Friday, September 30, 2011

လစဉ် ဟောစာတမ်း ( အောက်တိုဘာလ ၂၀၁၁)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( အောက်တိုဘာလ ၂၀၁၁ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=န့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

စေတိယ

စေတိယ-သဒ္ဒါသည် အမြတ်တနိုး ကိုးကွယ်ရာဟူသော အနက်အဓိပ္ပါယ်ကို ဟောဆိုပါသည်။ စေတီ, ပုထိုး ဟူသည် ဘုရားစေတီ၊ ဘုရားပုထိုး၊ လူ, နတ်, ဗြဟ္မာသတ္တဝါတို့ဖြင့် မြင့်မြင့်မောက်မောက် တည်ဆောက်ပြုလုပ်သော အရာပင်ဖြစ်၏။
ယင်းစေတီကို ပါဠိလို - စေတိယ၊ ထူပ၊
သကၠတလို - စဲတ်သၱဳပ၊
ကိုရီးယားလို - ထပ္ပဲ၊
သီဟိုဠ္လို - စဲတ်၊ စယ္ယသၱဳပ၊
အင်္ဂလိပ်လို - Pagoda, Dagoba, Shrine အသီးသီး ခေါ်ဝေါ်ကြသည်။


ဗုဒ္ဓဘာသာဝင်များက ရုပ်ပွားဆင်းတုတော်၊ သစ္စာလေးပါး သိမြင်တော်မူရာ ဗောဓိပင်နှင့် မြတ်စါာဘုရား၏ သရီရဓာတ်တော်များကို ဌာပနာသွင်း၍ တည်ထားသည့် မြင့်မြင့်မောက်မောက် အဆောက်အအုံကို စေတိယ-စေတီ (သို့) ထူပ-စေတီပုထိုး-ဟု ခေါ်ကြသည်။


လူ, နတ်, ဗြဟ္မာ သတ္တဝါတို့ ကောင်းစွာမြတ်နိုး ဆင့်ဆင့်တိုး၍ ကိုးကွယ်ရာစေတီတော်သည်-
၁။ ပရိဘောဂ စေတီ၊
၂။ ဓာတု စေတီ၊
၃။ ဓမ္မ စေတီ -ဟူ၍ သုံးမျိုးရှိသည်။


မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သော ရေစစ်၊ ခါးပန်း၊ သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ စသည်တို့ကို ထည့်သွင်းဌာပနာအပ်သော စေတီတော်ကို ပရိဘောဂစေတီဟုခေါ်သည်။
သရီရဓာတ်တော်များကို ထည့်သွင်းဌာပနာ၍ တည်ထားကိုးကွယ်အပ်သော စေတီကို ဓာတုစေတီဟုခေါ်ဆိုသည်။
ပဋိစ္စသမုပ္ပါဒ် အစရှိသော တရားဒေသနာတော်များ ရေးသားသည့် ပေစာ၊ ဓမ္မက္ခန္ဓာ တို့ကို ထည့်သွင်းဌာပနာ၍ တည်ထားအပ်သောစေတီကို ဓမ္မစေတီဟုခေါ်သည်။


တနည်းအားဖြင့် စေတီတော်သည်---
၁။ ပရိဘောဂ စေတီ၊
၂။ ဥဒ္ဒိဿ စေတီ၊
၃။ ဓာတု စေတီ (သာရီရိကစေတီ)ဟူ၍ သုံးမျိုးပြား၏။


ထိုတွင် ဘုရားရှင်အသုံးပြုနေထိုင်ရာ ဗောဓိပင်ကို ပရိဘောဂစေတီဟုခေါ်ရ၏။
ဘုရားရှင်ကိုယ်စား ရုပ်ပွားဆင်းတုတော်ကို ဥဒ္ဒိဿစေတီဟု ခေါ်ရ၏။
သဗ္ဗညု ရှင်တော်ဘုရား၏ ဓာတ်သားမွေသရီတော်တို့ကို ထည့်သွင်းဌာပနာရာစေတီကို ဓာတုစေတီဟု ခေါ်ဆိုရသည်။


ယခုခေတ်၌ ဖော်ပြပါ (၂)နည်းကိုပေါင်းစပ်၍-
၁။ ပရိဘောဂ စေတီ၊
၂။ ဥဒ္ဒိဿ စေတီ၊
၃။ ဓာတု စေတီ၊
၎။ ဓမ္မ စေတီ-ဟု ၄-မျိုး ခေါ်ဝေါ်သုံးစွဲကြကုန်၏။


ဘုရားရှင်သည် ပုဂ္ဂိုလ်တိုင်း၏ အရိုးဓာတ် စသည်တို့ကို ဌာပနာ၍ စေတီတည်ရန် ခွင့်ပြုတော် မမူပါချေ။
* သဗ္ဗညုဘုရားရှင်၏ ဓာတ်တော် စသည်များ၊
* ပစ္စေကဗုဒ္ဓ၏ သရီရဓာတ်တော်များ၊
* ရဟန္တာပုဂ္ဂိုလ်၏ သရီရဓာတ်တော်များ၊
* စကြာမင်း၏ အရိုးဓာတ်တို့ကိုသာ စေတီတည်ထိုက်၊ တည်ကောင်းတည်ရမည်ဖြစ်ကြောင်း မိန့်တော်မူသည်ကို သုတ်မဟာဝါပါဠိတော်, အင်္ဂုတ္တိုရ်ပါဠိတော်တို့၌ တွေ့နိုင်လေသည်။


စေတီတော်များ၏ ပုံသဏ္ဌာန်များမှာ ခေါင်းလောင်းပုံ၊ စပါးရိုးပုံ၊ ကောက်ရိုးပုံသဏ္ဌာန်၊ရေမြှုပ်ပုံ၊
မြင်းမိုရ်တောင်ပုံ၊ လခြမ်းထက်ဝက်ပုံ၊ ပဒုမ္မာကြာပန်းပုံ စသည်ဖြင့် တိုင်းပြည်၏ ယဉ်ကျေးမှုအလိုက် အမျိုးမျိုး တည်ဆောက်ကြ၏။


စေတီ, ပုထိုး တည်ထားကိုးကွယ်သော အလေ့အထမှာ ဘုရားပွင့်ရာကမ္ဘာတိုင်း အလွန်ရှေးကျလှပြီဖြစ်သော ကမ္ဘာအဆက်ဆက်ကပင် ရှိခဲ့ဖူးကြောင်း ဗုဒ္ဓဝံသပါဠိ၊ ဗုဒ္ဓဝံသဋ္ဌကထာ စသည့်ကျမ်းဂန်တို့၏ အဆိုအမိန့်ဖြင့် သိနိုင်လေသည်။


ဂေါတမဘုရားရှင်လက်ထက်တွင် ဘုရားရှင်ကိုယ်စား စေတီ, ပုထိုးများနှင့် သာဝကတို့၏ ဓာတ်တော်များ ဌာပနာသော စေတီ, ပုထိုးအများအပြား တည်ရှိခဲ့သည်။ ထိုစေတီတော်များအနက် တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီသည် ဂေါတမဘုရားလက်ထက်တွင် အစဆုံးစေတီဖြစ်သည်။
အလောင်းတော်သည် ကပိလနန်းမြို့တော်မှ တောထွက်ခဲ့ရာ ယူဇနာ (၃၀) ကွာလှမ်းသည့် အနော်မာမြစ်တဖက် သဲသောင်ပေါ်တွင် ဥသျှောင်တော်(ဆံတော်ကို) သံလျက်ဖြင့် ဖြတ်တော်မူ၍ ဘုရားဖြစ်မည်မှန်လျှင် ကောင်းကင်၌ တည်စေသတည်းဟု ဓိဋ္ဌာန်၍ ပစ်မြှောက်တော်မူလိုက်၏။ အလောင်းတော်၏ ဥသျှောင်တော်သည် တစ်ယူဇနာကွာသောကောင်းကင်၌ ပန်းဆိုင်းပမာ တည်နေလေသည်။


သိကြားမင်းသည် ဥသျှောင်တော်မြတ်ကို ရတနာကလာပ်ဖြင့် ပင့်ယူကာ တာဝတိံသာနတ်ပြည်၌ (၃)ယူဇနာအမြင့်ရှိသော စေတီတည်လျက် ဌာပနာကိုးကွယ်ခဲ့သည်။ ယင်းစေတီ၌ စွယ်တော်၊ လက်ယာညှပ်ရိုးတော်တို့ ကိန်းဝပ်တော်မူခဲ့သည်။


တဖန် အလောင်းတော်သည် မိမိဝတ်ဆင်ထားသည့် ကာသိတိုင်းဖြစ် ပုဆိုးအဝတ်တော်၌ ဤကာသိတိုင်းဖြစ် အယတ်တော်သည် ကောင်းလွန်းလှသည်။ အဖိုးတန်လွန်းလှသည်။ ချောမွေ့လွန်းလှသည်။ လှပလွန်းလှသည်။ အရောင်တလျှမ်းလျှမ်းဖြင့်လည်း ရဟန်းတို့အား မသင့်လျော်ပါချေ-ဟု ကြံစည်စဉ်းစားစဉ် မိတ်ဆွေ ဃဋိကာရဗြဟ္မာသည် ပရိက္ခရာ ၈-ပါးကို ယူဆောင်ခဲ့၍ အလောင်းတော်မြတ်အား ဆက်ကပ်လှူဒါန်းလေသည်။


အလောင်းတော်သည် ဃဋိကာရဗြဟ္မာ လှူဒါန်းသော သင်္ကန်းဖြင့် ရဟန်းအသွင်ယူကာ ပုဆိုးအစုံကို ကောင်းကင်သို့ ပစ်မြှောက်တော်မူပြန်သည်။ မဟာဗြဟ္မာသည် ပုဆိုးအစုံကို ပင့်ယူ၍ ဗြဟ္မာပြည်၌ ရတနာအမျိုးမျိုးတို့ဖြင့်ပြီးသော (၁၂)ယူဇနာ အမြင့် စေတီတည်၍ ဝတ်လဲတော်ကို ဌာပနာကာ ကိုးကွယ်ခဲ့လေသည်။ ထိုစေတီသည် ဗြဟ္မာ့ပြည်မှ ဒုဿစေတီဖြစ်လေသည်။ လက်ဝဲညှပ်ရိုးတော်ဓာတ်လည်း  ဗြဟ္မာ့ပြည်၌ ကိန်းဝပ်ကြောင်း ဗြဟ္မလောကေစဝါမကံ-ဟူသော ဗုဒ္ဓဝံသပါဠိဖြင့် သိသာသည်။


မဇ္ဈိမဒေသ၊ ဂယာမြို့မှ (၇)မိုင်အကွာ၌ တည်ရှိသော ဗောဓိပင်သည်လည်း ဘုရားရှင်နှင့်အတူ ဖွားမြင်ခဲ့သော ဖွားဖက်တော် ကိုးကွယ်ရာ ပရိဘောဂစေတီဖြစ်ပြီး ပလ္လင်တော်မှာ ဘုရားဖြစ်ခါနီးတွင် ဖြစ်ပေါ်လာသော ပရိဘောဂစေတီပင် ဖြစ်လေသည်။


မြတ်စွာဘုရား၏ ဓာတ်တော်များမှာ ဘုရားဖြစ်စကပင် လောကအတွင်း ပျံ့နှံ့ကိန်းဝပ် တည်ရှိတော်မူကုန်၏။ ဘုရားဖြစ်တော်မူပြီးနောက် ဗောဓိပင်အနီး၌ ခုနစ်သတ္တာဟ (၄၉)ရက် သီတင်းသုံးတော်မူခိုက် မြန်မာပြည် အောက်ပိုင်း ရာမညတိုင်း၊ ဥက္ကလာပဇနပုဒ် (အသိတဉ္ဇနမြို့)မှ လှည်းငါးရာဖြင့်လာသော တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ပျားမုန့်ဆုပ်နှင့် မုန့်ကြွက်ကျစ်တို့ကို လှူဒါန်း၍ သရဏဂုံဆောက်တည်ပြီး ကိုးကွယ်ရာတောင်းသောအခါ ဘုရားရှင်က ဆံတော်ရှစ်ဆူ ပေးသနားတော်မူ၏။


မိမိတို့ဇနပုဒ်သို့ရောက်၍  အဆိုပါ ဆံတော်ရှစ်ဆူကို ဌာပနာ၍ စေတီတည်ကြလေသည်။ ထိုစေတီကား ယခုအခါ ရန်ကုန်မြို့ရှိ ရွှေတောင်ကြီးတမျှ ခမ်းနားလှသည့် ရွှေတိဂုံ စေတီတော်ကြီးပင် ဖြစ်၏။


ဘုရားရှင်သည် ဘုရားဖြစ်တော်မူ၍ ၉-လမြောက် ပြာသိုလ်ပြည့်နေ့တွင် သီဟိုဠ်ကျွန်းသို့ ကြါတော်မူ၍ ဘီလူးတို့အား တရားဟော၍ ကျွတ်တန်းဝင်စေတော်မူခဲ့သည်။ မဟာသုမနနတ်မင်း၏လျှောက်ထားချက်အရ ဆံတော်တစ်ဆုပ် ချီးမြှင့်တော်မူသည်။ ယင်းကို ဌာပနာ၍ စေတီတည်ခဲ့ကြရာ ယင်းစေတီသည် မဟီယင်္ဂဏစေတီ-ဟု ယနေပတိုင် သာသနာတွင် ထင်ရှားလေသည်။


၅-ဝါမြောက်တွင်လည်း သီဟိုဠ်နာဂဒီပသို့ ကြွရောက်၍ ပတ္တမြားပလ္လင်အတွက် စစ်ဖြစ်ကြသည့် စူဠောဒရ၊ မဟာဒရ နဂါး တူအရီးတို့အား ချေချွတ်တော်မူခဲ့သည်။ ပတ္တမြားပလ္လင်ကို အလှူခ့၍ သီတင်းသုံးတော်မူခဲ့သည်။ နဂါးတို့သည် ပတ္တမြားပလ္လင်ကို ဌာပနာ၍ စေတီတည်ခဲ့ရာ ယင်းစေတီတော်သည် နာဂဒီပစေတီဟု ထင်ရှားလေသည်။


မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါသည်။ အလောင်းတော်ကို မီးသဂြိုဟ်ပြီး မီးများငြိမ်းသွား၍ ရွှေတလားကြီးဖွင့်လိုက်သောအခါ ပြိုးပြိုးပြက်ပြက် အရောင်များ ထွက်နေသော ဓာတ်တော် (၁)တင်းသား ကျန်ပါသည်။


၁။ သွေးကဖြစ်လာသော ဓာတ်တော်ဆိုလျှင် အနီရောင် ဖြစ်ပါသည်။
၂။ အရိုးကဖြစ်သော ဓာတ်တော်ဆိုလျှင် အဖြူရောင် ဖြစ်ပါသည်။
၃။ အသား၊ အသည်း၊ အဆုတ်၊ နှလုံးကဖြစ်သော ဓာတ်တော်ဆိုလျှင် အညိုရောင်ဖြစ်ပါသည်။


လွန်ခဲ့သော အနှစ်နှစ်ထောင့်ငါးရာ ခေတ်အခါက ကုသိနာရုံအရပ်မှာ တစ်စိတ်ဆိုလျှင် နှစ်ပြည်ပဲ ရှိပါသည်။ မြန်မာနိုင်ငံမှာကဲ့သို့ လေးပြည်တစ်စိတ် မခေါ်ပါ။ နှစ်ပြည်ကို တစ်စိတ်ဟု ခေါ်ပါသည်။ ထိုဓာတ်တော် (၈)စိတ်တို့ကို ဒေါဏပုဏ္ဏားသည် အသီးသီးဝေငှလေသည်။


ဓာတ်တော်ဝေစုရသော မင်းတို့သည် အသီးသီး စေတီတည်ကြသည်မှာ (၁၀)ဆူ အရေအတွက်ရှိသည်။
၎င်းတို့မှာ---
၁။ ရာဇဂြိုဟ်ပြည်၌ ၁-ဆူ
၂။ ဝေသာလီပြည်၌ ၁-ဆူ
၃။ ကပလဝတ်ပြည်၌ ၁-ဆူ
၎။ အလ္လကပ္ပပြည်၌ ၁-ဆူ
၅။ ရာမရွာ၌ ၁-ဆူ
၆။ ဝေဌဒီပကတိုင်း၌ ၁-ဆူ
၇။ ပါဝေယျကတိုင်း၌ ၁-ဆူ
၈။ ကုသိနာရုံ၌ ၁-ဆူ
(ယင်း စေတီ ၈-ဆူကို ဓာတ်တော် တစ်စိတ်သားစီ  ဌာပနာသည်)။
၉။ ပိပ္ပလိတိုင်း၌ မီးသွေးဌာပနာ ၁-ဆူ
၁၀။ ဒေါဏပုဏ္ဏား ဓာတ်တော်ခြင်သည့် ပြည်တောင်း ဌာပနာ၍ တည်သောစေတီ ၁-ဆူ အားဖြင့် ၁၀-ဆယ်တို့ ဖြစ်ကုန်၏။


မီးမလောင်ဘဲနဲ့ ကျန်နေသော ဓာတ်(၇)ပါး ရှိပါသည်။ 
နဖူးသင်းကျစ်ရိုး ၁-ခု
ညှပ်ရိုး ၂-ချောင်း
စွယ်တော် ၄-ဆူ ဤ (၇)ခုတို့သည် မပျက်မစီး တစ်သားတည်း တည်ရှိနေပါသည်။ ပါဠိလို အသမ္ဘိန္ဒဓာတု-ဟုခေါ်ပါသည်။ ပင်ကို သရီရကာယဖြစ်သော အသွေး၊ အသား၊ အရိုးတော်များသည် အလုံးကလေး (ဓာတ်တော်) ဖြစ်သွားခဲ့၍ ပါဠိဘာသာအားဖြင့် သမ္ဘိန္ဒဓာတု-ဟုခေါ်သည်။


* သိကြားမင်းသည် ဒေါဏပုဏ္ဏား၏ ခေါင်းပေါင်းထဲ ညှပ်ထားသော လက်ယာအထက် စွယ်တော်တစ်ဆူကို ယူ၍ တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီ၌ ဌာပနာ၍ ကိုးကွယ်သည်။


* ဇေယျသေန နဂါးမင်းသည် ပြာနှင့်ဖုံးထားသော လက်ယာအောက် စွယ်တော်ကို တန်ခိုးဖြင့်ပင့်ယူ၍ ကြီးကျယ်ခမ်းနားစွာ ကိုးကွယ်လေသည်။ ယင်းစွယ်တော်သည် နောက်-သီဟိုဠ်ကျွန်း၊ ပုလတ္ထိပုရမြို့ သောမာယတီ၌ ကိန်းဝပ်သည်ဟု အဆိုရှိသည်။


* ဂန္ဓာရတိုင်း၌နေဖူးသော ဗျာဒိတ်တော်ရ ရဟန်းတော်တပါးသည် ဒေါပုဏ္ဏား ခါးပိုက်ထဲထည့်ထားသည့် လက်ဝဲအထက် စွယ်တော်တဆူကို ကုသိုလ်စိတ်ဖြင့် ပင့်ယူ၍ ဂန္ဓာရတိုင်း၊ စေတိယတောအုပ်၌ စေတီတည်ထား ကိုးကွယ်ခဲ့လေသည်။ ဂန္ဓာရတိုင်းသို့ ရောက်သွားသော စွယ်တော်သည် ဂန္ဓာရတိုင်း သာသနာပျက်သောအခါ တရုတ်ပြည်မှ ဘုန်းကြီးများ လာပင့်သွားသည်။


* အရှင်သာရိပုတ္တရာ၏တပည့် ခေမာမည်သော ရဟန္တာအရှင်မြတ်သည် ခေါင်းတလားကို မဖွင့်ခင်ကပင် လက်ဝဲအောက်စွယ်တော်ကို တန်ခိုးဖြင့်ပင့်၍ ဗြဟ္မဒတ်မင်းသို့ အပ်နှင်းခဲ့သည်။


* ကလိင်္ဂတိုင်းမှာ စစ်ဖြစ်၍ စေတီ, ပုထိုးများ အကုန်လုံး အဖျက်ဆီးခံရသောအချိန်မှာ မင်းသမီးတပါးက ဆံထုံးထဲထည့်ပြီး ပင်လယ်ထဲ သင်္ဘောနှင့်ထွက်ပြေးကာ သီဟိုဠ်သို့ ပို့လိုက်သည်။ ယခုအခါ သီဟိုဠ်ကျွန်း ကန္နီအမည်ရှိသောမြို့၌ ကိန်းဝပ်တော်မူလျက် ရှိပါသည်။


ဗုဒ္ဓဘာသာတရားကို ရိုသေကိုင်းရှိုင်းသော ဘုရင်များသည် နိုင်ငံအရပ်ရပ်၌ စေတီတည်ပြီး ငြိမ်းအေးသော ဗုဒ္ဓဓာတ်တော်ကို ဌာပနာတည်ထားကိုးကွယ်ကြသည်။
အသောကမင်းလက်ထက် ရောက်သောအခါ ဓာတုစေတီ (၈)ဆူသည် နှစ်(၂၀၀)ကြာပြီဖြစ်သောကြောင့် 
ဆွေးပြီးပြိုကျခဲ့ပါသည်။ ချု့ထဲ၊ တောထဲ ရောက်ကုန်ပါသည်။ အသောကဘုရင်သည် နေ့စဉ် အိန္ဒိယပြည်ကို သွားပြီး စေတီတော်များကို ရှာပါသည်။ အသောကဘုရင်နှင့် မြတ်စါာဘုရား ပရိနိဗ္ဗာန်စံပြီးကြားမှာ နှစ်ပေါင်း (၂၀၀)ကြာပါသည်။ ဓာတ်တော်များကို ပြန်တူးရာ တစ်တင်းသား အကုန်လုံး ပြန်ရပါသည်။


ရှစ်ဆူသောစေတီတော်များထဲမှ ဓာတ်တော်တစ်တင်းကို (၈၄၀၀၀)ပုံပြီးအသီးသီးဖြန့်ပြီး ဌာပနာတိုက်မှာ ထားသောအခါ ကမ္ဘာမြေကြီးပေါ်မှာ ဘုရားဓာတ်တော်များ ပြန့်သွားပါသည်။ စေတီပေါင်း (၈၄၀၀၀)တည်ဆောက်ခဲ့ရာ ယခုတိုင် ဖူးမြင်နိုင်ပါသေးသည်။


သက်တော်ထင်ရှား ဘုရားရှင်နှင့်မခြား စေတီတော်၌ ကြည်ညိုစိတ်ထားပါလျှင် တူညီသောအကျိုးများ ရရှိနိုင်ကြောင်း ဝိမာနဝတ္ထုပါဠိတော်တို့၌ လာရှိပါသည်။ 
ထို့ကြောင့် မြောက်မြားလှစွာသော ကမ္ဘာအရပ်ရပ်ရှိ စေတီ, ပုထိုး တို့ကို ဘုရားတပည့်တော်တို့သည် အရပ်ဌာနအားလုံးတို့၌ တည်ရှိသော အလုံးစုံသော ဓာတ်တော်ကိန်းအောင် စေတီတော်အပေါင်းကို၎င်း၊ သာရီရိကမွေတော်နှင့် မဟာဗောဓိပင်အပေါင်းကို၎င်း၊ အလုံးစုံသော ဆင်းတုတော်ဟူ အဆူဟူသမျှကို၎င်း နေ့,ညဥ့်မပြတ် အခါခပ်သိမ်း ဆယ်လက်မြှောက်မိုး ရှိခိုးဦးချ ကန်တော့ကြပါကုန်စို့-ဟူ၍ အကြံပြုလျက်.....


ဘဏ်အရာရှိဟောင်း တဦး
(ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ)


စပ်ကူး မပ်ကူး မလွယ်ဘူး

လူထွက် ရဟန်း၊ 
နန်းကျ ဘုရင်၊ 
ပင်စင် အငြိမ်းစား၊
ယောက်ျားလူထူး၊ 
ဤသုံးဦးကား၊ 
စပ်ကူး မပ်ကူး၊ 
မလွယ်ဘူးတည့်။ 

နေထိုင်ရေးခက်ခဲသူ သုံးယောက်ရှိသည်ဟူ၏။ ယင်းသုံးဦးသည်ကား---
၁။ လူထွက်ရဟန်း
၂။ နန်းကျဘုရင်
၃။ ပင်စင်အငြိမ်းစား-တို့ ဖြစ်ပါသည်။


၁။ လူထွက်ရဟန်း---
ယင်းသည် ရှေးစကားဖြစ်ပုံရသည်။ ယခုခေတ်မှာတော့ ဘုန်းကြီးလူထွက်ဟု ဆိုကြသည်။ ဘုန်းကြီးလူထွက်များသည် အတိတ်ကာလက ရဟန်းဘဝတုန်းက နေရ ထိုင်ရ နှီးနှောပြောဆိုရသည် များမှာလည်း လူဝတ်ကြောင်များနှင့် မတူသော ရဟန်းသာမဏေများနှင့်အတူ နေထိုင်ပြောဆိုရသည်။
လေ့လာသင်ယူရသည်များမှာလည်း လူမှုကိစ္စအတတ်ပညာများနှင့် မစပ်ဆိုင်။ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း တရားစာပေများဖြစ်သည်။


ရဟန်းဘဝ မပျော်မွေ့သဖြင့် လူ့ဘောင်လောကသို့ ရောက်လာသည့်အခါ ကလေးသူငယ်များကို စာသင်ရာ၌ လူ့လောက ကကြီး၊ ခကွေးမှစ၍ သင်ရလေရာ အရာရာစိမ်းနေသည်။


စားဝတ်နေရေးမှာလည်း မြတ်စွာဘုရား၏ သာသနာ့ဝန်ကို ထမ်းဆောင်နေသောကြောင့် မြတ်စွာဘုရား
ပေးသနားသည့် စားစရာ၊ ဝတ်စရာ၊ နေစရာများကို ရခဲ့ပေရာ မိမိကိုယ်တိုင် ရှာဖွေလုပ်ကိုင်ရန်မလိုဘဲ
ပြည့်စုံခဲ့သည်။ လူ့ဘဝကိုရောက်သောအခါတွင်ကား စားဝတ်နေရေးအတွက် ကိုယ့်အားကိုယ်ကိုး၍ လုပ်ကိုင်ရှာဖွေရပေတော့သည်။ လုပ်ခဲ့သည့်အလေ့အကျင့် မရသေးသည့်အတွက် စိမ်းနေပြန်သည်။


ပြင်ပတွင် စကားပြောရာ၌လည်း ရဟန်းဘဝတုန်းနှင့် လားလားမျှ မဆိုင်တော့ချေ၊ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ် ခေါ်ဝေါ်ရမည့်အစား ဒကာကြီး၊ ဒကာမကြီး-ဟူသော ဝေါဟာရနှင့် ကွဲလွဲလှပေသည်။ သွားလာနေထိုင်ပုံကလည်း အတော်ပင်သတိထားရသည်။ ရဟန်းဘဝတုန်းက သင်္ကန်းတင်သည့် ဘယ်ဘက်လက် မလှုပ်မရှား ငြိမ်သက်ခဲ့သည်မှာ တော်ရုံနှင့်မပျောက်နိုင်။ သတိထားပြီး လှုပ်ရှားပေးနေရသည် မဟုတ်ပါလော။


ရှေးကပုံပြင်တပုဒ်ရှိသည်။ လူထွက်ခါစ ရဟန်းလူထွက်တယောက် ဆီရောင်းလေတော့--
ဆီဗျို့...ဆီ..
ဆီများ ကပ္ပိကြဦးမလား...လို့ ယောင်အော်မိသည်။
ဟဲ့..ဟဲ့..ဆီသည်ကြီးက ဘုန်းကြီးလူထွက်ကြီးနဲ့တူတယ်လို့ မိန်းမတချို့က ရယ်မောပြောသံကြားလေရာ 
ယောင်လို့ပါ ဒကာမကြီးတို့-လို့ ပြန်ပြောမိကာ မိမိမှားမှန်းသိတော့ အတင်းပြေးခဲ့ရသတဲ့။


ဤသို့သောအကြောင်းများကြောင့် ရဟန်းဘဝမှ လူ့ဘဝသို့ပြောင်းလာသည့် ရဟန်းလူထွက်များအား စပ်ကူးမပ်ကူး မလွယ်ဘူး-ဟု ဆိုရမည်သာတည်း။


၂။ နန်းကျဘုရင်---
ယခုခေတ်မှာတော့ နန်းကျသည့်ဘုရင်က ရှားပါးပစ္စည်းတခုဖြစ်သည်။ ဇာတ်ပွဲထဲတွင်လောက်သာရှိသည်။
ရှေးကဘုရင်များသည် ဘုန်းတန်ခိုး အလွန်ကြီးကြသည်။ လိုတရ ပြည့်ဝကြသည်။ လူတို့၏ အသက်စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်သည်ဟုပင် မှတ်တမ်းတင် ပြောစမှတ်ရှိခဲ့သည်။


ဘုရင်များသည်လည်း သူတို့အသုံးအနှုန်းဝေါဟာရ သီးသန့်ရှိသည်။ ရေသောက်သည်ကို ရေကြည်တော် 
သောက်သည်-ဟု ပြောရသည်။ ထမင်းစားသည်ကိုလည်း ပွဲတော်တည်သည်-ဟု ပြောရသည်။ လမ်းသွားသည်ကို စကြာတော်ဖြန့်သည်။ ကြွချီတော်မူသည်ဟု ပြောရသည်။ ရေနှင့် အစားအသောက် စသည်တို့ကို ကိုယ်တိုင်ယူသောက်စားရသည်မရှိ။ ကျေးတော်၊ ကျွန်တော်၊ ကိုယ်လုပ်တော်တွေကသာ ဆက်သ,ရသည်။ သွားလိုရာသို့လည်း ကျေးကျွန်တို့က ယေါတော်၊ စကြာယာဉ်တော်များဖြင့် ထမ်းပို့သယ်ဆောင်ရသည်။ 


ယင်းသို့ ဘုန်းတော် ကံတော် ကြီးမားကြသည့် ရှင်ဘုရင်များသည် မိမိထက် ဘုန်း၊ လက်ရုံး၊ တန်ခိုး၊ အာဏာကြီးသူတက်လာ၍ နန်းကျသောအခါ မပြောတတ်, မဆိုတတ်၊ မသောက်တတ် မစားတတ်၊ မသွားတတ် မလာတတ်၊ မနေတတ် ဖြစ်သွားသည်။ ရေကြည်တော် ဆက်သ,သူ၊ ပွဲတော်အုပ် ဆက်သ,သူ မရှိတော့ပြီ။ အစစအရာရာ အခက်အခဲရှိလာတော့သည်။ ဤသို့ နန်းကျဘုရင်များ နေရေးထိုင်ရေး အခက်အခဲကြုံတွေ့ရသည်။


၃။ ပင်စင်အငြိမ်းစား---
အမှုထမ်းအရာထမ်း၊ အလုပ်သမား၊ အခစားဘဝဟူသည် ကောင်းသည် ဆိုးသည် ပြောဖွယ်မရှိ။ မိမိအားပေးအပ်၍ မိမိက လုပ်ပါမည်ဟု ဝန်ခံထားသော အလုပ်တာဝန်များကို ထမ်းဆောင်ရသည်။ နည်းသည် များသည် ပြောရန်မလို။ မိမိရာထူး၊ အလုပ်တာဝန်အတွက် သတ်မှတ်ထားသည့် လုပ်အားခကို ခံယူရသည်။ ပိုလျှင်စု၍ လိုလျှင် ရှာရုံသာရှိသည်။ မှန်မှန်လုပ်၊ မှန်မှန်ယူ၊ မှန်မှန်သုံးနေရသည်။ အေးဆေးသည်ဖြစ်စေ၊ ပူပင်သည်ဖြစ်စေ ဤအခစားဘဝအခြေအနေ၌ အကျင့်ရ နေသားကျနေပြီဖြစ်သည်။


ရက်ပေါင်းများစွာ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရသည်ဖြစ်သောကြောင့် ယဉ်ပါးနေပြီဖြစ်သည်။ ယင်းသို့ ကျင်းသားရ၊ နေသားကျပြီး ယဉ်ပါးသော အခြေအနေမှ အပြောင်းအလွဲဖြစ်ကာ ပင်စင်အငြိမ်းစားဘဝသို့ ရောက်လာသည်ဆိုလျှင် အူကြောင်ကြောင်၊ ယောင်ချာချာ ဖြစ်နေတတ်ပေသည်။ လုပ်ကိုင်နေကျအလုပ်ကလည်း စွန့်ခွါခဲ့ရပြီ။ လုပ်ဖော်ကိုင်ဖက် ရင်းနှီးသူများနှင့်လည်း ဝေးခဲ့ပြီ။ ရနေကျ အခကြေးငွေများကိုလည်း မ၇တော့။ သုံးစွဲနေကျအတိုင်းလည်း သုံးစွဲနိုင်ချင်မှ သုံးစွဲနိုင်ပေမည်။ အခြေအနေအဟောင်းမှ အခြေအနေအသစ်သို့ပြောင်းလာခါစ ပင်စင်အငြိမ်းစားအတွက် မလွယ်ကူတော့။ အခက်အခဲနှင့် ကြုံရပေတော့မည်။ ဤသည်များကို သုံးသပ်၍ ----


လူထွက်ရဟန်း၊ နန်းကျဘုရင်၊ ပင်စင်အငြိမ်းစား၊ ယောကျာ်းလူထူး၊ ဤသုံးဦးကား၊ စပ်ကူးမပ်ကူး၊ မလွယ်ဘူးတည့်။


ကျွန်တော်သည် အစိုးရဝန်ထမ်းတဦး ဖြစ်သည်။ (၂၀၁၁)ခုနှစ်ထဲတွင် အသက်(၆၀)နှစ်ပြည့် ပင်စင်သွားရတော့မည်။ ပင်စင်နီးနေသည့်အတွက် ပြင်ဆင်စရာ မရှိမဟုတ် ရှိသည်။ မည်သည့်ဌာန၊ ပုဂ္ဂလိကလုပ်ငန်းကိုမျှ မဝင်ဘဲ စာပေများ ဇောက်ချရေးတော့မည်ဟု ကြိုတင်စီစဉ်ထားသည်။ ကြိုတင်၍ ပြီးခဲ့သော(၁၀)နှစ်ခန့်မှစ၍ စာပေလောကထဲသို့ ခြေလှမ်းတဖက် လှမ်းထားပြီးဖြစ်သည်။ သို့သော် အထက်ဖော်ပြချက်များအရ ပင်စင်အငြိမ်းစားဘဝ စပ်ကူးမပ်ကူး ကာလရောက်သည့်အခါ တောင်တောင်အီအီ မဖြစ်ဖို့တော့ တင်းရင်းထားရဦးမည်။ တကယ်ပဲ တင်းရင်းရလေမလား၊ ပင်စင်အငြိမ်းစားဘဝတွေက စပ်ကူးမပ်ကူးကာလ တကယ်ပဲ မလွယ်ဘူးလား။ မိမိဉာဏ်ရှိသလောက်နှင့် သုံးသပ်မိသည်။


ဆာဂျေအေ ဦးမောင်ကြီး---
မြန်မာသက္ကရာဇ် (၁၂၃၃-၁၃၁၆) ခုနှစ်ခန့်က ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးမှာ ဆာဂျေအေ ဦးမောင်ကြီး ဖြစ်သည်။ ဤပုဂ္ဂိုလ်ကြီးသည် မြန်မာလူမျိုးထဲမှာ ပေါ်ထွန်းလာသည့် တဦးတည်းသော ဘုရင်ခံဖြစ်သည်။ တရားဝန်ကြီး ပြည့်ထဲရေးဝန်ကြီး၊ သစ်တောရေးရာဝန်ကြီးလည်း ဖြစ်ခဲ့သေးသည်။


မြန်မာသက္ကရာဇ်(၁၃၁၂)ခုနှစ်ခန့်အခါက ထိုင်းနိုင်ငံ လန်ပန်းမြို့၊ ညောင်ဝိုင်းကျောင်းဆရာတော် အရှင်ဝါယမ ရန်ကုန်မြို့သို့ ကြွတော်မူလာသည်။ ဆရာတော်မှာ ထိုင်းနိုင်ငံ၌ သာသနာပြုနေတော်မူသော်လည်း မူရင်းဇာတိမှာ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ စည်ကြီးရွာ ဇာတိဖြစ်သည်။ ဆရာတော်သည် ထိုင်းနိုင်ငံမှရောက်လာပြီး ထိုင်းနိုင်ငံရှိ မြန်မာအမျိုးသားများနှင့် အတက်အသွယ်ရှိသည်။ ဆာဂျေအေ ဦးမောင်ကြီးထံသို့ ကြွတော်မူသည်။


ထိုအခါ ပင်စင်အငြိမ်းစားဖြစ်သည့် ဆာဂျေအော ဦးမောင်ကြီးသည် သားသမီး ဆွေမျိုးသင်္ဂဟ အခြွေအရံများနှင့် သိုက်သိုက်ဝန်းဝန်း စည်းစိမ်ဥစ္စာ ပြည့်စုံချမ်းသာစွာရှိသည်။ သို့သော် လူများစွာနှင့် တွေ့ဆုံမှုကို ရှောင်ရှားကာ နေက္ခမ္မပါရမီဖြည့်လျက် ကမ္မဋ္ဌာန်းတရား ပွားများနေကြောင်း  ဆရာတော်ဦးဝါယမက မိန့်ကြားတော်မူသောကြောင့် အေးချမ်းစွာ တရားပွားနေသည့် ပင်စင်စား အငြိမ်းစားကြီးအကြောင်းကို လေ့လာမှတ်သားခဲ့ရသည်။


စာပေလောကတွင်လည်း တပ်မတော်ဘက်ဆိုင်ရာ အကြီးအကဲများ၊ အရပ်ဘက်အကြီးအကဲ၊ အရာထမ်းများစွာ အငြိမ်းစားယူပြီး စာရေးသားမှုပြုနေကြသည်။ ပင်စင်စား အငြိမ်းစားနှင့် မတူချေတော့ ပျော်မွေ့နေကြသည်ကို တွေ့ရသည်။


ဤသို့ဆိုလျှင်  ပင်စင်အငြိမ်းစား၏ စပ်ကူးမပ်ကူးကာလ မလွယ်ဘူးဟူသော စာချိုးသည်---
ထို့ပြင်တဝ၊ ပျော်ရွှင်မြူးတူး၊ လူထူး ၆-ဦး ဆိုသည့် ဧကစ္စေဝါဒလင်္ကာလည်း ရှိနေပြန်သေးတော့-
အိမ်ထောင်ဦးစ၊
ထီပေါက်စနှင့်၊
ထောင်မှလွတ်ကင်း၊
ပဉ္ဇင်းလူထွက်၊
နန်းတက်ဘုရင်၊
ပင်စင်အငြိမ်းစား၊
ယောက်ျားလူထူး၊
ဤခြောက်ဦးကား၊
အရူးအမူး၊
လွန်ပျော်မြူး၏။


လင်္ကာ၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ-
၁။ အိမ်ထောင်ဦးစ လူသား
၂။ ထီပေါက်စ လူသား
၃။ ထောင်မှထွက်လာခါစ လူသား
၎။ ရဟန်းဘဝမှ ထွက်လာခါစ လူသား
၅။ ဘိသိက်ခံ ထီးန်းတက်ပြီးခါစ လူသား
၆။ ပင်စင်စား အငြိမ်းစားဖြစ်ခါစ လူသား
ဤလူခြောက်ယောက်တို့သည် အရူးအမူး အလွန်ပျော်မြူးကြသူများ ဖြစ်သည်ဟု ဆိုပေသည်။

မိမိသည် ဝန်ထမ်းဖြစ်သည့်အတွက် ပင်စင်စားရခြင်းသည် နည်းခြင်း၊ များခြင်းကို အသာထား၍ မိမိထမ်းဆောင်ပြီးမြောက် အောင်မြင်မှုအတွက် လုပ်ကိုင်လာခဲ့ရသည့် ဝန်ထုပ်ဝတ်ပိုး တာဝန်ဝတ္တရားကြီးကို မိမိအလှည့်ကုန်ဆုံးသည်အထိ ချောချောမောမောဖြင့် ချထား၍ အနားယူခွင့်ရခဲ့လေပြီဖြစ်ရာ မည်မျှဝမ်းသာအားရ ဖြစ်လေမည်နည်း။ ပေါ့ပေါ့ပါးပါး စိတ်အားကိုယ်အား အနားယူခွင့်ရသွားပြီ ဖြစ်သည်။


ယင်းသို့ ပေါ့ပေါ့ပါးပါး အနားယူခွင့်ရသွားပြီဖြစ်သောကြောင့် မိမိဝါသနာပါ လေ့လာလုပ်ကိုင်ချင်ပါလျက် မလေ့လာ၊ မလုပ်ကိုင်ရသေးသော အလုပ်များကိုလည်း လုပ်ကိုင်ခွင့်ရသွားပြီဖြစ်သည်။ ယင်းသို့ ဝါသနာပါရာအလုပ်နှင့် လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို လုပ်နိုင်ခွင်ရခြင်းသည်လည်း လူပလောက၊ လူ့ဘဝ၌ အလွန်အရသာရှိ၍ ပျော်ရွှင်ဖွယ်ကောင်းသည့် အခွင့်အရေးကြီးကို ရရှိခြင်းဖြစ်ပေသည်။ အလွန်ပျော်ရွှင်ဖွယ်ကောင်းသည့် ဘဝသစ်တခုကို အစပြုလိုက်ခြင်းပင် ဖြစ်သည်။ ပင်စင်အငြိမ်းစားအဖြစ် အောင်ပွဲကြီးရခဲ့ရာမှ ဆက်လက်၍ အောင်ပွဲအသစ်များရရန် ဦးတည်လိုက်ခြင်းပင် ဖြစ်ပေ၏။
ထို့ကြောင့် အရူးအမူး ပျော်ရွှင်မြူးတူးသူ ၆-ဦးစားရင်းတွင် ပင်စင်အငြိမ်းစားကို ထည့်သွင်းထားခြင်း ဖြစ်ပါသည်။


ဖော်ပြပါ ပျော်ရွှင်မြူးတူးသူ ၆-ဦးတွင် ခြွင်းချက်အနေဖြင့် မကြိုက်မနှစ်သက်ဘဲ ညားကြရသည့် အိမ်ထောင်ဦးည၊ 
ထီပေါက်သည်ကြားရ၍ ရူးသွားသူ၊
ထောင်ကလွတ်ပြီး အခြားအမှုနှင့် ထပ်အဖမ်းခံရသူ၊ 
ရဟန်းလူထွက်ပြီး အဆက်အသွယ်ပြုထားသည့် အမျိုးသမီးက လက်မခံသော ရဟန်းလူထွက်၊ နန်းတက်သည့်ညမှာပင် အဆိပ်မိသေဆုံးရသည့် ဘုရင်၊ 
ရသည့်လုပ်သက်ဆုငွေနှင့် ပင်စင်လစာများ နည်းပါး၍ မလောက်အင စိတ်ညစ်ရသူ ပင်စင်စားများ ရှိနေတတ်ပေသေးရာ ပျော်ရွှင်မြူးတူးဖြစ်ဖွယ်ရာဟူသည်တို့ကို ချင့်တွက်ဖွယ်ရာ ရှိပေတော့၏။

တရားသဘောအရ ဝေဖန်ကြည့်ပါမူ ပင်စင်အငြိမ်းစားတိုင်း၏ဘဝကို ဝမ်းနည်းကြေကွဲ အခက်အခဲဘဝတွေချည်းသာ ဖြစ်သည်ဟု ဆိုပြန်လျှင်လည်း အငြင်းပွားစရာ၊ ဝမ်းသာရွှင်ပျ သာယာလှသည့် ပင်စင်အငြိမ်းစား ဘဝများကလည်း ရှိနေပေသေးသည်။

ပင်စင်အငြိမ်းစားဘဝတိုင်းကို ဝမ်းသာရွှင်ပျ သာယာလှသည့်ဘဝများဟု ဆိုပြန်လျှင်လည်း အငြင်းပွားစရာ။ ဝမ်းနည်းကြေကွဲ အခက်အခဲရှိနေသည့် ပင်စင်အငြိမ်းစား ဘဝများကလည်း ရှိနေပြန်သည်။ ဤသို့ဆိုလျှင် ပင်စင်အငြိမ်းစားနှင့် အမှန်တရားကား မည်သို့ပါနည်း။


ပင်စင်အငြိမ်းစားနှင့် အမှန်တရား (သမာနဝါဒ လင်္ကာ)---
ပင်စင်အငြိမ်းစား၊ အိုယောက်ျား၊
သင်အားယခု၊ လမ်းညွှန်ပြုအံ၊
လူ့ဘဝတာ၊ တစ်သက်လျာကား၊
မကြာခဏ၊ မြန်လွန်းလှ၏၊
တက်ကြွပျော်ဖွယ်၊ အားငယ်ညှိုးမှု၊
ကိစ္စစုကို၊ မပြုရှောင်ရှား၊
စွန့်ပယ်ထား၍၊ တရားအမှန်၊
သိမြင်ရန်သာ၊ ကြိုးစားကာဖြင့်၊
ထွက်ရာလမ်းစဉ်၊ လိုက်စေချင်သည်၊
ပင်စင်အငြိမ်းစား၊ အိုယောက်ျား...။


လူသားတို့ထွက်ရာလမ်း---
အမှန်တရား သိမြင်ရေးဟူသော ထွက်ရာလမ်းသည် ပင်စင်အငြိမ်းစားများနှင့်သာ ကန့်သတ်သက်ဆိုင်သည်မဟုတ်ပါ။ ပင်စင်အငြိမ်းစားများကဲ့သို့ပင် လူသားတိုင်းမှာ ဘဝသံသရာ၌ ရွှင်လန်းအားရ တက်ကြွမြူးပျော်ဖွယ်တွေ အသင်္ချေအနန္တ တွေ့ကြရ၊ ဆုံကြရ၊ ကြုံကြရပါသည်။ အားငယ်ညှိုးနွမ်း၊ ပင်ပန်းဆင်းရဲမှုတွေ အသင်္ချေအနန္တနှင့် ကြုံကြရ၊ ဆုံကြရပါသည်။ 


ယင်း အကောင်း,အဆိုးနှစ်ပါး လောကဓံတရားများ၏ နောက်ကွယ်မှာ ဝဲလည်လိုက်နေရန် မသင့်ပါ။ အမှန်တရားကိုသိမြင်၍ ထွက်ရာလမ်းစဉ်လိုက်ရန်မှာ ပင်စင်အငြိမ်စားများသာမက လူသားတိုင်း လူသားတိုင်း လိုအပ်လှပါသည်။


ကိုမောင်သန်းဝင်း
(ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ) 


ကောက်နှုတ်ဖော်ပြသည်
(မော်လူး)

Thursday, September 29, 2011

အာနိသင်ထက်မြက်သော လိမ္မော်သီး

လိမ္မော်သည် အချိုမျိုး၊ ကမ္ဗလာ(ခေါ်) လိမ္မော်အငယ်စားမျိုး၊ အခါးမျိုး-ဟူ၍ သုံးမျိုးရှိသည်။ ယခုအခါ ပျားလိမ္မော်ဟူ၍လည်း တွေ့ရသည်။

လိမ္မော်သီးကို မြန်မာ့အစားအစာ၏ အာဟာရဘက်ကကြည့်လျှင် လိမ္မော်သီဒးအလေးချိန်(၁၀၀)ဂရမ် (ခြောက်ကျပ်တမတ်သား)တွင် ကယ်လိုရီ(၄၁)၊ ပရိုတင်း(၀)ဒသမ(၇)ဂရမ်၊ အဆီဓာတ်(၀)ဒသမ(၂)ဂရမ်၊ ကစီဓာတ်(၁၀)ဒသမ(၂)ဂရမ်၊ ထုံးဓာတ်(၂၆)ဒသမ(၀)မီလီဂရမ်၊ သံဓာတ်(၀)ဒသမ(၂)မီလီဂရမ်၊ ဗီတာမင်အေအိုင်ယူ(၂၅၆)၊ ဗီတာမင်ဘီဝမ်း(၀)ဒသမ(၀၉)မီလီဂရမ်၊ ဗီတာမင်ဘီတူး(၀)ဒသမ(၀၄)မီလီဂရမ်၊ နိုင်ယာစင်(၀)ဒသမ(၄)မီလီဂရမ်၊ ဗီတာမင်စီ(၄၂)မီလီဂရမ်တို့ အသီးသီးပါဝင်ပါသည်။

ထို့ပြင် လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်တို့လည်း ပါရှိသည်။ အထူးသဖြင့် ဗီတာမင်စီ အများဆုံး ပါဝင်သည်။ ဗီတာမင်စီသည် အနာကျင်မှုကို မြန်စေ၍ သံဓာတ်စုပ်ယူအား ကောင်းစေသည်။ ဗီတာမင်စီ ပါဝင်သော လိမ္မော်ရည်ကို သောက်ခြင်းအားဖြင့် အစာအိမ်၊ အစမျိုးပြွန်၊ ပါးစပ်၊ အူမကြီးကင်ဆာရောဂါ များကို ကာကွယ်နိုင်ပါသည်။ လိမ္မော်ရည်ကို တနေ့ အနည်းဆုံး နှစ်ဖန်ခွက်မှ အများဆုံး လေးဖန်ခွက်အထိ
သောက်လျှင် ကျောက်ကပ်ကျောက်တည်ခြင်းကို ဟန့်တားနိုင်သည်။


လိမ္မော်သီး၌ပါဝင်သော ကယ်လ်ဆီယမ်ဓာတ် (Calcium)သည် လူ့ခန္ဓာကိုယ် ဖွဲ့စည်းမှုစနစ်အတွင်းရှိ အက်ဆစ်ပြင်း(Alkaline Mineral) တို့ကို ပျက်ပြယ်သွားစေနိုင်သည့် အဆိပ်ပြေဆေးတမျိုးဖြစ်သဖြင့် သွေးသစ်၊ သွေးသန့် တိုးပွားစေသည်။ ရုမတွိုက် ရိုးဆက်ရောင်ရမ်းနာ Rheumatoid Arthritis (ရူမတစ်ရောဂါနှင့် ဆင်သည့် ရောဂါလက္ခဏာများဖြစ်သော ရိုးဆက်ရောင်ရမ်းခြင်း)ကို ကာကွယ်နိုင်သည်။


လိမ္မော်သီး၌ ပါဝင်သည့် သကြားဓာတ်သည် သဘာဝအချိုဓာတ်ဖြစ်သည်။ ထို့ပြင် အသီး၌ပါဝင်သည့် အမျှင်များသည်လည်း သကြားစုပ်ယူမှုကို လျော့နည်းစေသောကြောင့် လိမ္မော်သီးစားသုံးခြင်းအားဖြင့် သွေးအတွင်းရှိ သကြားဓာတ်ကို လျင်မြန်စွာ မတက်နိုင်ပေ။ ထို့ကြောင့် လိမ္မော်သီးသည် ဆီးချို၊ သွေးချို၊ ခန္ဓာကိုယ်ဝဖြိုးသူများနှင့် သင့်လျော်သည်ဟု ဆိုသည်။ သို့သော် အချို့က သွေးချို၊ ဆီးချိုရှိသူများ လိမ္မော်သီး မစားသင့်ဟုဆိုသည်ကို တွေ့ရပြန်သည်။ မည်သို့ဖြစ်စေ တန်ဆေး လွန်ဘေး ဖြစ်ရကား သင့်တင့်မျှတစွာ စားလျှင် ဘေးဥပါဒ်ဖြစ်နိုင်မည်မဟုတ်ပေ။


အမှန်တော့ ကျန်းမာသန်စွမ်းသူများပင် လိမ္မော်သီးကို အလွန်အကျွံစားလျှင် အပူကန်လာပြီး အာခံတွင်းရောင်ရမ်းနာ၊ သွားဖုံးတဝိုက် ရောင်ရမ်းနာ၊ စသည်တို့ ဖြစ်တတ်သည်။ သို့ဖြစ်၍ လိမ္မော်သီးကို တနေ့တလုံးသာ စားသင့်သည်။ လိမ္မော်သီး တနေ့တလုံး (သို့) လိမ္မော်ရည် တနေ့တဖန်ခွက် သောက်သုံးလျှင် ငှက်ပျောသီးစားသကဲ့သို့ပင် အစာအိမ်ရောဂါနှင့် အစာအိမ်ကင်ဆာဖြစ်ရန် အခွင့်အလမ်းလည်း နည်းစေသည်။


လိမ္မော်သီးစားပြီးနောက် တနာရီအတွင်း နွားနို့မသောက်မိဖို့လည်း သတိပြုသင့်သည်။ အကြောင်းမှာ နွားနို့၌ ပါဝင်သည့် ပရိုတင်းများက တာရာရစ်အက်ဆစ်နှင့် ပေါင်းစပ်ပြီး ခဲသွားသောအခါ အစာကြေနိုင်မှု ခက်ခဲသွားနိုင်ကာ အစာထဲက အာဟာရစုပ်ယူမှုကိုပါ ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။


ပင်လယ်စာစားသူများသည် လိမ္မော်သီးနှင့် တွဲဖက်၍ စားသင့်သည်။ အဘယ်ကြောင့်ဆိုသော် ပင်လယ်စာထဲမှ Histamine ဓာတ်များကြောင့် ခန္ဓာကိုယ်နှင့် နှုတ်ခမ်းတလျှောက်၌ အဖုအပိန့်များ ထွက်လာပြီး ယားယံတတ်သောကြောင့် ဖြစ်၏။ ယင်းကို လိမ္မော်သီး၌ပါဝင်သော Antibistmine ၏ သတ္တိက အကာအကွယ် ပေးနိုင်သည်။


လိမ္မော်ရည်ကလည်း အာနိသင်ရှိသည်။ ခံတွင်းကောင်း၍ အစာကြေစေသည်။ ဝမ်းမှန်စေသည်။ အားအင်ပြည့်ဖြိုးစေသည်။ သွေးအားကောင်း၍ သွေးကိုသန့်စေသည်။ သွားဖုံး သွေးယိုခြင်းကို ကာကွယ်နိုင်သည်။ ချောင်းခြောက် ဆိုးခြင်း၊ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့၌လည်း ဆေးအဖြစ် အသုံးပြုနိုင်သည်။


လိမ္မော်ခွံအခြောက်ကလည်း လွှင့်ပစ်စရာမလို။ ယင်းသည် အော့အန်ခြင်းကို သက်သာပျောက်ကင်းစေနိုင် သည့်အပြင် ပုံမှန်မှီဝဲလျှင် သန်ကောင်ရောဂါကို ကာကွယ်နိုင်သည်။ လိမ္မော်ခွံအခြောက်ကို အစာကြေဆေး၊ ခ့တွင်းနဲ့ကောင်းဆေး၊ ဝမ်းပိတ်ဆေး၊ လေဆေး စသည်တို့ ဖော်စပ်ရာ၌လည်း အသုံးပြုကြသည်။


လိမ္မော်ခွံမှ ထုတ်ယူရရှိသည့် လိမ္မော်ဆီကလည်း အင်အားတိုးပွား၍ အစာကြေစေသည်။ လိမ္မော်ပွင့်မှ ထုတ်ယူရရှိသော အဆီကလည်း အမူးအမော်အတွက် အလွန်ကောင်းသည်။ လိမ္မော်ခွံ၌လည်း အနံ့သင်းသော Limonen ခေါ်လွှင့်ပျ့ဆီအပြင် ဂလူးကို့စ်ဆိုဒ်၊ တင်နင်ဓာတ် ပြာဓာတ်များ ပါရှိသည်။ လိမ္မော်ပွင့်၌လည်း Neroli ခေါ်ရနံ့သင်းဆီတမျိုး ပါဝင်သည်။ ယင်းကို နာမည်ကျော် အော်ဒီကလုံးရေမွှေးဖော်စပ်ရာ၌ ထည့်သွင်းအသုံးပြုကြသည်။


လိမ္မော်ခွံအောက်၌ ကပ်လျက်ရှိနေသည့် ဖော့သားအဖြူရောင်၌လည်း သက်စောင့်ဓာတ်နှင့် အခြားကင်ဆာရောဂါများကို တိုက်ဖျက်ပေးနိုင်သောဓာတ်များ ပါရှိသည်။ ထို့ပြင် အပြင်ခွံနှင့် အခံအတွင်းပိုင်း အဖြူရောင်အမျှင်များ၌ရှိသော Flavonoids နှင့် Polyphenols ဓာတ်များကလည်း သွေးပေါင်ချိန်နှင့်
သွေးတွင်းအဆီဓာတ်ကို လျော့စေသည်။ ယင်းသည် အရောင်ကျစေသည့် အာနိသင်ရှိသဖြင့် ရင်ကျပ်ရြေ၈ါအတွက် အကျိုးသက်ရောက်စေသည်။ ထို့ပြင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေ၍ ခန္ဓာကိုယ်ရှိ အဆိပ်များကို ဖယ်ရှားပေးပြီး အူမကြီးကင်ဆာကိုလည်း ကာကွယ်နိုင်သည်။ ထို့ကြောင့် လိမ္မော်သီးကိုစားလျှင် အမျှင်ပါ စားသင့်သည်။


ဂျပန်နိုင်ငံ သုတေသနပညာရှင်များ၏ လေ့လာချက်အရ လိမ္မော်သီးကို ပုံမှန်စားသုံးသူသည်
နှလုံးသွေးလွှတ်ကြောရောဂါ၊ သွေးတိုး၊ ဆီးချို၊ ဂေါက်နာရောဂါတို့ ဖြစ်ပွားမှုနည်းကြောင်း တွေ့ရသည်။ ထို့ပြင် လိမ္မော်သီးက ဆေးလိပ်နှင့် အရက်ကြောင့် အသည်းရောဂါဖြစ်ပွားသူများအတွက်လည်း အကျိုးပြုကြောင်းနှင့် အသည်းကင်ဆာ၊ အသည်းကြီးခြင်း၊ အသည်း၌ ဖြစ်သော ရောဂါများကိုလည်း ကာကွယ်ပေးကြောင်း တွေ့ရသည်။


အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်အရ လိမ္မော်သီးစားသုံးခြင်း အားဖြင့် သွေးလွှတ်ကြောများ၌ အနည်ထိုင်သော ကိုလက်စထရောအဆီ အဆုံးသတ်ပြောင်းလဲမသွားအောင် ကူညီကြောင်း တွေ့ရသည်။


အမေ၇ိကန်နိုင်ငံ စုတားပြည်နယ် ဆေးပညာဌာနမှ သုတေသီများ၏ လေ့လာချက်အရ ဆီးကျောက်တည်သူများ လိမ္မော်ရည်သောက်သုံးခြင်းအားဖြင့် နောက်တဖန် ဆီးကျောက်ပြန်မတည်စေရန် အထောက်အကူပြုကြောင်း တွေ့ရသည်။ ထို့ပြင် လိမ္မော်သီး၌ပါဝင်သော ဆစ်ထရက်အက်ဆစ်သည် ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားနိုင်ကြောင်း၊ လိမ္မော်ခွံ၌ ကပ်၍ပါလာသည့် လိမ္မော်သီးစေ့ (လိမ္မော်ခွံ ကလူးကို့စ်ဆိုက်)သည် ဆ့ချည်မျှင်သွေးကြောများ ပျော့ပျောင်း၍ ကြံ့ခိုင်သန်စွမ်းနိုင်ကြောင်း၊ သွေးတိုးနှုန်း ကျဆင်းစေသည့် နှလုံးပတ်သွေးလွှတ်ကြောကိုလည်း ကျယ်စေကြောင်း၊ လိမ္မော်သီးအမြွှာ၌ ရှိသည့်အမျှင်သည် အာဟာရဖိုင်ဘာမျှင်ဖြစ်၍ ပက်တင်း(Peca Tin)ဟုခေါ်သော သစ်သီးအစေး ပါဝင်သဖြင့် ဝမ်းမှန်စေကြောင်း၊ သွေးတွင်းအဆီကိုလည်း ကျစေကြောင်း တွေ့ရသည်။


မြန်မာ့ဆေးကျမ်းများ၌လည်း လိမ္မော်ပင်၊လိမ္မော်သီးတို့၏ အသုံးများကို တွေ့ရသည်။ 
* ဆံရင်းအစပ်တွင် ယားနာပေါက်သူများ လိမ္မော်ရွက်ကိုထုထောင်း၍ ပျားရည်နှင့်စပ်ပြီး ယားနာနေရာ၌ အုံပေးလျှင် သက်သာပျောက်ကင်းစေသည်။
* သွေးလေညီညွတ်၍ စိတ်ရွှင်လန်းစေရန်အတွက် လိမ္မော်ရွက် ၅၀-ခန့်ကို ဝိုင်နှင့်ဖြစ်စေ၊ ခေါင်ရည်နှင့်ဖြစ်စေ
နေ့တဝက်စိမ်ပြီးနောက်  ယင်းအရွက်များကို ပျားရည်(၅))ကျပ်သားထည့်ထားသောအိုးထဲသို့ ပြောင်းထဲ့ကာ မီးမျှဉ်းမျှဉ်းဖြင့် အရောင်ပြောင်းလာအောင် ကျိုပါ။ ထိုပနောက် တနေ့နှစ်ကြိမ် တခါသောက် လက်ထက်ရည်ဇွန်းတဇွန်းခန့် သောက်ပါ။
* ချောင်းဆိုးသူများ လိမ္မော်ရည်တဖန်ခွက်ကို လိမ္မော်ရွက် လေးငါးရွက်ခန့်နှင့် ဆူအောင်ကျိုပြီးနောက် မီးဖိုမှ ချ၍ ငါးမိနစ်ခန့် အဖုံးအုပ်ထားပါ။ ထို့နောက် အရွက်များကို ဖယ်ရှား၍ ပူပူနွေးနွေးအရည်ကို တနေ့ သုံးကြိမ် သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
* အကြောအားနည်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်းတို့အတွက် လိမ္မော်ပွင့်အခြောက်ကို တနေ့နှစ်ကြိမ် မှန်မှန် စားလျှင် အကြောအားကောင်း၍ မှတ်ဉာဏ်တိုးစေနိုင်သည်။
* ကလေးငယ်များ သူငယ်နာ အကြောတက်၊ အကြောဆွဲခြင်းများ ဖြစ်နေပါက လိမ္မော်ပွင့်(၃၀)ကျပ်သားကို ရေသုံးပိဿာ၌ တညစိမ်၊ နောက်တနေ့နံနက်၌ ပေါင်းအိုးဖြင့်ပေါင်း၍
ပေါင်းခံရည်စုထားပြီး ၄င်းကို တခါသောက် ထမင်းစားဇွန်း(၅)ဇွန်းမှ (၁၀)ဇွန်းခန့်အထိ နေ့စဉ်တိုက်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* အစာမကြေခြင်းနှင့် နှုတ်မမြိန်ခြင်းတို့အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ လေးစိပ်ခွဲ၍ အရက်နှင့်စိမ်ပြီး နည်းနည်းချင်းသောက်လျှင် အစာကြေ၍ နှုတ်မြိန်စေသည်။ ယင်းသည် လေနာ၊ လေချုပ်၊ လေဆန်နာများကို အကျိုးပြုသည်။
* မျက်နှာဝ၌ ဝက်ခြံထူထပ်သဖြင့် အသားအရေ မချောမမွေ့ဖြစ်နေသူများ သနပ်ခါးရည်ကျဲကျဲထဲသို့ ဆားအနည်းငယ်ထည့်၊ လတ်ဆတ်သော လိမ္မော်သီးခွံကို ချိုးညှစ်၍ ထွက်လာသောချွေးရည်နှင့်ရောပြီး ၄င်းကို အိပ်ရာဝင်ချိန်တွင် မျက်နှာ၌လိမ်းလျှင် အသားအရေ ချောမွေ့လာစေနိုင်သည်။
* ရာသီဥတု အကူးအပြောင်း၌ ဖြစ်တတ်သော အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းတို့အတွက် လိမ္မော်ရည် တဖန်ခွက်ကို ပူအောင်နွှေး၍ ပက်ပါမင့်အဆီ သုံးစက်ချပြီး နှစ်မိနစ်ခန့် အဖုံးအုပ်ထားပါ။ ထို့နောက် ၄င်းကို တနေ့သုံးကြိမ် ချင့်ချိန်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။ 
* ဝမ်းမှန်၍ စားသောက်ကောင်းစေရန်အတွက် လိမ္မော်ရည် တဖန်ခွက်(၂၅၀)စီစီကို မီးနွေးနွေးဖြင့်ပြ၍ ဆားပုပ်၊ ငရုတ်ကောင်းစေ့ခန့်နှင့် ချင်းခြောက်မှုန့် ဇွန်းငယ်တဇွန်းခန့်ထည့်ပြီး အအေးခံသောက်လျှင် သုံးလေးရက်သောက်ရုံဖြင့် ဝမ်းမှန်၍ စားသောက်ကောင်းလာစေနိုင်သည်။
* ကလေးများ သွေးအားနည်း၊ အကြောအားနည်း၊ အရိုးပျော့၊ ဝမ်းပျက်ခြင်းတို့ဖြစ်ပါက လိမ္မော်ရည်ကို ရေကျက်အေးနှင့် ဆတူရော၍ တိုက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
* နှင်းခူနာဖြစ်သူများ လိမ္မော်ခွံကိုထုခြေ၍ အနာ၌ ပွတ်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* မျက်နှာ၊ ခြေ, လက်တို့တွင် အဖြူ၊ အနီ၊ အနက် စသောအကွက်များ ထွက်ပါက လိမ္မော်ခွံကို နေရိပ်၌ ခြောက်သွေ့အောင်လှန်း၊ အမှုန့်ထောင်း၍ ရေနှင့်စပ်ပြီး ၄င်းကို အကွက်များပေါ်၌ တနေ့သုံးကြိမ် ခပ်ထူထူလိမ်းလျှင် ပျောက်ကင်းစေနိုင်သည်။
* ဝမ်းလျှောဝမ်းပျက်သူများ လိမ္မော်ခွံအမှုန့်နှင့် စပျစ်စေ့အမှုန့်ကို ဆတူရော၍ တနေ့သုံးကြိမ် တခါသောက် ဇွန်းငယ်တဇွန်းခန့်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
* အရေပြားနှင့် ခြေသည်း, လက်သည်းများပေါ်၌ ပွေးပေါက်ပါက လိမ္မော်ခွံအစိုကို ညက်အောင်ထောင်း၍ ပွေးကွက်ကို လိမ္မော်ခွံဖြင့် ဖြည်းညင်းစွာခြစ်ပြီးနောက် ထောင်းထားသော လိမ္မော်ခွံဖြင့် အုံပေးပါ။ ဆေးအသစ်လဲတိုင်း ပွေးကွက်ကို လိမ္မော်ခွံဖြင့် အသာအယာခြစ်ပေးခြင်းအားဖြင့် ပွေးကွက် တဖြည်းဖြည်းကျဉ်းပြီး ပျောက်ကင်းသွားစေနိုင်သည်။
* အသားပပ်၊ အသားကြမ်း၊ ညှင်းပေါက်သူများ လိမ္မော်ခွံကိုညှစ်၍ ရသော ချွေးဖြင့် လိမ်းပေးနိုင်သည်။
* တင်းတိပ်ပေါက်သူများ လိမ္မော်ခွံကို မီးဖြင့်နွှေး၍ ချွေးကိုညှစ်ပြီး ၄င်းချွေးဖြင့် တင်းတိပ်ပေါက်သော နေရာ၌ ပွတ်ပေးလျှင် သက်သာပျောက်ကင်းစေနိုင်သည်။
* လေထိုး လေအောင်သူများ လိမ္မော်ပင်အခေါက် အနည်းငယ်ကို သုံးခွက်တခွက်တင်ကျို၍ တနေ့နှစ်ကြိမ် ချင့်ချိန်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။ ဝမ်းတွင်းရှိ တုတ်ကောင်၊ သန်ကောင်များလည်း ကျစေနိုင်သည်။


လိမ္မော်သီးနှင့်ပတ်သက်၍ ဥတုဘောဇနသင်္ဂဟကျမ်း၌ လိမ္မော်သီးသည် မွှေးသောရနံ့ရှိ၏။ ချို၏၊ စဉ်းငယ်ချဉ်၏၊ နှုတ်ကို မြိန်စေ၏၊သလိပ်ကို နိုင်၏၊ နှလုံးကို နှစ်သက်စေတတ်၏ဟု၎င်း၊
ဒဗ္ဗဂုဏပကာသနီကျမ်း၌ လိမ္မော်သီးသည် လေကိုနိုင်၏။ နှလုံးကို ကြည်လင်စေတတ်၏။ အော့အန်နာကို ပျောက်စေ၏ဟု၎င်း။
ဇီဝိတဝဍ္ဎနကျမ်း၌ အချိုများသော လိမ္မော်သီးကို ဆားအနည်းငယ်နှင့်တို့၍စားလျှင် သလိပ်ရွှင်၍ ဆီးများစေသည်။ အချိုများသော လိမ္မော်သီးသည် သလိပ်ကပ်၊ ချောင်းဆိုး၍ ကိုယ်ပူစေတတ်သည်ဟု၎င်း။
 သဘာဝဓမ္မအလင်းပြ ကျမ်း၌ လိမ္မော်သီးသည် အကြောင်းဥဏှငြိမ်းစေသော သီတတေဇောဓာတ်စာ၊ အေး၊ ချဉ်၊ သီတ၊ အာကာသဓာတ်စာ၊ အရသာချို,ချဉ် အကျိုးသွား ဆီးများ၊ လေသက်ဟု၎င်း။
ဓတာသြသဓရာသီကျမ်း၌ လိမ္မော်သီးသည် အအေးအာပေါ၊ အသက်ဟုဟု၎င်း ပြဆိုထားသည်။


ချုပ်၍ဆိုရသော် လိမ္မော်ပင်၊ လိမ္မော်သီးသည်  လူတို့ကျန်းမာသက်ရှည်ရေးအတွက် အာနိသင်ထက်မြက်သော သဘာဝဆေးတခွက်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။


စေတနာလှိုင် (ရေစကြို)

Ref: 

* မြန်မာ့အစားအစာ၏ အာဟာရ(ကျန်းမာရေးဝန်ကြီးဌာန)
* လိမ္မော်သီးနှင့် ကျန်းမာရေး (မင်းမောင်လွင်)
မြတ်မင်္ဂလာစာစောင်၊ (၂၀၀၇)ခုနှစ် ဇူလိုင်လ။
* လိမ္မော်သီးများများစားပါ။(ဒေါက်တာခင်မိုးမိုး)
(၂၂-၁၂-၂၀၀၄)ရက်နေ့ Good Health ဂျာနယ်)။
* လိမ္မော်သီးစားသုံးခြင်းဖြင့် ကင်ဆာရောဂါ ကာကွယ်နိုင်
(၈-၁၂-၂၀၀၈)ရက်နေ့ ကြေးမုံသတင်းစာ။
* ဥတုဘောဇန သင်္ဂဟကျမ်း-ယောအတွင်းဝန် ဦးဘိုးလှိုင်။
* သုတအဖြာဖြာ တိုင်းရင်းဆေးပညာ
(ဒေါက်တာအောင်နိုင်၊ ဆေးသုတေသန)
* ရောဂါများနှင့် တိုင်းရင်းဆေး (ကျော်တင့်ဆွေ)။

(ဂမ္ဘီရ ၂၀၀၉-ခု ဇူလိုင်လ) 



အားထားဖွယ်ရာ တိုင်းရင်းဆေးများ

မျက်စိနာဝေဒနာ ခံစားရလျှင်---
ကွမ်းရွက်ရိုးကို ထုခြေ၍ မျက်ခမ်းတလျှောက် အပေါ်, အောက် သုတ်လိမ်းခြင်း၊ ကွမ်းရွက်စိမ်းဖြင့် မျက်စိအပေါ် အုပ်ပေးခြင်း၊ ခန်းတောက်မြစ်ကိုသွေး၍ မျက်စိတွင် ကွင်းပေးခြင်း၊ ရှားစောင်းလက်ပတ်အနှစ်ကို မျက်လုံးပေါ် အုံပေးခြင်း ပြုလုပ်ပေးပါက မျက်စိနာသက်သာ၍ ပျောက်ကင်းစေပါသည်။ 
(သတိပြုရန်မှာ ကွမ်းရွက်ကို အသုံးမပြုမီ ရေဖြင့် စင်ကြယ်စွာ အထပ်ထပ်ဆေးရန် မမေ့ပါနဲ့။ ကွမ်းပင်များတွင် ဓာတ်ဆေးများ ဖျန်းထားတတ်၍ ဖြစ်သည်။)
*****
သွားနှင့်ခံတွင်းရောဂါများမှ ကင်းဝေးစေရန်---
ဒန္တသုခ၊ တမာ၊ ယုဇနရွက် ပြုတ်ရည်များကို ငုံထွေးရည်ပြုလုပ်၍ မကြာခဏ ငုံထွေးပေးပါ။ 
ပါးစပ်မှ အနံ့အသက်မကောင်းပါက ဆားရည်နွေးကို မကြာခဏ ပလုပ်ကျင်းပေးပါ။ 
သွားချေး၊ ကွန်းချေးတက်ပါက တမာရိုးနှင့် မကြာခဏ တိုက်ပေးပါက ဖြူစင်၍ သွားများကို ခိုင်ခံ့စေပါသည်။
*****
နားအူ၊ နားကိုက်၊ နားလေထွက်သော်---
ကြက်သွန်နီဥကို အရည်ညှစ်၍ မီးဖြင့် အနည်းငယ်နွေးအောင်ပြုလုပ်ပြီး နားအတွင်းသို့ (၃-၄)စက်မျှ ထည့်ပေးပါ။
(သို့) ရှားစောင်းမြင်းနားရွက်ကို မီးဖြင့် နွေးအောင်ပြုလုပ်၍ အရည်ညှစ်ယူပြီး နားတွင်းသို့(၃-၄)စက် ထည့်ပေးပါက အထက်ပါရောဂါများ ပျောက်ကင်းစေပါသည်။


ထို့ပြင် ကြောင်လျှာပွင့်သုပ်၊ တရုတ်စကားပွင့်သုပ်၊ ဖလံတောင်ဝှေးတို့ကို စားသောက်ပေးခြင်းဖြင့်လည်း အဆိုပါရောဂါများကို ပျောက်ကင်းစေပါသည်။


နားတွင်း၌ အနာဖြစ်၍ ပြည့်ထွက်သော် အုန်းဆီကို မီးဖြင့် နွေးအောင်ပြုလုပ်၍ ဂွမ်းတုတ်ကလေးဖြင့် တို့ကာ နားတွင်းသို့ သန့်စင်အောင်ပြုလုပ်ပြီး (၃-၄)စက်ခန့် ထည့်ပေးပါက အနာကျက်၍ ပျောက်ကင်းစေပါသည်။
*****
ချောင်းဆိုး၊ သွေးအန်၊ သွေးလျှံ၊ သွေးလွန်၊ သွေးဝမ်းသွားလျှင်---
မုရားကြီးရွက် အရည်ညှစ်၍ ရရှိသော သတ္တုရည်တွင် သကြားအနည်းငယ်ထည့်ကာ ဟင်းစားဇွန်း(၁)ဇွန်းခန့် တနေ့ (၃)ကြိမ် သောက်ပေးပါက ရောဂါပျောက်ကင်းပါသည်။
*****
ချောင်းဆိုးရင်ကျပ်လျှင်---
ကွမ်းရွက်စိမ်းရည် (သို့) ပင်စိမ်းရွက်ရည် ဟင်းစားဇွန်း(၁)ဇွန်း၊ တနေ့(၃)ကြိမ် သောက်ပေးပါ။ ကလေးများကိုလည်း တိုက်ကျွေးနိုင်ပါသည်။
*****
သန်ကောင်၊ တုတ်ကောင်ကျစေလိုလျှင်---
သင်္ဘောသီးအစိမ်းအား အတုံးငယ်များပြုလုပ်၍ ဆိတ်သားနှင့် ဟင်းချက်စားပါ။ နာနတ်သီးအသားအား ပျားရည်အနည်းငယ်သုတ်၍ စားနိုင်သမျှ စားပေးပါ။
၂၄-နာရီအတွင်း ဝမ်းတွင်းရှိ သန်နှင့်တုတ်များ ကျလာမည်ဖြစ်သည်။
*****
လည်ချောင်းနာ၍ အသံဝင်သော်---
ချင်းတက်ကို ထန်းလျက်နှင့် ဆတူရောစပ်၍ ရေနှင့် ကျိုချက်ပြီး လက်ဖက်ရည်ဇွန်း ၂-ဇွန်းခန့် တနေ့(၃)ကြိမ် တိုက်ပေးပါ။
*****
ထိခိုက်ရှနာ ဒဏ်နာဖြစ်လျှင်---
ကုက္ကိုရွက် (သို့) ပိစပ်ရွက်အား အရည်ညှစ်ယူ၍ ထိခိုက်ရှနာ၊ ဒဏ်ရာများကို ထည့်ပေးပါ။
ကြာကြာထား၍ သုံးစွဲလိုလျှင် ပိစပ်ရွက်အား နုပ်နုပ်စဉ်း၍ ရေစင်ကြယ်အောင်ဆေးကြောပြီး ပုလင်းတလုံးထဲသို့ ထည့်ပါ။ အရက် တပုလင်းထည့်ကာ (၂-၃)ရက်ခန့် စိမ်ထားပြီးလိုအပ်သည့်အချိန်တိုင်း ထုတ်ယူသုံးစွဲနိုင်ပါသည်။
အချိန်ကြာမြင့်စွာအာနိသင်ရှိကြောင်း၊ လက်တွေ့သုံးစွဲပျောက်ကင်းခဲ့ပါသည်။
*****
ကလေးသူငယ်များ သူငယ်နာရောဂါမှ ကင်းဝေးစေရန်---
ပင်စိမ်း၊ ကွမ်းရွက်၊ ကျပ်ခိုး၊ နနွင်း တို့ကို ဆတူရောစပ်ကြိတ်၍ လက်ထက်ရည်ဇွန်း(၁)ဇွန်းခန့် တိုက်ပေးပါ။
၎င်းဆေးအား ကျော်နှင့်ရင်တို့သာမက ဝမ်းဗိုက်ပါ လိမ်းပေးနိုင်ပါသည်။
*****
အအေးမိ တုပ်ကွေးဖျား ဖျားလျှင်---
ကွမ်းရွက်(၃)ရွက်နှင့် ချင်းတက်(၇)လွှာကို ရောစပ်ပြုတ်ကျို၍ လက်ဖက်ရည်ပန်းကန်တဝက်ခန့် တနေ့(၃)ကြိမ် သောက်ပါ။
*****
အသည်းရောဂါများမှ ကာကွယ်လိုလျှင်---
ပေါက်ပွင့်၊ တောင်ဆီးဖြူ၊ ကြိတ်မှန်၊ ကင်ပွန်းချဉ် ရရာတို့ကို ဆတူရောစပ်၍ ရေဖြင့်ကျိုပြီး လက်ဖက်ရည်ပန်းကန်တဝက်ခန့် တနေ့(၃)ကြိမ် သောက်ပါ။


အရက်များများသောက်သဖြင့် အသည်းကျွမ်းရောဂါဖြစ်မည်စိုးသောသူများ ကြိုတင်၍ကာကွယ်သောအနေဖြင့် သောက်သုံးနိုင်ကြပါသည်။
*****
နာတာရှည် အစာအိမ်ရောဂါများ၊ အဖျားရောဂါများ၊ အသည်းနှင့် ပတ်သက်သောရောဂါများ၊ အရေပြား ယားယံခြင်းများ၊ သက်သာပျောက်ကင်းစေရန်---
စူလာနဖာပင် ပဉ္စငါးပါးအားရေ၊ ထန်းလျက် သင့်ရုံထည့်၍ (၃)ခွက် (၁)ခွက်တင် ပြုတ်ကျိုပြီး ဟင်းစားဇွန်း (၃)ဇွန်းခန့် တနေ့ သုံးကြိမ် သောက်ပါ။
စူလာနဖာပင် ပဉ္စငါးပါးအား ပြုတ်တို့၍ စားပေးပါက ဖော်ပြပါရောဂါများ သက်သာပျောက်ကင်းစေပါသည်။
*****
အနာရောဂါကင်း၍ ကျန်းမာအသက်ရှည်လိုလျှင်---
မြင်းခွါရွက်၊ ပရန္နဝါရွက်၊ ဖလ့တော်ငဝှေး၊ ဟင်းနုနွယ်ရွက်၊ ဆီးဖြူသီး၊ သံပရာသီး၊ ရှောက်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း တို့ကို နေ့စသ်စားသုံးပေးရပါမည်။
*****
သွေးတွင်း အဆီဓာတ် ကိုလက်စထရော ကျလိုလျှင်---
ကြက်သွန်ဖြူ (တလုံးဥ) (၃)ဥခန့် ထမင်းစားတိုင်း မှန်မှန် စားပေးပါ။ အမြွှာဆိုလျှင် (၅)မြွှာခန့် စားပေးပါ။
*****
ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဖြူခြင်းကင်း၍ အသားအရေ စိုပြည်လှပလိုလျှင်---
ရှားစောင်းလက်ပပ်အနှစ်အား သုတ်လိမ်းပေးခြင်း၊ အစိမ်းသော်၎င်း၊ ယုထိုး၍သော်၎င်း၊ စားသောက်ပေးနိုင်ပါသည်။

ဥက္ကာကျော် (ပုသိမ်)
(ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ)

Wednesday, September 28, 2011

တင်ပါးအကြောညပ်သော် ခံရမခက်လော

ဆေးပညာအစိတ်အပိုင်း တရပ်ဖြစ်သည့် အကြောပြင် (အနှိပ်ပညာ)ကို လေ့လာကြည့်လျှင် အကြောဝေဒနာ ဖြစ်ရခြင်းအကြောင်းရင်းများတွင် ထိခိုက်ဒဏ်ရာကြောင့်သော်၎င်း၊ ပတ်ဝန်းကျင် ရာသီဥတုကြောင့်သော်၎င်း၊ အစားအသောက် အနေအထိုင်ကြောင့်သော်၎င်း ခန္ဓာကိုယ်၏ အစိတ်အပိုင်း တနေရာရာတွင် သွေးလည်ပတ်မှု နှေးကွေးလာသည်နှင့်အမျှ တင်းမာမှု လေးလံမှု ကိုက်ခဲမှုနှင့် နာကျင်မှုများ  ဖြစ်ပေါ်စေတတ်ပါသည်။ ယင်းဝေဒနာရှင်များအား ပုံမှန်သွေးလည်ပတ်စေရန် ပြုပြင်ပေးလိုက်သည်နှင့် တပြိုင်နက် ဝေဒနာမှာလည်း ချက်ချင်းဖယ်ရှားပေးလိုက်သလို လျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါသည်။

ဤသို့ ပြုပြင်ဖယ်ရှားရာတွင် လက်ရှိ သမားရိုးကျ အကြောပြင်(နှိပ်ကွက်)များမှာ တနေရာတည်းကို ဖိနှိပ်သည့် Static Method ကို အသုံးပြုကြသဖြင့် မလိုလားအပ်သော နာကျင်မှုဝေဒနာများ လူနာတွင် ခံစားရတတ်ပါသည်။ တချို့ရောဂါများအနေဖြင့် ယင်းသို့ဖိနှိပ်ခြင်းကြောင့် ထိရော်ကမှုနည်းပါးပြီး တကြိမ်တည်းနှင့် မသက်သာဘဲ နောက်ထပ် လူနာအား ချိန်းဆိုရသဖြင့် ဝေဒနာရှင်အတွက် ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းစေသည့် မလိုလားအပ်သော နောက်ဆက်တွဲအကျိုးဆက်များ ခံစားရတတ်ပါသည်။ 

ယခုတင်ပြမည့် အကြောညပ်ခြင်း၊ အခု ခေါ်တွင်သမုတ်သည့် ပေါင်အပြင်ကြောတင်း ဝေဒနာမျိုးမှာလည်း Static နည်းဖြင့် ဖိနှိပ်ပါက တကြိမ်တည်းသက်သာနိုင်မည် မဟုတ်ပါ။

ပေါင်အကြောညပ် (ပေါင်အပြင်ကြောတင်း)ဖြင်း, တင်းတယ်ဆိုတာ ဘယ်လိုလဲ
ထိုင်ရာမှ ထလျှင်သော်၎င်း၊ လမ်းလျှောက်လျှင်သော်၎င်း၊ အိပ်ရာထဲလဲလျောင်းရာ၌ ဟိုဘက်သည်ဘက် စောင်းအိပ်သည့်အခါမျိုးတွင် တင်ပါးဆုံမှ ဒူးဆစ်အထိ အချို့သောသူများတွင် ခြေသလုံးအထိ ပေါင်အပြင်မှ အကြောတင်းနေသည့်အတွက် လှုပ်ရှားရန် အခက်အခဲတွေ့နေတတ်ပါသည်။ ယင်းဝေဒနာမျိုးကို လိမ်းဆေးများ လိမ်ေးသည့်တိုင် သက်သာရန် ခက်ခဲပါသည်။ တခါတရံ တနှစ်ကျော် နှစ်နှစ်အထိ ကြာမြင့်တတ်ပါသည်။ 

ဘာဖြစ်လို့ ဖြစ်တာလဲ--- 
အောက်ပိုင်းအအေးပတ်သည့်လုပ်ငန်းကို လုပ်ကိုင်သူများ၊ Aircon ဖွင့်အိပ်သူမျာါ်နှင့် လေတိုက်တွင် ကြာမြင့်စွာ နေထိုင်သူများအနေဖြင့် ခြေထောက်အောက်ပိုင်း အပူဓာတ်လုံလောက်စွာ မရရှိသဖြင့် အအေးပတ်ရာမှ စတင်၍ ဝေဒနာခံစားရတတ်ပါသည်။

ဝေဒနာမဖြစ်အောင် ဘယ်လိုကာကွယ်မည်နည်း---
ခြေထောက်အအေးမမိစေရန် နွေးနွေးထွေးထွေး နေပါ။ သွေးပူစေရန် ခြေထောက်လေ့ကျင့်ခန်းများ ပြုလုပ်ပါ။ လိုအပ်လျှင် ခြေထောက်ကို မီးလှုံပါ။ လိုအပ်ပါက ခြေဖဝါးမှ ပေါင်အထိ ကြပ်ထုပ်ထိုးပေးပါ။


ဘယ်လိုကုလျှင် ပျောက်မလဲ---
ယင်းဝေဒနာရှင်များဟာ လိမ်းဆေးလူးခြင်းဖြင့် ပျောက်ကင်းရန် မလွယ်ကူသည့်အပြင် တင်းနေသော အကြောကို နှိပ်ရုံမျှနှင့်လည်း လျင်လျင်မြန်မြန် ပျောက်ကင်းမည်မဟုတ်ပါ။ တင်ပါးဆုံမှ တင်းနေသော အကြောကို လက်မနှင့် ဖိထောက်ထားပြီး ဒူးကို အထက်သို့ ကွေးလိုက် ဆန့်လိုက် ၅-ကြိမ်ပြုလုပ်ပေးပါက ချက်ချင်းသိသိသာသာ သက်သာလာပါမည်။ သို့ရာတွင် တကြိမ်တည်းလုပ်ရုံဖြင့် ပျောက်ကင်းနိုင်မည် မဟုတ်ပါ။ တင်းလာတိုင်း အနည်းဆုံး တနေ့ ၄-၅ ကြိမ် ပြုလုပ်မှ ၂-ရက် ၃-ရက်အတွင်း ပျောက်ကင်းမည်ဖြစ်ပါသည်။ 


ဆရာဦးအေးထွန်း
(ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ)

အစာလည်း ဆေး၊ ဆေးလည်း အစာ

အိန္ဒိယဆီးဖြူသီး (Indian Gooseberry)
ဗီတာမင်-စီဓာတ် အလါန်ကြွယ်ဝ၍ အိန္ဒိယဆီးဖြူသီးသည် သွေးတိုးနှုန်း ကျဆင်းစေပါသည်။ အိန္ဒိယဆီးဖြူသီး ကြိတ်ညှစ်ရည် လဆ်လဆ်ဆတ်ဆတ်ကို ပျားရည်နှင့်ဆတူရောကာ နံနက်တိုင်း သောက်သုံးပေးခြင်းဖြင့်
သွေးတိုးရောဂါအတွက် အလွန်အကျိုးရှိစေပါသည်။ ဗီတာမင်-စီ ကြွယ်ဝသော အစားအစာများသည် သွေးတိုးရောဂါအတွက် အလွန်အဖိုးတန်ပါသည်။


တာ့ဖ်တက္ကသိုလ်မှ စိုက်ပျိုးရေးဆိုင်ရာ လူသား အာဟာရ သုတေသနဌာန၏ သုတေသနပညာရှင် ပေါလ်အက်ဖ် ဂျက်ကွီး၏ အဆိုအရ ဗီတာမင်-စီ နည်းပါးသော စားသောက်ဖွယ်ရာများမှာ သွေးဖိအား မြင့်မားစေကြောင်း သိရပါသည်။


လေ့လာမှုတခုအရ ဗီတာမင်-စီ နည်းပါးပါက အထက်သွေးတွင် (၁၆)ရာခိုင်နှုန်း၊ အောက်သွေး(၉)ရာခိုင်နှုန်း အထိ မြင့်တက်လာတတ်ကြောင်း သူက တွေ့ရှိခဲ့သည်။
ဗီတာမင်-စီ ကို လုံလောက်အောင် မစားသုံးပေးပါက သွေးဖိအားများကို မြင့်တက်စေကြောင်း ဒေါက်တာဂျက်ကွီက ဆိုခဲ့ပါသည်။


ထို့ကြောင့် သွေးတိုးရောဂါရှိသူသည် ဗီတာမင်-စီကို တနေ့လျှင် လိမ္မော်သီးတလုံးတွင်ပါဝင်သော ပမာဏမှု အနည်းဆုံးထား၍ စားသုံးပေးရပါမည်။
ဒေါက်တာဂျက်ကွီက အသီး၊ အရွက်များတွင် ပါဝင်သည့် အခြားသောဓာတ်သဘာဝကလည်း သွေးတိုးနှုန်းကို ထိန်းပေးနိုင်သည်ဟု ယုံကြည်ကြောင်း ဆိုခဲ့ပါသည်။ ဗီတာမင်-စီ ကြွယ်ယသော အစာများတွင် အိန္ဒိယဆီးဖြူသီးအပြင် သံပရာသီး၊ ရှောက်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များလည်း ပါဝင်ပါသည်။
*****
သံလွင်ဆီ (Olive Oil) 
သံလွင်ဆီကို အသုံးပြုခြင်းဖြင့် သွေးတိုးရောဂါကို ကုသရာတွင် ကောင်းကျိုးရရှိစေကြောင်း တွေ့ရပါသည်။ စတန်းဖို့ဆေးတက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်များအရ သွေးတိုးရောဂါခံစားရသော သက်လတ်ပိုင်းအရွယ် လူ(၇၆)ဦးတို့ကို နှစ်အနည်းငယ်ကြာမျှ သံလါင်ဆီကို တနေ့လျှင် လက်ဖက်စားဇွန်း(၃)ဇွန်းစီ အသုံးပြုစေခဲ့သည်။ အထက်သွေး(၉)မှတ်၊ အောက်သွေး(၆)မှတ် ကျဆင်းခဲ့ကြောင်း တွေ့ရသည်။ ကင်တကီတက္ကသိုလ်၏ လေ့လာချက်များအရ တနေ့လျှင် သံလွင့်ဆီကို လက်ဖက်စားဇွန်း၏ သုံးပုံနှစ်ပုံမျှ စားရုံနှင့် အထက်သွေး(၅)မှတ်၊ အောက်သွေး(၄)မှတ်အထိ ကျဆင်းစေခဲ့ကြောင်း သိရ၍ အလေးထားမှတ်သားဖွယ် ဖြစ်ရပေသည်။
*****
အရွက်စား မုန်လာ (Parsley) 
အရွက်စားမုန်လာသည် လူသိအများဆုံး ခေတ်ဟောင်းကာလက စားဖွယ်ရာဖြစ်သည်။ ယင်းကို ရှေးရောမတို့ ကောင်းစွာသိရှိခဲ့ကြသည်။ ယင်းတွင် ဗီတာမင်များနှင့် သတ္ထုဓာတ်များ ကြွယ်ဝပြီး အထူးသဖြင့် အက်ခရိုဘစ်အက်ဆစ် (Acrobic Acid)ဓာတ် ကြွယ်ဝပါသည်။ ထို့ကြောင့် သွေးကို ကောင်းစွာသန့်စင်စေသည်။ အရွက်စား မုန်လာ သတ္ထုရည်တွင် အက်ဒရီနယ်နှင့် သိုင်းရွိုက်ဂလင်းများကို ပုံမှန်ဖြစ်အောင် ထိန်းပေးထားနိုင်မည့် အောက်စီဂျင်ဇီဝဖြစ်စဉ်မျိုး ပါရှိလေသည်။


အရွက်စားမုန်လာသည် သွေးဖိအားကျဆင်းစေသည့် စားဖွယ်ရာဖြစ်သည်။ ယင်းတွင် သွေးကြောများကို ထိန်းထားပေးရာ အထောက်အကူပေးသည့်ဓာတ်များ ပါရှိပြီး သွေကြောမျှင်မျာါ်နှင့် သွေးကြောများ၏စနစ်ကို ကျန်းခံ့နေစေရန် အထောက်အကူပေးနိုင်ပါသည်။ ရေထဲတွင်ထည့်ကာ မီးမျှင်းမျှင်းဖြင့် မိနစ်အနည်းငယ်မျှ ကျိုချက်ကာ တနေ့လျှင် ကြိမ်ဖန်များစွာ သောက်ပေးသင့်သည်။ အရွက်များကို သတ္ထုရည်ညှစ်၍လည်း သောက်ပေးနိုင်ပါသည်။ 
*****
ပိုတက်စီယမ်ကြွယ်ဝသော စားဖွယ်ရာများ---
ပိုတက်စီယမ်ဓာတ်ကြွယ်ဝသော စားဖွယ်ရာများသည် သွေးတိုးနှုန်းကျဆင်းစေရာတွင် ကောင်းစွာအကျိုးသက်ရောက်မှု ရှိစေပါသည်။ ပိုတက်စီယမ်သည် သွေးတိုးရောဂါအတွက် အားကောင်းသော ဆေးဝါးတမျိုးဖြစ်သည်။ စားသောက်မှုတွင် ပိုတက်စီယမ်အား ဖြည့်ပေးခြင်းဖြင့် သွေးတိုးနှုန်းလျော့ကျစေကာ ပိုတက်စီယမ်အားနည်းသော စားသောက်ဖွယ်ရာများက သွေးတိုးနှုန်းမြင့်မားစေပါသည်။ ထို့ကြောင့် ပိုတက်စီယမ်အားနည်းသော စားဖွယ်ရာများသည် သွေးတိုးနှုန်းမြင့်မားစေပါသည်။


ယင်းအချက်ကို တစ်ပယ်လ်ဆေးတက္ကသိုလ်တွင် စမ်းသပ်ကြည့်ခဲ့သည်။ ယင်းစမ်းသပ်ချက်တွင် ပုံမှန်သွေးတိုးနှုန်းရှိသော အမျိုးသား(၁၀)ဦးကို ပိုတက်စီယမ်ကြွယ်ဝသောစားသောက်ဖွယ်ရာများ စားသုံးစေခဲ့သည်။ ထို့နောက် ပိုတက်စီယမ်မပါသော စားသောက်ဖွယ်ရာများကို ဆက်လက်စားသုံးစေခဲ့သည်။ ယင်းစားဖွယ်ရာများကို (၉)ရက်စီ ခွဲခြားကာ စားသုံးစေခဲ့ခြင်းဖြစ်ပါသည်။


ပိုတက်စီယမ်မပါသော စားဖွယ်ရာများ စားသုံးစဉ်တွင် အထက်သွေး၊ အောက်သွေး နှစ်မျိုးစလုံးသည် (၄.၁)မှတ် မြင့်တက်ခဲ့ပြီး ယင်းတို့၏ သွေးဖိအားမြင့်တက်နှုန်းသည် ဆိုဒီယမ်အပြည့်ပါသော စားသောက်ဖွယ်ရာများ စားသုံးစဉ်ကထက်ပင် လျင်မြန်လှကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ပိုတက်စီယမ်သည်လည်း ဆိုဒီယမ်မြင့်မားသည့် စားဖွယ်ရာများကို ကောင်းစွာထိန်းချုပ်ပေးနိုင်ကြောင်း
တွေ့ရပါသည်-ဟု လေ့လာရေးအဖွဲ့ ခေါင်းဆောင် ဂျီ-ရိုပါးလ် ခရစ်ရှနား(အမ်.ဒီ)က ဆိုခဲ့ပါသည်။ ဆိုဒီယမ်ကို တားဆီးပေးနိုင်သည်ဟု ယုံကြည်ကြောင်း ဆိုခဲ့ပါသည်။ ပိုတက်စီယမ်ကို လုံလုံလောက်လောက် စားသုံးပေးနိုင်က လူတဦးအတွက် လိုအပ်သည့် ဆေးဝါးသုံးစွဲနှုန်း (Doses) ကိုပင် လျှော့ချပစ်နိုင်ပေမည်။


အီတလီနိုင်ငံ နေပါးလ်တက္ကသိုလ်တွင် လေ့လာခဲ့မှုအ၇ သွေးတိုးဝေဒနာရှင် အုပ်စုတစုအား တနှစ်တာမျှ ပိုတက်စီယမ်ကြွယ်ဝသော စားသောက်ဖွယ်ရာများကို စားသုံးစေခဲ့သည်။ ယင်းတို့ထဲမှ (၈၁)ရာခိုင်နှုန်းမှာ ပုံမှန်သုံးစွဲနေရသော ဆေးဝါးကို တဝက်အထိ လျှော့ချသုံးစွဲနိုင်ခဲ့သည်။ ပိုတက်စီယမ်မြင့်မားသော လူနာ(၃၈)ရာခိုင်နှုန်းဆိုလျှင် ဆေးဝါးကို လုံးဝရပ်ပြစ်လိုက်နိုင်ခဲ့သည်အထိ အကျိုးထူးခဲ့ကြောင့် တွေ့ရသည်။ ယင်းတွင် တနေ့လျှင် ပိုတက်စီယမ်မြင့်မားသော စားဖွယ်ရာများကို (၆)ကြိမ်မျှ စားသုံးစေခဲ့ခြင်း ဖြစ်သည်။


ပိုတက်စီယမ်သည် အစားအစာများတွင် ကြွယ်ဝပါရှိတတ်ပါသည်။ ဟင်းသီဟင်းရွက်အားလုံး အထူးသဖြင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ စပျစ်သီး၊ လိမ္မော်သီး၊ သံပရာသီး၊ အစေ့ အဆံများအားလုံး နေကြာစေ့၊ နို့များ နို့ထောပတ်...စသည်တို့တွင် ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါသည်။
*****
အာလူး (Potato) 
အာလူး-အထူးသဖြင့် ပြုတ်ထားသော အာလူးသည် သွေးတိုးနှုန်းကျစေရန် အဖိုးတန်စားဖွယ်ရာဖြစ်ပါသည်။ အာလူးကို အခွံမခွာဘဲ ပြုတ်ပေးပါက ဆားအနည်းငယ်မျှကိုသာ စုပ်ယူနိုင်ပါသည်။ ထို့ကြောင့် ယင်းကို သွေးတိုးရောဂါ ခံစားရသူများအတွက် ဆားကင်းသော အာဟာရတခုအဖြစ် ပေးနိုင်ပါသည်။ ယင်းတွင် ပိုတက်စီယမ်ကြွယ်ဝကာ ဆိုဒီယမ်ဆား မပါရှိပါချေ။ မဂ္ဂနီစီယမ် ပါရှိ၍ သွေးတိုးကျစေရန် ကောင်းစွာအထောက်အကူပြုပါသည်။
*****ဆန် (Rice)
ဆန်တွင် အဆီဓာတ်နည်းပါးခြင်း၊ ကိုလက်စထရော နည်းပါးခြင်း၊ ဆားဓာတ်ပါဝင်မှု နည်းခြင်းကို တွေ့ရသည်။ သို့ဖြစ်၍ ဆားသုံးစွဲရန် တားမြစ်ထားသော သွေးတိုးရောဂါရှင်များအတွက် အသုံးဝင်ပါသည်။ ဆန်လုံးညိုတွင် ကယ်လ်စီယမ် (ထုံးဓာတ်) ကြွယ်ဝပေရာ အာရုံကြောများကို သိမ်မွေ့စေ၊ အနား၇စေ၍ သွေးတိုးမြင့်မားမှု လက္ခဏာ လျော့ပါးသက်သာစေပါသည်။
*****
ဟင်းသီးဟင်းရွက် သတ္တုရည် (Vegetable Juice)
ဟင်းသီးဟင်းရွက်အစိမ်းကို ကြိတ်ညှစ်၍ အသုံးပြုခြင်း၊ အထူးသဖြင့် မုန်လာဥနှင့် ဟင်းနုနွယ်ကြိတ်ညှစ်ရည်သည် သွေးတိုးရောဂါအတွက် အားကောင်းလှသော သွေးတိုးနှုန်းကျစေသည့် ကြိတ်ညှစ်ရည် ဖြစ်သည်။ ယင်းတို့ကို သီခြားစီ၎င်း၊ ရောနှော၍၄င်း အသုံးပြုနိုင်သည်။
ရောနှောအသုံးပြုမည်ဆိုပါက မုန်လဥဝါ ကြိတ်ညှစ်ရည် (၃၀၀)မီလီမီတာနှင့် ဟင်းနုနွယ်ကြိတ်ညှစ်ရည် (၂၀၀)မီလီမီတာတို့ကို ရောနှောအသုံးပြုရမည်။
*****
ကွာစေ့ (Watermelon Seeds) 
ကွာစေ့ (ဝါ) ဖရဲသီးစေ့သည် သွေးတိုးနှုန်းကျစေရန် အထောက်အကူပြုသည်။ ယင်းတို့သည် သွေးတိုးရောဂါကို (ဝါ) သွေးဖိအားမြင့်မားမှုကို တိုက်ဖျက်နိုင်သည့် တန်ဖိုးရှိသော ဆေ့ဖ်ဂါ့ဒ် (Safeguard) သဖွယ် ဖြစ်ပေသည်။ နာမည်ကျော် သမားတော်ကြီး ဒေါက်တာဖော့စတာ (Dr. Foster)က တရုတ်တို့သည် ကွာစေ့ကို သွေးဖိအား ကျစေမည့် အာဟာရအဖြစ် အကျယ်တပြန့် အလေးထားအသုံးပြုခဲ့ ကြသည်ဟု ဆိုခဲ့ပါသည်။


တရုတ်တို့သည် ဖရဲစေ့ကို အခြောက်လှန်း၍ လှော်ကာ အသုံးပြုကြသည်။ လတ်တလော ဆန်းစစ်ချက်များအရ ဖရဲစေ့ (ခေါ်) ကွာစေ့မှ ထုတ်ယူရရှိသောအရာသည် သွေးကြောများကို ချဲ့ကားစေရန် တိုက်ရိုက်လုပ်ဆောင်ပေးပြီး ယင်းက သွေးဖိအားကျစေရန် အထောက်အကူပြုပါသည်။


အိန္ဒိယတွင် ဖရဲစေ့များကို ရှေးခေတ်ကတည်းက ယူနာနီနှင့် အာယုဗေဒဆေးပညာတို့တွင် အားဆေး (Tonic) အဖြစ် အသုံးပြုခဲ့ကြသည်။


ဟိန်း(ဘူမိ) 
Ref : HealingThrough Natrual Foods by Dr.H.K. Bakhru


(ဂမ္ဘီရ ၂၀၀၉-ခု ဇူလိုင်လ)

မှဲ့-၏ ကောင်းကျိုး ဆိုးပြစ်

ယောက်ျားတို့၏ မှဲ့ တည်နေရာနှင့် အဟော---
(၁) နဖူးပြင်တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍ အစွပ်အစွဲခ့ရတတ်၏။ အပူသောကများလိမ့်မည်။ မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာသည်ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခတွေပရတတ်ပါသည်။
(၂) ညာဘက်မျက်ခုံးမွေးပေါ်တွင်ရှိလျှင် ချမ်းသာတတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။ လောကီစည်းစိမ်အဝဝကို သုံးဆောင်ခံစားရတတ်သည်။
(၃) ဘယ်ဘက်မျက်ခုံးမွေးပေါ်တွင် မှဲ့ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစားသမား ဖြစ်တတ်သည်။ လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ 
ချစ်ချင်စွဲလမ်းနှစ်သက်ပါသည်။  
(၄) နှာခေါင်းတည့်တည့် (နှာသီးထိပ်ဖျား)တွင် မှဲ့ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတအနုပညာရပ်များဖြင့် ထင်ရှား၍ အောင်မြင်ကျော်ကြားတတ်ပါသည်။
(၅) ညာဘက်မျက်ခမ်းအောက်တွင် မှဲ့ရှိလျှင် မျက်နှာပွင့်လန်းတတ်သည်။ မျက်နှာမြင် ချစ်ခင်၍ အသံကြား သနားစေ-ဟူသောဆုတောင်းဖြင့် ပြည့်စုံသူဖြစ်သည်။ လူအများ၏ချစ်ခင်ခြင်း ခံရတတ်သည်။
(၆) ဘယ်ဘက်မျက်ခမ်းအောက်နားတွင် မှဲ့ရှိလျှင် လူမုန်းများတတ်သည်။ အလုပ်လုပ်ကိုင်ရာတွင်  အတိုက်အခံနှင့် ကြုံရတတ်သည်။ ငယ်စဉ်အခါက ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရလိမ့်မည်။ အချစ်ရေးတွင် စွန့်စားတတ်သည်။ တဇွတ်ထိုးလုပ်တတ်သည်။ ဇနီးမယားကို ချစ်ခင်သူဖြစ်မည်။ ဇနီးသည်၏ သြဇာလွှမ်းမိုးမှုကို ခံရတတ်ပါသည်။
(၇) ညာဘက်ပါးမို့တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်းကို ခံရတတ်သည်။ မျက်နှာပွင့်လန်းတတ်ပါသည်။ လောကကို တရားသဘောဖြင့် ရှုမြင်တတ်သောသူ ဖြစ်သည်။ အသက်ကြီးရင့်လာလျှင် ရသေ့ရဟန်း ပြုတတ်သည်။ အများအကျိုးဆောင်သည့် သာသနာပြုပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။
(၈) ဘယ်ဘက်ပါးပေါ်တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းမချောများ (သို့မဟတု) ထင်ရှားကျော်ကြားသော မိန်းမနှင့် အိမ်ထောင်ကျတတ်ပါသည်။ မိန်းမတို့၏ ချစ်ခင်စွဲခြင်းကို အထူးသဖြင့် ခံယူရတတ်ပါသည်။
(၉) ညာဘက်ပါးပြင်၌ အောက်ဘက်နားတွင် မှဲ့ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည်။ ဆင်းရပြင်ပန်းတတ်သည်။
(၁၀) ဘယ်ဘက်ပါးပြင်အောက်တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။ ဘယ်အလုပ်မဆို အောင်မြင်၍ နာမည်ကျော်ကြားတတ်ပါသည်။ 
(၁၁) မေးစေ့တည့်တည့်တွင် မှဲ့ရှိလျှင် ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြီးပွားချမ်းသာတတ်ပါသည်။ သတင်းကောင်းဖြင့် ကျော်ကြားအောင်မြင်မည်။
(၁၂) မေးစေ့နားတဝိုက်တွင် ထင်ရှားသောမှဲ့ရှိလျှင် ဒုက္ခဆင်းရဲ အမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီး နောက်ဆုံးတွင် အောင်မြင်တတ်သည်။ ကမ္ဘာကျော်သည့်ပုဂ္ဂိုလ်ထူးများတွင်လည်း ပါရှိသည်။
(၁၃) မျက်ရည်စီးကျရာ လမ်းကြောင့်တည့်တည့် (ဝဲ,ယာ)တွင် မှဲ့ရှိလျှင် မယားဆုံးတတ်သည်။ (သို့မဟုတ်) အိမ်ထောင်ရေး ညံ့တတ်သည်။ စီးပွားရှာရာတွင် ပင်ပန်းတတ်ပါသည်။
(၁၄) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။ အလုပ်အကိုင် အကြံအစည် အောင်မြင်တတ်သည်။ ဆင်းရဲလျှင်လည်း တခဏတာဖြစ်၍ မမျှော်လင့် မထင်မှတ်သောအကြောင်းတခုခုဖြင့် ချမ်းသာတတ်ပါသည်။
(၁၅) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်,ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ်တန်းစားဘဝဖြင့် အဆင်ပြေတတ်သည်။ အလယ်အလတ်တန်း အဆင့်ဖြစ်လျှင် ဇောတိကသူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသောသူဌေး ဖြစ်တတ်ပါသည်။
(၁၆) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက်တွင်  မှဲ့တလုံးစီ ရှိ၍ ရင်ဘတ်အလယ်တည့်တည့်တွင် မှဲပတလုံး၊ ခါးနားတွင် မှဲပတလုံး၊ ပါရှိခြင်းကို မှဲ့စလွယ်ဟု ခေါ်ဆိုသည်။ အသက်ရှည်၍ ဗဟုသုတ ဉာဏ်အမြော်အမြင် ကြီးမားသော ရှေးလူကြီးများ၊ ရသေ့ပညာရှိကြီးများ၏ အဆိုအမိန့်အရ ယောက်ျားတွင် မှဲ့စလွယ်ရှိခြင်းသည် ယခင်ဘဝဟောင်းက မင်းဖြစ်ခဲ့သူဖြစ်သည်ဟု အဆိုအမိန့်ရှိကြ၏။ မှဲ့စလွယ် ပါရှိသောသူသည် ဆင်းရဲဒုက္ခနှင့် မကြုံရဘဲ အဆင့်အတန်းမြင့်သည်ဘဝမျိုးနှင့် နေနိုင်ရလိမ့်မည်။ လူအများ၏ ကြည်ညိုလေးစားခြင်းကို ခံ၇တတ်သည်။ ဇနီးမယားအပေါ်တွင် သြဇာညောင်းတတ်ပါသည်။
(၁၇) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင်တွင် မှဲ့ရှိလျှင် လျင်မြန်ဖျတ်လတ်သူ ဖြစ်တတ်သည်။ လူမှုရေးကိစ္စ အဝဝကို သိနားလည်ပြီး အကင်းပါးသူ ဖြစ်တတ်သည်။
(၁၈) တင်ပါး၏ ဘယ်ဘက် (သို့မဟတု) ညာဘက်တွင် မှဲ့ရှိလျှင် အရှက်အကြောက် အလါန်ကြီးတတ်ပါသည်။ စိတ်သဘောထား နုတတ်သည်။ ယောက်ျားဖြစ်ပါလျက်နှင့် တခါတရံတွင် မိန်းမဆန်သော အပြုအမူအနေအထိုင်များကို တွေ့ရတတ်သည်။
(၁၉) ယောက်ျားတန်ဆာ ထိပ်ဖူးနားတွင် မှဲ့ရှိလျှင် မိန်းမတို့၏ ချစ်ခင်စွဲလမ်းနှစ်သက်ခြင်းကို ခံစားရတတ်ပါသည်။ ရှေးဆရာကြီးများ၏ အဆိုအမိန့်အရ မှဲ့များလေ ပို၍ အစွမ်းထက်လေဟု ဆို၏။ ထိပ်ဖူးနားတွင် မှဲပနှစ်လုံးထက်ပိုလျှင် အိမ်ထောင်ဆက် များတတ်သည်။ တန်ဆာ၏အရင်းပိုင်းတွင် မှဲ့ပါရှိလျှင် မှဲ့မပါသကဲ့သို့ပင် စွမ်းအားမရှိဟု မှတ်ယူရပါမည်။
(၂၀) ခြေဖဝါးအလည်တည့်တည့်တွင် မှဲ့ရှိလျှင် တနေရာတည်းတွင် အတည်တကျနှေုမရဘဲ ခြေသလုံးအိမ်တိုင်ဘဝဖြင့် သွားလာနေထိုင်ရကာ ဘဝဆုံးပါးပျက်စီးတတ်ပါသည်။
(၂၁) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုးတွင် မှဲပများစွာပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည်။ (သို့မဟုတ်) လူဆိုး၊ ဓားပြ ဖြစ်တတ်ပါသည်။ တုတ်၊ ဓား၊ လှံ စသည့် လက်နက်ကိရိယာများကို ဆောင်ထားတတ်သည်။ တိုက်ခိုက်ရေးပညာများတွင်လည်း ဝါသနာပါ၍ ပညာရှင်ဖြစ်တတ်သည်။
(၂၂) ရင်ညွန့်တည့်တည့်တွင် ထင်ရှားသော မှဲ့ရှိလျှင်  သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည်။ တရားဓမ္မ နှလုံးသွင်းတတ်သည်။ လောကီ သမထဈာန်တန်ခိုးဘက်သို့ လိုက်စားတတ်သည်။ သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများရ၍ ပေါက်မြောက်နိုင်သည်။
(၂၃) ညာဘက်လက်တွင် မှဲ့ပါရှိလျှင် ငွေကြေးကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည်။ ကပ်စေးနှဲသူ၊ မိမိကိုယ်ကျိုး တခုတည်းကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည်။
(၂၄) လက်ဖဝါးပြင်၏ ဘယ် ညာ နှစ်ဖက်စလုံး၏ အလယ်တည့်တည့်တွင် ထူးထူးခြားခြား မှဲ့အစိမ်းတလုံး ပါရှိလျှင် လူအများ၏ ကြည်ညိုလေးစားခြင်း ခံရသော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ဖြစ်တတ်ပါသည်။ ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက်ရှိသူဖြစ်သည်။ ဝိဇ္ဇာလမ်းသို့ လိုက်စားလျှင် ဆရာသမားကောင်းနှင့် တွေ့ပြီး သိဒ္ဓိရတတ်ပါသည်။


မိန်းမတို့ မှဲ့ အဟော---
(၁) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်းရှိလျှင် ဂုစ်ဓနနှင့်ကျော်စောသော လင်ယောက်ျားကို ရတတ်သည်။ အိမ်ထောင်ဆက် များတတ်သည်။ သားယောက်ျားများ ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည်။
(၂) ညာဘက်နားထင် မျက်ခုံး၏ အနီးအနားပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော ချမ်းသာတတ်ပါသည်။ အိုဇာတာကံကောင်းမည်။ မိမိသြဇာကို နာခ့မည့် လင်ယောက်ျားအား ရတတ်သည်။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။ သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည်။
(၃) အထက်နငတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုကတွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည်။ ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။ မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။ အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည်။
(၄) ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည်။ တဖက်သားပြောလာသည့်စကားကိုမစဉ်းစားဘဲ အယုံလွယ်တတ်ပါသည်။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်းကို ခံရတတ်သည်။
(၅) ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည်။ စန်းအလွန်ပွင့်တတ်သည်။ လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ ကံကောင်းသူ ဖြစ်တတ်ပါသည်။
(၆) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည်။
(၇) ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်။
(၈) ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏စွန့်ပစ်ခြင်းကို ခံရတတ်သည်။ ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည်။ လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ်ပါသည်။
(၉) ရင်၏အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည်။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည်။ သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။
(၁၀) မိန်းမယောနိတွင် ထင်ရှားစွာ မှဲ့ရှိလျှင် ရမ္မက်ကျူးတတ်သည်။ လျှပ်ပေါ်လော်လီတတ်သည်။ မာယာပရိယာယ် များတတ်ပါသည်။ မိမိစိတ်ကို မထိန်းနိုင်လျှင် ဘဝပျက်တတ်ပါသည်။
(၁၁) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည်။ ကတော်မယား ဖြစ်တတ်ပါသည်။ လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်။ မည်မျှဆိုးသွမ်းသော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက်နိုင်ပေတော့သတည်း။


နှလုံးစိတ်ဝမ်း အေးချမ်းကြစေသား
သိဒ္ဓိစိုး
(ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ)

Tuesday, September 27, 2011

ဘယ်အသက်အရွယ်မှာ ဘာအရသာတွေ ရှောင်ရမလဲ

လူတွေဟာ မိုးလင်းတာနဲ့ စားဖို့သောက်ဖို့ကို အရင်ဆုံး စီစဉ်ရတော့သည်။ 
ဒါကြောင့်လည်း အူမတောင့်မှ သီလစောင့်မည်လို့ ဆိုထားတာ ဖြစ်ပေမည်။ 
နောက် အစားအသောက်ကြောင့် အလုပ်တွေ လုပ်နိုင်သလို အစားမတော်တလုပ်ကြောင့် ဒုက္ခတွေ့ရတာတွေလည်း ရှိလေသည်။ 


အသက်ရှည်အောင် စားရတဲ့နည်း ၃-နည်း ရှိသည်။
၁။ အစာစားရင် ဆာမှစားပါတဲ့။
၂။ တည့်တာပဲ စားပါတဲ့။
၃။ လျှော့စားပါတဲ့။
ဆိုလိုတာက အစာစားမယ်ဆိုရင် ဆာတဲ့အချိန်မှာ မိမိနဲ့ တည့်တဲ့အစာကို စားကောင်းတယ်ဆိုပြီး တအားများများ မစားဘဲ နည်းနည်းလျှော့စားပါက အသက်ရှည်နိုင်တယ်လို့ ဆိုထားပါသည်။


အင်္ဂဝိဇ္ဇာ ဗေဒင်ပညာရပ်အရကတော့---
အင်္ဂဝိဇ္ဇာ၊ ကျမ်းအလာကို၊
သိသာစေလို၊ ပြညွှန်းဆိုအံ့၊
မွေးဂြိုဟ်သက်နှင့်၊ ရောက်သက်ရောထား၊
သတ္တစားမှ၊ ကြွင်းဧကမူ၊ အငန်ဟူ၏၊
ဒွေးမူ အဖန်၊ သုံးတန် အခါး၊ 
လေးကား အချဉ်၊ ပဉ္စ ဆိမ့်ဟူ၊ 
ခြောက်မူ အချို၊ သုဉ်းကို အစပ်၊ 
ရှောင်ကြဉ်အပ်သည်၊ 
မှတ်ကြလူသား သိစေသား။


အဓိပ္ပါယ်ကတော့ မိမိရောက်သက်နဲ့ မိမိမွေးနံ ဂြိုဟ်သက်ကို ပေါင်း။ ပေါင်းရလဒ်ကို ၇-နဲ့စား
၁-ကြွင်းသော် အငန်၊
၂-ကြွင်းသော် အဖန်၊
၃-ကြွင်းသော် အခါး၊
၎-ကြွင်းသော် အချဉ်၊
၅-ကြွင်းသော် အဆိမ့်၊
၆-ကြွင်းသော် အချို၊
ဝ-ကြွင်းသော် အစပ် အရသာကို ရှောင်ကြဉ်ရမည်။


မွေးနံဂြိုဟ်သက်ကား---
တနင်္ဂနွေ သားသမီး=၆-နှစ် 
တနင်္လာ သားသမီး=၁၅-နှစ်
အင်္ဂါ သားသမီး=၈-နှစ်
ဗုဒ္ဓဟူး သားသမီး=၁၇-နှစ်
ကြာသပတေး သားသမီး=၁၉-နှစ်
သောကြာ သားသမီး=၂၁-နှစ်
စနေ သားသမီး=၁၀-နှစ်


ဥပမာ-
အသက်                ၄၉-နှစ် 
ဗုဒ္ဓဟူးဂြိုဟ်သက် ၁၇-နှစ်
ပေါင်းသော်           ၆၆-ရ၏။ ၆၆-ကို ၇-နဲ့စား ၃-ကြွင်း၊ အခါးကို ရှောင်ရမည်။ 


ဆရာဇေယျာမိုး(ဝေဒဗိမာန်) 
(ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ)
*****
ကောက်နုတ် တင်ပြသည်။
မော်လူး

ဒုစရိုက်-သုစရိုက်အတွက် သန်းခေါင်စာရင်း ကောက်ခြင်း-မကောက်ခြင်း

နတ်တို့ လူ့ပြည်သို့ဆင်း၍  လှည့်လည်စုံစမ်းပြီး ဒုစရိုက် သုစရိုက် သန်းခေါင်စာရင်း ကောက်ယူခြင်းမှာ အကြောင်းမဲ့သက်သက် မဟုတ်ချေ။ စုံစမ်းရလောက်အောင် အခြေအနေဖြစ်ပေါ်နေ၍ လူ့ပြည်သို့ ဆင်းရခြင်း ဖြစ်လေသည်။

သိကြားမင်းနှင့်တကွ နတ်ပရိသတ်အပေါင်းတို့သည် တာဝတိံသာနတ်သဘင်၌ စည်းဝေးကြကုန်၏။ နတ်တို့အစည်းအဝေးသဘင်တွင် နတ်သား-နတ်သမီး ပရိသတ်တို့ စည်စည်ကားကားမရှိကြဘဲ ကျိုးတိုကျဲတဲ ဖြစ်နေ၍ သိကြားမင်းမှာ စိတ်မချမ်းမသာ ဖြစ်နေရှာသည်။ နတ်သဘင်အစည်းအဝေးတွင် ဓတရဋ္ဌနတ်မင်းကြီး၊ ဝိရူဠှကနတ်မင်းကြီး၊ ဝိရူပက္ခနတ်မင်းကြီး၊ ကုဝေရနတ်မင်းကြီး စသည့် နတ်မင်းကြီး လေးယောက်တို့လည်း သိကြားမင်းကို ရံ၍ ခစာေးနကြသည်။

ဓတရဋ္ဌနတ်မင်းကြီးနောက်တွင် သူ၏အခြွေအရံဖြစ်သည့် ဂန္ဓဗ္ဗနတ်တို့ ခစားနေကြသည်။
ဝိရူဠှကနတ်မင်းကြီးနောက်တွင် သူ၏အလုပ်အကျွေးနတ်များဖြစ်သည့် ကုမ္ဘဏ်နတ်များ ခြံရံနေကြသည်။
ဝိရူပက္ခနတ်မင်းကြီးနောက်မှ သူ၏အခြံအရံဖြစ်ကုန်သော နတ်နဂါးတို့ ခြံရံနေကြသည်။
ကုဝေရနတ်မင်းကြီးနောက်မှာတော့ သူ၏လက်ပါးစေတွေ ဖြစ်ကြသည့် နတ်ဘီလူးတို့ ခြံရံ၍ နေကြကုန်၏။

သိကြားမင်းက နတ်မင်းကြီးလေးပါးနှင့် နတ်အပေါင်းတို့ကိုကြည့်ပြီး စိတ်မသက်မသာဖြစ်နေ၍ မျက်နှာလည်း မသာမယာ ဖြစ်နေသည်။
အရှင်နတ်မင်းကြီးများနဲ့ အရှင်နတ်သား နတ်သမီးအပေါင်းတို့...ရှေးအခါကဆိုလျှင် ငါတို့နတ်သဘင်သည် လွန်စွာမှ စည်ကားလှ၏။ ဒေဝါ ဒေဝီ အလီလီဖြစ်ကုန်သော နတ်သား နတ်သမီးအပေါင်းတို့သည် အဆင်တန်ဆာ အရောင်အဝါတို့ဖြင့် တဝင်းဝင်းတလျှပ်လျှပ် တင့်တယ်စည်ကားလို့ နေကြသည်မဟုတ်လော။ အခု ငါတို့နတ်သဘင်ကို လာရောက်ကြသည့် နတ်သား နတ်သမီးတို့မှာ ကျဲတိကျဲတောက်နှင့်
ခြောက်ကပ်နေကြပါရော့လား။ နတ်ဘုံနတ်နန်း နတ်ဗိမာန်တို့မှာလည်း နေသူမရှိ ကျီးနှင့်ဖုတ်ဖုတ်ဆိုသလို နေထိုင်သူမရှိဘဲ တိတ်ဆိတ်ကင်းမဲ့နေကြပြီး ကြာလျှင် တို့ရဲ့တာဝတိံသာနတ်ပြည်ကြီးပါ လုံးပါးပါး၍ ပျောက်သွားနိုင်သည်။ နတ်အပေါင်းတို့...လူ့ပြည်မှာ ဘာတွေဖြစ်နေကြသလဲဆိုတာ အသင်နတ်မင်းတို့ ဆင်း၍စုံစမ်းချေမှ သင့်မည်။


သိကြားမင်းက ပြောဆိုပြီး စိတ်မကြည်မလင်ဖြင့် နတ်သဘင်ညီလာခံကို သိမ်းလိုက်လေသည်။
သိကြားမင်း နတ်သဘင်အစည်းအဝေးက ထွက်သွားပေမယ့် နတ်မင်းကြီးလေးပါးနဲ့ နတ်အပေါင်းတို့ မထွက်ခွာနိုင်ကြသေး။ သိကြားမင်း အမိန့်ပေးသွားတဲ့ကိစ္စကို စတုမဟာရာဇ် နတ်မင်းကြီး
လေးယောက်တို့သည် လူ့ပြည်ကိုဆင်း၍ မည်သို့သန်းခေါင်စာရင်းကောက်ယူကြမည်ကို
ဆွေးနွေးတိုင်ပင်ကြလေသည်။
အချင်းနတ်မင်းတို့...ကျွန်ုပ်တို့ နေ့စဉ် လူ့ပြည်ကိုဆင်း၍ သန်းခေါင်စာရင်း ကောက်ကြမလား၊ ဒါမှမဟုတ် ရက်သတ်မှတ်ပြီး ကောက်ကြမလား။ ရက်သတ်မှတ်ပြီး ကောက်မယ်ဆိုရင် မည်သည့်နေ့ရက်တွေမှာ ဆင်းကြမလဲဆိုတာ ဆွေးနွေးတိုင်ပင်ကြပြီး--- 


၁။ လပြည့်နေ့များ၌ စတုမဟာရာဇ် နတ်မင်းကြီးလေးယောက်ကိုယ်တိုင် လူ့ပြည်ဆင်း၍ သန်းခေါင်စာရင်း ကောက်ယူကြရမည်။
၂။ လကွယ်နေ့တိုင်း၌ နတ်မင်းကြီးလေးယောက်တို့၏ သားတော်များက လူ့ပြည်ဆင်းပြီး ကောက်ယူကြရမည်။
၃။ လဆန်း ၈-ရက်နှင့် လဆုတ် ၈-ရက်နေ့များတွင် နတ်မင်းကြီးလေးပါးတို့၏ အလုပ်အကျွေးဖြစ်သော  ယုံကြည်စိတ်ချရသော မှူးကြီးမတ်ရာ သေနာပတိတို့သည် သန်းခေါင်စာရင်းကောက်ယူကြရမည်။ဟု ဆုံးဖြတ်ကြလေသည်။


ထိုသို့ လူ့ပြည်ကို လစဉ်ဆင်းလာပြီး သန်းခေါင်စာရင်း ကောက်ယူနေကြပုံကို ရဟန်းတော်များနှင့် ဒကာ ဒကာမတို့ အကျယ်သိရှိနိုင်ရန် မြတ်စွာဘုရားရှင်က အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် စတုမဟာရာဇသုတ်၌ အတိအလင်း ဟောကြားတော်မူထားပါသည်။


ရဟန်းတို့...လဆန်းတဆယ့်ငါးရက်မြောက် ဥပုသ်နေ့၌ နတ်မင်းကြီးလေးယောက်တို့ကိုယ်တိုင်ပင် ဤလောကကို လှည့်လည်၍ စုံစမ်းကြကုန်၏။
လူ့ပြည်၌ များစွာကုန်သောသူတို့သည် အမိ၌ ကောင်းစွာပြုကျင့်သင့်သော ကျင့်ဝတ်ကို ပြုကြပါကနု၏လော။ အဖ၌ ---လော။ သမဏ၌ ---လော။ ဗြဟ္မဏတို့၌----လော။ အမျိုးထဲ၌ ကြီးသော အဘိုး အဘွား, ဦးကြီး ဦးလေး, အဒေါ် စသည်တို့ကို ရိုသေစွာ ပြုကျင့်ကြပါကုန်၏လော။
အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော။ ကောင်းမှုကို ပြုကြပါကုန်၏လော-ဟု လှည့်လည်စုံစမ်းကြကုန်၏။


ရဟန်းတို့ လကွယ်နေ့၌လည်း နတ်မင်းကြီး လေးပါးတို့၏ သားများတို့သည်၎င်း၊
လဆန်း လဆုတ် ရှစ်ရက်နေ့များတွင်လည်း နတ်မင်းကြီးလေးပါးတို့၏ အလုပ်အကျွေးဖြစ်ကုန်သော ယုံကြည်စိတ်ချရသော မှူးကြီးမတ်ရာ သေနာပတိတို့သည်လည်း လူ့ပြည်သို့ဆင်း၍ လှည့်လည်စုံစမ်းကြကုန်၏။ ကောင်းမှု မကောင်းမှုတို့ကို သန်းခေါင်းစာရင်း ကောက်ယူကြကုန်၏။


ဤသို့ကောက်ယူသော ကောင်းမှု-မကောင်းမှု သန်းခေါင်စာရင်း အားလုံးကို ပဉ္စသိခနတ်သားထံသို့ အပ်ကြရသည်။ ပဉ္စသိခနတ်သားမှတဆင့် မာတလိနတ်သားထံသို့ ပေးအပ်ကြရလေသည်။ မာတလိနတ်သားသည် ထိုကောင်းမှု မကောင်းမှုတို့၏ သန်းခေါင်စာရင်းတို့အား သိကြားမင်းထံသို့ ဆက်သရလေသည်။


ဤသို့ လစဉ်ကောက်ယူသည့် သန်းခေါင်စာရင်းပါ လူ့ပြည်က ကောင်းမှု မကောင်းမှုတို့ကို နတ်သို့သိစေခြင်းငှါ သုဓမ္မာမဏ္ဍပ်၌ နတ်တို့ကို စည်းဝေးစေပြီး လူ့ပြည်က ကောင်းမှု မကောင်းမှုလုပ်သူစာရင်းကို
ကြေညာပေးလေသည်။

အကယ်၍ ကုသိုလ်ပြုသူနည်းပါးပြီး အကုသိုလ်ပြုသူ များနေလျှင် သိကြားမင်းသည် နှလုံးမသမယာ ဖြစ်တော်မူ၍ ညည်းတွားလေသည်။


အချင်းတို့...လူ့ပြည်၌ အနည်းငယ်သောသူတို့သည်သာလျှင် အမိ၌ ကောင်းစွာပြုကျင့်အပ်သော အမှုကို ပြုကြကုန်၏။ အဖ၌ --သမဏ၌---ဗြဟ္မဏတို့၌--အမျိုး၌ ကြီးသူ အဘိုးအဘွားတို့၌ ကောင်းစွာ ကျင့်အပ်သောအမှုကို ပြုကြကုန်၏။ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ပြုကျင့်ကြကုန်၏။ 
ဒါကြောင့် အချင်းတို့ ငါတို့နတ်ပြည်၌ ဆိတ်သုဉ်းဆုတ်ယုတ်ကုန်လေပြီး အပါယ်လေးပါးတို့၌သာ စည်ကားကုန်လိမ့်တကား။ 


လူ့ပြည်၌ ကုသိုလ်ပြုသူ များပြားနေလျှင် သိကြားမင်းသည် ဝမ်းမြောက်ဝမ်းသာဖြစ်လေသည်။
အချင်းတို့...လူ့ပြည်၌ အကုသိုလ်ပြုသူ နည်းပါးနေလျှင် တို့နတ်ပြည်သည် စည်ကားကုန်၍ အပါယ်ဘုံတို့မှာ ဆုတ်ယုတ်ကုန်လိမ့်မည်။

မှတ်ချက်။ ။ 
သိကြားမင်း လူ့ပြည်ဆင်းပြီး ကောင်းမှုပြုသူကို ရွှေပုရပိုက်နှင့်, မကောင်းမှုပြုသူကို ခွေးရေပုရပိုက်နှင့် မှတ်တာ, မမှတ်တာတော့ လိုရင်းမဟုတ်။ သိကြားမင်းရဲ့ ယုံကြည်ရတဲ့သူတွေ လူ့ပြည်ကို လပြည့်, လကွယ်, လဆန်း, လဆုတ် ရှစ်ရက်နေ့တွေမှာ လူ့ပြည်ကိုဆင်းပြီး သန်းခေါင်စာရင်းကောက်ယူတာတော့ ဘုရားရှင်ရဲ့ စတုမဟာရာဇ်သုတ်မှာ အတိအလင်း ဟောကြားထားပြီးဖြစ်၍ ရွှေပုရိုက်ပိုင်စာရင်းဝင် ဖြစ်အောင်
ကောင်းမှုကုသိုလ်တရားတွေကို ကြိုးစားလုပ်ကြရပေမည်။ 


မောင်လှယဉ် (မော်လမြိုင်) 
**********
မှတ်ချက်။ 
ကောက်နုတ် တင်ပြသည်။
မော်လူး

ဆရာတော်ကြီးများ၏ မှတ်သားဘွယ်ရာ သြဝါဒကထာ (၃)

အပါယ်မည်သည် တကြိမ်ကျခဲ့လျှင် ဘဝအသင်္ချေ သွားတတ်ချေသည်။ ယခုဘဝ၌ ဒါနမှုနည်းပါး၍ ကာယကံ မလုံခြုံ၊ ဝစီကံ သောင်းကြမ်း၊ မနောကံ ညစ်နွမ်း၍ စရစတရား နည်းပါးသောသူတို့သည် သေသည့်အခြားမဲ့၌ အပါယ်ကျမှုအားကြီးလျက်ရှိနေကြကုန်၏။ အခန့်တော်၍ သုဂတိဘဝသို့ ရောက်ကြပါကုန်သော်လည်း ဒါနဟူသော စရဏတရား နည်းပါးခဲ့သည့်အတွက် ဖြစ်လေရာဘုံဘဝ၌ ဓနဥစ္စာချို့တဲ့မှုနှင့် ကိုယ်မချမ်း စိတ်မချမ်း  အသက်မွေးကြမ်းတမ်းမှု အပါယ်လမ်းတမျိုး၊ နိစ္စသီလ ဥပေါသထသီလဟူသော စရစတရား နည်းပါးခဲ့သည့်အတွက် တွေပရှိသောသူတို့နှင့် ခိုက်ရန်ဒေါသ ဝိဝါဒကြီးပွား အနာရောဂါများပြားမှု အပါယ်လမ်းတမျိုး၊ ဤသို့သော အပြစ်ဒေါသတို့သည် ဘဝတိုင်းတွေ့ကြုံ၍ အထုံဝါသနာ အစဉ်ပါသဖြင့် သုဂတိဘုံမှာ များစွာဆက်လက်ခွင့်မရကြကုန်မူ၍ အပါယ်သို့သာ မကြာခင် ကျရောက်ကြလေကုန်ရာ
သောကြောင့် ဒါန-သီလ ဟူသော စရဏတရား နည်းပါးသောသူတို့သည် နောက်ဘုရားနှင့် တွေ့ကြုံရန် အခွင့်အလမ်းနည်းပါးလျက်ရှိကြလေကုန်သတည်း။
(လယ်တီဆရာတော်)

လူတွေကိုသာ ပြောပြောနေရတယ်။ တို့ဘုန်းကြီးတွေကော လာဘ်လာဘတွေ ပေါများချင်ကြတယ်။ ဘုန်းကြီးချင်ကြတယ်။ ဒါယကာ ဒါယိကာမတွေ ပေါများချင်ကြတယ်။ ဒါတွေပေါများလာရင် သာယာမှုတဏှာက ပါလာပြီ။ တဏှာပါလာရင် “ငါမှငါ” ဆိုတဲ့ မာနက ပါလာပြီ။ သံသရာကို ချဲ့ထွင်တတ်တဲ့ တရားတွေက နောက်ကလိုက်လာပြီ။ ဘုန်းနောက်လိုက်ရင် သွားရမယ့်နိဗ္ဗာန်နဲ့ ဝေးပါသေးတယ်။ နိဗ္ဗာန်သွားတဲ့လမ်းအကျင့်နဲ့ ဂုဏ်ပေါများအာင် ကျင့်တဲ့အကျင့်ဟာ တခြားစီပဲ။ သာသနာမှာ အချောင်နေ၊ အချောင်စား လုပ်နေရင် နောက်ဘဝ မသက်သာဘူး။ ဒါကြောင့် ကိုရင်တို့ ဦးဇင်းတို့ ကောင်းကောင်းနေကြ။ ဘုရားအာရုံပြုနေကြ။
( အမရပူရ မဟာဂန္ဓာရုံ ဆရာတော်)


အခု သက်တမ်းတရာဆိုတော့ တရာထက် မလွန်ကြဘူး။ တရာတွင်းမှာပဲ ပျောက်ပျောက်ကုန်ဆုံးသွားတယ်။ နောက်တဖန် ဒီဘဝမျိုး ရချင်မှရမယ်။ အင်မတန်ရခဲတာပဲ။ အပါယ်လေးပါး တခါကျရင်လည်း ပြန်လွတ်ဖို့မလွယ်ဘူး။ မတော်တဆ ကျသွားရင်ပြေတာ။ ဒါကြောင့် ဘုရားက လူချမ်းသာနဲ့လည်း မလဲစေချင်ဘူး။ နတ်ချမ်းသာကော ထို့အတူပဲ။ အသက်ရှည်တယ်ဆိုပေမယ့် ပဋိသန္ဓေရှိရင် စုတိတာပဲ။ တနေ့ကျ စုတိသွား ရွေ့သွားပြီးတော့ အပါယ်လေးပါး ကျချင်ကျသွားမယ်။ သံသရာဝဋ်၏ ဒုက္ခမလွတ်ဘူး။
( စစ်ကိုင်း ရွှေဟင်္သာဆရာတော်)


သာသနာ့လမ်းစဉ်ဆိုတာ “စေရာသွား၊ ထားရာနေ” ဆိုတဲ့ ဖန်ဆင်းရှင်ဝါဒလည်း မဟုတ်ဘူး။ “ကြိုက်သလိုနေ၊ အချိန်တန်ရင် လာကယ်မယ်”လို့ အာမခံ တာဝန်ယူထားတဲ့ ကယ်တင်ရှင်ဝါဒလည်း မဟုတ်ဘူး။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ၊ ကိုယ်ရကိုယ်ယူ ဆိုတဲ့ ကမ္မဿကတာဝါဒသာ ဖြစ်တယ်။ ကိုယ့်ဒုက္ခ ကိုယ်ပဲ နုတ်ရ, လျှော့ရမယ်။ ကိုယ့်ချမ်းသာကို ကိုယ်ပဲရအောင်ယူရမယ်၊ သာသနာဆိုတာ လမ်းခင်းပေးရုံ လမ်းညွှန်ပေးရုံ လမ်းဖွင့်ပေးရုံပဲ တတ်နိုင်ပါတယ်။ လမ်းပေါ်ရောက်အောင်တက်သွားပြီး သွားရမှာကတော့ ကိုယ့်အလုပ်ပါ။
 ( တိပိဋက ယော-ဆရာတော်) 


အကြင်သူသည် လောကီစည်းစိမ်၊ လောကီချမ်းသာမျှကိုသာ တောင့်တ၍ လွန်ကဲစွာပင် ဒါန, သီလကို အားထုတ်၏။ လုံ့လပြု၏၊ ထိုသူသည် ကိုယ့်ကိုယ်ကိုပင် သံသရာဝဋ်ဒုက္ခ၌ ရောင်းစား ပေါင်နှံသူမည်၏။
(စတုဂီရိ တောင်လေးလုံး ဆရာတော်၊ အမရပူရ) 


တချို့က ပစ္စည်းလေးပါးကို အလွယ်တကူရအောင်၊ ဘုန်းကြီးအောင် ကြိုးစားအားထုတ်နေကြတယ်။ လှူမည့် ဒကာ ဒကာမတွေများအောင် နည်းအမျိုးမျိုးနဲ့ အားထုတ်နေကြတယ်။ တချို့ အကြားအမြင်ပေါက်သယောင်ယောင် သူတပါးစိတ်ကို သိသယောင်ယောင် ဟန်ဆောင်နေကြတာလည်းရှိတယ်။ ရဟန္တာဖြစ်သယောင်ယောင် ဟန်ဆောင်နေကြတာလည်း ရှိတယ်။ တချို့က ထွက်ရပ်ဝိဇ္ဇာ ပေါက်သယောင်ယောင်၊ ကျန်းမာရေး, စီးပွားရေး, ရာထူးဌာနန္တရ မဆုတ်ယုတ်ဘဲ တိုးတက်ရေး စသည်အတွက် စွမ်းဆောင်နိုင်သယောင်ယောင်၊ ဒီလိုဟန်ဆောင်နေတာလည်း ရှိတယ်။ အဲဒီလို မတရားသဖြင့် စီးပွားရှာမှုကိုတော့ ဝိနည်းတော်အရ လုံးဝမပြုသင့်ပါဘူး။
(မဟာစည်ဆရာတော်) 


ဘာမဆို ကံကိုယုံပြီး ပုံထားသူများကဲ့သို့ နတ်ကိုယုံပြီး ပုံထားမှုမျိုးကား မပြုအပ်ပါ။ ရတနာသုံးပါးအပေါ်၌ ယုံကြည်လွန်းလေ၊ အာရုံပြုလွန်းလေ ကောင်းလေ ဖြစ်သော်လည်း နတ်များအပေါ်၌ အလွန်အကျွံပြု၍ ယုံခြင်းမျိုး၊ နတ်ရူး, ရူးသည်ဟုဆိုရလောက်အောင် အဖြစ်မျိုးကား မလိုလားအပ်သော ယုံကြည်မှုမျိုး ဖြစ်ပါသည်။


အချို့ကား ဘုရားဆွမ်းတော်တင်ရန်၊ ရေချမ်းကပ်ရန်၊ ဆီမီးကပ်ရန်၊ ပန်းကပ်ရန်ကား သတိမရပါ။ နတ်ပွဲကိုမူကား တရိုတသေ ပြုစုပသ ကြ၏။ ဘုရားထက်ပို၍ နတ်ကို ရိုသေလေးစားသော ပူဇော် ပသမှုမျိုးကား မိမိ၏ဗုဒ္ဓဘာသာ မပီသမှုကို ဖော်ပြခြင်းဖြစ်ရာ ထိုအမှုမျိုးကို ရှောင်ရှားရန် အထူးပင် သတိပြုဖို့ လိုအပ်ပါသည်။
(ဓမ္မဒူတ အရှင်ပညာဇောတ)


-ရဟန်းသည် သီလအတွက် အသေခံသည်။
-ရဟန်းသည် သမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
-အမျက်ထွက်လာသူကို သည်းခံလျှင် နှစ်ဦးလုံး အကျိုးရှိ၏။
-ကျမ်းဂန်တတ်၍ သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။
-ခြင်္သေ့သည် ကျားကို နိုင်၏။ ကိုယ်တွင်းက ခွေးလှေးသန်းကို မနိုင်။ 
-မသူတော်သည် သူတော်ကောင်းကို နိုင်၏။ ကိုယ်တွင်းက အကုသိုလ်ကို မနိုင်။
(ရွှေကျင်ဆရာတော်ကြီး မင်းတုန်းမင်းလက်ထက်)


မိဘကောင်းတို့သည် သားသမီးကို ပစ္စည်းဥစ္စာထက် အသိအလိမ္မာနှင့် ပညာပေးကာ ချီးမြှောက်လိုကြ၏။ ပစ္စည်းဟူသည် ပျက်စီးတတ်၍ မပျက်မစီး, ထာဝရတည်သော ကောင်းကျိုးကိုလည်း အရှည်ပေးတတ်သော ထိုချီးမြှောက်မှုမှာ မှန်ကန်သော ချီးမြှောက်မှုပင် ဖြစ်၏။


ထိုကဲ့သို့ ချီးမြှောက်သော မိဘများမှာ သားသမီးကို တကယ်ချစ်သော သားသမီး၏ မိတ်ဆွေများတည်း။ သားသမီးကို အလိုလိုက်တတ်၊ မဆုံးမတတ်သော မိဘများမှာ ချစ်ရာမရောက် နှစ်ရာရောက်၍ ရန်သူများပင် ဖြစ်၏.
(သပြေကန်ဆရာတော် ဦးဝါသေဋ္ဌာဘိဝံသ)


ဒါနဲ့---ဒကာ ဒကာမတွေ အချို့ သေသွားတဲ့အခါကတော့ အမောဆိုက်ပြီး တခါ သားကိုစိတ်မချ၊ သမီးကို စိတ်မချ၊ ပစ္စည်းကို စိတ်မချဖြစ်ပြီး ဝန်တွေပိပြီး သေသွားကြတဲ့ပုဂ္ဂိုလ်တွေ အင်မတန်များကြတယ်။ ဒါဖြင့် ဝန်ပိသေတဲ့ပုဂ္ဂိုလ် ကောင်းရာသုဂတိ လားနိုင်မလားလို့ မေးကြည့်ရင် မလားနိုင်ပါဘူး။
(မိုးကုတ်ဆရာတော် ဦးဝိမလ) 


အနမတဂ္ဂ သံသရာ၌ သဗ္ဗညုဘုရားကို ကိုးကွယ်ကြရသော ဘဝကား အလွန်နည်းပါး၏။ ရံခါ ဗြဟ္မာကို ဘုရားဟု ကိုးကွယ်ကြရကုန်၏။ ရံခါ သိကြားကို၊ ရ့ခါ ထိုထိုနတ်ကြီးတွေကို၊ ရံခါ နေကို ဘုရားဟု ကိုးကွယ် ကြရကုန်၏။ ဂံခါ လကို၊ ဂံခါ ထိုထိုနက္ခတ်ကို၊ ရံခါ ဘုမ္မစိုးနတ်ကြီးကို၊ ဘီလူးကြီးတေါကို ဘုရားဟု ကိုးကွယ် ကြရကုန်၏။ လောက၌ အလွန်ယုတ်မာမှောက်မှားသော မိစ္ဆာဒိဋ္ဌိဆရာကြီးတို့ကား ကမ္ဘာ့တန်ဆာ၊ ကမ္ဘာ့မြေစာကဲ့သို့အလွန်တရာ ပေါများကြကုန်၏။

ထိုမိစ္ဆာဒိဋ္ဌိ အယုတ်တမာကြီးတွေကို တွေ့မိတွေ့ရာ ဘုရားဟူ၍  ကိုးကွယ်ကြကုန်သော ဘဝတို့ကား အလွန်များပြားကြကုန်၏။ ဂံခါ နဂါးကို၊ ရံခါ ဂဠုန်ကို၊ ရံခါ မြစ်ကို၊ ရံခါ မီးကို၊ ရံခါ ရေကို ဘုရားဟူ၍ ကိုးကွယ် ကြရကုန်၏။ ဤသို့လျှင် ကိုယ်တွင်း၌ သက္ကာယဒိဋ္ဌိ အမှောက်အမှားကြီးရှိနေကြကုန်သော ပုထုဇဉ်သတ္တဝါတို့၏ တဘဝ တဘဝလျှင် တမျိုး တမျိုး ကိုးကွယ်ရာဘုရားမည်သည် လောကဓာတ်၌ အလွန်များပြား၏။ ကြပ်ကြပ်ကိုးကွယ်လေလေ အပါယ်ငရဲ ကြပ်ကြပ်နက်နဲလေလေသာ ဖြစ်၏။
(လယ်တီဆရာတော်)


သာသနာတော်ဟာ အမြဲတမ်း တည်တံ့ခိုင်မြဲနေမှာ မဟုတ်ဘူး။ နော်ကဆုံးကာလ ကွယ်ပျောက်မှာ မလွဘြူး။ သာသနာတော်ကြီး မကွယ်ပျောက်ခင် မိမိတို့ တဖက်တလမ်းကနေ စောင့်ထိန်းရမယ်။ သာသနာတော်ကြီးဟာ ပြောင်းလဲနေတယ်။ မတည်မြဲဘူး။ တကယ့်ရဟန္တာများ လက်ထက်ကတောင် ပြောင်းလဲနေသေးတယ်။ ခုခေတ်ပုဂ္ဂိုလ်များလက်ထက်မှာ ပြောစရာမလိုတော့ဘူး။


မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်သွားပေမယ့် ဟောကြားဆုံးမတော်မူတဲ့ တရားဒေသနာတွေ များစွာကျန်ခဲ့တယ်။ အဲဒီတရားတော်တွေအတိုင်း ပြောဆိုနေထိုင်သွားရင် နိဗ္ဗာန်နဲ့ မဝေးဘူး။ နီးဖို့ရန်သာ အကြောင်းရှိပါတယ်။ ဗုဒ္ဓတရားတော်တွေကို သိနေတဲ့သူဟာ သေရမှာကို မကြောက်ပါနဲ့။ သေရမှာကြောက်သူဟာ တရားတော်ကို အထင်သေးရာရောက်နေပါတယ်။ ဒါကြောင့် မတည်မြဲနိုင်တဲ့ သာသနာတော်ကြီးမှာ ကိုယ့်ကိုယ်ကို ကောင်းကောင်းထားလိုက်ရမယ်။
(အမရပူရ မဟာဂန္ဓာရုံ ဆရာတော်)


လောကမှာ အယူအဆ အတွေးအခေါ်တွေ မှားနေရင်၊ စဥ်းစားနှိုင်းချိန်တတ်တဲ့ အသိတရားတွေ ကင်းကွာနေရင် ကံအရှိ၊ ခန္ဓာအရှိ၊ သံသရာအရှိ၊ တရားအရှိ၊ သစ္စာအရှိ စတဲ့ အကျိုးတရားတွေကို ရှိတဲ့အတိုင်း သိမြင်နိုင်ခွင့် မရတော့ပါဘူး။


ကိုယ့်အတွက်သာကြည့်တတ်ပြီး သူ့အတွက် မကြည့်တတ်ရင်၊ မျက်မှောက်အတွက်သာ မြင်တတ်ပြီး
နောင်ရေးအတွက် မမြင်တတ်ရင် လောကီအတွက်သာ ဦးတည်တတ်ပြီး လောကုတ္တရာအတွက် ဦးတည်ချက်မထားတတ်ရင် တဖက်မျှသာမြင်သူဖြစ်လို့ လူ့စွမ်းရည်မကုံလုံ မပြည့်စုံသေးပါဘူး။ လူစင်မမီ၊ လူသားမပီသသေးပါဘူး။
(တိပိဋက ယော-ဆရာတော်)


-မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ၊ စကားလှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ ရွံစရာသာတည်း။
-ဆုံးမချင်သူ သဲလုံးအတူများပါစေဟု ရှင်ရာဟုလာ နှလုံးသွင်းသည်။
(ပထမရွှေကျင်ဆရာတော် မင်းတုန်းမင်းလက်ထက်) 


ဘာမှမလုပ်ဘဲ ထိုင်ပြီးဆုတောင်းနေရုံနဲ့ ကယ်တင်မယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ မက်လုံးနဲ့ ဆွဲဆောင်တာကို အဟုတ်မှတ်ပြီး ထိုင်နေလို့ကတော့ ငတ်ရုံပဲပေါ့။ တချို့က ရှိသေးတယ် စီးပွားရေးမြင့်တက်လာအောင် နတ်ကန္နားပေးရမယ်ဆိုပြီးနတ်ကတော်က နတ်နဲ့ခြောက်,မြှောက်တာမျိုးကို ယုံတဲ့သူတွေလဲ မနည်းဘူး။ တကယ်တော့ နတ်တွေဆိုတာကလည်း လူတွေမျှော်မှန်းသလို အစွမ်းအစ ဘာမှရှိတာမဟုတ်ဘဲနဲ့ အခြေအမြစ်မခိုငတဲ့ဟာတွေ ယုံမှတ်နေပြန်ရင်လည်း လူညံ့လူဖျင်း ဖြစ်သွားနိုင်တယ်။ ဗုဒ္ဓဘာသာကို အရောင်ညှိုးအောင်လုပ်ဆောင်နေတာဟာ တောင်ပြုံးနတ်ပွဲလို ထင်ရောလျှက်ြလုပ်နေကြတဲ့ နတ်မြှောင်တွေောကာင့် ရတနာ ၃-ပါးကို တမျိုးတဖုံနဲ့ ထိခိုက်စေတယ်ဆိုတာကို ဒီနေ့ လူငယ်တွေ နားလည်ကြပါ။ အလိမ်အညာ မခံရအောင် စာများများဖတ်ကြစေချင်တယ်။ ယုတ္တိတန်သလား မတန်ဘူးလားဆိုတာ နက်နက်နဲနဲ တွေးကြံဆကြပါ။
(ဆရာတော် ဦးအာစိဏ္ဏ-တမ္ပဝတီ)


ဤနတ်ဝါဒသည် ရှေးအခါက လူတွေရိုင်စိုင်းလေ အားကောင်းလေ ဖြစ်ခဲ့၏။ ယခုအခါ၌ပင် မြန်မာပြည် တောင်ပေါ်ဒေသများ၌ ကျွဲနွားစသော တိရစ္ဆာန်တိုပကို သတ်ဖြတ်ကာ ယစ်ပူဇော်နေကြသေး၏ ။ မြို့ရွာများ၌လည်း ထုံးတမ်းစဉ်လာ ရိုးရာအလိုက်ဟုယူဆကာ နတ်ပွဲများကို ကျင်းပနေကြ၏။ အထူးအားဖြင့် နှစ်စဉ်နှစ်တိုင်း ဝါခေါင်လဆန်း(၈)ရက်မှ ဝါခေါင်လကွယ်နေ့တိုင်အောင် တောင်ပြုံးနတ်ပွဲနှင့် ရတနာ့ဂူနတ်ပွဲများသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာပြည်၏ ရုပ်ပျက်ဆင်းပျက် အမည်းကွက်များ ဖြစ်ပါသည်။
(ပထမကျော်ဘွဲ့ရ ဦးပညိန္ဒာဘိဝံသ ခါတော်မှီဆရာတော် မိုးကုတ်မြို့)


ဒါကြောင့် နတ်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ၊ ဝိဇ္ဇာတွေ, ဘိုးတော်တွေ ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ၊
ဗေဒင်ဆရာကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေ ဆင်းရဲဒုက္ခရောက်လာပြီဆိုရင် ခြေမကိုင်မိ လက်မကိုင်မိတွေ အများကြီး ဖြစ်လာကြတယ်။ ဟုတ်တယ်မဟုတ်လား။ တကယ် ဘယ်သူလာကယ်ပါ့မလဲ ...
ဗေဒင်ဆရာလည်း တကယ်ဖြစ်လာပြီဆိုရင် မကယ်နိုင်ဘူး။ နတ်ကရော ကယ်နိုငမလား၊ မကယ်နိုင်ပါဘူး။ သေစရာရှိ သေမှာပဲ၊ ဆင်းရဲစရာရှိ ဆင်းရဲမှာပဲ ဟုတ်ရဲ့လား။
(ကျစွာဆရာတော် ဦးလက္ခဏ)


ဝိပဿနာအလုပ် လုပ်တယ်ဆိုတာ တမင်ရှာပြီး လုပ်နေရတာ မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ် ကြည့်ရုံပါပဲ။ ကြည့်တော့ ဖောက်ပြန်ပျက်စီးနေတာအမျိုးမျိုး ခန္ဓာမှာတွေ့ရမှာပဲ။ ခန္ဓာအရှိကို ဉာဏ်အသိနှင့်ကိုက်ရင် ယထာဘူတဉာဏ်၊ ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်၊ နိဗ္ဗာန်ဆိပ်ဦးရောက်ပြီလိှု့ဆိုင်နိုင်တယ်။
(မိုးကုတ်ဆရာတော် ဦးဝိမလ)


သူတပါး၏အပြစ်ကို မရှုရ၊ ကိုယ့်အပြစ်ကို မြင်အောင် ရှု၍ အပြစ်မှလွတ်အောင် ပြုရမည်။ သူ့ပစ္စည်းကို မလိုချင်ရ၊ ကိုယ့်ပစ္စည်းအစစ်ဖြစ်သော အကျင့်တရားကိုသာ သမ္မာဆန္ဒဖြစ်စေရမည်။ ကြောက်လန့်ရအောင် မနေရ၊ ကြောက်လန့်ရန်မရှိအောင် နေရမည်။ စာပေကျမ်းဂန်တတ်သိခြင်း မမှားစေရ၊ စာပေကျမ်းဂန်တတ်ခြင်း၊ အမှန်သို့ကျအောင် သတိသမ္ပဇဉ် ပြုရမည်။


စာပေကျမ်းဂန် တတ်ရုံမျှနှင့် မနေရ၊ တရားတတ်သိအောင် အားထုတ်ကျင့်ကြံရမည်။ သံသရာ၌ အသက်ရှည်ရန်ကို မလိုအပ်၊ သံသရာသက်တိုရန်ကိုသာ လိုအပ်သည်။ ရြှ်လျားသော တဏှာကိုဖြတ်၍ တိုသေးသောပါရမီကို ဆက်ရမည်။
(စစ်ကိုင်း ဝါးချက်မင်းကျောင်းဆရာတော်ကြီး)


သူ့ကိုလည်း ငါမပိုင်၊ ငါ့ကိုလည်း သူမပိုင်၊ ကယ်သူ့ကိုမှ ဘယသူမပိုင်၊ ငါ့ကိုယ်သော်မှ ငါမပိုင်။
အချိန်တိုင်းက ငါဖြစ်ချင်သလို မဖြစ်၊ သူဖြစ်ချင်သလိုဖြစ်။
ဥစ္စာကသော်လည်း လူကိုပစ်၊ လူကသော်လည်း ဥစ္စာကိုပစ်၊ 
စင်စစ်မုချ အမြဲမရှိ အနိစ္စ၊ ကြောက်စရာ ဒုက္ခ၊ အစိုးမရ အနတ္တ-ဟု မပြတ်နှလုံးသွင်းကြလေ။
(ဒီပဲရင်းဆရာတော်ကြီး)


သရဏဂုံဟာ ကလေးသူငယ်ကအစ လူတိုင်း လူတိုင်းနဲ့ သင့်လျော်တယ်။ ဘာမျှမကုန်ခန်း မပင်ပန်းဘဲနဲ့လည်း သရဏဂုံတည်မှုကို ရနိုင်တယ်။ သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင်
၁။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ကို အပ်နှံခြင်း။
၂။ ဘုရား တရား သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း။
၃။ ရတနာသုံးပါး၏ တပည့်အဖြစ် ခံယူခြင်း၊ 
၎။ ရတနာသုံးပါးကို ရိုသေစွာရှိခိုးခြင်း
အဲဒီလေးပါးအနက်မှ တပါးပါးကို ပြုလုပ်လိုက်ရင် ပြုလုပ်တဲ့သူဟာ သရဏဂုံတည်တယ်လို့ မှတ်ယူရမယ်။
(တောင်ပုလုတောရ ဆရာတော်)

လူ့ဘဝဆိုတာ အကာနှင့်အနှစ် ခွဲခြားသိမြင်တတ်မှသာ အကာကိုခွဲပြီး အနှစ်ကို ဆွဲထုန်ယူနိုင်ပါလိမ့်မယ်။ အကာလောက်ကိုသာ အနှစ်ထင်နေရင် (သို့မဟုတ်) အကာနှင့်အနှစ်  ပြောင်းပြန် အမြင်လွဲနေရင် အဖိုးတန်လှတဲ့ လူ့ဘဝမှာ အနှစ်မတွေ့ရတော့ဘဲ အကာနဲ့သာ တဘဝ ဆုံးတတ်ပါတယ်။
(တိပိဋကဓရ ယော-ဆရာတော်) 


မအေးလှ (နဘား) 
(ဂမ္ဘီရ ၂၀၀၇-၄) 

Monday, September 26, 2011

ကင်းပုံရွက်နဲ့ ရေယုန်နာ

ကင်းပုံပင်သည် အိမ်နောက်ဖေး ခြံစည်းရိုး၊ မြေလွတ်မြေရိုင်းမျာတွင် အလေ့ကျပေါက်ရောက်သည့်
နွယ်ပင်မျိုး ဖြစ်သည်။ ပေ (၁၀၀)ကျော်မြင့်သော အပင်ပေါ်တွင် တွယ်မိပါက ထိုအပင်ထိပ်အထိ တွယ်တက်ပေါက်ရောက် ရှင်သန်နိုင်သည်။ သရက်၊ မာလကာ အပင်ငယ်မျာတွးင် တွယ်မိပါက ထိုအပင်များပေါ်တွင် အရိပ်မထိုးနိုင်အောင် အုပ်ဆိုင်းပေါက်ရောက်တတ်သည်။ အတွယ်ခံရသော အပင်သည်လည်း သေဆုံးသွားတတ်သည်။


ကင်းပုံပင်သည် နွေနှောင်းကာလသို့ရောက်လျှင် အမြစ်နှင့်ဝေးသော နွယ်နှာမောင်းတို့မှာ 
ခြောက်သွေ့မည်းကျုံ့၍ သေသွားတတ်သည်။ မိုးတွင်းသို့ရောက်လျှင် အခြားအဆစ်နေရာမှ နွယ်နှာမောင်း သစ်များ ထပ်ထွက်ကာ ပြန်လည်ရှင်သန်သည်။ နွယ်နှာမောင်တို့သည် အစိမ်းရင့်ရောင်ရှိပြီး ပြောင်ချောသည်။ ကြာ၍ရင့်သွားလျှင် ကြမ်းတမ်းပြီး မွဲခြောက်ကာ အဖုလေးများ ဖြစ်ပေါ်လာသည်။ 


ကင်းပုံရွက်မှာ အဝေးမှကြည့်လျှင် အသည်းပုံသဏ္ဍာန်ရှိသည်။ တိတိကျကျဆိုရလျှင် ရှစ်ထောင့်ချိုးရှိပြီး အညှာနေရာ၌ ချိုင့်ဝင်နေသည်။ ရွက်ကြောများထင်ရှားပြီး အရွက်၏အပေါ် မျက်နှာပြင်သည် ကလိုရိုဖီး များစွာပါရှိသော သစ်ရွက်များကဲ့သို့ အစိမ်းရင့်ရင့်အရောင်ရှိပြီး အော်ကမျက်နှာပြင်မှာ လွန်စွာဖျော့သော အစိမ်းရောင်ရှိသည်။ အရွက်ညှာတံမှာလည်း အစိမ်းရင့်ရောင် ဖြစ်သည်။ ဆရာကြီး ဦးဘသင်ပြုစုသော ရှုတော်မူ ဆေးအဘိဓာန်တွင် ကင်းပုံရွက်သည် ချို၏၊ စဉ်းငယ် ငန်၏၊ သလိပ်ကို နိုင်၏၊ လေကိုလည်း
ကြေစေတတ်၏ဟု ဖော်ပြထားပါသည်။


ကင်းပုံအပွင့်မှာ အဖြူရောင်ဖြစ်သည်။ လွန်စွာလှပသည်။ အစိမ်းနုရောင် ကလာပ်ပေါ်တွင် အဖြူရောင် ပွင့်ဖတ်များ တင်ထားသည့်ပုံသဏ္ဍာန်ရှိသည်။ ပွင့်လွှာတွင် ကတ္တီပါသားကဲ့သို့ သေးငယ်သော လှိုင်းတွန့်လေးများရှိသည်။ ပွင့်လွှာ ၅-ခုပါသည်။ ကင်းပုံပွင့်အား မှောက်ထားလျှင် ခေါင်းလောင်းပုံသဏ္ဍာန် ရှိသည်။


ကင်းပုံသီးမှာ ငယ်လျှင် သခွားသီးနှင့်ဆင်တူပြီး ရှည်မျောမျောလေး ဖြစ်သည်။ အစိမ်းရောင်ရှိပြီး အဖြူစင်းများ ပါသည်။ တဖြည်းဖြည်း ဆလင်ဒါပုံသို့ ပြောင်းလာပြီး အလုံးကြီးလာလျှင် လိမ္မော်သီး၊ ပန်းဦးတို့ကဲ့သို့ လုံးဝန်းလာပြီး အရောင်အဆင်းမှာလည်း လိမ္မော်ရောင်၊ အနီရဲရဲအရောင်များသို့  ပြောင်းသွားပြီး လွန်စွာလှပပါသည်။ ရငတော်မူ ဆေးအဘိဓာန်တွင် ကင်းပုံသီးသည် ခါး၊ ငန် အရသာရှိ၏။ လေကို
နိုင်စေတတ်သည်။ သွေး၊ သလိပ်နှင့် တေဇောဓာတ်ကို နိုင်ဟ၏ု ဖော်ပြထားပါသည်။


ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော မြန်မာအစားအစာ၏ အာဟာရ-စာအုပ်၌ ကင်းပုံရွက် အလေးချိန်(၁၀၀)ဂရမ်တွင် ပါဝင်သော အာဟာရတန်ဖိုးများမှာ (၂၀)ကယ်လိုရီ၊ ပရိုတင်းဓာတ် (၀.၇)ဂ၇မ်၊ ကစီဓာတ်(၅.၂)ဂရမ်၊ ထုံးဓာတ်(၂၅.၀)မီလီဂရမ်၊ သံဓာတ်(၀.၆)မီလီဂရမ်၊ ဗီတာမင်(၈)မီလီဂရမ်နှင့် ဗီတာမင်ဘီ(1) ဘီ(2)တို့ အနည်းငယ်စီ ပါဝင်ကြောင်း သိရပါသည်။


ဆက်လက်၍ ကင်းပုံပင်၏ အခြားဆေးဖက်အသုံးပြုပုံများကို ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ထုတ်ဝေသော လက်တွေ့အသုံးချ ဆေးဖက်အပင်များ၊ အတွဲ ၁-တွင် ဖော်ပြထားသည်မှာ 
ပဉ္စငါးပါးကို ပြုတ်၍ သလိပ်ရွှင်ဆေးအဖြစ် သုံးသည်။ ချောင်းဆိုးခြင်းကိုလည်း ပျောက်စေသည်။ အရွက်သတ္တုရည်ကို ဆီးချိုရောဂါတွင် အဓိကသုံးသည်။ အဆုတ်ပြွန် ရောင်ခြင်း၊ ပန်းနာရောဂါများတွင်လည်း သုံးသည်။ သည်းခြေနှင့်ဆိုင်သော အဖျားရောဂါ ဖြစ်ပါက ကင်းပုံရွက်နှင့် နံနံစေ့ကို အမျှစီယူ၍
ပြုတ်သောက်ပါက ပျောက်ကင်းနိုင်ပါသည်။ သန်ကျစေရန်နှင့် ဝမ်းသက်စေရန်အတွက်လည်း သုံးပါသည်။


ကင်းပုံရွက်သတ္တုရည်ကို နှမ်းဆီ (သို့) ရေနှင့်ဖျော်၍ နားတွင် ခတ်ပေးပါက နားကိုက်ရောဂါ
ပျောက်ကင်းစေပါသည်။ အရေပြားပေါ်တွင် ပေါက်သောအနာများ၌ အရွက်ပြုတ်ရည်ကို လိမ်းပေးပါက ပျောက်ကင်းသက်သာစေပါသည်။ 
ရေယုန်နာပေါက်ပါက အရွက်သတ္တုရည်နှင့် ပွတ်လိမ်းပေးရသည်။ 
လျှာတွင် ပူလောင်ခြင်း၊ အနာပေါက်ခြင်းများအတွက် အသီးမှအရည်ကို ငုံထွေးရည်အဖြစ် သုံးသည်။ မိခင်နို့ ထွက်စေရန်လည်း ကင်းပုံသီးကို စားသုံးကြသည်။ 


သွေးဖောက်ပြန်သောရောဂါများကိုလည်း ပျောက်ကင်းစေသည်။ အမြစ်ခေါက်မှုန့်ကို ဝမ်းနုတ်ဆေးအဖြစ် သုံးကြသည်။ အမြစ်စို သတ္တုရည်ကို ဆီးလွန်ရောဂါရှိသူများ သောက်သုံးနိုင်သည်။  အဆိပ်သင့်ခြင်း ဖြစ်က အဆိပ်ဖြေဆေးအဖစြ် တိုက်ကျွေးနိုင်ပါသည်ဟု ဖော်ပြထားသည်ကို ဖတ်ရှုမှတ်သားဖူးပါသည်။


ကျော်လင်း (B,Sc-Chem)

လေဖြတ်ခြင်း

လေဖြတ်မှုနှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံက အာရုံကြောဆေးရုံရဲ့ အတိုင်ပင်ခံ “ယိုပေါက်တက်” တွေ့ရှိချက်ထဲမှာ မြင်ရတာကတော့-
- သဘာဝကို လွန်ကဲပြီး စိတ်အာရုံ တင်းကျပ်ဖိစီးမှုများသူများ။
- အရက်သောက်စား လွန်ကြူးမှုကြောင့် သွေးတိုးဝေဒနာ ခံစားရသူများ။
- နှစ်ရက် သုံးရက် ဆက်တိုက် အိပ်ရေးပျက်လာရာက အစ သွေးတိုးရောဂါ ခံစားလာရသူများ။
- အဆီနှင့်အငန် စတဲ့ ကိုလက်စထရောကို သွေးထဲဖြစ်ပေါ်အောင် ဆောင်ကြဉ်းမယ့် အစားအသောက်မျိုး လွန်ကြူးစွာစားခြင်း၊ သွေးတိုေးစမယ့် အရာများ စားခြင်း---အစရှိသူများ
 အဲဒီလူမျိုးတွေဟာ လေဖြတ်မှုနဲ့ ကြုံဖို့ နီးစပ်နိုင်မယ်လို့ ဒေါက်တာယိုပေါက်တက်က ဆိုပါတယ်။

တနည်းအားဖြင့်-လေဖြတ်မယ့်ရောဂါကို ဝင်လာနိုင်ဖို့ တံခါးဖွင့်လှစ်ထားသလိုလည်း ရှိစေပါတယ်။ 

ဒေါက်တာယိုပေါက်တက်-ဆက်လက်တင်ပြခဲ့တာကတော့-
ဝိုင်အနီ တဖန်ခွက် ဖြစ်စေ၊ နှစ်ဖန်ခွက်ဖြစ်စေ အစာစားပြီးတိုင်း သောက်ပေးနိုင်မယ်ဆို လေဖြတ်တာကို ကာကွယ်ပေးပြီးသား ရှိစေနိုင်ပါတယ်။

မေအာရောဂျံ

ရင်မပူရအောင်

ရင်ပူခြင်းမှာ ရောဂါမဟုတ်ပါ။ ရင်ထဲတွင် ပူလောင်လာခြင်း ဖြစ်သည်။ အထူးသဖြင့် ပါးစပ်ထဲ၌ လေချဉ်တက်သကဲ့သို့ အက်စစ်အရသာမျိုး ရတတ်သည်။ ဤကဲ့သို့ ရင်ပူရင်ကယ် ဖြစ်ရခြင်းမှာ အစားအသောက်များကြောင့် အစာမကြေခြင်း၊ လေပွခြင်းများ ဖြစ်လာခြင်း ဖြစ်သည်။

ဤကဲ့သို့ ရင်ပူရခြင်းမှာ အစာအိမ်ထဲမှ အက်စစ်အချို့သည် အစာအိမ်ပြွန်ထဲသို့ ပျို့၍ လေချဉ်တက်လာခြင်း ဖြစ်သည်။ တခါတရံ အစာအိမ် အနာကြောင့်လည်း ဖြစ်နိုင်သည်။ အစာအိမ်နှင့် အစာအိမ်ပြွန်သွားရာ လမ်းကြောင်းတွင် ဖော့ဆို့ကလေးကဲ့သို့ သဘာဝအတိုင်း ဖြစ်နေသော အသားကွင်းကလေးက လုံအောင် မပိတ်ထားနိုင်သောကြောင့် ဖြစ်နိုင်သည်။ 

ဤကဲ့သို့ မဖြစ်ရအောင်---
-အစာနှင့် ပတ်သက်လျှင် ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ သခွားသီး၊ ကိတ်မုန့်များ။
-ဝိုင်အရက်၊ ဘီယာ၊ ကာဖီနှင့် ကာဗွန်နိတ်အက်စစ် များများပါသော အချိုရည်များ။
-အစားအစာကို မဝါးဘဲ မြန်မြန်မျိုချလျှင်။
-ထမင်းများများ၊ ဟင်းများများကို ဗိုက်ကယ်အောင် စားလျှင်။
-စိတ်ညစ် စိတ်လှုပ်ရှားလျှင်။
-ကိုယ်ဝန်ဆောင်လျှင်။
-သက်ကြီးရွယ်အိုများ။
-ဘတ်စ်ပရိုကဲ့သို့ ဆေးမျိုး အက်စ်ပရင်ကို သောက်လျှင်။
-အဝလွန်သူများ၊
အထက်ပါအတိုင်း မဖြစ်ရလေအောင် ကာကွယ်သင့်သည်။


တခါတရံ အစာမကြေ၊ အစာလွန်၍ ရင်ပူသည်မျိုး မဟုတ်ဘဲ အမြဲရင်ထဲပူပြီး အောင့်နေလျှင်  ဆရာဝန်နှင့်ပြသ၍ အစာအိမ်ရောဂါကို ကုသသင့်သည်။


ရင်ပူရင်ကယ်ရောဂါကို ကာကွယ်ရန်---
-အစာကို လုံးပြီး မျိုမချပါနဲ့။
-မတ်တတ်ရပ်၍ အစာမစားပါနဲ့။
-ဆေးလိပ်သောက်ကျင့်ကို ရှောင်ရန်။
-အဆီများသော သွားရည်စာများကို မစားပါနဲ့။
-ငရုတ်သီး၊ ငရုတ်ကောင်း၊ မဆလာ စသော အပူအစပ်များကို အလွန်အကျွံ မစားရန်။
-အလုပ်လုပ်လျှင် ခါးကုန်းပြီး မလုပ်ရန်။
-အိမ်သာတွင် ဝမ်းသွားသည့်အခါ အတင်းအားစိုက်ညှစ်၍ မသွားရန်။
-ဝိုင်အရက်ကို အစာနှင့် အတူ မသောက်ရန်။
-ညအိပ်ရာဝင်လျှင် ကော်ဖီ (သို့) အရက်သောက်၍ မအပိရန်။


ရင်ပူရောဂါမဖြစ်အောင် လိုက်နာရန် အချက်များမှာ---
-အစာစားလျှင် အေးအေးဆေးဆေး သက်သက်သာသာနှင့် ဖြည်းဖြည်းဝါး ဖြည်းဖြည်းစားပါ။
-အစာစားလျှင် ထိုင်၍ အေးအေးဆေးဆေး စားပါ။
-အပူအစပ်တို့ကို ရှောင်နိုင်လျှင် ကောင်းသည်။
-အစာစားလျှင် ရင်ပြည့်ရင်ကယ်အောင် မစားဘဲ လျှော့စားပါ။
-ဝမ်းမှန်မှန်သွားသောအကျင့်ကို လုပ်ပါ။
-စိတ်ညစ်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ ရင်ထဲမှာ မခံမရပ်နိုင်အောင် ဖြစ်ခြင်းတို့ကို လျှော့ပေးပါ။
-အစာစားပြီး နာရီဝက်အတွင်း သက်တောင့်သက်သာ နေပါ။
-အရက်ကို မလွန်ပါစေနဲ့။

*ဆေးဝါးကုသရန်မှာ အထက်ပါအချက်များကို လိုကနာရန် အကောင်းဆုံး ဖြစ်သည်။
*ညအိပ်ရာဝင်တွင် ရင်ထဲမှာ အနည်းငယ်ပူသလို ဖြစ်လာပါက (Antacide) အက်စစ်ကာကွယ်သည့်ဆေးကို သော်ကပါ။ မိမိကိုယ်မိမိ အဝလွန်နေသလား၊ အတော်ပဲလားဟု သတိထားပြီး ကျန်းမာအောင် နေပါ။
* အကောင်းဆုံးမှာ ဆရာဝန်နှင့် ကျန်းမာရေးဆေးခန်းများသို့ သွားရောက်ပြသရန် တိုက်တွန်းပါသည်။

ယုဝတီခင်ဦး