Wednesday, August 31, 2011

ဦးနှောက်ဆိုင်ရာ အသိပညာပေး အာဟာရများ

(၁) တရားသောသူများ၏ လုပ်ဆောင်မှုများသည်သာလျှင် မွှေးကြိုင်သင်းပျံ့ပြီး မြေပေါ်သို့ကြွေခသော်လည်း ထာဝစဉ်ပွင့်လန်းနေပါလိမ့်မည်။
ရှယ်လီ

(၂) ဘဝဟူသည် တိုက်ပွဲဖြစ်သည်။
ဆီနီကာ

(၃) လူတိုင်းလူတိုင်း မိမိနေထိုင်ရာခေတ်၏ သားကောင်များ ဖြစ်တတ်ပါသည်။ လူအချို့သာလျှင် မိမိခေတ်၏ အတွေးအခေါ်များကို ထိုးဖောက်ကျော်လွှားနိုင်ပါသည်။
ဗော်လတဲယား

(၄) သတ္တိအား နည်းပါးသူများသည် ပိုမို၍ ကောက်ကျစ်ကြသည်။
ဝီလျှံဘလိတ်

(၅) ငွေသည် ဘာမဆိုဖွင့်နိုင်သော သော့တချောင်းဖြစ်သလို နိုင်ငံကူးလက်မှတ်လည်း ဖြစ်၏။

(၆) တရားစီရင်ရေး၏ လောက်ကောင်သည် အူမ မတောင့်သော တရားသူကြီးပင်ဖြစ်သည်။ 
စပိန်စကားပုံ

(၇) လူတွေအကြောင်းကို သိလေလေ ခွေးများကို ပိုမိုချစ်လေလေ ဖြစ်သည်။
မဒမ်ရိလင်း

(၈) အလုံးစုံသော မွေ့လျော်ခြင်းတို့တွင် စာအုပ်စာပေဖြင့် မွေ့လျော်ခြင်းသည် အမြတ်ဆုံးဖြစ်၏။
သခင်ကိုယ်တော်မှိုင်း

(၉) အချိန်သည် ရွှေဖြစ်၏၊ အချိန်သည် ငွေဖြစ်၏၊ ထို့ကြောင့် အချိန်သူဌေး မဖြစ်ပါစေနှင့်။
ဟိန်းဇေ

(၁၀) တတိယကမ္ဘာစစ် ဘယ်တော့ဖြစ်မည်ကို ကျွန်ုပ် မပြောနိုင်ပါ။ သို့သော် စတုတ္ထကမ္ဘာစစ်တွင်ကား လူများသည် တဦးနှင့်တဦး ကျောက်ခဲလက်နက်များဖြင့် ပစ်ပေါက်ကြလိမ့်မည်။
အိုင်းစတိုင်း

(၁၁) စကားတွေပြောနေရုံနဲ့တော့ ထမင်းအိုးက ကျက်မှာမဟုတ်ဘူး။
တရုတ်စကားပုံ

(၁၂) အသိပညာ ဉာဏ် ဗဟုသုတရှိသူသည် သုံးသင့်သောစကားလုံးထက် စကားလုံးများကို အပိုမသုံးပါ။
ပညာရှင်တဦး

( ဟိန်းဇေ )

Tuesday, August 30, 2011

ကျန်းမာရေး မေး+ဖြေ

မိဘတို့သည် သားသမီးများကို မိမိတို့၏အကျိုးစီးပွားအတွက် အသုံးချကိရိယာအဖြစ် ဘယ်တော့မှမမြင်၊ အလုပ်အကျွေးအဖြစ် ကျေးကျွန်များအဖြစ်လည်း ဘယ်သောအခါမှ မမြင်၊ ရတနာတွေအဖြစ်သာ မြင်ကြပါသည်။ ထို့အတွက် ကျွန်မတို့၏ ဗုဒ္ဓဘုရားရှင်က မိဘ၏ချစ်ခြင်းမေတ္တာကို စံနမူနာအဖြစ် ပုံစံထုတ်ပြထားခြင်း ဖြစ်ဟန်တူလေသည်။

ကျွန်မတို့၏ လူသားများသည် လူသားပီသစွာ လူသားအချင်းချင်း စာနာတရား၊ အညှာတာတရားများကို အခြေခံကာ နားလည်မှု၊ ခွင့်လွှတ်သည်းခံ ဖေးမကူညီပေးလိုမှုဖြင့် မျှတစွာစဉ်းစားပေးခြင်းနှင့် မျှဝေသော ခံစားစိတ်များ ထားရှိပေးနိုင်မည်ဆိုလျှင် လောကဓာတ်တခုလုံး အေးမြသောမေတ္တာဓာတ်များ စီးဆင်းလျက် သာယာချမ်းမြေ့နေမှာ မလွဲပါ။

အမှန်အားဖြင့် မေတ္တာဟူသည် ပေးသူဘက်၌ အကန့်အသတ်မရှိ၊ ခံယူသူဘက်မှာသာ အကန့်အသတ် ရှိသည်မဟုတ်လား။ မိုးရေခံယူသကဲ့သို့ အိုးနှင့်ခံလျှင် အိုးအပြည့်ရ၏။ ခွက်နှင့်ခံယူလျှင် ခွက်အပြည့်ရလေ၏။ ကျွန်မတို့ရဲ့ နှလုံးသားမှာ ဖြစ်ထွန်းသမျှသော အကြင်နာချစ်ခြင်းမေတ္တာတို့ကို ရေဖောင်ဖောင် မိုးကြီးကြီး ရွာသွန်းပါလတံ့။


အသင်လူသားတဦးဦးက ကျွန်မတို့လူသားများ၏ လှပသောနှလုံးသားမှ တန်ဖိုးမဖြတ်နိုင်သော အကြင်နာမေတ္တာတရား လိုအပ်နေသည်ဟုဆိုငြားအံ့။
ကျွန်မတို့လူသားများ၏ နွေးထွေးသောအကြင်နာမေတ္တာပေးဝေရန် အသင့်ရှိပါသည်။ 


(မေး) ဒေါက်တာမမရှင့်၊ သမီး အားကိုးတကြီး စာရေးမေးမြန်းလိုက်ခြင်း ဖြစ်ပါတယ်။ သမီးကို နားလည်ခွင့်လွှတ်ပေးပါနော်။ သမီးလေ ဓမ္မတာသွေးထိမ်နေတာ ၃-လရှိပြီး ကိုယ်ဝန်ရှိနေမှာ စိုးရိမ်လို့ ကိုယ်ဝန်ပျက်ကျအောင် ကြားဖူးနာဝ ဆေးမြီးတိုတွေ သောက်ပေမယ့် အလကားပါပဲ။ သမီးရဲ့သူငယ်ချင်းက ဂျင်းနဲ့ထန်းလျက် ပြုတ်သောက်ပေးရင် ဓမ္မတာသွေး ပြန်ပေါ်လာလိမ့်မယ်တဲ့။ အဲဒါ ဟုတ်လားဟင်၊ ဂျင်း ဘယ်လောက်၊ ထန်းလျက်ဘယ်နှစ်ဆ ရောစပ်ရမှာလဲ ဘယ်လိုကျိုရမလဲဆိုတာ ဆရာမညွှန်ပြပေးစေချင်ပါတယ်။ သမီးက ထိရောက်အောင် ကျိုသောက်ချင်လို့ပါနော်။
(ဖြေ) ဘုရားရေ...ဂျင်း ဆိုတာ လူ့အသက်သတ်တဲ့အပင် မဟုတ်ဘူး။ လူ့အသက်ရှင်ရေးမှာ အထောက်အကူပြုတဲ့ ဆေးဖက်ဝင်ပစ္စည်းပါ ညီမငယ်။ သွေးထဲမှာ ကိုလက်စထရော (Cholesterol) များနေမှုကြောင့် ဖြစ်ရတဲ့ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါနဲ့ အသည်း အဆီဖုံးရောဂါများအတွက် ဂျင်းကို စားသုံးပေးခြင်းဖြင့် ကိုလက်စထရောများတာ လျော့ကျသွားစေပါတယ်။ အချိုမကြောက်သူများက ဂျင်းကို ပါးပါးလှီးထားတဲ့ ၇-လွှာ၊ ထန်းလျက် ၃-ခဲနဲ့ ကျိုသောက်ပေးနိုင်ပါတယ်။ အချိုမကြိုက်သူများအတွက်ကတော့ ဂျင်းကို ပါးပါးသေးသေး လှီးပြီး ကြက်သွန်နီတလုံး ပါးပါးလှီးလို့ နှမ်းဆီလေးနဲ့ ညတိုင်းသုပ်စားပေးခြင်းဖြင့် တလအကြာမှာ သွေးထဲမှာ ကိုလက်စထရောပါဝင်မှုနှုန်း သိသိသာသာ လျော့နည်းသွားတာ သွေးစစ်ကြည့်ရင် သိနိုင်ပါတယ်။


ရာသီအပြောင်းအလဲကြောင့် ဖြစ်ရတဲ့ တုပ်ကွေးဖျား၊ ချမ်းစိမ့်ဖျားတာ၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း စတဲ့ ရောဂါဝေဒနာသည်တွေအတွက် ဂျင်းပါးပါး ၇-လွှာနဲ့ ထန်းလျက် ၃-ခဲကို ရေ သုံးခွက်တခွက်တင် ကျိုသောက်ခြင်း၊ ဟင်းလျာများမှာ ဂျင်းကို အရင်ကထက် အနည်းငယ် ပိုထည့်ချက်စားခြင်းဖြင့်
ရောဂါပျောက်ကင်းစေပါတယ်။ သုတေသနစာတမ်းအချို့မှာ ဂျင်းကိုစားပေးခြင်းဖြင့် ကုရာနတ္ထိ ဆေးမရှိဘူးလို့ ဆိုကြတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အချို့ရောဂါ တော်တော်များများ ပျောက်ကင်းနိုင်ကြောင်း ဖော်ပြ
ထားပါတယ်။ အမျိုးသမီးတွေ မီးဖွားပြီး သားအိမ်မကျက်ဘဲ ဖျားနေရင်တော့ ဂျင်းတကျပ်သားနဲ့ ထန်းလျက်နှစ်ကျပ်သားကို ရေတပိဿာမှာ တဝက်ခန့်ဖြစ်အောင် ကျိုပြီး တခါသောက် ၂-အောင်စ သောက်ပေးရင် ပျောက်ကင်းတယ်လို့ ဆိုကြပါတယ်။


ညီမငယ်အတွက် အကောင်းဆုံးအကြံဉာဏ်ပေးချင်တာက ကိုယ်ဝန် ရှိ-မရှိ သေချာစစ်ကြည့်လိုက်တာ
ကောင်းပါတယ်။ ကိုယ်ဝန်ရှိရင် မိခင်ကောင်းပီသအောင် ကြိုးစားပေးစေချင်ပါတယ်။ ကိုယ်ဝန်မရှိဘူး ဆိုရင်တော့ ဓမ္မတာသွေးထိမ်ရတဲ့အကြောင်းရင်း သိရဖို့အတွက် နီးစပ်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ ပြသစစ်ဆေးပြီး ထိရောက်တဲ့ ဆေးကုသမှု ခံယူသင့်ပါတယ်။ ကိုယ်ဝန်ပျက်ကျစေခြင်းဟာ တရားဥပဒေနဲ့ လူမှုရေးတင်မကဘဲ ကျန်းမာရေးအတွက်လည်း အလွန်အန္တရာယ်များစေတာမို့ အဲဒီစိတ်ကူး အကြံအစည်ကို အမြန်ဖယ်ရှားလိုက်ဖို့ တိုက်တွန်းပါရစေ။ ကိုယ်ဝန်မရှိချင်ဘူးဆိုရင် ကြိုတင်ကာကွယ် တားဆီးနိုင်သားပဲကွယ်၊ ဒေါက်တာနိုက်တင်ဂေးလ် ရေးသားတဲ့ “သန္ဓေကာတာ”ဆိုတဲ့ စာအုပ်မှာ ကိုယ်ဝန်တားဆီးခြင်း နည်းလမ်းမျိုးစုံကို အသုံးပြုသင့်တဲ့ အခြေအနေ၊ ရှောင်ကြဉ်ရမယ့် အနေအထားနဲ့ သုံးစွဲပုံ၊ လုံခြုံစိတ်ချရမှု ရာနှုန်းတို့ကို အပြည့်အစုံ အသေအချာဖော်ပြထားတာမို့ လေ့လာနိုင်ပါတယ်။ မဖြစ်ခင်ကတည်းက ကာကွယ်ထားခြင်းဟာ အန္တရာယ်ကင်းတာပေါ့ ညီမငယ်။
*****
(မေး) ဆရာမရှင့်၊ သမီးတို့အိမ်မှာ အဝတ်လာလျှော်ဖွပ်ပေးတဲ့ အဒေါ်ကြီးရဲ့ ခြေထောက်နှစ်ဖက်စလုံးက
ခြေဖမိုးမှာ နှင်းခူလို့ပြောကြတဲ့ အနာ အကြီးကြီး ဖြစ်နေပါတယ်။ အဲဒီနှင်းခူကြီးဖြစ်နေတာ တနှစ်နီးပါးရှိပြီတဲ့၊ ကြာလှပြီပေါ့ ဆရာမရယ်၊ အဲဒါ ပျောက်ကင်းသက်သာစေချင်မိပါတယ်ရှင်၊ အဒေါ်ကြီးကို ဘာလုပ်ပေးရလဲ ဆိုတာ အကြံပေးစေချင်ပါတယ်ရှင့်။
(ဖြေ) အရေပြား ရောင်ရမ်းတယ်၊ ပူတယ်၊ နာတယ်၊ အရည်ကြည်ဖုထွက်မယ်၊ ပြီးတော့ ပေါက်သွားပြီး သားနံရည် တရွှဲရွှဲထွက်နေမယ်၊ ယင်ကောင်လာနားမယ်၊ ပြည်တည်လာမယ်၊ အဖတ်ဖတ်တွေ ဖြစ်လာတယ်၊ ဒီလိုဖြစ်နေတာကို ဆေးသေသေချာချာ မကုသဘူးဆိုရင် သနံရည်တွေ ခြောက်သွားတဲ့အခါ ခဲသွားတဲ့အခါ အနာဖေးချပ်ကလေးတွေ ဖြစ်လာပြီး အရေပြားကြမ်းတမ်းလာမယ်၊ မာလာမယ်၊ အရပ်အခေါ်အရတော့ ဆင်နှင်းခူ နှင်းခူအစို၊ နှင်းခူအခြောက် စသဖြင့် ခေါ်ကြပါတယ်။ ဒီလိုနာတာရှည်အဆင့်ရောက်လာတဲ့ နှင်းခူကို သက်သာပျောက်ကင်းအောင် စိတ်ရှည်ရှည်ထားပြီး ပြုစုကုသပေးဖို့ လိုအပ်တဲ့အကြောင်း လူနာကိုယ်တိုင် နားလည်လက်ခံလာမှ ထိရောက်မှာပါ။


အဲဒီ နှင်းခူအနာကို ရေနွေးတို့၊ အပူလိမ်းဆေးတို့၊ အရက်ပြန်၊ အိုင်အိုဒင်းတင်ချာတို့ လိမ်းခြင်းမျိုး လုံးဝရှောင်ကြဉ်ရပါမယ်။ ဆပ်ပြာအပြင်စား ဆပ်ပြာကြမ်းတို့နဲ့ ပွတ်တိုက်ဆေးကြောခြင်း လုံးဝမပြုလုပ်ရပါဘူး။ သန့်ရှင်းစင်ကြယ်တဲ့ ရေခဲရေထဲမှာ ပိုတက်ဆီယမ် ပါမင်းဂနိတ်အမှုန်
နှမ်းစေ့တဝက်လောက် ထည့်ဖျော်လို့ရလာတဲ့ ပန်းနုရောင်ဖျော်ရည် အေးအေးသန့်သန့်လေးထဲကို အဲဒီ နှင်းခူအနာရှိတဲ့ ခြေထောက်အပိုင်းကို ထည့်စိမ်ပေးပါ။ ထည့်စိမ်ဖို့မလွယ်ကူရင် အဝတ်သန့်သန့်လေးမှာ ဆွတ်ပြီး အသာအယာ ကပ်ပေးပေါ့။ ပြီးရင် ခြောက်သွေ့သွားအောင် အသာအယာ တို့ထိသုတ်ပေးပါ။ ပိုတက်ဆီယမ်ပါမင်ဂနိတ် မရခဲ့ရင် လက်ဖက်ခြောက်ခပ်ပြီး ဖျော်ထားတဲ့ ရေနွေးကြမ်းအေးအေးသန့်သန့်
လေးကို သုံးနိုင်ပါတယ်။


ပြီးရင် အရေပြားကို လွှာပြီး ပါးအောင်လုပ်ထားတဲ့ဆေး (Keratolytic) လိမ်းရပါမယ်။ အဲဒီ လိမ်းဆေးထဲမှာ ပေါပေါများများရနိုင်ပြီး လူသုံးများတဲ့ဆေးကတော့ Salicylic acid ပါပဲ။ ပြီးတော့ Steroid (စတီးရွိုက်)လိမ်းဆေး သုံးလို့ရပါတယ်။ နာတာရှည်အဆင့်  နှင်းခူဖြစ်နေတဲ့ ခြေထောက်တွေ၊ လက်တွေမှာ အရေပြားရောဂါ အထူးကုဆရာဝန်ကြီးတွေ ညွှန်ကြားပေးလေ့ရှိတာကတော့ အားပြင်းတဲ့ စတီးရွိုက်လိမ်းဆေး အရင်လိမ်းစေပါတယ်။ လိမ်းလို့သက်သာရင် အလယ်အလတ်တန်း စတီးရွိုက်လိမ်းဆေး ပြောင်းသုံးစေ ပါတယ်။ အဲဒါသုံးရင်းနဲ့ ပျောက်ခါနီးပြီဆိုရင် အားအပျော့ဆုံး စတီးရွိုက်လိမ်းဆေး ပြောင်းခိုင်းပြန်ရော၊ စတီးရွိုက်ပြင်းအားကို လျှော့လျှော့ပေးသွားရပါတယ်။ စတီးရွိုက်ထိုးဆေးကို အရေပြားအောက်ထဲ ထိုးတာတို့၊ စတီးရွိုက်သောက်ဆေးစားတာတို့ကို တော်ရုံနဲ့ မညွှန်ကြားကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စတီးရွိုက်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို စိုးရိမ်လို့ပါပဲရှင်။
*****
(မေး) ဒေါက်တာရှင့်၊ ကျွန်မအရင်က အားနည်းလို့ အားဆေးထိုးတဲ့အခါ ဘားပလက်ဇ်ဆေး ထည့်ထိုးလို့ရပါတယ်။ အခု ကျွန်မ အားဆေးထိုးတဲ့အခါ အဖုအပိမ့်တွေ ထွက်လာပြီး ယားလိုက်တာရှင်၊ အဲဒါ ဘားပလက်ဇ်ဆေးနဲ့ မတည့်လို့ ဖြစ်တာလို့ ဆရာဝန်ကပြောပါတယ်၊ ကျွန်မအရင်တုန်းက ထိုးဖူးပါတယ်။ တည့်ပါတယ်လို့ ပြောပါတော့ ဆရာဝန်ကြီးက အခုမတည့်တော့လို့ပဲလို့ ပြောပါတယ်။ အဲဒါဖြစ်နိုင်ပါသလား ဒေါက်တာရှင့်။
(ဖြေ) ဟုတ်ကဲ့၊ ဖြစ်တတ်ပါတယ်ရှင်၊ အစပိုင်းက ဒီဆေးထိုးရင် တည့်တယ်။ ခန္ဓာကိုယ်ကလည်း လက်ခံပါတယ်။ နောက်ပိုင်း ဒီဆေး ခဏခဏထိုးလို့ ထိုးတဲ့အကြိမ် အရေအတွက်များလာတဲ့အခါ ခန္ဓာကိုယ်က မတည့်တဲ့ဓာတ်ဖြစ်လာရော၊ မတည့်တဲ့ဓာတ်ဟာ ပထမပိုင်းတော့ မပြင်းထန်သေးဘဲ ယားယံပြီး အဖုအပိမ့်ဖြစ်ရုံလောက်ပဲ၊ တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာ ပိုဆိုးလာပြီး အသက်အန္တရာယ်ပေးတဲ့အဆင့်ထိ
ဖြစ်လာနိုင်တာမို့ သတိထားသင့်ပါတယ်။


နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ
ဒေါက်တာနိုက်တင်ဂေးလ်
(ရုပ်ရှင် အမြုတေ-၂၀၀၇-သြဂုတ်လ)

အဟိံသဓမ္မ နှင့် ဂန္ဒီ-၏ နိုင်ငံရေး အမြင်

ဂန္ဒီသည် အိန္ဒိယနိုင်ငံ၏ ထင်ရှားသော ကမ္ဘာ့အသိအမှတ်ပြု နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သည်။ သူသည် သွေးကင်းသော တော်လှန်ရေးကို ဦးဆောင်သူ တဦးလည်းဖြစ်သည်။ ယင်းသို့ သွေးကင်းသော တော်လှန်ရေးကို ဦးဆောင်နိုင်ခဲ့ခြင်းသည် သူကိုယ်တိုင် လက်ခံကျင့်သုံးနေသော အဟိံသဓမ္မ ဖြစ်သည့် အကြမ်းမဖက်ရေး အယူအဆကြောင့် ဖြစ်ပါသည်။ အဟိံသဓမ္မသည် သက္ကတဝေါဟာရ ဖြစ်သည်။ ထိုဝေါဟာရ၏ အဓိပ္ပါယ်ကို အစဉ်အလာ ရှေးရိုးအယူအဆအားဖြင့်၎င်း၊ ဘာသာဗေဒအားဖြင့်၎င်း၊ သက်ရှိသတ္တဝါများကို အကြမ်းမဖက်ခြင်း (Ahimsa (Sanskrit), Traditionally and Literially, non-violence to Living creatures.) ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။ ခေတ်သစ် အိန္ဒိယဒဿ ပညာရှင်များက သတ္တဝါအားလုံးကို ကြင်နာခြင်း (For modern Indian Thinkers, a positive sense of Kindness to all creatures.)ဟူ၍ ကင်းဘရစ် ဒဿန အဘိဓာန် (Cambridage Dictionary of Philosophy) တွင် ဖွင့်ဆိုထားသည်။ အဟိံသဓမ္မဟူသော အသက်ဇီဝရှိသော သတ္တဝါအားလုံးကို သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်ခြင်း မပြုရ အယူအဆကို ဖော်ထုတ်ခဲ့သူများသည် ဂျေးနား(Jainas) ခေါင်းဆောင်မဟာဝီရ (Mahavira) နှင့် ဗုဒ္ဓဝါဒခေါင်းဆောင် ဂေါတမ (Gautama) တို့ ဖြစ်ကြသည်။ ဂျေးနားတို့နှင့် ဗုဒ္ဓဘာသာဝင်များ အားလုံးသည် အကြမ်းမဖက်ခြင်း သို့မဟုတ်-သူ့အသက်ကို မသတ်ခြင်းကို အမြင့်မြတ်ဆုံး ကောင်းမြတ်ခြင်းတရားအဖြစ် ခံယူထားကြသည်။ ဂျေးနားဝါဒ၊ ဟိန္ဒူဝါဒ နှင့် ဗုဒ္ဓဝါဒတို့သည် အဟိံသဓမ္မဖြင့် သံသရာဝဋ်ဆင်းရဲမှ လွန်မြောက်ခြင်း မုက္ခ (Moksa) ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။ ဂန္ဒီကမူ လူထဲက လူတယောက် ဖြစ်၍ လူတို့၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး နှင့် လောကီရေးတွင် ရည်ရွယ်ပြီး အဟိံသဓမ္မကို လက်ခံကျင့်သုံး ခဲ့သည်။


“အဟိံသဓမ္မသည် အမြင့်မြတ်ဆုံး ကရုဏာထားခြင်းနှင့် ကိုယ်ကျိုးစွန့်လွှတ်ခြင်း ဖြစ်သည်၊ အဟိံသဓမ္မသည် အကြမ်းမဖက်ခြင်း ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို မကျူးလွန်ခြင်းဖြစ်သည်။ အဟိံသဓမ္မသည် လောဘ၊ ဒေါသ၊ မာန်မာနတို့ကို စောင့်ထိန်းခြင်း ဖြစ်သည်၊ အဟိံသဓမ္မသည် ခွင့်လွှတ်ခြင်းကြောင့် စိတ်ကင်းခြင်း၊ သတိရှိခြင်း၊ ကျိုးနွံခြင်းနှင့် ဘုရားကို အကြွင်းမဲ့ အပ်နှံထားခြင်း ဖြစ်သည်။”


ဂန္ဒီသည် ယင်းဓမ္မကို ရင်ဝယ်ပိုက်ထားရုံမျှမက တော်စတွိုင်း (Tolstoy)၏ အကြွင်းမဲ့သဘောဆောင်သော ပရဟိတဝါဒ (Absolute Altuism) ကိုလည်း ယုံကြည်စွာ လက်ခံခဲ့သူတဦး ဖြစ်သည်။ ဂန္ဒီက လူသည် လူမှုရေး တာဝန်များကို ရှောင်လွှဲ၍ မရချေ။ လူ့လောကတွင် လူမှုရေးတာဝန်ကို ကျော်လွန်၍သော်၎င်း၊ လူမှုရေး တာဝန်နှင့် ကင်းကွာ၍၄င်း၊ ပျော်ရွှင်ချက် ဘာမှကို မရနိုင်ဟု လက်ခံထားသည်။ ဂန္ဒီက အကြမ်းမဖက်ခြင်း ဝါဒကို လက်ခံကျင့်သုံးသူများသည် သစ္စာရှိခြင်း၊ ကျိုးနွံခြင်း၊ သည်းခံခြင်း၊ မေတ္တာထားခြင်း စသည်တို့ကို နားလည်သဘောပေါက်ရန် လိုအပ်သည်။ အကြမ်းမဖက်ခြင်းသည် လူသား၏ ဝိညာဉ်အား ဖြစ်သည်။ တိရစ္ဆာန်များတွင် မရှိနိုင်ချေ။ တိရစ္ဆာန်စိတ်ရှိသော သူတို့သည် အကြမ်းဖက်ခြင်း လက်ခံကြသည်။ သို့ဖြစ်၍ တိရစ္ဆာန်များလည်း ကာယအင်အားကြီးခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကြီးထွား နေရသည်။ လူသားစိတ်ထား ရှိသူသည် လူ၏ဉာဏ်သိက္ခာဖြစ်သည်။ အကြမ်းဖက်ခြင်းကို စောင့်ထိန်းရမည့် တာဝန်တရပ်ဟု  နားလည်ရမည် ဖြစ်သည်။ သို့မှသာ လူသားသည် ပို၍ မြင့်မြတ်သောနေရာသို့ ရောက်ရှိမည် ဖြစ်သည်။

ဂန္ဒီက အကြမ်းမဖက်ရေးနှင့် မေတ္တာထားခြင်းတို့သည် လူသား၏ ဂုဏ်သိက္ခာဟုခံယူသည်။ မည်သည့်အမှုကိစ္စကို မဆို ဆောင်ရွက်သည့်အခါ ဖော်ပြပါအယူအဆများသည် လူသားကိုလမ်းညွှန်ပြသ
နေသည်။ အများအကျိုး စီးပွားဖြစ်၍ တဦးတယောက်၏ အကျိုးစီးပွားကို ပျက်ပြားစေခြင်းသည် အကြမ်းဖက်ခြင်းတမျိုးဖြစ်သည်။ အကြမ်းဖက်ခြင်းကို လူသားတဦးတယောက်ကိုသော်၎င်း၊ လူ့အဖွဲ့အစည်း တရပ်ကိုသော်၎င်း၊ မပြုလုပ်သင့်ဟု ဂန္ဒီက အဆိုပြုခဲ့သည်။ ဂန္ဒီအလိုရ အကြမ်းဖက်မှု ပြုလုပ်သူများကို သည်းခံခွင့်လွှတ်၍ မေတ္တာထားခြင်းဖြင့် နောင်တတရားများ ဖြစ်ပေါ်စေပြီး အကြမ်းဖက်လုပ်ခြင်းကို ရပ်ဆိုင်းလာမည်ဟုဆိုသည်။ ဂန္ဒီသည် ရန်ကိုရန်ချင်း မတုံ့ပြန်ဘဲ ဗြိတိသျှတို့၏ စစ်ဖိနပ်အောက်မှ သွေးကင်းသော တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ၁၉၃၀-တွင် ဗြိတိသျှတို့က အိန္ဒိယတိုင်းရင်းသားများသည် အသံတိတ် ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြမှုကြောင့် အိန္ဒိယတိုင်းရင်းသားများ ထောင်သွင်းအကျဉ်းချခံခဲ့ရသည့်ပြင် ဗြိတိသျှ အာဏာတို့၏ ညှင်းပန်းနှိပ်စက်မှု အမျိုးမျိုး ခံခဲ့ရသည်။ သို့သော် ဂန္ဒီက ဗြိတိသျှအစိုးရကဲ့သို့ အကြမ်းဖက်နည်း မသုံးဘဲ မေတ္တာထား၍ အကြမ်းဖက်မှုများ ပြန်၍ မပြုကြရန် ဟောပြောခဲ့သည်။ 


ထို့ကြောင့် ဂန္ဒီ၏ အကြမ်းမဖက်ရေး အယူအဆကို ကမ္ဘာက မှတ်ပြုခဲ့သည်။ ထိုသို့ အသိအမှတ်ပြုသူများ အနက် အဲ့လဗက် အိုင်းစတိုင်း (Albert Einstein) နှင့် လူဝီ ဖစ်ရှား (Louis Fisher) တို့သည် ထင်ရှားသည်။
“ကမ္ဘာကျော် သိပ္ပံပညာရှင် အဲလဗတ်အိုင်စတိုင်းက အန္ဒိယအမျိုးသားခေါင်းဆောင် ဖြစ်၍ ပြင်ပနိုင်ငံများမှ အားပေးကူညီမှုကို မရရှိခဲ့ချေ။ တိုက်ပွဲတိုင်း အောင်နိုင်မှု ဖြစ်သော်လည်း မည်သည့်အင်အားကိုမျှ အသုံးမပြုခဲ့ချေ။ ဥရောပ၏ ရက်စက်ကြမ်းကြုတ်မှုများကို သာမန်လူသားတို့၏ ဂုဏ်သိက္ခာနှင့် ရင်ဆိုင်ခဲ့ခြင်းဖြင့် အိန္ဒိယသည် အောင်မြင်မှုရရှိခဲ့သည်ဟု ဂုဏ်ပြုဖော်ပြခဲ့သည်။


“လူဝီဖစ်ရှားက အိန္ဒိယသည် အဏုမြူကို စွန့်လွှတ်၍ အဟိံသဓမ္မကို လက်ကိုင်အသုံးပြုခဲ့သည်။ ဂန္ဒီသည် နျူကလီးယားနှင့် ပတ်သက်၍ အလွန်ငယ်သောကလေးအဆင့်တွင် ရှိနေသော်လည်း ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ အလွန်အမြင်ကျယ်ပြီး ရင့်ကျက်သူတဦး ဖြစ်သည်။ ဂန္ဒီသည် သူတပါး၏ အသက်ကန့်သတ်ခြင်းနှင့် ပတ်သက်၍ ဘာမျှမသိသော်လည်း နှစ်ဆယ်ရာစုတွင် အသက်ရှင်နေနိုင်ရေးနှင့် ပတ်သက်၍မူ များစွာအထောက်အကူ ပေးနိုင်ခဲ့သည်ဟု လူဝီဖစ်ရှာက ဂုဏ်ပြုဖော်ပြထားသည်။


ထို့ကြောင့် ဂန္ဒီ၏ ဒဿနကိုကြည့်လျှင် အဟိံသဓမ္မ အခြေခံပြီး တည်ဆောက်ပြီး အရာရာကို အဟိံသဓမ္မဖြစ်သော အကြောင်း၊ စာဖတ်ရရေးဝါဒ ရှုထောင့်မှ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရရုံမျှမက သူ၏ အဟိံသဓမ္မသည် ကမ္ဘာပေါ်ရှိ အကြမ်းတမ်းဆုံး လက်နက်များထက်ပင် စွမ်းပကားကြီးမားခဲ့သည်ကို
သွေးကင်းသော အိန္ဒိယတော်လှန်ရေးဖြင့် သက်သေပြခဲ့သည်ဟု ဆိုရမည် ဖြစ်ပေသည်။


စိုးဦး(ဒဿန) 
(မြန်မာသစ်မဂ္ဂဇင်း ၂၀၁၀-သြဂုတ်လ)

ဆေးလိပ်နှင့် အန္တရာယ်

အချိန်ကုန် လေကုန်ခံ၍ ဆေးလိပ်ဖြတ်ရန် ခင်ဗျားအား ကျွန်တော်သွေးဆောင်နေလိမ့်မည် မဟုတ်ပါ။
ဆေးလိပ်မသောက်သင့်ကြောင်းကို အတော်အသင့် ခင်ဗျားလည်း ကြားဖူးဖတ်ဖူးနေပေလိမ့်မည်။
ဆေးလိပ်ဘူးတိုင်းတွင်၎င်း၊ ဆေးလိပ်ကြော်ငြာတိုင်းတွင်၎င်း၊ သမားတော်ကြီး၏ သတိပေးချက် စာတမ်းလေးကို ခင်ဗျားလည်း မြင်ဖူးမှာပါပဲ။ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များ၏ သြဝါဒကိုလည်း ကြိမ်ဖန်များစွာ ကြားဖူးပေလိမ့်မည်။ အဆုတ်ကင်ဆာကြောင့် သေဆုံးသူ လူဦးရေသည် နို့ကင်ဆာ၊ ဆီးကြိတ်ကင်ဆာနှင့် အူမကြီးကင်ဆာကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်းထက် ပိုမို များပြားကြောင်း ခင်ဗျားလည်း သိပြီးသား ဖြစ်ပေလိမ့်မည်။ အဆုတ်ကင်ဆာ အားလုံးနီးပါးသည်
ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။

အမှန်အားဖြင့် ခင်ဗျားကိုယ်တိုင် အဲဒီအကျင့်ဆိုးကို ချိုးဖျက်ပစ်ရန် အဆင်သင့် မဖြစ်မချင်း
ဆေးလိပ်အန္တရာယ် လှုံ့ဆော်ဝါဒဖြန့်မှုများသည် ခင်ဗျားအား နည်းနည်းလေးမှ တုန်လှုပ်စေလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ဤစာကို ယခုထိ သည်းခံ ဖတ်ရှုလာခဲ့ပြီမို့ ကျွန်ူပ်၏ တန်ဖိုးရှိသော အတွေ့အကြုံ သင်ခန်းစာများကို ခင်ဗျားအား ပြောပြရပေတာ့မည်။


ကျွန်တော်ဘဝရဲ့ ပထမဆုံးသော စီးကရက်ကို စ,စမ်းသောက်ကြည့်စဉ်က ကျွန်တော်အသက်မှာ ၁၅-နှစ်သာ ရှိသေးသည်။ ပိန်သေးသေးကောင်လေးတယောက် ဖြစ်သော ကျွန်တော်က ဆေးလိပ်သောက်ခြင်းသည် ကျွန်တော်အား လူကြီးတယောက်နှင့် ပိုတူစေပြီး ကျွန်တော့်ရဲ့ ခပ်မိုက်မိုက်ဆေးလိပ်သောက်ဟန်က ဆန့်ကျင်ဘက်လိင်များ၏ အမြင်တွင် ပို၍ ဆွဲဆောင်မှု ရှိလိမ့်မည်ဟု ကျွန်တော်က ယူခဲ့သည်။ အဲဒါအပြင် ကျွန်တော်က ဆေးလိပ်ငွေ့ ရှူသွင်းလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော မူးတူးတူး နောက်တောက်တောက် အရသာလေးကို ကြိုက်နှစ်သက်ခဲ့သည်။ သိပ်ပင်မကြာလိုက်ပါ။ ကျွန်တော် ဆေးလိပ်စွဲနေပြီး တနေ့တဘူး သောက်နေပြီ ဖြစ်သည်။


နှစ်ပေါင်း ၅၀-ကြာပြီးနောက် ယခုအထိပင် ကျွန်တော် ဆေးလိပ်ကို တရှိုက်မက်မက် စွဲငြိနေသေးသည်။ မနက်မနက် ကော်ဖီသောက်သည့်အခါဖြစ်စေ၊ အစားကောင်း အသောက်ကောင်း စားပြီးလျှင်ဖြစ်စေ၊ ဗီဒီယိုပိုကာ မရှင်းရှေ့တွင် ထိုင်လျက်ဖြစ်စေ စိတ်လွတ်ကိုယ်လွတ် ကျွန်တော်ဆေးလိပ်သောက် 
ပါသည်။ ဆေးလိပ်မသောက်တတ်သူများနှင့် တွေ့လျှင် ကျွန်တော်က ခင်ဗျားတို့ပြီးရင် ဘာလုပ်ကြသလဲဟုပင် ကျွန်တော်က နောက်ပြောင်လိုက်သေးသည်။


ကျွန်တော်၏ ဆရာဝန်က ကျွန်တော် ဆေးလိပ်ဖြတ်ပစ်ရန် သူ့မှာ ရှိသမျှစွမ်းအားလေးနှင့် ကြိုးပမ်းရှာကြ သည်။ ဆေးလိပ်ဖြတ်ပစ်ခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် သွေးတိုးရောဂါ စသော ရောဂါ အန္တရာယ်များမှ ဝေးကွာစေနိုင်ပြီး သွေးလည်ပတ်မှု ပြန်မှန်လာကာ ကျန်းမာရေး တိုးတက်ကောင်းမွန် 
လာနိုင်ကြောင်း သူက ပြောပြပါသည်။ ကျွန်တော်သိပါသည်။ အခြားသူများအတွက်တော့ သူ မှန်ကောင်းမှန်ပေလိမ့်မည်။ သို့ပေမယ့် ကျွန်တော်၏ဖခင်မှာ သူ၏ဘဝတလျှောက်လုံး
ဆေးလိပ်သောက်နေခဲ့ပြီး  အသက် ၉၀-ကျော်သည်အထိ နေသွားခဲ့ပေသည်။ ကျွန်တော်က စိတ်အားထက်သန်စွာ ပြောနေသော ဆရာဝန်၏ စကားဆုံးသွားသည်အထိ ယဉ်ကျေးသိမ်မွေ့စွာ တိတ်တိတ်ကလေး နားထောင်နေမည်။ ပြီးတော့ လှစ်ကနဲ ကျွန်တော့်ကားရှိရာသို့ ထွက်သွားပြီး စီးကရက်အသစ် တလိပ်ကို မီးညှိလိုက်ပေမည်။


အခါပေါင်းများစွာပင် ဆေးလိပ်ဖြတ်ပစ်ရန် စိတ်မပါ့တပါဖြင့် ကျွန်တော် ကြိုးစားဖူး၏။ ကျွန်တော် အမှန်တကယ် စိတ်ထဲက ဖြတ်ပစ်ချင်လို့မဟုတ်၊ ဒါပေမဲ့ ဒီကစ္စက လုပ်ကောင်းတဲ့၊ မှန်ကန်တဲ့ ကိစ္စတရပ်လို့ ယူဆရလို့ပါပဲ။ တခါတရံ ကျွန်တော်ဆုံးဖြတ်ချက်က တနာရီပင် မကြာလိုက်၊ ကျွန်တော်
နောက်ဆေးလိပ်အသစ် တလိပ် မီးမညှိခင် အထိပါပဲ။


အားလုံးကိုတော့ ဝန်မခံလိုပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က စပြီး ဆေးလိပ်သောက်ခြင်းဟာ ကျွန်တော်ရဲ့ ကျန်းမာရေးကို ထူးထူးခြားခြား ထိခိုက်နေတယ်ဆိုတာ ကျွန်တော် သိနေခဲ့တယ်။ လေယာဉ်အတက်အဆင်း
လှေကား တိုတိုလေးမှာတောင် ကျွန်တော်မောလို့ နေတယ်။ မိုင်ချီမြင့်တဲ့ ယူးတားပြည်နယ်က တောင်တွေပေါ် တက်တဲ့အခါကျတော့ ကျွန်တော့်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေကို မီအောင်ပင်ပန်းကြီးစွာ မနည်းကြီး ကျွန်တော့်မှာ ကြိုးစားနေရတယ်။ အဲဒီမှာ ဖခင်များနေ့-ရောက်တိုင်း ကျွန်တော်တို့ ထရောက်ငါးတွေ သွားမျှားကြတယ်။


အခြေအနေတွေက ဒီနွေရာသီမှာ ပိုပြီးထင်ရှားပီပြင်လာသလိုပဲ။ ကျွန်တော့်အိမ်နောက်ဖေးမှာ ငါးကန်လေး တကန်ရှိတယ်။ ရက်သတ္တပတ်တိုင်းလိုလို ရေတွေကို စစ်ထုတ်ပစ်လိုက်ပြီး ကျွန်တော်သန့်ရှင်း လုပ်တယ်။ ကုန်းပြီးတော့ ရေစစ်ကိုဖွင့်တာလေးတောင် ကျွန်တော့်မှာ မောနေတယ်။ ကျွန်တော် အိမ်မကြီးဘက်ကို ပြန်လာခဲ့တယ်။ အသက်ကို အပြေးအလွှား ရှူနေရတယ်။ ခြေပစ်လက်ပစ် ကျွန်တော်ထိုင်ချလိုက်တယ်။ ဆေးလိပ်တွေ တလိပ်ပြီး တလိပ် ကျွန်တော် ဖွာနေမိတယ်။ အကြိမ်ကြိမ် အားတင်းပြီးတော့မှ ကျွန်တော် ပြန်ထနိုင်တယ်။ အသည်းအသန် ကြိုးစားလိုက်တော့မှ ကျွန်တော့်ဗာဟီရ အလုပ်ကလေး ပြီးမြောက်နိုင်တော့တယ်။

တညနေ ကျွန်တော် အလုပ်ကနေ ကားမောင်းပြန်လာတုန်း ကျွန်တော့်မှာ ဆေးလိပ် ၃-လိပ်ပဲ ကျန်တော့တယ်ဆိုတာ သတိထားမိတယ်။ ဆိုင်တဆိုင်ရှေ့မှာ ရပ်လိုက်ပြီး စီးကရက် တကာတွန် ဝင်ဝယ်ရကောင်းမလား ကျွန်တော် ချီတုံချတုံ စဉ်းစားနေမိတယ်။ နီကိုဒင်း ဖြတ်ဆေး ဆေးညွှန်းကို ဖတ်နေတုန်းမှာ ကျွန်တော့်ဘဝရဲ့ နောက်ဆုံး စီးကရက်ကို ရှိုက်ဖွာနေမိတယ်။ နီကိုဒင်းဆိုတာ ဆေးလိပ်ကို စွဲစေတဲ့ ဓာတ်တမျိုးပါပဲ။

ဆေးလိပ်စွဲစေတဲ့ ထင်ထင်ရှားရှား အကြောင်းရင်းနှစ်ခုကို ကျွန်တော် ဖျတ်ခနဲ တွေ့ရှိလိုက်ရပါတယ်။ နီကိုဒင်းဓာတ်က စွဲလမ်းစေခြင်းနဲ့ အခြေအနေကို လိုက်ပြီးဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒ(ဆေးလိပ်သောက်ချင်တဲ့ ခင်ခြင်း)တို့ပါပဲ။ နီကိုဒင်း ဖြတ်ဆေးကတော့ နီကိုဒင်းဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အာရုံကြော နိုးကြားမှုနဲ့ စိတ်အလိုမပြည့်မှုတို့ကို အတော်အသင့် ပြေပျောက်စေနိုင်ပါတယ်။


ပတ်ဝန်းကျင်အခြေအနေကို လိုက်ပြီး စွဲမြဲနေတဲ့ ဆေးလိပ်သောက်ကျင့်ကမှ ပိုပြီး ဖြစ်ရခက်ပါတယ်။ မနက် အိပ်ရာခုတင်ပေါ်က ထခါစမှာဖြစ်စေ၊ ကားမောင်းနေစဉ်မှာဖြစ်စေ၊ စားသောက်ဆိုင်မှာ ဟင်းလျာတွေကို စောင့်ဆိုင်းနေစဉ်မှာဖြစ်စေ ကျွန်တော့်လက်က ကျွန်တော့်အိတ်ထောင်နားကို သူ့အလိုလို ရောက်ရောက်လို့ သွားပါတယ်။ ဆေးလိပ်သောက်ကျင့်က ကျွန်တော့်နှလုံးသားမှာ စွဲစွဲမြဲမြဲ အမြစ်တွယ်နေပြီး ရုတ်တရက် ဖြတ်ပစ်ဖို့ဆိုတာ တကယ်တမ်း အလွန့်အလွန်ကို ခက်ခဲလို့ နေပါတယ်။


နှစ်ပေါင်း ၅၀-တောင် သောက်လာတဲ့ ဆေးလိပ်တန်ခိုး ပြနေပါပြီ။ မနက်မနက် ချောင်းခြောက်တွေ တဟွပ်ဟွပ် ဆိုးနေမယ်။ တနေ့လုံး တံတွေးတွေ တပျစ်ပျစ် ထွေးပြီး မအီမသာ ဖြစ်လို့ နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ပုံမှန်ဆေးစစ်မှုတခု လုပ်တော့ ကျွန်တော့်မှာ အကျိတ်တခု ရှိနေပြီလို့ ကျွန်တော့်ဆရာဝန်က ဆိုပါတယ်။ ဓာတ်မှန်ပြားထဲမှာ ပုံပေါ်နေတဲ့ ကျွန်တော့်အဆုတ်ထဲမှာ
ကျောက်ခဲလုံးလောက်ရှိတဲ့ အကွက်ကလေးက အဲဒီအကျိတ်ပါပဲ။ 

အဲဒီအကျိတ်ဟာ ၆၉-ရာခိုင်နှုန်း ကင်ဆာကျိတ် ဖြစ်နိုင်ပြီး ၃၅-ရာခိုင်နှုန်းကတော့ အသားပိုတခု
ဖြစ်နိုင်တယ်လို့ ဆရာဝန်က ဆိုပါသည်။ ကျွန်တော့်ဆရာဝန်က ဘိုင်အုတ်စီ Biopsy (အသားစထုတ်၍ ဓာတ်ခွဲခန်းတွင် စမ်းသပ်ခြင်း) လုပ်ဖို့ အကြံပြုပါတယ်။ တကယ်လို့ ကင်ဆာကျိတ် ဆိုရင် ခွဲစိတ် လှီးဖြတ်ထုတ်ပစ်ရမယ်လို့ ပြောပါတယ်။

ကျွန်တော် ဆေးလိပ်ဖြတ်ပြီး ၄-လပြည့်မြောက်တဲ့ရက် အတိအကျမှာပဲ ကျွန်တော် ဆေးရုံတက်လိုက် ရပါတယ်။ ကျွန်တော့်အကျိတ်က ကာဆီနိုမားဆိုတဲ့ နုသေးတဲ့ ကင်ဆာကျိတ်တမျိုးပါပဲ။ အဲဒီအဆုတ်ကင်ဆာ မျိုးက ဆေးလိပ်သောက်ခြင်းနဲ့ အခိုင်အမာ ပတ်သက်နေပါတယ်။ ခွဲစိတ်ကုဆရာဝန်က အကျိတ်နဲ့အတူ အဆုတ်တခြမ်းလုံး လှီးဖြတ်ထုတ်လိုက်ရတယ်လို့ ဆိုပါတယ်။


ကျွန်တော်က ကံကောင်းတယ်လို့ နောက်လတော့မှ သူက ပြောပြပါတယ်။ ကျွန်တော် ဆေးစစ်တာ လအနည်းငယ် စောနေမယ်ဆိုရင် အဲဒီအကျိတ်ကို တွေ့ဦးမှာ မဟုတ်ဘူး၊ လအနည်းငယ် နောက်ကျသွားမယ်ဆိုရင် အဆုတ်တပြင်လုံး ပြန့်နေလောက်ပြီ။ ကျွန်တော့် ခွဲစိတ်ဆရာဝန်ကတော့ ကင်ဆာကျိတ်တွေကို ပိုင်ပိုင်နိုင်နိုင် လှီးဖြတ်ထုတ်ခဲ့ပြီးပြီမို့
နောက်ထပ်တခါ ပြန်မပေါ်လာနိုင်တော့ပါဘူးလို့ ယုံကြည်နေတယ်။


အားလုံးကို ခြုံကြည့်ရင် ကံကောင်းသွားတာလို့ ကျွန်တော် ခံစားမိတယ်။ ခွဲစိတ်ပြီးစ နေ့တွေမှာဆိုရင် သံစနဲ့ထိုးနေသလိုလို မခံမရပ်နိုင်အောင်ကို နာတာ၊ အသက်ရှင်လျက်နဲ့ ကျွန်တော်တော့ ဆေးရုံက ဆင်းနိုင်တော့မှာ မဟုတ်ပါဘူးလို့ကို ထင်နေတာ၊ တလကျော်ကျော်လောက်အထိကို မချိမဆံ့ နာကျင်နေတုန်းပါပဲ။ အခုအချိန်ထိတောင် တခါတလေ အသက်ရှူမဝသလို ကျွန်တော်ခံစားနေရတုန်းပါပဲ။


ဟုတ်တယ်၊ ကျွန်တော် ဆေးလိပ်ရဲ့ အရသာကို တကယ့်ကို စွဲမက်ခဲ့တာပါ။ ပျော်ရွှင်ခြင်းဆိုတဲ့ အရသာကို ဆေးလိပ်ထဲက ရှိနိုင်မယ်လို့ ကျွန်တော်ရိုးသားစွာ ယုံကြည်ခဲ့ပါတယ်။

David W.Cowles (၁၉၉၉၊ ဖေဖော်ဝါရီလ ၁-ရက်ထုတ် Newsweek မဂ္ဂဇင်းမှ My Turn အက်ဆေး ကဏ္ဍပါ The Price of Smoking ကို ဆီလျော်အောင် ပြန်ပါသည်)

လူဇော်မင်းညို
(ရုပ်ရှင်တေးကဗျာ ၂၀၀၀-ပြည့် ဒီဇင်္ဘာလ)

လုံးဝမပေါ့ဆသင့်သော အစာအိမ်ရောဂါ

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွက် အစာအိမ်သည် အရေးပါသော အင်္ဂါအစိတ်အပိုင်း တခုဖြစ်သည်။ ပါးစပ်မှတဆင့် စားလိုက်သောအစာများကို ခေတ္တသိုလှောင်ပေးပြီး ပရိုတိန်းများကို တပိုင်းတစ ချေဖျက်ပေးပါသည်။ ကုဗိုဟိုက်ဒရိတ်နှင့် အဆီများကိုမူ အူနှင့်ပန်ကရိယ(pancreas)တို့က အဓိကချေဖျက်ပေးပါသည်။ အစာအိမ်မှထွက်ရှိသော အစာချေရည်တွင် အက်စစ်နှင့် ပက်(ပ)ဆင် အင်ဇိုင်းတို့ ပါဝင်ပါသည်။

အစာအိမ်အတွင်း အစာအိမ်နံရံ၏ ခုခံအား လျော့နည်းကျဆင်းနေသောအခါ အက်စစ်ဓာတ်များကြောင့် အစာအိမ်တွင် အနာဖြစ်တတ်ပါသည်။ အစာအိမ်မှ အက်စစ်အများအပြား အူသိမ်ထဲသို့ ရောက်ရှိသွားပါက အူသိမ်တွင် အနာဖြစ်တတ်ပါသည်။

ယခင်က အစာအိမ်ရောဂါ ဖြစ်ရခြင်းမှာ အက်စစ်ဓာတ် လွန်ကဲမှုကြောင့် (သို့မဟုတ်) အစာအိမ်နံရံ မျက်နှာပြင် အလွှာ၏ ခုခံအားညံပဖျင်းမှုကြောင့်ဟု ယူဆခဲ့ကြပါသည်။ ယနေ့အချိန်တွင်မူ အစာအိမ်နာနှင့် အူသိမ်နာတို့မှာ Helicobacter pylori ပိုးနှင့် ဆက်နွယ်လျက်ရှိကြောင်း တွေ့ရှိလာရပါသည်။

အူသိမ်အနာ၏ ရောဂါလက္ခဏာမှာ ညဘက်အချိန်နှင့် အစာမရှိချိန်များတွင် ဝမ်းဗိုက်နာကျင်ခြင်း၊ အစာစားလိုက်လျှင် နာကျင်မှု သက်သာသွားခြင်းတို့ဖြစ်သည်။ အစာအိမ်အနာ၏ ရောဂါလက္ခဏာမှာ ဝမ်းဗိုက်နာကျင်ခြင်း၊ အစာစားလျှင် မသက်သာဘဲ နာကျင်မှု ပိုဆိုးခြင်း၊ ပျို့အန်လိုက်မှ နာကျင်မှု သက်သာသွားခြင်းတို့ ဖြစ်သည်။ အူသိမ်အနာနှင့် အစာအိမ်အနာ နှစ်မျိုးစလုံးတွင် အက်စစ်ဓာတ်ချေဖျက်ပေးသော ဆေးများသောက်သုံးပါက နာကျင်မှုကို သက်သာစေလေသည်။ အစာအိမ်အနာနှင့် အူသိမ်နာတို့၏ အခြားသောလက္ခဏာများမှာ ရင်ပူခြင်း၊ ပါးစပ်အတွင်းသို့ အစာပြွန် အောက်ပိုင်းမှ တံတွေး(Saliva) နှင့် အက်စစ် (Acid) တို့ ပြန်ပျို့တက်ခြင်းတို့ဖြစ်သည်။ အူသိမ်အနာရှိသူများတွင် နာကျင်မှုသက်သာစေရန် အစာ ပိုမိုစားသဖြင့် ခန္ဓာကိုယ်အလေးချိန် တက်နိုင်ပါ သည်။ အစာအိမ်အနာရှိသူတွင်မူ အစားအသောက်ပျက်ခြင်းကြောင့် ကိုယ်အလေးချိန် လျော့ကျခြင်း ဖြစ်နိုင်ပါသည်။

အစာအိမ်ရောဂါ၏ ထူးခြားချက်မှာ ဝေဒနာလက္ခဏာများသည် အလိုအလျောက် ပျောက်ကွယ်သွားတတ် သကဲ့သို့ အလိုအလျောက် ပြန်ပေါ်လာတတ်ခြင်းပင် ဖြစ်သည်။ လူတယောက်၌ အစာအိမ်ရောဂါ ရှိ-မရှိကို (Barium Meal)ဓာတ်မှန်ရိုက်ကြည့်ခြင်း၊ အစာအိမ်အား မှန်ပြောင်းဖြင့် ကြည့်ခြင်းတို့ဖြင့် လွယ်ကူစွာ သိရှိနိုင်ပါသည်။ 


အစာအိမ်ရောဂါ ရှိသူများအား ဆရာဝန်များအနေဖြင့် အောက်ပါ ဆေးဝါးများအနက် သင့်လျှော်ကောင်းမွန်မည့် ဆေးဝါးများကို ညွှန်ကြားလေ့ရှိပါသည်။
(၁) အစာအိမ်အတွင်းရှိ အက်စစ်ဓာတ်ကို ချေဖျက်ပေးသည့်ဆေးများ။
(၂) အစာအိမ်မှ အက်စစ်ထွက်မှု လျော့နည်းစေသည့်ဆေးများ။
(၃) အစာအိမ်အတွင်း လေပွလေထခြင်းနှင့် အစာမကြေခြင်းတို့ကို သက်သာစေသည့် ဆေးများ။
(၄) အစာအိမ်နှင့် အူသိမ်ကြွက်သားများ အလွန်အမင်း လှုပ်ရှားမှုကို လျော့ပါးစေသော ဆေးများ။
(၅) အစာအိမ်နံရံ၏ ခုခံစွမ်းအား ပြန်လည်ကောင်းမွန်စေသော ဆေးများ စသည်တို့ ဖြစ်သည်။


အစာအိမ်ရောဂါရှိသူတဦး အနေဖြင့် ဆေးလိပ် လုံးဝ မသောက်သင့်ပေ။ ဆေးဝါးများ မှန်မှန်မှီဝဲနေသော်လည်း ဆေးလိပ်သောက်နေပါက အကျိုးမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဆေးလိပ်သောက်သုံးခြင်းသည် အစာအိမ်နာ ပျောက်ကင်းစေခြင်းကို အဟန့်အတား ဖြစ်စေခြင်းကြောင့် ဖြစ်သည်။


အစာအိမ်ရောဂါကို ကုသနေစဉ်အတွင်း အရက်သေစာ သောက်စားခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါသည်။ အရက်သည် အစာအိမ်နှင့် အူလမ်းကြောင်းတလျှေကြ် နံရံများ၏ ခုခံစွမ်းအားကို လျော့နည်းစေသောကြောင့် ဖြစ်ပါသည်။

အစာအိမ်သည် ခန္ဓာကိုယ်အတွက် မည်မျှအရေးကြီးကြောင်း အာလုံးသိရှိပြီးဖြစ်သည်။ ထို့ကြောင့် အစာအိမ်ရောဂါ ဖြစ်ပွားနေသည်ဟု သိရှိပါက လုံးဝမပေါ့ဆဘဲ အလျင်အမြန် ပျောက်ကင်းအောင် ကုသသင့်ပါသည်။ ထိုသို့မဟုတ်ပါက အစာအိမ်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော
သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အစာအိမ်ပေါက်ခြင်း၊ အစာအိမ်လမ်းကြောင်း ပိတ်ဆို့ခြင်းနှင့်
နောက်ဆုံးအဆင့်ဖြစ်သော လူသားတို့၏အသက်ကို ရန်ရှာနိုင်သည့် အစာအိမ်ကင်ဆာရောဂါတို့
ဖြစ်ပွားနိုင်သောကြောင့် ဖြစ်သည်။

Monday, August 29, 2011

အချိန်ကုန် ငွေကုန် သက်သာစေဖို့

မီးကြိုးကို မှတ်မိစေဖို့---
ပလပ်ပေါက်တခုထဲမှာ မီးကြိုးရောင်တူတွေ ထိုးထားမိလို့ ဘယ်မီးခေါင်းက ဘယ်နေရာအတွက်ဆိုတာ မှတ်ရခက်နေရင် ပေါင်မုန့်ထုပ်ကို ပိတ်တဲ့ကတ်ပြားလေးနဲ့ မှတ်ထားပါ။ အပေါ်က ဘယ်အတွက် မီးကြိုးဆိုတာ ရေးထားနိုင်ရင် ဘယ်တော့မှ မမှားတော့ပါဘူး။
*****
လိပ်စာမပျက်ဖို့---
မိတ်ဆွေသူငယ်ချင်းတွေဆီကို ပစ္စည်းပဲပို့ပို့၊ စာပဲထည့်ထည့် မတော်တဆ ကိုယ်ရေးတဲ့ လိပ်စာပေါ် ရေစက်ကျတဲ့အခါ ဒါမှမဟုတ် မိုးရေစိုတဲ့အခါ လိပ်စာပျက်သွားနိုင်ပါတယ်။ ရေးပြီးတဲ့ လိပ်စာပေါ် ဖယောင်းတိုင်ကို လှိမ့်ပြီး ဖုံးသုတ်ထားပေးလိုက်မယ်ဆိုရင် ဒီအန္တရာယ်ကို ကာကွယ်ပြီးသား
ဖြစ်သွားပါလိမ့်မယ်။
*****
အမွေး မရှိဖို့---
အချစ်တော် ကြောင်လေး၊ ခွေးလေးတွေ မွေးတာကတော့ ကောင်းပါရဲ့၊ သင့်ကား ထိုင်ခုံတွေ၊ အိမ်ကပရိဘောဂတွေမှာ သူတို့ အမွေးတွေကပ်ငြိနေတာတော့ ပြဿနာပါပဲ။ ဒါပေမဲ့ အလွယ်လေးပါ။ ဆေးသုတ်တံရဲ့ ဒလိမ့်မှာ double tape ကိုပတ်ပြီး ဆိုဖာတွေ၊ ပရိဘောဂတွေပေါ် လိုက်လှိမ့်ပါ။ အမွေးတွေ တိပ်မှာကပ်ငြိပြီး ပါလာပါလိမ့်မယ်။
*****
ငရုတ်သီး လှီးပြီးရင် လက်မပူအောင်---
ငရုတ်သီး မလှီးခင် လက်ကို ဟင်းရွက်ဆီအနည်းငယ် သုတ်လိမ်းထားပါ။ လှီးပြီးပြီးချင်း လက်ကို ရေဆေးပါ။
*****
နှလုံး ရင်ခုန် သက်သာစေဖို့---
လေတိုက်ရင် ဝုန်းခနဲ ဝုန်းခနဲ ပိတ်တတ်တဲ့ တံခါးတွေကြောင့် နှလုံးတုန်၊ ရင်ခုန်တယ်ဆိုရင်တော့ တံခါးပတ္တာကြားမှာ ရေမြှုပ်တုံးကို double tape နဲ့ ကပ်ထားလိုက်ပါ၊ လေဘယ်လောက်ပြင်းပြင်း ဘာသံမှ မထွက်လာနိုင်ပါဘူး။
*****
မီးပူတိုက်စရာ မလိုပါ---
မီးပူတိုက်ရတာ ပျင်းရိသူတွေအတွက် နည်းလမ်းကောင်းတခု ပေးချင်ပါတယ်။ လျှော်ပြီးသားအဝတ်ကို
ရေထဲမှာ ၁၀-မိနစ်လောက်ကြာအောင် စိမ်ထားပါ။ ပြီးရင် ရေမညှစ်ဘဲ အင်္ကျီချိတ်မှာ လှမ်းထားလိုက်ပါ။ ဒီနည်းနဲ့ ခြောက်သွားတဲ့အင်္ကျီကို မီးပူတိုက်စရာမလိုဘဲ ဝတ်နိုင်ပါတယ်။
*****
ငရုတ်သီး အမြဲလတ်ဆတ်နေရန်---
ပူပြင်းတဲ့ရာသီမှာ ငရုတ်သီးတွေကို နဂိုအတိုင်း လတ်လတ်ဆတ်ဆတ် ဖြစ်အောင် သိမ်းထားမယ်ဆိုရင်တော့ ဆီအနည်းငယ် အကုန်ခံရပါမယ်။ ငရုတ်သီးတွေကို ဆီထဲ ၅-မိနစ်လောက် စိမ်းထားပြီး ပြန်ဆယ်ယူ၊
နေရောင် အောက်မှာ ၅-မိနစ်လောက် ထားပြီးမှ သိမ်းလိုက်ပါ၊ အမြဲလတ်ဆတ်နေပါလိမ့်မည်။
*****
လက်ဆော့ရာ ပျောက်လိုပါသလား---
ရေခဲသေတ္တာပေါ်မှာ ကျေးဇူးရှင်လေးတွေ လက်ဆော့ပြီး ဆွဲထားတဲ့ ဂန္ထဝင်မြောက် ရုပ်ပုံတွေကို အလွယ်တကူ ပျောက်စေချင်ပါသလား၊ သူတို့ခြစ်ထားတဲ့ ခဲတံ၊ ဘောပင် အရာတွေပေါ်မှာ သွားတိုက်ဆေး နည်းနည်းကို လူးပြီး အဝတ်သန့်သန့်လေးတခုနဲ့ သုတ်ပေးလိုက်ရုံပါပဲ။
*****
ကော်ဇောပေါ်က အဖိရာ---
ကြီးမားလေးလံတဲ့ ပရိဘောဂတခုခု တင်ထားမိလို့ ချိုင့်ဝင်ပြီး အရာထင်နေတာကို နဂိုအတိုင်း ပြန်ဖြစ်ချင်ရင် ရေခဲတုံးလေးသာ တင်ထားလိုက်ပါ။ အဲဒီရေခဲတုံးလေး တဖြည်းဖြည်း အရည်ပျော်ပြီး ခြောက်သွားတဲ့အခါ ထင်နေတဲ့ အချိုင့်ရာလည်း ပျောက်သွားပါလိမ့်မယ်။
*****
ဆေးခါးကြီး ရှောရှူ ဝင်စေရန်---
တချို့ဆေးတွေက ခါးလွန်းလို့ အဝင်ဆိုးနေပါသလား၊ ဆေးမသောက်ခင် ရေခဲတုံးလေးတတုံးကို တအောင့် ငုံလိုက်ပါ။ လျှာတွေအေးပြီး ထုံကျင်နေတုံးမှာ ဆေးသောက်ချလိုက်ပါ။ ဘယ်လောက်ခါးခါး ဘာအရသာမှ မခံစားရတော့ဘဲ ရှောရှောရှူရှူ ဝင်သွားပါလိမ့်မယ်။
*****
အဝတ်မှာ ဆံပင်ဆိုးဆေး စွန်းထင်ရင်---
ဆံပင်ဆိုးရင်း မတော်တဆ ကိုယ်နှစ်သက်တဲ့ အဝတ်အစားလေးပေါ် ဆိုးဆေးတွေစင်ပြီး ကွက်ကုန်ပါသလား၊ ဆံပင်ကိုဖျန်းတဲ့ Hair Spray ကို အဲဒီအစွန်းကွက်ပေါ် ဖျန်းလိုက်ပါ။ အစွန်းကွက်တွေ လျင်မြန်စွာ
ပျောက်သွားပါလိမ့်မယ်။


Ref: The Singapore Women's Weekly, February 2001.

ကျန်းမာ လှပ

(မေး) သမီး အသက် ၁၄-နှစ်ပါ၊ သမီးရဲ့ ပြဿနာကနားအတွင်း နားဖာချေး အထွက်များတဲ့ ပြဿနာပါ။နားသန့်ရှင်းရေးကို နှစ်ပတ်တခါလောက် လုက်ရပါတယ်။ အဲဒီလို သန့်ရှင်းရေး မလုပ်နိုင်ဘူးဆိုရင် အသံဗလ့တွေကို တိုးတိုးလေးပဲ ကြားရပါတယ်။ သန့်ရှင်းရေး လုပ်တဲ့အခါ နားဖာချေးက ခြောက်ပြီး ပျစ်နေတော့ အလုပ်ရ ခက်သလို အတွင်းပိုင်း နာေးတွကလည်း နားကျပ်တဲ့ ဂွမ်းထိပ်များကြောင့် နာပြီး ကျန်နေတတ်ပါတယ်။ နားအတွင်းထဲ ထည့်တဲ့ ဆေးတွေလည်း ရမ်းပြီး မထည့်ရဲလို့ နားသန့်ရှင်းရေးမှာ လွယ်ကူစေမယ့် နည်းလမ်းတွေ သိချင်ပါတယ်။


(ဖြေ) နားအတွင်း နားဖာချေး (wax) တနည်း-စီရူမင်း (cerumen)ဟာ သဘာဝအလျောက် နားအပြင်ဘက် လမ်းကြောင်းကို အကာအကွယ် ပေးဖို့အတွက် ဖြစ်ပေါ်လာတာပါ။ တခါတရံမှာ လိုအပ်တာထက် ပိုထွက်ရင် အသံလှိုင်းတွေ အတွင်းနားထဲ ဖြတ်သန်း ဝင်ရောက်ဖို့ရာမှာ အတားအဆီးလို ဖြစ်နေတဲ့အတွက် အကြားအာရုံ လျော့နည်းခြင်း (conductive deafness) ဖြစ်တတ်ပါတယ်။ ခုသမီးပြောသလိုဆိုရင် ခြောက်နေတဲ့ နားဖာချေးကို အလွယ်တကူဖယ်ရှားဖို့ ဒီလိုလုပ်ကြည့်ပါ။ စတိုးနှင့် စူပါမားကက်တွေမှာ ဝယ်လို့ရတဲ့ သံလွင်ဆီ (olive oil)ကို နားအတွင်း နှစ်စက် သုံးစက်ခန့် သုံး၇က်ဆက်တိုက် ထည့်ပေးပါ။ အဲဒီလို ပြုလုပ်တဲ့အတွက် မာနေတဲ့ နားဖာချေးဟာ ပျော့ပျောင်းပြီး ဖယ်ရှားရ လွယ်ကူသွားပါလိမ့်မယ်။ နားကျပ်တယ်၊ နားကလော်တယ် ဆိုပေမယ့် အတွင်းဘက်ကို သိပ်ပြီး မရောက်ဖိုပတော့ လိုပါတယ်။ အပြင်နှင့်အတွင်းနားကို ကန့်ထားတဲ့ နားစည်မြှေး တင်ပဲနစ် မန်ဘဂိမ်း (tympanic membrane) ပါက်သွားနိုင်လို့ပါပဲ။
**********
(မေး) ကျွန်တော်ဟာ လေယာဉ်နှင့် မကြာခဏ ခရီးသွားလာနေရတဲ့ စီးပွားရေးသမား တယောက်ပါ။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ တခါတရံမှာ လေယာဉ်စီး ခရီး နည်းနည်းကြာသွားခဲ့ရင် ဆိုလိုတာက မိမိ စီးရမယ့် ခရီးစဉ်တခု အတါင်းမှာပဲ မထင်မှတ်တဲ့ အခြားခရီးစဉ်တွေကို လိုက်ပါ စီးနင်းရတဲ့ အခါမှာ ကျွန်တော် နားကိုက်တဲ့ ဝေဒနာကို ခံစားရပါတယ်။ ကျွန်တော့်မြို့က ဆရာဝန်နှင့် ပြကြည့်တဲ့အခါ လေဖိအား အပြောင်းအလဲကြောင့် ဖြစ်တဲ့ နားကိုက်ခြင်း (Barotrauma)လို့ ပြာပါတယ်။ ကျွန်တော့်အလုပ်က လေယာဉ်စီးနင်း သွားလာနေရတဲ့အတွက် (Barotrauma)အဲဒါကို ကာကွယ်နိုင်မယ့် နည်းလမ်းများ ရှိခဲ့ရင် သိထားချင်ပါတယ်။


(ဖြေ) ဒီပြဿနာဟာ လေယာဉ်စီးတဲ့ အခြေအနေမှာမှ မဟုတ်ပါဘူး။ ရေငုပ်တဲ့သူတွေမှာလည်း
တွေ့နိုင်ပါတယ်။ အဲဒီလို ပြောလိုက်လို့ လေကြောင်းခရီး သွားသူတွေ၊ ရေငုပ်သူတွေ အားလုံး ဒီပြဿနာ ဖြစ်မယ်လို့ မဆိုလိုပါဘူး။ အရင်ကတည်းက နားနှင့် အာခ့တွင်းကို ဆက်သွယထားတဲ့ ယူစတေရှင်ပြွန် (Eustachian tube) ပိတ်နေတတ်သူတွေဟာ ပတ်ဝန်းကျင်မှာ ရှိတဲ့ လေဖိအား၊ ရေဖိအား အပြောင်းအလဲမှာ နားစည်မြှေး (Ear drum)နောက်မှာ အရည် သို့မဟုတ်-သွေးတွေ စုစေပြီး ဖိအား များလာတဲ့အတွက် နားကိုက်ခြင်း၊ နားအတွင်း တင်းကျပ်ခြင်းနှင့် နားမကြားခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် လေယာဉ်စီးတဲ့ ခရီးသည်တွေ လေယာဉ်အဆင်းမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ အဲဒါကို ကာကွယ်ဖို့အတွက် နှာခေါင်းအတွင်း ထည့်နိုင်တဲ့ နှာခေါင်းပွင့်ဆေး (decongestants) ဥပမာ xylo metazoline ဆေးရည်ကို လေယာဉ်မဆင်းမီ တနာရီခန့်မှ စတင်ပြီး မိနစ် ၂၀-စီခြားပြီး ဆေးထည့်ပေးရမှာ
ဖြစ်ပါတယ်။ အကယ်၍ ဆေးအလွယ်တကူ မရှိခဲ့လျှင် ပါးစပ်နှင့်နှာခေါင်းကို ပိတ်ပြီး အဆုတ်အတွင်းမှ လေကို ညှစ်ထုတ်တဲ့ နည်းလမ်း ဗာဆာဗာမနူဗာ(Valsava manoeuvre)ကို ထပ်ခါတလဲလဲ လေယာဉ်အဆင်းမှာ ပြုလုပ်ပေးဖို့ လိုပါတယ်။


ပြီးတဲ့အပြင် နားအတွင်း ရောင်ရမ်းရောဂါ (Otitis media) ရှိပြီးမပျောက်ကင်းသူတွေနှင့် နား အလယ်ပိုင်းမှာ အရည်စုတဲ့ ဝေဒနာရှင်တွေ အနေနှင့် ပျောက်ကင်းအောင် ကုသမှု မပြုနိုင်သေးခင်မှာ လေယာဉ် မစီးသင့်ပါဘူး။
မိတ်ဆွေအနေနှင့် နားအတွင်း အရည်ရှိခဲ့ရင်လည်း ရက်သတ္တပတ် အနည်းငယ်အကြာမှာ သူ့အလိုအလျောက် ခြောက်ခန်းသွားနိုင်တယ် ဆိုတဲ့အကြောင်း ပြောပါရစေ။
**********
(မေး) ဆရာ နိုဘယ်ခင်ဗျား၊ ကျွန်တော်ဟာ တွင်ခုံလုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေသူ တဦါ်ဖစ်ြပါတယ်။ တွင်ခုံလုပ်ငန်းဆိုပေမဲ့ သံထည်ပစ္စည်းများကို သံဂဟေဆက်ခြင်း (welding) လုပ်ငန်းများကို လုပ်ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က မျက်စိနာ၍ အလုပ်မဆင်းဘဲ အိမ်တွင်နားခဲ့ရပါသည်။ တွင်ခုံ လုပ်ငန်းမှ မသန့်ရှင်းသော အမှုန်အမွှားများ ဝင်ခြင်းကြောင့် သို့မဟုတ်-မိမိအလုပ်များသော welding ကြောင့်လား ဆိုတာ စိတ်ထဲ မတင်မကျ ဖြစ်နေပါတယ်။ တန်ဖိုးရှိသော မျက်စိ နှစ်ကွင်း အချိန်မတန်မီ ပျက်စီးသွားမည်ကိုလည်း စိုးရိမ်ပါသည်။ ဆရာ့အနေနှင့် အကြံပြုနိုင်မည်ဟု ထင်ပါသဖြင့် စာရေးမေးမြန်းရခြင်း ဖြစ်ပါသည်။
(ဖြေ) ကိုယ့်ဆရာ တွင်ခုံမှာ အလုပ်လုပ်တယ်ဆိုတာကြောင့် ကျွန်တော် မျက်စိထဲမှာ လုပ်ငန်းခွင်သဘောကို မြင်ယောင်ပြီးပါပြီ။ တွင်ခုံပေါ်မှာ စက်နှင့် ခုတ်စားခြင်း ပြုတဲ့အခါမှာ ထွက်ပေါ်လာတဲ့ သတ္ထုဖြတ်စတွေ၊ အချောကိုင်ဖို့ ကော်ပတ်စက်နှင့် ပွတ်စားတဲ့အခါမှာ သတ္ထုအမှုအမွှာေးတွ၊ အဲဒါတွေဟာ အာရုံစိုက်ကြည့်နေတဲ့ အခြေအနေမှာ မျက်စိကို တသမတ်တည်း ဖွင့်ထားတဲ့ အနေအထားမို့ အကယအကွယ် မျက်မှန် (safety glass) လုံလုံခြုံခြုံ တပ်ဆင်ထားခြင်း မရှိရင် ပြောခဲ့တဲ့ သတ္ထုအစအနတွေ မျက်စိထဲ ဝင်ရောက်နိုင်ပြီး ပြင်ပအရာဝတ္ထု (foreign bodies) မျက်စိအတွင်း ဝင်ရောက်ခြင်းကြောင့် မျက်ကြည်လွှာ ကော်နီယာ (cornea) ကိုထိခိုက် ပွန်းပဲ့နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ အနီးအနားမှာ မျက်စိကု ဆရာယန် သို့မဟုတ်-အထေါထွေ ရောဂါကု ဆရာဝန်များနှင့် တွေပဆုံဖို့ အခြေအနေမပေးဘူးဆိုရင် ဦးစွာ အမှုန့်ဝင်သွားတဲ့ မျက်စိကို ရေသန့် ရေဖလားအတွင်း အဖွင့်အပိတ် လုပ်ပြီး ဆေးကြောသန့်စင်သင်ပါတယ်။ အပေါ်ယံ မျက်ခွံနှင့် အော်ကမျက်ခွံ အတွင်းဘက်တွေကို လှန်ပြီး အမှုန်အမွှား ရှိ-မရှိ စစ်ဆေးဖို့နှင့် မျက်နက်ဝန်း အပေါ်ရှိ မျက်ကြည်လွှာကိုလည်း စစ်ဆေးသင်ပါတယ်။ အသားအတွင်း စိုက်ဝင်နေတဲ့ သတ္ထုအမှု အစအနတွေကို ကိုယ်တိုင် ဖယ်ရှားဖို့ မကြိုးစားသင့်ပါဘူး။ အဲဒီလို အခြေအနေမျိုး ဆို၇င် အနာအကျင် သက်သာစေမယ့် ပါရာစီတမောလို ဆေးမျိုးကို သောက်ပြီး သန့်ရှင်းတဲ့ အဝတ်နဲ့ မျက်စိနှစ်ဖက်ကို အကာအကွယ် ဖုံးအုပ်ပြီး နီးရာမြို့နယ်က ဆေးရုံဆေးခန်းကို ပြေးရပါလိမ့်မယ်။

နောက်တချက်က (welding) သံဂဟေဆက်ရာမှာ အကာအကွယ် မျက်မှန်အမည်း မတပ်ဆင်ဘဲ အလုပ်လုပ်သူတွေ အနေနှင့် welding ဆော်ရာက ထွက်ပေါ်လာတဲ့ အလင်းနှင့် အတူ ခရမ်းလွန်ရောင်ခြည် (UV Light) ဟာ ကြည့်ရှုသူရဲ့ မျက်ကြည်လွှာကို ထိခိုပ်စေပါတယ်။ အဲဒီထိခိုက်မှုဟာ မျက်စိထဲ ပြင်ပပစ္စည်း (foreign bodies) ဝင်ရောက်သလို ခိုးလိုး ခုလုနှင့် ခံစားမှုပေဲး့ အပြင် မျက်ရည်ကျခြင်း၊ မျက်ခွံနှစ်ခြမ်း ဖွင့်မရခြင်း၊ မျက်စိ နာကျင်ခြင်း အစရှိသည်တို့ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေမှာလည်း အလားတူ မျက်စိကို အနားပေး၊ သန့်စင်သော အဝတ်စဖြင့် မျက်စိ နှစ်ဖက်ကို အုပ်၍ နီးရာ ဆရာဝန် တဦးဦးနှင့် ပြသရမှာ ဖြစ်ပါတယ်။


ခုပြောခဲ့တဲ့ ပြဿနာ နှစ်ရပ်လုံးရဲ့ အကောင်းဆုံး ကုသမှုကတော့ မျက်စိ အကာအကွယ် မျက်မှန် (safety galss) တပ်ဆင် လုပ်ကိုင်ခြင်းပါပဲ။
**********
(မေး) မယူကီရှင့် သမီး ဆံပင်ဟာ နဂိုကောက်လေးပါ။ ပြီးတဲ့အပြင် ဆံပင် ဆံလုံး သေးသွယ်ပြီး ချောမွေ့ပါတယ်။ သမီး ဆံပင်က ပခုံးလောက် အနေအထားမို့ နှစ်ရက် တခါ ခေါင်းလျှော် သန့်စင်ပါတယ်။ ခေါင်းအလျှော် မတတ်ရင် ဆံပင်ပျက်စီးတတ်ပါတယ်လို့ မဂ္ဂဇင်းတချို့မှာ ဖတ်ဖူးတာကြောင့် ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတာ သိချင်ပါတယ်။
(ဖြေ)နဂိုကောက် ဆံပင်သားရဲ့ အခြေအနေ (Hair texture) ဟာ အဏုကြည့် မှန်ဘီလူး မိုက်ခရိုစကုတ် (microscope)နှင့် ကြည့်မယ်ဆိုရင် ဆံပင်သား အပေါ်ယံအလွှာ ကျူတီကယ် (cuticles)လို့ ခေါ်တဲ့ ငါး အကြေးခွံသဏ္ဍာန် အလွှာလေးတွေဟာ အခြားဆံပင် အမျိုးအစားထက် စာရင် ပိုပြီး ကွာဟနေတဲ့သဘော ရှိပါတယ်။ ဒါကြောင့် ဆံပင်သားမှာရှိတဲ့ အစိုဓာတ်ကို ကြာကြာ မထိန်းနိုင်တဲ့သဘောရှိတဲ့ အပြင် ခေါင်းလျှော် သန့်စင်ရာမှာ အသုံးပြုတဲ့ ခေါင်းလျှော်ရည်မှာ ပါတဲ့ ဓာတုပစ္စည်းနှင့် ရေတို့ဟာ ဆံပင်အတွင်းသားအတွင်း ဝင်ရောက်နိုငတဲ့အတွက် ဆံပင်သား ကျိုးကျေ ပျက်စီးခြင်းနှင့် ဖြီးသင်ရခက်သော အခြေအနေ (frizzy) မှာ ရှိနေတတ်ပါတယ်။ အဲဒီအတွက် မကြာခဏ ခေါင်းလျှော်ခြင်းကို အားမပေးလိုပါဘူး။ သမီး ယခု လျှော်တဲ့အကြိမ် ရက်သတ္တပတ်မှာ သုံးကြိမ်ခန့် ခေါင်းလျှော်သန့်စင်ခြင်းဟာ သင့်တော်ပါတယ်။ အဲဒီလို ခေါင်းလျှော်ရာမှာ ဆံပင်သားကို လက်ဖဝါးပြင် နှစ်ဖက်အတွင်း ထည့်ပြီး ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း၊ ဦးခေါင်းထိပ်မှာ စုပုံတင်ထားခြင်းမျိုေးတွ မလုပ်ဆောင်သင့်ပါဘူး။ တကယ်လို့ သမီါ်လို ဆံပင်ကောက်သား ပိုင်ရှင်ဖြစ်ပေမဲ့ ဆံပင်သား ကြမ်းသူဆိုရင်တော့ ပိုပြီး ပျက်စီးလွယ်တတ်တာမို့ တပတ်မှာ နှစ်ကြိမ်လောက် ခေါင်းလျှော်ဖို့ပဲ သင့်ပါတယ်။ ခေါင်းလျှော်ရာမှာလည်း အဓိက ဆံပင်သားထက် ဦးရေပြားကို ပိုပြီး အဓိကထား သန့်စင်ဖို့ လိုပါတယ်။ ဒီလို သန့်စင်ရာမှာ မိမိရဲ့ လက်ချောင်း ထိပ်ဖျာေးလးတွေနဲ့ ပွတ်တိုက် သန့်စင်ဖို့ လိုသလို ခေါင်းလျှော်ပြီး ဆံပင် ရှင်းလင်းရာမှာ အသွားကျဲဘီးနှင့် ဆံပင် အဖျားပိုင်းကတဆင့် အဆင့်ဆင့် ရှင်းလင်းပြီး နော်ကဆုံးကျမှ ဦးရေပြားနှင့် င=ကပ်လျက် ဆံပင်ကို ဖြီးသင် ရှင်းလင်းရမှာ ဖြစ်ပါတယ်။


အသုံးပြုတဲ့ ခေါင်းလျြှေ်ရည် (shampoo)အမျိုးအစား အနေနဲ့ ပျော့သော အမျိုးအစား (mild)ဖြစ်သင့်တဲ့အပြင်
နောက်ဆက်တွဲ အသုံးပြုမဲ့ ဆံပင်အားဖြည့်ဆေး (conditioner)အတွင်းမှာ ဆံပင်ကို အားဖြည့်တဲ့ ပရိုတင်း အသားဓာတ် ပါဝင်ရင် ပိုကောင်းပါလိမ့်မယ်။
***********
(မေး) မမ ယူကီရှင့်၊ အရင်တုန်းက ခေါင်းလျှော်ရည် (shampoo) ဝယ်ရင် သိပ်စဉ်းစားစရာ မလိုပါဘူး။ ခု နောက်ပိုင်း (shampoo) ဘူးတွေပေါ်မှာ pH balanced ဆိတဲု့ စကားလုံးလေးတွေ ပါလာတော့ အဲဒီ ရှမ်ပူကို ဘယ်လို လူမျိုးတွေ အသုံးပြုဖို့ ထုတ်လုပ်ထားတယ်ဆိုတာ သိချင်ပါတယ်။ လူတိုင်း အသုံးပြုလို့ ရပါသလားရှင့်။
(ဖြေ) အရင်ဦးဆုံး pH ဆိတဲ့ စကားလုံးလေးဟာ ဘာကို ကိုယ်စားပြုသလဲဆိုတဲ့ အကြောင်း အရင်ပြောပြပါမယ်။ pH ဆိုတာ ဓာတုပစ္စည်းတခုမှာ အက်စစ် (acid)နှင့် အယ်လ်ကာလီ (alkali) တို့ ဘယ်လောက် အချိုးအစားနှင့် ပါဝင်တယ်ဆိုတာ ကိုယ်စားပြု ဖော်ပြထားတဲ့ သတ်မှတ်ချက် ယူနစ် တခုပါ။ အက်စစ်သဘောကတော့ အလွယ်ပြောရရင် အရသာအနေနှင့် (ရှောက်သီး၊ သံပုရာသီးလို) ချဉ်တဲ့ အရသာရှိတဲ့ ဓာတုပစ္စည်းတခုလို့ မှတ်ယူနိုင်ပြီး အယ်လ်ကာလီ ဆိုတာကတော့ အက်စစ်နှင့် (ဓာတုဗေဒ သဘောအရ) ဆန့်ကျင်ဘက်ဖြစ်သော ဆော်ဒါ (soda)ကဲ့သို့ အရာလို့ ယေဘုယျအဓိပ္ပယါ ပြန်ဆိုချင်ပါတယ်။ ဒါပေမဲ့ သတိထားရမှာက အစွမ်း ပျော့သည်ဖြစ်စေ၊ ပြင်းသည်ဖြစ်စေ အက်စစ်နှင့် အယလ်ကာလီကိုတော့ အရသာခံခွဲခြားဖို့ မကြိုးစားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခန့်မသင့်ရင် အရေပြားနှင့် ပါးစပ်ချွဲမြှေး (mucous membrane) တွေကို လောင်စားစေတတ်လို့ပါပဲ။ ကဲလိုရင်းကို ဆက်ပြီး ဆွေးနွေးရအောင်ပါ။ အဲဒီအက်စစ်နှင့် အယ်လ်ကာလီတွေရဲ့ ဂုဏ်သတ္တိကို နံပါတ်စဉ် ၁-မှ ၁၄-အထိ အစဉ်လိုက် ကိန်းဂဏန်းနှင့် သတ်မှတ်ပေးထားပါတယ်။ နံပါတ် ၇-အောက် ငယ်တြ့ဂဏန်းတွေကို အက်စစ် ဂုဏ်သတ္တိကို ဖော်ပြရာမှာ
အသုံးပြုပြီး ၇-ထက် ကြီးတဲ့ နံပါတ်စဉ်တွေကိုတော့ အက်လ်ကာလီသတ္တိ အတွက် အသုံးပြုဖော်ပြပါတယ်။


ခေါင်းလျှော်ရည် အများစုအနေနဲ့ pH ၅-မှ ၇ အကြား အမျိုးမျိုး ဖော်စပ်ကြပြီး ဆေ့းါဝင်သော ခေါင်းလျှော်ရည် အတွက်ကိုတော့ pH ၇.၃ တွင် ထားရှိခြင်းဖြင့် pH မျှခြေ ၇-နှင့် အနီးစပ်ဆုံး ဖြစ်အောင် ကြိုးစားကြပါတယ်။ မေတို့ ဆံပင် ဦးရေပြားမှထွက်သော အဆီ (sebum)ရဲ့ pH သတ္တိကတော့ ၄.၅. မှ ၅.၅ ကြား ရှိပြီး အက်စစ်သတ္တိအနည်းငယ် ရှိသည့်အတွက် ဦးရေပြားရှိ ဘက်တီးရီးယားပိုးများ အသက်ရှင်ရပ်တည်နိုင်မှုကို လျော့ပါးစေပါသည်။ ခေါင်းလျှော်လိုက်သောအခါ ၄င်း sebum ကင်းစင်သွားခြင်းကြောင့် အက်စစ်သတ္တိကို ဆက်လက်ထိန်းသိမ်းရန် ခေါင်းလျှော်ရည်တွင် ပါဝင်သော pH သတ္တိက တာဝန်ယူနိုင်ရန် လိုအပ်ပါသည်။


အချို့အချို့သော ခေါင်းလျှော်ရည်များတွင် pH balanced ဆိုသော စကားလုံး ပါဝင်လေ့ရှိပါသည်။ ထိုစကားလုံး၏ အဓိပ္ပါယ်သည် ဦးရေပြားရှိ ဆံပင်၏အက်စစ်သတ္တိနှင့် တူညီအောင် ဖော်စပ်ထားသည်ဟု အဓိပ္ပါယ်ရပါသည်။ ထိုကဲ့သို့သော စကားလုံးပါဝင်သည့် ခေါင်းလျှော်ရည်ကို ဆံပင် ကျိုးကြေသူများ၊
ဆေးအသုံးပြု၍ ဆံပင် မကြာခဏ ကောက်သူများ၊ ဆံပင်ဆိုးဆေး မကြာခဏ အသုံးပြုသူများက ဦးစာေးပး အသုံးပြုရန် ဖြစ်ပြီး ဆံပင်သား အခြေအနေ ကောင်းသူများ အနေဖြင့် pH balanced ခေါင်းလျှော်ရည်များကို အသုံးပြုရန် မလိုဘဲ သာမန်ခေါင်းလျှော်ရည် အသုံးပြုပြီး နောက် ဆံပင်အားဖြည့်ဆေး (conditioner) များကို နောက်ဆက်တွဲ အသုံးပြုလျှင် ပြည့်စုံလုံလောက်ပါသည်။


Yokiko Kyi (Reiju Tokyo & Dr. Noble
( အပျိုစင် ၂၀၀၅-ဖေဖော်ဝါရီလ)


Sunday, August 28, 2011

လူငယ်တို့တွင် ဖြစ်လာသည့် သွေးချို-ဆီးချို

ကယ်လ်ဗင်သည် အသက် ၁၆-နှစ်တွင် သွေးချို-ဆီးချိုရောဂါ ရခဲ့သည်။ သူသည် ရေငတ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ညအချိန် ဆီး-မကြာခဏ သွားခြင်းတို့ကို ခံစားရသဖြင့် သူ့ဖခင်က စိုးရိမ်ကာ သားဖြစ်သူအား ကျန်းမာရေးဌာနသို့ သွားရောက်ပြသခဲ့ရာမှ သွေးချို-ဆီးချိုရောဂါ ဖြစ်နေကြောင်း သိရသည်။

ကယ်လ်ဗင်သည် ငယ်စဉ်ကတည်းက သရေစာများကို အလွန်အကျွံ စားခဲ့ပြီး အဝလွန်သူ တဦးဖြစ်ခဲ့သည်။ သူက သရေစာ တွေ့ကရာ စားပြီး ဆီဗီ အမြဲထိုင်ကြည့်ရာမှ ယခုလို အဝလွန်ခဲ့ရကြောင်း ပြောခဲ့သည်။

အသက် ၂၅-နှစ်အရွယ်တွင် စီးပွားရေးသမား တဦးဖြစ်လာသည့် ကယ်လ်ဗင်သည် စင်ကာပူ ဆေးရုံကြီးတွင် သွေးချို ဆီးချို ရောဂါကုဌာန၌ ပြသ၍ ကုသမှုကို ခံယူခဲ့သည်။

ယင်းဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ပီတာအင်ဆီကို-က ကယ်လ်ဗင်သည် လွန်ခဲ့သော နှစ် ၂၀-ကတည်းက သွေးချို ဆီးချို ရောဂါအမျိုးအစား ၂ (Type-2 Diabetes)ရရှိရန် အစပျိုးခဲ့ကြောင်း ပြောသည်။


ကယ်လ်ဗင်ကဲ့သို့ပင် လူအများစု၌ သွေးချို ဆီးချို ရောဂါကို မတွေ့ရှိမီ ၅-နှစ်မှ ၇-နှစ်အတွင်း ရောဂါလက္ခဏာ တစုံတရာ ခံစားရခြင်း မရှိခဲ့ချေ၊ ဆေးရုံ ဆေးခန်းများသို့ ရောဂါလက္ခဏာများပြ၍ လာရောက်သည့်အခါ
ရောဂါရှိပြီး ဖြစ်သဖြင့် ရှောင်ကွင်း၍ မရတော့ချေ။ တသက်တာလုံး ရောဂါရသွားမည်သာ ဖြစ်သည်။


သွေးချို ဆီးချို ရောဂါ နှစ်မျိုးရှိရာ Type-2 Diabetes အမျိုးအစားမှာ မွေးရာပါ ရောဂါဖြစ်ပြီး ကလေးများတွင် အများဆုံးဖြစ်၍ လူငယ်များလည်း ဖြစ်နိုင်သည်။ ယင်းမှာ သွေးထဲရှိ သကြားဓာတ်ကို ထိန်းညှိပေးသော အင်ဆူလင် (Insulin)ဟော်မုန်းအား ပန်ကရိယ (pancreas) မှ ထုတ်လှုပ်မှု နည်းခြင်း၊ သို့မဟုတ်-မထုတ်လုပ်နိုင်ခြင်းကြောင့်ဖြစ်ရသည်။ ကုသရာတွင် အင်ဆူလင် ဆေးကို နေ့စဉ် ထိုးပေးရသည်။


အာရှတိုက်၏ မြို့ပြများတွင် နေထိုင်မှု ပုံစံနှင့် သကြား၊ အဆီဓာတ်တို့ များသော အစားအသောက် စားသုံးမှု တို့က သွေးချို ဆီးချို ရောဂါကို ဖြစ်ပွားစေသည်။ ဖြစ်ပွားသည့် ရောဂါ အမျိုးအစားမှာ Type-2 Diabetes ဖြစ်ပြီး သွေးချို ဆီးချို ရောဂါ ဖြစ်ပွားသူများ၏ ၉၀-ရာခိုင်နှုန်းမှာ ယင်းအမျိုးအစား ဖြစ်ကြသည်။ type-2 Diabetes ဖြစ်သူများမှာမူ ၁၀-ရာခိုင်နှုန်းသာ ရှိသည်။


လေ့ကျင့်ခန်း ပြုလုပ်ခြင်း မရှိသူတို့တွင် အင်ဆူလင်၏ အာနိသင်ကို လျော့ကျစေသည်။ စိတ်ဖိစီးမှုကလည်း အခြေအနေကို ပိုမိုဆိုးရွားစေသည်။ သွေးချို ဆီးချိုကို မကုသလျှင် သွေးကြောများနှင့် တစ်သျှူးများ ပျက်စီးပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ အာရုံကြောများ ပျက်စီးခြင်းတို့ ဖြစ်ပွားသည်။


Type-2 Diabetes ရှိသူ ၅၀-ရာခိုင်နှုန်းကျော်မှာ အဝလွန်သူများ ဖြစ်ကြပြီး ရောဂါမှာ ဆင်းရဲချမ်းသာမရွေး ဖြစ်ပွားစေနိုင်သည်။
ကမ္ဘာတဝန်းတွင် လူပေါင်း ၁၇၇-သန်းမှာ သွေးချို ဆီးချို ရောဂါကို ခံစားနေရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ခန့်မှန်းရာတွင် သွေးချို ဆီးချို ဖြစ်ပွားနှုန်းမှာ ယခုနှုန်းအတိုင်း ဆက်လက်ဖြစ်ပွားမည်ဆိုလျှင် ၂၀၃၀-ပြည့်နှစ်တွင် သွေးချို ဆီးချိုဖြစ်ပွားသူ ဦးရေ ၃၆၆-သန်း ရှိမည်ဟု ခန့်မှန်းသည်။


မနီလာမြို့ရှိ အနောက် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ကူးစက်ရောဂါ မဟုတ်သော ရောဂါများဌာနခွဲမှ ဌာနမှူး ဒေါက်တာဂိုဒန် ဂါလီယာက အာရှ၊ ပစိဖိတ်ဒေသ အတွင်း သွေးချို ဆီးချို ဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး ၂၀၃၀-ပြည်နှစ်တွင် ၁၉၁-သန်း အထိ ဖြစ်မည်ဟု ပြောသည်။


လာမည့် ခြောက်နှစ်ကာလ အတွင်း အာရှတိုက်သည် ကမ္ဘာပေါ်၌ ဖြစ်ပွားသည့် သွေးချို ဆီးချိုရောဂါ ဖြစ်ပွားမှု၏ ၆၁-ရာခိုင်နှုန်း ရှိရာနေရာ ဖြစ်လာလိမ့်မည်ဟု ဆိုသည်။ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံတွင် သွေးချို ဆီးချို လူနာ သန်း ၁၀၀-ရှိလိမ့်မည်ဟု ဆိုသည်။ ယင်းနိုင်ငံတို့တွင် သွေးချို ဆီးချိုဖြစ်သူ လေးဦးတွင် သုံးဦးမှာ ရောဂါမတွေ့ရသေးဘဲ ရှိမည်ဟု ခန့်မှန်းသည်။


ထိုင်းနိုင်ငံရှိ သွေးချို ဆီးချိုအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဆန်သောတန်ဟန်-က လွန်ခဲ့သော နှစ် ၃၀-က ဗန်ကောက်ရှိ သွေးချို ဆီးချိုကု ဆေးခန်းတွင် အပတ်စဉ် ပြသသည့် လူနာ ၂၀-ဦးသာရှိရာမှ ယခုအခါ နေ့စဉ်လူနာ ၁၀၀-ရှိကြောင်း ထိုင်းနိုင်ငံတွင် သွေးချို ဆီးချို လူနာဦးရေ နှစ်သန်းရှိမည်ဟု ခန့်မှန်းကြောင်း ပြောသည်။ 

စင်ကာပူနိုင်ငံတွင် ထိခိုက်ဒဏ်ရာကြောင့် မဟုတ်ဘဲ ခြေလက် ဖြတ်ရသူတို့တွင် သွေးချို ဆီးချိုကြောင့်  အဓိကဖြစ်နေသည်။ နှစ်စဉ် ယင်းလူနာ ၇၀၀-ဦးမှာ ခြေလက် ဖြတ်ရပြီး ဆုံးရှုံးမှု ရင်ဆိုင်နေရသည်။
၂၀၀၁-ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျောက်ကပ်သန့်စင် ကုသမှုကို ခံယူသူ တဝက်ခန့်မှာ သွေးချို ဆီးချို လူနာများ ဖြစ်ကြသည်။ သူတို့သည် သွေးချို ဆီးချို ဖြစ်ပွားရာမှ ကျောက်ကပ် ထိခိုက် ပျက်စီးသည်။


ဟောင်ကောင်တွင် သွေးချို ဆီးချို ရောဂါအတွက် အသုံးစရိတ်မှာ ကျန်းမာရေး စောင့်ရှောက်မှု အသုံးစရိတ်အပေါ် ဒဏ်ပိစေကြောင်း ၊ သွေးချို ဆီးချိုကြောင့် သေဆုံးရသူ ၈၀-ရာခိုင်နှုန်းမှာ
နှလုံးရောဂါနှင့် လေဖြတ်ရောဂါတို့ကြောင့် ဖြစ်ကြောင်းPrince of Wales ဆေးရုံကြီးမှ ဒေါက်တာ အယ်လ်လိုင်ဇာရှာက ပြောသည်။


ဖိလစ်ပိုင်နိုင်ငံတွင်လည်း အလားတူ တွေ့ကြုံနေရသည်။ ဖိလစ်ပိုင် တက္ကသိုလ်ရှိ ပြည်သူ့ကျန်းမာရေး
ကောလိပ်မှ ဒေါက်တာ ဂျိမ်း ဘော်လ်တာဇာက ၂၀၀၂-ခုနှစ်တွင် လူ ၇၀၀၀-ဦးအား လေ့လာမှုအရ သွေးချို ဆီးချို ဖြစ်ပွားသူ ၅၀-ရာခိုင်နှုန်း များပြားလာကြောင်း၊ သွေးချို ဆီးချို မဖြစ်ပွားမီ တွေ့ရသည့် ဂလူးကို့စ် သကြားဓာတ် ခံနိုင်ရည်ရှိမှုပျက်ပြားခြင်း အခြေအနေရှိသူ ဦးရေ နှစ်ဆ တိုးပွားလာကြောင်း ပြောသည်။

Type -2 Diabetes သည် အသက်ကြီးသော လူကြီးများတွင် ဖြစ်ပွားလေ့ရှိသော်လည်း ကျန်းမာရေးနှင့် မညီညွတ်သည့် နေထိုင်စားသောက်မှု ပုံစံကြောင့် လူငယ်လူရွယ်တို့တွင် ဖြစ်ပွားနေသည်။
ကမ္ဘာတဝန်းတွင် Type -2 Diabetes သည် ကလေးများတွင် ဖြစ်ပွားသည်။ သို့သော် ယခုအခါ ကလေးများတွင် အဓိကဖြစ်ပွားသော သွေးချို ဆီးချို အမျိုးအစားမှာ Type-1Diabetes မဟုတ်တော့ဘဲ Type-2 Diabetes ဖြစ်နေသည်ကို ဂျပန်နိုင်ငံကဲ့သို့သော နိုင်ငံများတွင် တွေ့ရှိနေရသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ကလေးများ လူငယ်များ အဝလွန်လာသောကြောင့် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ကလေးများ၌ဖြစ်သော သွေးချို ဆီးချို ၈၀ရာခိုင်နှုန်းမှာ Type-2 Diabetes ဖြစ်နေသည်။ ယင်းဖြစ်ပွားမှုအသွင်မှာ အာရှတိုက်တလျှောက် ပျံ့နှံ့နေကြောင်း တရုတ်တိုင်ပေ သွေးချို ဆီးချို အသင်းမှ ဒေါက်တာ ချင်ဖိုင်ကောက်က တွေ့ရှိခဲ့သည်။


တောင်ကိုရီးယား နိုင်ငံတွင် Type-2 Diabetes လူနာ ငါးသန်း ရှိမည်ဟု ခန့်မှန်းထားသည်။ ၂၀၀၁-ခုနှစ် ဒီဇင်္ဘာလတွင် ကင်မ်ဆန်ဟို အမည်ရှိ အသက် ၁၄-နှစ်အရွယ် လူငယ်တဦးသည် အလွန်ရေငတ်ခြင်း၊ ဆီး မကြာခဏ သွားခြင်းတို့ကြောင့် ဆိုးလ်တက္ကသိုလ်ဆေးရုံသို့ ပြသခဲ့ရာ သွေးချို ဆီးချိုရောဂါ ဖြစ်ပွားကြောင်း
တွေ့ရှိခဲ့သည်။ သူသည် အားလပ်ချိန်များတွင် ဗီဒီယိုဂိမ်း ကစားခြင်း၊ အစားအစာ အလွန်အကျွံ စားခြင်းတို့ကြောင့် သာမန်ထက်ပိုပြီး ဝနေသူဖြစ်သည်။ 


သွေးချို ဆီးချိုကု ဆရာဝန်ကြီး ကင်မ်ဆန်ရေးက တောင်ကိုရီးယားနိုင်ငံတွင် နေထိုင်မှုပုံစံ
ပြောင်းလဲခြင်းနှင့် လေ့ကျင့်ခန်း မပြုလုပ်ခြင်း တို့သည် ကြီးမားသော ပြဿနာတရပ် ဖြစ်လာနေသည်ဟု ဆိုသည်။ သူက အသက် ငယ်ရွယ်သည့် သွေးချို ဆီးချို ဝေဒနာရှင်များ လျင်မြန်စွာ တိုးပွားလာနေသည်ဟု
ပြောသည်။


အိန္ဒိယနိုင်ငံ ဘန်ဂလိုးမြို့ရှိ နာရ ရာန ဟရူဒါယာလရ ဆေးရုံမှ သွေးချို ဆီးချိုကု ဆရာဝန်ကြီး ဒေါက်တာ ရှာလီနီ ရာဂျက်ရှိက သွေးချို ဆီးချို ဖြစ်စေသည့် ကြီးမားသော ကျန်းမာရေး ပြဿနာများတွင် မျိုးရိုး လိုက်ခြင်းနှင့် အခြားအန္တရာယ် ဖြစ်စေသည့် အချက်များ စုပေါင်းမှုတို့ ပါဝင်ကြောင်း၊ တောင်အာရှ
နိုင်ငံသားများသည် အခြား အာရှနိုင်ငံသားများထက် မျိုးရိုးဗီဇအားဖြင့် နှစ်ဆ ပိုမို၍ ရောဂါရလွယ်ကြောင်း 
ပြောသည်။


ဖခင်နှင့် ဦးလေးတွင် သွေးချို ဆီးချို ရောဂါ ရာဇဝင်ရှိသည့် မူရာလီသည် အသက် ၃၅-နှစ်ရှိပြီး ကွန်ပျူတာ ကုမ္ပဏီတခုတွင် လုပ်ကိုင်သည်။ သူသည် ရေအလွန်ငတ်ခြင်း၊ ဆီး မကြာခဏ သွားခြင်းတို့ကြောင့်
ဆေးရုံသို့ ပြသခဲ့သည်။ သူသည် တလအတွင်း ကိုယ်အလေးချိန် သုံးကီလိုဂရမ် လျော့ကျခဲ့သည်။


သူသည် ဆေးလိပ်သောက်ခြင်း မရှိသည့်အပြင် အရက်ကို အနည်းငယ်သာ  သောက်သူဖြစ်သည်။
လေ့ကျင့်ခန်းမပြုလုပ်ခြင်းနှင့် သရေစာများ အမြဲ စားသုံးခြင်းတို့က ၁၆၀-စင်တီမီတာ မြင့်သော အရပ်အမောင်းနှင့် မလျော်ညီသည့် ကိုယ်အလေးချိန် ၈၀-ကီလိုဂရမ်သို့ ရောက်ရှိစေသည်။


မူရာလီ၏ သွေးထဲရှိ သကြားဓာတ်မှာ မြင့်တက်နေသဖြင့် ဒေါက်တာ ရှာလီနီက ဆေးဝါးများဖြင့် ကုသခဲ့သည်။ နေထိုင်မှုပုံစံ ပြောင်းစေခဲ့သည်။
ဒေါက်တာ ရှာလီနီက လွန်ခဲ့သော ၁၀-နှစ်က အသက် ၅၀-အရွယ် သွေးချို ဆီးချို လူနာများကို အများဆုံး တွေ့ခဲ့ရသည်။ ယခုအခါ အသက် ၃၀-အရွယ် လူနာများကို တွေ့နေရကြောင်း ပြောပြသည်။


တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ ရောဂါနှိမ်နင်းရေးနှင့် ကာကွယ်ရေး ဌာနမှ အရာရှိတို့က မြို့နေပြည်သူ လူထုအား သတိပေးရာတွင် ပြည်သူလူထု သုံးပုံတပုံနှင့် ကျောင်းသူ ကျောင်းသား ၁၈-ရာခိုင်နှုန်းမှာ အလွန်အကျွံစားသောက်ခြင်း၊ လှုပ်ရှား လေ့ကျင့်မှု မရှိခြင်းတို့ကြောင့် အဝလွန်နှုန်း နှစ်ဆ မြင့်တက်ကာ အနာဂတ်တွင် သွေးချို ဆီးချို ရောဂါ ဖြစ်ပွားမှု များပြားလာစေရန် ဦးတည်နေကြောင်း ပြောသည်။ 


စင်ကာပူနှင့် ဟောင်ကောင်တို့တွင် ကလေး ၄-ယောက်တွင် ၁-ယောက်သည် ဝသူများ ဖြစ်ကြသည်။ ဗန်ကောက်မြို့တွင် ကျောင်း၌ လေ့လာမှုတရပ်က ၅-နှစ်နှင့် ၁၅-နှစ် အတွင်းရှိ ကျောင်းသူ ကျောင်းသား သုံးပုံ တပုံမှာ ဝကြကြောင်း ဖော်ပြထားသည်။


အဝလွန်သည့် ကလေး ၃၅-ဦးအား ဆီးရီရပ်ခ်ျ ဆေးရုံရှိ ကလေးရောဂါ ကုသည့် ဆေးခန်းသို့ ပြသခဲ့ရာ ခုနစ်ဦးတွင် သွေးချို ဆီးချိုရောဂါရှိပြီး ဖြစ်သည်ကို တွေ့ရသည်။ ဒေါက်တာ ဆန်သွန်က သွေးချို ဆီးချို ရောဂါကြောင့် သတိလစ် မေ့မြောသည့် လူငယ်လူရွယ်တို့ကို တွေ့ရှိကြောင်း၊ ကလေးများသည် ကျန်းမာရေးနှင့် မညီညွတ်သော သရေစာမုန့်များကို စားခြင်းဖြင့် ငွေကုန်ကြေးကျ ခံနေရကြရကြောင်း
ပြောကြားသည်။


ဗန်ကောက်မြို့မှ ဓာတ်ခွဲကျွမ်းကျင်သူ ပရာဆစ် တာဝီဗင်သည် သွေးချို ဆီးချို ရောဂါကို ကုသရာတွင်
ဆေးသောက်ရာမှ အင်ဆူလင် ထိုးခြင်း ပြောင်းရသည်။ သူ့ ကိုယ်အလေးချိန် ကျရန်လည်း ကြိုးစားနေသည်။ သူ့အမေသည် သွေးချို ဆီးချိုရောဂါကြောင့် သေဆုံးခဲ့ရသည်။ ယခုအခါ သူသည် အသက် ၈-နှစ်ရှိ သူ့သားအတွက် စိုးရိမ်နေရှာသည်။ သူ့သားလည်း အဝလွန်သူ တယောက် ဖြစ်နေသည်။ သူက ကလေးကို သရေစာ မုန့်များ အချိုရည်များနှင့် ဝေးကွာစေရန်မှာ ခက်ခဲသည်ဟု ဆိုသည်။

သွေးချို ဆီးချို ရောဂါကို နှိမ်နင်းရန် သော့ချက်မှာ ကာကွယ်ခြင်းပင် ဖြစ်သည်ဟု စင်ကာပူမှ ဒေါက်တာ ပီတာအင်ဆီကိုက ပြောသည်။ စင်ကာပူတွင် ပြည်သူလူထုတွင် သွေးချို ဆီးချိုရောဂါ ရှာဖွေရန်နှင့် အန္တရာယ်ရှိသူများကို ဖော်ထုတ်နိုင်ရန် လုပ်ဆောင်လျက် ရှိသည်။ ပြည်သူတို့အား ရောဂါပြင်းထန်မှုကို
လျော့နည်းစေရန် သို့မဟုတ်-ရှောင်ကြဉ်ရန် နေထိုင်မှုပုံစံကို မည်သို့ ပြောင်းလဲသင့်ကြောင်း အသိပညာ ပေးသည်။


မလေးရှားနိုင်ငံတွင် အဓိက ဆေးရုံ ၂၉-ခုတွင် သွေးချို ဆီးချို ကုသဌာနများ ထားရှိရာမှ ကျန်းမာရေး ဌာနခွဲ ၈၅၅-ခုအထိ တိုးချဲ့ ဖွင့်လှစ်ခဲ့ပြီး သွေးချို ဆီးချိုရောဂါကို ကုသပေးနေသည်။ အချို့ ဌာနခွဲများတွင် လူနာ ၈-ဦးမှ ၁၀-ဦးထိ စုပြီး သွေးထဲရှိ သကြားဓာတ်ကို တိုင်းသည့် glucose meter-ခေါ် ကိရိယာကို ဝယ်ယူကြသည်။


အင်ဒိုနီးရှားနိုင်ငံတွင်လည်း ပြည်သူလူထုအား သွေးချို ဆီးချို ရောဂါဆိုင်ရာအသိပညာ ပေးခြင်းကို
ဆောင်ရွက်လျက်ရှိသည်။
ထိုင်ဝမ်ရှိ ဆေးရုံကြီးများတွင် လူနာတိုင်းအား သွေးချို ဆီးချိုရောဂါ ရှိ-မရှိ စစ်ဆေးသည်။


သွေးချို ဆီးချိုရောဂါ အန္တရာယ်ရှိသူတို့မှာ မျိုးရိုးထဲ၌ ရောဂါဖြစ်ဖူးသူ၊ အဝလွန်သူ၊ အသက် ၄၀-ကျော်သူ၊ ကိုယ်အလေးချိန် ၄-ဒသမ ၅-ကီလိုဂရန်ထက် ပိုသည့် ကိုယ်အလေးချိန် ပိုင်ဆိုင်သော ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ကိုယ်အလေးချိန်များသော ကလေးကို မွေးဖွားသည့် မိခင်များ ဖြစ်ကြသည်။


သွေးချို ဆီးချို ရောဂါဖြစ်လျှင် ရေ-အလွန်ငတ်ခြင်း ၊ နေ့ သို့မဟုတ်-ညပိုင်းတွင် ဆီး မကြာခဏ သွားခြင်း၊ အကြောင်းမရှိဘဲ ကိုယ်အလေးချိန် လျော့ခြင်း၊ အမြင် မှုန်ဝါးခြင်းနှင့် ပင်ပန်း နွမ်းနယ်ခြင်းတို့ ဖြစ်သည်။


သွေးချို ဆီးချိုရောဂါ ဖြစ်ခြင်းမှ ကာကွယ်ရန် အချိုအဆိမ့်များ အစားများခြင်းမှ ရှောင်ကြဉ်ခြင်း၊ နေ့စဉ် တကြိမ်လျှင် ၁၀-မိနစ်ခန့် သုံးကြိမ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းတို့က အထောက်အကူ ပြုမည် ဖြစ်ပါသည်။ 


ဒေါက်တာ အောင်သန်း
(အပျိုစင်-ဖေဖော်ဝါရီလ)

Thursday, August 25, 2011

Earthquake

Montgomery College မှာ တပတ် နှစ်ရက် တနင်္လာ နှင့်  ဗုဒ္ဓဟူး ညနေပိုင်း ၆-မှ-၉ နာရီ အချိန်
ကျောင်းတက်နေပါသည်။  ၈-၂၄-၁၁ နေ့က ကျောင်းဖွင့်ရက်ဖြစ်၍ ကျောင်းသွားပါသည်။  
အတန်းချိန် စသည့်အခါမှာ ဆရာများက ကျောင်းသူ ကျောင်းသားတွေကို  ၈-၂၃-၁၁ နေ့ နေ့လည် ၁.၅၁ မိနစ်အချိန် လှုပ်ခဲ့သည့် ၅.၉ ရှိ ငလျင်အကြောင်း မေးပါသည်။  

အရင်ကြုံဖူးသလား
အခုကြုံရတော့ ဘယ်လိုခံစားရသလဲ 
ဘယ်နေရာမှာ ရောက်နေသလဲ 
ငလျင်လှုပ်သည့်အခါ ဘယ်လိုလုပ်ရမလဲ 
ဘာလုပ်ရမလဲ -စသည် စသည် မေးပါသည်။ 


ထိုအခါ ကျောင်းသူ ကျောင်းသားတွေက မိမိတို့ရဲ့ အတွေ့အကြုံကို ပြောပြကြပါသည်။
ငလျင်လှုပ်သည့်အချိန်မှာ---
တယောက်က ဝါရှင်တန်ဒီစီ ကျောက်တိုင်နား ရောက်နေတယ်တဲ့၊
တယောက်က ထမင်းဆိုင်မှာ အလုပ်လုပ်နေတယ်တဲ့ 
တယောက်ကလဲ ဆိုင်တဆိုင်မှာ ဈေးရောင်းနေတယ်တဲ့
တယောက်က အိမ်မှာတဲ့ 
မိမိကတော့ ကွန်ပြူတာ အသုံးပြုနေပါတယ်။ 
ဆရာတယောက်က ငါးထပ်ရှိ ရုံးခန်းမှာ အလုပ်လုပ်နေတယ်တဲ့
ဆရာတယောက်က ကားမောင်းနေတယ်တဲ့
စသည်စသည် အသီးသီး ပြောပြီးကြတဲ့အခါမှာ ဆက်လက်ပြီး ဆရာက ငလျင်မလှုပ်ခင် လှုပ်နေတုန်း လှုပ်ပြီးသွားတဲ့အခါ ဘာတွေ ဘယ်လိုလုပ်ရမယ် စသည် သင်ပြပါသည်။ 

ဆရာသင်ပြပေးလိုက်သော  ငလျင်နဲ့ ပတ်သက်သည့် ဆောင်စရာ ရှောင်စရာများကို ဗဟုသုတဖြစ်ဖွယ် တင်ပြပေးလိုက်ပါသည်၊
ဆောင်စရာ ဆောင်, ရှောင်စရာ ရှောင်၍ ငလျင်ဘေးမှ လွတ်မြောက်နိုင်ကြပါစေ။


Earthquake

Sunday, August 21, 2011

ဆေးလိပ်

Jivaka-( E-Bahusuta-1-2001)

မင်းတုန်းမင်း နှင့် စလေ ဦးပုည

M&S                                                                                                   

ကျန်းမာရေး မေး+ဖြေ

အမှားသိမြင်-အမှန်မြင် ဆိုသောစကားကို ကျွန်မတို့ လက်ကိုင်ထားကြခြင်းဖြင့် ဘဝရဲ့အင်အားကို ရရှိနိုင်ပါတယ်။ အမှန်စင်စစ် ဘဝရဲ့အင်အားဆိုတာ အမှန်တရားပါပဲ။ အမှန်တရားကြောင့်ဖြစ်တဲ့ ပြောင်းလဲမှုက ဘဝရဲပအနာဂတ်ကို လှလှပပ ခေါ်ဆောင်ပေးတာ ဖြစ်ပါတယ်။ အမှားကြောင့်ဆိုရင်တော့ အမှားကပေးတဲ့ သင်ခန်းစာပါပဲ။ အဲဒီသင်ခန်းစာကို သိပြီး ပြင်ဆင်ပေးလို်က်တဲ့အခါ မှန်ကို တွေ့ရှိဖို့နီးလာပါတယ်။ တချို့အမှန်တရားဟာ အမှားဆိုတာနဲ့ ကပ်လျက်ရှိပြီး တချက်မှန်တာနဲ့ တသက်မှားမယ့်အရာတွေ ကွယ်ပျောက်သွားစေပါတယ်။

(မေး) ဆရာမရှင့် သမီးအခု သားဦးမိခင်တယောက် ဖြစ်နေပါပြီ။ ကိုယ့်ကလေးကို အသက်ဘယ်နှစ်နှစ်ကနေ ဘယ်နှစ်နှစ်အထိ မိခင်နို့ တိုက်ရမှာလဲရှင့်။ သမီးရဲ့ ရင်သားတွေ တွဲကျမှာစိုးရိမ်လို့ သမီးရဲ့ကလေးကို မိခင်နို့ မတိုက်ချင်ဘူး ဆရာရယ်။ အဲဒါ ဖြစ်တယ်မဟုတ်လားဟင်၊ ဆရာမ ဖြေပေးပါနော်။

(ဖြေ) ကလေးတွေကို မွေးပြီးပြီးချင်း မိခင်နို့ စ,တိုက်ကျွေးရပါမယ် ညီမငယ်။ ကလေးတွေကို အမေနို့တမျိုးတည်း ၄-လ၊ ဒါမှမဟုတ် ၆-လထိ တိုက်ကျွေးသင့်ပါတယ်။ ကလေးရဲ့အသက် ၆-လကျော်သွားတဲ့အခါ တခြားအစားအစာတွေနဲ့ ဖြည့်စွက်ပြီး မိခင်နို့ကို ၂-နှစ်သားအရွယ်အထိ ဆက်လက်တိုက်ကျွေးရပါတယ်။ ဖြစ်နိုင်ရင် ၂-နှစ်ကျော်လွန်ပြီးလည်း တိုက်နိုင်ပါတယ်။ မိခင်နို့ရည်ဟာ---
(က) ကလေးအတွက် အကောင်းဆုံး အာဟာရ ဖြစ်ပါတယ်။
(ခ) ကလေးများ ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ပေးပါတယ်။
(ဂ) ကလေးများအနေနဲ့ မိခင်ကိုပိုပြီး ချစ်ခင်တွယ်တာလာစေပါတယ်။
(ဃ) ကလေးတွေကို မိခင်နို့က ရောဂါမျိုးစုံ ကာကွယ်ပေးနိုင်ပါတယ်။
(င) မိခင်ဟာ ကလေးငယ်ကို နို့တိုက်နေတဲ့ ၆-လတာကာလအတွင်း လိင်ဆက်ဆံမှု ပြုမိရင်တောင်မှ ကိုယ်ဝန်မရှိနိုင်ပါဘူး။
ကလေးငယ်ကို မိခင်နို့ရည် တိုက်ကျွေးခြင်းကြောင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်တာမို့ ကိုယ့်ကလေးကို ကိုယ့်ရဲ့နို့ရည်ကိုပဲ ကျေနပ်အားရစွာ တိုက်ကျွေးစေချင်တာပေါ့ကွယ်။
*******************************************************
(မေး) ဆရာမရှင့် သမီးရဲ့အမဟာ သူ့ရဲ့ခင်ပွန်းသည် အေအိုင်ဒီအက်စ် ရောဂါနဲ့ ကွယ်လွန်သွားပြီးကတည်းက သမီးတို့နဲ့ အတူ ပြန်နေပါတယ်။ သူ့မှာလည်း အဲဒီရောဂါပိုး ရှိနေပြီလို့ ပြောပါတယ်။ သမီးတို့ ညီအမတွေဟာ အရင်တုန်းကလိုပဲ သွားပွတ်တံတချောင်းတည်း အတူသုံး၊ တအိပ်ရာတည်း အတူအိပ်၊ အဝတ်အစား အတူဝတ်၊ တပန်းကန်တည်း အတူစား အဲလိုမျိုးနေလို့ ရောဂါပိုး ကူးစက်နိုင်သလားဆိုတာ သမီး ရှင်းရှင်းလင်းလင်း သိထားချင်လို့ ဆရာမ ဖြေကြားပေးပါနော်။

(ဖြေ) အေအိုင်ဒီအက်စ် ရောဂါဖြစ်စေတဲ့ အိတ်ခ်ျအိုင်ဗွီပိုးဟာ လိင်ဆက်ဆံခြင်းနဲ့ သွေးနဲ့သွေးပစ္စည်းတွေက တဆင့် ကူးစက်နိုင်တာကြောင့် တအိပ်ရာတည်း အတူအိပ်၊ အဝတ်အစား အတူတူဝတ်၊ တပန်းကန်တည်း အတူတူစား အဲဒီလို သာမန်နေ့စဉ် အပြုအမူတွေကနေ မကူးစက်နိုင်ဘူးလို့ ဆိုပေမယ့် ရောဂါပိုးရှိသူ အရင်တိုက်ပြီးသား သွေးစတွေ ပေကျံနေတဲ့ သွားတိုက်တံကို ဆက်တိုက်မယ်ဆိုရင် ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ဒါကြောင့်မို့ အိတ်ချအိုင်ဗွီပိုး မကူးစက်အောင်၊ အထွေထွေကျန်းမာရေးနဲ့လည်း ညီညွတ်အောင် သွားတိုက်တံတချောင်းတည်း အတူမသုံးဘဲ တချောင်းစီ သီးသန့်ထားပြီး သုံးစွဲတာအကောင်းဆုံးပါပဲကွယ်။
*****************************************************
(မေး) ဆရာမခင်ဗျား အလုပ်ကိစ္စအတွက် ကျန်းမာရေးဆေးစစ်ခံရပါတယ်။ ကျွန်တော့်မှာ ကာလသားရောဂါ ရှိ-မရှိ သွေးစစ်တဲ့အဖြေ ထွက်လာတဲ့အခါ အဖြေမှာ ရှိတယ်ဆိုပြီး (+)ရေးထားတာ တွေ့ရတယ်။ ကျွန်တော်က ကိုယ့်အကြောင်း ကိုယ်အသိဆုံးပါ။ ဒီရောဂါ ရစေတဲ့အပြုအမူ တခုမှ ကျွန်တော်မလုပ်ခဲ့ပါဘူး။ အဲဒါ အဖြေမှားယွင်းနေတာမျိုး ဖြစ်နိုင်ပါသလား။ ဆရာမ ဖြေကြားပေးပါချင်ဗျား။


(ဖြေ) ဆစ်ဖလစ် ကာလသားရောဂါ ရှိတယ်ဆိုတာ အတည်ပြုဖို့ စမ်းသပ်မှု အနည်းဆုံး ၃-ခုလုပ်သင့်ပါတယ်။ VDRL Rest ဆိုတာ ပါကိုပါရမှာ ဖြစ်ပေမယ့် ဒီတခုတည်း အားကိုးလို့မရပါဘူး။ VDRL Test ဆိုတာ ခန္ဓာကိုယ်ကထွက်တဲ့ ပဋိပစ္စည်း (Antibody) ကို ရှာတာပါ။ အခု ကျွန်မတို့နိုင်ငံမှာ VDRL တခုတည်း စစ်တာမို့ မှားယွင်းပြီး (+)ive အဖြေပေးထားတာ တွေ့ရှိနိုင်ပါတယ်။ ကျွမ်းကျင်မှု၊ အတတ်ပညာပိုင်းဆိုင်ရာ စစ်တာမှားတာကြောင့်လည်း ဖြစ်နိုင်တာပဲ။ နောက်တခုက လတ်တလော ပြင်းပြင်းထန်ထန် ဖျားနာပြီးခါစ ငှက်ဖျားရောဂါ အနာကြီးရောဂါ၊ တီဘီရောဂါ အကြာကြီးဖြစ်ထားရင် VDRL Test နဲ့ စမ်းတဲ့အခါ မှားယွင်းပြီး Postive ဖြစ်တတ်ပါတယ်။ မူးယစ်ဆေးဝါး သွေးကြောထဲ ထိုးတဲ့လူတချို့မှာလည်း ဒီလိုမျိုး ဖြစ်တတ်ပါတယ်။


ဒေါက်တာနိုက်တင်ဂေးလ်
(ရုပ်ရှင်အမြုတေ ၂၀၀၆-ခု ဒီဇင်္ဘာလ)

ဣတ္ထိယနွယ်ဝင် သိစေချင် (၂၀) သားအိမ်ကျခြင်း

သားအိမ်ကျခြင်းကို ဆေးပညာဝေါဟာရအားဖြင့် GENITAL PROLAPSE ဟုခေါ်၏။ သားအိမ်နှင့်မွေးလမ်းကြောင်း အောက်ဘက်သို့ နေရာရွေ့ကာ ဆင်းသက်လာခြင်းကို ဆိုလို၏။
သားအိမ်ကျခြင်းကို ရောဂါအနုအရင့်ပေါ်မူတည်၍ သုံးမျိုးသုံးစား ခွဲခြားထား၏။ ပထမအုပ်စုကို First Degree-ဟု သတ်မှတ်ထား၏။ ၄င်းအုပ်စုတွင် သားအိမ်သည် အနည်းငယ် ရွေ့နေသော်လည်း သားအိမ်ခေါင်းဝသည် မွေးလမ်းကြောင်းအတွင်း၌သာ ရှိနေ၏။

ဒုတိယအုပ်စုကို Second Degree ဟု သတ်မှတ်ထား၏။ ၄င်းအုပ်စုတွင် လူနားသည် မတ်တတ်ရပ်လျှင်သော၎င်း၊ အားစိုက်လျှင်သော်၎င်း သားအိမ်ခေါင်းသည် မိန်းမကိုယ်အဝ၌ ပြူထွက်လာ၏။

တတိယအုပ်စုကို Third Degree ဟု သတ်မှတ်ထား၏။ ၄င်းအုပ်စုတွင် သားအိမ်တခုလုံးသည် မိန်းမကိုယ်အဝမှ အပြင်သို့ ရောက်နေ၏။

သားအိမ်ကျခြင်းနှင့်အတူ အခြားကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများလည်း လိုက်ပါနေရာရွေ့တတ်၏။ ဆီးလမ်းကြောင့်အောက်ပိုင်း နေရာရွေ့ပါက Urethrocele ဟုခေါ်၏။ 
သားအိမ်နေရာရွေ့ပါက Cyatocele ဟုခေါ်၏။
အစာဟောင်းအိမ် နေရာရွေ့ပါက Rectocele ဟုခေါ်၏။
အူများနေရာရွေပါက Enterocele ဟုခေါ်၏။

သားအိမ်ကျခြင်းကြောင့် နော်ကဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာတတ်၏။ ၄င်းတို့မှာ---
(က) မွေးလမ်းကြောင်း ပြောင်းလဲခြင်း။
(ခ) မွေးလမ်းကြောင်း အနာဖြစ်ခြင်း။
(ဂ) သားအိမ်ခေါင်း ကြီးထွားခြင်း။
(ဃ) ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း။
(င) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။
(စ) မွေးလမ်းကြောင်း သွေးပြည့်လျှံခြင်းနှင့် ပြန်မဝင်နိုင်ခြင်း။
(ဆ) သားအိမ်ခေါင်းဝနှင့် မွေးလမ်းကြောင်း ကင်ဆာဖြစ်ခြင်း။
(ဇ) မွေးဖွားစဉ် ခက်ခဲခြင်းတို့ ဖြစ်ပါသည်။

မွေးလမ်းကြောင်းသည် မိန်းမကိုယ်ဝမှတဆင့် ပြင်ပသို့ရောက်နေသဖြင့် ပြင်ပလေနှင့် ထိတွေ့နေရ၏။ ၄င်းပြင် မကြာခဏ ပွန်းပဲ့တတ်၏။ ထိုအခါ မွေးလမ်းကြောင်းပေါ်တွင် ဖုံးအုပ်ထားသော အက်ဝီသီလျှံ အလွှာသည် ထူလာကာ Keratin ဖြင့် ဖုံးအုပ်ခြင်းခံရ၏။ ၄င်းအခြေအနေကို ဆေးပညာဝေါဟာရအားဖြင့် Keratinization or Vagina ဟုခေါ်၏။

မွေးလမ်းကြောင်းသည် ပြင်ပရောက်နေသဖြင့် မကြာခဏ အဝတ်နှင့်သော်၎င်း၊ ပေါင်နှင့်သော်၎င်း ပွတ်တိုက်မိ၏။ ထိုအခါ မွေးလမ်းကြောင်းပေါ်တွင် အနာဖြစ်လာ၏။ ထိုအနာသည် မွေးလမ်းကြောင်း၏
အောက်ဆုံး သို့မဟုတ်-သားအိမ်ဝအောက်ဆုံးတွင် ရှိနေတတ်၏။ ထိုနေရာတွင် သွေးလည်ပတ်မှုနှုန်း နည်းပါးခြင်းကြောင့်လည်း ဖြစ်ဖွယ်ရှိ၏။ ဤကဲ့သို့ အနာဖြစ်ခြင်းကို ဆေးပညာဝေါဟာရအားဖြင့် Decubitalulceration ဟု ခေါ်၏။

သားအိမ်နှင့်မွေးလမ်းကြောင်း အောက်ပိုင်း လျှောဆင်းလာသောအခါ Supravaginal cervix ဟုခေါ်သော သားပိမ်ခေါင်းအထက်ပိုင်းသည် ဆွဲဆန့်ခြင်းခံရ၏။ ထိုအခါ ၄င်းအစိတ်အပိုင်းသည် ရြှ်ထွက်လာ၏။ ထိုသိုပရှည်ထွက်လာခြင်းကို Elogation of The Supravaginal Cervix ဟုခေါ်၏။ ၄င်းပြင် သားအိမ်ခေါင်းဝသည်  ရေနှင့်သွေးများဖြင့် ပြည့်နေတတ်၏။ ၄င်းကို Congestion and Oddema ဟုခေါ်၏။ ၄င်းအခြင်းအရာများအားလုံးကို စုပေါင်း၍ Hypertrophy or The Cervix ဟုခေါ်၏။

ဆီးအိမ်နေရာရွေ့လာပါက Cystocele ဟုခေါ်၏။ ၄င်းကဲ့သို့ဖြစ်ပေါ်လာလျှင် ဆီးညှစ်၍သွားသောအခါ ဆီးပြွန်အောက်ပိုင်း ကွေးကောက်ကာ ဆီးလမ်းကြောင်း ပိတ်ဆို့သဖြင့် ဆီးသွားရာ၌ ခက်ခဲလာ၏။
URETER ဟုခေါ်သော ဆီးပို့ပြွန်အောက်ပိုင်း ကွေးကောက်ကို တွန်းပြောင်းလာမှုကြောင့် ဆီးလမ်းကြောင်း ပိတ်ဆို့လာ၏။ ထိုအခါ ရေများ စုဝေးမှုကြောင့် ဆီးပို့ပြွန်နှင့် ကျောက်ကပ်ဖောင်းကားလာ၏။ ၄င်းတို့ကို HYDROURETER AND HYDRONHPHROSIS ဟုခေါ်၏။  ထိုကဲ့သို့ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်းကို OBSTRUCTIVELESIONS OF THE URINARY TRACT ဟုခေါ်၏။


CYSTOCELE ဖြစ်ပေါ်လာသောအခါ ဆီးသွားရာ၌ ဆီးကို ကုန်စင်အောင် မထုတ်ပစ်နိုင်ပေ။ ထိုသို့ ဆီးကျန်နေသည့်အတွက် ရောဂါပိုးမွှားများ ဝင်ရောက်ရန် အခြေအနေကောင်း ဖြစ်၏။ ထိုအခါ ပိုးဝင်၍ ဆီးအိမ်ရောင်ခြင်း ဖြစ်လာတတ်၏။ ထိုမှတဆင့် ပိုးမွှားပျံ့နှံ့သွားပါက ဆီးလမ်းကြောင်းအထက်ပိုင်းအထိ ရောက်သွားတတ်၏။ ဆီးအိမ်ရောင်ခြင်းကို CYSTITIS ဟုခေါ်၏။ ဆီးပို့ပြွန်ရောင်ခြင်းကို PYELITIS AND PYELONEPHRITIS ဟုခေါ်၏။ ဆီးလမ်းကြောင်းတခုလုံး ရောင်ရမ်း၍ ပိုးဝင်ခြင်းကို INFECTION OF URINARY TRACT ဟုခေါ်၏။


ပြင်ပသို့ကျွံထွက်နေသော သားအိမ်ခေါင်းဝနှင့် မွေးလမ်းကြောင်းတို့သည် တခါတရံ သွေးများနှင့်ရေများ အလွန်အမင်းပြည့်လျှံကာ ဖောင်းကားနေတတ်၏။ ထိုသို့ဖောင်းကားနေမှုကြောင့် အတွင်းသို့ပြန်သွင်း၍ မရဘဲ ရှိနေတတ်၏။ ထိုသို့ ပြန်သွင်း၍ မ၇သောအခြေအနေကို INCARCERATION OF THE PROLAPSE ဟုခေါ်၏။


သားအိမ်ကျခြင်းကြောင့် သားအိမ်ခေါင်းဝနှင့် မွေးလမ်းကြောင်းတို့သည် မကြာခဏ အနာဖြစ်ခြင်း၊ မကြာခဏ ပွတ်တိုက်မိခြင်း၊ မကြာခဏ ဒဏ်ရာရခြင်းတို့ရှိသော်လည်း သားအိမ်ခေါင်းဝနှင့် မွေးလမ်းကြောင်းတိုပတွင် ကင်ဆာဖြစ်ပွားခြင်းကို လွန်စွာတွေ့ရခဲ၏။ ကင်ဆာဖြစ်ပွားနှုန်း လွန်စွာနည်းပါးကြောင်း တွေ့ရှိရ၏။


သားအိမ်ကျခြင်းကြောင့် ထိုလူနာသည် ကိုယ်ဝန်ရှိလာသောအခါ အခက်အခဲကြုံရတတ်၏။ သားအိမ် ကြီးထွားလာပြီး ဖိထားခြင်းကြောင့် ကိုယ်ဝန်ရှိစဉ် သားအိမ်ကျခြင်း ပိုမိုဆိုးဝါးလာတတ်၏။ ကိုယ်ဝန်ရလာသောအခါ သားအိမ်ကျခြင်း ပြန်လည်လျော့ပါးသွား၏။ လစေ့၍ မွေးဖွားသောအခါ
ပြင်ပရောက်နေသော သားအိမ်ခေါင်းဝမှပင် ကလေးကို မွေးရလေ့ရှိ၏။


သားအိမ်ကို အောက်သို့ လျှောမကျစေရန် သဘာဝအလျောက် ထိန်းပင့် မ,ထားသောအရာများ ရှိ၏။ ခန္ဓာဗေဒ သဘောတရားအရ လေ့လာပါက ၄င်း ပင့်မ,ထားသောအရာများမှာ LIGAMENT ဟုခေါ်သော အရွတ်ပိုင်းများ ဖြစ်ကြ၏။ ၄င်းအရွတ်ပိုင်းများမှာ RPUND LIGAMENT UTEROSACRAL LIGAMENT BROAD LIGAMENTS AND THEIR CELLUCAR TISSUE များ ဖြစ်ကြ၏။ ၄င်းအရွတ်ပိုင်းအများက သားအိမ်ကို ပင်မ, ထားကြ၏။


မွေးလမ်းကြောင်းကို ပင့်မ,ထားသော အင်္ဂါများမှာ CARDINAL LIGAMENTS LEVATOR ANITRIANGUCAR LIGAMENT PERINEAL MUSCLE PUBOCERVICAL FASCIA PERINEAL BODY နှင့် RECROVAGANIL FASCIA  တို့ဖြစ်ကြ၏။ 


သားအိမ်ကျနေသော လူနာများတွင် ၉၅-ရာခိုင်နှုန်းက ကလေးများများ မွေးဖူးသော လူနာများ ဖြစ်ကြ၏။ ကလေးများစွာ မွေးခြင်းသည် သားအိမ်ကျခြင်းနှင့် ဆက်စပ်မှုရှိနေ၏။ သားအိမ်နှင့် မွေးလမ်းကြောင်းတို့အား ပင့်မ,ထားသော အင်္ဂါအစိတ်အပိုင်းတို့တွင် အားနည်းမှုဖြစ်ပေါ်စေပါက သားအိမ်ကျရန် အလားအလာများ၏။


အောင်(ဆေး-၁) 
(ရုပ်ရှင် အမြုတေ ၂၀၀၆-ခု ဒီဇင်္ဘာ)

ဦးနှောက်ဆိုင်ရာ အသိပညာပေး အာဟာရများ

(၁) ကျန်းမာခြင်း ၄-မျိုး
၁။ ကိုယ်ခန္ဓာအားဖြင့် ကျန်းမာသန်စွမ်းမှု ရှိရမည်။
၂။ ငွေကြေးအားဖြင့် ကျန်းမာတောင့်တင်းမှု ရှိရမည်။
၃။ စိတ်ဓာတ်အားဖြင့် ကျန်းမာတည်ကြည်မှု ရှိရမည်။
၎။ အကျင့်စာရိတ္တအားဖြင့် ကျန်းမာကောင်းမွန်ရမည်။
တက္ကသိုလ်ဆုမြိုင်


(၂) ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ရဲ့အကောင်းဆုံးစိတ်ထားနဲ့ အကောင်းဆုံး အရည်အချင်းကို ဖော်ပြနေတာဖြစ်ရမယ်။
ဆရာတော်ဦးဇောတိက


(၃) ကိုယ်မှန်မည် ယုံကြည်တာကို ဆက်လက်လုပ်ကိုင်ပါ။ ဘုရားရှင်ပင် ကဲ့ရဲ့ခံခြင်းမှ မလွတ်ခဲ့သည့်အတွက် အများ၏ချီးမွမ်းခြင်းကို မျှော်လင့်မနေပါနဲ့။
ဟိန်းဇေ


(၄) လူသည် ယုံကြည်ချက်ဖြင့် အသက်ရှင်သည်။
ပညာရှင်တဦး


(၅) နောက်ကဆိုရင် ဘယ်နောက်ကမှ မလိုက်ဘူး။ ရှေ့ကသွားမယ်၊ 
အဲဒါ အနုပညာသမားရဲ့ တာဝန်ဖြစ်တယ်။
သာဓု


(၆) ဘဝမလာ၊ စာမပါ၊ ဘဝမသိ၊ စာမရှိ။
ပညာရှင်တဦး


(၇) လူတွေဟာ ကိုယ်ကကောင်းပေမယ့် ကိုယ့်အပေါ်ကျတော့ မကောင်းကြဘူး။
ဂေါ်ကီ၏ ဖိုးမာဂေါ်ဒီယက်-မှ


(၈) လောကီအစုတ်၊ လူတို့နှုတ်က၊ မဟုတ်လည်းပြော၊ ဟုတ်လည်းပြော၏။
မဃဒေဝ


(၉) ကျောက်ပေါက်မာထဲသို့ ရွှေမှုန့်ငွေမှုန့်ဖို့၍ ပြည့်နိုင်မည်မဟုတ်၊ 
ဒုစရိုက်သမားတို့အဖို့ ရွှေငွေဖြင့် ဖုံးသော်လည်း အပုပ်နံ့ ပျောက်သွားမည်မဟုတ်။
ဦးဝင်းမြင့်(စာနိုင်ငံ)


(၁၀) ယုတ်မာခြင်းသည် ဗီဇမကောင်းခြင်း၌ အကြောင်းခံသည်။ 
ဤလူစားမျိုးကို ဘုရားရှင်များပင် ချေချွတ်၍ မရ။
ဟိန်းဇေ


(၁၁) ပညာ ဗဟုသုတဆိုသည်မှာ တက္ကသိုလ်မှရရှိသော ပညာကို မဆိုလို၊ 
မိမိလုပ်ကိုင်နေသော အလုပ်နှင့် ပတ်သက်သော ပညာကိုသာ ဆိုလိုသည်။ 
အရည်အချင်းပြည့်ဝသူသည် မိမိနှင့်သက်ဆိုင်သော အလုပ်နှင့် ပတ်သက်၍ အမြဲလေ့လာကာ ပညာဆည်းပူးနေသူဖြစ်သည်။
တက္ကသိုလ်ဆုမြိုင်


(၁၂) လောက၌ အကြီးဆုံးတက္ကသိုလ်သည် အလွန်တရာ လူစည်ကားသော လမ်းမကြီး ဖြစ်၏။ အကြီးဆုံးသော စာအုပ်သည် လူ့လောကကြီး ဖြစ်၏။
သြရစ်ဆွတ်မာဒင်


ဟိန်းဇေ
(ရုပ်ရှင်အမြုတေ ၂၀၀၆-ခု ဒီဇင်္ဘာ)

Saturday, August 20, 2011

သုဝဏ္ဏသာမ

မောင်ငယ် ညီမလေးတို့ရေ ဒီတလတော့ မမပေဖူးလွှာက မိဘစကား နားထောင်ပြီး မိဘကို ပြုစုလုပ်ကျွေးတဲ့ သုဝဏ္ဏသာမလေးရဲ့ အကြောင်းကို ပြောပြမယ်ကွဲ့။ 

ဟိုးရှေးရှေးတုန်းက ဟိမဝန္တာတောကြီးထဲက ကျောင်းသင်္ခမ်းတခုမှာ ရသေ့တပါးနဲ့ ရသေ့မတပါး သစ်သီးသစ်ဖုတွေကို စားသုံးပြီး တရားအားထုတ်လျက် ရှိတယ်ကွဲ့၊ သိကြားမင်းရဲ့ တိုက်တွန်းချက်အရ တနေ့မှာ သားယောက်ျားကလေး တယောက် ဖွားမြင်သတဲ့။ အဲဒီသားကလေးကို သုဝဏ္ဏသာမလို့ အမည်ခေါ်တွင်စေသတဲ့ကွယ်။

သားကလေး ငယ်စဉ်အရွယ်မှာ မိဘတွေ ရသေ့များ သစ်သီးသစ်ဖု သွားရှာနေတဲ့အချိန်မှာဆိုရင် ကိန္နရီများက နို့လာတိုက်ပေးကြသတဲ့ကွယ်။ အဲဒီလိုနဲ့ သုဝဏ္ဏသာမလေးဟာ တဖြည်းဖြည်း ကြီးပြင်းလာလိုက်တာ မိဘကို ပြုစုလုပ်ကျွေးနိုင်တဲ့အရွယ်ကို ရောက်ရှိသတဲ့ ကလေးတို့ရယ်။

တနေ့ တောထဲမှာ လေပြင်းမုန်တိုင်းတိုက်ခိုက်ပြီး ရသေ့နဲ့ ရသေ့မဟာ သစ်ပင်ကြီးအောက် မိုးဝင်ခိုရင်း မိုးခိုတဲ့နေရာရဲ့ တောင်ဘို့အောက်ထဲက မြွေဆိုးက အခိုးလွှတ်တာနဲ့ အဆိပ်ငွေ့သင့်ပြီး မျက်စေ့ ကွယ်ပါရောတဲ့ကွယ်။ အဲလို မျက်စိကွယ်သွားတဲ့ မိဘနှစ်ပါးကို သုဝဏ္ဏသာမလေးဟာ အစားအသောက် ရှာဖွေကျွေးမွေးရှာသတဲ့။ သုံးရေ ချိုးရေများကိုလည်း ခတ်ပြီး မိဘနှစ်ပါး အဆင်သင့်သောက်သုံးနိုင်အောင် ဂရုတစိုက် ပြုစုရှာသတဲ့ ကလေးတို့ရယ်။

သုဝဏ္ဏသာမလေးရဲ့ အဖော်လေးတွေကတော့ တောထဲမှာ သဘာဝအတိုင်း ကြီးပြင်းတဲ့ ရွှေသမင်လေးတွေပဲ ကလေးတို့ရဲ့၊ ရွှေသမင်လေးတွေဟာ သုဝဏ္ဏသာမလေးနဲ့အတူ သောက်သုံးရေ ဝိုင်းခတ်ပေးနေကျ သတဲ့ကွယ်။ 
တနေ့တော့ သမင်သားကို အလွန်ကြိုက်နှစ်သက်တော်မူတဲ့ ဗာရာဏသီပြည့်ရှင် ပီဠိယက္ခမင်းကြီးဟာ သမင်သားစားချင်တာနဲ့ ရေသောက်ဆင်းလာသည့် သမင်အုပ်ကို အမဲပစ်ရန် ထွက်လာသတဲ့ကွယ်။ 

သမင်သား အလွန်တရာကြိုက်တဲ့ဘုရင်ကြီးဟာ သမင်အုပ်နဲ့အတူ ရေခပ်ဆင်းလာတဲ့ သုဝဏ္ဏသာမလေးကို တွေ့သတဲ့။ တောတောင်ထဲမှာ ဆိုတော့ သုဝဏ္ဏသာမလေးကို လူလို့ မထင်မိဘူးပေါ့။
တိုတိုပြောရရင်တော့ သမင်သားကြိုက်တဲ့ ဘုရင်ကြီးဟာ သုဝဏ္ဏသာမလေးကို အမြင်မှားပြီး မြားနဲ့ခွင်းလိုက် ပါရော ကလေးတို့ရယ်။

သုဝဏ္ဏသာမလေး မြားထိခွေကျသွားတဲ့အခါမှ ဘုရင်ကြီးဟာ လူမှန်းသိသတဲ့။ လူမှန်းသိတဲ့အခါမှာ ဘုရင်ကြီးဟာ အရမ်းတုန်လှုပ်သွားတာပေါ့ ကလေးတို့ရယ်။
ဘုရင်ကြီးကို တွေ့တော့ သုဝဏ္ဏသာမလေးဟာ သူ့ရဲ့မြှားမှန်တဲ့ဒဏ်ရာကို မပူပင်ဘဲနဲ့ ကျောင်းသင်္ခမ်းမှာ ကျန်ရစ်ခဲ့တဲ့မျက်မမြင် မိဘနှစ်ပါးကို ပူပင်သောကရောက်ကြောင်း ပြောသတဲ့ကွယ်။

“မျက်မမြင် မိဘနှစ်ပါးဟာ အချိန်တန်လို့ သား-ပြန်မလာရင် သောကရောက်မှာ စိုးရိမ်မိကြောင်းပါဘုရား” လို့ ပြောသတဲ့။ ဘုရင်ကြီးလည်း အင်မတန်မှ စိတ်မကောင်းဖြစ်တော်မူတယ်တဲ့ ကလေးတို့ရယ်။ ကလေးတို့ဆိုရင်ရော မြှားမှန်တာ မပြောနဲ့ ဓားကလေး လက်ကို ရှရင်တောင် ငိုနေကြမှာပဲလားကွယ်။

သုဝဏ္ဏသာမလေးဟာ ဘယ်လောက် သနားစရာကောင်းလိုက်သလဲကွယ်။ ကလေးတို့ရော သုဝဏ္ဏသာမလေးလို မိဘကို စိတ်ပူကြဖူးကြသလားကွယ်၊ မမပုံပြင်လေးကို ဆက်ပြောမယ်နော်။

စိတ်မကောင်းကြီးစွာ ဖြစ်မိတဲ့ ဘုရင်ကြီးဟာ ကျောင်းသင်္ခမ်းကို လိုက်သွားပြီး အကျိုးအကြောင်း ပြောပြသတဲ့။ သားလေး သုဝဏ္ဏသာမ မြားမှန်တယ်လို့ သိကြတဲ့အခါမှာ မျက်မမြင် ရသေ့မိဘနှစ်ပါးဟာ သားကလေး မြားမှန်လို့ လဲကျနေတဲ့ဆီကို အမြန်ပို့ခိုင်းကြသတဲ့ကွယ်။ 

သုဝဏ္ဏသာမလေး အနားရောက်လျှင် ရသေ့တို့သည် သားကလေး သုဝဏ္ဏသာမအတွက် တတွတ်တွတ်ပြောဆိုရင်း သစ္စာဆိုကြသတဲ့။
“ငါ့သား သုဝဏ္ဏသာမသည် ကုသိုလ်တရားကို ကျင့်၍ မိနှင့်ဘကို လုပ်ကျွေးပြုစု၍ လူကြီးများကို ရိုသေပါ၏။ ဤမှန်ကန်သော သစ္စာတရားကြောင့် ချစ်သားသုဝဏ္ဏသာမသည် မြားအဆိပ်ပြေပါစေသတည်း”လို့ သစ္စာဆိုကြသတဲ့။

အဲဒီလို ရသေ့မိဘနှစ်ပါးက သစ္စာဆိုတဲ့အခါ သုဝဏ္ဏသာမဟာ လူးလွန့်လှုပ်ရှားလာပြီး အနည်းငယ် အိပ်ပျော်သွားသတဲ့။
သုဝဏ္ဏသာမလေး အိပ်ပျော်နေချိန်မှာ ယခင် ခုနစ်ဘဝက မိခင်တော်စပ်ဖူးတဲ့ ဗဟုသုန္ဒရီ နတ်သမီး ရောက်လာပြီး သစ္စာဆိုသတဲ့ ကလေးတို့ရယ်။

ကလေးတို့ စဉ်းစားကြည့်စမ်းပါကွယ်။ ယခုဘဝ ရသေ့မိဘနှစ်ပါးသာမက အရင်ဘဝ မိခင်နတ်သမီးကပါ ရောက်လာပြီး သစ္စာဆိုတယ်ဆိုတာ သုဝဏ္ဏသာမကလေးဟာ ဘဝတိုင်း ဘဝတိုင်းမှာ မိဘအပေါ် လိမ္မာသိတတ်တဲ့ ကလေးဖြစ်လို့ပေါ့ ကလေးတို့ရယ်။

မိဘတွေ သစ္စာဆိုအပြီးမှာ သုဝဏ္ဏသာမလေးလည်း မြားဆိပ်ပြေပြီး ထထိုင်သတဲ့။ သုဝဏ္ဏသာမလေးရဲ့ မျက်စိကွယ်နေတဲ့ မိဘနှစ်ပါးလည်း မျက်စိ ပြန်မြင်သွားသတဲ့ကွယ်။
သုဝဏ္ဏသာမကို မြားနှင့်ပစ်မိတဲ့ ဘုရင်ကြီးလည်း သစ္စာတရားကို အံ့သြလွန်းလို့ သူအင်မတန် ကြိုက်တဲ့ သမင်သားကိုပါ မစားဘဲ စွန့်လွှတ်ပြီး တရားရသွားကာ တိုင်ပြည်သို့ ပြန်သွားပါလေရောလား ကလေးတို့ရယ်။

မိဘပေါ်မှာ သိတတ် လိမ္မာတဲ့ သုဝဏ္ဏသာမကလေးကတော့ မိဘတွေနဲ့အတူ ဒဏ်ရာတွေလည်း ပျောက်ပြီး မိဘနှစ်ပါးကို ပြုစုရင်း အသက်ထက်ဆုံး ပျော်ရွှင်စွာနေထိုင်သွားသတဲ့ကွယ်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ဒီပုံပြင်လေးကို ကြည့်ပါဦး ကလေးတို့ရယ်။ မိဘအပေါ် ပြုစုသိတတ်တဲ့ သားသမီးဟာ မြားမှန်တာတောင် အသက်ဘေးက လွှတ်ခဲ့သတဲ့။ ကလေးတို့လည်း ကျောင်းကနေ အိမ်ပြန်ရောက်တဲ့အခါကျရင် မိဘကို ပြုစုကြနော်။

မိဘကို ပြုစုပြီး မိဘစကားကို နားထောင်တဲ့ ကလေးဆိုရင် ဘာအန္တရာယ်မှ မဖြစ်ဘဲ အပြစ်ဖြစ်ရင်တောင်မှ အပြစ်က လွတ်တယ် ကလေးတို့ရဲ့။ ကလေးတို့တတွေလည်း မိဘကို ပြုစုတဲ့ သားလိမ္မာ သမီးလိမ္မာလေးတွေ ဖြစ်ကြပါစေကွယ်။

မမပေဖူးလွှာ
(ပေဖူးလွှာ-၂၀၁၀-ဧပြီလ) 

သင့်ကိုယ်သင် မြှင့်တင်ပါ

ခင်ဗျားဟာ ဖုန်းအသစ်လဲရာမှာ ခြေအိတ်အသစ်လဲတာထက် အကြိမ်တွေ များချင်များမယ်။ ပြီးတော့ ကွန်ပျူတာကိုလည်း တနှစ်တခါလောက် အဆင့်မြှင့်ချင်မြှင့်မယ်။ အဝတ်ဗီရိုကိုလည်း ရာသီအလိုက် အမျိုးမျိုးပြင်မယ်။ ဒါ့အပြင် ခင်ဗျားစီးနေတဲ့ ကားကိုလည်း ပိုကောင်းမယ်ထင်တဲ့ကားနဲ့ အလိုက်ပေးပြီး ၄-၅ နှစ် တခါလောက် လဲချင်လဲလိုက်ဦးမယ်။ ဒါပေမဲ့ မေးချင်ပါတယ်။ ခင်ဗျားကိုယ် ခင်ဗျားတော့ ယိုယွင်းကျဆင်းလာနေတာတွေကို ပြန်တက်လာအောင် ဆိုပြီး ဘယ်တုန်းကများ လုပ်ခဲ့ဖူးပါသလဲ။

အဲဒီလို ကိုယ့်ကိုယ်ကိုယ် ဦးခေါင်းမှ ခြေဖျားအထိ ဒီနှစ်မှာတော့ ပိုပြီး ကျန်းမာအောင် ချမ်းသာအောင်နဲ့ ပညာဉာဏ်တွေ တက်လာအောင် လုပ်ချင်ရင်လုပ်နိုင်စေမယ့် နည်းလမ်းကလေးတွေကို ဖတ်ကြည့်ပါ။ လုပ်လည်းလုပ်ကြည့်ပါ။ 

အသက်ပိုရှည်စေဖို့---
ကမ္ဘာတဝန်းမှာ လူ့သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၆၇-နှစ်သာ ရှိပါတယ်။ ဒါပေမဲ့ မကြာခင်မှာ အသက်တွေ ပိုပြီး ရှည်ရှည်နေနိုင်လာမယ့် အလားအလာတွေ ရှိနေပါတယ်။ အသက် ၁၅၀-ရောက်တဲ့အထိ ယိုင်ယဲ့ယဲ့နဲ့ မေ့မေ့လျော့လျော့တွေ မဖြစ်ဘဲ နေနိုင်ကြမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ ဒါဟာ နိုးနိုးကြားကြားနဲ့ သွက်သွက်လက်လက် လှုပ်ရှားပြီး နေနိုင်ကြမှာပါ။ ဒီသဘောကို “အသက်ကြီးရင့်မှုဆိုင်ရာ အဖွဲ့ကြီး”ရဲ့ သုတေသနပညာရှင်ဖြစ်သူ ဂျော့(ခ်ျ)၊ အက်စရော့(သ်) (George S. Roth)က ပြောပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာချမ်းသာစွာနဲ့ ပိုပြီး အသက်ရှည်ရှည်
နေသွားနိုင်စေမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ခပ်များများ လျှော့စားပါ---
ခပ်ဝဝဖြစ်နေတဲ့ ကိုယ်ခန္ဓာကို ချပ်ချပ်ရပ်ရပ် ဖြစ်သွားအောင် အလေးချိန် လျှော့ချတာဟာ (အနေတော်ရှိလျက်နဲ့ အရိုးပေါ် အရေတင်ဖြစ်အောင် အငတ်ခံခြင်းမဟုတ်) ရောဂါမဖြစ်စေဖို့ ကာကွယ်ပါတယ်။ ကာလိုရီ ထိန်းချုပ်ခြင်းဆိုတဲ့ စားတဲ့ပမာဏကို လျှော့ချပေးခြင်းဟာ အိုမင်းရင့်ရော်ခြင်း ကိုပင် တုံ့ဆိုင်းသွားစေနိုင်ဖွယ် ရှိပါတယ်။ ကြွက်များကို ကာလိုရီအလွန်နည်းတဲ့ အစားအစာတွေ
ကျွေးကြည့်တဲ့အခါမှာ ဆီးချိုမဖြစ်၊ အဝလွန်တာတွေ ဖြစ်မလာတော့ဘဲ သူတို့အထဲက အနည်းအကျဉ်းသာ ကင်ဆာဖြစ်ပါတယ်။ ဒါတွေဟာ ငြင်းလို့မရတဲ့ တွေ့ရှိချက်တွေ ဖြစ်ပါတယ်။


လူတွေမှာလည်း ဒီအတိုင်းပဲ ဖြစ်မယ်လို့ ကျုပ်တော့ ယုံကြည်တယ်-လို့ ဒေါက်တာရာဗတ်ဆန် (Dr. Ravussin, PHD, PROF at Pennington Biochemical Research Center in Baton Rouge, Louisiana) က ပြောပြပါတယ်။ သူ့ရဲ့ လေ့လာချက်အရ လူတွေဟာ ကယ်လိုရီစားသုံးမှုကို (၂၅)ရာခိုင်နှုန်း လျှော့ချလိုက်ရင် မျိုးရိုးဗီဇပျက်စီးမှုဟာ သာမန်ထက် လျော့သွားပြီး အင်ဆူလင် (Fasting Insulin) နဲ့ ကိုယ်အပူအချိန်ဟာ လျော့စေပါတယ်။ ဒီနှစ်မျိုးဟာ အသက်ရှည်ရေးနဲ့ ဆက်နွှယ်နေပါတယ်။ 

ကယ်လိုရီစားသုံးမှုကို ထိန်းချုပ်ရတာဟာ မလွယ်လှပါဘူး။ ခင်ဗျားအနေနဲ့ သာမန်ထက် 25% မှ 40%အထိ လျှော့စားရမှာပါ။ သကြားနဲ့ အဆီတွေ လျော့နည်းပြီး စားသမျှအစာတွေဟာ အာဟာရ အလွန်ပြည့်ဝတဲ့ အစာတွေ ဖြစ်ရပါလိမ့်မယ်။  ပုံမှန်ညစာဆိုရင် ဆာမွန်ငါး ၂-အောင်စ၊ ဘရိုကိုလီခေါ်တဲ့ အစိမ်းရောင် ပန်းဂေါ်ဖီ တမြောင်းနဲ့ ဂျုံကြမ်းခေါက်ဆွဲ တခွက်မှာ ခရမ်းချဉ်သီး နေလှန်းခြောက် ၆-ခု၊ ရှိတာကေမှို ၅-ပွင့်၊ စပဲဂက်တီ (အီတလီခေါက်ဆွဲ) ၁/၂ ခွက် ပါဝင်မှာပါ။


မိတ်ဆွေတွေဖွဲ့၊ အိမ်ထောင်ပြု၊ ခွေးတကောင်မွေး---
ဒါတွေက ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှုများ ဖြစ်ပါတယ်။ မိတ်ဆွေတွေ၊ မိသားစုတွေ၊ အိမ်နားနီးချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိတာဟာ အသက်ကြီးလာတဲ့အခါမှာ ခင်ဗျားရဲ့ သွေးထဲမှာ လေဖြတ်, နှလုံးရောဂါ ဆိုတာတွေ မဖြစ်အောင် ကာကွယ်တတ်ကြပါတယ်။ 
အိမ်ထောင်ပြုလိုက်ခြင်းဟာလည်း ဇရာတားနည်း တမျိုးပါပဲ။ အိမ်ထောင်ပြုရင် ယောက်ျားများမှာ အသက် ၇-နှစ်လောက် ပိုရှည်တတ်ပြီး အမျိုးသမီးများမှာ ၃-နှစ်လောက် ပိုပြီး နေရတတ်ပါတယ်။ 
ခွေးတို့၊ ကြောင်တို့ မွေးတာဟာလည်း စိတ်ဖိစီးမှု လျော့စေပြီး သွေးတိုးကျစေတတ်ပါတယ်။ လေဖြတ်ပြီး မသေဘဲ ရှင်ကျန်သူများဆိုရင်လည်း သာမန်ထက် အသက်ပိုရှည်စေပါတယ်။ 


လှုပ်လှုပ်ရှားရှား နေပါ---
အသက်တွေ ပိုရှည်ပေမယ့် နာမကျန်းဖြစ်နေရင် ဒါမှမဟုတ်-မသန်မစွမ်း ဖြစ်နေမယ်ဆိုရင် ဘဝဟာ ပျော်ရွှင်ကျေနပ်စရာ မကောင်းနိုင်ပါဘူး။ ဘဝတန်ဖိုး မရှိလှဘူးပေါ့။ ကံကောင်းနိုင်တာက အသက်နည်းနည်းရလာရင် လေ့ကျင့်ခန်း လုပ်ပေးတာဟာ နေရသမျှ ဘဝရဲ့တန်ဖိုး ပိုတက်လာစေနိုင်ခြင်းပဲ
ဖြစ်ပါတယ်။ ပြေးတာတို့၊ အနှေး ပြေးတာတို့အထိ မလိုအပ်ပါဘူး။ ခပ်သွက်သွက် လမ်းလျှောက်ပေးတာနဲ့ပဲ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိလာမှာ ဖြစ်ပါတယ်။ တနေ့မှာ မိနစ် ၃၀-လောက် လမ်းလျှောက်ဖို့ မှန်းထားပါ။ တကြောတည်း လျှောက်နိုင်ရင်လည်း လျှောက်ပါ။ ဒါမှမဟုတ်ရင်လည်း ၁၀-မိနစ်လောက် ၃-ခါခွဲပြီး လျှောက်ရင်လည်း ရပါတယ်။ ဒါ့အပြင် (Resistance Training) လို့ခေါ်တဲ့ အားစိုက်ပြီး ဆွဲတင်၊ ဆွဲမ၊ တွန်းတင်၊ ထိုင်ထ အစရှိတဲ့ လေ့ကျင်ခန်းတွေနဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေလည်း လုပ်ပေးပါ။


စပျစ်ဝိုင် အနီ ခပ်ကြည်ကြည်---
စပျစ်ဝိုင်အနီမှာ ပါတဲ့ ရက်စ်ဗာရေထရိုးလ် (Resveratrol) ဓာတ်ဟာ ဇရာကို အတော်ကလေး တားဆီးနိုင်ပုံရပါတယ်။ သုတေသနများရဲ့ ညွှန်ပြပုံက သူ့ကို သောက်သုံးခြင်းဟာ ကာလိုရီစားသုံးမှု ကန့်သတ်တာလိုပဲ၊ ဆာလောင်မွတ်သိပ်မှု မရှိဘဲ အသက်ပိုရှည်စေတဲ့ အာနိသင်တွေ ရှိနေပါတယ်။ သတိထားစရာတော့ ရှိပါတယ်။ သောက်သုံးသင့်တယ်ဆိုတဲ့ ပမာဏဟာ အတော်များပါတယ်။ ဒါကြောင့်လည်း အလားတူ ထိရောက်မှုရှိတဲ့ ဆေးလုံး ထုတ်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒီဆေးလုံး မရနိုင်သေးမီမှာတော့ ညစာနဲ့အတူ ဝိုင်အနီ အနည်းငယ်ကို အရသာခံပြီး သောက်ပေးရင် သိပ်မဆိုးဘူးလို့ ဆိုရမှာပါ။ 

အကျိုးရှိရှိ အိပ်ပါ--- 
အိပ်မပျော်နိုင် ဖြစ်နေသလား၊ ခင်ဗျားလို ပရိသတ်အများကြီး ရှိပါတယ်။ အာရှတခွင်က လူသန်းပေါင်း များစွာတို့ဟာ အားပြန်ပြည့်အောင် အိပ်ပျော်ရေးမှာ အခက်တွေ့နေကြရပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနအရအိပ်ပျက်ခြင်းနဲ့ ကျန်းမာရေး ပြဿနာများရဲ့ ဆက်စပ်ပုံတွေကို လေ့လာခဲ့ကြရာမှာ
သွေးတွေတိုး၊ ကိုယ်အလေး တက်နဲ့ဆိုတော့ အိပ်စက်မှု အလေ့အထကို ဂရုစိုက်ပြီး ပြုပြင်သင့်ကြောင်း သိလာရပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ကြရမှာပါလဲ။


ခင်ဗျားအနေနဲ့ ဆေးဝါးတွေ မှီဝဲကြည့်ဖူးမှာပါ။ ကဖိန်းတို့၊ နီကိုတင်းတို့ အရက်တို့ကို ဝေးဝေးရှောင်ရမယ် ဆိုတာတော့ သိပြီးသား ဖြစ်မှာပါ။ ပြီးတော့ အိပ်ရာမဝင်မီ ၂-နာရီအတွင်းမှာ ကာယလေ့ကျင့်ခန်း ပြင်းပြင်း ထန်ထန်တွေ မလုပ်သင့်ပါဘူး။ အစားတွေ များများမစားသင့်ဘူးဆိုတာလည်း ကြားဖူးနားဝ ရှိပြီးသား ဖြစ်မှာပါ။ ပြီးတော့ အချိန်မှန်မှန်အိပ်၊ အချိန်မှန်မှန်ထ ဆိုတဲ့ အချိန်ဇယားနဲ့လည်း ကြိုးစားခဲ့ပြီး ဖြစ်ချင်ဖြစ်မှာပါ။ ဒီကိစ္စမှာ ကျွမ်းကျင်တဲ့ ပညာရှင်များက ခင်ဗျား မကြားဖူးသေးတဲ့ အိပ်ပျော်စေမယ့် နည်းလမ်းကလေးတွေ ပေးထားပါတယ်။


စိတ်ပူပန်မှုတွေ ထွက်သွားအောင် လုပ်ပါ---
စိုးရိမ်ပူပန်မှုတွေဟာ တိတ်ဆိတ်တဲ့ ညအခါမှာ ပိုပြီး ပုံကြီးချဲ့သလိုမျိုး ဖြစ်လာတတ်ပါတယ်။ အဲဒါကို ဖြေရှင်း လိုက်ရင် အိပ်ပျော်စေဖို့ အကူအညီ ရသွားနိုင်ပါတယ်။ စိုးရိမ်ပူပန်စရာတွေကို အိပ်ရာမဝင်မီမှာ “ဒါတွေလုပ်ဖို့လိုတယ်၊ ဒါတွေကို ဘယ်တော့ပြီးအောင် လုပ်ဖို့လိုတယ်”စသည်ဖြင့် စာရွက်ပေါ်မှာ
ရေးချကြည့်ခြင်းဟာ ဒီပြဿနာကို ပိုပြီး ကိုင်တွယ်စေနိုင်တတ်ပါတယ်။


သက်သောင့်သက်သာ ရှိစေဖို့အတွက် တခုခုကို လုပ်လိုက်ပါ။ သင့်ဘဝ ကြင်ဖော်ကို နှိပ်ပေးဖို့ ခိုင်းချင်လည်း ခိုင်းကြည့်ပါ။ ခြေထောက်ကစပြီး ဦးခေါင်းအထိပေါ့။ ဒါမှမဟုတ်ရင်လည်း သာမန်ယောဂ လေ့ကျင့်ခန်း ကလေးတွေကို စမ်းကြည့်ချင်ရင်လည်း စမ်းကြည့်ပါ။ ခြေနှစ်ဖက်ကို ခါးအကျယ်လောက် ခွါပြီးရပ်၊ ခေါင်းကို ရှေ့သို့ ကိုင်းညွှတ်ချ၊ ဦးခေါင်းနဲ့ လက်တွေကို တွဲလောင်းချပြီး လည်ပင်းနဲ့ပုခုံးထဲက တင်းကျပ်မှုတွေကို လွှင့်ထုတ်ပစ်လိုက်ပါ။ ဒါမှမဟုတ်ရင်လည်း ပက်လက်လှဲချလိုက်ပြီး ခြေထောက်မှ စပြီး နဖူးအထိ တဆင့်ပြီးတဆင့် တင်းပေးလိုက်၊ လျှော့ပေးလိုက် လုပ်လုပ်ပြီး ကြွက်သားတွေကို အဆင့်ဆင့် ပြေလျှော့ပေးတာမျိုး လုပ်ပေးပါ။


မကြာခဏ သမ်းဝေနေပါသလား၊ ကျွမ်းကျင်သူအချို့ရဲ့ အဆိုအရ ဒါဟာ ဦးနှောက်ကို အောက်ဆီဂျင်
ရောက်ရှိမှု မလုံလောက်လို့ ဖြစ်ရတာမျိုးပါ၊ နက်နက်ရှိုင်းရှိုင်း အသက်ရှူထုတ် လေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။ ရင်ထဲဝမ်းထဲကို လေတွေ ဝင်နိုင်သလောက်ဝင်အောင် ရှူလိုက်ထုတ်လိုက်နဲ့ လုပ်ပေးရင် တင်းကျပ်နေတဲ့စိတ်တွေ လျော့ကျသွားပြီး သမ်းဝေခြင်းတွေ ထွက်ပြေးတော့မှာပါ။

သင့်အိပ်ရာကို တမျိုးပြင်ပါ---
အိပ်ရာကို အိပ်ရတာ ပိုကောင်းအောင်၊ အဆင်ပြေအောင် ပြင်ကြည့်ပါ။ အနီးအနားအခန်းက အသံတွေကြောင့် အိပ်မပျော်နိုင် ဖြစ်နေရင် အိပ်ရာကို အခြားတဖက် နံရံဆီကို ရွှေ့ပစ်လိုက်ပါ။ ပျော့ဖတ်ဖတ်ဖြစ်နေတဲ့
မွေ့ရာနဲ့ ခေါင်းအုံးတွေကို လှဲလယ်ပစ်လိုက်ပါ။ အိပ်ခန်းထဲမှာ ကွန်ပျူတာ ထားမှဖြစ်မယ်ဆိုရင်တောင် ကွန်ပျူတာကထွက်တဲ့ အလင်းရောင်ကို တခုခုနဲ့ အုပ်ထား၊ တားထားလိုက်ပါ။


အကယ်၍ တယ်လီဗေးရှင်းကို ဖွင့်ထားရင်းနဲ့ အိပ်ချင်တယ်ဆိုရင်လည်း သူ့ဘာသာသူ ပိတ်သွားစေတဲ့ ခလုတ် (Timer) ကို နှိပ်ထားလိုက်ပါ။ ခြိုးခြိုးချွတ်ချွတ် အသံထွက်စရာ ရှိသမျှတွေကိုလည်း အသံမထွက်အောင် လုပ်ထားလိုက်ပါ။ တိတ်ဆိတ်ချိန်မှာ ဒီအသံမျိုးကလေးတွေက အတော်ဒုက္ခပေးတတ်ပါတယ်။ ဖြစ်နိုင်ရင် မိမိအတွက် သင့်တော်မယ့် အအေးဓာတ်-အနွေးဓာတ် ရအောင် အိပ်ခန်းရဲ့ အပူအအေးကို သေချာ ညှိထားပါ။ လူတွေဟာ အပူအအေးကြိုက်ပုံ မတူတတ်ကြပါဘူး။


ညဘက်မှာ အလင်းရောင်တွေ လျှော့ချထားပါ---
အလင်းရောင်များနေတာဟာ ဦးနှောက်ကို နိုးကြားမှု ဖြစ်စေတတ်ပါတယ်။ အိပ်ရာမဝင်မီ ၂-၃ နာရီကြိုပြီး မီးရောင်တွေကို လျှော့ချပစ်ပါ။ အိပ်ရာဝင်ချိန်မှာ မီးရောင်ဟာ မြင်သာရုံထက် မပိုတာ အကောင်းဆုံး
ဖြစ်ပါတယ်။ ခင်ဗျားရဲ့ အိပ်ရာပေါ်ကို နေရောင် လရောင်၊ လမ်းမီးရောင်တွေ တိုက်ရိုက် မကျအောင် စီစဉ်ထားသင့်ပါတယ်။


အိပ်ပျော်ခြင်းနဲ့ နိုးထခြင်းတို့ရဲ့ တလှည့်စီ လည်ပတ်နေမှုကို အချိန်နှင့်တကွ ဦးနှောက်မှာ စွဲသွားအောင် အိပ်ရာက ထတာနဲ့ တနာရီအတွင်းမှာ စူးရှတဲ့ အလင်းရောင်တွေနဲ့ နေလိုက်ပါ။ မိနစ် ၃၀-လောက် အပြင်ထွက် လမ်းလျှောက်ပါ။ ဒါမှမဟုတ်ရင်လည်း အလင်းရောင် အများဆုံးရတဲ့ အိမ်ရဲ့ အစိတ်အပိုင်းမှာ နေလိုက်ပါ။


မိနစ် ၂၀-စည်းမျဉ်းကို လိုက်နာပါ---
အိပ်ရာဝင်ပြီးလို့ မိနစ် ၂၀-လောက်ကြာလို့မှ အိပ်မပျော်နိုင်ရင် (တရေးနိုးပြီး ပြန်အိပ်တာ အပါအဝင်) တခြား အခန်းတခုထဲကို သွားပြီးတော့ အိပ်ငိုက်လာတဲ့အထိ တခုခုကို လုပ်နေလိုက်ပါ။
“မိမိရဲ့ အိပ်ရာဟာ အိပ်စက်ခြင်းနဲ့သာ ဆက်နွယ်မှုရှိရမှာ ဖြစ်ပါတယ်။ လှုပ်ရှားတက်ကြွမှုများနဲ့ မဆက်နွယ်စေသင့်ပါဘူး” လို့ ဒေါက်တာ ကူရှိဒါ (Dr. CLETE RUSHIDA, DIREDTOR OF THE STANFORD UNNERSITY CENTER FOR HUMAN SLEEP RESEARCH) က ပြောပါတယ်။ မိနစ် ၂၀-ရယ်လို့သာ မှန်းပါ။ နာရီကို မသုံးပါနဲ့။ အဲဒါမျိုးက နိုးကြားမှုနဲ့ အာရုံစူးစိုက်ရမှုတွေ ဖြစ်ရစေတတ်လို့ပါ။


အာရုံစူးစိုက်ရတာမျိုး၊ ဥပမာ-အားစိုက်လုပ်ရတဲ့ ကာယလေ့ကျင့်ခန်း၊ သန့်ရှင်းရေးအလုပ်၊ ဒါမှမဟုတ် စိတ်လှုပ်ရှားစေတဲ့ သတင်းတွေ ကြည့်ရှုနားထောင်တာမျိုးတွေကို ရှောင်ကြဉ်ပါ။ စိတ်လက်ပေါ့ပါးစွာ ဖတ်ရတဲ့ စာမျိုး ဖတ်တာတို့ ၊ တေးဂီတငြိမ့်ငြိမ့်ကလေးကို နားထောင်တာတို့ကို လုပ်ကြည့်ပါ။


နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။
လေးလေးအောင်
(ရုပ်ရှင်တေးကဗျာ-၂၀၀၉-ခု ဇွန်လ)

Friday, August 19, 2011

ကလေးသူငယ် အကြောသေရောဂါ ( POLIOMYELITIS )

ကလေးသူငယ် အကြောသေရောဂါကို ယခုအခါ ကျန်းမာရေးဌာနများမှ အထူးဂရုစိုက် ကာကွယ်ဆေး တိုကကျွေးနေပါသည်။


မိခင်ဖခင်တို့ တာဝန်---
မိခင်၊ ဖခင်၊ အဘိုး၊ အဘွားတို့ကလည်း ရင်သွေးသာေးလး သသီးလေးတို့ကို ကြိုးစားပမ်းစား အထူးဂရုပြု၍ ကျနးမာရေးဌာနမှ တိုက်ကျွေေးနသော ကလေးသူငယ် အကြောသေရောဂါ ကာကွယ်ဆေးကို မပျက်မကွက် တိုက်ကျွေးကြပါရန် လိုပါသည်။


၂-ကြိမ် တိုင်တိုင် တိုက်ပါ---
ကာကွယ်ဆေးကို ၂-ကြိမ်တိုင်တိုင် တိုက်ကျွေးရမည်ဟု ကျန်းမာရေးဌာနမှ ညွှန်ကြားမှုပြုနေသည်ကိုလည်း မိဘများက သိကြရပါမည်။ သို့မှာသာ ဤရောဂါကို ကလေးသူငယ်တို့ ထိထိရောက်ရောက် ကာကွယ်သွားမည် ဖြစ်ပါသည်။


ရောဂါဖြစ်သော ပိုး---
ဤအကြောသေရောဂါမှာ  ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရော၈ါတခုဖြစ်ပါသည်။ ရောဂါကူးစက်မှုမှာ အစဦးပိုင်း အချိန်အခါတွင် နှာစေး နှာရှည်ယိုရွှဲရာမှ တဆင့် စတင်ကူးစက်ခံရပြီး နောက်ပိုင်းတွင် မစင်မှတဆင့် ကူးစက်ခံရပါသည်ဟု ကူးစက်မှု စုံစမ်းရေး သုတေသနပညာရှင်တို့မှ ကြေညာနေကြပါသည်။


အကြောထိခိုက်၍ အကြောသေ---
အဓိကမှာ ရောဂါဗိုင်းရပ်စ်သည် သွေးထဲသို့ သွေးကြောမှတဆင့် ပျံ့နှံ့ပြီးနောက် အာရုံကြောဆီသို့ ရောဂါပိုးပျံ့နှံ့ ရောက်ရှိသွားပါသည်။ အထူးသဖြင့် လှုပ်ရှားမှု အားပေးသည့် အာရုံကြော တို့ကို ထိခိုက်ပျက်စီးစေတတ်ပါသည်။ သို့ပါ၍ ဤရောဂါကို အကြောသေရောဂါဟု အများက ခေါ်စမှတ် ပြုခဲ့ခြင်း
ဖြစ်သည်။


ရောဂါလက္ခဏာ သိမှတ်စရာ---
ပထမဦးပိုင်းအစတွင် ကလေးသူငယ်များ၏ ရိုးရိုးဖျား သာမန်ဖျားနာမှု လက္ခဏာများသာ တွေ့ရတတ်ပါသည်။ ဥပမာ-ခေါင်းကိုက်ခြင်း၊ နုံးခွေနားနေလိုစိတ် ရှိခြင်း၊ လည်ပင်းနာ၊ နှာစေးခြင်း၊ ချောင်းဆိုးသော လက္ခဏာများ၊ သာမန်ဖျားလက္ခဏာတို့သာ တွေပရခံစားရတတ်ပါသည်။


အထက်ပါ လက္ခဏာများ တရက် နှစ်ရက် ခံစားရအပြီးတွင် သိသာလှပါသော ကြွက်သားနာခြင်း၊ မလှုပ်မရှားနိုင်ခြင်း၊ လှုပ်ရှားလျှင် နာကျင်ခြင်းတို့ စတင်ခံစားရတတ်ပါသည်။ ခြေတဖက် သို့မဟုတ်-လက်တဖက် စတင် နာကျင်၍ အလှုပ်ရှားနိုင်တော့ပါ။ ထိုသို့သော အကြောသေခြင်း လက္ခဏာတို့မှာ နေရာအနှံ့အပြား အထက်အောက်သို့ ၄၈-နာရီမှ ၇၂-နာရီအတွင်း ရောဂါအစွန်းဆုံး အခြေအနေသို့ ရောက်သွားတတ်ပါသည်။ 

ဗိုက်ကြွက်သားများ ခံစားလိုက်ရပါက ချောင်းဆိုးခြင်းကို ကူညီသော ကြွက်သားများ ထိခိုက်သွားပါ၍ ချောင်းဆိုးမရဖြစ်ပြီး အခြားရော၈ါများ ဝင်လာတတ်ပါသည်။ နောက်ဆုံး အသက်ရှူရပင်လျှင် ခက်ခဲပြီး မလွယ်ကူတာများပါသဖငြ့် ဒုက္ခရောက်တတ်ပါသည်။
အသက်ရှူကြွက်သားများ ထိခိုက်လိုက်ပါက အရေးပေါ် လေပြွန်ပေါက်ဖောက်၍ အသက်ရှူစက်ဖြင့် ကူညီအသက်ရှူစေနိုင်ပါသည်။ လွယ်ကူပါက ကူညီမှုတခုသာဖြစ်ပြီး မလွယ်ကူတာများပါသဖြင့် ဒုက္ခနှင့် ကြုံရတတ်ပါသည်။


စောစောသိ၊ စောစောကုသ အကျိုးရှိ---
အကြောသေရောဂါ အထက်ပါ လက္ခဏာများကို စောစောတွေ့ရှိ စောစောသိပါက သက်ဆိုင်ရာဆေးကုဌာနများဖြစ်သည့် အမြို့မြို့အနယ်နယ်တို့မှ ကလေးဆေးရုံ၊ အကြောဌာနစသည်တို့မှာ ပြသ၍ ကုသသင့်ပါသည်။ ဤဌာနတို့မှ ကြွက်သားသေရောဂါ မဖြစ်သေးသော ကြွက်သားများ ပြန်လည် ကျန်းမာရလေအောင် ပြုစုထိန်းသိမ်းကာကွယ်သွားပါလိမ့်မည်။ ဤသို့ ပြုစုသွားပါက ခံစားရမည့် ကောင်းကျိုးတို့မှာ ကျန်းမာသော ကြါင်သားများ အသုံးပြန်ပြုသွားနိုင်ခြင်းဖြင့် မသန်မစွမ်းဖြစ်မှုမှ ကာကွယ်ကူညီပံ့ပိုးမှု ပြုလုပ်သွားနိုင်ပါသည်။ (ဥပမာ) ကြွက်သား ကျန်းမာ သန်စွမ်းရေး လေ့ကျင့်ခန်း သင်ကြားပေးခြင်း၊ လိုအပ်သည့် ဖိနပ်အမျိုးအစား စီးတတ်ရေး၊ ချိုင်းထောက်သုံးတတ်ရေး သင်ကြားပေးခြင်းတို့ ကူညီပေးကြရပါလိမ့်မည်။


အကြောသေရောဂါ ကာကွယ်ရေး---
ဤရောဂါသည် နှာရည်ယိုစီးခြင်းနှင့် မစင်မှ တဆင့် ပျံ့နှံ့စေခြင်းကြောင့် တကိုယ်ရေသန့်ရှင်းမှုနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုတို့မှာ ကာကွယ်ရေးလုပ်ငန်းတွင် အရေးအကြီးဆုံးကဏ္ဍမှာ ရှိနေကြပါသည်။
အရေးကြီးသောကာကွယ်မှု ထပ်ပြောပါရစေ၊ ဤအကြောသေရောဂါ အစပျိုးချိန်တွင် ဝေဒနာရှင်ကလေးအား ဆေးထိုးမိပါက အကြောသေရောဂါ ဖြစ်တတ်ပါသည်။ သို့ပါ၍ ကလေးသူငယ်တို့ကို မလိုအပ်ပဲ ဆေးမထိုး၇န် အကြံပြုလိုပါသည်။ ကလေးကို ဆေးမထိုးတာကတော့ အကောင်းဆုံးကာကွယ်နည်း ဖြစ်ပါသည်။

ကျွန်တော်ရှင်းပြလိုသည့် ကိစ္စတရပ်ရှိနေပပြီ။ ဆ၊ က၊ မဆိုသော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးရမည်။ ထိုးသင့်သည်ဆိုသည်တို့မှာ အကြောသေကာကွယ်ဆေး တိုက်ကျွေးပြီးပါမှ ဤဆ၊ က၊ မ ကာကွယ်ဆေးကို ကလေးတို့ကို ထိုး၍ပေးနေပါသဖြင့် ဆ၊ က၊ မ ကာကွယ်ဆေး ထိုးပေးနိုင်ကြောင်း ဆိုးကျိုးမရှိကြောင်း တင်ပြနေခြင်း ဖြစ်ပါသည်။

ကောင်းကျိုးနှင့်ဆိုးကျိုး တိုင်းတာချိန်စက်ကြည့်မည်ဆိုပါက ဆကမ ကာကွယ်ဆေးထိုးခြင်းမှာ ကောင်းကျိုးကို ရည်ရွယ်ထားပါသဖြင့် အကြောသေကာကွယ်ဆေးလည်း တိုက်ကျွေးပြီးပါသဖြင့်  ကောင်းကျိုးကိုသာ
တွေ့ရမည်ဖြစ်ပြီး ဆိုးကျိုးမရှိကြောင်း ရှင်းပြလိုက်ရပါသည်။ ကလေးအသက်ကို ကာကွယ် ကယ်ဆယ်စေသော ဆေးမည်ပါသည်။ 


အကြောသေ ကာကွယ်ဆေး တိုက်ကျွေးနည်း---
အမေ၊ အဖေ၊ အဘိုး၊ အဘွားတို့အနေဖြင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းကို မပျက်မကွက် တိုက်ကျွေးရပါမည်။ ၂-ကြိမ် တိုက်ကျွေးရပါမည်။ အရေးတကြီး မှာကြားနေခြင်း၊ စေတနာနှင့် ပြောပြနေခြင်းတို့ ဖြစ်ပါသည်။


ကာကွယ်ဆေး တိုက်ကျွေးစဉ် သတိပြုရမည်မှာ---
(က) ဆေးမတိုက်မှ ၁-နာရီ
(ခ) ကာကွယ်ဆေး တိုက်ကျွေးပြီး ၁-နာရီ ဤအချိန်အခါတို့တွင် မိခင်နို့၊ နို့ဘူး၊ နို့ရည်၊ အရည်ဟူသမျှ ဘာကိုမှ ကလေးကို မတိုက်ကျွေးရပါ။
ဤသို့ ကလေးကို ဤအချိန်အခါများတွင် အစားအစာ မတိုက်ကျွေးခြင်း၏ ကောင်းကျိုးမှာ တိုက်ကျွေးထားသည့် ဆေးအာနိသင် မပျက်ပြယ်ဖို့အတွက် အာနိသင် ထက်မြက်စေဖို့ ရှင်းပြမှာကြားနေခြင်းကို မိခင် ဖခင်တို့ သိရန်လိုပါသည်။


လုံးဝပပျောက်သွားရန်---
အကြောသေရောဂါကို ကျောက်ရောဂါလို လုံးဝပျောက်ကင်းသွားစေဖို့ ကျောက်ဆေးထိုးခြင်းဖြင့်
ကျောက်ရောဂါ လုံးဝကင်းစင်သွားသလို အကြောသေရောဂါ လုံးဝပျောက်ကင်းသွားရန်အတွက် ကာကွယ်ဆေး မပျက်မကွက် ကလေးတို့ကို တိုက်ကျွေးသွားရန်မှာ မိခင် ဖခင် အဘိုး အဘွားတို့၏ တာဝန်သာဖြစ်ကြောင်း အသိပေးလိုက်ရပါသည်။


ဒေါက်တာအောင်ခင်ဆင့်
(ရုပ်ရှင်တေးကဗျာ ၂၀၀၉-ခု ဇွန်လ)