ဆက်တိုက်ဆေးစစ်မှုဖြင့် ပိုမိုတိကျစေနိုင်ပြီး ခန္ဓာကိုယ်တွင်း တဖြည်းဖြည်း ဆိုးဝါးလာသည့် ရောဂါအခြေအနေကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။

(၂) ဆေးစစ် ဆရာဝန်နှင့် ပူးပေါင်းဆောင်ရွက်ရမည်။ ဖြစ်ဖူးသော ရောဂါများကို ပြောပြရမည်။ ခါတိုင်းနှင့် မတူသော ခံစားရချက်များ ရှိလျှင် ပြောပြရမည်။
 ဆရာဝန်ကို ပညာစမ်းလိုက်ဦးမည်ဟု တွေးခြင်းသည် အမှားဖြစ်၍ မိမိ၏ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေသည်။

(၃) မိမိကိုယ်ကို နေ့စဉ် အအိပ်အနေ၊ အစားအသောက်၊ အလေ့အကျင့်တို့ကို သတိပြုခြင်းဖြင့် ရောဂါ ရှေ့ပြေးနိမိတ် လက္ခဏာများ တွေ့ရှိကာ ရောဂါကို သိရှိ ကုသနိုင်ပေသည်။

ပါမောက္ခ ခေါ်ခင်ဖြူ (မြင်းခြံ)
(မြတ်မင်္ဂလာ ၂၀၁၀-အောက်တိုဘာလ) 
(၁-၆-၂၀၁၀ နေ့ထုတ် တရုတ်ဘာသာဖြင့် ထုတ်ဝေသော ရွှေဇာမဏီ စာစောင်မှ အချက်အလက်များကို ကိုးကားဘာသာပြန်ပါသည်)