Wednesday, June 22, 2011

ကျောင်းလှူရကျိုး

ကျောင်းကိုလှူဒါန်းခြင်းသည် ကာယခွန်အား၊ အဆင်း၊ ချမ်းသာ၊ မျက်စိတို့ကို လှူဒါန်းသည်မည်၏။
(သံ၊ ၁-၂၉။ ဝိ၊ ဋ္ဌ-၄-၅၈)
မှန်၏။ 
ရွာ ၂-ရွာ ၃-ရွာ ဆွမ်းခံလှည့်လည်ပြီး ဆွမ်းတဇွန်းမျှမရဘဲ ပြန်လာရသော်လည်း အေးမြသောရေကန်၌
ရေချိုးပြီးနောက် ကျောင်းသို့ဝင်ရောက်ကာ တမုဟုတ်မျှ အိပ်စက် နားနေလိုက်ရလျှင် ကိုယ်ခန္ဓာ၌ ကာယခွန်အား တောင့်တင်းလာမြဲဖြစ်၍ ကျောင်းလှူဒါန်းခြင်းသည် ကာယခွန်အားကို လှူဒါန်းသည်မည်၏။  

ကျောင်းပြင်ပ၌ လှည့်လည်သွားလာ၍ နေပူ လေပူတို့ဖြင့် လောင်မြိုက်ခံရသောအခါ ရုပ်အဆင်း ဖောက်ပြန် လာ၏။ ကျောင်းသို့ဝင်၍ တံခါးပိတ်ခါ တမုဟုတ်မျှ လျောင်းစက်နေလိုက်လျှင် ဝိသဘာဂရုပ်စဉ် ငြိမ်းပျောက်
၍ သဘာဂရုပ်စဉ် သက်ရောက်ပြီးလျှင် ရုပ်အဆင်းကြည်လင်လာမြဲဖြစ်၍ ကျောင်းကိုလှူဒါန်းခြင်းသည် အဆင်းကိုလည်း လှူသည်မည်၏။

ကျောင်းပြင်ပ၌ လှည့်လည်သွားလာလျှင် ခြေ၌ ဆူးစူးခြင်း, သစ်ငုတ်ခလုတ် ထိခိုက်တိုက်မိခြင်း, မြွေ, သူခိုး စသော ဘေးရန်တို့နှင့် တွေ့ကြုံရခြင်း အန္တရာယ်တို့ ဖြစ်ပေါ်လာတတ်၍ ကျောင်းသို့ဝင်ကာ တံခါးပိတ်ပြီး
လျောင်းစက်နားနေလိုက်လျှင် ယင်းဘေးရန်တို့ မဖြစ်ပေါ်နိုင်သဖြင့် ကိုယ်ချမ်းသာမှု ရခြင်း၊ တရားကျမ်းဂန် ရွတ်အံသရဇ္ဈာယ်နေလျှင် တရား၌ နှစ်သက်သော ဓမ္မပီတိချမ်းသာ ဖြစ်ပေါ်ခြင်း၊ ကမ္မဋ္ဌာန်း နှလုံးသွင်းနေလျှင် အကုသိုလ်ဘေးတို့ ငြိမ်းအေးမှု (ဥပသမာ) ချမ်းသာကို ရခြင်းဟူသော ဂုဏ်ကျေးဇူးကို ရသောကြောင့်
ကျောင်းကိုလှူဒါန်းခြင်းသည် ချမ်းသာကို လှူဒါန်းသည်မည်၏။

ကျောင်းပြင်ဘက်၌ လှည့်လည်သွားလာလျှင် ကိုယ်ခန္ဓာမှ ချွေးကျခြင်း၊ မျက်စိ တုန်လှုပ်ခြင်းတို့ဖြစ်တတ်၍
ကျောင်းတွင်းသို့ ဝင်လျှင်ဝင်ချင်း ဘာမျှမမြင်ရသော်လည်း တမုဟုတ်မျှ ထိုင်နေလိုက်လျှင် မျက်စိကြည်လင် လာခြင်းကြောင့် ကျောင်းကိုလှူဒါန်းခြင်းသည် မျက်စိကိုလည်း  လှူသည်မည်၏။(သံ၊ ဋ္ဌ၊ ၁-၇၈-၇၉၊ ဗုဒ္ဓဝင်၊ ဋ္ဌ-၂၆။ သာရတ္ထ၊ ၃-၃၉၄။ ဒီ-ဋီ၊ ၁-၃၃၁။)


ကျောင်းအလှူ၏ အကျိုးအာနိသင် ကြီးမားပုံကို ဘုရားရှင်မှတပါး အဘယ်သူသည် ကုန်စင်အောင်
ဟောပြစွမ်းနိုင်ပါအံ့နည်း။ ပါးစပ်ပေါင်း တသောင်းရှိသော ပုဂ္ဂိုလ်သော်မှ ကုန်စင်အောင် မဟောပြစွမ်းနိုင်။ (ဗုဒ္ဓဝင်၊ ဋ္ဌ-၂၅)


ထင်ရှားသော ဇရပ် တန်စောင်း ကျောင်း အလှူရှင်များ---
ရာဇဂြိုဟ်သူဌေးသည် ဘုရားရှင် ကျောင်းခွင့်မပြုသေးသဖြင့် တော၊ သစ်ပင်၊ တောင်၊ ချောက်၊ တောင်ခေါင်း၊ သင်္ချိုင်း၊ တောအုပ်၊ လွင်ပြင်-ဟူသော ထိုထိုအရပ်တို့၌ ရဟန်းတော်များ နေထိုင်ကြသည်ကို တွေ့မြင်လေရာ
ကျောင်းဆောက်လှူဒါန်းလိုသော သဒ္ဓါတရားပေါက်၍ ရဟန်းတော်များမှတဆင့် ဘုရားရှင်ထံ 
ကျောင်းဆောက်လုပ်လှူဒါန်းခွင့် လျှောက်ထားသောအခါ ခွင့်ပြုတော်မူသဖြင့် တနေ့တည်းဖြင့် ကျောင်းပေါင်း ၆၀-ဆောက်လုပ်လှူဒါန်းသည်။ (ဝိ၊ ၄-၂၉၁)


အနာထပိဏ်သူဌေးကြီးသည် ၅၄-ကုဋေ အကုန်အကျခံ၍ ဇေတဝန်ကျောင်းတော်ကြီးကို ဆောက်လုပ် လှူဒါန်းသည်။ ကျောင်းမြေဝယ်ရာ၌ ၁၈-ကုဋေ၊ ကျောင်းဆောက်ရာ၌ ၁၈-ကုဋေ၊ ကျောင်းပူဇော်ပွဲ၌ ၁၈-ကုဋေ အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းသည်။


ဝိသာခါသည် ပုဗ္ဗာရုံကျောင်းတိုက်ကြီးကို ၂၇-ကုဋေ အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းသည်။
ကျောင်းမြေဝယ်ရာ၌ ၉-ကုဋေ၊ ကျောင်းဆောက်ရာ၌ ၉-ကုဋေ၊ ကျောင်းပူဇော်ပွဲ၌ ၉-ကုဋေ အားဖြင့် စုစုပေါင်း ၂၇-ကုဋေ အကုန်အကျခံ၍ ဘုရားသာသနာတော်၌ စွန့်လွှတ်လှူဒါန်းသည်။


သီရိဓမ္မာသောကမင်းကြီးသည် နိဂြောဓမထေရ်ကို အကြောင်းပြု၍ သာသနာတော်၌ သက်ဝင်ယုံကြည်ကာ အသောကာရုံကျောင်းတိုက်ကြီး ဆောက်လုပ်လှူဒါန်းသည်။ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ရှိ၍ တရားတော်ကို ပူဇော်သောအားဖြင့် တနေ့တည်း ၉၆-ကုဋေ အကုန်အကျခံကာ တမြို့လျှင် တကျောင်းကျစီ ကျောင်းပေါင်း ရှစ်သောင်းလေးထောင် ဆောက်လုက်လှူဒါန်းသည်။ 

ဗိမ္ဗိသာရမင်းကြီးသည် ဘုရားအမှူးရှိသော သံဃာတော်များ သီတင်းသုံးရန် သင့်လျှော်လျောက်ပတ်သည့် သူ၏ ဝေဠုဝန်ဥယျာဉ်ကြီးကို ကျောင်းတိုက်အဖြစ် လှူဒါန်းသည်။ 


နန္ဒိယသူဌေးသည် ကျောင်းဆောက်လှူဒါန်းခြင်း၏ အကျိုးအာနိသင်ကို ကြားနာရ၍ ဣသိပတန မိဂဒါဝုန်တောအတွင်း၌ ကျောင်းတော်ကြီး ဆောက်လုပ်၍ ကုဋင်ညောင်စောင်းများပါ ဘုရားအမှူးရှိသော သံဃာတော်များအား လှူဒါန်းသည်။ ရေစက်သွန်းချသည်နှင့်တပြိုင်နက် တာဝတိံသာနတ်ပြည်၌ အကျယ် ၁၂-ယူဇနာ၊ အမြင့် ယူဇနာ ၁၀၀-ရှိ၍ (ရတနာ ၇-ပါး) အတိပြီးသော နတ်သမီးအပေါင်း အခြံအရံပါရှိသည့် နတ်ဘုံပြသာဒ် ပေါ်ထွက်ခဲ့သည်။(ဓမ္မပဒ၊ ဋ္ဌ-၂-၁၈၉၊ ၁၉၀)


အရှင်အနုရုဒ္ဓါ၏ နှမ ရောဟိနီ သာကီဝင်မင်းသမီးသည် မထေရ်မြတ်၏ စီမံပေးချက်အရ နှစ်ထပ်ဆွမ်းစား
ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းသည်။ ဆွမ်းစားဆောင် အောက်ထပ် ရဟန်းတော်များ ဆွမ်းဘုဉ်းပေးရာအရပ်၌ အမြဲတံမြက်လှည်း၍ ရဟန်းတော်များအတွက် သောက်ရေ အမြဲခပ်သည်။ ထိုကုသိုလ်ကြောင့် ကိုယ်ရေပြားရောဂါ ပျောက်ကင်းသည်။( ဓမ္မပဒ၊ ဋ္ဌ၊ ၂-၁၉၂)


မဂဓတိုင်း မစလရွာသား မာဃလုလင်အမှူးပြုသော ၃၃-ယောက်သော အမျိုးသားတို့သည် လမ်းခင်း-လမ်းပြင်ခြင်း၊ လမ်းဆုံ လမ်းမများ၌ လူအများ အပန်းဖြေ နားနေနိုင်ရန် ဇရပ်များ ဆေက်လုပ် လှူဒါန်းခဲ့ကြသည်။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁-၁၆၉)


မှတ်ချက်
အထက်ပါစာသားကို ဤအရှင် (၆-၁၅-၁၁) နေ့က Dhamma Goneyee Buddhist Temple, Pittsburgh, Pennsylvania united state-(Ph: (412) 432-6026. (412) 886-1048. သို့ ရောက်ရှိစဉ် တွေ့မြင်ခဲ့ရသော နံရံကပ် စားသားဖြစ်ပါသည်။ 
ထိုကျောင်းရှိ ဆရာတော်နှင့် တကာ တကာမများသည် ကျောင်းဖြစ်မြောက်ရေးအတွက် ကြိုးစားအားထုတ်လျက်ရှိကြပါသည်။ 
သို့ဖြစ်ပါ၍ စေတနာရှင်များက သဒ္ဓါတရား နဲများမဆို ပါဝင်၍ ကျောင်းတကာ ကျောင်းတကာမအဖြစ် ပါဝင်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 

အရှင်ဓမ္မသာမိ
(မော်လူး)

Monday, June 20, 2011

မုယောစပါးအကြောင်း သိကောင်းစရာ

လူသားတို့ ကျန်းမာရေးအတွက် အာဟာရဓာတ်သည် အရေးပါသည်။ စားသုံးသောအစာမှ ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်ကို ရရှိရန် လိုအပ်ပါသည်။ သို့အတွက် အာဟာရဗေဒပညာရှင်များက ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်သော အစာအာဟာရ ပမာဏကို စံနှုန်းတခုအဖြစ် သတ်မှတ်ပေးထားသည်။

စံနှုန်းများနှင့်ကိုက်ညီသော အစာအာဟာရအများစုကို သဘာဝ ကောက်ပဲသီးနှံ များနှင့် ပြုလုပ်ထားကြ သည်။ 
များသောအားဖြင့် မုယောစပါးဖြင့် ပြုလုပ်ထားသော အစာအာဟာရများသည် သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသည်။ မုယောစပါးသည် ဂျုံ၊ ဘာလီ၊ ဆန်ကဲ့သို့ စပါးအမျိုးနွယ်ဝင် အပင်တမျိုးဖြစ်သည်။ 
မုယောစပါးတွင် ကာဗိုဟိုက်ဒရိတ် ၉၀%နှင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အခြားသတ္ထုဓာတ်အမျိုးအစား ၅၀-ခန့် ပါဝင်ပါသည်။ ထို့အပြင် ကလေးငယ်များ၏ ကျန်းမာရေးကို အထောက်အကူပြုသော အမိုင်နိုအက်စ် ၁၈-မျိုး ပါဝင်သည့် ပရိုတိန်တမျိုး ပါဝင်ပါသည်။ အရသာမှာ ဂျုံ၊ ဘာလီတို့နှင့် ဆင်တူသည်။

မုယောစပါးကို စိုက်ပျိုးပုံမှာ အပူချိန် ၅၅-ဒီဂရီဖာရင်ဟိုက်တွင် စပါးမျိုးစေ့များကို နှစ်ရက်မှ လေးရက်အထိ
ရေစိမ်ရသည်။ ထိုသို့ စိမ်စဉ်အတွင်း ရေကို မကြာခဏ လဲလှည်ရမည်။ ထို့နောက် ရေစိမ် စပါးများကို ၁၂-ရက် နေလှန်း၍ အပူပေးကာ အပင်ဖောက်ရသည်။

ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် မုယောစပါးပင်မှ အင်ဇိုင်းသည် ကစီဓာတ်ကို သကြားအဖြစ်သို့
ပြောင်းလဲပေးနိုင်ပြီး အစာကို ကြေလွယ်စေပါသည်။

မုယောစပါးပါသော အစာများသည် လူကို အရသာရှိစေရုံသာမက ထိုအစာများ စားသောက်ခြင်းဖြင့် ခန္ဓာကိုယ်၌ အဆီဓာတ်များ တိုးပွားလာမည်ကို စိုးရွံ့သူတိုင်းသည် မုယောစပါးပါဝင်သော အစားအစာများကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကို လန်းဆန်း ကျန်းမာစေပါသည်။

မြန်မာနိုင်ငံတွင်မူ မုယောစပါးကို အာဟာရအဖြစ် ရှေးယခင်ကတည်းက စားသုံးနေကြသည်ကို
ရှေးဟောင်းဇာတ်၊ နိပါတ်၊ ပြဇာတ်စာပေများတွင် အခိုင်အမာ တွေ့ရှိနိုင်ပါသည်။
မြန်မာစွယ်စုံကျမ်းတွင် မော့လ်(ခေါ်) မုယောစပါး ပါဝင်သော နို့မှုန့်သည် အစာကြေလွယ်သဖြင့် လူနာနှင့် ကလေးများကို တိုက်ကျွေးရန် အထူးသင့်လျော်သည်ဟု ဖော်ပြပါရှိပါသည်။

ယနေ့ခေတ်တွင် မုယောစပါးအား နို့မုန့်၊ အာဟာရ အမှုန့်များ ပြုလုပ်ရာတွင် အမြောက်အမြား ထည့်သွင်းပြုလုပ်ကြသည်။

မည်သူတို့တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ချေ ရှိသနည်း

ဆီးချို သွေးချိုရောဂါဆိုတာ ဘာလဲ?
ခန္ဓာကိုယ်ထဲတွင် သွေးအချိုဓာတ်များနေလျှင် ဆီးချို သွေးချိုရောဂါရှိသည်ဟု ဆိုနိုင်ပေသည်။ ကုသမှု မခံယူပါက အချိန်ကြာမြင့်လာသည်နှင့်အမျှ ဆီးချို သွေးချို၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ အထူးသဖြင့် မျက်စိ(သို့) သွေးကြောများကို ထိခိုက်စေနိုင်သည်။

ဆီးချို သွေးချိုရောဂါ ဖြစ်စေရန် တွန်းအားပေးသော အချက်များ (Risk Factors)
လူတဦး၏ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင် အကြောင်းအရာများသည် ရောဂါတခု ဖြစ်စေရန် တွန်းအားပေးသော အချက်များပင် ဖြစ်သည်။ ဆီးချို၊ သွေးချိုရောဂါဖြစ်စေရန် တွန်းအားပေးသော အချက်များကို သုံးပိုင်းခွဲခြားနိုင်သည်။


လူနေမှု ပုံစံ (သို့) လူ့ပတ်ဝန်းကျင်---
အောက်ပါအချက်များသည် ဆီးချို သွေးချိုရောဂါဖြစ်စေရန် ပိုမို၍ တွန်းအားပေးနိုင်သည်။
* အဝလွန်ခြင်း။
* ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသုံးခြင်း၊ ဥပမာ-အဆီနှင့် သကြားဓာတ်များ အလွန်အကျွံစားခြင်း၊ ဟင်းသီးဟင်းရွက် အစားနည်းခြင်း။
* ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း။
* အသက်ကြီးလာသည်နှင့်အမျှ ရောဂါဖြစ်နိုင်ချေ များပြားလာခြင်း။


မျိုးရိုးဗီဇနှင့် ဆိုင်သောအချက်များ---
* ဆွေမျိုးရင်းချာထဲတွင် ဆီးချိုရောဂါရှိနေပါက သင့်အတွက် ဆီးချိုရောဂါဖြစ်နိုင်ချေ များနိုင်ပေသည်။
* အချို့သော လူမျိုးစုများသည် အခြားလူမျိုးစုများထက် ဆီးချိုရောဂါအဖြစ်များကြသည်။
* အမွှာတဦးတွင် ဆီးချိုရောဂါရှိပါက ကျန်အမွှာတယောက်တွင်လည်း ဆီးချိုသွေးချို ရောဂါ
ဖြစ်လာနိုင်ပေသည်။

ကိုယ်တွင်း ဓာတ်ဖွဲ့စည်းမှု (ဟော်မုန်းဓာတ်ပြောင်းလဲမှု) နှင့် ဆိုင်သော တွန်းအားပေးနိုင်သည့် အချက်များ---
* ကိုယ်ခန္ဓာတွင် သကြားဓာတ် တုံ့ပြန်မှု ပျက်ယွင်းခြင်း၊ (Impaired Glucose Tolerance) ထိုသို့သော အခြေအနေတွင် သွေး၏ အချိုဓာတ်သည် သာမန်ထက် မြင့်တက်နေပေမည်။
* ကိုယ်ဝန်ရှိခြင်း
အချို့သော အမျိုးသမီးများ ကိုယ်ဝန်ရှိချိန်တွင် ကိုယ်ဝန်ဆောင်တွင်း ဆီးချိုရောဂါ ဖြစ်တတ်သည်၊ ထိုသို့သော အမျိုးမီးများတွင် နောင်တချိန် ဆီးချို သွေးချို ရောဂါ ဖြစ်လာနိုင်ပေသည်။


ရောဂါဖြစ်စေရန် တွန်းအားပေးသည့် အချက်များကို လျော့နည်းစေရန်---
အထက်တွင် ဖော်ပြခဲ့သော အချို့အခြေအနေများသည် ပြုပြင်ပြောင်းလဲ၍ မရနိုင်သော်လည်း အောက်ပါအချက်များကို ပြောင်းလဲခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသည်။


* ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးရန် အချိုနဲ့ အဆီ ပါဝင်မှုနည်းသော အစားအစာမျာါ်နှင့် လတ်ဆတ်၍ အမျှင်ပါဝင်မှုများသော ဟင်းသီးဟင်းရွက်များ။


ရှောင်ကြဉ်ရန်
အချိုမုန့်၊ အချိုရည်၊ အချိုမှုန့်၊ အဆီများသော အစားအစာများ၊ အရက်။


* လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ၊ လမ်းလျှောက်ခြင်း၊ ပန်းပင်စိုက်ပျိုးခြင်း ကဲ့သို့သော သက်သာသော လေ့ကျင့်ခန်းမျိုးနဲ့  စတင်၍ ထို့ထက်ပိုပြီး ပြင်းထန်သော လေ့ကျင့်ခန်းမျိုးသို့ တိုးကြည့်ပါ။
အထက်ဖော်ပြပါ အချက်များထက် ပိုမိုသိလိုပါက သင်၏ဆရာဝန်နှင့် တိုင်ပင်ပါ။


ဒေါက်တာ ဘုန်းမြင့်ဝင်း

သွားပိုးစားရင်

သွားပတ်မြှေးရောင်နာ ဘာကြောင့်ဖြစ်ရသလဲ---
သွားပတ်မြှေးရောင်နာကြောင့် သွားတွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာ မနည်းပါဘူး။ ဆေးပညာမှာ ဒါကို Dontitis-လို့ခေါ်ပြီး သွားပတ်ပတ်လည်ရှိ တစ်သျှူးမျှင်တွေ ရောင်ရမ်းလာတာကို ဆိုလိုပါတယ်။ သွားဖုံး၊ သွားကို ထောက်မထားတဲ့ အောက်ခံအရိုး၊ ဒီအရိုးနဲ့သွားကို ငုံဆက်ထားတဲ့ကြွက်သားမျှင်တွေအားလုံး နာကျင်ထိခိုက်ရပါတယ်။

ဒီရောဂါဖြစ်ရခြင်းရဲ့ အကြောင်းရင်းဟာလည်း သွားချေးတွေကြောင့်ပါပဲ။ သွားချေးတွေ စုမိလာတော့ သွားဖုံးရောင်ရမ်းနာ ဖြစ်တယ်။ ဒါကို မကုစားဘဲ ဒီအတိုင်းထားရင် သွားပတ်မြှေးရောင်ရမ်းနာ အဆင့်အထိ ဖြစ်လာပြီး ပတ်ပတ်လည် ဧရိယာကို ထိခိုက်ပါတယ်။ သွားပတ်မြှေးရောင်ရမ်းနာကို ဒီအတိုင်းထားရင် ဒီထက်မက ဆိုးရွားတဲ့အကျိုးဆက်တွေ ခံစားရမှာ မလွဲပါဘူး။

သွားပတ်မြှေးရောင်ရမ်းနာ ဖြစ်နေကြောင်းကို ဘယ်လို သိနိုင်မလဲ---
အောက်ပါလက္ခဏာတွေ ဖြစ်နေပြီဆိုရင် သွားပတ်မြှေးရောင်ရမ်းနာ ဖြစ်နေပါပြီ။
* သွားဖုံးတွေ ရောင်ရမ်းရင်၊ သွေးထွက်ရင်၊
* သွားအောက်ခံ အရိုး စားသွားပြီဆိုရင်၊
* သွားဖုံးတွေ အောက်ကိုကျုံ့ဝင်နေပြီဆိုရင်၊
လုံးဝ သတိပေါ့လို့ မရတော့ပါဘူး။ ဒီအဆင့်ကိုရောက်နေတဲ့ လူနာဟာ ကျွမ်းကျင်သူ ပညာရှင် ဆရာဝန်တွေရဲ့ ကုသမှုကို ကောင်းစွာ မခံယူဘူးဆိုရင် ပြည်တည်အနာအိုင်း ဖြစ်လာပြီး အခံရခက်အောင် နာလာပါလိမ့်မယ်။


ရောဂါအခြေအနေ ဆက်ဆိုးလာပြီဆိုရင် သွားအောက်ခံအရိုးခုံ လုံးဝစားသွားနိုင်ပြီး သွားတွေနဲ့သည်ထက် နဲ့လာမယ်။ နောက်ဆုံးသွားတွေကို မနုတ်ပစ်လို့မရတဲ့ အခြေအနေ ရောက်လာနိုင်တယ်။


သွားဖုံးရောင်ရမ်းနာနဲ့ သွားပတ်မြှေးရောင်ရမ်းနာ ကင်းစင်အောင် ဘယ်လိုလုပ်ရပါ့မလဲ---
ကာယကံရှင်တွေဟာ
* သွားပွတ်တံနဲ့ဖြစ်ဖြစ်၊ ကြိုးမျှင်နဲ့ဖြစ်ဖြစ် သွားချေးများ အမှန်တကယ် စင်အောင် နည်းစနစ်ကျကျ ပုံမှန်သန့်စင်မှုလုပ်ရပါမယ်။
* သွားတွေနဲ့ သွားဖုံးတွေကို နေရာမလပ် တကယ် အကာအကွယ်ပေးနိုင်ဖို့ ခံတွင်းဆေးရည် (Mouth wash) နဲ့ ပုံမှန်ဆေးကြောတာကို လုပ်ပေးရပါမယ်။


သွားဆရာဝန်တွေအနေနဲ့---
* ခံတွင်းသန့်ရှင်းမှုအတွက် နည်းလမ်းကောင်းတွေ ညွှန်ကြားပေးရပါမယ်။
* သွားအရင်းမှာ ကပ်ငြိနေတတ်တဲ့ ချေးအလွှာကို ခွာပေးတာတို့၊ သွားအရင်းသန့်ရှင်းရေးတို့ကို လုပ်ပေးရမယ်။
*သွားချေးတွေ၊ အစာကျန်တွေ တတ်နိုင်သမျှ မကပ်ငြိအောင် ဖန်တီးပေးရပါမယ်။ (ဒါမှ ခံတွင်းကို သန့်ရှင်းအောင်လုပ်တာလည်း အဆင်ပြေလွယ်ကူပါမယ်)


ဒီရောဂါတွေဖြစ်နေတာ ဘယ်အဆင့်ပဲရောက်နေရောက်နေ ကာယကံရှင်က စိတ်ပါလက်ပါ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ရောဂါအခြေအနေ ဒီထက်ပိုမဆိုးအောင် လုပ်ပေးနိုင်ပါတယ်။


တကယ်လို့ သွားပတ်လည် တစ်သျှူးတွေရဲ့ အခြေအနေကို သံသယရှိတယ်ဆိုရင် သွားဆရာဝန်နဲ့ ချက်ချင်းပြပါ။


သွားပတ်မြှေးရောင်ရမ်းနာကို မှန်မှန်ကန်ကန် မကုသရင် ဘယ်လိုဖြစ်သွားနိုင်သလဲ---
သွားဖုံးရောင်ရမ်းနာနဲ့ သွားပတ်မြှေးရောင်ရမ်းနာတို့ တဆင့်ချင်း ဘယ်လိုဖြစ်လာတယ်ဆိုတာကို ဖြေခဲ့ပြီးပါပြီ။ ရောဂါအရမ်းကျွမ်းနေတဲ့ အခြေအနေရောက်တဲ့အခါ လူနာရဲ့ပါးစပ်မှာ ပြည်တရွှဲရွှဲနဲ့အနာအိုင်းတွေဖြစ်လာမယ်။ နောက်ဆုံး နုတ်ပစ်ရတဲ့အဆင့်ကို ရောက်သွားမယ်၊ ဒါ့အပြင် ပါးစပ်က အနံ့ဆိုးတွေထွက်လာမယ်။


သွားပိုးမစားတဲ့အတွက် သင့်ရဲ့သွားများဟာ ကြံ့ခိုင်နေတယ်လို့ ယူဆလို့မရပါဘူး။ သွားပတ်လည် တစ်သျှူးတွေ မကောင်းတော့တာကြောင့် နုတ်ပစ်ဖို့လိုအပ်တဲ့ အခြေအနေကောင်း ဖြစ်နေမယ်ဆိုတာကို သဘောပေါက်ထားရပါမယ်။


တကယ်လို့များ သက်ဆိုင်ရာ သွားဖုံးနဲ့ တခြားထောက်မပေးတဲ့တစ်သျှူး ကြွက်သားတွေသာ ကောင်းမွန်သန်စွမ်းဆဲ ဆိုရင် သွားကကျိုးနေလို့ ငုတ်တိုလေးဖြစ်နေရင်တောင်မှ အမြင်လှအောင်ပြန်ပုံဖော်လို့ ရပါသေးတယ်။ သွားနုတ်မှဖြစ်တော့မယ်ဆိုပေမယ့် အဲဒီသွားရဲ့ နံဘေးကသွားဟာ ကြံ့ခိုင်တဲ့အောက်ခံအရိုးခံ သွားဖုံးတစ်သျှူးတွေနဲ့ ခိုင်ခိုင်မာမာ ရှိသေးတယ်ဆိုရင်တော့ ကွက်လပ်နေရာမှာ သွားတုထည့်ပြီးတော့ လုပ်ထားလို့ရပါတယ်။


လူတွေဟာ ကျန်းမာကြံ့ခိုင်တဲ့ သွားပတ်လည်တစ်သျှူးတွေရဲ့ အရေးပါမှုကို မသိမမြင်ကြဘူး။ ဒီတစ်သျှူးတွေက ထောက်မပေးထားတဲ့သွားကိုသာ အမြင်ကောင်းအောင် သနေတတ်ကြပြီး ဒီနေရာကို ကျန်းမာသန့်ရှင်းအောင် လုပ်ဖို့ လိုတယ်ဆိုတာ မသိကြပါဘူး။


တချို့လူတွေဟာ ဘာကြောင့် ပါးစပ်က အနံ့ထွက်တတ်ကြပါသလဲ---
ပါးစပ်မှ အနံ့ဆိုးထွက်ခြင်း (Halitosis) ဟာ
* စားသုံးတဲ့အစာ (ဥပမာ-ကြက်သွန်ဖြူနံ့)
* အကျင့်ဆိုး (ဥပမာ-ဆေးလိပ်သောက်ခြင်း)
* အစာလမ်းကြောင်း ပြဿနာများ (ဥပမာ-အစာအကြေခြင်း) စတာတွေကြောင့် ဖြစ်တတ်ပါတယ်။


အကြောင်းရင်း နောက်တခုက ပါးစပ်သန့်ရှင်းမှုကို ဂရုမစိုက်တဲ့အတွက် ဖြစ်ရပါတယ်။ အစကတည်းက သွားချေးတွေ ရှိနေတာ ကျောက်တောင်ဖြစ်နေပြီ၊ အခုလည်း ပါးစပ်ကို သန့်ရှင်းအောင် ဂရုတစိုက်မထားဘူးဆိုရင် အာပုပ်နံ့ထွက်တတ်ပါတယ်။
အာပုပ်နံ့ထွက်တာ ဒါတွေကြောင့်ချည်းပဲရယ်လို့လည်း ပြောလို့မရပါဘူး။ တခါတလေ ဘာအကြောင်းကြောင့်မှန်းမသိ အာပုပ်နံ့ထွက်နေတာပါပဲ။ ပါးစပ်ကိုလည်း သန့်ရှင်းအောင်ထားတယ်၊ အစာလမ်းကြောင်း ပြဿနာတွေလည်း မရှိဘူး၊ ဒါပေမဲ့ ပါးစပ်က အနံ့ထွက်နေတတ်တာလည်း ရှိပါတယ်။


အခုနက ပြောခဲ့တဲ့အကြောင်းရင်းတွေ မရှိပေမယ့် အာပုပ်နံ့ထွက်တုန်းပဲဆိုရင် ပူရှိန်းငုံထားခြင်း၊ ဗလရှင် ငုံထားခြင်း၊ ပီကေဝါးခြင်းတို့ဖြင့် အနံ့ဆိုးသက်သာစေနိုင်ပါတယ်၊ ဒါပေမဲ့ အာပုပ်နံ့ ထွက်နေတုန်းပဲဆိုရင် ကံကို ဆိုးတာပါပဲ။ ကိုယ်တယောက်ကလွဲလို့ ကျန်တဲ့လူတွေ အကုန်လုံးက ကိုယ့်ဆီက အနံ့ထွက်နေမှန်း သိနေကြတယ်။ ကိုယ်က သတိမထားမိတော့ ကာကွယ်တာတွေ၊ တားဆီးတာတွေ မလုပ်မိဘူး၊ ဒီအခြေအနေဟာ တဖက်သားကို အင်မတန်မှ အားနာစရာကောင်းပါတယ်။




Sunday, June 19, 2011

အချိန်ကုန် ငွေကုန် သက်သာစေဖို့

မျက်မှန်တွေကို ဘယ်လိုအကောင်းဆုံး တိုက်မလဲ---
အဝတ်ဟောင်းတစပေါ်မှာ သွားတိုက်ဆေး နည်းနည်းတင်လိုက်ပြီး မှန်မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက်ပါ။ ပြီးလျှင် ရေဖြင့် စင်ကြယ်စွာဆေးပါ။ ကပ်နေတဲ့ ဖုန်အမှိုက်တွေနဲ့ ဆီချေးတွေ စင်သွားပါလိမ့်မယ်။ 


လက်ဝတ်ရတနာတွေ အမြဲတောက်ပနေစေဖို့---
လက်ဝတ်ရတနာထည့်ထားတဲ့ ဘူးလေးတွေထဲမှာ မြေဖြူခဲတတောင့်လောက်စီ ထည့်ထားပါ။ သင့်ရဲ့ လက်ဝတ်ရတနာတွေကို တောက်ပအောင်ပွတ်တိုက်နေစရာမလိုဘဲ အမြဲတမ်း လင်းလက်နေပါလိမ့်မယ်။

ပင်မှည့်သီးတွေ မြန်မြန်မှည့်အောင်---
ပင်မှည့်သီးတွေကို မမှည့်သေးဘဲစားရင် အင်မတန်မှ ချဉ်ပါတယ်။ မြန်မြန်မှည့်စေချင်ရင် အဲဒီ ပင်မှည့်သီးအစိမ်းတွေကို ပန်းသီးနီတွေနဲ့ရောပြီး စက္ကူအိတ်တအိတ်မှာထည့်၊ ပြီးရင် လုံအောင်ပိတ်ပြီး ရေခဲသတ္တာထဲကိုထည့်ထားလိုက်ပါ။ ပင်မှည့်သီးတွေ ချက်ချင်းမှည့်သွားပါလိမ့်မယ်။


ဆန် ပိုးမတက်အောင်---
ဆန်တွေကို နှစ်လ-သုံးလစာလောက် အိမ်မှာ ဝယ်လှောင်ထားမယ်ဆိုရင် မီးသွေးခဲတခဲကို ဆန်ပုံးထဲမှာ ထည့်ထားပါ။ ဆန်ပိုးတွေ မလာတော့ပါဘူး။


ခြင်ဆိုးတွေ မရှိအောင်---
သင့်ရဲ့အိမ်ဝင်းအတွင်းရှိ ရေပန်းတွေ၊ တခြားရေသေရှိတဲ့ နေရာတွေဟာ ခြင်တွေပေါက်ပွားဖို့အတွက် အကောင်းဆုံးနေရာတွေ ဖြစ်နေပါတယ်။ သက်သက်သာသာနဲ့ လွယ်လွယ်ကူကူ ဒီခြင်တွေကို နှိမ်နင်းချင်ရင် ဒီနေရာတွေမှာ ဆားတွေ ဖြူးထားလိုက်ပါ။


မူလအရောင် ပြန်ရအောင်---
အဝတ်လျှော်စက်ထဲမှာ အကုန်ရောထည့် လျှော်တာကြောင့် ခြေအိတ်တွေ အရောင်ပြောင်းကုန်လို့ စိတ်ညစ်နေပါသလား။ အိုးတအိုးထဲမှာ ရေထည့်၊ အဲဒီခြေအိတ်တွေထည့်၊ ရှောက်သီး နှစ်ကွင်း-သုံးကွင်းလောက်ထည့်ပြီး ပြုတ်လိုက်ပါ။ သဘာဝအရောင်ချွတ်ဆေးဖြစ်တဲ့ ရှောက်သီးကြောင့် မူလအရောင် ပြန်ရလာပါလိမ့်မယ်။


ဖိနပ်မပွန်းအောင်---
ရှူးဖိနပ်အတွင်းသား အောက်ခံ (insole)တွေကြောင့် သင့်ဖနောင့်တွေ ပွန်းစားတာ၊ နာကျင်တာ ဖြစ်နေပါသလား၊ ရှူးဖိနပ်အတွင်းဘက် ဖနောင့်နေရာမှာ ဖယောင်းတခဲနဲ့ တိုက်လိုက်ပါ။ သွားလာရတာ အဆင်ပြေသွားပါလိမ့်မယ်။


အထည်သစ်တွေ အရောင်မကျွတ်ဖို့---
ရေဇလုံကြီးထဲမှာ ရှာလကာရည်တဇွန်း လောင်းထည့်ပြီး ကောင်းစွာသမအောင် မွှေပါ။ ပြီးရင် တခါမှ မလျှော်ရသေးတဲ့ အဝတ်အသစ် ကျပ်ချွတ်တွေကို နှစ်နာရီ-သုံးနာရီလောက် စိမ်ပစ်လိုက်ပါ။ ဒီလိုလုပ်လိုက်တော့ တခြားအရောင်ဖျော့တဲ့ အဝတ်တွေနဲ့ ရောပြီး လျှော်တဲ့အခါ ဆေးမစွန်းတော့ပါဘူး။


Ref: The Singapore Women's Weekly, February, 2001.


Friday, June 17, 2011

လစဉ် ဟောစာတမ်း ( ဂျွန်လ ၂၀၁၁)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( ဂျွန်လ ၂၀၁၁ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=န့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

Wednesday, June 8, 2011

ရွှေဥမင် ဆရာတော်ုကီး၏ အဆုံးအမ ( ၁ )

ရွှေကျင်ဂိုဏ်း၏ ရတ္တညူမဟာနာယက
ရွှေဥမင် ဓမ္မသုခ တောရဂိုဏ်း၏ အာဒိကမ္မိက ဦးစီးပဓာနနာယက
ရွှေဥမင် ဆရာတော်ဘုရားကြီး 
တပည့်သံဃာ သီလရှင် ယောဂီ ဝေယျာဝစ္စကရ ပုဂ္ဂိုလ်တို့အား 
ချီးမြှင့်သနား ဟောကြားတော်မူသော
သတိတလုံး စွဲမြဲသုံး အဆုံးနိဗ္ဗာန်ရ 
အဆုံးအမတရားတော် (၁) 

( သတိတလုံး စွဲမြဲသုံး အဆုံးနိဗ္ဗာန်ရ )
သတိတရားဆိုတာ အရိယာသူတော်ကောင်းတို့ရဲ့ စံအိမ်ကြီးပါပဲ၊ သတိဆိုတဲ့ စံအိမ်ကြီးမှာ နေလို့ရှိရင် ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုးတွေ ကင်းတယ်၊ သတိဟာ ကိလေသာရန်သူတွေရဲ့ ဘေးက လွတ်တဲ့ လုံခြုံမှုရှိတဲ့ စံအိမ်ကြီးပါပဲ။ ဒါကြောင့်မို့ ဘေးကင်းချင်တယ်၊ ရန်ကင်းချင်တယ်ဆိုရင် သတိနဲ့နေကြရမယ်။

သတိရှိနေရင် မဂ္ဂင်(၈)ပါးလည်း ပွားများလျက်သား ဖြစ်သွားတယ်၊ မဂ္ဂင်(၈)ပါးမှာ သီလမဂ္ဂင်က (၃)ပါး၊ သမာဓိမဂ္ဂင်က (၃)ပါး၊ ပညာမဂ္ဂင်က (၂)ပါး ပါဝင်ပါတယ်။
သီလမဂ္ဂင်မှာ ဣန္ဒြိယသံဝရသီလက ပြဋ္ဌာန်းတယ်။ ဣန္ဒြိယသံဝရသီလဟာ သီလမဂ္ဂင်ရဲ့ အချုပ်အခြာပဲ။ ဣန္ဒြိယသံဝရသီလ လုံခြုံဖို့ရာ ဒွါရ(၆)ပါးမှာ သတိဆိုတဲ့ အစောင့်အရှောက် ရှိရမယ်။ သတိနဲ့ နေရမယ်။

သတိနဲ့ ဣနြေ္ဒစောင့်စည်းနိုင်သူဟာ သူ့အသက်သတ်မှု၊ သူ့ဥစ္စာခိုးမှု၊ သူ့အိမ်ရာ ပြစ်မှားကျူးလွန်မှုတွေကို မပြုလုပ်ဘူး။
မုသားစကား ပြောတာ၊ ကုန်းတိုက်စကား ပြောတာ၊ ကြမ်းတမ်းစကား ပြောတာ၊ သိမ်ဖျင်းစကား ပြောတာတွေကိုလည်း
ရှောင်ကြဉ်တယ်။

အသက်မွေးဝမ်းကျောင်းရာမှာလည်း ကာယဒုစရိုက် ဝစီဒုစရိုက်တွေက ရှောင်ကြဉ်ပြီးတော့ စင်စင်ကြယ်ကြယ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်တယ်။
ဒါကြောင့် သတိနဲ့နေသူမှာ သီလသိက္ခာ ပြည့်စုံနေတယ်။
သတိရှိနေမှ ဣန္ဒြိယသံဝရသီလက စပြီးတော့ သီလကြီး(၄)ပါးက ပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင် ဖြစ်နိုင်တယ်။
သတိရှိနေရင် ဝီရိယ၊ သတိ၊ သမာဓိ ဆိုတဲ့ သမာဓိမဂ္ဂင်(၃)ပါးကလည်း ညီညီညွတ်ညွတ် ဖြစ်နိုင်တယ်။ 
သတိမေ့လျော့နေရင် ကျန်တဲ့တရားတွေက မညီမညွတ်ဖြစ်တတ်တယ်။

ပညာကလည်း သတိမရှိရင် မဖြစ်နိုင်ဘူး၊ သတိလက်လွတ်ဖြစ်နေတဲ့သူမှာ ပညာမယှဉ်နိုင်ဘူး၊ ဒကာကြီးတို့တပည့်
တွေကို သင်ပြနေတဲ့အခါမှာ ကြည့်ပါလား၊ သတိလက်လွတ်ဖြစ်နေတဲ့ တပည့်ကို တော်ရုံ ပညာပေးလို့ မရဘူး၊ ပညာကို လက်ခံနိုင်စွမ်း မရဘူး၊ ဘာဖြစ်လို့လဲ သတိမရှိလို့၊ သတိမရှိရင် ပညာဖြစ်ရိုးထုံးစံ မရှိဘူး။

သတိဟာ အင်မတန်အရာကျယ်တယ်နော်။ သီလမဂ္ဂင်(၃)ပါးဖြစ်ဖို့လည်း သတိက အရေးပါတယ်၊ 
သမာဓိမဂ္ဂင် (၃)ပါးဖြစ်ဖို့ကလည်း သတိက အချုပ်အခြာ ဖြစ်တယ်၊ ပညာမဂ္ဂင်(၂)ပါးဖြစ်ဖို့ရာကလည်း သတိလိုတယ်။ 
သတိတလုံး စွဲမြဲသုံး အဆုံးနိဗ္ဗာန်ရ...တဲ့။
ဘုန်းကြီးတို့ မဟာစည်ဆရာတော်ဘုရားကြီးက သတိပဋ္ဌာန်တရား ပွားများကြ-ဆိုပြီးတော့ ညွှန်ပြဆုံးမပါတယ်။ ဆရာအစဉ်အဆက်ပေါ့လေ။ သီးလုံးဆရာတော်ကြီးက စပြီးတော့ ...နောက်...မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး၊ အဲဒီနောက် မဟာစည်ဆရာတော်ဘုရားကြီး စသည်ဖြင့် ဆရာတော့်ဆရာတော်တွေ သတိပဋ္ဌာန်းတရားတော်တွေ
ဟောကြားပြီးတော့ ကိုယ်တိုင်လည်း ကျင့်သုံး၊ သူများကိုလည်း ကျင့်သုံးနိုင်အောင်လို့ ခုလိုကမ္ဘာပါဖြန့်ပြီးတော့ သင်ပေးနေကြတယ်။ အဲဒီသင်တန်းပေးနေတာဟာ သတိပဋ္ဌာန်တရားတွေပါပဲ။

အဲဒီသတိပဋ္ဌာန်းတရားတွေဟာ အချုပ်အခြာကျပါတယ်။ လူတိုင်းလူတိုင်းနဲ့လည်း သင့်လျော်ပါတယ်။ လိုက်နာကျင့်သုံးဖို့ရာလည်း အခက်အခဲမရှိပါဘူး။ သတိလေး ထားလိုက်ရုံပါဘဲ။
ဘာဖြစ်ဖြစ် လုပ်သမျှတွေ သတိနဲ့ လုပ်ရတယ်၊ ပြောသမျှလည်း သတိထားရတယ်၊ စိတ်ကူးသမျှလည်း သတိထားရတယ်၊ သတိလေးနဲ့ ပြုတယ် ပြောတယ် ဆိုရင် အမှားတွေ နည်းသွားတယ်။ မှန်တဲ့ သိမှု သတိ သမာဓိ ဉာဏ်တွေနဲ့
ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုတွေ ဖြစ်နေတဲ့အတွက် မကောင်းတာတွေ ပယ်ပြီးသား၊ ကောင်းတာတွေ ပွားလျက်သား ဖြစ်နေပါတယ်။

သတိပဋ္ဌာန်တရား ပွားများတဲ့အလုပ်ဟာ အလွန်တရာ အရာကျယ်တဲ့အလုပ်ပဲ။ အလွန်အရေးပါ အရာရောက်တဲ့ အလုပ်ပဲ၊ ဒါကို ဆရာတော်ဘုရားကြီးက---
သတိတလုံး စွဲမြဲသုံး အဆုံးနိဗ္ဗာန်ရ...တဲ့။
ဓမ္မစကြာအနေနဲ့ ပြောရင်လည်း အစွန်းနှစ်သွယ် လမ်းမှားပယ် အလယ်လမ်းမှန်သည်။ 
ကာမသုခလ္လိကာနုယောဂစွန်းနဲ့ လောဘစွန်း၊ အဲဒါတွေကို မသုံးဆောင် မခံစားရတဲ့၊ ကိုယ်ပင်ပန်း စိတ်ပင်ပန်းဖြစ်တဲ့ ဒေါသစွန်း၊ သတိလေးထားပြီးတော့ ကျင့်သုံးနေမယ်ဆိုရင် အဲဒီအစွန်းနှစ်သွယ်ကို ပယ်ပြီးသား ဖြစ်နေပါတယ်။ အဲဒီလို ပယ်တဲ့အတွက် အစွန်းနှစ်သွယ် လမ်းမှားပယ် အလယ်လမ်းမှန်သည်။
အလယ်လမ်းက ဘာလဲဆိုရင် သတိပဋ္ဌာန်လမ်း၊ မဂ္ဂင်(၃)ပါးလုံး၊ မဂ္ဂင်(၈)ပါးလုံး၊ အားလုံးထဲမှာပါဝင်နိုင်တဲ့ သတိတရား၊ သတိပဋ္ဌာန်လမ်း၊ အဲဒါကိုရည်ရွယ်ပြီး အစွန်းနှစ်သွယ် လမ်းမှားပယ် အလယ်လမ်းမှန်သည်၊ လမ်းမှန်ကိုလျှောက် ဉာဏ်မြင်ပေါက် ဆိုက်ရောက်နိဗ္ဗာန်ပြည်..တဲ့။

အဲဒီသတိမဂ္ဂင်နဲ့ သတိပဋ္ဌာန်တရား ပွားများနေမယ်ဆိုရင် လမ်းမှန်အတိုင်း လျှောက်နေတဲ့အတွက် နိဗ္ဗာန်ရောက်ဖို့ပါပဲ။ ဝိပဿနာဉာဏ် တဆင့်ရင့်ကျက်ပြီးတော့ မဂ်ဉာဏ်ရသွားမှာ ဖြစ်ပါတယ်။ မဂ်ဉာဏ်နဲ့ နိဗ္ဗာန်ကို ထိုးထွင်းသိမြင်ရမှာဖြစ်လို့ အလွန်အရေးပါတဲ့ ကျင့်စဉ်တခုပဲဆိုတာ သေချာပါတယ်။
အစွန်းနှစ်သွယ် လမ်းမှားပယ် အလယ်လမ်းမှန်သည်။
လမ်းမှန်ကိုလျှောက် ဉာဏ်မြင်ပေါက် ဆိုက်ရောက်နိဗ္ဗာန်ပြည်။
သတိတလုံး စွဲမြဲသုံး အဆုံးနိဗ္ဗာန်ရ။
သတိ-အသိနဲ့ အဆုံးသတ်ရမှာ။

အဲဒီတော့ သတိပဋ္ဌာန်တရား ပွားများနေမယ်ဆိုရင် သီလမဂ္ဂင်လည်း ဖြစ်နေမယ်။ သမာဓိမဂ္ဂင်လည်း ဖြစ်နေမယ်။ ပညာမဂ္ဂင်တွေလည်း ဖြစ်နေမှာပါ။ အဲဒီအတွက် အကောင်းဆုံး အတိုဆုံး အလွယ်ဆုံးလို့ပဲ ပြောရတော့မှာပေါ့လေ၊ ကျင့်ကြံတဲ့အခါ ခရီးပေါက်အောင် အတော်အားထုတ်ရတာပေါ့လေ။
ဒါပေမယ့် မှတ်ရလွယ်တယ်၊ လုပ်ရင်ဖြစ်နိုင်တယ်၊ အသက်ကြီးလို့ မကျန်းမာလို့ ဆိုပြီးတော့ ရှောင်တိမ်းနေရမှာ မဟုတ်ဘူး။
ဘယ်လိုပဲနေနေ၊ နေတတ်သလိုနေ၊ ချမ်းသာသလိုနေ၊ ထင်ရှားရာကိုမှတ်၊ သတိပဋ္ဌာန်တရားမြတ်-တဲ့။
အဲဒီသတိပဋ္ဌာန်တရား ဘယ်လောက်အရေးပါလဲဆိုရင် ပွင့်တော်မူပြီးတဲ့ ဂင်္ဂါဝါဠု သဲစုမက တဲ့ ဘုရားတိုင်း ဘုရားတိုင်းဟာ ဒီသတပဋ္ဌာန်လမ်းကပဲ နိဗ္ဗာန်ကို ဝင်စံကြပါတယ်။ အဲဒီဘုရားတပည့်သားအဆူဆူတွေကလည်း ဒီသတိပဋ္ဌာန်တရား ကျင့်သုံးပြီးတော့ နိဗ္ဗာန်ဝင်စံကြတာပဲ-တဲ့။

ရဟန်းတော်တွေ ဘိက္ခုနီမ ရဟန္တာမကြီးတွေ လူဥပါသကာကြီးတွေ ဥပါသိကာ အမျိုးသမီးကြီးတွေ နိဗ္ဗာန်ဝင်စံကြတယ်ဆိုတာ ဒီသတိပဋ္ဌာန်လမ်းကပဲ။
လုံးစုံဘုရား၊ တပည့်သားတို့၊ ကြွသွားနိဗ္ဗာန်၊ လမ်းဟောင်းမှန်၊ သတိပဋ္ဌာန် အကျင့်ပေတည်း။

ဘုရားအလုံးစုံနဲ့ တပည့်သားတွေ နိဗ္ဗာန်ရောက်အောင် ကြွမြန်းတော်မူကြတာဟာ ဒီသတိပဋ္ဌာန်လမ်းကပါပဲတဲ့။
ဒါကြောင့်မို့ သတိတလုံး၊ စွဲမြဲသုံး၊ အဆုံးနိဗ္ဗာန်ရ၊ 
အသိတလုံး၊ စွဲမြဲသုံး၊ အဆုံးနိဗ္ဗာန်ရ။ အတူတူပါပဲ။

သတိ ပွားများလာရင် တဖြည်းဖြည်း အသိ ဖြစ်လာတယ်။ အဲဒီ အသိ လောကီအသိ ကနေပြီးတော့ 
နောက် လောကုတ္တရာအသိ ဖြစ်လာတာ၊ သတိအားကောင်းလာရင် ဗလဝဝိပဿနာဉာဏ် အဆင့်ဆင့်တွေ ဖြစ်လာတယ်။ နောက် ဗလဝဝိပဿနာဉာဏ်တွေ ကျော်လွန်ပြီး မဂ်ဉာဏ်အသိ ဖြစ်လာတယ်။ မဂ်ဉာဏ် ဖိုလ်ဉာဏ် တွေဖြစ်လာတယ်။ အဲဒီ အသိ ရောက်အောင် ပွားများဖို့ရာက ဒီ သတိပဋ္ဌာန် ပါပဲ။

သတိတလုံး၊ စွဲမြဲသုံး၊ အဆုံးနိဗ္ဗာန်ရ။
အသိတလုံး၊ စွဲမြဲသုံး၊ အဆုံးနိဗ္ဗာန်ရ။
အဲဒီအတိုင်း ကျင့်နိုင်ကြံနိုင် အားထုတ်နိုင်ကြ၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

ရွှေဥမင်ဆရာတော်

Monday, June 6, 2011

စူပါစတား အာဟာရဓာတ် ကယ်(လ်)စီယမ်

လူ့ခန္ဓာကိုယ်အတွင်းမှ မည်သည့်အင်္ဂါမဆို ကယ်(လ်)စီယမ်ဓာတ်နဲ့ မကင်းနိုင်ပါ။ သို့သော် လူအတော် များများမှာ ယင်းဓာတ်ကို ခန္ဓာကိုယ်အတွက် လုံလောက်စွာ သိမ်းဆည်း သိုမှီး၍ မထားနိုင်ကြ။

ကယ်လ်စီယမ်ဓာတ်မှာ ခန္ဓာကိုယ်အတွင်း အပေါများဆုံး သတ္ထုဒြပ်စင်တခုဖြစ်ကာ အချိန်ကာလကြာမြင့်စွာ ကပင် ခန္ဓာကိုယ်၏ သန်မာသောအရိုးများ၊ သွားများ၏ ခိုင်ခန့်မှုနှင့် ဖွဲ့စည်းမှုတို့အတွက် အဓိကအရေး ပါကြောင်း သတ်မှတ်ခဲ့ပေသည်။ သို့သော် အရိုးများ ဖြစ်ပေါ်ဖွဲ့စည်းမှုတွင် ကယ်လ်စီယမ်ဓာတ်၏ အရေးပါပုံမှာ အဆုံးမဟုတ်ဘဲ အစမျှသာ ရှိပေသေးသည်။ တကယ်တော့ အရိုးများက ကယ်လ်စီယမ်ဓာတ်များ သိုမှီးထားရာ နေရာကြီးတခုအဖြစ် ဆောင်ရွက်နေခဲ့ပြီး ခန္ဓာကိုယ်က လိုအပ်လျှင် အရိုးများမှ ဆွဲယူ သုံးစွဲနိုင်၏။ လူ့ခန္ဓာကိုယ်ကြီးတွင်လည်း အစားအစာကဲ့သို့သော ပြင်ပအရာများမှ ကယ်လ်စီယမ်ဓာတ်ကို ရရှိနိုင်အောင် ဖန်တီးထားသော ဖြစ်စဉ်များ တည်ရှိပေသည်။

အထက်ဖော်ပြပါ ဖြစ်စဉ်နှဏ်ခုအနက် ခန္ဓာကိုယ်မှ ကယ်လ်စီယမ်ဓာတ်ကို စုပ်ယူသုံးစွဲနိုင်မှုကို လှုံ့ဆော်ပေးနိုင်သော အဓိကအရာမှာ ဗိုက်တာမင်(ဒီ) ဓာတ်ပင်ဖြစ်တော့သည်။ 

အာရှတိုက်တလွှား ကယ်လ်စီယမ်ဓာတ် မည်၍မည်မျှ နေ့စဉ် စားသုံးသင့်သည်ဟူသော အချက်မှာ ကွဲပြား ခြားနားမှုရှိ၏။ စင်ကာပူနိုင်ငံတွင် အရွယ်ရောက်သူများအား နေ့စဉ် ကယ်လ်စီယမ် (၅၀၀)မီလီဂရမ် စားသုံးရန် အကြံပြုထား၏။ ထိုင်ဝမ်တွင် (၆၀၀)မီလီဂရမ်၊ မလေးရှားတွင် (၄၅၀)မီလီဂရမ် စသည်ဖြင့် နေ့စဉ်စားသုံးရန် သတ်မှတ်ထားရှိပါသည်။ ယခုတိုင် ကမ္ဘာတလွှားမှ ကျွမ်းကျင်ပညာရှင်များက ကယ်လ်စီယမ်မှာ အရေးကြီးသော အာဟာရဓာတ်တခုအဖြစ် သဘောတူလက်ခံထားကြဆဲ ဖြစ်၏။ လူ့ခန္ဓာကိုယ်က လုံလောက်သော ကယ်လ်စီယမ်ဓာတ်ကို အစားအသောက်မှ မရရှိခဲ့ပါက ပါရာသိုင်းရွိုက် အကျိတ် ၄-မှ ထုတ်လုပ်သော ပါရာသိုင်းရွိုက်ဟော်မုန်းနှင့် ဗိုက်တာမင်(ဒီ)ဓာတ်တို့က အရိုးများအတွင်း သိမ်းဆည်းထားသည့် ကယ်လ်စီယမ်ဓာတ်များကို ထုတ်ပေးရန် အချက်ပြလိုက်တော့၏။ အကယ်၍ တစုံတယောက်မှာ ကယ်လ်စီယမ် (သို့မဟုတ်) ဗိုက်တာမင်(ဒီ)ဓာတ် ကြာမြင့်စွာ ချို့တဲ့နေခဲ့သည်ဆိုပါက အရိုးများမှ တဖြည်းဖြည်း ချိနဲ့အားနည်းလာပေမည်။

မကြာသေးခင်ကမှ ပြုလုပ်ပြီးစီးခဲ့သော သုတေသနပြုချက်များအရ ကယ်လ်စီယမ်ဓာတ်မှာ ကျန်းမာရေး ပြဿနာကြီး ၃-ရပ်အပေါ်၌ အလွန်ထိရောက်စွာ လွှမ်းမိုးမှုရှိနိုင်ကြောင်း အကြံပြုခဲ့ကြပါသည်။

သွေးတိုေးရာဂါ (High blood pressure)
လူတယောက်၏ သွေးပေါင်ချိန်ကို လွှမ်းမိုးထားသောအချက် များစွာရှိသည့်အနက် မျိုးရိုးဗီဇ၊ ကိုယ်အလေးချိန်၊ ကာယလေ့ကျင့်ခန်းများနှင့် တချို့လူနာများအဖို့ အငံစားသုံးသော ပမာဏ စသည့်အချက်များက အရေးပါလှသည်။ ၁၉၈၀-ခုနှစ် စောစောပိုင်းကပင် စတင်ခဲ့သော သုတေသနပြု လေ့လာချက်များအရဆိုလျှင် ကယ်လ်စီယမ်ဓာတ်-ကလည်း သွေးပေါင်ချိန်အပေါ်၌ သက်ရောက်မှု ရှိသည်ကို တွေ့ကြရ၏။

တချို့လူများ၌ ကယ်လ်စီယမ်ဓာတ်ကို သာမန်ထက် လျော့နည်းစွာ စားသုံးခြင်းကြောင့် သွေးတိုးရောဂါ ပိုမိုဖြစ်ပွားကြောင်း တွေ့ရှိရပါသည်။ ၁၉၉၄-ခုနှစ် ဟောင်ကောင်အစိုးရ၏ ထုတ်ပြန်ချက်တရပ်တွင် ပြင်ပလူနာအဖြစ် လာရောက်ပြသသော ရောဂါများအနက် သွေးတိုးရောဂါမှာ ကုသမှုအပေးရဆုံး ရောဂါ ဖြစ်နေ၏။ ဟောင်ကောင်မြို့၊ တရုတ်ယူနီဗာစီတီမှ အစာအာဟာရသိပ္ပံပညာရှင်  Georgia Guldan-၏ ယူဆချက်မှာ တရုတ်ဟင်းလျာများအထဲတွင် အငံဓာတ် (ဆား)များကို ပိုမိုပါဝင်မှုက သွေးတိုးရောဂါ ဖြစ်ရခြင်း၏ အကြောင်းရင်းတရပ် ဖြစ်ယုံမျှမက ကယ်လ်စီယမ်ဓာတ်ကို လျော့နည်းစားသုံးခြင်းကလည်း ဆက်နွယ်နေသော အကြောင်းရင်းတရပ်ဖြစ်နိုင်သည်ဟူ၍ပင်။ သွေးတိုးရောဂါ ဖြစ်တဲ့သူတိုင်းကို ကယ်လ်စီယမ်ဓာတ် လျော့နည်းစားသုံးတာကြောင့်လို့ ပြောလို့မရပေမယ့်လို့ တချို့လူနာ အတော်များများမှာ ဒီနှစ်ခုဟာ ဆက်စပ်မှုရှိတာတော့ အမှန်ပဲ-လို့ သူကဆိုခဲ့သည်။

သာမန်အားဖြင့် အသက်အရွယ်ကြီးရင့်လာချိန်တွင် သွေးပေါင်ချိန် မြင့်တက်လာတတ်သော အခြေအနေကို ကယ်လ်စီယမ်ဓာတ် လျော့နည်းလာခြင်းက ပိုမိုအားပေးသကဲ့သို့ ဖြစ်တတ်ပေသည်။

၁၉၉၇-ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု စမ်းသပ်ချက်တခုအရ သွေးပေါင်ချိန် သာမန် သို့မဟုတ်-မြင့်တက်နေသော အရွယ်ရောက်သူများနှင့် သွေးတိုးရောဂါ အတန်အတင့်ရှိသူများ၏ သွေးပေါင်ချိန်ကို အဆီဓာတ်လျော့နည်းသော နို့ထွက်ပစ္စည်း အစားအစာများ နေ့စဉ် ကယ်လ်စီယမ်ဓာတ် ၁,၂၀၀ မီလီဂရမ်အထိ ပါဝင်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းက သိသိသာသာကြီး လျော့နည်းကျဆင်းစေခြင်းပင် ဖြစ်တော့၏။

 ထို့ကြောင့် တချို့ပညာရှင်များက သွေးတိုးရောဂါကို ကုသရာတွင် ဆား(အငံ)ပါသော အစားအစာများကို လျော့စားသည်ထက် ကယ်လ်စီဝမ် ပြည်ဝသော အစားအစာများကို စားသုံးခြင်းက ပိုမိုထိရောက်မှု ရှိနိုင်ကြောင်း အမြင်ပြောင်းလဲလာခဲ့ကြပါသည်။

ဒေါက်တာ Guldan -က အာရှတိုက်မှ မြို့ပြနေ ကလေးငယ် အများစုမှာ အာဟာရဓာတ်ပြည်ဝမှု မရှိသော အစားအစာများကို စားသောက်နေကြကြောင်း၊ ဟောင်ကောင်တွင် အသက် ၁၀-နှစ်မှ ၁၂-နှစ်အရွယ် ကလေးလူဦးရေ၏ ထက်ဝက်မှာ ကယ်လ်စီယမ်ဓာတ်ကို လုံလောက်စွာမရရှိကြကြောင်း လေ့လာတွေ့ရှိ ခဲ့ရ၏။ ထို့အပြင် တခြားဖြည့်စွက်ရန် အချက်အရပ်မှာ ကာယလေ့ကျင့်ခန်းများကိုလည်း မှန်ကန် လုံလောက်စွာ မလုပ်ကြခြင်းလည်း ပါသည်။

ဒေါက်တာ Guldan-က ဆက်လက်၍ ရှင်းပြသည်မှာ လူတဦး၏ တသက်တာလုံးတွင် သူ၏အရိုးများအတွင်း၌ တပြိုင်နက်ဖြစ်ပေါ်နေသော ဖြစ်စဉ်ကြီးနှစ်ခု ရှိကြောင်း ယင်းဖြစ်စဉ်နှစ်ခုမှာ အရိုးများ ဖြစ်ထွန်း တည်ဆောက်ခြင်းနှင့် အရိုးများ ပျက်ယွင်းနေမှုတို့ဖြစ်ကြောင်း၊ ကာယလေ့ကျင်ခန်းများ မှန်မှန် မပြုလုပ်ခြင်းက  အရိုးများဖြစ်ထွန်းတည်ဆောက်နေမှု  ဖြစ်စဉ်ကို နှေးကွေးစေနိုင်ကြောင်း၊ ထို့ကြောင့် မိဘများက မိမိတို့၏ သားသမီးများကို ကယ်လ်စီယမ်ဓာတ်ပြည့်ဝသော အစားအသောက်များ ဖြစ်သည့် ပဲအမျိုးမျိုးနဲ့ စိမ်းလန်းသော ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးကြရန် တိုက်တွန်းရုံတင်မကပဲ ကာယလေ့ကျင့်ခန်းများကိုလည်း မှန်မှန်ပြုလုပ်ကြရန် တိုက်တွန်းဖို့ လိုအပ်ကြောင်း ဒေါက်တာ Guldan-က ရှင်းပြခဲ့ပါသည်။

ကင်ဆာ (Cancer)
ခန္ဓာကိုယ်အတွင်းရှိ တစ်သျူးများမှာ အပေါ်ယံအရေပြား အလွှာကို ဖွဲ့စည်းထားသော epithelial ဆဲလ်များကဲ့သို့သော ဆဲလ်များဖြင့်အနားသတ်တလျှောက် ဖွဲ့စည်းတည်ဆောက်ထား၏။ ယင်းဆဲလ်များက  အသစ်ပေါက်ဖွားလာခြင်း၊ ရင့်ရော်လာခြင်း၊ ရွေ့လျောကွာကျသွားခြင်း၊ ယင်းနေရာများ၌ ဆဲလ်အသစ်များက အစားထိုးဝင်ရောက်လာခြင်း စသည်ဖြင့် သံသရာလည်နေ၏။ ခန္ဓာကိုယ်အတွင်း အူမကြီးနံရံ တလျှောက်ရှိ ယင်း epithelial ဆဲလ်များ ပွားများလာမှုနှင့် အူမကြီး ကင်ဆာဖြစ်မှုကို ဆက်စပ်၍ ပြသလာကြပါသည်။

လေ့လာချက်များအရ အဆီဓာတ်များစွာပါသော အစားအစာများနှင့် အူမကြီးကင်ဆာရောဂါ ဆက်စပ်မှုကို တွေ့ရှိကြရပါသည်။ သီအိုရီတခုမှာ အဆီဓာတ်များနှင့် သည်းခြေရည်အက်ဆစ်ဓာတ်များက ဆဲလ်များကို ထိခိုက်ပျက်စီးစေကာ သာမန်မဟုတ်သော ဆဲလ်များ တိုးပွားလာစေမှုကို လှုံ့ဆော်သည်ဟု ဆိုပါသည်။

ယမန်နှစ်က နယူးရော့ခ် St Luke's Roosevelt ဆေးရုံကြီးမှ အူနှင်အစာလမ်းကြောင်းဆိုင်ရာ ဌာနမှူး Peter Holt က အမေရိကန်ဆရာဝန်များအသင်း  ဂျာနယ်တွင် အစီရင်ခံ ဖော်ပြခဲ့သည်မှာ အူမကြီးအတွင်း polyp ခေါ် အသားပိုတခုအား ခွဲစိတ်ကုသမှု ခံယူရန်ရှိသည့် အရွယ်ရောက် လူနာ ၇၀-တို့အား လေ့လာ သုတေသနပြုလုပ်ခဲ့ရာ ယင်းလူနာများက အဆီဓာတ်လျော့နည်း၍ ကယ်လ်စီယမ်ဓာတ် ၁,၅၀၀ မီလီဂရမ်အထိ ပါဝင်သော နို့ထွက်အစားအသောက်များကို စားသုံးခြင်းကြောင့် အူမကြီးအတွင်း သာမန်မဟုတ်သော ဆဲလ်များ ပွားများလာမှုကို ဟန့်တားပေးကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။ (ယင်း အူမကြီးအတွင်းရှိ polyp အသားပိုများမှာ အူမကြီးကင်ဆာအဆင့်သို့ ပြောင်းလဲသွားတတ်ပါသည်)

ရာသီသွေးမပေါ်မီ ဖြစ်ပေါ်သော ဝေဒနာစု (PMS)
အမျိုးသမီးဦးရေ၏ ၄၀-ရာခိုင်နှုန်းမှာ PMS ခေါ် ရာသီသွေးမပေါ်မီ ဖြစ်ပေါ်တတ်သော ဝေဒနာတချို့ကို ခံစားရလေ့ရှိပါသည်။ ယင်းတို့မှာ စိတ်အနေအထားများ ပြောင်းလဲမှုရှိခြင်း၊ မျက်နှာ, ခြေ, လက်များ ရောင်တတ်ခြင်း၊ သရေစာများ မကြာခဏ စားလိုစိတ်ရှိခြင်းနှင့် နာကျင်မှုဝေဒနာများ ဖြစ်ကြပါသည်။ ယင်းကဲ့သို့ ဖြစ်ရခြင်း အကြောင်းရင်းများအနက် ကယ်လ်စီယမ်ဓာတ်ကို တာရှည်စွာ အလုံအလောက် မရရှိမှုကြောင့်ဟု St Luke's Roosevelt ဆေးရုံကြီးမှ ဆေးညွှန်ကြားရေးမှူး Thys-jacobs က ယုံကြည်ယူဆခဲ့ပါသည်။

Thys-jacobs နှင့် တခြား ဆေးသုတေသနဌာနကြီး ၁၁-ခုတို့ အတူပူးပေါင်း၍ PMS ဝေဒနာခံစားနေကြ ရသော အမျိုးသမီး ၄၆၆-ယောက်အား ကယ်လိစီယမ်များကျွေး၍ စမ်းသပ်ကြည့်ရှုခဲ့ရာ လစဉ် သူတို့ခံစားနေကြရသော ဝေဒနာများမှ သက်သာမှုရှိကြောင်း လေ့လာတွေ့ရှိရပေသည်။ ထိုစမ်းသပ်မှုတွင် ပါဝင်သော အမျိုးသမီးများက နေ့စဉ် ကယ်လ်စီယမ် ၁,၂၀၀ မီလီဂရမ် စားသုံးပါက သူတို့၏ယေဝဒနာများ ၄၈-ရာခိုင်နှုန်းအထိ သက်သာပျော်ကင်းကြောင်း တွေ့ရှိရ၏။ ကယ်လ်စီယမ်မပေးဘဲ စမ်းသပ်သော သီးခြား အုပ်စုတွင် ၃၀-ရာခိုင်နှုန်းသာ သက်သာသည်ကို နှိုင်းယှဉ်တွေ့ရှိရ၏။ ကယ်လ်စီယမ် သောက်သုံးနေသူ လေးယောက်အနက် တယောက်တွင် နာကျင်ကိုက်ခဲမှုများ ၅၄-ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းသွားပြီး ကယ်လ်စီယမ် မစားသူ အုပ်စုတွင်မူ ၁၅-ရာခိုင်နှုန်းအထိ တိုးပွားလာကြောင်း စမ်းသပ်တွေ့ရှိရ၏။ Thys-jacods-က PMS ဝေဒနယ ခံစားနေရသူ အမျိုးသမီးများ၏ သွေးနှင့်ဆေးတွင် ကယ်လ်စီယမ်ဓာတ် ပမာဏ သာမန်အတိုင်းရှိကောင်း ရှိနိုင်သည်။ သို့သော် ပါရသိုင်းရွိုက်အကျိတ်၏ ဟော်မုန်းဓာတ်များ လွန်စွာမြင့်မားမှုက အရိုးများမှ ကယ်လ်စီယမ်ဓာတ်ကို စဉ်ဆက်မပြတ် ထပ်မံ ဖြည့်စွက်လိုက်သော အကြောင်းတရပ်ကိုလည်း Thys-jacods-ကပြောပြခဲ့သေးသည်။ ယင်းမှာ နေရောင်နဲ့ ထိတွ့လိုက်တာနဲ့ ဗိုက်တာမင်(စီ)ဓာတ် ၈၀-ရာခိုင်နှုန်းလောက် လူ့ခန္ဓာကိုယ်ရဲ့ အရေပြားထဲမှာ ထုတ်လုပ်ကောင်း ထုတ်လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အမျိုးသမီး အတောများများဟာ နေရောင်ကို ရှောင်လေ့ရှိတတ်ကြတာမို့ သူတို့ရဲ့ ဗိုက်တာမင်(ဒီ)ပမာဏက သာမန်ထက် အများကြီး လျော့နည်းနိမ့်ကျနေပါလိမ့်မယ်-ဟူ၍ ဖြစ်ပါသည်။

ကယ်လ်စီယမ်ဓာတ် ပြည့်ဝသော အစားအသောက်များ-
၁။ သဘာဝအဆီ အနည်းငယ်သာ ပါဝင်သော ဒိန်ချဉ်-ပမာဏ ၂၀၀-ဂရမ်, ကယ်လ်စီယမ်(mg) ၄၂၀-မီလီဂရမ်။
၂။ ငါးသောတ္တာ(ဗူး), ၁၀၀-ဂရမ်, ၃၈၀-မီလီဂရမ်။
၃။ နို့ (အဆီနှုတ်ပြီး), လက်ဖက်ရည်ခွက် တခွက်စာ, ၃၂၀-မီလီဂရမ်။
၎။ တရုတ်ဂေါ်ဖီ, ၁၀၀-ဂရမ်, ၂၄၀-မီလီဂရမ်။
၅။ ပဲဒိန်, ၁၀-ဂရမ်, ၁၅၀-မီလီဂရမ်။
၆။ ချီဒါ(ဒိန်ခဲ), ၁၀-ဂရမ်, ၂၃၃-မီလီဂရမ်။
၇။ တောင်ကြာကလေး, ၁၀၀-ဂရမ်, ၁၁၄-မီလီဂရမ်။
၈။ တရုတ်ဂေါ်ဖီထုပ်, ၁၀၀-ဂရမ်, ၁၀၂-မီလီဂရမ်။
၉။ လိမ္မော်သီး, ၁-လုံး, ၇၀-မီလီဂရမ်။
၁၀။ ဒေါက်ခွရွက်, ၁၀၀-ဂရမ်, ၆၀-မီလီဂရမ်။

ဒေါက်တာဇော်သန်း
(Ref;The Superstar Nutrient by jane Brody Slogan, Reader's Digest, June, 1999.

Saturday, June 4, 2011

သင့်မှာ ရှေးဦးသူနာပြု အသိပညာ ဘယ်လောက်ရှိသလဲ

အိမ်ထဲမှာပဲ နေနေ, ပျော်ပွဲစားထွက်တဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ်, လှုပ်လှုပ်ရှားရှား နေရတဲ့အခါမျိုးတွေမှာ သာမန်အချိန်တွေထက် မတော်တဆမှု တခုမဟုတ် တခု ပိုဖြစ်တတ်ပါတယ်၊ ဒဏ်ရာမကြီးကျယ်ရင် ကိုယ့်ဘာသာကိုယ် ပြုစုကုသလိုက်ရုံနဲ့ ပြီးတာပါပဲ။ အဖြစ်များတဲ့ မတော်တဆမှုလေးတွေကို ဖော်ပြပေးထားပါတယ်။ ကုသပုံ ကုသနည်း အမှန်ကို စဉ်းစားရွေးချယ် ကြည့်ခြင်းဖြင့် သင့်မှာ ရှေးဦးသူနာပြု ဗဟုသုတ ဘယ်လောက်ရှိသလဲဆိုတာ စမ်းကြည့်ပါ။

၁။ အိမ်ဘေးကအပင်ပေါ် အသီးတက်ခူးရင်း ပျားအတုပ်ခံလိုက်ရတယ်။ အဖုအပိမ့်တွေတော့ ထွက်မလာဘူး။ ဒါပေမဲ့ အကိုက်ခံရတဲ့နေရာက နာတယ်။ ပျားဆူးကို ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲ။
(က) ဇာဂနာ
(ခ) ရေခဲ
(ဂ) အင်တီဟစ်စ်တမင်း ဆေးတမျိုးမျိုး
(ဃ) အကြွေးဝယ်ကဒ်လို ကဒ်ပြား မာမာ

အဖြေ။ (ဃ) ဆူးတဲ့နေရာကို ကဒ်ပြားလေးနဲ့ ဖြည်းဖြည်းချင်း ခြစ်ပေးခြင်းဟာ ဆူးကိုဖယ်ပစ်ဖို့ အကောင်းဆုံး နည်းပါပဲ။ ဇာဂနာနဲ့ သွားလုပ်ရင် ဆူးက အကုန်ထွက်မလာဘဲ ကျန်ခဲ့တဲ့ ငုတ်တိုက နစ်ဝင်သွားရင်  ပိုနာပါလိမ့်မယ်။ အကိုက်ခံရတဲ့နေရာကို ဆပ်ပြာတိုက်၊ ရေဆေးပြီး ရေခဲအုံရင် အရောင် သက်သာပါတယ်။ အင်တီဟစ်တမင်း တခုခု လိမ်းရင် အယား သက်သာသွားပါလိမ့်မယ်။

၂။ မီးဖိုထဲမှာ ချက်ပြုတ်ရင်း လက်ကို မီးဟပ်သွားတယ်။ မီးလောင်ရာက နီရဲနေပေမယ့် အဖု ထမလာဘူး။ အနာသက်သာအောင် ဘာလုပ်သင့်သလဲ။
(က) အပူ သက်သာသွားအောင် ရေခဲနဲ့ ဖြည်းဖြည်းချင်း ပွတ်ပေးပါ။
(ခ) ရေအေးနဲ့ ချက်ခြင်းဆေးပစ်ပြီး ပတ်တီးခပ်လျော့လျော့ စီးထားပါ။
(ဂ) တစစ်စစ်နာနေတာ ကောင်းသွားအောင် ထောပတ်လိမ်းပါ။
 (ဃ) ရေပတ်အုပ်ထားလိုက်ပါ။

အဖြေ။ (ခ) ရေအေးနဲ့ ဆေးလိုက်ရင် ပူလောင်နေတာ ကောင်းသွားပါလိမ့်မယ်။ ခပ်လျော့လျော့စီးထားတဲ့ ပတ်တီးက အနာကို ဖုန်၊ သဲ၊ မဝင်အောင် ကာကွယ်ပေးပါတယ်။ ရေခဲနဲ့ သွားမအုံပါနဲ့။ အနာ ပိုဆိုးသွားပါလိမ့်မယ်။ ထောပတ်လိမ်းတာကတော့ ရှေးရိုးနည်းပါ။ ဒါပေမဲ့ အနာကို လေမထိအောင် ဖုံးကာလိုက်သလို ဖြစ်တာကြောင့် ရှောင်သင့်ပါတယ်။ ရေဖတ်အုံတဲ့အခါ အဝတ်စ မသန့်တာနဲ့တွေ့ရင် ပိုးဝင်ပြီး အနာရင်းပါလိမ့်မယ်။

၃။ သင့်ကလေး ပြေးဆော့ရင်း လဲကျသွားလို့ နှာခေါင်းက သွေးထွက်သွားတယ်။ ဘယ်လိုပြုစုမှုမျိုး ပထမဆုံး လုပ်ရပါ့မလဲ။
(က) ခေါင်းကို နောက်လှန်ခိုင်းပြီး နှာသီးဖျားကို ညှစ်ထားပါ။
(ခ) သွေးထွက်တာ ရပ်သွားအောင် နှာခေါင်းပေါက်ထဲကို ဂွမ်းဆို့ထားလိုက်ပါ။
(ဂ) ရှေ့ကို ငိုက်ခိုင်းထားပြီး နှာသီးဖျားကို ညှစ်ထားပါ။
(ဃ) ရေခဲအုံလိုက်ပါ။

အဖြေ။ (ဂ) ကလေးကို ရှေ့ငိုက်ထားပါ။ နောက်မလှန်ပါနဲ့။ အဲဒါဆို သွေးကျတာ ရပ်သွားပါလိမ့်မယ်။ နှာရိုး အဆုံးက ပျော့တဲ့အပိုင်းကိုသာ သွေးထွက်ရပ်အောင် ဖိပြီး ညှစ်လို့ ရပါမယ်။ ဂွမ်းဆို့လိုက်ရင် အမျှင်တွေက နှာခေါင်းထဲမှာ သွေးစေးနဲ့ ကပ်နေပြီး ပိုဒုက္ခရောက်တတ်ပါတယ်။ သွေးထွက်ရပ်ပြီဆိုရင် နာကျင်ရောင်ရမ်းတာ သက်သာအောင် ရေခဲအုံလို့ ရပါတယ်။

၎။ တခုခုလှီးတုန်း လက်ကို ဓားရှသွားတယ်။ သိပ်တော့ မနက်ပါဘူး။ ဒါပေမဲ့ တမိနစ်လောက် သွေးထွက်နေတုန်းပဲ။ ဘာလုပ်ရပါ့မလဲ။
(က) အနာကို တစ်ရှူးစနဲ့ အုပ်ထားလိုက်မယ်။
(ခ) ဆပ်ပြာနဲ့ ဆေးပြီး အဝတ်စသန့်သန့်နဲ့ ၅-မိနစ်လောက် ဖိအုပ်ထားလိုက်မယ်။
(ဂ) လက်ကောက်ဝတ်ကို အဝတ်စ တခုခုနဲ့ ကျပ်အောင်ချည်ပြီး သွေးမထွက်အောင် လုပ်မယ်။
(ဃ) ဒီအတိုင်းထားလိုက်မယ်။

အဖြေ။ (ခ) ရှရာ သေးသေးလေးပေမဲ့ ပိုးမွှားဝင်နိုင်ပါတယ်။ ဒါကြောင့် ဆပ်ပြာနဲ့ ဆေးပါ။ ရှရာကို သေချာနှိပ်ပြီး ဖိထားရင် သွေးထွက်ရပ်သွားပါလိမ့်မယ်။ တစ်ရှူးနဲ့အုပ်ရင် အမှုန်အမွှား အစလေးတွေ အနာထဲဝင်ပြီး အနာကျက်နှေးစေပါတယ်။ လက်ကောက်ဝတ်ကို သွားစည်းရင် သွေးလည်ပတ်မှုရပ်သွားပြီး အာရုံကြောကို မိနစ် ၃၀-အတွင်း ထိခိုက်နိုင်ပါတယ်။ အနာကို ပိုးသတ်ထားတဲ့ ပတ်တီးစနဲ့ပဲ ပတ်ထားသင့်ပါတယ်။

၅။ ခြံထဲမှာ အင်္ကျီချွတ်ကြီးနဲ့ ဖျာခင်းပြီး အိပ်မောကျလိုက်တာ ကျောကိုနေထိုးတာ မသိလိုက်လို့ နေလောင်သွားတယ်၊ ဘာလုပ်ရင် အကောင်းဆုံးဖြစ်မလဲ။
(က) အရိပ်ထဲရွှေ့လိုက်ပြီး နေလောင်ဒဏ်ကာကွယ်တဲ့ ကရင်မ်တမျိုးမျိုး လိမ်းမယ်။
(ခ) အိမ်ထဲဝင်ပြီး ခဲမတတ် အေးနေတဲ့ အဖျော်ရည် တခုခု စုပ်လိုက်မယ်။
(ဂ) အိမ်ထဲဝင်၊ ရေအေးအေး ချိုးပြီး ရေ သို့မဟုတ်-သစ်သီးဖျော်ရည် တခုခု သောက်မယ်။
(ဃ) ရေကူးကန်ထဲမှာ စိမ်လိုက်မယ်။

အဖြေ။ (ဂ) နေရိပ်ထဲကို သွားပြီး ရေသောက်ဖို့ကတော့ မလုပ်မဖြစ် လုပ်ရမှာပါပဲ။ နေလောင်ပြီးမှ ကရင်မ်လိမ်းရင် ဘာမှမထူးလာပါဘူး။ နေလောင်ခံရရင် ရေဓာတ်အများကြီး ခန်းခြောက်သွားတာမို့ တနာရီ တခါလောက် အဖော်ရည် ၈-အောင်စမှ ၁၆-အောင်စအထိ သောက်ပေးရပါမယ်။ အရက်နဲ့ ကော်ဖီဟာ ကိုယ်တွင်း ရေခန်းခြောက်စေတဲ့အတွက် ရှောင်ရပါမယ်။ ခရမ်းလွန် ရောင်ခြည်က ရေထဲကိုပါ ဖောက်ဝင်နိုင်တဲ့အတွက် နေပူထဲ ရေစိမ်ရင် နေလောင်တာ ပိုခံရပါလိမ့်မယ်။

Ref: The Singapore Women's Weekly, Dec 1997.

Friday, June 3, 2011

သင့်ကိုသင် မေးဖို့ မေးခွန်း ၁၀၀

သူတပါးကို ကိုယ်က ဝေဖန်အကဲဖြတ်ရသည်မှာ လွယ်သည်။ သို့ရာတွင် ကိုယ့်ကိုယ်ကိုယ် ဝေဖန်စိစ်ရသည့်အခါ ညှာတာခွင့်လွတ်တတ်ခြင်း၊ ဘက်လိုက်တတ်ခြင်း၊ အထင်ကြီးတတ်ခြင်း၊ လက်တွန့်တတ်ခြင်း၊ စသည်တို့ကြောင့် မှန်ကန်ပြတ်သားခြင်း မရှိတတ်ပေ။ ထိုသို့ဖြစ်တတ်သောကြောင့် ပြုပြင် ရာတွင်လည်း မထိရောက်၊ အမှန်မရောက်ဘဲ ရှိတတ်ပေသည်။

သို့ရာတွင် သူတပါးကို ဝေဖန်သည့်အခါ အပြစ်ကို ကွက်ကွက်ကွင်းကွင်း မြင်ရတတ်သည်။ ထို့ကြောင့် မိမိကိုယ်ကို အကဲဖြတ်ရာတွင် အမှတ်ပေးစနစ်ကို အသုံးပြုရန် လိုသည်။ ယခုအခါ အလှမယ်ရွေးပွဲ၊ လက်ဝှေ့ ပြိုင်ပွဲ၊ လူရွေးပွဲ၊ စာပေပြိုင်ပွဲ စသည်တို့တွင် အကဲဖြတ်များထား၍  ထိုအကဲဖြတ်များက ကောင်းခြင်း၊ စိတ်ကျေနပ်မှုရခြင်းတို့ကို သီးခြားအမှတ်ပေး၍ ဆန္ဒပြုကြရပေသည်။ အမှတ်ပေးရန် စံများကိုလည်း ဦးစွာ ညှိနှိုင်းရေးဆွဲ၍ ထိုစံအတိုင်း အကဲဖြတ် အမှတ်ပေးလေ့ ရှိကြသည်။ 

ထိုနည်းတူ မိမိကိုယ်ကို မိမိ စိစစ်အမှတ်ပေးရန်အတွက် စံများ သို့မဟုတ်-ကောင်းခြင်းလက္ခဏာများကို သတ်မှတ်ရွေးချယ်၍ ထိုအချက်များပေါ်တွင် အမှတ်ပေးကြည့်လျှင် ပို၍တိကျစွာ သိရှိအကဲဖြတ်နိုင်မည် ဖြစ်ပေသည်။ သို့ရာတွင် အမှန်အကန် အမှတ်ပေးရန်ကား လိုမည်ဖြစ်ပေသည်။
မိမိကုယ်ကိုယ်နှင့်ပတ်သက်၍ စိစစ်သုံးသပ်ရန် အချက်များကို အောက်ပါအတိုင်း သတ်မှတ်ကြည့်ပြီး အမှတ်ပေးကြပါစို့။ သင့်ကိုယ်သင် အမှတ်ပေး၇န်ပင် ဖြစ်သည်။ အကဲဖြတ်ရန် စံများမျာ အောက်ပါအတိုင်း ဖြစ်ပေသည်။
၁။ သင်သည် နံနက်စောစော ထတတ်သူလော
၂။ နေ့စဉ် သင့်အလုပ်ကို  အစီအစဉ်ဆွဲ၍ လုပ်ကိုင်ပါသလော
၃။ အလုပ်ကို တခြားအရာများထက် ဦးစားပေးပါသလော
၎။ အလုပ်လုပ်ရမည်ဆိုလျှင် ချက်ချင်း စိတ်တက်ကြွမှု ရှိပါသလော
၅။ အလုပ်ကို ဆိုင်းတွ၍မရ၊ မလွှဲမရှောင်သာမှ လုပ်တတ်ပါသလော
၆။ အလုပ်မှန်က ငွေရသည့်အလုပ်ကိုသာ လုပ်လိုပါသလော
၇။ သင့်မှာ ဇွဲလုံ့လ ရှိပါသလော
၈။ မိမိလုပ်ရမည့်အလုပ်ကို စိတ်ပါဝင်စားအောင်  ကြိုးစားစိတ်သွင်းပါသလော
၉။ သင့်မှာ မကောင်းတတ်၍ လုပ်ရသောအလုပ်မျိုး ရှိပါသလော
၁၀။ သင်လုပ်မည့်အလုပ်အတွက် အကျိုးအပြစ်ကို ကြိုတင်တွက်ဆမိပါသလော
၁၁။ သင် အချိန်ကို အလေးထားပါသလော
၁၂။ ဘာမှမလုပ်လိုက်ရဘဲ ကုန်ဆုံးသွားသောအချိန်မျိုး ရှိပါသလော
၁၃။ သင် တနေ့၊ တလ ကုန်တိုင်း ဘာလုပ်ခဲ့သည်၊ ဘာဖြစ်လာသည်ကို စိစစ်ဖူးပါသလော
၁၄။ သင် စေးနှဲခြင်းနှင့် ချွေတာခြင်းကို ခွဲခြားနားလည်ပါသလော
၁၅။ သင် ချွေတာမိသည့်အတွက် စိတ်မကောင်း ဖြစ်မိပါသလော
၁၆။ သင် မသုံးစွဲသင့်သော နေရာတွင် မသုံးဘဲ နေနိုင်ပါသလော
၁၇။ သင် ပိုက်ဆံတပြားမှ မကုန်ကျသောနေ့ ရှိဖူးပါသလော
၁၈။ သင်၏အိမ်ထောင်အတွက် ရသုံးငွေစာရင်း ထားရှိပါသလော
၁၉။ သင် ဝယ်ယူထားသည့် ပစ္စည်းကို သုံးမရသည်အထိ အသုံးပြုပါသလော
၂၀။ အရာရာကိုမြင်လျှင် လိုချင်တပ်မက်မှု ရှိပါသလော
၂၁။ သင်၏အလိုကို ဖျောက်ဖျက်၊ ချုပ်တီး၍ရခဲ့သော အတွေ့အကြုံ ရှိပါသလော
၂၂။ သင့်မှာ မိတ်ဆွေကောင်းဟု သတ်မှတ်နိုင်သူ ရှိပါသလော
၂၃။ သင့်မိတ်ဆွေကို အမှတ်တရ ကူညီဖူးပါသလော
၂၄။ သင် တခြားသူကို အကူအညီမတောင်းဘဲ နေဖူးပါသလော
၂၅။ သင့်မှာ ကိုယ်ချင်းစာမှု၊ စာနာမှု ရှိပါသလော
၂၆။ သင် သူတပါးကို အပြစ်တင်ဖူးပါသလော
၂၇။ သင့်ကိုသင်ရော အပြစ်တင်မိပါသလော
၂၈။ သင့်စိတ်ထဲက နောင်တရမိပါသလော
၂၉။ သင့်ကိုသင် ငါမှာသွားပြီဟု သတိရဖူးပါသလော
၃၀။ သင့်မှာ ရောင်ရဲမှု ရှိပါသလော
၃၁။ သင် သည်းခံတတ်သူဖြစ်ပါသလော
၃၂။ သင် ရုတ်တရက် ဒေါသထွက်တတ်ပါသလော
၃၃။ သူတပါး ဝတ်စားနေသည်ကို မနာလို ဖြစ်မိပါသလော
၃၄။ သင် ရန်ငြိုးထားသောသူ ရှိပါသလော
၃၅။ သင် သူတပါးကို သင်္ကာမကင်း ဖြစ်မိပါသလော
၃၆။ သင် ယုံမှတ်မှုကြောင့် အကျိုးယုတ်ခဲ့ဖူးပါသလော
၃၇။ သင် မယုံကြည်မီ စဉ်းစားဝေဖန်ခဲ့ဖူးပါသလော
၃၈။ သင့်ကို လူတိုင်း ယုံကြည်ကြမည်ဟု မှတ်ထင်ပါသလော
၃၉။ အရာရာတွင် သင်မှန်သည်ဟု မျက်စိမှိတ် ယုံကြည်ပါသလော
၄၀။ သူတပါး အပြစ်ထောက်ပြလျှင် စိတ်ဆိုးတတ်ပါသလော
၄၁။ သင် ချီးမွမ်းခံချင်ပါသလော
၄၂။ သင် အမြှောက်ကြိုက်ပါသလော
၄၃။ သင် စိတ်တိုတတ်ပါသလော
၄၄။ သူတပါး အကူအညီမပေးလျှင် စိတ်နာကြည်းတတ်ပါသလော
၄၅။ သင် စိတ်ဓာတ်ကျဖူးပါသလော
၄၆။ လူတိုင်းကို သင့်အလိုကျ ဖြစ်စေပါသလော
၄၇။ လောကတွင် ဖြစ်နိုင်သောအရာ၊ မဖြစ်နိုင်သောအရာကို သိနားလည်ပါသလော
၄၈။ သင့်ကို ဘယ်နေရာတွင် အပြစ်တင်ကြသည်ကို သိပါသလော
၄၉။ သင် ရက်ချိန်းကတိ တည်ပါသလော
၅၀။ သင် ကြွေးထူဖူးပါသလော
၅၁။ သင်ကိုယ်တိုင် မတတ်နိုင်သည့်အခါမှ အကူအညီတောင်းပါသလော
၅၂။ သူတပါးထံမှ အလကားရဖို့ကိုသာ မျှော်လင့်မိပါသလော
၅၃။ သင့်မှာ မဟုတ်မခံစိတ် ရှိပါသလော
၅၄။ သင် သူတပါးကို မျက်စိမှိတ်၍ အပြစ်တင်တတ်ပါသလော
၅၅။ သင် စိတ်ကူးထုတ်ဖူးပါသလော
၅၆။ သင် သူတပါးကို ဝေဖန်တတ်ပါသလော
၅၇။ သငက် သူတပါးကို အကြံပေးရန် ဝါသနာပါသလော
၅၈။ သင့်ဝါသနာလုပ်ငန်းမှ  ဝင်ငွေရရှိဖူးပါသလော
၅၉။ သင် သူများတကာထက် ထူးချွန်လိုစိတ် ရှိပါသလော
၆၀။ သင့်မှာ သူတပါးထက်သာသည့် အရည်အသွေးရှိသည်ဟု ထင်မြင်ပါသလော
၆၁။ သင် ပတ်ဝန်းကျင်နှင့် သင့်တင့်ပါသလော
၆၂။ သင် သူတပါးကို ထိထိရောက်ရောက် ကူညီဖူးပါသလော
၆၃။ သင့်ကို ကျေးဇူးမတင်၍ စိတ်ကွက်ဖူးပါသလော
၆၄။ သင့်ကျန်းမာရေးကို သင် ဂရုစိုက်ပါသလော
၆၅။ သင့်အစားအစာတွင် အာဟာရဓာတ် ပါ-မပါ စိစစ်ကြည့်ဖူးပါသလော
၆၆။ သင် နာမကျန်းဖြစ်လျှင် ဆေးဖိုးနှမြောတတ်ပါသလော
၆၇။ သင် ကျန်းမာရေးလေ့ကျင့်ခန်း တခုခု ပြုလုပ်ဖူးပါသလော
၆၈။ သင် မတည့်သောအစာကို ငန်းငန်းတက် မက်မောပါသလော
၆၉။ သင် ဆေးလိပ်၊ အရက် သောက်ပါသလော
၇၀။ သင်၏ဝင်ငွေကို အလဟဿ ဖြုန်းတီးဖူးပါသလော
၇၁။ သင် မလုပ်ရရင် မနေနိုင်လောက်အောင် စွဲနေသည့် ဆန္ဒ တခုခုရှိပါသလော
၇၂။ သင် စာဖတ်ဝါသနာပါသလော
၇၃။ သင် စာအုပ်ကောင်းကို ခွမြင်တတ်သောအကျင့် ရှိပါသလော
၇၄။ သင့်မိသားစုကို ဒုက္ခပေးဖူးပါသလော
၇၅။ သင် လူတော်လူကောင်းအဖြစ်  ဂုဏ်ယူလိုပါသလော
၇၆။ သင် ဘာသာတခုခုကို ယုံယုံကြည်ကြည် ကိုးကွယ်ပါသလော
၇၇။ သင် ယုံကြည်မှုမရှိဘဲ  လုပ်ကိုင်နေဖူးပါသလော
၇၈။ သင်၏စာရိတ္တကို တန်ဖိုးထားပါသလော
၇၉။ သင် လူမသိသောပြစ်မှု တခုခု ကျူးလွန်ဖူးပါသလော
၈၀။ သင် အမှားကို ဝန်ခံရန် ဝန်လေးပါသလော
၈၁။ သင် မသိပါဟု အမှန်ကို ပြောရဲပါသလော
၈၂။ သင် မကောင်းမှုပြုလုပ်ရန် ဝန်လေးပါသလော
၈၃။ သူတပါး စိတ်မချမ်းသာအောင် သင်လုပ်ဖူးပါသလော
၈၄။ သင် သူတပါးကို ကောင်းရာကောင်းကြောင်း တိုက်တွန်းခဲ့ဖူးပါသလော
၈၅။ သင့်မှာ စွဲပိုက်လိုက်နာသော ဆောင်ပုဒ်ရှိပါသလော
၈၆။ သင် ကောင်းမှုတွင် ဝါသနာပါသလော
၈၇။ သင် သူတပါးကို မကောင်းကြံခဲ့ဖူးပါသလော
၈၈။ သင် စံနမူနာယူသော  ပုဂ္ဂိုလ်တဦးတယောက် ရှိပါသလော
၈၉။ သင် မိုက်မှား၍ ဆုံးမသည်ကို လိုလိုချင်ချင် လက်ခံတတ်ပါသလော
၉၀။ သင့်ကိုယ်သင် အပြစ်ရှာကြံ တင်ဖူးပါသလော
၉၁။ သင် ဗဟုသုတ ရှာဖွေဆည်းပူးပါသလော
၉၂။ သင် သူတပါးကို ဆရာတင်ရသည်ကို ဂုဏ်ငယ်သည်ဟု မှတ်ယူပါသလော
၉၃။ သင် မဆင်မခြင် အားတနာတတ်ပါသလော
၉၄။ သင် ဆတ်ဆတ်ထိမခံ စိတ်တိုတတ်ပါသလော
၉၅။ ဘဝပန်းတိုင် ဦးတည်ချက် ရှိပါသလော
၉၆။ သင် နေ့တိုင်း အကျိုးအမြတ် တခုခုရအောင် ကြံဆောင်ပါသလော
၉၇။ သင် မဆင်ခြင်ဘဲ သူတပါးကို အတုယူတတ်ပါသလော
၉၈။ သင် ဖြီးဖြန်းည“လိမ်ညာတတ်ပါသလောဒ
၉၉။ သင် သတိမေ့လျော့တတ်ပါသလော
၁၀၀။ သင့်ရည်မှန်းချက်များကို ဆောင်ရွက်ပြီးပြီလော

မေးစရာမေးခွန်းများကား များပြားလှပေသည်။ ဤမေးခွန်းများကို ပရိသတ်အလယ်တွင် ဖြေနိုင်သည်လည်း ရှိမည်၊ မည်သူမျှ မကြားအောင် ကိုယ့်စိတ်ထဲက ကိုယ်တယောက်တည်းသာသိအောင် ဖြေလိုသည်မျာလည်း ရှိမည်။ အမှန်ကို မဖြေဆိုရဲသည်လည်း ရှိမည်။ အမှန်ကို မဖြေဆိုရဲသည်လည်း ရှိမည်။ သင့်ကိုယ်သင် စစ်တမ်းထုတ်ခြင်းဖြစ်၍ ရဲရဲရင့်ရင့် ဖြေဆိုသင့်ပေသည်။

တချို့မေးခွန်းကို ဟုတ်ကဲ့-ဟူ၍၄င်း၊ တချို့မေးခွန်းကို ဟင့်အင်ဒ-ဟူ၍၄င်း၊ ဖြေဆိုရပေလိမ့်မည်။ မည်သည့်အဖြေသည် လိုလားဖွယ်ဖြစ်သည်ကိုလည်း သင်သိရှိထားရပေမည်။ လိုလားဖွယ်၊ အကျိုးရှိဖွယ်ကို သင်ခွဲခြားနိုင်ပေမည်။ ဤမေးခွန်းများကို ဟုတ်တိုင်းမှန်ရာ ဖြေကြည့်ပြီးသောအခါ အော်---ငါ့မှာ ဘာတွေ ချွတ်ယွင်းနေပါကလား၊ ဘယ်နေရာမှာ ပြည့်စုံပြီး၊ ဘယ်နေရာမှာ ချို့တဲ့နေပါကလား၊ ငါ ဘယ်လောက်ပြုပြင် ဖြည့်ဆည်းဖို့ လိုနေပါသေးသလဲ-ဟု ကွက်ကွက်ကွင်းကွင်း သိမြင်လာမည် ဖြစ်ပေသည်။

မလိုအပ်သော ပြစ်ချက်များရှိနေမည်ဆိုလျှင် ရှောင်ရှားရန် ကြိုးစားရပေလိမ့်မည်။ ငါ လူကောင်းလား၊ လူညံ့လား၊ လူယုတ်မာလား၊ သူတော်ကောင်းလား၊ ဆိုသည်ကို အမှုမဲ့ အမှတ်မဲ့နေ၍ မသိနိုင်ပေ။ သေသေချာချာ မေးခွန်းထုတ်၍ အမှန်ကို ကြိုးစားအဖြေထုတ်ကြည့်မှ ရုပ်လုံးပေါ် သိမြင်လာပေမည်။ ငါ ဘာတွေတော်သည်၊ ဘာတွေ ရှော်သည်၊ ဘာတွေ ကောင်းသည်၊ ဘာတွေ ဆိုးသည်-တို့ကို ကွဲကွဲပြားပြား သိရပေမည်။ သာမန်အားဖြင့် စဉ်းစားလျှင် ငါ ကောင်းသားပဲ၊ ငါ အဆိုးကြီး မဟုတ်ပါဘူး-ဟု ထင်မှတ်မိမည်သာ ဖြစ်ပေသည်။

အလွန်ကျန်းမာနေသည်ဟု ထင်ရသောလူတယောက်ကို ဆေးစစ်ကြည့်သောအခါတွင် ဆီးတွင် ယူရစ်အက်ဆစ်များနေသည်၊ သွေးခုန်နှုန်း မြင့်နေသည်၊ နှလု့းသွေးကြော ကျဉ်းနေသည်၊ အရိုးခြင်ဆီဓာတ် ခန်းခြောက်နေသည်၊ မျက်စိ မှုန်ဝါးနေသည်၊ နားအကြားအာရုံ နည်းနေသည်၊ အသည်းတွင် အဆီဖုံးနေသည်၊ နံရိုးတချောင်း အက်နေသည် စသည်ဖြင့် အပြစ်အနာအဆာများကို တန်းစီတွေ့မြင်ရတော့ သည်။ အိပ်ရာထဲ လဲနေလောက်အောင် ထူးထူးထွေထွေ ခံစားမှုဝေဒနာ မပေါ်သေးသော်လည်း ပေါ့ပေါ့ဆဆ မပြုပြင် မကုသဘဲ နေခဲ့သော် မရှုမလှခံစားရမည့် အလားအလာရှိနေပြီဟု ဆိုရတော့မည် ဖြစ်ပေသည်။

လူတရာလျှင် ၉၉-ယောက်က ကျွန်တော် လူတော်၊ လူကောင်း၊-ဟု မိမိကိုယ်ကို မိမိ သိနားလည် မှတ်ယူနေမည်သာ ဖြစ်ပေသည်။ သေသေချာချာ စစ်တမ်းထုတ်ကြည့်လျှင် သူလိုငါလို အပြစ်အနာအဆာကလေးမျှမက မချို့တဲ့သင့်သော အချက်များ ချို့တဲ့ပြီး၊ မဖြစ်ပွားသင့်သော အရာများ ဖြစ်ပွားနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရမည် ဖြစ်ပေသည်။ ထိုအခါမှ ကျွန်တော် ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ဘူး-ဟူ၍ မှတ်ချက်ချမိပေမည်။

ဥပမာ-လုံ့လဝီရိယ မရှိခြင်း၊ မိမိကိုယ်ကိုမိမိ ထင်တလုံးနှင့် ကျေနပ်နေခြင်း၊ ဘယ်အခါမျှ နောင်တ မရတတ်ခြင်း၊ စသည့် ချို့တဲ့ချက်များက လူတလုံး သူတလုံး ဖြစ်ထွန်းရေးကို  အမြစ်မှ လှန်ချိုးပစ်မည့် အပြစ်များဖြစ်၍ မည်သည့်နည်းနှင့်မျှ လူကောင်းဖြစ်မလာနိုင်ပေ။ ပြစ်မှုတရာရှိနေမှ အပြစ်ရှိသူ မဟုတ်ပေ၊ အားလုံးသော မေးခွန်းများကို ချွင်းချွက်မရှိ မလိုလားအပ်သည့် အဖြေမျိုးချည်း ပေးနေမည်ဆိုပါက လူ့လောကတွင်ပင် အသက်ရှင် နေထိုက်တော့မည် မဟုတ်ပေ။

အများအားဖြင့် လူများသည် အလုံးစုံ အဆိုးချည်း ဖြစ်မည်မဟုတ်ပေ၊ အမေးရှိမှ အဖြေရီသည်ဖြစ်၍ ဖြေကြည့်မှလည်း  အဖြေကို သိရလိမ့်မည် ဖြစ်ပေသည်။

ငါ့ကိုယ်ငါ ဟုတ်လှပြီ ထင်နေတာ၊ စိစစ်ကြည့်တော့မှ မဟုတ်သေးတာကို တွေ့လာရတယ်-ဟူ၍ စဉ်းစားမိနိုင်ပေသည်။ ရာနှုန်းပြည့် လူတော်လူကောင်း မဖြစ်ခဲ့သည့်အတွက် စိတ်ပျက်စရာ မလိုပေ။ ယခု စိစစ်ကြည့်၍ ပြုပြင်သင့်သည်ကို ပြုပြင်ရမည်ဖြစ်သည်။ မနေ့က ငါ လူညံ့ဖြစ်ခဲ့ပြီ၊ နက်ဖြန်တွင် လူတော်ဖြစ်ရမည်-ဟူသော စိတ်မျိုးထား၍ ပြုပြင်ဖြည့်ဆည်းရမည် ဖြစ်ပေသည်။

လှသမိန်
( Lifestyle 1999-July)

အအိပ်အနေ ကမောက်ကမ ဖြစ်ခြင်း

၁။ အအိပ်အနေ ကမောက်ကမ ဖြစ်ခြင်းဆိုတာ ဘာလဲ---
အိပ်ပျော်ခဲခြင်း၊ အိပ်ပျော်နေစဉ် မကြာခဏ နိုးလာခြင်း၊ ကြောက်စရာ အိပ်မက်ဆိုးများ မက်ခြင်း၊ အိပ်နေရင်း ယောင်ပြီး လမ်းလျှောက်ခြင်း၊ အိပ်ရာနိုးသောအခါ မလန်းဆန်းခြင်း၊ နေ့ခင်းမှာ တရားလွန်အိပ်ငိုက်ခြင်းများသည် အအိပ်အနေ ကမောက်ကမ ဖြစ်ခြင်းတို့ကြောင့်  ဖြစ်ပါသည်။ ပူပန်သောကများသောကြောင့်ဖြစ်စေ၊ စိတ်ဖိစီးမှုကြောင့် ဖြစ်စေ၊ အိပ်မပျော်ဘဲ မျက်စိကြောင်နေခြင်း သည်လည်း အအိပ်အနေ မူမမှန်ခြင်းပင် ဖြစ်သည်။

၂။ ဟောက်ခြင်းသည် အအိပ်အနေ ကမောက်ကမ ဖြစ်တာလား၊ ဘယ်လောက် စိုးရိမ်ရပါသလဲ---
ဟောက်ခြင်းသည် အအိပ်အနေ ကမောက်ကမ ဖြစ်ခြင်း၌ အတွေ့များသော လက္ခဏာတရပ် ဖြစ်သည်။ လူလတ်ပိုင်းအရွယ် အလွန်ဝသူများတွင် တွေ့ရတတ်သည်။ သို့သော် ဟောက်တိုင်း အအိပ်အနေ မူမမှန် ဖြစ်သည်ဟု မပြောနိုင်ပေ။ ခေါင်းကိုက်ခြင်း၊ စိတ်အလိုမကျခြင်း၊ နေ့အချိန်တွင် အလွန်အမင်း အိပ်ငိုက်ခြင်း၊ အလုပ်တာဝန် ထမ်းဆောင်နိုင်မှု ကျခြင်း၊ ကားမောင်းစွမ်းရည် ကျခြင်း၊ စသော တခြားလက္ခဏာများနှင့် ယှဉ်တွဲလာပါက ဟောက်ခြင်းသည် အအိပ်အနေ ကမောက်ကမ ဖြစ်ခြင်းကြောင့် ဖြစ်သည်။ စိတ် တင်းကျပ်မှုများခြင်း၊ အသက်ရှူ မဝခြင်း၊ ကိုယ်အလေးချိန် တိုးလာခြင်းများပါ ဖြစ်ပါက စိုးရိမ်ဖွယ် ဖြစ်သည်။

၃။ အာရှမှာ အအိပ်အနေ ကမောက်ကမဖြစ်ခြင်းကို ဘယ်လောက်တွေ့ရပါသလဲ---
အာရှသားများတွင် အအိပ်အနေ ကမောက်ကမ ဖြစ်ခြင်းမျိုးကို အတွေ့ရများသည်။ လေ့လာတွေ့ရှိချက်များ အရ စင်ကာပူနိုင်ငံတွင် ၁၀-ရာခိုင်နှုန်းမှ ၁၅-ရာခိုင်နှုန်းထိ ထိုရောဂါရှိကြောင်း တွေ့ရသည်။

၎။ စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကစိတ်ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် အအိပ်အနေ ကမောက်ကမ ဖြစ်တတ်ပါသလား---
မျက်စိကြောင်ခြင်းသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များသောကြောင့် ဖြစ်တတ်သည်။ အသက်ရှူခြင်းဆိုင်ရာ ရောဂါ၊ စိတ်ငြိမ်ဆေးနှင့် အရက်ကို အလွန်အကျွံသောက်လျှင် အအိပ်အနေ ကမောက်ကမ ရောဂါကို ပိုဆိုးစေနိုင်သည်။ ကလေးများတွင် ကြောက်စရာ အိပ်မက်ဆိုးများ မက်တတ်သည်။

၅။ အအိပ်အနေ ကမောက်ကမ ဖြစ်ခြင်းအတွက် ထိရောက်သော ကုသနည်း---
စိတ်ဖိစီးမှုကြောင့်ဖြစ်လျှင် စိတ်ပိုင်းဆိုင်ရာ ကုသမှု ခံယူသင့်ပါသည်။ လိုအပ်သောဆေးဝါးများ စားရပါမည်။ ဝေဒနာရှင်မှာ အိပ်နေစဉ် အသက်ရှူရပ်သော လက္ခဏာကို တွေ့ရှိရပါက အသက်ရှူလမ်းကြောင်းရှိ အတားအဆီးများကို ဖယ်ရှားရန် CPAP ခေါ် continuous positive air pressure စက်ကို သုံးခြင်းသည် အကောင်းဆုံးဖြစ်သည်။

၆။ နေ့စဉ် စားသုံးသော အာဟာရနှင့် နေ့စဉ် လှုပ်ရှားမှုများသည် ကောင်းစွာအိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပါသလား---
သင့်တင့်မျှတသော အာဟာရကို စားခြင်း၊ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း၊ အရက်နှင့် စိတ်ငြိမ်ဆေး-စိတ်ကြွဆေးများကို ရှောင်ကြဉ်ခြင်း စသော သင့်တင့်မျှတသည့် နေမှုပုံစံများက ကောင်းစွာအိပ်ပျော် စေသည်။

၇။ ဘာကြောင့် သွားကြိတ်ပါသလဲ---
အိပ်ပျော်နေစဉ် သွားကြိတ်ခြင်းမှာ မေးရိုး သို့မဟုတ်-သွားအနေအထား မမှန်သောကြောင့် ဖြစ်တတ်ပါသည်။ တခါတရံ အိပ်ပျော်နေစဉ် ဝက်ရူးပြန်ခြင်းကြောင့် သွားကြိတ်တတ်သော်လည်း အများစုမှာ စိတ်ဖိစီးမှုများသောကြောင့် ဖြစ်သည်။ သို့သော် ကလေးငယ်များနှင့် တချို့လူကြီးများ သွားကြိတ်ခြင်းမှာ အိပ်ပျော်နေကြောင်း သိသာစေသော အပြုအမူဖြစ်ပြီး တခြားဆိုးကျိုးများ မရှိတတ်ပါ။

၈။ သွားကြိတ်ခြင်းကို ကုသနိုင်ပါသလား---
များသောအားဖြင့် သွားကြိတ်ခြင်းအတွက် ကုသမှု မလိုပါ။ ကိုယ့်ကိုယ်ကိုယ် သတိထားပြီး ထိန်းရန်သာ လိုပါသည်။ စိတ်ဖိစီးမှုကြောင့်ဖြစ်လျှင် စိတ်ဖိစီးမှု နည်းအောင် ကုသရမည်။ သွားနှင့် မေးရိုး ပြဿနာကြောင့် ဖြစ်လျှင် အံကပ်တပ်ဆင်နိုင်သည်။

Ref: Health Digest, May/June 1998.

မီးဖိုချောင်မှ အသားလှဆေး

ပါးပြင်ဆိုတာ အရေးအကြောင်းတွေရဲ့ စတင်ရာ နေရာ ဖြစ်သလို လူတယောက်ရဲ့ ရုပ်ရည်ရူပကာကို ဖော်ပြတဲ့ နေရာလည်း ဖြစ်ပါတယ်။ ကာလီဖီုးနီးယား တက္ကသိုလ်က Berkeley Wellness ရဲ့ အစီရင်ခံစာတစောင်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပါးရေတွန့်လွယ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေရဲ့ အပေါ်ယံအရေပြားဟာ အမျိုးသမီးတွေထက် ပိုထူလို့ဖြစ်ပါတယ်-လို့ ဖော်ပြထားပါတယ်။ ခေါင်းအုံးပေါ်မှာ အိပ်တာဟာလည်း အသားအရေကို ပိုတွန့်လွယ်စေပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျောခင်း ပက်လက်လှန်ပြီး ခေါင်းအုံးမသုံးဘဲအိပ်ရင် အရေပြားတွန့်တာကို ကာကွယ်နိုင်ပါတယ်။ အရေတွန့်ခြင်းကို ကာကွယ်နိုင်တဲ့ တခြားနည်းလမ်း တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ကြက်ဥအကာကို သူ့အတိုင်းဖြစ်ဖြစ်၊ ဒါမှမဟုတ်-ရှောက်ရည် နည်းနည်းရောပြီးတော့ ဖြစ်ဖြစ် မနက်အိပ်ရာထ သွားမတိုက်ခင်မှာ မျက်နှာပေါ်လိမ်းထားပြီး ရေချိုးတဲ့အခါ မျက်နှာသစ်ပင်ခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မယ်။

ဓာတ်ပုံကိုယ်ဟန်ပြမယ်တွေကတော့ ကြက်ဥအကာကို ပျားရည်တဇွန်းနဲ့ ရောခေါက်ပြီး တနေ့ကို နှစ်ကြိမ် လိမ်းလေ့ရှိတယ်လို့ သိရပါတယ်။ မျက်နှာမသစ်ခင် ၁၀-မိနစ်လောက် ကြိုတင်လိမ်းပြီး အခြောက်ခံထားကြ တယ်လို့ ဆိုပါတယ်။ တရက်နဲ့ လိမ်းလို့မကုန်ရင် ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်။ ပိုအစွမ်းထက် ချင်ရင်တော့ ချေထားတဲ့ သင်္ဘောသီးတဇွန်းနဲ့ ဗီတာမင် အီး-ဆေးတပြားကို ထပ်ပြီးရောထည့်ပေးနိုင် ပါတယ်။

ကြက်ဥအကာ၊ နို့နဲ့ပျားရည်အရောကတော့ အသားအရေကို တင်းတင်းရင်းရင်း ရှိစေပါတယ်။ ရောစပ်နည်းကတော့ ကြက်ဥတလုံးရဲ့ အကာ၊ အဆီမထုတ်ထားတဲ့ နို့- စားပွဲဇွန်း တဇွန်းနဲ့  ပျားရည် ဇွန်းတဝက်ကို ရောရမှာဖြစ်ပါတယ်။ အဲဒီအရည်ကို လိမ်း၊ အခြောက်ခံ၊ မျက်နှာသစ်ပြီးတဲ့အခါ အသားအရေ သိပ်တင်းနေမယ်ဆိုရင် ပင်စိမ်းရွက် သို့မဟုတ်-ယင်းမွှေးရွက် ရောထားတဲ့ လက်ဖက်ရည်နဲ့ ထပ်လိမ်းပေးခြင်းဖြင့် အသားအရေ အတင်းအလျော့ကို ထိန်းပေးနိုင်ပါတယ်။

နောက်နည်းလမ်းတခုကတော့ ကြက်ဥအနှစ်ကို Brush နဲ့ မျက်နှာပေါ် သုပ်လိမ်းပါ။ အရေးအကြောင်း ပေါ်ပြီး တွန့်နေတဲ့နေရာကို ပိုထူအောင် လိမ်းပါ။ ကြက်ဥနှစ် ခြောက်သွားတဲ့အခါ mayonnaise (ကြက်ဥနှစ်၊ ဆီနဲ့ ပုံးရည် ရောထားတဲ့ ချဉ်ရည်) နှစ်ဇွန်း၊ Fuller's earth ဇွန်းတဝက်နဲ့ ပင်လယ်ကျောက်ပွင့် ဇွန်းတဝက်ကိုရောပြီး ကြက်ဥနှစ်အပေါ်မှာ ထပ်လိမ်းပါ။ ၁၀-မိနစ်ကြာတဲ့အခါ မျက်နှာသစ်လိုက်ပါ။ mayonnaise ကတော့ ကိုယ့်အိမ်မှာကိုယ် လုပ်တာပဲဖြစ်ဖြစ်၊ ပုလင်းလိုက် ဝယ်တာပဲဖြစ်ဖြစ် အဆင်ပြေတာကို သုံးနိုင်ပါတယ်။ ဒီလို လပေါင်းများစွာ နေ့စဉ်လိမ်းပေးခြင်းဖြင့် ခြောက်သွေ့ပြီး တွန့်နေတဲ့ မျက်နှာပြင်ကို စိုပြည်တင်းရင်းတဲ့ အသွင်ရှိလာအောင် ပြောင်းလဲပစ်နိုင်ပါတယ်။ ပိုပြီး မြန်မြန် လှပချင်တယ် ဆိုရင်တော့ ကြက်ဥနှစ်တလုံးကို mayonnaise လက်ဖက်ရည်ပန်ကန်လုံးနဲ့ ၄-၁ လေးပုံ တပုံ ရောထည့်ပေး ရပါမယ်။

အသားအရေကို  လှပစေဖို့ ကွေကာအုပ်ကိုလည်း သုံးနိုင်ပါသေးတယ်။ ကွေကာအုပ် ကျိုပြီးသား လက်ဖက်ရည်ပန်ကန်နဲ့ လေးပုံတပုံကို မလိုင် နှစ်ဇွန်း၊ ဟင်းရွက်ဆီ နှစ်ဇွန်း ရောပါ။ မျက်နှာနှင့် လည်တိုင် တလျှောက် ညင်သာစွာ နှိပ်နယ်ပြီး လိမ်းပေးပါ။ မိနစ် ၂၀-လောက် ကြာတဲ့အခါ ရေဆေးပစ်ပါ။

မုန်ညင်းဆီ၊ ကိုကာထောပတ်နဲ့ အုန်းဆီတို့ကို ရောပြီး အလိုရှိသလို မကြာခဏ လိမ်းပေးခြင်းဟာလည်း အရေးအကြောင်းတွေကို အမြန်ဆုံး ပျောက်ကင်းစေတယ်လို့ သိရပါတယ်။

ဧည့်ခံပွဲ တခုခု သွားမယ့်အခါ အရေးအကြောင်း ဖျောက်တဲ့နည်းကို ဆက်လက်တင်ပြပါ့မယ်။ အရင်ဆုံး မျက်နှာသစ်ပါ။ ပြီးရင် petroleum jelly သို့မဟုတ်-ဟင်းရွက်ဆီကို ရွှဲရွှဲလိမ်းပါ။ ပြီးရင် ရေနွေးပူပူထဲမှာ စိမ်ထားတဲ့ သတ္ထုဇွန်းနဲ့ အရေးအကြောင်းရှိတဲ့ နေရာတွေကို လိုက်ကပ်ပါ။ မျက်နှာကို မီးပူတိုက်တယ်လို့ ခေါ်ရင် မမှားနိုင်ပါဘူး။ ဒီလိုနည်းနဲ့ အကြိမ်များစွာ ဇွန်းပူနဲ့ ကပ်ပြီးတဲ့နောက် နူးညံ့တဲ့ ဂွမ်းစလို အစမျိုးနဲ့ မျက်နှာကို ဖွဖွတို့ပြီး သုပ်ပါ။

ရေနွေးထဲမှာ ဖျော်ထားတဲ့ Lectithin မှုန့်ကို ဟင်းရွက်ဆီခဲရောထည့်ပြီး လပေါင်းများစွာ လူးပေးခြင်းဟာလည်း အရေပြားတွန့်တာကို လျော့စေတယ်လို့ ဆိုပါတယ်။
သံလွင်ဆီ၊ ရှောက်ရည်နဲ့ ဆား ရောစပ်ထားတာဟာလည်း အသားအရေကို နုပျိုစေပါတယ်။ တနေ့ နှစ်ကြိမ် လိမ်းပေးရပါမယ်။ သန့်စင်ထားတဲ့ မျက်နှာပေါ်ကို သံလွင်ဆီ စိမ့်ဝင်သွားနိုင်အောင် ပွတ်သပ်လူးပါ။ ပြီးရင် ရှောက်ရည်ကို တစက်ချင်း အစက်ချ လူးပါ။ မျက်နှာ ကပ်စေးစေးဖြစ်လာရင် ရှောက်ရည် ဆက်မလူးပါ နဲ့တော့။ အဲဒီနောက် ဆား(ဆားခါး သို့မဟုတ်-စားပွဲတင်ဆား) ကြိုက်ရာကို ခပ်မြန်မြန် လိမ်းပေးပါ။ ခဏကြာရင် ရေနွေးနဲ့ မျက်နှာသစ်ပြီး ပုဝါနဲ့ တို့သုပ်ပါ။

ဒိန်ချဉ်နဲ့ ဗီတာမင် အီး, ရောစပ်လူးတာဟာလည်း အရေတွန့်တာကို သက်သာစေပါတယ်။ ဒိန်ချဉ် နှစ်ဇွန်းကို ပျားရည် ဇွန်းတဝက်၊ ရှောက်ရည် ဇွန်းတဝက်နဲ့ 400 IU ရှိ ဗီတာမင်-ဘီ ဆေးပြားနဲ့ ရောမွှေပါ။ မျက်နှာပေါ်လူးပြီး အရေပြားထဲ စိမ့်ဝင်သွားအောင် ၁၅-မိနစ်လောက် ထားပါ။ ပြီးမှ ရေဆေးပါ။

ကြက်ဥဟာ အသားအရေ အလှအပကို ထိန်းနိုင်တယ်လို့ အသိအမှတ်ပြုထားကြတာ ရာစုနှစ်ပေါင်း တော်တော်ကြာပါပြီ။ ကျောက်ခေတ်ကတည်းက မိန်းမတွေဟာ သူတို့ရဲ့ ရူပကာယကို pterodactyl ငှက်ဥနဲ့ ပြင်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အသားအရေ အမျိုးမျိုး ရှိပါတယ်။ အဆီပြန်တတ်တာ၊ ခြောက်သွေ့တာ စသည်ဖြင့်ပေါ့။ ဘယ်အသားအရေမျိုးအတွက် မဆို အသင့်တော်ဆုံး ဆေးကတော့ အမြှုပ်ထအောင် ခေါက်ထားတဲ့ ကြက်ဥကို မျက်နှာ၊ လည်ပင်းနဲ့ ပုခုံးတို့ကို လိမ်းပေးခြင်းပဲ ဖြစ်ပါတယ်လို့ အကြံပြုပါရစေ။

Ref: Kitchen-cupboard formulas for younger skin" by Myra Cameron, Living, May 1999.

Fish Oil

ပင်လယ်ငါးအဆီနှင့်ပတ်သက်၍  သိပ္ပံပညာရှင်များ၏ စိတ်ဝင်စားမှု ယခင်ကထက် ပိုမိုများပြားလာရခြင်းမှာ ပင်လယ်ငါး စားသုံးသူ လူဦးရေ အတော်များများ၌ နှလုံးရောဂါနှင့် နှလုံးဆိုင်ရာ သွေးကြောအတွင်း သွေးစီးဆင်းမှုနှင့်  ပတ်သက်သည့်ရောဂါများကြောင့်၊ အသေအပျောက်နှုန်း လွန်စွာနည်းပါးသည်ကို တွေ့ရှိခဲ့ရခြင်းကြောင့် ဖြစ်သည်။ အဆိုပါရောဂါများနှင့် ပတ်သက်၍ ပင်လယ်ငါးအဆီ၏ အကျိုးသက်ရောက်မှု အချက်အလက်များကိုလည်း ရှဖွေတွေ့ရှိခဲ့ကြပါသည်။ Fish Oil ခေါ် ငါးအဆီနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များ ရှာဖွေပြုစုသော  အထောက်အထား စာရွက်စာတမ်းပေါင်း ငါးထောင်ကျော်မျှပင် ရှိခဲ့ပြီဖြစ်ပါသည်။

ပင်လယ်ငါးအဆီဆိုသည်မှာ ပင်လယ်ငါးများတွင် သဘာဝအတိုင်း တွေ့ရှိရသော Omega-3 Fatty Acid Chain (အိုမီဂါ သရီး-ဖက်တီးအက်ဆစ်) ကို ဆိုလိုရည်ညွှန်းခြင်း ဖြစ်ပါသည်။
သိပ္ပံသုတေသီများ၏ လေ့လာတွေ့ရှိချက်များအရ Fish Oil တွင် ပါဝင်သော EPA (Eicosapentanoic Acid) နှင့် DHA (Docoso Hexanoic Acid) များသည် လူကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းမှုများ ရှိစေသည်ဟု သိရှိရပါသည်။

နှလုံးနှင့် နှလုံးလမ်းကြောင်းဆိုင်ရာ သွေးကြောများအတွက် EPA သည် အရေးကြီးသောကဏ္ဍမှ ပါဝင်နေကြောင်း တွေ့ရှိရပါသည်။ ဤ Fatty Acid များသည် Prostaglandin H3(PGH3) ၏ ကနဦးပစ္စည်း (Precursor) များဖြစ်ပြီး ယင်းမှ Prostacyclin သို့ ကူးပြောင်းသွားကာ သွေးကြောအတွင်းရှိ သွေးခံခြင်းကို ကာကွယ်ပေးပါသည်။ ထိုသို့အားဖြင့် သွေးကြောအတွင်း သွေးခဲပိတ်ပြီး လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ DHA သည် အာရုံကြောများ၏ ဗဟိုချက်မတွင် အရေးကြီးဆုံး မရှိမဖြစ် လိုအပ်သောအရာ ဖြစ်ပါသည်။ အကြောင်းမူ DHA သည် ဦးနှောက်နှင့် မျက်စိဖွံ့ဖြိုးဖြစ်ပေါ်မှုနှင့် မျက်စိစက္ခုအာရုံ ဖြစ်ပေါ်အမှုအတွက် အရေးကြီးကြောင်း ရှာဖွေတွေ့ရှိခဲ့ပါသည်။

Omega-3 Fatty Acid ဖြစ်သော Natural Care Fish Oil တွင် ဗီတာမင် (စီ) (အီး) တို့အပြင် Folic Acid (ဖောလစ်အက်ဆစ်) များသာ ပါဝင်နေသောကြောင့် ၄င်းကို လိုအပ်သည်ထက် ကျော်လွန်သောက်သုံးပါက အန္တရာယ်မရှိပါ။ Natura Care Fish Oil ငါးအဆီကို သဘာဝကုန်ကြမ်းများမှ ထုတ်လုပ်ထားပြီး အဆိပ်အတောက်ဖြစ်စေမည့် မည်သည့်ဓာတ်သတ္ထုမျိုးမှ  မပါဝင်ကြောင်းကို ဓာတုဗေဒနည်းများအရ၄င်း၊ အနုမြူသိပ္ပံ စမ်းသပ်ချက်များအရ၄င်း၊ စမ်းသပ် လေ့လာထားပြီးဖြစ်သောကြောင့် ဖြစ်ပါသည်။

အာဟာရဆိုင်ရာ ကျွမ်းကျင်သူများ (Nutritional Experts) များ၏ သက်သေပြချက်များအရ Fish Oil ခေါ် Omega-3 Fatty Acids သည် အသက်အပိုင်းအခြား အသီးသီးအတွက် အရေးကြီးသည်ဟူ၍ ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့ နေ့စဉ် စားသုံးနေသော အစားအစာများထဲတွင် တပတ်လျှင် ပင်လယ်ငါးအဆီပါသော အစားအသောက်များ အတော်အသင့် ပါဝင်သင့်ပါသည်။ ငါးစားလေ့မရှိသော သူများအတွက်သော်၎င်း၊ မိမိတို့ စားသောက်သော အစားအစာများတွင် Omega-3 Fatty Acid ကို လုံလောက်စွာ ပါစေလိုသော သူများအဖို့ Natural Care Fish Oil ကို ဖြည့်စွက်အစာအဖြစ် စာသုံးသင့်ပါသည်။

Natural Care Fish Oil သောက်သုံးခြင်းဖြင့် စွမ်းအင်တိုးပွားသည်မှန်သော်လည်း လိုအပ်သည်ထက် အန္တရာယ်ရှိစေသော စွမ်းအင်တိုးပွားမှုမျိုးကို မဖြစ်ပေါ်စေနိုင်ပါ။ ထို့အပြင် Cholesterol ပါဝင်မှုမှာလည်း မဆိုသလောက်ပါဝင်သဖြင့် တရက် (၁၀၀၀) မီလီဂရမ် သောက်သုံးသူအနေဖြင့် တလလုံး သောက်သုံးလျှင်ပင် ကြက်ဥတလုံးတွင်ပါဝင်သော Cholesterol ပါဝင်မှုလောက်ပင် မရှိကြောင်း တွေ့ရှိရပါသည်။

လူတယောက်အတွက် တနေ့ Omega-3 Fatty Acid သုံးစွဲနိုင်သော အညွှန်းမှာ (၁)ဂရမ် (၁၀၀၀-မီလီဂရမ်) မှ (၁.၅) ဂရမ် (၁၅၀၀ မီလီဂရမ်) ထိ ဖြစ်ပါသည်။
Natural Care Fish Oil မှ Omega-3 Fatty Acid ပါဝင်သော ဆေးတလုံးလျှင် (၁၀၀၀) မီလီဂရမ်ပါဝင်သဖြင့် တနေ့တလုံး သုံးစွဲလျှင် သင့်တော်ပါသည်။

Natural Care Fish Oil ခေါ် ပင်လယ်ငါးအဆီသည် ကိုလက်စထရောကို လျှော့ကျစေနိုင်သဖြင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါသည်။
သို့ဖြစ်ရာ ကိုလက်စထရော များသော နှလုံးရောဂါဝေဒနာရှင်များအဖို့ Natural Care Fish Oil ကို တနေ့ တလုံး မှန်မှန်သုံးစွဲသင့်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Thursday, June 2, 2011

ဝက်ရူးပြန်တက်ချက်ခြင်း

ဝက်ရူးပြန်တက်ချက်ခြင်းသည် မည်သူတွင်မဆို ဖြစ်ပွားနိုင်ပါသည်။ ယင်းသည် ခေါင်းတခြမ်းကိုက် ဝေဒနာ ဖြစ်ပွားမှုပြီးလျှင် ဒုတိယအများဆုံး ဖြစ်ပွားလေ့ရှိသော အာရုံကြောပိုင်းဆိုင်ရာ ချွတ်ယွင်မှုတမျိုး ဖြစ်ပလိမ့်မည်။ နေထိုင်သူလူဦးရေ၏  ဝ ဒသမ ၅-ရာခိုင်နှုန်းမှ ၁-ရာခိုင်နှုန်းအထိ ယင်းဝေဒနာ စွဲကပ်နိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသဖြင့် ဖြစ်ပွားနှုန်းမှာ မနည်းလှဟု ဆိုနိုင်ပါသည်။ အဆိုပါ ခန့်မှန်းချက်အတိုင်းသာဆိုလျှင် လူဦးရေ ၄၈-သန်းမျှရှိသော စာရေးသူတို့နိုင်ငံ၌ ဝက်ရူးပြန်တက်ချက်ခြင်း ဖြစ်ပွားသူ ဦးရေမှာ ၄-၅ သိန်းမျှ ရှိပါလိမ့်မည်။ ဝက်ရူးပြန်တက်ချက်ခြင်းအတွက် ကုသမှုပိုင်းမှာ ပြည့်စုံကောင်းမွန်၏။ သို့ရာတွင် ဝက်ရူးပြန်တက်ချက်ခြင်း အကြောင်းကို ယနေ့ထက်တိုင် ခြေခြေမြစ်မြစ် မသိရှိရသေးချေ။ ဝက်ရူးပြန်ရောဂါရှိနေပြီဟု ရောဂါအမျိုးအမည် တပ်လိုက်ခြင်း သည်ပင်လျှင် မရေမရာ မသေမချာ ဖြစ်ခြင်းမျိုး မကြာခဏ ဖြစ်စေနိုင်သလို ကာယကံရှင်အတွက် သွေးလန့်ကြောက်ရွံ့စရာလည်း ဖြစ်စေနိုင်ပါသည်။ ဝေဒနာဖြစ်ပွားနေသူကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်တတ်ဖို့ လိုအပ်သလို ဝေဒနာအကြောင်း တိတိပပ နားမလည်သူများအတွက်လည်း မှန်ကန်သည့် ကျန်းမာရေး ဗဟုသုတ သတင်းအချက်များ ပေါ်ထွက်လာဖို့ လိုအပ်ပါသေး၏။ ထို့အပြင် မှားယွင်းသည့် အယူသည်းမှုများသည် မြွေပူရာ ကင်းမှောင့်ဆိုသလို ရှိရင်းစွဲ ရောဂါအခံ အခြေအနေထက် ပို၍ ဆိုးရွားလာစေနိုင်ကြသေးသည်။ လူအများ သိသင့်သိထိုက်သော ဝက်ရူးပြန် တက်ချက်ခြင်း အကြောင်းကို ယခု ဆောင်းပါးတွင် တနေ့တစောင်း ဖော်ပြထားပါသည်။

ဝက်ရူးပြန်တက်ချက်ခြင်း---
ဝက်ရူးပြန်တက်ချက်ခြင်း ဆိုသည်မှာ အခါအားလျော်စွာ ဖြစ်နိုင်သည့် အခြေအနေတရပ်ပင် ဖြစ်သည်။ တက်ချက်ခြင်းကို တကြိမ်တခါတည်း တွေ့ကြုံခံစားရရုံဖြင့် ဝက်ရူးပြန်တက်ချက်ခြင်းဟု မသတ်မှတ်နိုင် ပါချေ။ ဝက်ရူးပြန်တက်ချက်ခြင်းအား ရောဂါတခု အနေနှင့်မဟုတ်ဘဲ ရောဂါပြလက္ခဏာ တခုအနေနှင့် သတ်မှတ်မည်ဆိုပါက ပို၍သင့်လျော်ပေလိမ့်မည်။ ရောဂါပြလက္ခဏာတို့မည်သည် လက်ငုပ်လက်ရင်း ဖြစ်သော ရောဂါအခံပေါ် မူတည်၍ လူနာကိုယ်တိုင် ခံစားရသော ဝေဒနာဖြစ်၏။ ဥပမာပြရလျှင်-ခေါင်းမူးခြင်းသည် ရောဂါလက္ခဏာတရပ်မျှသာ ဖြစ်ပြီး ခေါင်းမူးခြင်းကို ဖြစ်စေသည့် ရောဂါတစုံတခုသည် အရင်းခံ အကြောင်းအချက်အနေနှင့် တည်ရှိနေသည်။ ဝက်ရူးပြန်တက်ချက်ခြင်းသည်လည်း ထို့အတူပင်။ ဦးနှောက်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာ အရင်းခံ ရှိနေပြီဖြစ်ကြောင်းကို ညွှန်းဆိုလျက်ရှိသည်။

ဝက်ရူးပြန်တက်ချက်ခြင်း ဖြစ်လေ့ဖြစ်ထရှိသူများကို ကြည့်လျှင် ယင်းသို့ ဖြစ်တတ်ခြင်းမှလွဲ၍ အခြားသော အထွေထွေ ကျန်းမာရေး အခြေအနေ၌ သာမန်လူကောင်းများနှင့် မခြား ကောင်းမွန်လေ့ရှိကြ၏။ သူတို့အများစုမှာ ပုံမှန်အသိဉာဏ်ရှိတတ်ကြသည်။ ဝက်ရူးပြန်တက်ချက်ခြင်းသည် လူ့သက်တမ်းကို တိုတောင်းစေလေ့ မရှိပါ။ ထို့အပြင် စိတ်ပေါသွပ်ခြင်းကိုလည်း အမှန်တကယ်ပင် မဖြစ်စေနိုင်ပါ။

တက်ချက်ခြင်းဆိုတာ ဘာလဲ---
တက်ချက်ခြင်းကို အင်္ဂလိပ်လို seizure ဟူ၍၄င်း၊ fit ဟူ၍၄င်း၊ convulsion ဟူ၍၄င်း အမျိုးမျိုးခေါ်ဝေါ်ကြ၏။ လူ၏ဦးနှောက်တွင် ပုံမှန်ဖြစ်သော လျှပ်စစ်ဆိုင်ရာ အစွမ်းသတ္တိရှိ၏။ အဆိုပါအစွမ်းသတ္တိတွင် ဟန့်တားပိတ်ဆို့မှုတခုခု ရုတ်တရက်ဖြစ်ပေါ်လာသည့်အခါတွင် တက်ချက်ခြင်း ဝေဒနာဖြစ်ပေါ်လာလေ သည်။ လျှပ်စစ်ဆိုင်ရာ ဟန့်တားပိတ်ဆို့မှုသည် ဦးနှောက်၏ အခြမ်းတခြမ်းတွင် ဖြစ်ပေါ်သည့်အခါ၌ တစိတ်တဒေသ တက်ချက်ခြင်းများ ဖြစ်ပေါ်လာလေ့ရှိသည်။

အကယ်၍ ယင်းသို့ ဟန့်တားပိတ်ဆို့မှုများသည် ဦးနှောက်၏ ဘယ်နှင့်ညာ နှစ်ဖက်စလုံးတွင် ဖြစ်ပေါ်ခဲ့လျှင် အထွေထွေ တက်ချက်ခြင်း (generalised seizures) များ ဖြစ်ပေါ်လာပေလိမ့်မည်။
တက်ချက်သည့်ပုံစံ များစွာရှိ၏။ စက္ကန့်ပိုင်းမျှ သတိလစ်သွားခြင်းမှသည် လုံးဝ သတိလစ်မေ့မြောခြင်း ကြွက်တက်ခြင်းများနှင့် တကိုယ်လုံး မထိန်းနိုင်ဘဲ တဆတ်ဆတ်တုန်ယင် လှုပ်ရှားခြင်းများအထိပင် ဖြစ်နိုင်၏။

ဝက်ရူးပြန်တက်ချက်ခြင်း၏ ရောဂါပြလက္ခဏာများမှာ တခါတရံတွင် မကြာခဏဆိုသလို ဖြစ်ပေါ်တတ်ပြီး တခါတရံမှာတော့ ဖြစ်ပေါ်ရန် ခဲယဉ်းလှ၏။ ဝေဒနာခံစားရပုံ၌လည်း အပြင်းအပျော့ ကွာခြားမှု ရှိနိုင်၏။ ကာယကံရှင်တဦးတည်းမှာပင် တက်ချက်ခြင်း ပုံစံမှာ တမျိုးထက်မက ဖြစ်ပေါ်နိုင်၏။ တက်ချက်ခြင်းအများစုမှာ ရုတ်ချည်းဆိုသလို ဖြစ်ပေါ်ပြီး တခဏအကြာတွင် အလိုအလျောက် ကွယ်ပျောက်သွားလေ့ရှိသည်။ ဝက်ရူးပြန်တက်ချက်ခြင်း အခံရှိသူတဦး၌ တက်ချက်ခြင်းမဖြစ်သည့် အချိန်တွင် လူကောင်းပကတိကဲ့သို့ နေထိုင်သွားလေ့ရှိသည်။ ဤအချက်ကို မှတ်သားရန် အထူးအရေးကြီးလှသည်။

ဝက်ရူးပြန်တက်ချက်ခြင်း၏ အကြောင်းရင်းခံများ---
ဝက်ရူးပြန်တက်ချက်ခြင်းသည် ကာယကံရှင်၏ ဘဝသက်တမ်းတလျှောက်၌ မည်သည့်အချိန်တွင်မဆို ဖြစ်ပေါ်လာနိုင်၏။ သို့တစေ လူနာများ၏ လေးပုံသုံးပုံသည်  ငယ်ရွယ်သော ကလေးသူငယ်များနှင့် ကြီးကောင်ဝင်ချိန် ကလေးကြီးတို့တွင်  ဖြစ်ပွားကြကြောင်းကို တွေ့ရှိရသည်။ အကြောင်းရင်းကိုမူ တိတိပပ မဖော်ထုတ်နိုင်သေးချေ။ ယင်းသို့သော ဝက်ရူးပြန်တက်ချက်ခြင်းမျိုးကို အကြောင်းမသိ ဝက်ရူးပြန်တက် ချက်ခြင်း (Idiopathic epilepsy) ဟုခေါ်ဝေါ်သတ်မှတ်လေ့ရှိသည်။

ဆေးပညာရှင်တို့ ဖော်ထုတ်ခဲ့၍ သိခွင့်ရပြီဖြစ်သော ဝက်ရူးပြန်တက်ချက်ခြင်း၏ အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ကလေးမမွေးဖွားမီ၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီးအချိန်တို့၌ ဦးနှောက်တွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း။
၂။ ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာ ရရှိခြင်း။
၃။ မွေးရာပါ ဦးနှောက်ထိခိုက်ပျက်စီးခြင်း။
၎။ အဆိပ်အတောက် သင့်ခြင်း။
(အရက်၊ ခဲသတ္ထုအဆိပ်အတောက်)
၅။ ဦးနှောက်တွင် ရောဂါပိုးစွဲကပ်ခြင်း။
(ဦးနှောက် ရောင်ရမ်းခြင်း၊ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း)။
၆။ ဦးနှောက် ကျူမှာအကျိတ်အဖုများ။
၇။ လေဖြတ်ခြင်းတို့ ဖြစ်ကြသည်။

ရောဂါအမျိုးအမည်ကို ဘယ်လိုဖော်ထုတ်နိုင်ပါသလဲ---
ဝက်ရူးပြန်တက်ချက်ခြင်းကို လူနာ၏ နာမကျန်းမှုဆိုင်ရာ နောက်ခံသမိုင်း၊ လူနာကို လက်တွေ့စမ်းသပ် စစ်ဆေးမှု၊ အာရုံကြောဆိုင်ရာ စမ်းသပ်စစ်ဆေးမှုနှင့် electroencephalogram, EEG အပါအဝင် ရောဂါရှာဖွေ ဖော်ထုတ်ရေး အထောက်အကူပြု စမ်းသပ်စစ်ဆေးမှုများအပေါ်တွင် အခြေခံဖို့လိုအပ်၏။

ဝက်ရူးပြန်တက်ချက်ခြင်း မဖြစ်မီ ကြိုတင်ဖြစ်ပေါ်လေ့ရှိသော ရောဂါလက္ခဏာများ ရှိတတ်၏။ ယင်းတို့ကို ကြိုတင်၍ သတိမူခြင်းဖြင့် ဝက်ရူးပြန်တက်ချက်ခြင်း အဆင့်သို့ မရောက်မီ ကုသမှုကို စောစောစီးစီး ခံယူနိုင်ကြမည်ဖြစ်သည်။ ဝက်ရူးပြန်တက်ချက်ခြင်း၏ ရောဂါလက္ခဏာတချို့မှာ---
၁။ ဖြစ်ပျက်ခဲ့သမျှကို ဘာဆိုဘာမျှ အမှတ်မရတော့သည့် အချိန်ပိုင်းများ ရှိနေခြင်း၊ သို့မဟုတ်-မှတ်ဉာဏ်ရှုပ်ထွေး၍ ဇဝေဇဝါ ဖြစ်သည့် အချိန်ပိုင်းများ ရှိနေခြင်း။
၂။ မိမိကိုယ်တိုင်ပင် သတိမထားမိဘဲ မူးကနဲ မိုက်ကနဲ ဖြစ်တတ်ခြင်း၊ သို့မဟုတ်-မူးကနဲ မိုက်ကနဲ ဖြစ်ပြီးသည့်နောက်တွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်တတ်ခြင်း။
၃။ အလင်းစက် အလင်းပြောက်များ တရိပ်ရိပ်သွားသည်ကို မကြာခဏဆိုသလို မြင်တွေ့ရခြင်း၊ သို့မဟုတ်-တုန့်ပြန်မှုကင်းမဲ့စွာ ခံစားရခြင်း၊ သဘဝမကျစွာ ခံစားရခြင်း။
၎။ လက်မောင်းများ သူ့အလိုအလျောက် လှုပ်ရှားခြင်း (အသားလှုပ်ခြင်း)

သင့်အနေဖြင့် အဆိုပါလက္ခဏာများကို တွေ့ကြုံခံစားနေရပါလျှင် ဆရာဝန်ထံ သွားရောက်ပြသဖို့ လိုအပ်ပါသည်။ ယခုအခါ ခေတ်မီနည်းစနစ်များဖြင့်  ရာဂါရှာဖွေရေးကို စနစ်တကျပြုလုပ်နိုင်ပြီဖြစ်လေရာ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကုဆရာဝန်ကြီးက ဦးနှောက်လှိုင်း ပုံဖော်ပေးသည့်စက် (EEG) ဦးနှောက်ပိုင်း ဓာတ်မှန် အစရှိသည့် နောက်ဆုံးပေါ် ရောဂါရှာဖွေရေး စက်ကိရိယာများကို အသုံးပြု၍ ဝက်ရူးပြန်တက်ချက်ခြင်း ဟုတ်-မဟုတ်ကို တိတိကျကျ စမ်းသပ်ဖော်ထုတ်ပေးနိုင်ပါပြီ။ သင်ခံစားနေရသည့် ရောဂါအမျိုးအမည်ကို စောစောစီးစီး ဖော်ထုတ်နိုင်လျှင် ရောဂါနုစဉ်မှာပင် ကုသမှု ခံယူခွင့်ရမည်ဖြစ်သဖြင့် ရောဂါပျောက်ကင်းရန် တပန်းသာပါသည်။

ဝက်ရူးပြန်တက်ချက်ခြင်းကို ကုစားပေနိုင်ပါသလား---
လက်ရှိအနေအထားအရ ဝက်ရူးပြန်တက်ချက်ခြင်းကို လုံးဝပျောက်စေမည့် ကုထုံးကုနည်းဟူ၍ မပေါ်ပေါက်သေးချေ။ သို့ရာတွင် ဝေဒနာ၏ တစိတ်တဒေသကိုသော်၎င်း၊ အပြီးအပြတ်သော်၎င်း ထိန်းသိမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ပါသည်။ ကုသမှုခံယူသော လူနာများအနေဖြင့် ဘဝလမ်းခရီးကို ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ကြ၏။ ကုသမှု ထိရောက်ထက်မြက်စေဖို့အတွက်လည်း အချိန်ပေးရန် လိုအပ်သည်။ ယေဘုယျအားဖြင့် လူနာအများစုမှာ သောက်ဆေးကို ရေရှည်မှီဝဲခြင်းအားဖြင့် အခြေအနေတိုးတက် ကောင်းမွန်လာသော်ငြားလည်း အနည်းစုမှာ ဆေးမတိုးဘဲ တက်ချက်ခြင်း ဝေဒနာကို ဆက်လက်ခံစားနေကြရဆဲ ဖြစ်သည်။


၁။ ခွဲစိတ်ကုသမှု---
ဦးနှောက်၏ သေးငယ်သောနေရာ အစိတ်အိပိုင်းကလေး တခုတည်းကွက်၍ ထိခိုက်ပျက်စီးခြင်းကြောင့် တက်ချက်ခြင်း ဖြစ်ခဲ့ရပါလျှင် ခွဲစိတ်ကုသခြင်းဖြင့် တက်ချက်ခြင်း ပျောက်ကင်းနိုင်သည်။ အလားတူပင် ဦးနှောက်၌ ကျူမာ အကျိတ်ဖု ဖြစ်ခြင်းကြောင့် တက်ချက်ခြင်း ဖြစ်သူများကိုလည်း ခွဲစိတ်ကုသမှုဖြင့် သက်သာပျောက်ကင်းစေနိုင်ပါ၏။


၂။ နေ့စဉ်စားသုံးသည့် အစားအစာ---
အထူးတလည် စီမံထားသော  နေ့စဉ်စားသုံးစာသည် တခါတရံတွင် အထောက်အကူ ဖြစ်စေနိုင်၏။
သင်ကိုယ်တိုင်သော်မှ၎င်း၊ သင့်မိသားစု အဖွဲ့ဝင် တဦးဦးသော်မှ၎င်း၊ ဝက်ရူးပြန်တက်ချက်ခြင်း ဝေဒနာကို ခံစားနေရပါလျှင် အောက်ပါအချက်အလက်များကို သတိပြုလိုက်နာဖို့ လိုအပ်ပါသည်။
၁။ ဝေဒနာခံစားနေရ၍ စိတ်ဓာတ်မကျပါနဲ့။ ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆေးဝါးများကို မှန်မှန်မှီဝဲပါ။
၂။ တက်ချက်ခြင်းဖြစ်ပွားသည့် နေ့စွဲ၊ ဖြစ်ပွားသည့်အချိန် အစရှိသည်တို့ကို မှတ်တမ်းစာအုပ် ပြုလုပ်ထားသင့်သည်။ ယင်းမှတ်တမ်းသည် ဆရာဝန်၏ ကုသမှုအတွက် များစွာအထောက်အကူ ပြုပါလိမ့်မည်။ ထိုအချက်အလက်များအပြင် E.E.G တွေ့ရှိချက်များ၊ သုံးစွဲနေသည့် ဆေးဝါးများနှင့် တိုးတက်မှုဖြစ်စဉ် အခြေအနေတို့ကိုပါ မှတ်တမ်းတင်ထားနိုင်လျှင် ပို၍ ကောင်းပါသည်။


ဝက်ရူးပြန်တက်ချက်ခြင်းနှင့်အတူ အသက်ရှင် နေထိုင်ခြင်း---
ရှေးယခင်ကဆိုလျှင် ဝက်ရူးပြန်တက်ချက်တတ်သူအား လူ့အသိုင်းအဝိုင်းမှ ရှောင်ကြဉ်လေ့ရှိကြ၏။ လုပ်ငန်းခွင်များတွင်လည်း ယင်းဝေဒနာရှင်များကို အလုပ်စေခိုင်းခြင်း မပြုခဲ့ကြပေ။
တိုးတက်သော မျက်မှောက်ခေတ်သို့ ရောက်သည့်တိုင်အောင် ဝက်ရူးပြန်၍ တက်ချက်ခြင်းအခံရှိသော လူနာများအနေဖြင့် ကောင်းကောင်းမွန်မွန် လူရာသွင်း မခံရသေးချေ။ လူမှုရေးဆိုင်ရာ အသင်းအဖွဲ့များ စာသင်ကျောင်းများ၊ ပျော်ပွဲရွှင်ပွဲများနှင့် လုပ်ငန်းခွင်များ၌ သူတို့အတွက် အကန့်အသတ်များ ထားရှိနေဆဲပင်ဖြစ်သည်။ ဤသည်မှာ ဝက်ရူးပြန်တက်ချက်ခြင်း အခံရှိသူများနှင့် သူတို့၏ မိသားစုများ လူတောထဲ မတိုးချင်ကြခြင်း၏ အကြောင်းရင်းပင် ဖြစ်ပေသည်။ ယင်းဝေဒနာနှင့်အတူ အသက်ရှင်နေထိုင်သူများ၌ အခက်အခဲ ပြဿနာပေါင်းများစွာ ရှိနေကြသည်မှာ အမှန်ပင်။ လက်ရှိအနေအထားအရလည်း ဝက်ရူးပြန်တက်ချက်ခြင်းအတွက် လုံးဝပျောက်ကင်းစေနိုင်သည့် ဆေးဝါးဟူ၍လည်း မပေါ်သေး။ တက်ချက်ခြင်းကို ထိန်းချုပ်ပေးနိုင်သည့် ဆေးဝါးများသာ ရှိနေပေသေးသည်။


စာရေးသူတို့အနေဖြင့်မူ ဝက်ရူးပြန်ရောဂါ ပျောက်ကင်းစေမည့် ဆေးဝါးအသစ် တမျိုးမျိုးပေါ်ထွက်လာပြီး ဝေဒနာရှင်များ ဘဝသာယာလှပပါစေဟု ဆုတောင်းရုံမှတပါး အခြားမတတ်နိုင်တော့ပါပြီ။




ဝက်ရူးပြန်တက်ချက်ခြင်းနှင့် ပတ်သက်၍ လွဲမှားသော အယူအဆများနှင့် အယူသည်းမှုများ---
၁။ တက်ချက်နေသည့် အချိန်အတောအတွင်းမှာ သင့်လျှာကို သင်မျိုချနိုင်သည်။
-ခန္ဓာဗေဒအရ သင့်လျှာကို ပြန်မျိုချရန် မဖြစ်နိုင်ချေ။
၂။ တက်ချက်နေသူတဦး၏ ပါးစပ်ထဲသို့ တခုခုကို ထိုးသွင်းပေးရမည်။
-လုံးဝ မမှန်ကန်ပါ၊ ထိုသို့ ပြုခြင်းအားဖြင့် သွားများပဲ့ထွက်ခြင်း၊ သွားဖုံးများ ပေါက်ခြင်းတို့ ဖြစ်နိုင်သကဲ့သို့ တခါတရံ မေးရိုးကျိုးစေသည်အထိပင် ဖြစ်စေနိုင်ပါသည်။ မှန်ကန်သော ရှေးဦးသူနာပြုစုနည်းမှာ ရိုးစင်းလွယ်ကူလှသည်။ လူနာကို ဘေးဘက်သို့ ညင်သာစွာ စောင်း၍ လှဲနေစေရပါမည်။ ဦးခေါင်းနာကျင်မှု မဖြစ်စေရန် ဦးခေါင်းအောက်တွင် နူးညံ့သော အရာတခုခုကို ခုပေးရပါသည်။
၃။ တက်ချက်နေသူတဦးအား အတင်းအကြပ်ချုပ်၍ ထိန်းပေးထားရမည်။
-တက်ချက်ခြင်းသည် အလိုအလျောက် ပျောက်သွားလေ့ရှိပါသည်။ သင့်အနေဖြင့် ယင်းသို့ ဖြစ်ခြင်းအား ဟန့်တားထိန်းချုပ်၍ မရနိုင်ပါ။
၎။ ဝက်ရူးပြန်တက်ချက်ခြင်းသည် တဦးမှ အခြားတဦးသို့ ကူးစက်နိုင်သည်။
-ယင်းသည် ကူးစက်ရောဂါ မဟုတ်ပါ။
၅။ ဝက်ရူးပြန်တက်ချက်ခြင်း အခံရှိသူများသည် မစွမ်းမသန်သူများ ဖြစ်ကြပြီး အလုပ်မလုပ်နိုင်ကြပါ။
-ပြင်းထန်ဆိုးရွားစွာ တက်ချက်လေ့ ရှိကြသူများအနေနှင့်မူ အလုပ်ကို ကောင်းစွာမလုပ်နိုင်ကြပါ။ ကျန်သောသူများကား ဝန်စည်စလှယ် သယ်ပိုးခြင်းမှအစ လုပ်ငန်းခွင်များတွင် ကောင်းစွာလုပ်ကိုင် နိုင်ကြပါသည်။
၆။ တာဝန်သိသိ လုပ်ကိုင်ရမည့် အလုပ်များနှင့် ဖိစီးမှုရှိသော အလုပ်များ၌ ဝက်ရူးပြန်တက်ချက်ခြင်း အခံရှိသူများ ဝင်ရောက်လုပ်ကိုင်ရန် မသင့်လျော်ပါ။
-စီးပွားရေးလုပ်ငန်းများ၊ အုပ်ချုပ်မှုလုပ်ငန်းများ၊ အနုပညာလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ အားလုံး၌ ယင်းဝေဒနာရှင်များ ကောင်းစွာဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။ အထူးသဖြင့် ဆေးကုသမှုခံယူထားသော ယင်းဝေဒနာအခံရှိသူများသည် ယေဘုယျအားဖြင့် အလုပ်ကို ကောင်းစွာ လုပ်ကိုင်နိုင်ကြသူများ ဖြစ်ကြသည်။
၇။ ဝက်ရူးပြန်တက်ချက်ခြင်း အခံရှိသူများကို ကာယအားစိုက်ထုတ်ရသော အလုပ်များတွင် သူတို့လုပ်ဆောင်နိုင်သလောက်သာ ကန့်သတ်ပေးထားရမည်။
-လူနာအများစု၌ ဝက်ရူးပြန်တက်ချက်ခြင်းသည် ကာယအား စိုက်ထုတ်မှုကို အဟန့်အတားမဖြစ်စေနိုင်ပါ။ ပြင်းထန်ဆိုးရွားစွာ တက်ချက်လေ့ရှိသူများသာ ကာယအား စိုက်ထုတ်မှုတွင် အားနည်းသွားလေ့ရှိပါသည်။ ဤနေရာတွင် ကျွမ်းကျင်သည့် ဆရာဝန်က အဆုံးအဖြတ်ပေးပါလိမ့်မည်။
၈။ ဝက်ရူးပြန်တက်ချက်ခြင်း ဝေဒနာကြောင့် သင် မသေဆုံးနိုင်ပါ။
-အလွန်တရာ ပြင်းထန်ဆိုးရွားစွာ တက်ချက်ခြင်းသည် အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါသည်။ အချိန်ကြာမြင့်စွာ တက်ချက်ခြင်းများသည် လွန်စွာဆိုးရွားလှပြီး ဦးနှောက် ထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်၍ တခါတရံ ကာယကံရှင်ကို အသက်ဆုံးရှုံးစေနိုင်ပါသည်။ တက်ချက်ခြင်းကို ထိန်းချုပ်ရန်အတွက် ပြုစုကုသပေးမည်ဆိုပါလျှင် အသက်ချမ်းသာရာ ရနိုင်ပါသည်။

Ref:Health Digest, March/ April 1998.



ကျော်သက်ခိုင် (ဆေးတက္ကသိုလ်)