Tuesday, May 31, 2011

လမ်းလျှောက်ခြင်းဖြင့် လေ့ကျင်ခန်းကို အရယူပါ

ကျန်းမာကြံ့ခိုင်တဲ့သူတွေဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့် အသက်ဆုံးရှုံးနိုင်ဖို့ အခွင့်အရေးနည်း ပါတယ်။ ဒီလိုကျန်းမာကြံ့ခိုင်ဖို့ကလည်း ပိုနေတဲ့ ကယ်လိုရီတွေကို သုံးနိုင်မယ့် လေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။ လမ်းလျှောက်ခြင်းဟာ အလွယ်ကူဆုံး လေ့ကျင့်ခန်းပါပဲ။ သင် လမ်းလျှောက်တာ သိပ်မြန်တာပဲလို့ ပြောကြသလား၊ ယေဘုယျအားဖြင့် တယောက်ယောက်က အချိန်မေးလို့၊ နာရီမေးလို့ မရနိုင်အောင် မြန်နေသလား၊ ကုန်တိုက်တွေထဲမှာ ဖြတ်လမ်းတွေရှိစေချင်တဲ့ စိတ်ကူးမျိုး ပေါ်လာတတ်သလား၊ ဒါဆိုရင် သင့်မှာ ပိုနေတဲ့ကယ်လိုရီတွေ များများကုန်ပြီး ကျန်းမာကြံ့ခိုင်ဖို့ နီးစပ်လာပြီ။

သင်လမ်းလျှောက်တာက ဘယ်လောက်အထိ ကျန်းမာကြံ့ခိုင်စေသလဲ၊ ပိုနေတဲ့ကယ်လိုရီတွေ ကုန်သွားလောက်အောင် ပြင်းထန်ရဲ့လားဆိုတာ အတိအကျသိနိုင်ဖို့ အောက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ ဆန်းစစ်ကြည့်ရအောင်။

၁။ နှလုံးခုန်နှုန်း သတ်မှတ်ချက်အတွင်းရှိခြင်း။
နှလုံးသွေးကြောတွေ ကျန်းမာကြံ့ခိုင်စေဖို့အတွက် တနေ့ကို မိနစ် ၂၀-မှ ၆၀-အထိ တပတ်ကို ၃-ရက်မှ ၅-ရက်အထိ လမ်းလျှောက်ဖို့ American College of Sport Medicine ဌာနက အကြံပြုပါတယ်။ လမ်းလျှောက်စဉ်မှာ နှလုံးခုန်နှုန်းက သတ်မှတ်ချက်-အတွင်း ရှိရပါမယ်။ သတ်မှတ်ချက်က အမြန်ဆုံး နှလုံးခုန်နှုန်းရဲ့ ၆၀-ရာခိုင်နှုန်းမှ ၉၀-ရာခိုင်နှုန်းအတွင်း ဖြစ်ပါတယ်။ နှလုံးခုန်နှုန်းကို ဒီ-သတ်မှတ်ချက်-အတွင်း ထိန်းထားခြင်းက လမ်းလျှောက်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို ခန့်မှန်းနိုင်ပါတယ်။ ဒီလိုထိန်းထားဖို့ အတိကျဆုံးနည်းလမ်းကတော့ နှလုံးခုန်နှုန်း တိုင်းတာစက် ဝတ်ဆင်ထားဖို့ပါပဲ။ ဒါမှမဟုတ် လက်ကောက်ဝတ်က သွေးခုန်နှုန်းကို ၁၀-စက္ကန့်အတွင်း တိုင်းတာပြီး ၆-နဲ့ မြှောက်ကြည့်နိုင်ပါတယ်။

သင့်ရဲ့ အမြင့်ဆုံးနှလုံးခုန်နှုန်းကို တိုင်းတာဖို့ကမလွယ်လှပါဘူး။ တချို့လမ်းလျှောက်သမားတွေက ၂၂၀-ထဲက သင့်အသက်ကို နုတ်လိုက်ရင် အမြင့်ဆုံး နှလုံးခုန်နှုန်းကို ရတယ်လို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်တယောက်ဆီမှာသွားပြီး တိုင်းတာပါ။

၂။ ခွန်အားစိုက်ထုတ်မှုကို တိုင်းတာခြင်း။
အားကစားသမားတယောက် ဘယ်လောက်ပြင်းပြင်းထန်ထန် လေ့ကျင့်သလဲဆိုတာကို ရှူသွင်းရှူထုတ်တဲ့ လေနဲ့ သွေးထဲမှာရှိတဲ့ သကြားဓာတ်ပမာဏကို တိုင်းတာပြီး ခန့်မှန်းနိုင်ပါတယ်။ ခေတ်မီနည်းပညာတွေနဲ့ တိုင်းတာတဲ့အပြင် နည်းပညာ လုံးဝမပါဘဲနဲ့လည်း တိုင်းတာနိုင်ပါတယ်။ OTC လို့ခေါ်တဲ့ US Olympic Training Center က လေ့ကျင့်ခန်းဆိုင်ရာ ဇီဝကမ္မဗေဒပညာရှင်က ဒုတိယနည်းက နည်းပညာတွေသုံးပြီး စမ်းသပ်တဲ့နည်းလောက် ယုံကြည်ရပါတယ်လို့ ပြောတယ်။ ဒီနည်းမှာ စစ်ဆေးသူပညာရှင်က အားကစားသမားတယောက်ကို ဘယ်လိုခံစားရသလဲလို့ မေးပြီး သူ့ရဲ့ အားထုတ်မှုအဆင့်ကို သတ်မှတ်ပါတယ်။ အဆင့်ကတော့ ၆-မှ ၂၀-အတွင်း ဖြစ်ပါတယ်။ ဒီအဆင့်သတ်မှတ်မှုကို RPE (Ratings of Perceived Exertion) လို့ ခေါ်ပါတယ်။ OTC က သမားတော် J.T Kearney ရဲ့ အဆိုအရ လမ်းလျှောက်သူတဦးဟု RPE ၁၂-မှ ၁၄-အတွင်း ရှိရမယ်လို့ ဆိုပါတယ်။ ဒီအဆင့်ကို အတန်အသင့် ပင်ပန်းတယ်လို့ သတ်မှတ်ပါတယ်။

၃။ ခြေလှမ်းမြန်မြန်လှမ်းခြင်း။
လမ်းလျှောက်ရာမှာ ခရီးရှည်တခုလုံးကို မြန်မြန်လျှောက်ဖို့ မှန်းပြီး လျှောက်တာထက် ခြေလှမ်းမြန်မြန် လှမ်းဖို့  အာရုံစိုက်တာက ပိုပြီးမှန်ကန်တယ်။ ခြေလှမ်းကို ရေတွက်ပါ။ တမိနစ်ကို ခြေလှမ်း ၁၀၀-မှ ၁၁၀-အတွင်း လျှောက်ရင် အပျင်းပြေ လမ်းလျှောက်တာပါ။ ၁၂၀-မှ ၁၃၀-အတွင်း လျှောက်ရင်တော့ လေ့ကျင့်ခန်းအဖြစ် သင့်တင့်တဲ့နှုန်း ဖြစ်ပါတယ်။ ၁၅၀-ထက်ဆိုရင်တော့ တကယ် လမ်းလျှောက် လေ့ကျင့် သူတွေရဲ့နှုန်း ဖြစ်ပါတယ်။

၎။ အသက်ပြင်းပြင်း ရှူခြင်း။
လမ်းမြန်မြန်လျှောက်တဲ့အခါ အလုပ်လုပ်ရတဲ့ ကြွက်သားတွေက အောက်ဆီဂျင် ပိုပြီးလိုလာတယ်။ ဒါကြောင့် လမ်းလျှောက်နှုန်း မြင့်လိုက်တာနဲ့ အသက်ရှူမြန်ပြီး ပြင်းလာပါတယ်။ ဟောဟဲလိုက်အောင် မောတာမဟုတ်ဘဲ အသက်ရှူ သိသိသာသာ ပြင်းလာပြီဆိုရင် တော်တော်အကျိုးရှိတဲ့ လမ်းလျှောက်နှုန်း ဖြစ်တယ်။ အသက်ရှူနှုန်းနှင့် လမ်းလျှောက်နှုန်းကို စည်းချက်ညီညီ သတ်မှတ်လို့ ရပါတယ်။ ခြေလှမ်း ၃-လှမ်းစာ အသက်ရှူသွင်းပြီး ၃-လှမ်းစာ ရှူထုတ်ရင် ၃-၃ နှုန်းနဲ့ အသက်ရှူတယ်လို့ ခေါ်ပါတယ်။ ပိုပြီး မြန်မြန်လျှောက်လိုက်မယ်ဆိုရင် အသက်ရှူထုတ်တာ ပိုမြန်သွားတတ်ပါတယ်။ ဥပမာ-၃-၂-နှုန်း ဖြစ်သွားနိုင်ပါတယ်။ ဒီနှုန်းအတိုင်း အတိအကျရေတွက်ပြီး လျှောက်စရာ မလိုပါဘူး။ အဓိက,က အသက်ရှူပြင်းလာတဲ့အထိ မြန်မြန်လျှောက်ဖို့ပါပဲ။


၅။ စံချိန်တက်လာခြင်း။
ပုံမှန်လျှောက်နေကျ ခရီးတခုအတွက် ယူရတဲ့အချိန်ကို မှတ်ထားပါ။ ဒီလိုစံချိန်မှတ်ထားတဲ့အတွက် လမ်းလျှောက်နှုန်း မြန်လာတတ်သလို သင်လမ်းလျှောက်တဲ့ အစီအစဉ်လဲ ပိုပြီး ခိုင်မြဲလာတတ်ပါတယ်။ ပိုပြီးတက်ကြွချင်ရင် တနာရီပျမ်းမျှ လျှောက်နှုန်းကို တွက်ထားပြီး ခရီးစဉ်အမျိုးမျိုး လျှောက်ပြီး နှိုင်းယှဉ်ကြည့်ပါ။


၆။ အကောင်းဆုံး လျှောက်နိုင်အောင် အားပေးမယ့်အဖော် ရှိခြင်း။
ပိုနေတဲ့အဆီတွေ ကုန်သွားအောင် လမ်းလျှောက်တယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်ထက်မြန်တဲ့ လမ်းလျှောက်ဖော်တယောက်ကို ရှာပါ။ ပြိုင်လျှောက်ချင်လာအောင် ဆွဲခေါ်တတ်တဲ့သူဆိုရင် ပိုကောင်းပါတယ်။ တယောက်ယောက်ကို အမီလိုက်လိုစိတ်နဲ့ လျှောက်ရင်း မြန်မြန်လျှောက်နိုင်လာတာကို တွေ့ရပါလိမ့်မယ်။ ကိုယ့်ထက်မြန်တဲ့သူနဲ့ လျှောက်ခြင်းဖြင့် နှစ်ယောက်လုံး လျှောက်ချင်စိတ်ပိုလာမယ်။ တယောက်တည်း စ,လျှောက်ပါ။ အဖော်ရှာနေတဲ့သူတွေ ရှိနေနိုင်ပါတယ်။


၇။ သင်သောင့်သက်သာနဲ့ ခပ်မတ်မတ် လျှောက်ပါ။
ပျင်းရိပျင်းတွဲနဲ့ နည်းမမှန် လမ်းမမှန် လမ်းလျှောက်ရင်တော့ သွေးလှည့်ပတ်မှုစနစ် ကောင်းလာတဲ့အထိ မြန်မြန်လျှောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လမ်းလျှောက်ရာမှာ-
-ခပ်မတ်မတ်/သက်သောင့်သက်သာ အနေအထားနဲ့ လျှောက်ပါ။
-ရှေ့ကိုလှမ်းတဲ့အခါ ခြေချောင်းတွေကို အားစိုက်ပြီး လှမ်းပါ။
-တင်ပါးနဲ့ ခြေထောက်ကြွက်သားတွေရဲ့ အားကိုရဖို့ နောက်မှာ ဆန့်ကျန်ခဲ့တဲ့ ခြေလှမ်းဆီကို အာရုံစိုက်ပါ။
-တံတောင်ဆစ်ကို ၉၀-ဒီဂရီ ကွေးထားပါ။ ဒါမှ လက်လွှဲရတဲ့အချိန်တိုပြီး မြန်မြန်လျှောက်နိုင်ပါမယ်။ 
ဒီအချက်တွေက လမ်းလျှောက်နှုန်းကို မြန်စေပြီး ကျန်းမာရေးနဲ့ ညီညွတ်စေပါလိမ့်မယ်။


Ref:7 Signs Your Walking is Working The Walking Magazine, Dec 1996.

ပဋိဇီဝဆေး ဆိုတာ

လူတော်တော်များများဟာ ငယ်ရွယ်စဉ်ကစလို့ ပဋိဇီဝဆေး (antibiotic) နဲ့ ရင်းနှီးဖူးကြပါတယ်။ ဆေးခန်း၊ ဆေးရုံ မရောက်ဖူးတောင်မှ အပရိကဆိုရင် ဆေးဆိုင်ကနေ ကိုယ့်ဘာသာကိုယ် ဝယ်သောက်တတ်တာပါပဲ။ ဒါပေမဲ့ ဆေးပညာနှင့် နှီးနွယ်သူမဟုတ်ရင် ပဋိဇီဝဆေးနဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ဂဃနဏ သိချင်မှ သိပါလိမ့်မယ်။ ၁၉၉၈-ခု မတ်လ-ဧပြီလ ထုတ် Health မဂ္ဂဇင်းရဲ့ Pharmacist's advice ကဏ္ဍမှာ ပဋဇီဝဆေးနဲ့ပတ်သက်ပြီး ရေးထားတာတွေ့ရပါတယ်။ The Pharmaceutical Society of Singapore ရဲ့ ဥက္ကဋ္ဌဖြစ်သူ Wu Tuck Seng နဲ့ ဆွေးနွေးတာတွေ ဖြစ်ပါတယ်။ ကျန်းမာရေးနယ်ပယ်မှာ မရှိမဖြစ်အရေးပါလှတဲ့ ပဋိဇီဝဆေးအကြောင်း တစေ့တစောင်းကို စာဖတ်သူတို့ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ပဋိဇီဝဆေးဆိုတာ ဘက်တီးရီးယားကြောင့် ဖြစ်ရတဲ့ ဝေဒနာတွေကို တိုက်ဖျက်တဲ့ ပိုးသတ်ဆေးလို့ပဲ မှတ်ရပါမယ်။ ဥပမာ-အသက်ရှူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းဝေဒနာလိုမျိုးတွေပေါ့။ ဒါ့အပြင် ဦးနှောက်အမြှေးရောင်ခြင်းလို ပြင်းထန်တဲ့ဝေဒနာမျိုးတွေကို ကုသရာမှာပါ သုံးစွဲရပါတယ်။ ဒါပေမဲ့ ပဋိဇီဝဆေးဟာ ဗိုင်းရပ်စ်ကို မသတ်နိုင်ပါဘူး။ ထိုနည်းတူစွာ ဗိုင်းရပ်စ်ကို ကာကွယ်တားဆီးထားတဲ့ ဆေးတွေဟာလည်း ဘက်တီးရီးယားကို မသတ်နိုင်ပါဘူး။

ကုရခက်တဲ့ ရောဂါတွေအတွက် ပဋိဇီဝဆေးတွေကို တမျိုးထက်မက တွဲစပ်ပြီး ကုသပေးနိုင်ပါတယ်။ ဥပမာ-တီဘီရောဂါဆိုရင် ဆေးသုံးလေးမျိုးလောက် တပြိုင်တည်း တွဲပေးပြီး ကုသရပါတယ်။ ပဋိဇီဝဆေးကို အုပ်စုတွေအများကြီး ခွဲထားပါတယ်။ ဥပမာ-penicillins, erythromycins စသည်ဖြင့်ပေါ့။ အုပ်စုတစုတည်း မှာပဲ အုပ်စုဝင်တွေအများကြီး ထပ်ခွဲထားပါတယ်။

ပိုးမွှားတိုက်ပွဲ---
ဆေးဝါးလောကမှာ ပဋိဇီဝဆေးဟာ အဓိကလက်နက်ကြီးတခုအဖြစ် ရပ်တည်နေဆဲပါ။ ဒါပေမဲ့ ပိုးမွှားတွေဟာ မူလပိုးသတ်ဆေးတွေနဲ့ ယဉ်သွားပြီး ပြန်လည်ခုခံနိုင်စွမ်း ပိုရှိလာတာဟာ ကမ္ဘာ့ဆေးလောကရဲ့ အဓိကပြဿနာကြီးတခုပါပဲ။ ဘက်တီးရီးယားတွေဟာ တမျိုးနဲ့တမျိုး မတူကြပါဘူး။ လွယ်လွယ်သတ်လို့ရတဲ့ ပိုးရှိသလို ဆေးကို ခုခံနိုင်အား ပိုရှိတဲ့ ပိုးလည်း ရှိပါတယ်။ ဆေးပတ်လည်အောင် သေသေချာချာကုသရင် ဝေဒနာကို ထိထိရောက်ရောက် ပျောက်ကင်းစေပါတယ်။ ဆေးပတ်မလည် ရင်တော့ လက်ရှိဆေးကို ယဉ်သွားတဲ့၊ ဆေးမတိုးနိုင်တော့တဲ့ ဘက်တီးရီးယား အသစ်တမျိုး ဖြစ်ပေါ်လာပါတယ်။ အဲဒီဘက်တီးရီးယားဟာ ဝေဒနာဖြစ်ပွားစေတဲ့ အဓိကပိုးမွှားဖြစ်လာတဲ့အတွက် သောက်လက်စဆေးကလည်း မူလဝေဒနာကို ပျောက်အောင် မစွမ်းဆောင်နိုင်တော့ပါဘူး။

ပဋိဇီဝဆေးကို သေသေချာချာ မစမ်းသပ်ဘဲသုံးခြင်း၊ တခြားဆေးနဲ့တွဲပေးရမယ့် အခြေအနေမျိုးမှာ တမျိုးတည်းသာ သုံးခြင်း စတာတွေကြောင့် ဘက်တီးရီးယားတွေရဲ့ ခုခံနိုင်စွမ်း ပိုမြင့်လာပါတယ်။ ဘယ်ဆေးဟာ ဘယ်ပိုးကို သတ်နိုင်သလဲဆိုတာ အဆက်မပြတ် စောင့်ကြည့်ရပါမယ်။ ဒါမှသာ ရောဂါဖြစ်ရင် အထိရောက်ဆုံးဆေးကို တိကျနိုင်သမျှ တိကျအောင် တွဲပေးရပါမယ်။

ဆေးရုံတွေ၊ အထူးသဖြင့် အထူးကြပ်မတ်ကုသဆောင်တွေမှာ ဆေးပြင်းတွေ များများသုံးရတော့ ဆေးကို ခံနိုင်ရည်အများကြီးရှိတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အခွင့်ကောင်းတခုလို ဖြစ်နေတယ်ဆိုတာ သတိပြုရပါမယ်။ ဆေးရုံတိုင်းမှာ ပဋိဇီဝဆေး သုံးစွဲမှုကို စည်းကမ်းတကျ ကြပ်မတ်နိုင်တဲ့ စည်းမျဉ်းတွေ ထားရှိသင့်ပါတယ်။ ဆေးတမျိုးစီရဲ့ ပိုးသတ်နိုင်တဲ့ အာနိသင်စွမ်းအားတွေဟာ မတူပါဘူး။ ဈေးကွက်ထဲဝင်လာတဲ့ ဆေးအသစ်တွေအကြောင်းလည်း အလျဉ်မပြတ် နားလည်သဘောပေါက် နေရပါမယ်။ အဲဒီဆေးအသစ်တွေကို အကောင်းဆုံးဘယ်လိုအသုံးပြုနိုင်မလဲ ဆိုတာကိုလည်း သိရပါမယ်။

ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲ စားသုံးခြင်းဟာလည်း ပိုးမွှားကို ဆေးယဉ်သွားစေပါတယ်။ အထွေထွေရောဂါကု ဆေးခန်းတွေမှာတော့ ပဋိဇီဝဆေး မှားပေးတာ၊ ပိုပေးတာတွေ အမြဲတမ်း ဖြစ်နေတာပါပဲ။ ဒါပေမဲ့ နောက်ဆုံးပိတ် စာရင်းအတိအကျတော့ မရသေးပါဘူး။ အမေရိကန်ဆေးပညာ အစည်းအရုံးရဲ့ ၁၉၉၈-ခု စက်တင်ဘာလထုတ် စာစောင်မှာတော့ ၁၉၉၂-ခု စာရင်းအရ အမေရိကန်ရှိ ပဋိဇီဝဆေး သုံးစွဲသူတွေရဲ့ ၂၁-ရာခိုင်နှုန်းဟာ ဆေးကို မလိုအပ်ဘဲ စားသုံးသူတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဆေးပတ်လည်ပါစေ---
လူနာတော်တော်များများဟာ ဆေးပတ်လည်အောင် မသောက်ချင်ကြပါဘူး။ ဆေးပတ်မလည်လို့ကတော့ ဝေဒနာဟာ ဘယ်တော့မှ အမြစ်ပြတ်တော့မှာ မဟုတ်ပါဘူး။ လူတချို့က ရောဂါခံစားနေရတာ သက်သာသွားရင် ဆေးဆက်သောက်ဖို့ မလိုတော့ဘူးလို့ ထင်ကြပါတယ်။ ဒါဟာ လမ်းလွဲရုံတင်မက အန္တရာယ်လည်း ကြီးလှပါတယ်။ ဆေးပတ်မလည်ခင် ဆေးအသောက်ရပ်လိုက်ရင် ရောဂါက အမြစ်မပြတ်ဘဲ နောက်တခါပြန်ထလာလို့ ဆေးခန်းကို ပြန်ပြေးရပါလိမ့်မယ်။ အဲဒီအခါကျတော့ ဘက်တီးရီးယားက ဆေးကို ယဉ်သွားပြီး မူလသောက်တဲ့ ပဋိဇီဝဆေးက မတိုးတော့ပါဘူး။ပဋိဇီဝဆေး သောက်တဲ့အခါ လိုက်နာရမည့် အချက်တွေကို အောက်မှာဖော်ပြပေးထားပါတယ်။

-ဆေးပတ်လည်အောင် သောက်ပါ။
-သူများမှာ ကိုယ့်လိုရောဂါဖြစ်နေပေမယ့် ကိုယ်သောက်ဖို့ ပေးထားတဲ့ဆေးထဲက ခွဲမပေးပါနဲ့။
-ပဋိဇီဝဆေးကို ကိုယ့်ဘာသာကိုယ် ရောစပ်မသောက်ပါနဲ့။ ဆရာဝန် သို့မဟုတ်-တတ်သိသူ မညွှန်ကြားဘဲ  
  ဆေးမစားပါနဲ့။
-ဆေးကို အေးပြီးခြောက်သွေ့တဲ့ နေရာ၊ အပူ၊ အလင်း မခံရတဲ့နေရာ၊ ရေငွေ့မဝင်နိုင်တဲ့ နေရာ၊ 
  ကလေးတွေ  လက်လှမ်းမမီနိုင်တဲ့ နေရာမျိုးမှာ သိမ်းဆည်းပါ။
-ပဋိဇီဝဆေးရည်တွေဟာ ဆေးသက်တမ်းတိုတဲ့အတွက် ရေခဲသေတ္တာထဲမှာ သိမ်းပါ။ 
-ဆေးသောက်ရမယ့် ကြိမ်နှုန်းက ၂၄-နာရီပေါ် မူတည်တွက်ချက်တာ ဖြစ်ပါတယ်။ တနေ့သုံးကြိမ်လို့ 
  ညွှန်းရင် ၈-နာရီခြား တခါ၊ တနေ့ လေးကြိမ်သောက်ရင် ၆-နာရီခြား တခါ၊ သောက်ရပါမယ်။
-ဆေးညွှန်းကို အတိအကျလိုက်နာပြီး သောက်ပါ။ ဥပမာ-လေးနာရီခြားတခါ သောက်ရမယ်ဆိုပါစို့ ပထမတခါ သောက်ထားပြီး လေးနာရီကြာတဲ့အခါ သွေးထဲရောက်နေတဲ့ ပဋိဇီဝဆေးပမာဏက ပိုးကိုသတ်ဖို့ အနိမ့်ဆုံးအဆင့်ရဲ့ အထက်နားလေးကို ရောက်သွားပါတယ်။ အဲဒီအချိန်မှာ ဆေးကို ဒုတိယအကြိမ် မပျက်မကွက် ထပ်သောက်ရမှာ ဖြစ်ပါတယ်။ ဒါမှ ဝေဒနာကို ထိထိရောက်ရောက် ကုသရာရောက်ပါ လိမ့်မယ်။ ညဘက်ဆေးထသောက်ရလို့ အိပ်ရေးပျက်မခံချင်ရင်တော့ ဆေးသောက်ချိန်ကို ဆရာဝန်နဲ့ညှိပါ။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ ကြိမ်နှုန်းနဲ့ တတ်နိုင်သမျှ နီးစပ်ရပါမယ်။
-ဆေးကို အစာမစားမီ သောက်ပါ။ သို့မဟုတ်-အစာစားပြီးမှ သောက်ပါ စသည်ဖြင့် ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာပါ။ ဒါဟာ သွေးထဲမှာ ပဋိဇီဝဆေး ပါဝင်နှုန်းကို အကျိုးသက်ရောက်မှု ရှိပါတယ်။
-ဆရာဝန်ကို သူညွှန်ကြားတဲ့ ပဋိဇီဝဆေးမှာ ဘယ်လို ဘေးထွက်ဆိုးကျိုးရှိနိုင်လဲဆိုတာ အမြဲမေးပါ။

အခုဆောင်ပါးမှာ ပဋိဇီဝဆေးနဲ့ ပတ်သက်လို့ မသိမဖြစ် သိသင့်တာလေးတွေ တင်ပြထားပါတယ်။ ဆောင်းပါးမှာ ပါသလိုပဲ ကျွန်တော်တို့ဝန်းကျင်မှာ ဆေးပတ်လည်အောင် မသောက်သူတွေ တွေ့ရလေ့ရှိပါတယ်။ ဒါဟာ အန္တရာယ် ဘယ်လောက်ကြီးကြောင်း မသိကြလို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ဆေးဆိုင်မှာ တလုံးစ နှစ်လုံးစ ဝယ်သောက်တတ်ကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။ စာရှုသူအနေနဲ့ ဒီဆောင်းပါးပါ အချက်အလက်များကို သိရှိပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဗဟုသုတ လက်ဆင့်ကမ်းဖို့ကို အမှတ်တမဲ့ ရှိနေတတ်ပါတယ်။ ဒါကြောင့် ဆောင်းပါးကိုဖတ်ပြီးနောက် မိမိဝန်းကျင်မှာ ပဋိဇီဝဆေး သုံးစွဲမှုနဲ့ပတ်သက်လို့ မှားယွင်းနေတာတွေ့ရင်  လက်လှမ်းမီသလောက် အမှန်ပြောပြ၊ အသိပညာဖြန့်ဖြူးဖို့ သတိတရရှိပါစေကြောင်း တိုက်တွန်းလိုက်ရပါတယ်။
Ref:Health, March/April 1998.

မောင်ကိုအေး

လှပပျော်ရွှင် အလုပ်ခွင် ဝင်ကြပါစို့

တနေကုန်အလုပ်တာဝန်တွေ ထမ်းဆောင်ခဲ့ရလို့ မောပန်းနွမ်းနယ်နေသူ အမျိုးသမီးတွေအတွက် အမောပြေ သက်လုံကောင်းပြီး ကုန်ခမ်းသွားတဲ့ အားအင်တွေ ပြန်လည်ပြည့်လာစေမယ့် နည်းကောင်း လေးတွေ ပေးပါရစေလား။
၁။ တနေ့တာလုပ်ငန်းပြီးဆုံးချိန်မှာ ခန္ဓာကိုယ်က အကြောအချင်တွေကို (အပျင်းဆန့်သလို) ဆန့်ထုတ် ပစ်ပါ။ ဒီလိုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်က ကြွက်သားတွေ နိုးကြားလာမှာဖြစ်တဲ့အပြင် အလုပ်ခွင်မှာ တနေ့လုံး အကြောတွေတင်းပြီး ညောင်းညာခဲ့တာကိုလည်း ပြေလျော့စေနိုင်ပါတယ်။
၂။ အိမ်ရောက်လို့ ရေချိုးမယ်ဆိုရင်လည်း ရေနွေးနဲ့ချိုးမယ့်အစား ရေအေးနဲ့ချိုးပါ။ ရေနွေးနဲ့ချိုးတာဟာ အသားအရေကို ခြောက်သွေ့စေရုံသာမက ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုလည်း တိုးစေတဲ့အတွက် လူကို ပိုပြီး ပင်ပန်းစေပါတယ်။ ရေချိုးတဲ့အခါ ချေးပြောင်စင်အောင်နဲ့ သွေးလှည့်ပတ်မှုကောင်းအောင် ချေးတွန်း ဖော့တုံးကိုသုံးပါ။ သံပရာနံ့၊ ပရုတ်နံ့၊ လိမ္မော်နံ့ တခုပါတဲ့ ဆပ်ပြာတုံးကို သုံးပါ။


၃။ ခေါင်းလျှော်တဲ့အခါ ပရုတ်ပါတဲ့ ခေါင်းလျှော်ရည်ကို သုံးပါ။ ဦးရေပြားကို ရှိမ်းတိမ်းတိမ်းဖြစ်စေပြီး ရွှင်လန်းစေပါတယ်။ ခေါင်းမလျှော်ခင် ဦးရေပြားကို ကောင်းစွာနှိပ်နယ်ပေးဖို့လည်း လိုအပ်ပါတယ်။
၎။ ခေါင်းလျှော်ပြီး ဆံပင်တွေကို ရှေ့လှန်ချ ခေါင်းငုံ့ပြီး dryerနဲ့ အခြောက်ခံပါ။ အဲဒါမှ ဆံပင်လည်း ကောင်းကောင်းခြောက်မယ်။ ခေါင်းငုံ့ထားတဲ့အတွက် မျက်နှာပြင်ပေါ် သွေးလှည့်ပတ်မှု ပိုကောင်းစေပြီး ပါးမို့လေးကို နီလာစေပါမယ်။ မိတ်ကပ်မလိမ်းခင် ရေငွေ့သွင်းတဲ့အနေနဲ့ moisturising mask ကို လိမ်းထားစဉ်မှာ ၁၀-မိနစ်လောက် လှဲပြီးမှ mask ကိုခွါပါ။
၅။ မိတ်ကပ်လိမ်းနေစဉ်မှာ ယူကလစ်ဆီ၊ လက်ဖက်ဆီ၊ သံပရာဆီ၊ ပရုတ်ဆီ၊ ရေမွှေးပန်းဆီတို့ကို မီးရှို့ထားပေးပါ။ ထွက်လာတဲ့အနံ့ဟာ အာရုံတွေကို နိုးကြားစေတယ်လို့ ဆိုပါတယ်။
၆။ တောက်ပတဲ့အရောင် ရွေးချယ်သုံးပါ။ အနက်ရောင်ဝတ်စုံနဲ့ အနီရဲရဲ ပုဝါဟာ ခေတ်အမီဆုံးဖက်ရှင် တခုပါ။ လက်သည်းနီ၊ ပါးနီကို ရွှေရောင် ဒါမှမဟုတ်-ငွေရောင်ဆိုးပါ။ နှုတ်ခမ်းနီရောင် တောက်တောက် ဆိုးခြင်းဟာ သင့်ကို ပိုပြီးတက်ကြွလာစေနိုင်ပါတယ်။
၇။ ရုံးအလုပ်ကို ရုံးမှာပဲထားခဲ့ပါ။ တနေကုန်အလုပ်ကို အာရုံစိုက် လုပ်ခဲ့ပြီးပြီဖြစ်လို့ တခြားအကြောင်း အရာတခုအပေါ် အာရုံပြောင်းတာက သင့်ကို အားအင်ပြည့်စေပါတယ်။ အလုပ်ချိန်မဟုတ်ဘဲ အလုပ်အကြောင်း အတွေးထဲဝင်လာခဲ့ရင်တောင် ချက်ချင်းမေ့ပစ်လိုက်ပြီး လုပ်လက်စအလုပ်ကိုပင်  ဆက်လုပ်နေပါ။
၈။ ရုံးမှာနေ့လည်စာမစားဘဲ နေနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါမှမဟုတ် မနက်စောစောထပြီး လမ်းအမြန် လျှောက် လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်သူဟာ မွန်းလွဲပိုင်း အချိန်ရောက်ရင် လေ့ကျင့်ခန်းမလုပ်တဲ့သူတွေထက် လန်းဆန်းတက်ကြွမှု ပိုရှိပါတယ်။
၉။ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ ညနေ အလုပ်သိမ်း မောပန်းနွမ်းနယ်ချိန်မှာ မှန်ကြည့်ပြီး ငါ့မှာ အင်အားတွေ အပြည့်ပဲ၊ ငါ သိပ်လှတာပဲလို့ ကိုယ့်ကိုယ်ကို ပြောကြည့်ပါ။ တဖြည်းဖြည်းနဲ့ သင့်ခန္ဓာကိုယ်ဟာ သင်ပြောတဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်။
၁၀။ တနေ့တာကုန်တဲ့အခါ အသားတွေတုန်လာတဲ့အထိ ဆာလောင်ပြီဆိုရင် ငှက်ပျောသီးတလုံး ဖြစ်စေ၊ သစ်သီးခြောက် သို့မဟုတ်-မြေပဲ လက်တဆုပ်ဖြစ်စေ စားပေးခြင်းဖြင့် သွေးအတွင်းမှာ သကြားဓာတ်ကို ရရှိစေပါလိမ့်မယ်။
၁၁။ ကော်ဖီလျှော့သောက်ပါ။ ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ရှိ ရေဓာတ်ကို လျော့နည်းစေပြီး လူကိုပင်ပန်း စေပါတယ်။ တကယ်လို့ ကော်ဖီတခွက် သောက်လိုက်ရပြီဆိုရင်လည်း ရေတဖန်ခွက်ကို မဖြစ်မနေ သောက်ပေးပါ။ ခန္ဓာကိုယ်ကို လန်းဆန်းနေစေဖို့ လက်ဖက်ရည်ပူပူကို သံပရာရည် သို့မဟုတ်-ဂျင်းရည်နဲနဲနဲ့ ရောစပ်သောက်ပေးနိုင်ပါတယ်။
၁၂။ မှန်ကြည့်ပြီး ပြုံးပါ။ ပြုံးတဲ့အခါ ဖြစ်ပေါ်လာတဲ့ ကြွက်သားလှုပ်ရှားမှုဟာ ဦးနှောက်ဆီသို့ သွေးစီးဆင်းမှုကို  ကောင်းမွန်စေပါတယ်။ တဖက်ကလည်း သင့်ရဲ့ ပြုမူလှုပ်ရှား ခံစားမှုတွေကို ပိုပြီး အသက်ဝင်စေပါတယ်။
၁၃။ သင် အားအင်ပြည့်စေဖို့ အဓိကလိုအပ်တာကတော့ အောက်ဆီဂျင်ဓာတ်ပါပဲ။ သင် အသက်ရှူတာကို ၅-မိနစ်လောက် အာရုံစိုက်ကြည့်ပါ။ ဒီလိုလုပ်တာဟာ အိပ်တာထက် ပိုပြီး လူကို လန်းဆန်းစေပါတယ်။ ထိုင်လျက်ဖြစ်စေ၊ လဲလျောင်းလျက်ဖြစ်စေ၊ လုပ်နိုင်ပါတယ်။ ဝမ်းဗိုက်ပေါ်မှာ လက်တင်ပြီး အသက် ဖြည်းညှင်းစွာ ရှူသွင်းရှူထုတ် ပြုလုပ်ပါ။ အင်အားတွေ ပြန်ပြည့်လာပြီလို့ ထင်ရတဲ့အထိ လုပ်ပါ။
၁၄။ သင် အနှစ်သက်ဆုံး ဂီတသံကို နားဆင်ပြီး စည်းချက်နဲ့အညီ လိုက်ကပါ။ ဒါဆိုရင် အားအင်တွေ ပြန်လည်ပြည့်လာပါလိမ့်မယ်။

ဒီအကြံပြုချက်တွေအတိုင်း လိုက်နာနိုင်ရင် တနေ့တာ ပင်ပန်းနွမ်းနယ်မှုတွေပျောက်ပြီး နောက်တနေ့ လုပ်ငန်းခွင် ဝင်နိုင်ဖို့ အားသစ်အင်သစ်တွေ ပြည့်လာမှာအမှန်ပါပဲ။ ပျိုမေတို့ တက်ကြွရွှင်လန်းစွာနဲ့ အလုပ်တာဝန်ကို နေ့စဉ်ဆောင်ရွက်နိုင်ကြစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
Ref:The Singapore Women's Weekly, Feb 1998.

Monday, May 30, 2011

ကလေးသူငယ်မျာနှင့် ပန်းနာရင်ကျပ်ရောဂါ


အသက်နှစ်နှစ်အရွယ်သာရှိသေးသော လောရင့်အော်လ်ဆန်သည် ညအခါတွင် ချောင်းဆိုးတတ်သည်မှာ တညလုံးလိုလို အဆက်မပြတ်ပင် ဖြစ်သည်။ အအေးမိရောဂါ ခံစားရပြီးတိုင်း ထိုကဲ့သို့ ချောင်းဆိုး တတ်သည်မှာ ရက်သတ္တပတ် ရှစ်ပတ်ခန့်အထိပင် ကြာမြင့်နေပြီဖြစ်သည်။ သူ၏မိဘများက သူ့အား ကုသပေးနေကျ ကလေးကုသမှုဆိုင်ရာ  သမားတော်နှင့် သွားရောက်ပြသကြသောအခါ ရာသီဥတု အကူးအပြောင်းတွင် ဖြစ်တတ်သော (အအေးမိ နှာစေး၊ ချောင်းဆိုးရောဂါ ဖြစ်စေသော) ဗိုင်းရပ်စ်ရောဂါ ပိုးများ၏ နောက်ဆက်တွဲ ချောင်းဆိုးခြင်းဖြစ်သော ရိုးရိုးစင်းစင်း အခြေအနေတခုသာ ဖြစ်သည်ဟု ပြောပြလိုက်သည်။ တိကျမှန်ကန်သော ရောဂါအမည်ကို မဖော်ထုတ်နိုင်မီ တနှစ်တာ ကာလပတ်လုံး ထိုရောဂါလက္ခဏာများ ခံစားနေခဲ့ရသည်။

ထိုအခြေအနေမှ နောက်ဆုံးတွင် သူ့မှာ ရင်ကျပ်ပန်းနာရောဂါ ခံစားနေရပြီဖြစ်ကြောင်းကို သိရှိခဲ့ရသည်။ သို့သော် ထိုကဲ့သို့ လွဲချော်နေခဲ့မှုအတွက် သူ၏မိဘများက သမားတော်အပေါ် အပြစ်ပုံမချခဲ့ချေ။ ပန်းနာရင်ကျပ် ရောဂါ၏ လက္ခဏာများမှာ ကလေးငယ်တို့၏ ပုံမှန်ဖျားနာ၊ နာမကျန်းဖြစ်မှုများ၏ လက္ခဏာများနှင့် ခွဲခြားရန် ခက်ခဲသောကြောင့် ဖြစ်သည်။ အသက် ၅-နှစ်အောက် ကလေးများတွင် ပန်းနာရင်ကျပ်ရောဂါဟု ရောဂါအမည်တပ်ရန် အလွန်ပင် ခက်ခဲလှပါသည်။

ကလေးငယ်များ၏ ရင်ကျပ်ပန်းနာရောဂါအပေါ် အခြေခံသော နောက်ဆုံးလေ့လာဆန်းစစ်ချက်များအရ ကလေးအထူးကုသမားတော်တိုင်း သံသယအဖြစ်ဆုံး ရောဂါလက္ခဏာများအနက် ဤရောဂါသည် ထိပ်ဆုံးမှာ ရှိနေကြောင်း သိရှိရသည်။
ယခုအခါ ကလေးငယ်များ၏ ပြင်းထန်လှသော နာတာရှည်ရောဂါအများစုအနက် ရင်ကျပ်ပန်းနာရောဂါ သည် အသက် ၁၈-နှစ်အောက် အမေရိကန် ကလေးငယ် ၅-သန်းခန့်ကို တိုက်ခိုက် ထိုးနှက်လျက်ရှိကြောင်း တွေ့ရှိရသည်။ အရေးပေါ် ဆေးဝါးကုသမှု ခံယူရန် လာရောက်ပြသသူ ကလေးခြောက်ဦးအနက် တဦးမှာ အဆိုပါ ရောဂါပင် ဖြစ်ပေသည်။ ၁၉၈၀-ပြည့်နှစ်မှ ၁၉၉၄-ခုနှစ်အတွင်း မွေးစမှ အသက် ၄-နှစ်အထိ ကလေးများတွင် ထိုရောဂါဖြစ်ပွားနှုန်းသည် ၁၆၀-ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

အထက်ဖော်ပြပါ အချက်အလက်တို့မှာ သတင်းဆိုးများ ဖြစ်ပါသည်။ သတင်းကောင်းတခုမှာ မှန်ကန် တိကျသော ဆေးဝါးကုသမှုနှင့် ဂရုပြုသတိရှိနေမှုတို့သည် ရင်ကျပ်ပန်းနာရောဂါရှင် ကလေးငယ်များအား (သူတို့၏ သွားလာလှုပ်ရှားမှုများကို ကန့်သတ်မှု မဖြစ်စေပဲ) သမားရိုးကျ လူနေမှုဘဝပုံစံထဲတွင် နေထိုင်စေ နိုင်ခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် အော်လ်ဆန်တွင် ရင်ကျပ်ပန်းနာရောဂါရှိသူ အခြား သားတယောက် ရှိသေးသည်။ ၄င်းအား တိကျမှန်ကန်သော ဆေါးးကုသမှုများ ပေးထားခြင်းအားဖြင့် ရောဂါလက္ခဏာများ ခံစားရသည့် ဘေးမှ ကင်းဝေးနေစေသည်။ ထို့ကြောင့် ကလေးငယ်နှစ်ဦးစလုံးကျန်းမာရွှင်လန်းကြပြီး အခြားရင်ကျပ်ပန်းနာ မရှိသော ကလေးများကဲ့သို့ပင် လှုပ်ရှား ပြုမူနိုင်ကြပေသည်။ ၄င်းတို့၏ မိခင် ခရစ်စ်တီက အောက်ပါအတိုင်း ပြောပြခဲ့သည်။ ရှင်တို့ ရင်ကျပ်ပန်းနာကို ကောင်းကောင်းကြီး ထိန်းသိမ်း ထိန်းချုပ်နိုင်ပါတယ်။ အဲဒီရောဂါဟာ ရှင်တို့ရဲ့ ဘဝတလျှောက်လုံးကို ချုပ်ကိုင်ခြယ်လှယ်ခွင့် မပေးပါနဲ့။
ရောဂါ သဲလွန်စ---
ရင်ကျပ်ပန်းနာရောဂါကို ထိန်းချုပ်နိုင်ရန် ပထမဦးစွာ အဆိုပါ ရောဂါကို သတိပြုမိရပေမည်။ ရောဂါ ရှိနေသော ကလေးငယ်တိုင်းသည် လေပြွန်ကျဉ်းမြောင်းသော အသံများ(လေချွန်သံကဲ့သို့ တရွှီရွှီအသံများ) သိသာထင်ရှားသော ရင်ကျပ်မောပန်းခြင်းများ အမြဲတမ်း ရှိချင်မှ ရှိမည်။ မကြာခဏ ဖြစ်တတ်သော ညအခါ (သို့) နံနက်စောစော ချောင်းဆိုးတတ်ခြင်း၊ မြန်ဆန်ဆူညံသော အသက်ရှူခြင်း၊ အဆုတ်ပွခြင်း၊ မကြာခဏ လေပြွန်ရောင်ခြင်း စသည်တို့သည် သံသယဖြစ်ဖွယ်ရာများ ဖြစ်ပေသည်။
တခါတရံ တခုတည်းသော သဲလွန်စဟာ ရောဂါရှိတဲ့ကလေးတွေအဖို့ သူ့ရဲ့ သူငယ်ချင်းတွေနဲ့အတူ ရုပ်ပိုင်းဆိုင်ရာ လိုက်လံလုပ်ဆောင်နိုင်စွမ်း မရှိကြောင်း တွေ့ရခြင်းပါပဲ-ဟု နယူးယောက်ရှိ ရိုချက်စတာ ဆေးတက္ကသိုလ်မှ ကလေးအထူးကု အကူပါမောက္ခ ဒေါက်တာ ရောဘတ်ဟော်လ်ဇော်ယာက ပြောသည်။ ရင်ကျပ်ရောဂါသည် ကလေးရာခိုင်နှုန်း တော်တော်များများဟာ လှုပ်ရှားလေ့ကျင့်ခန်း လုပ်လိုက်မှ ရောဂါလက္ခဏာတွေ ထွက်ပေါ်လာပါတယ်။
သင်၏ကလေးငယ်အား ညစဉ် ဒုက္ခပေးနေသော ချောင်းဆိုးခြင်းသည် ဆရာဝန်ရှေ့မှောက်တွင် ပျောက်ကွယ်နေပါလိမ့်မည်။ ထို့ကြောင့် ယခင်က ရင်ကျပ်ပန်းနာရောဂါဟူသည် လိုအပ်သည်ထက် ပိုမို အကာအကွယ်ပေးတတ်သော မိဘများနှင့် ဆက်နွယ်နေသည့် စိတ်နှင့် သက်ဆိုင်သော ရုပ်ပိုင်းဆိုင်ရာ ရောဂါ(Psychosomatic Illness) တမျိုးဟု သတ်မှတ်ခဲ့ကြခြင်းဖြစ်ပေသည်။
ရင်ကျပ်ပန်းနာရောဂါနှင့် ဓာတ်မတည့်မှု ကွန်ရက် (ဆက်နွယ်မှု)များ၊ ရင်ကျပ်ပန်းနာရောဂါရှိသူ ကလေးငယ်များ၏ မိခင်များ အသင်းအဖွဲ့ (Asthma and Allergy Network, Mothers of Asthmatics-AAN/MA) ကို စတင်တည်ထောင်ခဲ့သူ နန်စီစန်ဒါ ဆိုသူက သူ့သမီးဖြစ်သူ၏ ရောဂါအား လွန်ခဲ့သော အနှစ်၂၀-ခန့်ကတည်းက တွေ့ရှိသိနားလည်ခဲ့ကြောင်း ပြောပြခဲ့သည်။ သူမ ဖတ်ရှုလေ့လာခဲ့သော စာအုပ်အများစုက ရင်ကျပ်ပန်းနာဟူသည် မိခင်များက ဖြစ်စေသောရောဂါ-Mother-induced Disease-ဟု ဆိုကြ၏။ ဆရာဝန်များကမူ ထိုရောဂါအကြောင်း တိတိကျကျ သိပ်မသိကြချေ။
ယခင်က ဤရောဂါအား အဆုပ်အတွင်းရှိ လေပြွန်များ၊ သို့မဟုတ်-လေပြွန်ငယ်များ ကျုံ့ခြင်းကြောင့် ဖြစ်သော ရုပ်ပိုင်းဆိုင်ရာရောဂါ (Physical Disease) တခုဟု မှတ်ယူခဲ့ကြသည်။ လေပြွန်နံရံများ ရောင်ရမ်းခြင်း၊ ချွဲများ ထွက်ရှိလာခြင်းသည် လေပြွန်များကို ပိတ်ဆို့စေရာ အသက်ရှူရာတွင် အခက်အခဲများစွာ ဖြစ်ပေါ်စေသည်။
တနှစ်အတွင်း လေပြွန်ရောင်ရောဂါ(Bronchitis) ဖြင့် ကလေးငယ်များစွာ အကြိမ်ကြိမ် ကျွန်တော့ဆီ လာရောက် ပြသနေကြဆဲပါ။ ဘယ်သူ့ကိုမှ ရင်ကျပ်ပန်းနာရောဂါရယ်လို့ ရောဂါအမည် မတပ်ပေးနိုင်ခဲ့ဘူး။ ဒီလိုပဲ တချိန်လုံး ဖြစ်နေကြတာပါပဲ-ဟု ဒေါက်တာ ဟော်လ်ဇော်ယာက ပြောပြသည်။ ထို့ကြောင့် ကလေးသည် အဆုတ်အား အကာအကွယ်ပေးမည့် ဆေးဝါးများ ရရှိခြင်းမှ တခါတရံ ကင်းလွတ်သွား ရတတ်သည်။ အကယ်၍ သင်၏ကလေးတွင် ရင်ကျပ်ပန်းနာရောဂါ၏ လက္ခဏာများကို တွေ့မြင်နေရပြီ ဆိုလျှင် ဆရာဝန်များက ထိုရောဂါမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားသည့်တိုင် စောင့်ကြပ်ကြည့်ရှု နေသင့်ပါသည်။ အကယ်၍ ရောဂါလက္ခဏာများ ဆက်လက်ရှိနေပါက အခြားအကြံဉာဏ်များကိုလည်း ရယူရှာဖွေသင့်ကြောင်း သတင်းပေးထားပါရစေ။

ရောဂါခလုတ်---
မည့်သည်ကလေးမဆို ရင်ကျပ်ပန်းနာရောဂါ ဖြစ်နိုင်သည်။ သို့သော် ရင်ကျပ်ပန်းနာရောဂါ(သို့) ဓာတ်မတည့်ရောဂါများ မိသားစုရောဂါ ရာဇဝင်တွင် တွေ့ရှိရသော ကလေးငယ်များအဖို့ ဤရောဂါ ပိုမိုခံစားရလွယ်သည်။ ဤရောဂါဖြစ်ပေါ်စေရန် တိကျသော မျိုးရိုးဗီဇဆိုင်ရာ အားသာမှုများကို တွေ့ရှိရမည်။ သို့သော် သိပ္ပံပညာရှင်တို့အဖို့ ပါဝင်ပတ်သက်နေသော မျိုးရိုးဗီဇများ(သို့) သေချာပေါက် ရောဂါဖြစ်ပွားမည်ဟု ဆုံးဖြတ်ချက်ချရန် သေချာသောနည်းလမ်း တစုံတရာကိုမျှ မသိရှိကြသေးပေ။ ရင်ကျပ်ပန်းနာရှိသူ မိခင်တဦး၏ ကလေးငယ်မှာ ရောဂါခံစားရန် အခွင့်အရေး ၃၅-ရာခိုင်နှုန်း၊ မိဘနှစ်ဦးစလုံး ရောဂါရှိသည်ဆိုပါက ၆၀-ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သည်ဟု ဒေါက်တာ ဟော်လ်ဇော်ယာက ဆိုသည်။

အဆိုပါရောဂါ ဖြစ်ပေါ်စေရန် ရောဂါရရှိလွယ်သူ (Suseptible Person) သည် ပထမဦးစွာ ဓာတ်မတည့် ပစ္စည်း(Allergen)သို့မဟုတ် လှုံ့ဆော်ပစ္စည်း (Irritant) အချို့နှင့် ထိတွေ့ရမည် ဖြစ်သည်။ ထိုသို့ ဦးစွာ ထိတွေ့ခြင်းသည် ရင်ကျပ်ပန်းနာရောဂါ ခလုတ်အား ဖွင့်လိုက်ခြင်း-ပင် ဖြစ်သည်။ အသက်ငယ်ငယ် ရွယ်ရွယ်တွင် ထိုခလုတ်ပွင့်လေ ရင်ကျပ်ပန်းနာရောဂါသည် ပို၍ဆိုးရွားလေပင် ဖြစ်သည်။ အဓိက လှုံ့ဆော်ပစ္စည်းများမှာ လူတယောက်နှင့်တယောက် ကွဲပြားခြားနားနိုင်သည်။ များသောအားဖြင့် ဓာတ်မတည့်ပစ္စည်းများ (ပဋိလှုံ့ပစ္စည်းများ) ဖြစ်သော တိရစ္ဆာန် အမွှေးအမျှင်များ၊ မှိုများနှင့် အသက်ရှူ လမ်းကြောင်း ဗိုင်းရပ်စ်များ၊ ဆေးလိပ်မီးခိုးငွေ့များကဲ့သို့ လှုံ့ဆော်ပစ္စည်းများ ဖြစ်ကြသည်။ များစွာသော ရင်ကျပ်ပန်းနာရောဂါရှိသူ ကလေးငယ်များသည် ပိုးဟပ်များ၊ ဖုန်မှုန့်အတွင်းရှိ ပိုးကောင်များအားလည်း ဓာတ်မတည့်ကြချေ၊ ထိုကဲ့သို့ အစဦးစွာ ခလုတ်ပွင့်စေသော ထိတွေ့မှုဖြစ်ပေါ်စေပြီးနောက် အရာဝတ္ထု တမျိုးမျိုးက အဆုတ်များအား လုံလောက်သော လှုံ့ဆော်မှုများ ပေါ်ပေါက်လာတိုင်း ရင်ကျပ်ဝေဒနာကို ခံစားရပေမည်။

ရင်ကျပ်ပန်းနာရောဂါရှင်တိုင်း မည်သည့်အတွက် ပြင်းပြင်းထန်ထန် ခံစားကြရသည်ကို မည်သူမျှ တိတိကျကျ မသိကြသေးပေ။ လက်ခံထားကြသော ယူဆချက်တခုမှာ လှုံ့ဆော်ပစ္စည်းများ ဓာတ်မတည့်မှု ဖြစ်စေသော ပစ္စည်းများကို စုစည်းထားရန်အတွက် စွမ်းအင်ပြည့်ဝနေသော ပစ္စည်းများ(သိုလှောင်စရာ နေရာများ) ရှိနေသောကြောင့်ဟူ၍ ဖြစ်သည်။ ဥပမာ-ကော်ဇောများထဲတွင် အရာဝတ္ထုပစ္စည်းများစွာ ထိန်းချုပ်မိနေနိုင်သည်။ ထိုအခါ ရေမြှုပ်ကြီးကဲ့သို့ ဖြစ်လာသည်။ ဓာတ်မတည့်ပစ္စည်းများစွာ စုဝေးနေနိုင်သည်ဟု မန်ဆာချူးဆက်ရှိ လိုဝယ် အထွေထွေရောဂါကုဆေးရုံမှ ဓာတ်မတည့်မှု လေ့လာရေးဌာနမှ ခေါင်းဆောင်ဒေါက်တာဝစ်လ်ဘောချာက ပြောပြသည်။ အဆိုပါ အယူအဆသည် သင်၏ ဧည့်ခန်းအတွင်းရှိ ဆိုဖာကုလားထိုင်များ၊ အိပ်ရာများနှင့် အမွေးပွအရုပ်များအထိပင် အကျုံးဝင်သည်။

မိဘများအနေဖြင့် လှုံ့ဆော်ပစ္စည်းများနှင့် ထိတွေ့ခံရမည့်ဘေးမှ (အထူးသဖြင့် အသက်ငယ်ရွယ်သော အချိန်တွင်) ကာကွယ်တားဆီးရန် ကြိုးပမ်းနိုင်ပါသည်။ အသက်သုံးနှစ်မှ လေးနှစ်အတွင်း ထိုအခြေအနေကို ရှောင်ကွင်းနိုင်ခဲ့လျှင် ဆက်လက်ဖြစ်ပေါ်လာမည့် ရင်ကျပ်ပန်းနာရောဂါ ဖြစ်စဉ်၏ခလုတ်ကို ပိတ်နိုင်ပေ လိမ့်မည်။ ထိုသို့မဟုတ်လျှင် နောင်တချိန်မှ ခလုတ်ပိတ်ဖို့ရန် မဖြစ်နိုင်တော့ချေ-ဟု ဆီးတဲလ်ရှိ ဝါရှင်တန် တက္ကသိုလ်မှ ကလေးကုသမှုဌာန ပါမောက္ခဒေါက်တာ ဂေးလ်ရှက်ပီရိုက ပြောသည်။
ဥပမာအားဖြင့်-ကလေးငယ်၏ ပထမနှစ်အတွင်း အိမ်တွင် ကြောင်မွေးထားသည် ဆိုပါစို့၊ ဓာတ်မတည့်မှု ရာဇဝင်ရှိသော မိဘများမှ မွေးဖွားလာသော ကလေးငယ်အဖို့ ရောဂါ ရရှိခံစားရန် အခွင့်အရေး ၁၀-ဆခန့်ရှိကြောင်း သုတေသီတို့ တွေ့ရှိထားကြသည်။ အိမ်တွင် ဆေးလိပ်သောက်သူတဦးရှိနေပြီဆိုလျှင်တော့ ရောဂါါရလွယ်သူ ကလေးငယ်သည် ရောဂါဖြစ်နိုင်ချေ ၄-ဆခန့်ရှိကြောင်း ဝါရှင်တန်ရှိ ရင်ကျပ်ပန်းနာရောဂါနှင့် ဓာတ်မတည့်မှုဖြစ်စဉ်များဆိုင်ရာ တက္ကသိုလ်၏ သုတေသန အကြီးအကဲ ဒေါက်တာ မာသာဝှိုက်က ဆိုသည်။

လော့စ်အိန်ဂျယ်လိစ်ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကလေးကုသမှုဌာန ပါမောက္ခဒေါက်တာဂယ်ရီရာစီ လက်ဖ်စကီက မိဘများကိုအောက်ပါအတိုင်း အကြံပြုထားသည်။ ကလေးငယ်များကို ဆေးလိပ်မီးခိုးငွေ့ များမှ ကင်းလွတ်ရာ နေရာတွင် ထားပါ။ ဖြစ်နိုင်သရွေ့ ကာလရှည်စွာ နို့တိုက်ပါ။ (နို့ထဲတွင် မိခင်ထံမှ ပဋိပစ္စည်းများပါဝင်ရာ ကလေးငယ်အား ဓာတ်မတည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းကို နှေးကွေးစေသည်(သို့) ကာကွယ်ပေးနိုင်သည်) သင်၏ ကလေး၏ အိပ်ခန်းကို ဖြစ်နိုင်သရွေ့ ဖုန်၊ အမှုန်များမှ ကင်းဝေးစေရန် ဆောင်ရွက်ပေးထားပါ။ အိမ်မွေးတိရစ္ဆာန်များဖြစ်သော ခွေး၊ ကြောင်တို့ကို သင်၏ ကလေးအိပ်ခန်း ပြင်ပတွင်သာ (အိမ်၏ ပြင်ပတွင်ပိုမို၍ သင့်လျော်သည်) မွေးမြူထားပါ။

သင်၏ ကလေးငယ်တွင် ရင်ကျပ်ပန်းနာရောဂါ ရှိနေပြီဟု သိလျှင်သိချင်း ပထမဦးစွာ ဆောင်ရွက်ရမည်မှာ မည်သည့်အရာက ရင်ကျပ်စေခြင်းကို ဖြစ်ပေါ်စေသည်ကို ရှာဖွေဆုံးဖြတ်ရန်ပင် ဖြစ်သည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကလည်း ရင်ကျပ်စေနိုင်သည်။ လှုံ့ဆော်ပစ္စည်းများ၊ ဗိုင်းရပ်စ်ပိုးများ၊ အေးမြသော လေနှင့် ကျယ်လောင်စွာ ရယ်မောခြင်း(သို့) ငိုကြွေးခြင်းတို့သည်လည်း ရုတ်တရက် ရင်ကျပ် ရောဂါကို ရစေနိုင်ပြန်သည်။

ယေဘုယျအားဖြင့် ဆရာဝန်မှာ ရင်ကျပ်စေသော ပစ္စည်းများကို ရှာဖွေရာတွင် အကူအညီပေးနိုင်သည်။ ထို့နောက် ထိုပစ္စည်းနှင့် မထိတွေ့မီ မည်သို့သော ဆေးဝါးများ တိုက်ကျွေးထားသင့်ကြောင်း သို့မဟုတ်-အဆိုပါ ထိတွေ့မှုကို ရပ်တန့်သွားစေရန် မည်သို့ ဆောင်ရွက်ရမည်ကို ရှင်းလင်းပြောကြားလိမ့်မည်။ ဆရာဝန်သည် အထွေထွေရောဂါကုဆရာဝန်ဖြစ်စေ၊ ဓာတ်မတည့်မှု ဖြစ်စဉ်များ အထူး ကျွမ်းကျင်သူ ဖြစ်စေ၊ အဆုတ်ဆိုင်ရာ အထူးကျွမ်းကျင်သူ ဖြစ်စေ၊ ရင်ကျပ်ပန်းနာရောဂါကို ကူညီထိန်းသိမ်း ကုသပေးရာတွင် အားကြိုးမာန်တက် ပါဝင် ကူညီရမည်။ ဥပမာအားဖြင့်-ရင်ကျပ်ရောဂါ ဝေဒနာ မခံစားရမီ (ရောဂါလက္ခဏာများ ခံစားရလုဆဲဆဲ) သတိပေး အချိန်ကာလတွင် အဆုတ်အတွင်း လေဝင်လေထွက် အပြောင်းအလဲကို တိုင်းတာဖတ်ရှုနိုင်သော ပစ္စည်းကိရိယာ (Peak-flow Meter) ကို မည်သို့ ကိုင်တွယ် အသုံးပြုရမည်ကို ကြိုတင်ရှင်းလင်းပြသထားသင့်သည်။

ပြည့်စုံလုံလောက်သော ဆေးဝါးကုသ ညွှန်ပြမှု မရရှိခဲ့ပါက ရင်ကျပ်ပန်းနာရှိ ကလေးများ၏ မိဘများမှာ စိတ်ပျက်အားငယ်လာနိုင်သည်။ သမုဒ္ဒရာရဲ့ အလယ်က ကန္တာရကျွန်းငယ်လေး တခုပေါ် ရောက်နေရသလို ခံစားရတယ်။ ဘယ်လို အကူအညီမှ ရှာဖွေ မတွေ့နိုင်ဘူး။ စိတ်ပျက် အားငယ်စရာ ကောင်းလှပါတယ်-ဟု ရင်ကျပ်ပန်းနာရောဂါရှင် ဘေလီ၏မိခင်ဖြစ်သူ ဟင်ဆန်က ပြောပြသည်။ ၄င်းကလေးမှာ ရင်ကျပ်ဝေဒနာ ခံစားနေရင်း ဆေးရုံတွင် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ရသည်။

ဆေးဝါးများ၏ ကဏ္ဍ---
ဘေလီအား ကယ်တင် ကူညီပေးခဲ့သည်မှာ လေပြွန်များ ပိတ်ဆို့မှုကို ကောင်းစွာထိန်းချုပ်နိုင်သော နေ့စဉ်အချိန်မှန် သောက်သုံးခဲ့ရသည့် ဆေးဝါးများပင်ဖြစ်သည်။ လေပြွန်များ အတွင်းနံရံ ရောင်ရမ်းခြင်း သည် ရင်ကျပ်ပန်းနာရောဂါ ဖြစ်စေသည့် အခြေခံအကြောင်းတရားပင် ဖြစ်သည်။ ဆေးဝါးကုသမှု မခံယူပဲ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါက လေပြွန်ရောင်ရမ်းခြင်းမှ အမာရွတ်များ ဖြစ်ပေါ်ခြင်းအဆင့်သို့ ပြောင်းလဲသွားမည်။ ရင်ကျပ်ပန်းနာရောဂါ ကျွမ်းကျင်သူများက ယခုအခါ အနည်းငယ်ထက် ပိုမို ဆိုးရွားသော ပန်းနာရင်ကျပ်ရောဂါရှိသူ (Mild Asthma) မည်သူမဆို ကော်တီကို စတီးရိုက်(သို့)ခရိုမိုလင် ဆိုဒီယမ်ကဲ့သို့သော ရောင်ရမ်းမှု ကျစေသည့် ဆေးဝါးများကို နေ့စဉ် မှီဝဲသင့်ကြောင်း ထို့အပြင် ရောဂါခံစားရမှု လျင်မြန်စွာ သက်သာစေရန်(ရှူဆေးများအဖြစ်) လေပြွန်ကျယ်စေသော ဆေးဝါးများ ကိုလည်း သုံးစွဲသင့်ကြောင်း အကြံပြုပြောဆိုကြပေသည်။

၁၉၉၉-ခုနှစ် မတ်လတွင် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က လေပြွန်ကျဉ်းမြောင်းခြင်းကို  ကာကွယ်ရန်နှင့် သက်သာစေရန် ဇိုပင်နက် (Xopenex) ဟုခေါ်တွင်သော ဆေးအသစ်တမျိုးကို အတည်ပြု ပေးခဲ့သည်။ ၄င်းသည် လေပြွန်ကျယ်စေသော ဆေးတမျိုးဖြစ်သည့် Albuterol ဆေးအား ပြန်လည်ပြုပြင် ထားသော မျိုးသစ်ဆေးတမျိုး ဖြစ်သည်။ ဤဆေးတွင် အခြားရှေးဦးစွာ ပေါ်ပေါက်ခဲ့သော ဆေးများကဲ့သို့ မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ မရှိကြောင်း တွေ့ရှိရပေသည်။

FDA က အတည်မပြုရသေးသော အခြားဆေးတမျိုးမှာ ပါလ်မာကော့ရက်စ်ပျူးစ် Pulmacort Respules အမည်ရှိ (အလွန်ငယ်ရွယ်သော ကလေးများအား ဆေးရှူသွင်း ဝင်ရောက်စေရန် သီးသန့် ပြုလုပ်ထားသော) နီဗျူလိုက်ဇာ (Nebulizer) ထဲတွင် အသုံးပြုရန် အလွယ်တကူ ရှူသွင်းနိုင်သည့် ကော်တီကိုစတီးရိုက် ဆေးတမျိုး ဖြစ်သည်။

ရင်ကျပ်ပန်းနာရှိသူ ကလေးငယ်အား မည်သည့်ဆေးဝါးများကိုပင် ညွှန်ကြားသည်ဖြစ်စေ၊ မိဘများက မိမိတို့ ကလေးများ ဆေးဝါးများ သောက်သုံးကြောင်း သေချာစွာ စစ်ဆေးကြပ်မတ်ရပေမည်။ ထို့အပြင် မိဘများအနေဖြင့်လည်း မိမိတို့ကလေးများအား နေ့စဉ် ဆေးဝါးများ တိုက်ကျွေးနေရမှုအတွက် စိတ်မသက်မသာ ဖြစ်မှုများအပေါ် ကောင်းစွာကျော်လွှားနိုင်ရမည်ဟု ဒေါက်တာဝှိုက်က ပြောပါသည်။

ကောင်းမြတ်ရွှေပြည်

မူရင်းဆောင်းပါး
Asthma And Kids by Beth Wolfensberger Singer Better Homes Aug 99.

Thursday, May 26, 2011

စိတ်ဖိစီးမှု လျှော့ချနိုင်မည့် နည်းလမ်းကောင်းများ

စိတ်ဖိစီးမှုသည် ကျွန်ုပ်တို့အား စိတ်လှုပ်ရှားမှုနှင့် စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်ပေါ်စေသည်။ အဆိုပါစိတ်ဖိစီးမှုသည် ရှင်းလင်းစွာတွေးခေါ်နိုင်ခြင်း၏ ရန်သူဖြစ်ပြီး ၄င်းကို ထိန်းချုပ်မထားနိုင်ပါက ကျွန်ုပ်တို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ အမျိုးသမီးများ၏ စိတ်ဖိစီးမှု ရောဂါစုများ-စာအုပ်ကို ရေးသားသူ ဂျော်ဂျီယာ ဝစ်ကင်း (Georgia Witkin) ၏ အဆိုက စိတ်ဖိစီးမှုကို ဖြစ်ပွားစေသော အဓိကအကြောင်းများအနက် တခုမှာ အချိန်မလုံလောက်မှု ဖြစ်ကြောင်း၊ ထိုအချိန်မလုံလောက်ခြင်းမှာ အလုပ်အားလုံးကို ပြီးမြောက်အောင် ပြုလုပ်နိုင်မည်ဟု ကျွန်ုတို့ယုံကြည်သော အချိန်နှင့် အမှန်တကယ် ကျွန်ုပ်တို့ ပြုလုပ်ရန် ရရှိလိုက်သော အချိန်တို့ ခြားနားမှုပင်ဖြစ်ကြောင်း ဆိုသည်။

သို့သော် စိတ်ဖိစီးမှုသည် ကျွန်ုပ်တို့၏ အမြဲတမ်း အဖော်မဖြစ်နိုင်ပေ။ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်သော ပညာရှင် ခြောက်ဦးတို့၏ အလုပ်များသောဘဝတွင် တွေ့ကြုံရသော စိတ်ဖိစီးမှုများကို မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းကြပုံကို တင်ပြလိုပါသည်။ 
နယူယောက်မြို့ mount Sinai ဆေးပညာကျောင်း စိတ်ဖိစီးမှုဆိုင်ရာ အစီအစဉ်မှ ဒါရိုက်တာဖြစ်သူ ဂျော်ဂျီယာဝစ်ကင်သည် ခေါင်းတခြမ်းကိုက် ရောဂါကြောင့် ဒုက္ခရောက်နေသောအခါ သူ၏အလုပ်များနှင့် ပြည့်နေသောအချိန်ဇယားကို သံသယဖြစ်လာခဲ့သည်။ ထိုအချက်သည်  သူခံစားနေရသော ရောဂါ၏ အဓိကပြဿာပင် ဖြစ်ပေသည်။ သူ့ကိုယ်သူ ပြန်လည်ကြည့်ရှုရန်ပင် အချိန်မရှိကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် သူသည် လုပ်စရာအလုပ်များ မပြီးပြတ်သေးသည့်တိုင်အောင် သူ့အတွက် အချိန်မိနစ် ၂၀-ကျန်အောင် ကြိုးစားခဲ့သည်။ မနက်တကြိမ်၊ ညတကြိမ် သွားမှန်မှန်မတိုက်ပါက သွားများပျက်စီးသွားလိမ့်မည်ဟု ဝစ်ကင်က ပြောကြားခဲ့ပြီး ထိုအချက်အပေါ် အခြေခံ၍ စိတ်ဖိစီးမှုကို လျှော့ချနိုင်ရန် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဝစ်ကင်သည် တနေ့တာလုံး မိမိကိုယ်မိမိ မှတ်သားထားပြီး ကြွက်သားများ တောင့်တင်းလာသောအခါ ၃၀-မှ ၁-အထိ ပြောင်းပြန် ရေတွက်ကာ ကလေးငယ်များကဲ့သို့ အသက်ကို ညင်ညင်သာသာ ရှူကြောင်း၊ အသက်ရှူတိုင်း ဝမ်းဗိုက်ကြွက်သားများကို မြင့်လိုက် နိမ့်လိုက် ပြုလုပ်ကြောင်း၊ အကျိုးဆက်အနေနဲ့ ခေါင်းကိုက်ပျောက်ဆေး တမျိုးဖြစ်သော အက်စ်ပရင်ဆေး သောက်သုံးရမှု နည်းပါးသွားကြောင်း တင်ပြခဲ့သည်။

သေးငယ်သောကိစ္စအတွက် ချွေးမထွက်နဲ့-ဟူသော စာအုပ်ကို ရေးသားသူ ရစ်ခ်ျကာလ်စန် (Richard Carlson) က ဘဝသည် အမှန်တကယ် တန်ဘိုးရှိသည့်အကြောင်း မိမိကိုယ်မိမိ ပုံမှန် သတိပေးနေကြောင်း ပြောကြားခဲ့သည်။ သူ့အတွက် စိတ်ဖိစီးမှုမှ လွတ်မြောက်ခြင်းသည် ပြီးပြည့်စုံမှုမရှိသော ငြိမ်းချမ်းရေးကို ပြုလုပ်ခြင်းပင် ဖြစ်ပေသည်။ အရာဝတ္ထုများကို မိမိရှိစေချင်သည်ထက် ရှိနေသည့်အတိုင်း လက်ခံနိုင်ခြင်းဖြင့် ပျော်ရွှင်မှုကို ပိုမိုခံစားရကြောင်းနှင့် သူတပါးကို အကျိုးဆောင်ပေးခြင်းသည် ထိရောက်မှုရှိသော ဗျူဟာတခုဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မိမိ၏ သေးငယ်သော ကမ္ဘာလေးအပေါ် အာရုံစိုက်မှု နည်းပါးသွားစေသည်။ မိမိကိုယ်မိမိ အရေးပါသည်ဟုထင်ခြင်း နည်းပါးလာလေလေ၊ စိတ်ဖိစီးမှုလျော့နည်းလာလေလေ ဖြစ်သည်ဟု တင်ပြခဲ့သည်။ ကားမရှိသော အိမ်နီးနားချင်းအား ကားဖြင့် ဈေးဆိုင်များသို့ ခေါ်သွားခြင်းဖြင့် သာယာလှပသော နေ့ရက်များကို ဖန်တီးနိုင်ကြောင်း ကာလ်စန်က ပြောပြခဲ့သည်။

မိမိဘဝကို မိမိဘာသာ ကုစားနိုင်ခြင်းဖြင့် အမျိုးသမီးများအတွက် ခွန်အားပေးခြင်း-စာအုပ်ကိုရေးသားသူ လူဝစ်ဟေး (Louise Hay) က စိတ်ဖိစီးမှုသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းကြောင်း၊ အလွန်အကျွံခံစားမှုမျိုးဖြင့် တုံ့ပြန်မှုပေးကြောင်းနှင့် သူ့အနေဖြင့် ကိုင်တွယ်ဖြေရှင်းခြင်း မပြုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဟေးသည် သေချာရေရာမှု မရှိသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ ကောင်းမွန်သော အခြေအနေသာ ဖြစ်ပေါ်လာမည်ဟူသော အတွေးမျိုးကိုသာ တွေးလေ့ရှိသည်။ သူ၏အတွေးများကို ပြန်လည် လမ်းညွှန်မှု ပြုလုပ်ပေးခြင်းဖြင့် ငြိမ်သက်အေးချမ်းမှုကို ခံစားရပေသည်။ ထို့အပြင် သူ၏စိတ်ပိုင်းဆိုင်ရာ မငြိမ်သက်မှုများကို ထွက်ပေါက်ရသွားစေသည်။ သူက ကျွန်ုပ်တို့သည် အပြုသဘောဆောင်သော စကားများကို ပိုမိုပြောနိုင်လေလေ၊ ကျွန်ုပ်အတွက် ပိုမိုကောင်းလေလေ ဖြစ်ကြောင်း တင်ပြခဲ့သည်။
အသက် ၇၃-နှစ်အရွယ်ရှိပြီဖြစ်သော ဟေးသည် သူ၏ပန်းခြံထဲတွင် စိုက်ပျိုးခြင်းဖြင့် စိတ်ဖိစီးမှုကို ဖြေဖျောက်လေ့ရှိသည်။ ပေါက်ပင်၊ မြက်ပင်များကို နှုတ်ပစ်လိုက်သည်နှင့် သူ၏ဦးခေါင်းထဲမှ အကျိုးမဲ့သော အတွေးများကို ဖယ်ထုတ်ပစ်လိုက်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တနေ့လျှင် ၅-မိနစ်မှ ၁၀-မိနစ်အထိ လုံးဝငြိမ်သက်စွာ နေထိုင်သင့်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့နေထိုင်ခြင်းဖြင့် ဖြေရှင်းရမည့် ပြဿနာများ၏ အဖြေများကို တွေ့ရှိလာကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

ဘဝတသက်တာ နေထိုင်ရေး လမ်းညွှန်-စာအုပ်ကို ရေးသားသူ ဘာနီစီးဂဲလ် (Bernie Siegel) ၏ အဆိုအရ မိမိအား ပြဿနာပေးနိုင်သူမှာ တဦးတည်းသာရှိပြီး ထိုသူမှာ မိမိကိုယ်တိုင်သာလျှင် ဖြစ်ကြောင်း မိမိ၏ ခံစားချက်များကို မိမိကိုယ်တိုင်သာ ဖန်တီးကြောင်း၊ အကယ်၍ မိမိ၏ခံစားချက်များမှာ သက်သောင့်သက်သာ မရှိပါက ထိုခံစားချက်များကို အလေးပေးရမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။ စီးဂဲလ်သည် စိတ်ငြိမ်းချမ်းမှုနှင့် ကိုယ်ခန္ဓာကျန်းမာရေး ဆက်စပ်နေမှုကို နှစ်ပေါင်းများစွာကတည်းက ယုံကြည်ခဲ့သူ ဖြစ်ပေသည်။ သူက စိတ်ဖိစီးမှုကို ကိုင်တွယ် ဖြေရှင်းခြင်းသည် မိမိ၏ဘဝနှင့် အမြင်ကို ပြောင်းလဲခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ စီးဂဲလ်က နှလုံးရောဂါ၊ အစာအိမ် သွေးယိုစီးမှုရောဂါနှင့် ရင်သားကင်ဆာ ရောဂါများကို ခံစားနေရပြီး အသက်ရှင်ကျန်နေသော အီဒစ်ဆိုသည့် လူတယောက်အကြောင်းကို ပြန်လည် ပြောပြခဲ့သည်။ စိတ်ဖိစီးမှုသည် ရောဂါပျောက်ကင်းမှုအတွက် အနှောင့်အယှက် ဖြစ်စေသော်လည်း ထိုအသက်ကြီးနေပြီဖြစ်သော လူနာအမျိုးသမီးမှာ စိတ်ဖိစီးမှုကို တွန်းလှန်နိုင်သည့် နည်းလမ်းကို တွေ့ရှိခဲ့သည်။ သူ၏မိခင်က သူသည် အသက်အရွယ် အိုမင်းရင့်ရော်သည်အထိ နေထိုင်ရမည်ဟု အမြဲတမ်း ပြောကြားလေ့ရှိသည်။ အီဒစ်သည် ရောဂါဝေဒနာ ဆိုးဆိုးဝါးဝါး ခံစားရတိုင်း သူ့မိခင်၏ စကားကို ပြန်လည် ကြားယောင်ပြီး ထိုစကားများအပေါ်တွင် ယုံကြည်မှုအပြည့်ရှိခြင်းဖြင့် အသက်ဆက်လက် ရှင်သန်ရန်အတွက် ခွန်အားများ ရယူပေသည်။

နေ့တိုင်း တွေ့ကြုံနေရသော စိတ်ဖိစီးမှုများကို ဖြေရှင်းရန်အတွက် စီးဂဲလ်၏ အကြံပြုချက်မှာ မိမိစိတ်ဝင်စား နှစ်ခြိုက်သော အလုပ်တခု (ဥပမာ-မိမိ၏ ဝါသနာပါရာ အလုပ်တခုခု)ကို ပြုလုပ်ပေးခြင်း ဖြစ်ပေသည်။ သူကမူ ပန်းချီဆွဲခြင်းဖြင့် အချိန်ကို ကုန်ဆုံးစေသည်။ ပန်းချီဆွဲခြင်းသည် သူတွေ့ကြုံနေရသော ပြဿနာများကို ဖယ်ရှားပစ်လိုက်နိုင်ပြီး ခါးနာရောဂါ ခံစားနေရစေကာမူ ပန်းချီစုတ်တံကို ကိုင်လိုက်သည် နှင့် ခံစားနေရသော နာကျင်မှုများ ပပျောက်သွားကြောင်း ပြောကြားခဲ့သည်။

စိတ်ပညာရှင် ဂျိုးဇက်ဘေလီက စိတ်ဖိစီးမှုကို ဖြေရှင်းရန် အဓိက သော့ချက်မှာ တာဝန်ယူခြင်းပင် ဖြစ်သည်ဟုဆိုသည်။ စိတ်ဖိစီးမှု ဖြစ်ပေါ်ခြင်းမှာ ကျွန်ုပ်တို့၏အတွေးများကို အသုံးချမှု မမှန်ကန်ကြောင်း အချက်ပြခြင်းပင် ဖြစ်သည်ဟု ရှင်းလင်းပြခဲ့သည်။ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် နည်းလမ်းများ ရှာဖွေနေမည့်အစား ခံနိုင်ရည်ရှိအောင် ပြုလုပ်သင့်ကြောင်း အကြံပြုခဲ့သည်။ မိမိ၏ အထက်အရာရှိက မိမိအပေါ် အငြိုးထားသည်၊ ငြိုငြင်သည်ဟု  ထင်နေမည့်အစား မိမိတို့၏ ခံစားချက်များနှင့် အငြင်းအခုံများကို ဂရုပြုပြီး ၄င်းတို့ကို ထိန်းချုပ်နိုင်ကာ ခံနိုင်ရည်ရှိအောင် ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘေလီသည် စိတ်ဖိစီးမှုများကို ခံစားရသောအခါ ဖြေရှင်းရန် အချိန်ယူလေ့ရှိသည်။ ဥပမာအားဖြင့် သူနှင့် သူ၏ဇနီးတို့သည် ညစာအတူစားရန် အစီအစဉ်များ ပြုလုပ်ထားသော်လည်း အိမ်ပြန်ရောက်သောအခါ ဇနီးသည်မှာ အိမ်တွင်မရှိသည်ကို တွေ့ရကြောင်း၊ ထိုအခါ သောကရောက်မည့် အစား ဇနီးဖြစ်သူမှာ အိမ်ပြန်နောက်ကျတတ်ကြောင်း၊ စီစဉ်ထားသည့် အစီအစဉ်ကို ဖျက်မည် မဟုတ်ကြောင်း မိမိဘာသာမိမိ တွေးတောနေစဉ် ဇနီးသည်မှာ တံခါးပေါက်မှ ဝင်လာကြောင်း ထိုအချိန်တွင် ဇနီးမောင်နှံ ပြဿနာမဖြစ်တော့ကြောင်း ပြောကြားခဲ့သည်။

အိုဟိုင်းအိုးရှိ စိတ်ဖိစီးမှုနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဌာနမှ ဥက္ကဋ္ဌဖြစ်သူ ”တုန်လှုပ်ချောက်ချားမှု ခွန်အားသို့” စာအုပ်ကို ရေးသားသူ လူစန်ဒါဘက်ဆက် (Lucinda Bassett) သည် နှစ်ပေါင်းများစွာ ပြင်းထန်သော စိတ်ဖိစီးမှုကို ခံစားခဲ့ရသည်။ စိတ်ဖိစီးမှုဖြစ်စေနိုင်လောက်သော အခြေအနေများ ဖြစ်ပေါ်လာသောအခါ မည်သို့မည်ပုံ ရင်ဆိုင်ဖြေရှင်းရမည်ကို ရွေးချယ်ခြင်းဖြင့် သက်သာရာရခဲ့ပေသည်။ ရွေးချယ်ရန် နည်းလမ်းသုံးမျိုးရှိကြောင်း သူက ရှင်းလင်းပြောကြားခဲ့သည်။ ၄င်းတို့မှာ ဖြစ်ပေါ်နေသော အခြေအနေကို ပပျောက်အောင် ပြုလုပ်ခြင်း။ ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းနှင့် လျော့လျော့ပေါ့ပေါ့ တုံ့ပြန်ခြင်းတို့ ဖြစ်ပေသည်။ ပထမနည်းလမ်းနှစ်မျိုးမှာ လက်တွေ့တွင် ဖြစ်နိုင်ခြေ မရှိပေ။ ဥပမာအားဖြင့်- မိမိ၏အလုပ်ကို နှစ်ခြိုက်သော်လည်း  အထက်အရာရှိကို မုန်းတီးသောကြောင့် အလုပ်မှထွက်ခြင်းဖြင့် ထိုအခြေအနေမှ ပပျောက်အောင် မပြုလုပ်နိုင်ပေ။ သို့သော် တတိယနည်းလမ်းမှာ ကျွန်ုပ်တို့၏ ထိန်းချုပ်နိုင်မှုအတွင်းတွင် ရှိနေပေသည်။ ကျွန်ုပ်တို့၏အမြင်များကို ရိုးရှင်းစွာ ပြောင်းလဲခြင်းဖြင့် ရည်ရွယ်ချက်ရှိစွာ တုံ့ပြန်နိုင်ပေသည်။

ဘက်ဆက်သည် လေယာဉ်ပျံခရီးစဉ်တခုကို မမီလိုက်ပါက စိတ်တည်ငြိမ်စွာဖြင့် နောက်ခရီးစဉ်တခု အတွက် စီစဉ်လေ့ရှိသည်။ ထို့နောက် အသစ်ဖြစ်ပေါ်လာသော သူမ၏ အားလပ်သော အချိန်များအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့သည်။ မဂ္ဂဇင်းတစောင် ဝယ်ခြင်းဖြင့်၎င်း၊ ခင်ပွန်းဖြစ်သူ (သို့မဟုတ်) သူငယ်ချင်းတဦးထံ ဖုန်းဆက်စကားပြောခြင်းဖြင့်၎င်း အားလပ်နေသောအချိန်ကို အသုံးချကြောင်း ပြောကြားခဲ့သည်။

ဘက်ဆက်က နေအိမ်တွင် နေထိုင်စဉ် ငြိမ်သက်အေးချမ်းမှုကို ရရှိစေရန် ဝိညာဉ်ခွန်အား တိုးပွားစေမည့် စာများကို ဖတ်လေ့ရှိကြောင်း၊ အချိန်အတော်ကြာကြာ ဆုတောင်းလေ့ရှိကြောင်း သူ၏ယုံကြည်ချက်သည် ဘဝတွင်တွေ့ကြုံရသော အရေးပါသည့် အချို့သော လုပ်ငန်းပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားစေနိုင်ကြောင်း တင်ပြခဲ့သည်။

ထိုကဲ့သို့ ကျွမ်းကျင်သူပညာရှင်များ၏ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများကို သိရှိပြီးနောက် မိမိတို့တွင် နေ့စဉ်နှင့်အမျှ တွေ့ကြုံနေရသော စိတ်ပူပင်သောကများ၊ စိတ်ဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ကြပြီး စိတ်ကျန်းမာရေးနှင့် ပြည့်စုံကြစေရန် ဆန္ဒပြုလိုက်ရပါသည်။

ဖြူ (ဆေး-၁) 
မှီငြမ်း=Reader's Digest, August 2000.

အစာအိမ် ရောဂါပိုး

 ”ကျွန်တော့မှာ အစာအိမ်ရောဂါ ရှိတယ်”
”ကျွန်မမှာ အစာအိမ်ရောင်တဲ့ ရောဂါရှိလို့ ဆေးအမြဲတမ်း စာေးနရတယ်-”ဟု ဆိုသူ အတော်များများရှိ၏၊ အမှန်တကယ်လည်း ထိုအစာအိမ်နဲ့ ပတ်သက်သော ရောဂါများဖြစ်သည့် အစာအိမ်ရောဂါ(အနာဖြစ်ခြင်း)၊ အစာအိမ် အချဉ်ပေါက်ခြင်း၊ အစာအိမ်ရောင်ခြင်းအပြင် အစာအိမ်ကင်ဆာရောဂါအထိ မကြာခဏ တွေ့ကြုံနေရပါသည်။ ထိုရောဂါများသည် ယခင်က ယူဆထားခဲ့ကြသည့် အခြေခံအကြောင်းများအပြင် ကူးစက်ရောဂါပိုးတခုကိုပါ ဖော်ထုတ်မိပြီး ကမ္ဘာနှင့်အဝန်း ပျံ့နှံ့လျက်ရှိကြောင်း သိရပါသည်။
အစာအိမ်နှင့် လုပ်ငန်းသဘာဝ---
အစာအိမ်သည် ဂျေ J-စားလုံးပုံသဏ္ဍာန်ရှိ ကြွက်သားအိတ်ငယ်တခုဖြစ်ပြီး ဝမ်းဗိုက်ပိုင်းနှင့် ရင်အုပ်ပိုင်း ဆက်စပ်ရာ ရင်ဘတ်တည့်တည့်တွင် ခပ်စောင်းစောင်းကလေးတည်နေသည်။ အစာအိမ်နံရံများမှာ ကြွက်သားများဖြင့် တည်ဆောက်ထားပြီး ထိုအစာအိမ်အတွင်းသားများတွင် အစာခြေရည် ထုတ်ပေးသည့် ဂလင်းပေါင်း ၃၅-သန်း ခန့်ရှိသည်။ အစာစားလိုက်သောအခါ အစာအိမ်တွင် အစာကိုဦးစွာ သိုလှောင်ထားသည်၊ နာရီဝက်ခန့်အကြာတွင် အစာခြေရည်များကို ထိုဂလင်းက ထုတ်လွှတ်ပေးကြပြီး နံရံကြွက်သားများက လှိုင်းကဲ့သို့ ကျုံ့ခြင်း ဆန့်ခြင်းပြုကာ အစာနှင့်အစာခြေရည်ကို ရောနှော၍ အစာခြေလုပ်ငန်း စတင်ပါသည်။ အစာခြေရည်တွင် အားပျော့ ဟိုက်ဒရိုကလိုရစ်အက်စ် အဓိကပါဝင်ပြီး ထိုအထဲတွင် ပက်ပဆင်၊ အိုင်းယွန်းများနဲ့ Intrinsic Factors ခေါ် ဓာတ်ပစ္စည်းများ ပါဝင်ပါသည်။ အစာအိမ်သည် အစာပမာဏ ၂-ဒသမ ၃-လီတာခန့်အထိ သိုလှောင်ထားနိုင်ပြီး နေ့စဉ် အစာခြေရည် ၃-ဒသမ ၄-လီတာခန့် ထုတ်လုပ်သည်။ အစာအိမ်အတွင်း အစာနှင့် အစာခြေရည်ကို ရောနှောကြေညက်စေပြီး ချွဲချွဲပျစ်ပျစ်အစာရည်ကို အစာအိမ်ထွက်ပေါက် (Pyloric Valve) မှတဆင့် ကပ်လျက်ရှိသော အူအမ်၏ ပထမပိုင်း ဒီယိုဒီနမ် (Duodenum)ခေါ် ဆယ့်နှစ်သစ် အူသို့ ပို့သည်။ ထိုနေရာသည် အစာအိမ်မှာကဲ့သို့ အက်စစ်လွန်ကဲသော နေရာမဟုတ်ဘဲ အယ်လ်ကာလီဓာတ် အားကောင်းသောနေရာ ဖြစ်သည်။ အစာနှင့် အစာခြေရည်တို့ဖြင့် အပြင်းစားဖြစ်နေသည်ကို ထိုနေရာရှိ အင်ဇိုင်းတို့က လူ့ခန္ဓာကိုယ်အတွက် မျှတသောအား PH ဖြစ်အောင် ထိန်းပေးသည်။ ထိုအပိုင်းအထိ အစာခြေချိန်သည် ပျမ်းမျှ ၂-နာရီမှ ၄-နာရီခန့် ကြာတတ်သည်။ အာလူးကဲ့သို့ အသီးဆိုလျှင် မိနစ်အနည်းငယ်သာ ခြေဖျက်ရသည်။ အစိမ်းကြော်၊ အရွက်စိမ်းပါသော ဟင်းသီးဟင်းရွက်များဆိုလျှင်မူ နေ့ဝက်မျှ ခြေဖျက်ရသည်။ ကြက်ဥ၊ ဝက်အူချောင်း၊ ပေါင်မုန့်ထောပတ်သုပ် စသည့် အဆီအလွန်များသော အစာကို နံနက်စားထားပါက ထိုအစာတို့၏ လေးပုံတပုံခန့်မှာ နေ့လည်စာ စားချိန်တိုင် မခြေဖျက်နိုင်သေးဘဲ ရှိတတ်သည်။ အဆီပိုများကို ဒီယိုဒီနမ်ရှိ ကြွက်သားများက ကောင်းစွာမထိန်းသိမ်းနိုင်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အစာမကြေလွယ်သော အသားဆီ များများပါသော အစားအစာတို့ကို ခြေဖျက်ရာတွင် အခက်အခဲရှိတတ်ပါသည်။

အေးသောအစာဖြစ်သည့် ရေခဲမုန့်၊ အအေးခံ အချိုရည်တို့ကို သောက်လိုက်ပါက အစာအိမ်၏ မူလအပူချိန် ၉၉-ဒီဂရီ ဖာရင်ဟိုက်ကို ၂၀-ဒီဂရီမျှ လျှော့ပေးရသဖြင့် အစာခြေခြင်းလုပ်ငန်း နာရီဝက်မျှ ကြန့်ကြာတတ်ကြောင်း သိရပါသည်။ ထို့ကြောင့် ကြေလွယ်နပ်လွယ်သော အစာကို စားလေ့ရှိလျှင် အစာအိမ် သက်သာစေနိုင်ပါသည်။ အစာအိမ်တွင် မလိုအပ်ပဲ အစာခြေရည်များ ထွက်ရှိနေပါက အစာအိမ်နံရံကို ပွတ်တိုက်စားသွားနိုင်ပါသည်။ ဒေါသဖြစ်နေလျှင် အစာခြေရည် သုံးဆခန့် ပိုထွက်တတ်သည်ဟု ဆိုပါသည်။ စိတ်ဖိစီးမှု ခံနေရလျှင်လည်း ထိုသို့ဖြစ်တတ်ပါသည်။


ဆေးလိပ်ရှိ နီကိုတင်းဓာတ်၊ ကော်ဖီ၊ အရက်တို့ကလည်း အစာခြေရည်များ ပိုမိုထွက်စေတတ်ပါသည်။ ပုံမှန်အစာခြေရည် ထွက်နေကျအချိန်မျိုးတို့တွင် အစာမစားပါက ထိုထွင်ပြီးဖြစ်သော အစာရည်တို့က အစာအိမ်နံရံကို ဒုက္ခပေးတတ်ပြန်ပါသည်။ ထို့ပြင် စိတ်ဓာတ်ကျနေသူများတွင် အစာအိမ်ကြွက်သားတို့ အလုပ်မလုပ်တော့ကြောင်း သိရပါသည်။ ထိုအခါ စားပြီးသော အစာများ အစာအိမ်တွင် အနည်ထိုင်နေတတ်သည်။ ထိုအခါမျိုးတွင် ရင်ပြည့်သည်ဟု ဆိုရလောက်အောင် မအီမလည် ဖြစ်နေတတ်ပါသည်။ ထို့ကြောင့် အစာအိမ်သည် လူ့ခန္ဓာကိုယ်၏ အဓိကအင်္ဂါကြီးတခုဖြစ်သကဲ့သို့ ထိုအစာအိမ်၏ ပုံမှန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပိုင်ရှင်ဖြစ်သောာ မိမိက စောင့်ရှောက်ထိမ်းသိန်းရန် အဓိကတာဝန်ရှိပါသည်။ ထိုသို့မဟုတ်ပါက အောက်ပါရောဂါဘယများ ဖြစ်လေ့ရှိပါသည်။


၁။ အစာအိမ် အနာခြင်းခြင်း။ (Peptic Ulcers)
အစာအိမ်နှင့်ဆက်လျက်ရှိသော ဒီယိုဒီနမ် အူအိမ်တို့ရှိ အစာခြေရည်များ ပိုမိုထွက်ရှိခြင်း၊ အစာအိမ်နံရံ ကြွက်သားတို့ ပျက်စီးခြင်းများကြောင့် အနာကလေးများဖြစ်ခြင်းကို ခေါ်ပါသည်။ အထက်ပါကဲ့သို့သော အကြောင်းရင်းများအပြင် အက်စ်ပရင်၊ ဒိုင်ကလိုဖီးနစ် စသော အကိုက်အခဲပျောက်ဆေးများသည်လည်း အစာအိမ်နဲ့ အူအိမ်နံရံတို့ကို တိုက်စားဖျက်ဆီးတတ်သဖြင့် အနာကလေးများ ဖြစ်လာတတ်ပါသည်။ အစာအိမ်အနာ (Gastric Ulcer. G.U)သည် အသက် ၁၆-နှစ်မတိုင်မီ အဖြစ်နည်းပြီး အင်္ဂလန်နိုင်ငံတွင် လေ့လာချက်အရ အသက် ၄၅-နှစ်မှ ၅၄-နှစ်အရွယ် အမျိုးသားများ၏ ၁ဝ-ရာခိုင်နှုန်းခန့်တွင်  ဖြစ်ပွားကြောင်း သိရပါသည်။ ဆရာဝန်များ၊ လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများတွင် အဖြစ်များပြီး စိုက်ပျိုးရေးနဲ့ ကာယလုပ်သားများ၊ စာရေးစာချီများတွင် အဖြစ်နည်းပါသည်။ ဒီယိုဒီနမ် အူအိမ်အနာ(Duodena Ulcer, D.U)သည် အသက် ၃၅-နှစ်အောက် အမျိုးသားများတွင် G.U ထက် လေးဆမျှ ပိုမိုများပြားပြီး အသက် ၄၅-နှစ်ကျော် အမျိုးသားများတွင်မူ နှစ်ဆမျှ များပြားကြောင်းနှင့် အိန္ဒိယနိုင်ငံတွင် D.U နှင့် G.U တို့၏ အချိုးသည် ၃၀း၁ ဖြစ်ပါသည်။ 


ထို့ပြင် သွေးအုပ်စုအို (O) ရှိသူတို့သည် အခြားသွေးအုပ်စုဝင်တို့ထက် ထိုရောဂါရရှိမှု သုံးဆမျှ များပြားပြီး ထို အိုအုပ်စုဝင်များသည်ပင် D.U ဖြစ်ရန် ၁-ဒသမ ၄-ဆမျှ ပိုမိုများပြားကြောင်းလည်း သိရပါသည်။ ထို့ကြောင့် အိုသွေးအုပ်စုဝင်တို့သည် အစာအိမ်ရောဂါ ပိုမိုဖြစ်လွယ်ကြကြောင်း သတိမူရပါမည်။ တဖန် D.U သည် အမျိုးသားများက အမျိုးသမီးများထက် ၅-ဆမှ ၁၀-ဆအထိ ပိုမိုဖြစ်တတ်ပြီး ထိုအနာဖြစ်သည့်နေရာမှ ပေါက်ထွက်ခြင်းနှုန်းသည် အမျိုးသားများက အဆနှစ်ဆယ်မျှ ပိုမိုများပြားပါသည်။ အမျိုးသမီးများ၏ ”မ”ဟော်မုန်းတို့သည် သဘာဝအရ ထိုသို့ အစာအိမ်အနာဖြစ်ခြင်းကို တားမြစ်ထားတတ်ကြောင်းနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ် ထိုရောဂွဖြစ်ပွားမှု အလွန်နည်းပါးကြောင်းလည်း မှတ်သားရပါသည်။ ကြေလွယ်သောအစာ မစားလေ့ရှိခြင်း၊ အစာကို ညက်ညက် ဝါးမစားတတ်လေ့ ရှိခြင်း၊ ဆေးလိပ်၊ အရက်၊ ကော်ဖီ အလွန်အကျွံ သောက်တတ်ခြင်း၊ နပ်မှန်အောင် စားလေ့မရှိခြင်း၊ အာဟာရချို့တဲ့ခြင်း၊ စိတ်သောက ဖိစီးမှုများခြင်း၊ အကြော်အလှော်၊ အကင်များ နှစ်ခါသုံးခါ ထပ်ကြော်ထားသော အသားများ စားလေ့ရှိခြင်း စသည့် အကြောင်းများသည် အဆိုပါရောဂါ ဖြစ်ပွားစေနိုင်သည့် အချက်များဖြစ်ကြောင်း မူလကတည်းက သိရှိထားပြီး ဖြစ်ပါသည်။


၂။ အစာအိမ် ရောင်ခြင်း။ ( Gastritis) 
အရက်ပြင်းပြင် သောက်ခြင်း၊ မသန့်ရှင်းသော အစားအစာများ စားမိခြင်း၊ အပူ အစပ် အများအပြား စားမိခြင်း၊ ပိုးသတ်ဆေး၊ စက်သုံးဆီများ သောက်မိခြင်း၊ အကိုက်အခဲ ပျေက်ဆေးများ စားမိခြင်း၊ ပူလောင်၍ မာကျောသော အသားငါးများ စားမိခြင်း စသည်တို့ကြောင့် အစာအိမ်၏ နံရံကြွက်သားများ ရောင်ရမ်းခြင်း ဖြစ်ပါသည်။


၃။ အစာအိမ် ကင်ဆာရောဂါ။ 
”Captain of men of death” လူတို့ကိုသေစေသော ရောဂါတို့၏ ခေါင်းဆောင်ကြီး-ဟုပင် အနောက်တိုင်းသားတို့ တင်စားလေ့ရှိပါသည်။ ၁၉၅၉-ခုနှစ်က အင်္ဂလန်နှင့် ဝေလနယ်တို့တွင် ထိုရောဂါဖြင့် လူ ၁၄၀၇၆-ဦး သေဆုံးခဲ့ရပါသည်။ အသက် ၄၉-နှစ် နှင့် ၆၀-နှစ်အကြားတွင် အဖြစ်များပြီး အမျိုးသားများက အမျိုးသမီးများထက် သုံးဆမျှ ပိုမိုဖြစ်ပွားတတ်ပါသည်။ 
”အေ”သွေး အုပ်စုဝင်တို့သည် အစာအိမ်ကင်ဆာ ဖြစ်တတ်ကြပြီး ငါးရာခိုင်နှုန်းသော G.U တို့သည် ထိုရောဂါအဖြစ် ပြောင်းသွားတတ်ပါသည်။ ငါးကင်ကို အဓိကအစာအဖြစ် စားသုံးလေ့ရှိခဲ့ကြသော ဂျပန်၊ ဖင်လန်၊ စကော့တလန် နိုင်ငံတို့တွင်လည်း အဖြစ်များခဲ့ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် အပူအစပ် စားလွန်းသူများ၊ အရက်သောက်သူများ အဖြစ်များကြကြောင်းသိရပါသည်။ 

အစာအိမ်ရောဂါပိုး အသစ်တွေ့ရှိခြင်း”လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က ဆေးပညာရှင် ဝါရင့်နှင့် မာရှယ်တို့က လူ့အစာအိမ်တွင် Helicobacter Pylori-ခေါ် ရောဂါပိုးသစ်တမျိုး ရှာဖွေတွေ့ရှိခဲ့သည်။ ထိုရောဂါပိုးသည် အစာအိမ် အနာဖြစ်ခြင်း၊အစာအိမ်ရောင်ခြင်း၊ အစာအိမ် ကင်ဆာဖြစ်ခြင်းတို့နှင့် အဓိကပတ်သက်နေပြီး ယခုအခါ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်မှာ ထိုရောဂါပိုး ကူးစက်ခံနေရပြီးဖြစ်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားပါသည်။ ဆင်းရဲမွဲတေမှု၊ လူအများ ပြွတ်သိပ်ထူထပ်စွာ နေထိုင်မှုနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အထူးများပြားစွာ ပြန့်နှံ့နေကြောင်းလည်း သိရပါသည်။


ထိုအချက်ကို အခြေခံ၍ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၁၉၉၇-ခုနှစ် ဇွန်လမှ ၁၉၉၈-ခုနှစ် မေလအထိ တနှစ်အတွင်း ကုသမှုခံယူရသော D.U ရောဂါရှင် ၇၀-ဦး၊ အစာအိမ်ကင်ဆာ ဝေဒနာရှင် ၅၀-ဦး၊ ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလမှ ၁၉၉၉-ခုနှစ် ကြသဂုတ်လအတွင်း ကုသမှုခံယူသော အစာအိမ် အချဉ်ပေါက်သည့် လူနာ ၃၄၂-ဦးတို့ကို လေ့လာခဲ့ကြောင်း သိရပါသည်။ တချိန်တည်းမှာပင် မည့်သည့်ရောဂါလက္ခဏာမှ မပြဘဲ ပကတိကျန်းမာပါသည် ဆိုသော အမျိုးသား ၅၀-ဦးတို့ကိုလည်း လေ့လာခဲ့ပါသည်။


တွေ့ရှိချက်များ---
D.U ရောဂါရှင် ၇၀-ဦးအနက် ၅၈-ဦး ၈၂-ဒသမ ၈-ရာခိုင်နှုန်းတွင် ထိုရောဂါပိုး ကူးစက်ခံနေရပြီး အစာအိမ် ကင်ဆာရောဂါရှင် ၅၀-ဦးအနက် ၄၁-ဦး၊ ၈၂-ရာခိုင်နှုန်းတွင်၎င်း၊ အစာအိမ်အချဉ်ပေါက်သူ ၃၄၂-ဦးအနက် ၃၁၅-ဦး၊ ၉၂-ရာခိုင်နှုန်းတွင်၎င်း၊ အလားတူတွေ့ရပါသည်။ ထို့ပြင် လူကောင်း ၅၀-ဦးတွင်လည်း ၄-ဦး၊ ၈၂-ရာခိုင်နှုန်းတို့၏ အစာအိမ်တွင် ထိုရောဂါပိုးများကို သယ်ဆောင်ထားကြောင်း တွေ့ရပြန်ပါသည်။


သုံးသပ်ချက်---
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထိုရောဂါပိုးကို အစာအိမ်ကင်ဆာဖြစ်စေသည့် နံပါတ်တစ်, တရားခံဟု မှတ်ချက်ချထားပါသည်။ အစာအိမ်အနာများ ဖြစ်ခြင်းမှာလည်း ထိုရောဂါပိုးသည် အဓိကပါဝင်ဖြစ်ပွားနေပြီး အစာအိမ်ရောင်ခြင်း၊ အချဉ်ပေါက်ခြင်းတို့မှာလည်း ထို့အတူပင် ဖြစ်သည်။


ယခု လောလောဆယ်လေ့လာမှုများအရ အစာအိမ်အနာရောဂါများ၊ အစာအိမ် ကင်ဆာနှင့် အစာအိမ် အချဉ်ပေါက်ခြင်း စသည့် အစာအိမ်ရောဂါ အများအပြားမှာ ကျွန်တော်တို့နိုင်ငံတွင်လည်း ထိုရောဂါပိုးကြောင့်ဟု ဆိုရမည်ဖြစ်ပါသည်။ ရာနှုန်းများပြားစွာ ကူးစက်ဖြစ်ပွားနေကြောင်း သိနိုင်ပါသည်။ ထို့ပြင် လောလောဆယ် ရောဂါလက္ခဏာမပြသေးသော်လည်း ရောဂါပိုးများကို မိမိတို့၏ အစာအိမ်တွင် သိုလှောင်ထားသူများမှာလည်း အများအပြားပင် ဖြစ်နေပါသည်။ ယခင်က အဓိကအားဖြင့် Work, Worry, Weather အလုပ်ပိလွန်းခြင်း၊ စိတ်သောကရောက်ခြင်း၊ ရာသီဥတု ပြင်းထန်ခြင်း စသည်တို့ကြောင့်ဟု ယူဆရသော အစာအိမ်ရောဂါတို့မှာ ယခုမူ ထိုရောဂါပိုးကြောင့် ပိုမိုဖြစ်ပွား ဆိုးဝါးလာနေပါသည်။ ကူးစက်ပြန့်ပွားနေပုံမှာလည်း ထိတ်လန့်ဖွယ်ပင် ဖြစ်ပါသည်။ ပြည်သူအများအတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ဒုက္ခအသွယ်သွယ် ကြုံကြရဖွယ် ရှိပါသည်။ အများပြည်သူတို့ အထူးသတိပြုကြရမည့် အခြေအနေဖြစ်ပါသည်။


ကာကွယ်ရေး---
အဓိကအားဖြင့် တကိုယ်ရေ သန့်ရှင်းရေးနဲ့ သန့်ရှင်းသော အစားအစာများ စားသုံးကြရေးပင် ဖြစ်ပါသည်။ သန့်ရှင်းသော ရေ၊ လက်၊ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကိုသာ သုံးဆောင်ကြရန် လူတန်းစားအသီးသီး ဂရုပြုဆောင်ရွက်သင့်ပါသည်။ ယခုအခါ မြို့ရွာတိုင်းတွင် စားသောက်ဆိုင်များ အလွန်များပြားလှပါသည်။ ဆရာဒေါက်တာရဲနိုင် ရေးသားသော ဆောင်းပါမှာကဲ့သို့ စားသောက်ဆိုင်ရှင်များသည် သန့်ရှင်းလတ်ဆတ်သော အစားအသောက်တို့ကို ဂရုတစိုက်ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း၊ ချက်ပြုတ်ခြင်းစသည်တို့ကို လိုက်နာဆောင်ရွက်သင့်ပါသည်။ စားစရာရောင်းသော ဆိုင်ကလေးများမှသည် ဆိုင်ကြီးများအထိ လမ်းဘေးဈေးသည်၊ ကျောင်းဈေးသည်ပါမကျန် တိတိကျကျ လိုက်နာရန် အလွန်အရေးကြီးပါသည်။ အဆိုပါ အစားအသောက် ကိုင်တွယ်ရောင်းချရာ နေရာများသည် အလွန်ကြောက်စရာကောင်းလှသော H.Pylori ရောဂါပိုးတို့ကို ဖြန့်ဝေပေးနေသည့် အချက်အချာနေရာများ မဖြစ်ရန် ဝိုင်းဝန်းဆောင်ရွက်ရပါမည်။ကျန်းမာရေးအသိ၊ ခံယူချက်မှန်ကန်စွာ လက်ခံဆောင်ရွက်နိုင်ကြရန် အလေးပြုသင့်ပါသည်။ နိုင်ငံနှင့်လူမျိုးအတွက် ကြီးမားသောအန္တရာယ်ဆိုးကြီးအဖြစ် မကြီးထွားလာမီ လူတိုင်းလူတိုင်း အရေးတယူ ဆောင်ရွက်ကြပါရန် အထူးတိုက်တွန်းလိုပါသည်။


ဒေါက်တာမြင့်သန်း (ညောင်လေးပင်) 
Ref:MMJ, March 2000.

သောင်းပြောင်းထွေလာ ဆေးပညာ

ဆေးပညာပေး ဆောင်းပါးရှည်ကြီးများကို အချိန်မရကြ၍ မဖတ်နိုင်သူများအတွက် မှတ်စုတိုထွာများကို စုပေါင်း၍ ဆေးပညာသောင်းပြောင်းထွေလာအဖြစ် ဖော်ပြသွားလိုခြင်း ဖြစ်ပါသည်။ စုဆောင်းတွေ့ရှိသမျှကို တင်ပြအပ်ပါသည်။

သွေးတိုးနှင့် အားကစား---
သွေးပေါင်ချိန် အနည်းငယ်မျှသာ မြင့်တက်သည့် ဆိုးဆိုးရွားရွား မဟုတ်သော သွေးတိုးရောဂါရှင်များသည် လေ့ကျင့်ခန်းပြုလုပ်ရုံဖြင့် အတော်ပင် သက်သာနိုင်ကြောင်း တွေ့ရသည်။ တကြိမ်အားကစား ပြုလုပ်လျှင် မိနစ် ၃ဝ၊ တပတ်လျှင် သုံးကြိမ်ပြုလုပ်ခြင်းဖြင့် ခြောက်လကြာသောအခါ သွေးပေါင်ချိန်ကို ထိန်းထားနိုင်ကြောင်း တွေ့ရသည်။

နစ်ကိုတင်၏ ဆိုးကျိုးတမျိုး---
စီးကရက်တွင်ပါဝင်သော နစ်ကိုတင်း(Nicotine)ဓာတ်သည် နာကျင်မှုကို  သက်သာစေသော အာနိသင်ရှိသည်ကို တွေ့ရသည်။ နစ်ကိုတင်းသည် နာကျင်မှုကို တိုက်ဖျက်ပေးသည့် ဓာတ်များကို ထုတ်ပေးနိုင်ကြောင်း တွေ့ရသည်။ ထို့ကြောင့် ရောဂါတစုံတခု ရှိနေသူများတွင် နာကျင်မှု လျော့နည်းနေပါက ဆရာဝန်များမှာ ရောဂါကို ဆုံးဖြတ်ရ ခက်ခဲတတ်သည်။

ဆေးလိပ်ဖြတ်ရန် နောက်ကျသည်ဟူ၍ မရှိ---
အသက် ၂၅-နှစ်တွင် တနေ့ စီးကရက်တဘူး သောက်သည့် လူငယ်တယောက်သည် ဆေးလိပ်ဖြတ်လိုက်ပါက သူ၏သက်တမ်းတွင် ရှစ်နှစ်ပို၍ နေနိုင်ပြီး အသက် ၆၅-နှစ်အရွယ်တွင် ဆေးလိပ်ဖြတ်လျှင်ပင် နောက်ထပ် သုံးနှစ်ခွဲ ပို၍ ကျန်းမာကြောင်း တွေ့ရသည်။

ခံတွင်းသန့်ဆေးရည် မကြာခဏ သုံးခြင်း---
ယနေ့ခေတ်စားနေသော ခံတွင်းသန့်ဆေးရည်ဖြင့် ပလုတ်ကျင်းခြင်းကို မကြာခဏ သုံးနေသည်ဆိုလျှင် သွားခံတွင်း ဆရာဝန်နှင့် တိုင်ပင်သင့်နေပါပြီ၊ ခံတွင်းသန့်ဆေးရည်သည် ခံတွင်းအတွင်းမှ ပိုးမွှားတို့ကို သေစေသဖြင့် နှစ်ရက် သုံးရက် သုံးပြီးသည့်နောက်ပိုင်း ခံတွင်းနံ့ဆိုးရွားမှု မရှိတော့ပေ။ ဆက်တိုက်သုံးနေသည်ဆိုလျှင် ခံတွင်းသန့်ရှင်းမှု၊ သွားခံတွင်းရောဂါများ၊ ခန္ဓာကိုယ်ရှိ အခြားရောဂါများကို ရှာဖွေရတော့မည် ဖြစ်သည်။

အားကစားလေ့ကျင့်ခန်း၏ သော့ချက် ငါးရပ်---
၁။ တနှစ်ပတ်လုံး လေ့ကျင့်ရမည်။
၂။ တဖြည်းဖြည်း တိုးမြှင့်လေ့ကျင့်ရမည်။
၃။ အရှိန်ကို တဖြည်းဖြည်းသာ တိုးရမည်။
၎။ အားကစားနည်း အပြင်းအပျော့ကို တလှည့်စီ လေ့ကျင့်ရမည်။
၅။ လိုသည်ထက်ပို၍ ပြင်းပြင်းထန်ထန် မပြုလုပ်ရ။

သွေးတက်ခြင်းနှင့် သွေးကျခြင်း---
အောက်ပါအကြောင်းအရာများသည် သွေးပေါင်ချိန်တက်ခြင်း၊ ကျခြင်းကို ဖြစ်ပေါ်စေသည်။
-မိသားစု ပြဿနာများ၊(သွေးပေါင်တက်စေသည်)
-စကားကို ညင်သာစွာ ပြောဆိုခြင်း၊ (သွေးပေါင်ကျစေသည်)
-ဆားလျှော့စားခြင်း၊(သွေးပေါင်ကျစေသည်)
-လှဲနေခြင်း၊(သွေးပေါင်တက်စေသည်)
-ရယ်မောခြင်း၊ (သွေးပေါင်ကျစေသည်)
-ကော်ဖီသောက်ခြင်း၊ (သွေးပေါင်တက်စေသည်)
-ကိုယ်အလေးချိန် ချခြင်း၊(သွေးပေါင်ကျစေသည်)
-ဆေးလိပ်သောက်ခြင်း၊(သွေးပေါင်တက်စေသည်)
-ခွေးကလေး၊ ကြောင်ကလေးများနှင့် ကစားခြင်း၊(သွေးပေါင်ကျစေသည်)

ဆရာဝန်များ ပြောတိုင်း မယုံရ---
တခါတရံ ဆရာဝန်များ၏ ထင်မြင်ယူဆချက်များမှာ မှာယွင်းတတ်သောကြောင့် သူတို့ပြောတိုင်း မယုံရဟူ၍ ပြောရမလိုပင်၊ အမေရိကန်တွင် လေ့လာချက်အရ အာသီးရောင်သဖြင့် အာသီးကိုခွဲစိတ် ထုတ်ပယ်သည့် လူနာများ၏ ၂၇-ရာခိုင်နှုန်းသည် မလိုအပ်ပဲ ပြုလုပ်သော ခွဲစိတ်ခြင်းများ ဖြစ်သည်။ သားအိမ်ထုတ်ခြင်း၏ ၂၁.၅ ရာခိုင်နှုန်း၊ ကျောရိုးခွဲစိတ်ခြင်း၏ ၁၂.၆ ရာခိုင်နှုန်း၊ ဒူးဆစ်ခွဲစိတ်ခြင်း၏ ၈-ရာခိုင်နှုန်းသည် မလိုအပ်ပဲ ပြုလုပ်တတ်ကြသော ခွဲစိတ်ကုသမှုများ ဖြစ်သည်။

ခွဲစိတ်ကုသခြင်းနှင့် ဆေးလိပ်---
ဆေးလိပ်တွင် ပါဝင်သော နစ်ကိုတင်းဓာတ်သည် သွေးစီးကြောင်းအတွင်း သွေးသွားလာမှုကို နှေးကွေးစေကြောင်း တွေ့ရသဖြင့် အနာကျက်နှုန်းကိုလည်း နှေးစေသည်၊ ထို့ကြောင့် ပညာရှင်များက အကြံပေးသည်မှာ မခွဲစိတ်မီ နှစ်ပတ်နှင့် ခွဲစိတ်ပြီး သုံးပတ် ဆေးလိပ်မသောက်ရန် ဖြစ်သည်။

အသန်မာဆုံး အားကစား---
အီတလီတွင် လေ့လာမှုအရ နှလုံး၏ကြွက်သား သန်မာမှုနှင့် အတူတွင် လှေလှော်ကစားသမားများက အသန်မာဆုံးဖြစ်ကြောင်း တွေ့ကြရသည်။ လှေလှော်အားကစားပြီးလျှင် အလေးမ၊ ဘောလုံးနှင့် စက်ဘီးအားကစားသမားများ ရှိကြသည်။

အမဲသားနှင့် ကျန်းမာရေး---
အမေရိကန်နိုင်ငံတွင် ခြောက်နှစ်ကျော် လေ့လာမှုအရ သူနာပြု ၈၈၇၅၁-ယောက်တွင် ၁၅ဝ-သည် အူမကြီးကင်ဆာဖြစ်ကြောင်း တွေ့ကြရသည်။ ယင်းတို့အနက် အမဲသားကို တပတ်လျှင် လေးကြိမ်ထက်ပို၍ စားသူများသည် တပတ်တကြိမ် စားသူများထက် အူမကြီးကင်ဆာ နှစ်ဆပို၍ ပိုဖြစ်ကြောင်း တွေ့ရသည်။

ရင်ဘတ်အောင့်ခြင်းနှင့် နှလုံးရောဂါ---
ရင်ဘတ်လက်ဝဲဘက်ပိုင်းအတွင်းမှ မခံနိုင်လောက်အောင် တင်းကျပ်ပြီး တစုံတခုဖြင့် ဖိခြင်း၊ ဆုပ်ခြင်းခံရသလို အောင့်ပါက နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ပါသည်။ အကယ်၍ စူးရှပြီး တခုခုနှင့် ဆောင့်ထိုးသကဲ့သို့ နာကျင်လျှင်မူ စိုးရိမ်စရာ မရှိပေ။ သို့သော် ရင်ဘတ်အောင့်ခြင်း နှစ်မျိုးလုံးသည် ဆရာဝန်နှင့် တိုင်ပင်ရမည့် ကိစ္စဖြစ်သည်။

နှစ်ထပ်ကွမ်း အန္တရာယ်---
အရက်ကို အလွန်အကျွံသောက်ခြင်းသည်  လည်ချောင်းကင်ဆာ၊ အစာပြွန်ကင်ဆာနှင့် အသည်းကင်ဆာ ကို သုံးဆပို၍ ဖြစ်စေသည်။ အကယ်၍ အရက်နှင့် စီးကရက် တွဲမိပါက ထိုအန္တရာယ်သည် ဆယ်ဆမြင့်တက်လာမည် ဖြစ်သည်။

မျက်စိရောဂါ ကြုံနေပြီလော---
အကယ်၍ စာဖတ်သူသည် အောက်ပါ ပြဿနာများနှင့် ကြုံသော် မျက်စိဆရာဝန်ကို ပြသသင့်ပါသည်။
အမှောင်ခန်းထဲတွင် လုံးဝမမြင်ရလျှင်၊ အဝေးအနီးအာရုံစိုက်ကြည့်ရလျှင်၊ သာမန်အလင်းစူရှခြင်းကို မခံနိုင်လျှင်၊ မျက်နက်ဝန်းအရောင်  ပြောင်းလဲလာလျှင်၊ မကြာခဏ မျက်ဖြူသား နီရဲလျှင်၊ အမြင်အာရုံ ရုတ်တရက် ဝါးသွားလျှင်၊ ပုံရိပ်နှစ်ထပ် မြင်ရလျှင်၊ မျက်လုံးတွင် အဝိုင်းကွက်များ၊ သက်တံ့ရောင်များ မြင်လျှင်။

ကိုယ်အလေးချိန် မည်သို့ ချိန်မည်နည်း---
အကယ်၍ အဝတ်အစား ဝတ်လျက်နဲ့ ကိုယ်အလေးချိန် ချိန်မည်ဆိုလျှင် အဝတ်အစားများ၏ အလေးချိန်ကို မည်သို့နုတ်ပြီး တွက်ချက်မည်နည်း။ လုပ်ငန်းအဝတ်အစား အပြည့်အစုံ၊ ကုတ်အင်္ကျီ (သို့) အပေါ်ရုံ အင်္ကျီ၊ ရှူးဖိနပ်၊ခြေအိတ်၊ ရှပ်အင်္ကျီ၊ ခါးပတ်၊ အတွင်းခံဘောင်းဘီ စသည်တို့ကို ပျမ်းမျှချိန်လျှင် ၅-ပေါင် ၈-အောင်စခန့် နုတ်ရမည်။ 
သာမန်အင်္ကျီအဝတ်အစားဖြင့်ဆိုလျှင် ၃-ပေါင် ၈-အောင်စခန့် နုတ်ရမည်။ 
ကိုယ်အလေးချိန် တိုင်းတာရာတွင် အဝတ်အစား ဗလာကျင်း ချိန်တွယ်ခြင်းသည် အမှန်ဆုံးဖြစ်သည်။

သုံးရက်သာ စောင့်ကြည်ပါ---
အကယ်၍ ခါးကိုက် ခါးနာခြင်းသည် သုံးရက်ခန့် ဆက်တိုက် အနားယူခြင်း၊ ဆေးသောက်ခြင်းတို့ဖြင့် မပျောက်လျှင် ဆရာဝန်ကိုပြရန် လိုအပ်ပြီဖြစ်သည်။ အကိုက်အခဲ ပျောက်ဆေးများကို ဆက်၍ မသောက်သင့်တော့ပေ။
ဦးခေါင်း၏ အရေးကြီးပုံ---
သင်၏ဦးခေါင်းသည် ၁ဝ-ပေါင်မှ ၁၅-ပေါင်ခန့် အလေးချိန်ရှိပါသည်။ ဤဦးခေါင်းကို ထိန်းညှိနေရသည်မှာ လည်ပင်းဖြစ်သောကြောင့် အလိုင်းမင်း(Alignment) မတည့်ပါက လည်ရိုးဆစ်များ၊ ကျောရိုးနှင့် ပခုံးပေါ်တွင် မည်မျှ ဒဏ်ပိမည်ကို စဉ်းစားကြည့်ပါ။ ထို့ကြောင့် ဆရာဝန်များ ရှိစေချင်သော အနေအထားမှာ ဦးခေါင်းကို တည့်တည့်မတ်မတ် ရှိနေစေရန် ဖြစ်သည်။

နှလုံးနှင့် ယောက်ျား---
အမျိုးသားများတွက် နှလုံးသွေးကြောကျဉ်းရောဂါ ရုတ်တရက်ဖောက်ပြီး နှလုံးခုန်ရပ်ခြင်းသည် တနင်္လာနှင့် စနေနေ့များတွင် အများဆုံး တွေ့ရတတ်သည်ဟု ဆိုသည်။ အကြောင်းမှာ အမျိုးသားများသည် ထိုနေ့များတွင် ကြုံတွေ့နေကျမဟုတ်သည့် လုပ်ငန်းအသစ်များကို စီစဉ်ရတတ်သောကြောင့် ဖြစ်သည်။ နှလုံးခုန်ရပ်ခြင်းအဖြစ် အနည်းဆုံးရက်မှာ အင်္ဂါနေ့ဖြစ်ကြောင်း သိရသည်။

ရယ်မောခြင်း---
ရင်ထဲ နှလုံသားထဲမှ ဟက်ဟက်ပက်ပက် ရယ်မောခြင်းသည် အေရိုးဗစ်လေ့ကျင့်ခန်း ပြုလုပ်သကဲ့သို့ပင် နှလုံးခုန်နှုန်းကို မြန်စေကြောင်း တွေ့ရသည်။ အကြိမ် ၁ဝဝ-ရယ်မောခြင်းသည် ၁ဝ-မိနစ်ခန့် လှေလှော်ခြင်းကဲ့သို့ အားကစားလုပ်ခြင်းပင် ဖြစ်သည်။

လေ့ကျင့်ခန်း ပြုလုပ်ဖြစ်အောင်---
အလုပ်အလွန်များသောသူများအတွက် လေ့ကျင့်ခန်းပြုလုပ်ဖြစ်အောင် အလွယ်ဆုံးနည်းလမ်းများမှာ-
၁။သင်၏မော်တော်ကားကို အလုပ်တိုက်နဲ့ မိုင်ဝက်ခန့် အကွာတွင် ပါကင်ထိုး၍ ကျန်ခရီးကို  
    လမ်းလျှောက်ပါ။
၂။ မွေးနေ့ပွဲ ပါတီပွဲများ လူထုအခမ်းအနားများသို့ ဖိတ်တိုင်းသွားပါ။
၃။ အလုပ်တိုက်တွင် ဓာတ်လှေကားအစား ရိုးရိုးလှေကားမှပင် တက်ပါ။
၎။ ညနေစာစားပြီးတိုင်း ရုပ်မြင်သံကြား မကြည့်ဘဲ လမ်းလျှောက်ပါ။

ခံတွင်းနံ့ ကောင်းစေဖို့---
၁။ တနေ့လျှင် ၂-ကြိမ် သွားတိုက်ပါ၊ လျှာကို ဆေးကြောပါ။
၂။ သကြား၊ ကော်ဖီ၊ အရက်များစွာ သုံးစွဲခြင်း ရှောင်ပါ။
၃။ ဆေးလိပ်သောက်တတ်လျှင် ဖြတ်ပါ။

အိမ်တွင်းမှုများ ပြုလုပ်ပါ---
အိမ်မှုကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကယ်လိုရီပမာဏကို လျော့ချနိုင်ကြောင်း တွေ့ရသည်။
၁။ ကြမ်းတိုက်ခြင်း။ ၆-ဒသမ ၈-ကယ်လိုရီ။
၂။ တံမြက်စည်းလှဲခြင်း။ ၃-ဒသမ ၈-ကယ်လိုရီ။
၃။ ပြတင်းမှန် သုပ်ခြင်း။ ၃-ဒသမ ၇-ကယ်လိုရီ။
၎။ အဝတ်လျှော်ခြင်း။ ၇-ကယ်လိုရီ။

အဝလွန်သည့်အချိန်---
အသက် ၂၅-နှစ်နှင့် ၃၄-နှစ်အတွင်း ကာလသည် အခြားအသက်အရွယ်များထက် အဝလွန်ခြင်း ပို၍ဖြစ်တတ်ကြသည်။ အဆိုပါ ၁ဝ-နှစ်အတွင်း မည်သူမဆို မူလကထက် ငါးပေါင်မှ ခုနစ်ပေါင်အထိ အနည်းဆုံးပို၍ တိုးလာနိုင်သည်။

ဆရာဝန်ကို ပြသင့်သည့် အချိန်---
အောက်ပါရောဂါလက္ခဏာများမှ အနည်းဆုံး ၂-ခု သင်၏ခန္ဓာကိုယ်တွင် တွေ့ရှိခဲ့သော် ဆရာဝန်ကို ပြသသင့်ပါသည်။
၁။ အစားအသောက် စားပုံ မူမမှန်ခြင်း။
၂။ အိပ်ချိန် မမှန်ခြင်း။
၃။ အစာမကြေ လေပြွခြင်း။
၎။ စိတ်ရှုပ်ထွေးနေခြင်း။
၅။ သွေးပေါင်ချိန် တက်ခြင်း။
၆။ အရက်၊ ဆေးလိပ်၊ မူလကထက် ပို၍ သောက်ခြင်း။

အစာမရှိဘဲ သောက်သင့်သော ဆေးများ---
အောက်ပါဆေးများကို အစာမရှိလျှင်လည်း သောက်သုံးနိုင်သည်။ ပါရာစီတမောလ်၊ အမ်ပီဆီလင်၊ အီရီသရိုမိုင်စင်၊ အမ်အိုအမ်(MOM) ပင်နီဆီလင် ဂျီအင်စီ၊ တက်ထရာဆိုက်ကလင်း။

အပြေးလေ့ကျင့်လျှင်---
မာကျောသော မျက်နှာပြင်ပေါ်တွင် အပြေးလေ့ကျင့်ပါက ခါးရိုးဆစ်များ နာကျင်တတ်သည်၊ ထို့ကြောင့် မျက်ခင်း၊ မြေပြင်၊ သဲပြင်ပေါ်တွင်သာ ပြေးပါ။ လမ်းပေါ်တွင်သာ ပြေးရလျှင် တကြိမ်တည်း တာဝေးပြေးခြင်းထက် တာတိုအကြိမ်များစွာ ပြေးပါ။ 

လည်ပင်းနာခြင်း သက်သာစေရန်---
လည်ရိုးဆစ်များသည် မကြာခဏ အန္တရာယ်ဖြစ်တတ်ကြသည်၊ လည်ဆစ်များ နာကျင်လျှင် 
၁။ ရေခဲကပ်ပါ။ သုံးနာရီကြာ တကြိမ်ကပ်ပါ၊ အအေးဓာတ်ကြောင့် ကြွက်သားများ တောင့်တင်းနေခြင်း 
    ပြေလျော့စေသည်၊ အရောင်ကျစေသည်။
၂။ အကိုက်အခဲပျောက်ဆေး သောက်ပါ။
    အက်စပရင် (သို့) ပါရာစီတမောလ် လေးနာရီခြား တကြိမ် သုံးရက်အထိ သောက်နိုင်ပါသည်။
၃။ အနားယူပါ။ အကောင်းဆုံးကုသနည်းမှာ လဲလျောင်းနေပြီး လည်ပင်းကို အနားပေးပါ၊ ခေါင်းအုံးမြင့်မြင့်  မသုံးရ၊ ပုဆိုးခေါက်၊ မျက်နှာသုတ်ပဝါကို ခေါက်၍ လည်ပင်းအောက်တွင် လျှိုသွင်းပြီး လည်ရိုးဆစ်များကို  ဖြောင့်မတ်အောင် ခုခံထားပါ။
၎-လေးကျင့်ခန်း ပြုလုပ်ပါ။
လည်ပင်းလေ့ကျင့်ခန်း နှစ်မျိုး ပြုလုပ်ကြရမည်။
၎။ လေ့ကျင့်ခန်း ပြုလုပ်ပါ။

လည်ပင်လေ့ကျင့်ခန်း နှစ်မျိုး ပြုလုပ်ကြရမည်။ 
၁။ မေးစေ့ကို ရှေ့သို့တွန်းခြင်း၊ နောက်သို့ဆုတ်ခြင်းကို အံဆွဲ အသွင်းအထုတ် ပြုလုပ်သကဲ့သို့ လုပ်ရမည်။
၂။ ခုခံအားကို ဆန့်ကျင်တွန်းရမည်။ ဘယ်ညာ ရှေ့နောက် ဦးခေါင်းကို လက်ဖြင့် တွန်းထား၍ ထိုအင်အားကိုခုခံပြီး ဦးခေါင်းဖြင့် ပြန်တွန်းပါ။ လည်ပင်းကြွက်သားများကို ပြေလျော့စေပါသည်။ 

ဆားလျှော့စားနည်း---
သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ စသည်တို့ကြောင့် ဆရာဝန်က ဆားလျှော့စားခိုင်းလျှင် အဆင်သင့် ပြုလုပ်ထားသော သံဘူးများ၊ ပါကင်ထုပ် အစားအစာများကို ရှောင်ရမည်။ ဆားပို၍ စားမိခြင်း၊ ၇၇-ရာခိုင်နှုန်းသည် အသင့်ထုပ်ပိုးထားသော အစားအသောက်များကြောင့် ဖြစ်ရသည်။ ထမင်းစားပွဲမှ ဆားဘူကို သုံးမိခြင်းသည် ၆-ရာခိုင်နှုန်းနှင့် ဟင်းထဲတွင် ထည့်ချက်ခြင်းသည် ၅-ရာခိုင်နှုန်းသာ တိုးစေသည်။ သဘာဝသစ်သီး၊ အသားငါးတို့တွင် ၁၂-ရာခိုင်နှုန်း ဆိုဒီယမ် ပါဝင်သည်။

နံနက်စာ စားရန် အရေးကြီးသည်---
အမေရိကန်တွင် ၆၅-ရာခိုင်နှုန်းသည် နံနက်စာကိုစားရန် ကြိုးစားနေကြသည်။ တပတ်လျှင် ၅-ရက် နံနက်စာ စားခြင်းဖြင့် ၂၉-ရာခိုင်နှုန်းသည် နံနက်ပိုင်း သကြားစားသုံးခြင်း လျှော့ချနိုင်ပြီး အသီးအရွက် အမျှင်စားသူပေါင်း ၂၆-ရာခိုင်နှုန်း ရှိလာသည်။ သရေစာများအစား ထမင်းနှင့်ဟင်းသည် ပို၍ သင့်တော်သည်။

မော်ဦး (ဆေး-၂)
Ref: Vitality Digest. Vol 3.1992.
 

Tuesday, May 24, 2011

အစားမလပ်ဘဲ အားပြတ်နေခြင်း

သူ့ကိုမြင်ရသည်မှာ အသွင်အပြင်အားဖြင့် ယောက်ျားပီသသူတယောက် ဖြစ်သည်။ အရပ်အမောင်း ကောင်းကောင်း မျက်လုံမျက်ဖန် နှာတံကအစ တဖက်သား ကျလောက်သည်။ လည်ပင်းက တုတ်တုတ်ခိုင်ခိုင်၊ ရင်အုံမောက်မောက်၊ ပခုံးတွင်လည်း ကြွက်သားအဖုအထစ်များနဲ့ ကျော ရင် ခါးနှင့် တင်သား ပြောစရာမရှိ၊ ပေါင်နှင့်ခြေသလုံး စသည်တို့တွင် ကြွက်သားများ စုရုံးနေကြသည်။

စာရေးသူသည် သူ့ကြွက်သားများကို ဖျစ်ညှစ်ကြည့်မိသည်။ အားလုံး တောင့်တောင့်တင်းတင်း၊ 
ခင်ဗျား--ဘာ အားကစား လုပ်သလဲ၊
အရင်က ကျွန်တော် ပြေးတယ်၊ ဘောလုံးကန်တယ်၊ နောက်ပိုင်းမှာ အလေးမတယ်၊ အခု မကစားတာ လအတော်ကြာသွားပါပြီ။
ဒီလို တောင့်တင်းတဲ့ဗလနဲ့ ဘယ်လိုနေမကောင်း ဖြစ်တာလဲဗျာ။

ဟုတ်ပါတယ်ဆရာ---ကျွန်တော်လဲ ကျွန်တော့ကိုယ် ကျွန်တော် ဒီလိုဖြစ်လာလိမ့်မယ် မထင်မိပါဘူး။ မိုးတွင်းဆိုတော့ သွားရင်းလာရင်းနဲ့ နည်းနည်းပါးပါး မကြာခဏ မိုးစိုတာ ရှိပါတယ်။ တညနေမှာ မိုးမိပြီး နောက်တနေ့နံနက်မှာ တကိုယ်လုံး ရိုက်ထားသလို နာနေပါတယ်။ ကိုယ်လက်တွေလဲ ညောင်းညာပြီး တွန့်လိမ်နေမှ နေသာသလို၊ အနှိပ်ခံမှ နေသာသလို ဖြစ်ပါတယ်။ ခေါင်းလဲကိုက်၊ နှာလဲမွှန်၊ အဖျားလဲ ငွေ့ငွေ့ရှိတာကြောင့် အလုပ်ကိုနားပြီး သင့်တော်မယ့်ဆေးတွေကို မှီဝဲပါတယ်။ ကျွန်တော့်အသိမှာတော့ ငယ်စဉ်က အတွေ့အကြုံအရ မိုးကိုမှီပြီးဝင်လာတဲ့  တုပ်ကွေးပဲလို့ သတ်မှတ်လိုက်ပါတယ်။ တုပ်ကွေးဖျားရင် ခံတွင်းပျက်တတ်ပေမယ့် ကျွန်တော့ခံတွင်းတော့ မပျက်ပါဘူးဆရာ၊ သူများတွေဖြစ်တဲ့ တုပ်ကွေးရောဂါလက္ခဏာနဲ့ ကျွန်တော့်ဖြစ်စဉ်လဲ တူနေပါတယ်။ ဖျားတဲ့လူတွေဟာ အားပိုကုန်တတ် တာကြောင့် အူရောင်ငန်းဖျားရောဂါ မဟုတ်ရင် ဖျားတဲ့လူတိုင်း အစားကိုလျှော့မစားဘို့ ကျွန်တော် မှတ်သားမိနေပါတယ်။ ခံတွင်းလဲ မပျက်တော့ ကိုယ်စားချင်တာလေးတွေကိုလဲ အာဟာရဖြစ်အောင် စားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လူက အစာစားသလောက် အားမဖြစ်ဘဲ ခြေလက်တွေ မလှုပ်ချင်၊ မသယ်ချင်နဲ့ ခြေကုန်လက်ပန်း ကျလာပါတယ်။

ဖျားတဲ့ဒဏ်နဲ့   စားတဲ့အစာ မမျှတလို့ အာဟာရမဖြစ် အားပြတ်သွားတယ်ထင်ပြီး အားဆေးတွေ ထိုး၊ အားဆေးတွေ သွင်း၊ ပုလင်းကြီးတွေ ချိတ်နဲ့ လုပ်ပေမယ့်လဲ ထူးမခြားနားပဲ ဖြစ်နေခဲ့ပါတယ်။ မလှုပ်ချင် မသယ်ချင်နဲ့ ခန္ဓာကိုယ် လေးလံနေသလိုပါပဲ။ အလုပ်တခုကို လုပ်သင့်တယ်၊ လုပ်ရမယ် ဆိုတာ သိတယ်၊ လူက မလိုက်နိုင်၊ မလုပ်နိုင် ဖြစ်လာတယ်။ ခြေလက်တွေကို ဖြည်းဖြည်းလေးပဲ ကြွလှမ်းနိုင်ပါတယ်။ အသံပါ တိုးသွားပြီး အားမရှိသလို ဖြစ်နေပါတယ်။ အခန်းအပြင်မှာ ရှိနေတဲ့ အိမ်သားတွေကို ခေါ်ချင်ရင် အော်ခေါ်နိုင်တဲ့ စွမ်းအားမရှိလို့ ခေါင်းလောင်းလေးတီးပြီး ခေါ်ရတဲ့ အခြေအနေမျိုး ရောက်သွားပါတယ်။ ခြေလှမ်းရင်လဲ ဖြည်းဖြည်းလေး တလှမ်းချင်းပဲ လှမ်းနိုင်ပါတယ်။ အဲဒီလို လှုပ်ရှားမှုလေးတောင် မောလိုက်တာ အလွန်ပါ။ အရုပ်ကြိုးပြတ်လိုဖြစ်ပြီး ဘာမှမလုပ်နိုင်၊ မကိုင်နိုင်တဲ့ အခြေအနေကို ရောက်သွားပါတယ်။ မဖြစ်စလောက် တုပ်ကွေးဆိုတာလေး ဖြစ်တာနဲ့ အခုလိုဘာကြောင့် အားပြတ်သလိုဖြစ်ရသလဲ၊ ကျွန်တော် ဘာဖြစ်သွားပြီလဲ၊ ဆေးကုလို့မှ ရပါတော့မလား မစဉ်စားတတ်အောင် ဖြစ်မိပါတယ်။ 

ယခုလပိုင်းအတွင်း တုပ်ကွေးအဖျားများ အတော်ပင်ဖြစ်ကြသည်။ ရာသီအကူးအပြောင်းတွင် အနေအထိုင် မတတ်မှု၊ မိမိကျန်းမာရေးကို စနစ်တကျ မစောင့်ရှောက်တတ်မှု၊ လူများသည့်နေရာများသို့ မကြာခဏ သွားရောက်မှုများက တုပ်ကွေးရောဂါကို ကူးစက်ခံရစေခြင်းဖြစ်သည်။ တုပ်ကွေးရောဂါ၏ လက္ခဏာအနေဖြင့် ကိုယ်လက်များ ညောင်းညာကိုက်ခဲမှု ပြင်းထန်ခြင်း၊ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာစေး၊ နှာရည်ယိုခြင်း၊  ချောင်းဆိုးခြင်း၊ ချွဲထခြင်း စသည်ဖြင့် ရောဂါလက္ခဏာ စုံနေတတ်သည်။ ဤသည်ကို ကျန်းမာရေးအသိဖြင့် နေထိုင်စားသောက်တတ်လျှင်၎င်း၊ စနစ်တကျ ဆေးကုသလျှင်၎င်း၊ မကြာမတင်မီပင် တုပ်ကွေးရောဂါ ကင်းစင်သွားနိုင်သည်။ သို့သော် တုပ်ကွေးရောဂါသည် အခြားသော အဖျားရောဂါများကဲ့သို့ အဖျားကျ၍ အကိုက်အခဲများ သက်သာသွားလျှင် ရောဂါစင်သွားပြီဟု ဆိုနိုင်သော်လည်း ရောဂါ၏နောက်ဆက်တွဲအနေဖြင့် တခါတရံ ဦးနှောက်ကို ဒုက္ခပေးကာ မမျှော်လင့်သော အရာများကို ချန်ထားရစ်တတ်သည်။ တုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဖြစ်ရပ်များကို သိမထားလျှင် မျက်စိလည်ကာ ရောဂါမသိ၊ ဆေးမရှိ ဘဝသို့ ရောက်သွားနိုင်သည်။

ဥပမာ တုပ်ကွေးရောဂါဖြစ်သူ တဦးသည် ခံတွင်းပျက်ကာ မစားချင်၊ မသောက်ချင်ဖြစ်၍ ကျန်ရစ်မည်၊ သို့မဟုတ်-ခြေကုန်လက်ပန်းကျပြီး မလှုပ်ချင် မသယ်ချင်ဖြစ်ကာ ကျန်ရစ်မည်ဆိုပါက အဖျားကြောင့် ခံတွင်းပျက်ခြင်း၊ မစားမသောက်နိုင်၍ အားအင်ကုန်ခန်းခြင်းဟူ၍ သာမန်အားဖြင့် ယူဆတတ်ကြသည်။ ဤအခြေအနေမျိုးတွင် အာဟာရဖြစ်စေမည့်အရာများကို ဦးစားပေး ရွေးချယ်စားသောက်ခြင်း၊ ခံတွင်းလိုက်မည့် မိမိနှစ်သက်ရာ အစားအစာမျိုးကို   စားသောက်ပေးခြင်း၊ နားနားနေနေ နေထိုင်အနားယူခြင်းဖြင့် ယင်းအခြေအနေများကို အများအားဖြင့် ကျော်လွှားနိုင်ကြသည်။ သို့သော် အချို့မှာ တုပ်ကွေးပျောက်သွားသည့်တိုင် မိမိကိုယ်တိုင်က နာလန်ထအောင် နည်းမှန်လမ်းမှန်ဖြင့် ကြိုးစားသော်လည်း နာလန်ပြန်မထနိုင်ဘဲ ရှိနေတတ်သည်။ အားဆေးဟူသည်များ ကြက်ပေါင်းရည်  စသည်များ မည်မျှပင် မှီဝဲသည်ဖြစ်စေ မိမိအခြေအနေသည် မထူးခြား၊ နာလန်မထနိုင်ဘဲ နာတာရှည်ရောဂါ ကဲ့သို့ ရှိနေတတ်သည်။

ယင်းအခြေအနေမျိုးတွင် လူနာသည် စားသလောက် အာဟာရမပြည့်ဝသလို ခံစားရမည်။ အားဆေးဟူသည်များ၊ မည်မျှပင် ကောင်းကောင်းစားစား သို့မဟုတ်-အသားထိုးအားဆေး၊ အကြောထိုး အားဆေးများ မည်မျှပင် မှီဝဲမှီဝဲ မိမိအခြေအနေသည် မတိုးတက်နိုင်၊ ပုလင်းကြီးချိတ်သည်ဟု လူသိများသော ဂလူးကို့စ် အငန်ရည်၊ အချိုရည်များ မည်မျှပင် သွင်းသွင်း ထိရောက်သင့်သလောက် မထိရောက်သည်ကို တွေ့ကြုံရတတ်သည်။ အချို့က မိုရီယာမင်းကဲ့သို့ အားဆေးမျိုးကို ပါးစပ်ထဲမှလည်း စားသည်။ နေ့စဉ် အကြောမှလည်း သွင်းသည်။ သို့သော် အခြေအနေမှာ မထူးခြားလှ။

အထက်ပါပုဂ္ဂိုလ်၏ ဖြစ်စဉ်မျိုးမှာ သုံးရက်မျှသော မဖြစ်စလောက် တုပ်ကွေးဖျားလိုက်ရုံဖြင့် နာတာရှည် ရောဂါရှင်ကြီးကဲ့သို့ ခြေကုန်လက်ပန်းကျကာ အရုပ်ကြိုးပြတ်ဘဝသို့ ရောက်သွားရသည်။ သာမန်အားဖြင့် စဉ်းစားကြည့်လျှင် အားခွန်ဗလပြည့်ဝသည့် ယောက်ျားတယောက်သည် ဤမျှသော တုပ်ကွေးအဖျားကို မခံနိုင်စရာအကြောင်း မရှိပါ။ အများသူငါထက်ပင် နာလန်ထ မြန်နိုင်ပါသည်။ တုပ်ကွေးကြောင့် ရိုးရိုးအားပြတ်သွားသည် ထားဘိဦး သူစားသောအစားအစာ သူမှီဝဲခဲ့သော အားဆေးများက သူ့ကို နာလန်အထ ဤမျှကြာစေလိမ့်မည် မဟုတ်ပေ၊ သာမန်တုပ်ကွေးဖြစ်သူ တဦးသည် ပျမ်းမျှ တပတ်ခန့်အတွင်း လူကောင်းဘဝသို့ ပြန်လည်ရောက်ရှိတတ်ကြပါသည်။ အထက်ပါပုဂ္ဂိုလ်၏ ဖြစ်စဉ်တွင် အစားအသောက်လည်း မပျက်၊ အားဆေးများလည်း အကောင်းဆုံး မှီဝဲပါလျက် နာလန်ထရက် ကြာရှည်ကာ ခြေကုန်လက်ပန်းကျနေမှု မသက်သာပဲ တလခန့် ကြာနေ၏။

သူဖြစ်သော ရောဂါဖြစ်စဉ်သဘောကို ဆေးပညာဝေါဟာရအားဖြင့် (Acute fatigue Syndrome) အကျုဖက်တစ်ဆင်ဒရုမ်း-ဟု ခေါ်သည်။ ဤသည်မှာ တုပ်ကွေးရောဂါဖြစ်မှုသည် သာမန်ဖြစ်ရိုးဖြစ်စဉ်မျိုး မဟုတ်ဘဲ ကိုယ်တွင်းသို့ ရောက်ရှိသွားသော တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် ဦးနှောက်ကို ဝင်ရောက်နှိပ်စက်သောကြောင့် ဦးနှောက်ပိုင်းဆိုင်ရာတွင် ထိခိုက်အားနည်းသွားရာမှ အရုပ်ကြိုးပြတ် ခြေကုန်လက်ပန်းကျမှုကို ရက်ရှည်ခံစားရခြင်း ဖြစ်သည်။ ဤသို့ ဦးနှောက်ထိခိုက်အားနည်းပြီး ရုပ်ပိုင်းဆိုင်ရာ အားပြတ်သွားမှုမျိုးကို အားရှိစေမည့် အစာများ စားပေးရုံ၊ အားဆေးများ ထိုးပေးရုံ၊ သွင်းပေးရုံဖြင့် ပြန်လည်မသက်သာလာနိုင်ပါ။ ရောဂါပိုးကြောင့် ဒဏ်ပိသွားသည့် ဦးနှောက်၊ နာသွားသည့် ဦးနှောက်ကို  ပုံမှန်ဖြစ်အောင် အားဖြည့်ပြုလုပ်ပေးနိုင်မှ လူလည်းလန်းဆန်း၊ ကျန်းမာလျက် စိတ်အားလူအားပါ တက်ကြွလာမည်ဖြစ်ပါသည်။ ဤဖြစ်စဉ်မျိုးမှာ တုပ်ကွေးရောဂါတွင်သာ မဟုတ်၊ လူကိုဒုက္ခပေးတတ်သော အခြားဗိုင်းရပ်စ် ပိုးများ ကိုယ်တွင်းသို့ ဝင်ရောက်ပါကလည်း ဦးနှောက်ထိခိုက် အားနည်းကာ အရိုးကြိုးပြတ် ဖြစ်စေတတ်သည်။ ထို့အတူ အသက်ကြီးလာသူများတွင် အစားအသောက် ကောင်းပါလျက် နွမ်းနယ်မောပန်းသလို တွေ့လာခြင်း၊ ခြေကုန်လက်ပန်းကျကာ အားမရှိသလို ဖြစ်လာတတ်ခြင်းသည် အာဟာရပြတ်လပ်၍ အားပြတ်ခြင်း မဟုတ်ဘဲ ဦးနှောက်သို့ သွေးလည်ပတ်မှုနည်းလာရာမှ ဦးနှောက်အားနည်းလာပြီး ရုပ်ပိုင်းဆိုင်ရာတွင် အားမရှိ နုံးချည့်သကဲ့သို့ ခံစားလာရတတ်သည်။ ဤအဖြစ်မျိုးတွင်  အားဆေးများ၏ အာနိသင်မှာ ထိရောက်ခဲလှပါသည်။

သို့ဖြစ်၍ အားမရှိ နုးံချည့်သလို  ခံစားရတိုင်းသည် အားမရှိ၍ အာဟာရပြတ်လပ်၍ ဖြစ်ရခြင်း မဟုတ်ဘဲ အကြောင်းတရားတခုကြောင့်  ဦးနှောက်အားနည်းသွားရာမှ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်အဖြစ် ပေါ်ပေါက်လာတတ်ပေရာ ဖြစ်လာတတ်သည်များကို ကြိုတင်ကာကွယ်ရပေမည်။ ဝေဒနာခံစားနေရပါ ကလည်း တတ်ကျွမ်းသူနှင့် တိုင်ပင်ပြသကာ အကြံယူသင့်လှကြောင်း ဆေးပညာဗဟုသုတကို ဝေငှလိုက်ရပါသည်။

ဒေါက်တာ ဇေယျာမင်း
(ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံ ဆရာဝန်ကြီး)
 

ပင်ပန်းနွမ်းနယ်မှုတို့၏ နောက်ကွယ်တွင်

ဆရာဝန်များက ”ဘာမှမဖြစ်ပါဘူး၊ရောဂါမရှိပါဘူး”ဟု လွယ်လွယ်ယူဆတတ်သော အကြောင်း တခုမှာ သာမန်ပင်ပန်းနွမ်းနယ်မှုများပင် ဖြစ်သည်။ ”အနားယူလိုက်ပါ၊ အစားအသောက် ကောင်းကောင်း စားပါ”ဟုပင် ညွှန်ကြားလိုက်ရာ အိပ်ရေးဝဝအိပ်ပြီး အစားအသောက်ကောင်းလာပါက လန်းလန်းဆန်းဆန်း ပြန်ဖြစ်သွားတတ်ပါသည်။

သို့သော် ပင်ပန်းနွမ်းနယ်မှုတို့သည် ရက်သတ္တပတ်သုံးပတ်ကြာအောင် သက်သာမသွားဘဲ ပို၍ဆိုးလာပါက ဤပြဿနာသည် ကျန်းမာရေးပြဿနာ ဖြစ်လာပါသည်။ ခြေကုန်လက်ပန်းကျခြင်း၏ နောက်ကွယ်တွင် ၂၅-ရာခိုင်နှုန်းသော ဝေဒနာရှင်များ၌ ခန္ဓာကိုယ်တွင် ဖောက်ပြန်မှုများရှိနေသည်ကို တွေ့လာရပါသည်။

သွေးအားနည်းနေ၍လော---
ခန္ဓာကိုယ်တွင်း၌ သံဓာတ်သိုလှောင်ထားမှု လျော့နည်းလာလျှင် ထိုသူသည် အပင်ပန်းမခံနိုင်တော့ပေ။ သံဓာတ်သည် သွေးနီဥဆဲလ်များ တည်ဆောက်မှုတွင် ပါဝင်သဖြင့် သံဓာတ်ချို့တဲ့လျှင် သွေးအားနည်းခြင်း ဖြစ်လာတတ်သည်။ အထူးသဖြင့် အမျိုးသမီးများတွင် ပိုဆိုးသည်။ ရာသီသွေးကြောင့်  လစဉ်သွေးဆုံးရှုံးမှုများ ရှိနေသဖြင့် သံဓာတ်အနည်းငယ် လျော့သည်နှင့် နှုံးခွေသလို ခံစားလာရသည်။ ဖြူဖပ်ဖြူရော်နှင့် အမြဲအားနည်းနေသော အမျိုးသမီးတို့သည် သံဓာတ်ချို့တဲ့မှု ဖြစ်နိုင်သဖြင့် ဟင်းသီးဟင်းရွက်များ၊ အမဲသား၊ ဥအမျိုးမျိုး စသည့် သံဓာတ်ကြွယ်ဝသော အစားအစာများ၊ ဖဲရပ်စ်ဆာလဖိတ်၊ ဖြူရာမင်ဘီစီ စသည့် ဆေးများကို ဆရာဝန်နှင့် တိုင်ပင်၍ သောက်ရမည်ဖြစ်သည်။

သွေးပေါင်ချိန် ကျနေ၍လော---
လူတယောက်၏ သွေးပေါင်ချိန်သည် တဦးနှင့်တဦး မတူပေ။ ပျမ်းမျှ ၁၂ဝ/၈ဝ ဟု ယူဆထားသော်လည်း ၉ဝ/၆ဝ နှင့်ပင် မည်သည့်ဝေဒနာမှ မခံစားရသောသူ များစွာရှိသည်။ ထို့ကြောင့် လူတဦးတွင် မိမိကိုယ်ပိုင် သွေးပေါင်ချိန်ဟူ၍ရှိသည်။ အထူးသဖြင့် လှဲနေရာမှ ရုတ်တရက်ထိုင်သည့်အခါ၊ မတ်တတ်ရပ်သည့် အခါတွင် မိုက်ခနဲဖြစ်သွားခြင်းမျိုး၊ ခေါင်းနောက်ခြင်းမျိုးသည် သွေးပေါင်ချိန် ကျနေခြင်းကြောင့် ဖြစ်တတ်သည်။ ကိုယ်လက်တွေ မသယ်ချင်အောင် လေးလံနေသည်။ သွေးလှည့်ပတ်မှု လျော့နည်းနေသဖြင့် အင်္ဂါအစိတ်အပိုင်း အသီးသီးသို့ သွေးလုံလောက်အောင် မရောက်တော့ပေ။ ခန္ဓာကိုယ်သည် နွမ်းနယ်၍လာသည်။ အကယ်၍ သောက်နေရသော ဆေးထဲတွင် ဆီးဆေးကဲ့သို့ သွေးပေါင်ကျစေသော ဆေးများ ပါနေပါက ဖြတ်ပစ်လိုက်ပါ။ ဆရာဝန်နှင့် သွေးပေါင်ချိန်ပြီး တိုင်ပင်ပါ။ ကုသရန်လွယ်ကူသော နွမ်းနယ်ပင်ပန်းမှုများ ဖြစ်ပါသည်။

သွေးထဲတွင် သကြားဓာတ်လျော့နည်းနေ၍လော---
အစားအသောက် လုံးဝမဝင်သောကြောင့် သွေးထဲတွင် သကြားဓာတ် (Glucose-ဂလူးကို့စ်ဓာတ်) များစွာ  ကျဆင်းနေခြင်းမျိုးကို မဆိုလိုပေ။ ထိုသို့ သကြားဓာတ် များစွာနည်းနေလျှင် သတိလစ် မေ့မျောသည့် အထိပင် ဖြစ်တတ်သဖြင့် ရောဂါကို သိနိုင်သည်။ ယခုကဲ့သို့ ပင်ပန်းနွမ်းနယ်မှု-လောက်သာဖြစ်တတ်သော သကြားဓာတ် လျော့နည်းမှုမှာ ဆေးပညာအခေါ်အရ (Reactive Hypoglycemia) ဟုခေါ်သော သာမန်ပမာဏအောက် နည်းသည့်အဆင့်ဖြစ်သည်။ ကဆီဓာတ်ကြွယ်ဝသော အချိုစာများ များစွာ စားမိသည်ဆိုပါစို့ ထိုအခါ သွေးထဲတွင် ချက်ချင်း သကြားဓာတ်များ မြင့်တက်သွားတတ်သည်။ ယင်းကို ခန္ဓာကိုယ်မှ တုံ့ပြန်သောအားဖြင့် မြင့်တက်လာသော သကြားဓာတ်များကို ချေဖျက်ရန် အက်ဒရီနလင်း (Adrenaline) ခေါ် ဓာတ်များ ပို၍ထွက်လာသည်။ အဆိုပါ အက်ဒရီနလင်းသည် ခန္ဓာကိုယ်ကို အရေးပေါ်အခြေအနေ၌  ရှိစေသဖြင့် ပင်ပန်းနွမ်းနယ်မှု၊ စိတ်တိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ဂနာမငြိမ်ခြင်းများ ဖြစ်လာသည်။ အစားအသောက်စားပြီး သုံးနာရီခန့်အတွင်း ပို၍ပင်ပန်းနွမ်းနယ်သွားပါက ယင်းကို စဉ်းစားကြရတော့သည်။ အစားအသောက် စားပုံသောက်ပုံကို ပြုပြင်ရမည်ဖြစ်သည်။ အချိုလျှော့ရမည်၊ ကော်ဖီနှင့် အရက် လျှော့ရမည်။ စိတ်တည်ငြိမ် အေးချမ်းစွာ နေရမည်။ ဤမျှပြုပြင်ရုံနှင့် ပင်ပန်းနွမ်းနယ်မှုတို့ ပျောက်ကင်းနိုင်ပါသည်။

ဆီးချိုရောဂါ ဖြစ်နေပြီလော---
ဆီးချိုရောဂါသည် သွေးထဲ၌ သကြားဓာတ် အလွန်မြင့်တက်နေခြင်း ဖြစ်သည်။ သကြားဓာတ်ကို ချေဖျက်မည့် အင်ဆူလင် (Insulin) ခေါ် ဟော်မုန်းဓာတ် လျော့နည်းနေသောကြောင့် ဆီးချိုဖြစ်ရခြင်း ဖြစ်သည်။ ဆီးချိုရောဂါတွင် (၁) အင်ဆူလင်ကို ခန္ဓာကိုယ်ရှိ ပန်ကရိယ ဂလင်းမှ မထုတ်နိုင်သော Type 1-နှင့် (၂) အင်ဆူလင် ထုတ်နိုင်သော်လည်း ကလာပ်စည်းများက မသုံးစွဲနိုင်သည့် Type 2-ဟူ၍ ရှိရာ ဆီးချိုရောဂါ အမျိုးအစား ၂-သည် ပင်ပန်းနွမ်းနယ်မှုတို့ကို ပို၍ ဖြစ်စေသည်။ အမှတ်(၂) ဆီးချိုသည် ပို၍ပင် အရေးကြီးလာသည်။ ရောဂါရှိမှန်းမသိဘဲ တရှောင်ရှောင်ဖြင့် တာရှည်သည်။ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်းတို့နှင့် ဆက်စပ်နေတတ်ရာ သံသယရှိလျှင် သွေးဖောက်စစ်ပြီး စစ်ဆေးကြည့်ရသည်။ အထူးသဖြင့် ဘာမှန်းမသိဘဲ အားအင်ကုန်ခန်းနေတတ်သူတို့တွင် ဆီးချိုကို သတိပြုမိပါက စောစီးစွာ ဆေးသောက် ဆေးထိုးခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အစားအသောက် ချိန်ဆ၍စားခြင်းဖြင့် ပုံမှန်သက်သာသွားနိုင်ပါသည်။

အိပ်ရေးပျက်ခဲ့၍လော---
အကြောင်းကိစ္စရှိ၍ တရက်တလေ အိပ်ရေးပျက်လျှင် အစားထိုး ပြန်အိပ်လိုက်ပါက မည်သူမဆို ပြန်ကောင်းသွားတတ်ကြပါသည်။ သို့သော် အချို့သည် နံနက်အိပ်ရာထတိုင်း နုံးခွေနေတတ်သည်။ စိတ်ရှုပ်နေသည်၊ မှတ်ဉာဏ်နည်းလာသည်၊ အလုပ်ကို အာရုံစိုက်၍ မရ၊ ယင်းသည် ညစဉ် အိပ်မပျော်သောကြောင့် ဖြစ်သည်။ အိပ်မပျော်ခြင်း ဆိုသည်ထက် အိပ်လိုက် နိုးလိုက် ဖြစ်နေခြင်းဖြစ်သည်။ ယင်းမှာ (Sleep Apnoea) ခေါ် အိပ်ပျော်စဉ် အသက်ရှူရပ်သွားတတ်ခြင်းကြောင့် ဖြစ်သည်။ အသံကျယ်လောင်စွာ ဟောက်ရင်း အသံပျောက်သွားသည်။ အိပ်ချင်မူးတူးဖြင့် နိုးလာသည်။ အိပ်ပျော်ရင်း ချောင်းဟန့်ကာ လည်ချောင်း ရှင်းသည်၊ ထို့နောက် ပြန်အိပ်ပျော်သွားသည်။ မိမိ အသက်ရှူ ခေတ္တရပ်သွားမှန်း မသိ။ ဤသို့ အကြိမ်ကြိမ် ဖြစ်နေသော် မိမိကိုယ်တိုင် မသိသော်လည်း အမှန်စင်စစ် တညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ခြင်း မရှိ၊ ပို၍ပြင်းထန်လျှင် သွေးထဲတွင် အောက်ဆီဂျင်ပမာဧဏ နည်းလာတတ်သည်။ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအားနည်းခြင်းတို့ရှိလျှင် အောက်ဆီဂျင်နည်းခြင်းသည် အန္တရာယ်ပင် ဖြစ်သည်။ မိမိကိုယ် မိမိ သံသယရှိလျှင် သို့မဟုတ်-မိမိ၏ ဇနီးခင်ပွန်းက သတိပေးလျှင် ဆရာဝန်ကို တိုင်ပင်ရမည်ဖြစ်သည်။ ကိုယ်အလေးချိန် လျော့ရမည်။ လေ့ကျင့်ခန်း ပြုလုပ်ရမည်။ ဆရာဝန်ညွှန်ကြားသည့် ကိုယ်ဟန်အနေအထားဖြင့် အိပ်စက်ရမည်။

သိုင်းရွိုက်ဟော်မုန်းနည်း ရောဂါ---
အမျိုးသမီးများတွင် ဤရောဂါကြောင့်ဖြစ်သော ပင်ပန်းနွမ်းနယ်မှုကို တွေ့ရတတ်သည်။ Hypothyroidsm ခေါ် သိုင်းရွိုက်ဟော်မုန်း လျော့နည်းနေခြင်းသည် ပင်ပန်းနွမ်းနယ်မှု ပုံစံတမျိုးတည်းဖြင့် ပြသလျှင် ရောဂါကို ရှာတွေ့ခဲသည်။ ဆေးခန်းတွေစုံ၊ ဆေးစစ်ချက်တွေ ကုန်သော်လည်း အားနည်းနေသည့် အကြောင်းအရာကို မတွေ့ဘဲရှိတတ်သည်။ အသက် ၅ဝ-ကျော် အမျိုးသမီးဆိုလျှင် ဤအခြေအနေကို ထည့်သွင်းစဉ်းစားသင့်သည်။ ကိုယ်အလေးချိန် တဖြည်းဖြည်း တက်လာခြင်း၊ ခြောက်သွေ့သော အရေပြား၊ ဝမ်းချုပ်ခြင်း၊ ကြွက်တက်ခြင်း၊ အအေးဒဏ် မခံနိုင်ခြင်း၊ လည်ပင်း သိုင်းရွိုက်ဂလင်း ကြီးလာခြင်းတို့နှင့် ဆက်နွယ်နေလျှင် သိုင်းရွိုက်ဟော်မုန်းပမာဏကို စစ်ဆေးကြည့်မိမှသာ ရောဂါကို သိတတ်သည်။ ဆရာဝန်များက ဟော်မုန်းအစားထိုး ကုသပေးလိမ့်မည်။ တချို့တွင် သိုင်ရိုဇင် (Thyroxine) ဟော်မုန်းကို သက်တမ်းတလျောက်လုံး သုံးကြရသည်။ ဆရာဝန်နှင့် တချိန်လုံး ညှိနှိုင်းနေရမည့် ရောဂါဖြစ်သည်။

ကြွက်သား အားနည်းသည့် ရောဂါ---
ဤရောဂါသည်လည်း အများအားဖြင့် ရောဂါရှာဖွေရခက်သော အားနည်းမှုတမျိုး ဖြစ်သည်။ တကိုယ်လုံး ကြွက်သားတွေနာသည်။ နံနက်တွင် ကြွက်သားများ တောင့်တင်းနေသည်။ ထုံကျဉ်သည်။ ခေါင်းကိုက်သည်။ ယင်းကို ဆေးပညာအရ Fibromyalgia -ဟုခေါ်သည်။ ပညာရှင်များက ယူဆသည်မှာ မျိုးရိုးဗီဇ တစုံတခုချွတ်ယွင်းမှုအရ ကြွက်သားမျှင်များသည် ထိခိုက်လွယ်ခြင်းဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုကလေး ပြင်းပြင်းထန်ထန် လုပ်လိုက်သည်နှင့် ကလာပ်စည်းအဆင့်တွင် ကြွက်သားမျှင်များ စုတ်ပြဲသွားတတ်ခြင်း ဖြစ်သည်။ ထိုလူနာများတွင် အိပ်ရေးပျက်ခြင်းပါ တွဲနေတတ်သဖြင့် ကြွက်သားစုတ်ပြဲခြင်းကို ပြုပြင်မည့် ကြီးထွားမှုပေးသော ဟော်မုန်း(Growth Hormone) ဓာတ် နည်းနေတတ်သည်။ ယင်းကိုကုသရန် တိကျသည့် ဆေးဝါးလည်းမရှိသောကြောင့် သာမန်လေ့ကျင့်ခန်းများ လုပ်ခိုင်းခြင်း၊ ရေနွေးကပ်ခြင်း၊ နှိပ်နယ်ခြင်း၊ အနားယူခြင်းတို့ဖြင့် ကုသပါသည်။ သို့သော် ယင်းရောဂါသည် အမေရိကန်နိုင်ငံတွင်မူ လူပေါင်းသုံးသန်းမှ ခြောက်သန်းအထိ ဖြစ်နေသည်ဟု ခန့်မှန်းထားကြသည်။

အခြား အထွေထွေ ရောဂါများ---
ရောဂါအားလုံးသည် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါသည်။ တုပ်ကွေး အအေးမိခြင်းမှ နှလုံးရောဂါ၊ အဆုတ်နှင့်ပတ်သက်သော ရောဂါ၊ ကင်ဆာရောဂါအဆုံး ရောဂါဟူ၍ဖြစ်လာလျှင် လူမမာသည် သာမန်ထက် အားနည်းနေမည်သာ ဖြစ်သည်။ အကယ်၍ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်နေသည့်တိုင်အောင်ပင် စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှု၊ ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်းများသည် ပင်ပန်းနွမ်းနယ်မှုတို့၏ ၅ဝ-ရာခိုင်နှုန်းကို ဖြစ်စေကြောင်း သတိပြုရပါမည်။

နာတာရှည် ပင်ပန်းနွမ်းနယ်မှု---
အနောက်နိုင်ငံများတွင်မူ ဤနာတာရှည် ပင်ပန်းနွမ်းနယ်မှု (Chronic Fatigue Syndrome)သည် ပို၍ အဖြစ်များပါသည်။ နည်းနည်းလှုပ်ရှားမှုပြုသည်နှင့် တုပ်ကွေးရောဂါလောက် ပင်ပန်းနွမ်းနယ်မှု ဖြစ်စေလေသည်။ မကြာခဏ ဖျားမည်၊ လည်ချောင်းနာမည်၊ ကြက်သားအရိုးအဆစ်များ ကိုက်မည်၊ အိပ်၍မပျော်၊ ခေါင်းကိုက်မည်၊ အလုပ်တွင် အာရုံစူးစိုက်၍မရ၊ ရောဂါဘာကြောင့် ဖြစ်ရသနည်း၊ ရှာမတွေ့၊ ယနေ့ခေတ်၌မူ နာတာရှည် နွမ်းနယ်မှုရောဂါစုသည် ဦးနှောက်ရောက်ခြင်း၊ ဟော်မုန်းအားနည်းခြင်းတို့နှင့် ဆက်စပ်နေသည်ဟု ယူဆလာကြသည်။ နာကျင်မှုပျောက်စေရန် ဆေးသောက်ရုံမှတပါး တိကျသော ကုသမှု သိပ်မရှိသေးပေ။

ရာသီနှင့်ဆိုင်သော နွမ်းနယ်မှု---
ယင်းမှာလည်း အနောက်နိုင်ငံများတွင် ခေတ်စားသည်။ ဆေးပညာအရ easonal Affective Disorder ဟုခေါ်သည်။ ဆောင်းတွင်းနံနက်တွင် ခန္ဓာကိုယ်သည် လေးလံထိုင်းမှိုင်း၍ နေသည်။ ဆုံးဖြတ်ချက် မပြတ်သား။ စိတ်လေးလံသည်။ လိင်ကိစ္စပင် စိတ်မဝင်စား၊ စွမ်းအင်ချို့တဲ့သော စက်ကိရိယာကဲ့သို့ ရှိသည်၊ ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သည့်သဘောရှိသည်။ အနောက်နိုင်ငံတွင်မူ နေရောင်ခြည် ရရှိမှုနည်း၍ ဤသြို့ဖစ်ရသည်ဟု ယူဆသည်။ ကုသနည်းတွင် အိမ်ခန်း အလုပ်များ၌ အလင်းရောင် စူးစူးရှရှ ထွန်းထားခြင်းဖြင့် လန်းဆန်းလာနိုင်ကြောင်း တွေ့ရသည်။

အချုပ်ဆိုရလျှင် ပင်ပန်းနွမ်းနယ်မှုတို့၏ နောက်ကွယ်တွင် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ရောဂါများ ရှိတတ်သည်။ ရက်သတ္တ သုံးပတ်တိုင် မသက်သာလျှင် ခပ်ပေါ့ပေါ့ မနေသင့်ပဲ ဆရာဝန်ထံ တိုင်ပင်ပြသသင့်ပြီ ဖြစ်သည်။

မော်ဦး (ဆေး-၂)