Thursday, October 27, 2011

ကျန်းမာနေအောင် သင် အသက်ရှူတတ်ရဲ့လား

စိတ်အာရုံပေါ် ကြောင့်ကြဖိစီးအောင် စေစားနေတဲ့ အရာတွေကို ပျောက်ကွယ်အောင်လုပ်ကိုင်နိုင်မယ့် နည်းလမ်းရှိလားလို့ မေးရင် ဒီနည်းပဲရှိမယ်လို့ ဖြေရမှာပါပဲ။
မေးစရာလေးတခု ရှိပါတယ်။ သင်အသက်ရှူတဲ့အခါ ရင်ဘတ်ထဲရောက်မယ့်အထိ လေကို ရှူသွင်းတတ်သလား၊ ဒါမှမဟုတ် ဝမ်းဗိုက်ထဲရောက်မယ့်အထိ ရှူသွင်းတတ်သလား ဆိုတာကိုပါ။

ရင်ဘတ်ထဲအထိပဲ ရှူသွင်းတယ်လို့ ဖြေကြားခဲ့ပြီဆိုရင် အသက်ရှူနည်း အလွန်အင်မတန်မှားယွင်းနေပြီလို့ ဆိုရပါလိမ့်မယ်။ အသက်ကို ဝမ်းဗိုက်ထဲရောက်တဲ့အထိ ဆက်ရှူသွင်းရမဲ့အကြောင်းကို ဒီဆောင်းပါးမှာ သက်သေပြခဲ့ပါတယ်။

 Comprehensive Cancer Care စာအုပ်ကို ရေးသားခဲ့သူ စိတ်နဲ့နွှယ်ဆက်သော ရုပ်ခန္ဓာကျန်းမာရေးဆိုင်ရာ ဝါရှင်တန်မြို့က ဆေးရုံကြီးရဲ့ ဆရာဝန်ဖြစ်သူ ဂျိမ်း(စ်)ဂေါ်ဒွင်ဟာ အသက်ရှူရှိုက်နည်းစနစ်တွေကို သူ့လူနာတွေအပေါ် ကျကျနနသင်ပေးခဲ့ဖူးသူပါပဲ။ သူ့ဆေးရုံမှာ အမြင့်ဆုံးကင်ဆာရောဂါကနေ အနိမ့်ဆုံး ကျောင်းသားအရွယ်ကလေးတို့ရဲ့ အာရုံစူးစိုက်မှု ချွတ်ယွင်းတဲ့ဝေဒနာ ခံစားနေရသူတွေအထိ ပါဝင်နေကြတာကို တွေ့ရပါလိမ့်မယ်။ သူ့ထံ ခိုလှုံနေသူတွေထဲမှာ ကိုဆိုဗိုစစ်ဘေးဒုက္ခသည်စခန်းက လူတွေလည်း ပါဝင်နေပါသေးတယ်။ ပြီးတော့ ရောဂါပြဿနာတွေကို ဖြေရှင်းပေးနေတဲ့ ကုစားမှုဝန်ထမ်းတွေလည်း သူ့သင်တန်းဆီ လာတက်ကြသေးတယ်။


“ခင်ဗျားတို့ အသက်ရှူသွင်းလိုက်တဲ့အခါတိုင်း အဆုတ်အောက်အထိ လေရောက်နိုင်မယ်ဆိုရင် ကျန်းမာရေးကို ပိုအကျိုးပြုနိုင်ပါလိမ့်မယ်။ အဆုတ်အောက်ရောက်မှ ရှူသွင်းလိုက်တဲ့ အောက်စီဂျင်လေဟာ ပိုမိုထိရောက်စွာနဲ့ ကောင်းမွန်တဲ့ဘက်ကို ကူးပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း
လျော့ပါးသွားမယ်။ သွေးတိုးနှုန်းသက်သာလာမယ်၊ ကြွက်သားစိုင်တွေ ဖြေလျှော့မှုရမယ်၊ စိုးရိမ်စိတ်တွေကွင်းကွာပြီး စိတ်တည်ငြိမ်မှု ကောင်းစွာရလာမယ်” ဒါက ဂျိမ်း(စ်)ဂေါ်ဒွင်ရဲ့ သင်ကြားမှုပါပဲ။


ကလေးလို အသက်ရှူပါ---
လူတိုင်း လူတိုင်း အသက်ရှူတတ်တဲ့အသိတော့ ရှိပါမယ်။ သို့သော် စိတ်နဲ့နွယ်သောရုပ်ခန္ဓာ ကျန်းမာမှုဆေးရုံက ဆရာဝန်ကြီးဂေါ်ဒွင်နဲ့ ဆေးဖက်ကျွမ်းကျင်သူတွေကတော့ အသက်ကို နည်းစနစ်တကျရှူရှိုက်တတ်သူတွေဟာ အနည်းငယ်လောက်ပဲ ရှိလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။
ကောင်းစွာအသက်မရှူရှိုက်တတ်သူတွေဟာ ရင်ဘတ်အထိပဲ လေကို ရှူသွင်းပြီး ချက်ချင်းပဲ ပြန်ရှိုက်ထုတ်တတ်မယ်။ ဒါကိုပဲ အသက်ရှူသင်ကြားပြီးသလိုပဲ အဟုတ်ကြီး မှတ်ယူနေကြသေးတယ်။


ဒီလို အသက်ကို ခန္ဓာထဲ တိမ်တိမ်ရှူသွင်းတတ်သူတွေဟာ တရစပ်တိုက်ခိုက်နေတတ်မယ့် ကြောင့်ကြဖိစီး စိတ်တွေကို ထွေပြားစွာခံစားနေရတတ်မယ်။ ကြွက်သားတွေ အစဉ်အမြဲ တင်းမာနေတတ်မယ်။ ခန္ဓာကိုယ်ထဲကနေ သွေးတွေ အဆက်မပြတ်ထွက်နေတတ်မယ်။ ရင်ဘတ်နဲ့ အသက်ရှူရှိုက်နေသူတွေဟာ အဆုတ်ရဲ့အပေါ်ပိုင်းလောက်ထိပဲ လေကို ရှူသွင်းလေ့ရှိပါတယ်။ ဂီတသမား၊ အဆိုကျော်နဲ့ အားကစားသမားတွေသာ ဗိုက်ထဲရောက်မယ့်အထိ လေကို ပြည့်ပြည့်ဝဝနဲ့ လေးလေးနက်နက် ရှိုက်သွင်းကြမှုရဲ့ အကျိုးကျေးဇူးကို ကောင်းစွာသဘောပေါက်ကြသူတွေလို့ ကောက်ချက်ချရင် မှားမယ်မထင်ဘူး။


“ကလေးသူငယ်တယောက်ကို ကြုံလို့အသက်ရှူရှိုက်နေပုံကို သတိထားလေ့လာကြည့်လိုက်ပါ”လို့ ဂျိမ်း(စ်)ဂေါ်ဒွင်က ပြောပါတယ်။
သူတို့လေးတွေရဲ့ဗိုက်ဟာ အပေါ်ကို ဖောင်းတက်လာလိုက်၊ အောက်ပြန်ပိန်ကျလိုက်နဲ့ ဖြည်းဖြည်းနက်နက် ရှူနေတတ်တာမျိုးကို သင်မုချတွေ့ရလိမ့်မယ်။
လူဟာ တစထက်တစ အသက်အရွယ်ရနေတာနဲ့အမျှပဲ အသက်ရှူတာ တိမ်လာတတ်မှာဖြစ်တယ်။ ရင်ဘတ်အရှူသာပဲ အဖြစ်များနေပါမယ်။ ရင်ဘတ်အရှူကြောင့်လည်း စိတ်ဖိစီးမှုအသွယ်သွယ်၊ အဖုံဖုံတို့ကို ခန္ဓာကိုယ်တွင်းက ပိုမိုစေစားနေပါတော့မယ်။


အရီဇိုးနားပြည်နယ်၊ ပရော်ဖက်ဆာများ ပေါင်းစုံရာ ဆေးပညာပရိုဂရမ်ဌာနက ဒေါက်တာအင်ဒရူးဝဲလ်ဟာ သူ့လူနာတွေကို အသက်ရှူရှိုက်မှုစနစ်တွေ သင်ကြားပေးပြီး ကုစားဖို့ လုပ်ခဲ့ပါတယ်။
အသက်ရှူရှိုက်တဲ့ နည်းစနစ်တခုသာပဲ ရောဂါအမျိုးမျိုးပေါ် အမှတ်ထားလောက်အောင် ကိုင်တွယ်ချုပ်ထိန်း
နိုင်ခဲ့တာကို ကျွန်တော်သတိပြုမိခဲ့တယ်လေ။ သွေးတိုးကျဆင်းစေမယ်၊ အစာအိမ်ထဲက အစာတွေကို ခပ်ကြာကြာ ကြေအောင်ချက်ပေးနိုင်မယ် စိုးရိမ်ကြောင့်ကြတတ်တဲ့ လက္ခဏာတွေကို ချုပ်ငြိမ်းပေးပါတယ်။ စိတ်တည်ငြိမ်ဆေးတွေ စွန့်လွတ်ရတဲ့အထိ အကျိုးပြုပါတယ်။ အိပ်ပျော်မှုကို အထောက်အကူပြုပြီး
သွေးလည်ပတ်မှုကို မှန်ကန်စေလာပါတယ်-လို့ ဆေးရုံအုပ်ကြီးဖြစ်တဲ့ ဒေါက်တာအင်ဒရူးက တင်ပြခဲ့ပါတယ်။

ဒါတင်မကသေးဘဲ သိစိတ်နဲ့ မသိစိတ်တို့ရဲ့ ဆောင်ရွက်မှုတွေပါ အသက်ရှူစနစ်တွေက အကျိုးသက်ရောက်ပေးတတ်မယ်။ အာရုံကြောစနစ်တွေပေါ် အသုံးပြုမှုနဲ့ အလိုလိုဆောင်ရွက်မှုတွေ ရှိတဲ့ပေါ်ကိုပါ ပတ်သက်တတ်ပါမယ်။ ကြွက်သားနဲ့ဆိုင်တဲ့စနစ်တွေကို အသက်ရှူရှိုက်မှုကပဲ ချုပ်ကိုင်ပြီး ဖြေလျှော့ပေးတတ်ပါမယ်-လို့ ဆိုတယ်။

အိန္ဒိယနိုင်ငံက ဟိန္ဒူလူမျိုးတွေဟာ ဟိုးနှစ်ပေါင်းများစွာ ကြာကတည်းကပဲ ယောဂကျင့်စဉ် အမည်နာမနဲ့အတူ အသက်ရှူရှိုက်တဲ့စနစ်တွေကို သင်ကြားခဲ့တာဟာ မျက်မှောက်ကာလအထိပါပဲ။

ဖိစီးမှုကို နှိပ်ကွပ်နိုင်မယ့် လက်နက်ကောင်း---
အသက် ၄၀-အရွယ်အကျော် အဝတိုက်ဖျက်နည်း-ဆိုတဲ့ ကိုယ်လေးချိန်လျှော့နည်းစာအုပ် ပြုစုခဲ့သူ
မေရီလင်းတက္ကသိုလ် ဆေးပညာဌာနက အကူပါမောက္ခတဦးဖြစ်သူ ပါမယ်လာပီကီ-ဟာ သူမရဲ့လူနာတွေကို အသက်ရှူလေ့ကျင့်ခန်းတွေကိုသာ အဓိကဘာသာအဖြစ် သင်ကြားလေ့ကျင့်ခဲ့ပါတယ်။ သူမဟာ လူနာတွေကို အပြင်ဘက်တွေဆီ လမ်းလျှောက်ခေါ်သွားရာက အပြောနဲ့ လက်တွေ့သင်ကြားပေးတတ်တယ်။ လမ်းလျှောက်ရင်း အသက်ရှူမှန်ကန်စေအောင် လေ့ကျင့်ပေးတာမျိုးပါ။

အသက်တိမ်တိမ် ရှူတဲ့အခါတိုင်း ဒီလူနာတွေဟာ လမ်းတောင် ကောင်းကောင်းဖြောင့်အောင် မလျှောက်နိုင်တော့တာကို ကျွန်မ သတိပြုမိတယ်လို့ ပါမယ်လာပီကီ-က ဆိုတယ်။

ဘဝတလျှောက်လုံး မျက်ကလဲဆန်ပျာ ဖြစ်ရတဲ့အကြောင်းတွေကို လူတိုင်းနီးပါး ကြုံဆုံရမြဲရှိပါမယ်။ ဖိစီးမှု အကြောင်းအရာတွေကြောင့် ဟော်မုန်းအဆိပ်အတောက်တွေ ကိုယ်ပေါ်မှာ ပျံ့သက်တတ်ပြီး
သွေးစက်ဝန်းလည်ပတ်မှု နည်းလာတာနဲ့အမျှ အဆီဖုံးတတ်ရမယ့် ပြဿနာမျိုးစုံ တနည်းနည်းနဲ့ ပတ်သက်လာရတတ်ပါမယ်။ ဒါတွေ ပျောက်ကွယ်သွားဖို့ရာ တုံ့ပြန်မှု၊ တိုက်ခိုက်မှု မလုပ်ပေးသရွေ့ ကိုယ်လေးချိန် အဝတိုးရမယ့်ဒုက္ခတွေ ရှိလာစေတတ်ပါမယ်။ ဒီအတွက် အကူပါမောက္ခ ပါမယ်လာပီကီ-က လူတိုင်း အသက်ရှူမှန်ကန်အောင် ကြိုးစားကြဖို့ရာ ဆော်သြရင်း တိုက်ကျိတို၊ ယောဂတို့
လေ့ကျင့်ခိုင်းခဲ့ပါတယ်။

တချို့ တချို့သော သားဖွားမှုဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာလည်း မွေးဖွားမှုလွယ်ကူစေအောင် အသက်ရှူရှိုက်တဲ့လေ့ကျင့်ခန်းစနစ်တွေ သင်ကြားပို့ချပေးနေတယ်လို့ သိရပါတယ်။ ဒု(ခ်)တက္ကသိုလ် ဆေးပညာဌာနက ဆေးရုံသူနာပြု ဂျုံဆက်စကီဗစ်ဟာ ကင်ဆာ နှလုံးနဲ့ အဆုတ်မူမမှန်မှု ခံစားရသူဝေဒနာရှင်ပေါင်း (၁၈၀၀၀)ကျော်တို့ကို (၁၉၉၀)ပြည့်နှစ်ကတည်းက စတင်ပြီး ဝမ်းဗိုက်နဲ့ အသက်ရှူရှိုက်ခြင်းစနစ်တွေကို တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

ဝမ်းဗိုက်အသက်ရှူရှိုက်မှု လေ့ကျင့်ခန်းကို အင်္ဂလိပ်လို Belly Breathing လို့ခေါ်ဆိုတယ်။ ဒီလေ့ကျင့်ခန်းကြောင့် သွေးဆုံးချိန်ကြုံရတဲ့ အမျိုးသမီးတွေရဲ့ အပူပက်ဖျန်းခြင်း ဖြစ်ရပ်တွေကိုလည်း (၅၀)ရာခိုင်နှုန်းအထိ သက်သာစေခဲ့ရတယ်လို့ ဆိုတယ်။

ဝမ်းဗိုက် အသက်ရှူရှိုက်နည်းစနစ်များ---
(၁) ကြမ်းပေါ်မှာ ကျောခင်းအိပ်ပြီး ဗိုက်ပေါ်မှာ စာအုပ်တအုပ်တင်ထားလိုက်ပါ။ ဝမ်းဗိုက်ကြွက်သားတွေကို
ဖြေလျှော့ကာ စာအုပ်မြင့်တက်လာတဲ့အထိ ဝမ်းဗိုက်အပြည့်အဝ အသက်ရှူသွင်းလိုက်ပါ။ သင်ရှူသွင်းပြီးသား လေတွေ ပြန်ရှိုက်ထုတ်တဲ့အခါ မြင့်နေတဲ့ဝမ်းဗိုက်ဟာ ကျပြီး စာအုပ်ပါ နိမ့်ဆင်းသွားလိမ့်မယ်။ ဒီလေ့ကျင့်နည်းနဲ့ပဲ ရင်ဘတ် အသက်ရှူတဲ့အလေ့အထ ပျောက်ကွယ်အောင်
ပြုပြင်ရမှာ ဖြစ်တယ်။

(၂) ထိုင်ပြီးလေ့ကျင့်တဲ့အခါ လက်တဖက်ကို ရင်ဘတ်ပေါ်ထိကိုင်ရင်း ကျန်တဲ့လက်တဖက်ကို ဗိုက်မှာထိထားပါ။ ဗိုက်ထဲထိ ရောက်အောင် လေကို နက်စွာ ဖြည်းဖြည်းချင်း ရှူသွင်းတဲ့အခါ ဗိုက်သား ဖောင်းလာပြီး ရင်ဘတ်ကျတော့ ပုံမှန်ပဲရှိနေလိမ့်မယ်။ အသက်ရှူသွင်းတဲ့အခါ ပါးစပ်နဲ့ ရှူသွင်းလို့ ရပေမယ့် နှခါင်းပေါက်နဲ့ ရှူသွင်းတာသာ ပိုကောင်းမွန်ပါမယ်။ ဗိုက်ပြည့်ဝအောင် ရှူသွင်းမယ့်အကျင့်တခု ရလာတာနဲ့အမျှပဲ အသက်ရှူရမှာကိုပါ မွေ့လျော်လာနိုင်ပါမယ်။

(၃) စာပွဲတင် နာရီတလုံး အနားမှာ ထားရမယ်။ ၅-စက္ကန့် ရှူသွင်းပြီး ၅-စက္ကန့် ရှူထုတ်ရမယ့် လေ့ကျင့်မှုကို နာရီလက်တံကြည့်ပြီး ပြုလုပ်နိုင်ရင် ပိုကောင်းမွန်မယ်။ ဒါမှမဟုတ်-၅-ကြိမ်ရှူသွင်း၊ ၅-ကြိမ်ရှူထုတ်တာကို ရေတွက်ပြုလုပ်ရမယ်။

အဲဒီလေ့ကျင့်ခန်းတွေကို အိပ်ရာမဝင်မီ တကြိမ်၊ အိပ်ရာထစဉ် တကြိမ်နဲ့ အာရုံဖိစီးလာချိန်တိုင်း မကြာခဏ ပြုလုပ်ပေးနိုင်ရမယ်။

သက်နှင်းပွင့်ဦး
Ref: Right Under Your Nose.
(ဂမ္ဘီရ ၂၀၀၈-၉)

Wednesday, October 26, 2011

အသားစားသုံးခြင်းနှင့် ကင်ဆာရောဂါ ဆက်နွှယ်နေမှု

သိပ္ပံနည်းကျ လေ့လာတွေ့ရှိမှုများ၏ ဖော်ပြချက်အရ တာရှည်ခံအောင် ပြုပြင်စီရင်ထားသည့်အသားများကို စားသုံးခြင်းသည် ကင်ဆာရောဂါဖြစ်နိုင်ခြေကို (၃၀)ရာခိုင်နှုန်း တိုးတက်များပြားလာစေသည်ဟု ဆိုပါသည်။ အသားနှင့် အသားထွက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများက ထိုတွေ့ရှိချက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တုံ့ပြန်ခဲ့ကြပါသည်။

ကမ္ဘာ့ ကင်ဆာသုတေသန ရန်ပုံငွေအဖွဲ့ World Cancer Research fund (WCRF) နှင့် American Institute for Cancer Research တို့က ပြုလုပ်ခဲ့သော သုတေသန (၇၀၀၀)၏ တွေ့ရှိချက်များမှာ ပြည့်စုံလှသဖြင့် အထောက်အထား ခိုင်မာနေပါသည်။

အသားအစိမ်းနှင့် တာရှည်ခံအောင်  ပြုပြင်စီရင်ထားသော အသားများသည် အချို့သော ကင်ဆာရောဂါ ဖြစ်နိုင်ချေကို တိုးပွားစေသည်ဟု သိပ္ပံပညာရှင်များက ကောက်ချက်ချခဲ့ကြသည်။ အမဲသား၊ သိုးသား၊ ဆိတ်သား စသောအသားများကို ချက်ပြုတ်မစားဘဲ အစိမ်းသာ စာေးလ့ရှိသောလူများသည် တပတ်လျှင် (၅၀၀)ဂရမ်ထက်နည်းသော အသားကိုသာ စားသင့်သည်ဟု အကြံပေးကြသည်။ သူတို့၏ အကြုံ့ချက်မှာ အသားလုံးဝမပါဘဲစားရန် (သို့မဟုတ်) တိရစ္ဆာန်ထွက်ပစ္စည်း လုံးဝမပါသော သက်သတ်လွတ်စားရန် တိုကတွန်းခြင်းတဟုတ်ကြောင်း အလေးအနက် ထပ်မံဖော်ပြထားပါသည်။ တနည်းအားဖြင့်ပြောရလျှင် “အသားစားချင်ရင် စားပါ၊ ဒါပေမဲ့ နည်းနည်းလေးသာ စားပါ”ဟု ဆိုလိုသည်။

Uk's food Standards Agency မှ သိပ္ပံပညာရှင် အကြီးအကဲတဦးဖြစ်သူ Andrew Wadge က ကင်ဆာသုတေသနပြုလုပ်ရင်း အစားအစာစားသုံးမှုနှင့် ဆက်နွှယ်နေသည့် တွေ့ရှိချက်များကို ဖော်ပြခဲ့ပါသည်။
“လူအများစုဟာ သိပ္ပံပညာရှင်တွေရဲ့ တွေပရှိချက်တွေကို အလွယ်တကူ လျစ်လျူရှုပြီး သူတို့စားသောက်နေကျ အလေ့အကျင့်အတိုင်းပဲ ဆက်လက်စားသောက်နေလေ့ရှိပါတယ်။ ဒါဟာ ရှက်စရာပါ။ ဘာဖြစ်လို့လဲဆိုောတ့ ရောဂါဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ လျာ့ပါးဖို့၊ နေ့စဉ်စားသုံးတဲ့ အစားအစာကို ကျန်းမာရေးနဲ့ လိုက်လျောညီထွေအောင် တိုးတက်ပြောင်းလဲဖို့ အလွယ်ကူဆုံးခြေလှမ်းတွေကိုတောင် မလုပ်နိုင်ကြလို့ပါ”ဟု ရေးသားခဲ့ပါသည်။


ကျွန်တော်ကိုယ်တိုင်လည်း အသားများများ စားရမှ ကျေနပ်တဲ့သူမို့ ကျွန်တော့်သူငယ်ချင်း ပြင်သစ်တွေက Mr. Barbeque လို့ နောက်ပြောင်ခေါ်ဝေါ်ကြသေးတယ်။ သက်သတ်လွတ်မစားတဲ့ ကျွန်တော်တို့လို လူအများစုဟာ အသားနည်းနည်းလေးပဲ စားသုံးဖိုပပေးတဲ့ အကြံဉာဏ်ကို လိုက်နာဖို့ ခက်ခဲပင်ပန်းလှပါတယ်”ဟု Food Production အယ်ဒီတာ Ahmed ElAmin က ဆိုပါသည်။


အစားအစာကို တာရှည်ခံအောင်၊ အသင့်စားသုံး၍ ရအောင် ပြုပြင်စီရင်ထားသော Processed Food များသည် ယခုခေတ် နေ့စဉ်သုံး အစားအစာများ၏ တစိတ်တဒေသအဖြစ် ပါဝင်နေပါသည်။ လတ်ဆတ်သောအစားအစာများ အဆီထုတ်ပြီးချက်ထားသော အစားအသောက်များသည်ကျန်းမာရေးအတွက် သင့်လျော်သောအစာဟု မည်မျှဆိုကြသော်လည်း Processed Food ကို နှစ်သက်ခငြ်းကို ခေတ်၏သရုပ်ကို ဖော်ပြသည်။ 

သို့သော် ကျွန်ုပ်တို့ သတိရသင့်သောအချက်မှာ တာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများသည် ကမ္ဘာစစ်ကာလ၊ အရေးပေါ်အခြေအနေကာလ၊ သဘာယဘေးအန္တရာယ် ကျရောက်သောကာလတို့တွင် လူပေါင်းများစွာတို့၏ အသက်ကို ကယ်တင်ပေးခဲ့နိုင်ကြောင်းပင် ဖြစ်သည်။ အိမ်မှာ ကိုယ်တိုင်ချက်ပြုတ် ထားသော အစားအစာတို့ထက် ဈေးကွက်တင် အသင့်စားသုံးနိုင်သည့် အစားအစာတို့က ပိုမိုအရသာရှိကာ နှစ်ခြိုက်ဖွယ်ကောင်းသောကြောင့် ထိုအစာမျိုးသည် ဈေးကွက်ထဲမှာ တရိပ်ရိပ်တိုးတက်လာခဲ့သည်။  


အမှန်စင်စစ်အားဖြင့် ကင်ဆာသုတေသနပြုလုပ်ခြင်းသည် အသားထွက်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍ၏ စီးပွားရေးကို ထိခိုက်အောင် ရည်ရွယ်၍ပြုလုပ်ခြင်းမျိုး မဟုတ်ခဲ့ပါ။ သို့ဖြစ်ပါလျက် မြောက်အမေရိကနှင့် ဥရောပရှိ အသားထုတ်လုပ်သူများက ကင်ဆာသုတေသနအဖွဲ့ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြလေသည်။


American Meat Institute ကလည်း သုတေသနတွေ့ရှိချက်များမှာ အစွန်းရောက်လွန်းပြီး လုံးဝမှားယွင်းသည်ဟု ပြောကြားခဲ့သည်။ ကင်ဆာအဖွဲ့အစည်းသည် အသားစားမှုဆန့်ကျင်ရေးကို ပထမဦါ်စားပေး လုပ်နေသည့်ဟု စွဲချက်တင်ကြသည်း။ WCRF ရဲပ သုံးသပ်ချက်တွေဟာ အစွန်းရောက်လွန်းပါတယ်။ မျှတတဲ့ အစားအစာဖြစ်ဖို့ အခြေခံအချက်တွေကနေ ကင်းလွတ်နေတယ်-ဟု American Meat Institute မှ သိပ္ပံပညာရှင် Randy Huffman က ပြောကြားပါသည်။


မျှတသော နေ့စဉ်အစားအစာအတွက် လမ်းညွှန်ချက်များသည် သိပ္ပံပညာရှင်များ၏ တွေ့ရှိမှုအပေးတွင်သာ အခြေခံထားသည် မဟုတ်ပါလော။ UK ရှိ အသားထုတ်လုပ်ရေးအဖွဲ့အစည်းများကမူ အစားအစာအတွက် လမ်းညွှန်ချက်များကို ကိုးကားလျက် Processed Food များသည် မျှတသော နေ့စဉ်အစားအစာထဲမှာ ပါသည်ဟု ခေတ်မီသောလေသံဖြင့် ကြော်ငြာကြပါသည်။ ထို့ကြောင့် ကင်ဆာရောဂါသုတေသန အဖွဲ့ကြီး၏ “ကင်ဆာရောဂါနည်းပါးဖို့ အသားနည်းနည်းသာ စားကြပါစို့”ဟူသော ဖော်ပြချက်မှာ မှေးမှိန်နေရပါသည်။


ဒေါက်တာခင်စန်းမော်
(ဂမ္ဘီရ ၂၀၀၈-၉)

သွေးတိုးအတွက် လူလည်း ကျန်းမာ, ငွေလည်း သက်သာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေး ပညာနှင့်ပတ်သက်၍ ပညာပေးထားသော လူလည်းကျန်းမာ၊ ငွေလည်းသက်သာ ဆိုသော အားထားဖွယ်ရာ တိုင်းရင်းဆေးပညာအကြောင်းကို အများအကျိုးအတွက် ဆေးပညာဒါနပြုလိုက်ပါသည်။ လူကြီးလူရွယ်မရွေး ယခုအခါ အဖြစ်များသည့်ရောဂါမှာ သွေးတိုးရောဂါဖြစ်သည်။ သွေးတိုးရောဂါ ကြာရှည်ဖြစ်နေပါက
လေဖြတ်ခြင်း နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါကို ဖြစ်တတ်သည်။

သွေးတိုးရောဂါ-ဟူသည်---
အပေါ်သွေးပေါင်ချိန်(၁၆၀)မီလီမီတာ ပြဒါးနှင့် အောက်သွေးပေါင်ချိန်(၉၅)မီလီမီတာ ပြဒါးအထက် တောက်လျှောက်ဖြစ်စေ၊ အချိန်ကြာမြင့်စွာ မြင့်တက်ခြင်းကို သွေးတိုးရောဂါ-ဟု ခေါ်သည်။

သွေးတိုးရောဂါ ဖြစ်တတ်သူ---
သွေးတိုးရောဂါသည် အဝလွန်သူ၊ မျိုးရိုး၌ သွေးတိုးရှိသူ၊ အဆီအဆိမ့် အချိုနှင့် အငန်အရသာရှိသော အစားအစာများကို အလွန်စားသောက်သူ၊ ဆေးလိပ်သောက်သူ၊ အရက်သောက်သူများနှင့်
ကျောက်ကပ်ရောဂါ၊ ဆီးရောဂါရှိသူများ၌ ဖြစ်တတ်သည်။


သွေးတိုးရောဂါလက္ခဏာများ---
သွေတိုးရောဂါလက္ခဏာများမှာ အပေါ်သွေး ပေါင်ချိန်(၁၆၀)မီလီမီတာ ပြဒါးနှင့်
အောက်သွေးပေါင်ချိန်(၉၅)မီလီမီတာ ပြဒါးအထက် သွေးပေါင်ချိန် မြင့်တက်ခြင်း၊ ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်း၊ အကြောတပ်ခြင်းတို့ ဖြစ်သည်။


သွေးတိုးရောဂါကို တိုင်းရင်းဆေးဖက်ဝင် အပင်များဖြင့် ကာကွယ်ကုသခြင်း---
(၁) ဒန့်သလွန်ရွက် သတ္တုရည် ဟင်းစားဇွန်း(၂)ဇွန်း၊ တနေ့ ၃-ကြိမ် သောက်ပါ။
(သတ္တုရည်ဆိုသည်မှာ ထုထောင်းကြိတ်ညှစ်၍ ရရှိသောအရည် ဖြစ်သည်)။
(၂) ဧကရာဇ်ရွက် သတ္တုရည် ဟင်းစားဇွန်း(၂)ဇွန်း၊ တနေ့ ၃-ကြိမ်သောက်ပါ။ 
(သို့မဟုတ်) ဧကရာဇ်အမြစ်ကို ရေဖြင့်သွေး၍ တခါသောက်လျှင် ဟင်းစားဇွန်း ၁-ဇွန်း၊ တနေ့ ၃-ကြိမ် သောက်ပါ။
(၃) သံပုရာသီးတလုံးကို ထက်ခြမ်းခွဲ၍ ရေနွေးကျွက်ကျွက်ဆူ တဖန်ခွက်တွင် တနာရီခန့် စိမ်ပြီး သောက်ပါ။
(၄) ကြက်သွန်ဖြူ (၃-၄)မြွှာကို ထမင်းစားတိုင်း စားပါ။ 
(သို့မဟုတ်) ဥတလုံး ကြက်သွန်ဖြူကို နေ့စဉ် စားပါ။


သွေးတိုးရောဂါရှင်များ လိုက်နာရန်---
* အချို၊ အဆိမ့်၊ အငန်၊ အဆီနှင့် ဆီပါသော အစားအစာများ အလွန်အကျူး စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
* အရက်၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
* စိုးရိမ်သောက ကင်းဝေးပါစေ။
* ကိုလက်လေ့ကျင့်ခန်း နေ့စဉ်မှန်မှန်ပြုလုပ်ပါ။
* အနည်းဆုံး တနေ့ နာရီဝက်ခန့် လမ်းလျှောက်ပါ။
* သွေးပေါင် မှန်မှန်ချိန်ပါ။


ဥက္ကာကျော်(ပုသိမ်)
ကိုးကား။ ။ သိမှတ်ဖွယ်ရာ တိုင်းရင်းဆေးပညာ။


(ဂမ္ဘီရ ၂၀၀၈-၉)

Tuesday, October 25, 2011

ရသေ့ကြီး ဦးခန္တီ နှင့် စန္ဒာမုနိ ကျောက်စာတော်

နှုတ်တရာ စာတစ်လုံး ဆိုသည့်စကားသည် သိပ်ကို ထိရောက်မှန်ကန်လှပေသည်။
အချို့သော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့သည် အနာဂါတ်အတွက် အမြော်အမြင်ကြီးစွာနဲ့
ကျောက်ထက်အက္ခရာ၊ ပေထက်အက္ခရာ တင်ထားခဲ့ကြသည်။ ခေတ်အမြင်ရှိသူများက ယင်းကျောက်ထက်အက္ခရာ၊ ပေထက်အက္ခရာများမှတဆင့် ပုံနှိပ်အက္ခရာ၊ ကွန်ပျူတာစာစီများအဖြစ် မှတ်တမ်းမှတ်ရာ ပြုထားကြပြန်သည်။ ကျေးဇူးကြီးလှပေသည်။ ယင်းကျေးဇူးရှင်တွေထဲတွင် ရသေ့ကြီး ဦးခန္တီသည် ထိပ်ဆုံးက ပါဝင်လေသည်။ မြန်မာပြည်မှာ ကျောက်စာရှိသင့်သလောက် ရှိပါသည်။ သို့သော် သာသနာဖွံ့ဖြိုးမှုများစွာရှိသော မြန်မာနိုင်ငံအဖို့ ကျောက်စာတွေ နည်းနေပါသေးသည်။ ပိဋကတ်သုံးပုံနှင့် အဋ္ဌကထာကျောက်စာတည်ရှိရာမြို့များမှာ---


(၁) မန္တလေးမြို့ ကုသိုလ်တော်ဘုရားအတွင်း (၁၂၂၂)ခုနှစ်၊ ကျောက်ချပ်ရေ (၇၂၉)။
(၂) ရန်ကုန်မြို့ ကျိုက္ကဆံဘုရားအနီး (၁၂၆၉)ခုနှစ်၊ ကျောက်ချပ်ရေ (၉၅)။
(၃) ရေနံချောင်းမြို့ ကျောက်စာရုံကျောင်းတိုက် (၁၂၇၄)ခုနှစ်၊ ကျောက်ချပ်ရေ (၄၅၁)။
(၄) မိတ္ထီလာမြို့ ထီးသုံးဆင့်ဘုရား (၁၂၇၇)ခုနှစ်၊ ကျောက်ချပ်ရေ (၅၉၇)။
(၅) ဓနုဖြူမြို့ ပြည်လုံးချမ်းသာဘုရားကြီးအတွင်း (၁၂၇၉)ခုနှစ်၊ ကျောက်ချပ်ရေ (၃၉၉)။
(၆) သထုံမြို့ ရွှေစာရံဘုရားဘုရားကြီးအတွင်း (၁၂၈၃)ခုနှစ်၊ ကျောက်ချပ်ရေ (၁၁၇၀)။
(၇) အဖျောက်မြို့ လောကမာရ်အောင်ဘုရားကြီးအတွင်း (၁၂၈၆)ခုနှစ်၊ ကျောက်ချပ်ရေ (၇၂၀)။
(၈) မင်းကင်မြို့ ရွှေဘုံသာကျောက်စာဘုရား (၁၂၈၇)ခုနှစ်၊ ကျောက်ချပ်ရေ (၁၇၁)။
(၉) မင်းရွာကန်ကြီးကုန်းကျောင်း သုံးခွမြို့နယ် (၁၂၈၇)ခုနှစ်၊ ကျောက်ချပ်ရေ (၁၅၄)။
(၁၀) ညောင်ရမ်းရွာ ရွှေမုဋ္ဌောဘုရားအတွင်း သာစည်မြို့နယ် (၁၂၈၉)ခုနှစ်၊ ကျောက်ချပ်ရေ (၅၁၆)။
(၁၁) ဟင်္သာတမြို့ ၁၀-ထပ်ကြီးဘုရားအတွင်း (၁၂၉၀)ပြည့်နှစ်၊ ကျောက်ချပ်ရေ (၄၅)။
(၁၂) ကြံခင်းမြို့ ၁၀-ထပ်ကြီးဘုရားအတွင်း (၁၂၉၀)ခုနှစ်၊ ကျောက်ချပ်ရေ (၃၆၇)။
(၁၃) သဲတောမြို့ ကိုးထောင်ပြည့်ဘုရားအတွင်း (၁၂၉၅)ခုနှစ်၊ ကျောက်ချပ်ရေ (၅၁၀)။
(၁၄) ဘုရားစုရွာဦးကျောင်း ဝမ်းတွင်းမြို့ (၁၃၀၁)ခုနှစ်၊ ကျောက်ချပ်ရေ (၁၁၀)။
(၁၅) ရန်ကုန်မြို့ ကန်ဘဲ့ ပဉ္စနိကာယကျောင်းတိုက် (၁၃၃၉)ခုနှစ်၊ ကျောက်ချက်ရေ (၁၀၀၅)။
(၁၆) မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေ (မဟာဗုဒ္ဓဝင် ၇၂၀)သည် သုတ္တန်(၉၉၀)တွင်ပါသည်၊ (၁၃၄၂)ခုနှစ် ကျောက်ချပ်ရေ (၁၀၈၀)။
(၁၇) ပဲခူးမြို့ ရွှေသာလျောင်းဘုရားအတွင်း ခုနှစ်မသိရ၊ ကျောက်ချပ်ရေ (၅၈)။


ကျောက်စာတွေက ဤမျှမကပါ၊ လယ်တီကျောက်စာချပ်ရေဆိုလျှင် (၈၀၆)ချပ်၊ အမရပူရမြို့၊ မိုးကုတ်ဆရာတော်ဘုရားကြီး တရားကျောက်စာ (၂၉)ချပ်၊ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာတွင်
ကျောက်ချပ်ရေ(၄၃၆)ချပ်ရှိကြောင်း လက်လှမ်းမီသလောက် သိရှိရသည်။ ယခု မိမိရေးသားတင်ပြလိုသည်မှာ မန္တလေးမြို့ စန္ဒာမုနိဘုရားအတွင်းက ကျောက်စာများဖြစ်သည်။ စန္ဒာမုနိဘုရားကို ကောဇာသက္ကရာဇ် (၁၂၂၉)ခုနှစ်၊ နယုန်လတွင် နန်းမြေဘုံသာစံနန်းတော်ဆောင်ကို ဖျက်သိမ်းပြီး အိမ်ရှေ့မင်း၏အလောင်းကို သင်္ဂြိုဟ်ရန် အုတ်ဂူအနီး မင်းသား(၄)ပါးကို သင်္ဂြိုဟ်ရန် အုတ်ဂူတည်ပြီးလျှင် မင်းသား(၄)ပါးတို့၏အလောင်း တို့ကို ခေါင်းနှင့်တကွ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ ၄င်းဂူ၏ အရှေ့နှစ်တောင်ကွာတွင် စန္ဒာမုနိကိန်းဝပ်ရန် အုတ်ပလ္လင်ခံ၍ ၄င်းအပေါ် မင်းတုန်းမင်းတရားကြီးက အုတ်ရိုးစေတီတည်ထားစေပြီး ဘုရားဘွဲ့တော်ကို နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရားဟု သမုတ်တော်မူခဲ့သည်။
(ဝန်ထောက် ဦးမောင်မောင်တင် K.S.M.A.T.M) ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယတွဲ-စာ ၃၅၅-၃၅၆)


မင်းလေးပါးဆိုတာ မြင်ကွင်းမြင်းခုန်တိုင် သူပုန်အထမှာ ကျဆုံးခဲ့သည့် အိမ်ရှေ့မင်း ကနောင်မင်းသား၊ သားတော် မလွန်မင်းသား၊ ပြင်စည်မင်းသားနှင့် စကုမင်းသားတို့ ဖြစ်သည်။ 
စန္ဒာမုနိစေတီတော်သည် ပထမဆုံး သံကိုသွန်းလုပ်သည့် ဆင်းတု၊ ဘိုးတော်ဘုရား မင်းကွန်းပုထိုးတော်ကြီးကို တည်စဉ်ကာလ (၅-၄-၁၈၀၃)ခုနှစ်၊ နန်းတော်ကျွန်း စံနေစဉ် (၁၁၆၄)ခုနှစ်မှာ သွန်းလုပ်သော ရုပ်ပွားတော်ဘကီး သံချိန်(၁၀၃၆၈) ပိဿာရှိသည်။ (၁၁၇၇)ခုနှစ် (၂၉-၉-၁၈၁၅)ခုနှစ်မှ အသီတိ ရှစ်ကျိပ်ရုပ်တုတော်များနှင့်အတူ အမရပူရကို ပင့်ခဲ့သည်။ ဖန်နန်းရှင် စစ်ကိုင်းမင်းလက်ထက် (၁၂-၈-၁၈၂၈)မှာ အမရပူရမှ အင်းဝကိုပင့်ပြီး ကိုးကွယ်ခဲ့သည်။ သာယာဝတီမင်းလက်ထက်သို့ ရောက်သောအခါ အင်းဝမှ အမရပူရ မူလနေရာသို့(၁၁-၉-၁၈၃၈)ခုနှစ်တွင် ပြန်ပင့်ဆောင် ကိုးကွယ်ပြန်ပါသည်။


မင်းတုန်းမင်းတရားလက်ထက်မှာတော့ မန္တလေးမြို့ကိုပင့်ခဲ့ပြီး သားတော်၊ ညီတော်တို့ မြှုပ်နှံရာအနီးမှာ တည်ထားကိုးကွယ်ခဲ့လေသည်။ ယင်းဘုရားဝင်းထဲမှာ အဋ္ဌကထာနှင့် ဋီကာကျောက်ချပ်ပေါင်း (၁၇၇၄)ချပ်ကို ရသေ့ကြီးဦးခန္တီ စိုက်ထူခဲ့လေသည်။ ကျောက်ချပ်ရေ သံပေါက်မှာ “ဥ-ေ-တ-ယံ-ကျောက်စာမှန်”ဖြစ်သည်။ အဋ္ဌကထာနှင့် ဋီကာကျောက်ချပ်တွေကို ဤနေရာတွင် စိုက်ထူရန် ၇သေ့ကြီးဦးခန္တီအား
လျှောက်ထားအကြံပြုသူမှာ ကနောင်ကိုယ်တော်ကြီး၏ သမီးတော် ရန်အောင်မြင်မြို့စားမင်းသမီး သုသီရိသင်္ခါယတီဖြစ်သည်။ ရသေ့ကြီးဦးခန္တီသည် အာလိန်ငါးဆင့်ကို အသစ်ပြင်ပြီး စောင်းတန်းခန်းရေ (၄၄၀)ကို သံထည်တွေနှင့် အခိုင်အခံ့ ဆောက်၏။ တနင်္ဂနွေထောင့်မှာ(၄၅၅)ချပ်၊ အင်္ဂါထောင့်မှာ(၄၅၅)ချပ်၊ စနေထောင့်မှာ(၄၃၂)ချပ်၊ ရာဟုထောင့်မှာ(၄၃၂)ချပ် ခွဲပြီးစိုက်ထူခဲ့သည်။ ကျောက်ထက်အက္ခရာမတင်မီ
ရှေးက ပေအစောင်စောင်နှင့် ပြန့်ပွားနေခဲ့သော အဋ္ဌကထာစာတော်တွေကို ဆရာတော်များက ပထမဆုံး အက္ခရာပါဌ်မှန်အောင် တည်းဖြတ်သုတ်သင်ကြလေသည်။

(၁) ဝိနည်းငါးကျမ်း အဋ္ဌကထာတို့ကို မန္တလေးမြို့ အရှေ့ပြင် တံဆိပ်တော်ရ အဂ္ဂမဟာပဏ္ဍိတ သံဃနာယက သုဓမ္မာဝင် ကျောက်ပန်းတောင်းဆရာတော်၊ 
သုဓမ္မာဝင် မြို့ရှေ့ခင်မကန်ဆရာတော်၊ 
သုဓမ္မာဝင် အတို့မရှိဆရာတော်တို့က သုတ်သင်ပြင်ဆင်တော်မူသည်။  
(၂) အဘိဓမ္မာ ၇-ကျမ်း အဋ္ဌကထာတို့ကို မြင်းဝန်တိုက် သုဓမ္မာဆရာတော်နှင့်
မြောက်ပြင် ဇောတိကာရာမ မင်္ဂလာစံကျောင်းတိုက် သုဓမ္မာဆရာတော် ဦးနန္ဒ၊ 
ထိုတိုက်၏ ဌာနချုပ်ဆရာတော် ဦးစိတြတိုပက သုတ်သင်ပြင်ဆင်တော်မူသည်။
(၃) ပဏ္ဏာသအဋ္ဌကထာတို့ကို အနောက်ပြင်တိုက်တော် တံဆိပ်တော်ရ အဂ္ဂမဟာပဏ္ဍိတ သံဃနာယက မောက်ကြိုးဆရာတော် တည်းဖြတ်သုတ်သင်သည်။
(၄) သံယုတ်ငါးကျမ်း အဋ္ဌကထာတို့ကို စိန်ပန်းတိုက် သုဓမ္မာဝင် ဆရာတော်က တည်းဖြတ်သုတ်သင်တော် မူသည်။
(၅) အင်္ဂုတ္တိုရ် ၁၁-ကျမ်း အဋ္ဌကထာကို သက်ပန်းဆရာတော်က တည်းဖြတ်သုတ်သင်တော်မူသည်။
(၆) ခုဒ္ဒပါဌ အဋ္ဌကထာကို အဂ္ဂမဟာပဏ္ဍိတ ခေမာသီဝံ ဆရာတော်က တည်းဖြတ်သုတ်သင်တော်မူသည်။
(၇) ဓမ္မပဒအဋ္ဌကထာကို အဂ္ဂမဟာပဏ္ဍိတ သုဓမ္မာဝင် ဒီပဲယင်းဆရာတော်က တည်းဖတ်ြသုတ်သင်တော်မူသည်။
(၈) သုတ္တနိပါတ်နှင့် ဣတိဝုတ္တက အဋ္ဌကထာတို့ကို ရွှေရေးဆောင်ဆရာတော်က တည်းဖြတ်သုတ်သင်တော်မူသည်။
(၉) ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာကို အမရပူရမြို့ အရှေ့တောင်ယွန်း တံခွန်တိုင် ဝိဇ္ဇကဆရာတော်က တည်းဖြတ်သုတ်သင်တော်မူသည်။ 
(၁၀) ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို ဂူကြီးတိုက် အဂ္ဂမဟာပဏ္ဍိတ ဓမ္မကထိက သုဓမ္မာဝင်ဆရာတော် ဦးဝါယမက တည်းဆ်ြသုတ်သင်တော်မူသည်။


ဖော်ပြခဲ့သည့် အဋ္ဌကထာကျမ်းတွေမှ ကြွင်းကျန်သော အဋ္ဌကထာနှင့် ဋီကာကျမ်းများကို မန္တလေးတောင်ခြေ အဘယာရာမ မိုးထိတိုက် အဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးဇာဂရ-က သုတ်သင်ရှင်းလင်းတော်မူသည်။ ရသေ့ကြီး ဦးခန္တီသည် အဋ္ဌကထာဋီကာများ ကျောက်ထက်အက္ခရာတင်ရန် သာသနာပိုင် တောင်ခွင်ဆရာတော်ထံ အောက်ပါအတိုင်း လျှောက်ထား၏။


မဟာသံဃရာဇာ သာသနာပိုင် ဆရာတော်ဘုရားအား လျှောက်လွှာ---
မန္တလေးတောင်နေ ခန္တီရသေ့ကြီး ရိုသေလေးမြတ်စွာ လျှောက်ထားပါသည်။ ဘုန်းတော်ကြီးလှသော မဟာသံဃရာဇာ သာသနာပိုင်ဆရာတော်ဘုရားကြီးဘုရား...ဘုရားတပည့်တော်သည် ဘုန်းတော်ကို အမှီပြု၍ (၁၂၆၉)ခုနှစ် တပေါင်းလဆန်း (၁)ရက်နေ့ကစ၍ မန္တလေးတောင် ထက်အောက်ဝန်းကျင်ဌာနတို့၌ စေတီ၊ ရုပ်ပွား၊ ဘုရား၊ ဆင်းတု၊ ဇရပ်၊ တန်ဆောင်း၊ စောင်းတန်း၊ ရေတွင်း၊ ရေကန်၊ စသော ကုသိုလ်အဆောက်အအုံ ဟူသမျှကို တစ,တစ ဝါယမစိုက်ထုတ် ပြုစုပြင်ဆင်ရာ သုံးပုံနှစ်ပုံခန့် ပြီးမြောက်အောင်မြင်ပြီး ဖြစ်ပါကြောင်း၊ ကြွင်းကျန်သေးသော ကုသိုလ် အဆော်ကအအုံများကိုလည်း ပြုစုပြင်ဆင်လျက်ရှိပါကြောင်း၊ (၁၂၇၅)ခုနှစ် တန်ခူးလ၊ ကဆုန်လလောက်ကစ၍ ပိဋကတ်သုံးပုံ အဋ္ဌကထာပါဠိများကို ဘုန်းတော် ကံတော်ကို အမှီပြု၍ တစ,တစ ဝါယမစိုက်ထုတ်၍ ကျောက်ထက်အက္ခရာ ထုလုပ်ကိုးကွယ်ပူဇော်လိုပါကြောင်း၊ ၄င်းကျောက်ထက် အက္ခရာ ထုလုပ်ကိုးကွယ်ပူဇော်ရန် မူတေစောနှင့်တကွ ထုလုပ်ကိုးကွယ်ပူဇော်ခွင့် အမိန့်တော်စာကို ချီးမြှင့်ပေးသနားတော်မူပါမည့်အကြောင်းကို ရိုသေလေးမြတ်စွာ အသနားတော်မြတ်ခံပါသည် ဘုန်းတော်ကြီးလှသော မဟာသံဃရာဇာ သာသနာပိုင်ဆရာတော်ကြီးဘုရား။
(၁၂၅၇-ခုနှစ် တန်ခူးလပြည့်ကျော် ၁-ရက်နေ့ လျှောက် သာသနာပိုင်ဆရာတော်ဘုရား အမိန့်တော် (မူရင်း)


၎င်းလျှောက်ချက်အရ ဌာနချုပ်ဆရာတော်၊ သံဃနာယကဆရာတော်၊ သုဓမ္မာဆရာတော်တို့က ထုလုပ်လှူဒါန်းပူဇော်ကိုးကွယ်စေ---
မဟာသံဃရာဇာ သာသနာပိုင် ဆရာတော်ဘုရားအမိန့် ၄င်းဆရာတော်ကလည်း သာသနာတော်အရေးနှင့် စပ်လျဉ်း၍ သာသနာတော်၏ စိရဋ္ဌိတိက ဝုဒ္ဓိဝိရုဠဝေပုလ္လ အကျိုးငှါ အစွမ်းသတ္တိရှိသည့်အလျောက် ဆိုင်သင့်ရာရာ ကူညီဆောင်ရွက် အားထုတ်ချီးမြှင့်ကြစေ။


(၁၂၇၅)ခုနှစ် ကဆုန်လဆန်း (၈)ရက်နေ့ မဟာသံဃရာဇာ သာသနာပိုင်ဆရာတော်အမိန့်
တောင်ခွင်သာသနာပိုင် ဆရာတော်ကြီးက ဤသို့အားပေးရုံမျှမက ရသေ့ကြီးဦးခန္တီအား သာသနဟိတဓဇ နာယကဘွဲ့ ပေးသနာေးတ်ာမူသည်အထိ ချီးမြှောက်ခဲ့လေသည်။ စန္ဒာမုနိဘုရားပရိဝုဏ်အတွင်း
ကျောက်စာများကို အနှစ်ချုပ်ပြရလျှင်---
(၁) သုတ္တန်အဋ္ဌကထာ ကျောက်ချပ်ရေ(၁၁၄၈) ဋီကာကျောက်ချပ်ရေ (၅၉)။
(၂) ဝိနည်းအဋ္ဌကထာ ကျောက်ချပ်ရေ(၂၂၅) ဋီကာကျောက်ချပ်ရေ(၁၇၀)။
(၃) အဘိဓမ္မာကျောက်ချပ်ရေ(၁၃၆) ဋီကာကျောက်ချပ်ရေ(၃၄)။
(၄) ပိဋကတ်များအဋ္ဌကထာ(၅၀၉)၊ ဋီကာ(၂၆၃)၊ သမိုင်းစာ(၂)၊ ဥဒေတယံ ကျောက်ချပ်မှန်အားလုံး(၁၇၇၄)ချပ် ဖြစ်ပါသည်။


ရသေ့ကြီးဦးခန္တီသည် (၁၂၈၃)ခုနှစ်တွင် ကုသိုလ်တော်ဘုရားကြီး မဟာရံတ့တိုင်းအတွင်းမှာလည်း ပိဋကတ်သုံးပုံပါ ပါဠိတော်ကျောက်စာ(၇၃၀)ကိုပါ စိုက်ထူခဲ့လေသည်။ ထိုမျှမက မန္တလေး၊ ပြင်ဦးလွင်၊ နမ္မတူ၊ သီပေါ၊ စစ်ကိုင်း၊ မိုးကောင်း၊ တောင်ကြီး၊ ပင်းတယ၊ ရမည်းသင်း၊ ပျဉ်းမနား၊ လယ်ဝေး၊ ပဲခူး၊ သထုံ၊ မော်လမြိုင်၊ ဘီလူးကျွန်း၊(ချောင်းဆုံ)၊ ပုပ္ပား၊ ကျောက်ဆည်၊ မိုးကုတ်၊ အင်းဝ၊ မင်းဘူး၊ ရွှေစက်တော်၊ ကျောင်းတော်ရာ နေရာအနှံ့အပြား သာသနာပြုလုပ်ငန်းများ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့လေသည်။ 


မန္တလေူမြို့နှင့် ဝန်းကျင်မှာပင်(၁၃)နေရာမှ ကျောင်းကန်၊ ဘုရား၊ တန်ဆောင်းများ ပြုပြင်တည်ဆောက်ခဲ့
လေသည်။ ရသေ့ကြီးဦးခန္တီ စိုက်ထူခဲ့သော ကုသိုလ်တော်ကျောက်စာနှင့် စန္ဒာမုနိကျောက်စာများသည် ကမ္ဘာတည်သရွေ့ တည်ရှိပြီး နှုတ်တရာ စာတလုံး ရဟန်း၊ သံဃာ၊ လူအများ ကိုးကားမှီငြမ်းနိုင်သော ခိုမာတိကျဆုံး ကမ္ဘာမှာ အကြီးဆုံးစာအုပ်ကြီးများဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။


ထို့အတူ ရသေ့ကြီးဦးခန္တီ၏ သဒ္ဓါ၊ ဝီရိယ၊ ဇွဲ၊ အနစ်နာခံ စွန့်လွတ်မှု၊ ပရဟိတသာသနာပြု အမြုတေ ရတနာဓာတ်သည်လည်း အမြဲထားဝရ ရှင်သန်လွှမ်းပတ်နေမည်ဆိုတာ နိုင်ငံပြည်ရွာအနှံ့ကို ဤစာအလှဖြင့်  တလီပဏ္ဏာသလျက် အရှည်ဂါရဝပြုလိုက်ပါကြောင်း...။


ဦးစန္ဒိမ(စလင်း) 
ကျမ်းကိုး။ ။ 
(၁) ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယတွဲ (ဝန်ထောက် ဦးမောင်မောင်တင်)။
(၂) ကမ္ဘာအကြီးဆုံး စာအုပ်ကြီး (လူထု ဒေါ်အမာ)။
(၃) ကျွန်မတို့ မန္တလေးမြို့က မန္တလေးတောင် (လူထု ဒေါ်အမာ)။
(၄) မန္တလေးတောင်တော်သစ် (အရှင်ဇောတိကာဘိဝံသ)။
(၅) ဟံသာဝတီစာအုပ် ကတ်တလောက် (၁၉၆၄-၆၅)။


(ဂမ္ဘီရ ၂၀၀၇-၁၂)

နှလုံးရောဂါ ကာကွယ်မှု နည်းလမ်းသစ်များ

အလန်လေဗီဆိုသူရဲ့ ဖခင်ဟာ (၅၉)နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားရှာပါတယ်။ အလန်ဟာ ဖခင်ရဲ့ ဝေဒနာမျိုး မခံစားရအောင် နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ဖခင် သင်္ချိုင်းမြေမှာ မြှုပ်နှံခဲ့တဲ့ (၁၉၇၉)ခုနှစ်နောက်ပိုင်းမှာပဲ သူဟာ ရာသက်ပန် သက်သတ်လွတ်သမားအဖြစ် ရပ်တည်ဖို့
ရွေးချယ်နေထိုင်လာခဲ့ပါတယ်။ ကိုယ်ခန္ဓာ အဆီတိုးမှုတွေ, ဝမှုတွေ, သွေးတိုးမှုတွေ အစရှိသဖြင့်
နှလုံးနဲ့ပတ်သက်မယ့် ဘေးထွက်ဆိုးကျိုးတွေမရှိအောင် အနှစ် ၂၀-လုံးလုံး အထူးဂရစိုက်ထားပြီး ကြပ်မတ်နေထိုင်လာခဲ့တယ်။ 

ဆရာဝန်ထံမှာ နှစ်စဉ်တိုင်းပဲ ကိုလက်စထရော သက်ရောက်မှုကိုပါ စစ်ဆေးတယ်။ လျှပ်စစ်ကိရိယာနဲ့ နှလုံးသွေးကြောဆိုင်ရာ အခြေအနေကိုပါ တနှစ်တခါ မှန်မှန်ပဲ ငွေကုန်ကျတယ် သဘောမပိုက်ဘဲ စစ်ဆေးခံယူတယ်။

အခု ၅၆-နှစ်အရွယ်ထဲ ဝင်လာပြီဖြစ်တဲ့ အလန်လေဗီ-က“ကျွန်တော့်ဖခင်လို ဝေဒနာကြမ္မာမျိုး မဆုံရအောင်လို့ ကျွန်တော်တော့ လိုအပ်တာမှန်သမျှ ဆောင်ရွက်ပြီးပြီလို့ ထင်မိတာပါပဲ”
သို့ပေမယ့် သူထင်သလို ဒီဝေဒနာကနေ ကင်းလွတ်အောင် ရှောင်နိုင်ခဲ့ဟန် မတူပါဘူး။
(၂၀၀၀)ပြည့်နှစ်ထဲက နေ့တနေ့ဖြစ်တဲ့ ခရစ္စမတ်ပွဲတော် နေ့ထူးနေ့မြတ်နေ့ရဲ့ နံနက်ခင်း (၅း၀၀)နာရီမှာပဲ သူ့ရင်ဘတ်နေရာကနေ တအားအောင့်တက်တာကို ရုတ်တရက်ကြုံလိုက်ရပါတယ်။ ဆရာဝန်ထံမှာ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုစရိတ် သွင်းပြီးတာတောင် သီတင်းပတ်အနည်းငယ်ပဲ ရှိသေးတယ်။


ရောဂါဖြစ်မယ့် အရိပ်အရောင်တောင် ဘာခုမျှ မပြဘဲ ကောက်ခါငင်ခါ နှလုံးရောဂါ စတော့တာပါပဲလေ။
အလန်လေဗီလို နှလုံးရောဂါမဖြစ်ရအောင် အမျိုးမျိုးဆင်ခြင်ပြီး ပြင်ဆင်နေထိုင်ခဲ့သူတဦးက ဘာအမှားရှိလို့ ခုလို ရောဂါခံစားလာရတာလဲ။ စဉ်းစားရခက်တဲ့ အဖြစ်တခုလို အံ့အားသင့်လောက်မယ့် အကြောင်းဖြစ်ပေမယ့် ရောဂါသဘာဝပေါ် နားလည်ထားသူအဖို့ကတော့ ဆန်းလောက်မယ်မထင်ဘူး။ 

ဘာကြောင့်လဲဆိုတော့ နှလုံးရောဂါရဲ့သဘာဝဟာ ကိုလက်စထရောဓာတ် သိပ်မရှိသူတွေကိုသာ ပုံမှန်တိုက်ခိုက်နေတဲ့အဖြစ်ကို ပြနေတာကြောင့် ဖြစ်ပါတယ်။ ကိုယ်ထဲမှာ အဆီ ကိုလက်စထရောတွေ
ပြည့်နေသူတဦးအပေါ် နှလုံးရောဂါဟာ တိုက်ရိုက်မတိုက်ခိုက်နိုင်ခဲ့တာကို ကျန်းမာရေးသိပ္ပံပိုင်းကပါ အခုတွေ့ရှိခဲ့ပါပြီ။ သွေးလမ်းကြောင်းတွေထဲမှာ အဆီပျစ်ပျစ်တွေ ပိတ်ဆို့နေတဲ့အတွက် နှလုံးကိုတိုက်ခိုက်ဖို့ တားဆီးမှုအဟန့်တခု ဖြစ်ခဲ့လို့လည်း ဖြစ်နိုင်မယ်လို့ ယူဆရပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုမှာ ဗီလိန်အဖြစ် ပါဝင်နေတဲ့ ကိုလက်စထရောတမျိုးကတော့ ရောင်ရမ်းမှုကို စေစားတတ်တယ်။ အဲဒီ ကိုလက်စထရောဟာ ရိုးရိုး ကိုလက်စထရောအဖြစ်ကနေ လမ်းခွဲပြီး နှလုံးရောဂါအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားနေတတ်ပါတယ်။ 


အလန်လေဗီ ဝေဒနာခံစားရပြီးနောက်ပိုင်း angioplasty နည်းလမ်းနဲ့ အထူးအဆင့်မြင့်စွာ ခွဲစိတ်ကုဖို့လုပ်ကြတယ်။ သွေးလွှတ်ကြောမှာ ပိတ်ဆို့နေတာတွေကိုဖွင့်ပြီး ကိုလက်စထရော ကျဆင်းစေမယ့် ဆေးဝါးတွေ တိုက်ကျွေးပေးခဲ့ပါတယ်။ နှလုံးရောဂါ လက်တွေ့ခံစားနေရတဲ့ သူ့မိတ်ဆွေတယောက်ကတော့ သိပ်ခေတ်မီပြီး ကုသမှုအဆင့်ပညာကျော်လွန်တဲ့ ကုစားမှုတွေနောက်ကို သိပ်မလိုက်ဘဲ သူ့ကို ကုပေးလိုက်တဲ့ ဆရာဝန်ကိုပြကြည့်ဖို့ ထပ်ခါတလဲလဲနဲ့ အကြံပြုတယ်။ အဲဒီဆရာဝန်ကြောင့် သူ ခုလိုအသက်ရှင်ခွင့်ရနေတာလို့လည်း ပြောတယ်။


အဲသည်လိုနဲ့ (၂၀၀၁)ခုနှစ်မှာပဲ ကယ်လီဖိုးနီးယားပြည်နယ် အလာမီဒေသ ဘာကေလီနှလုံးဓာတ်ခွဲခန်းက
ဒေါက်တာရောဘတ်ဆူပါကိုဆီ ရောက်လာတယ်။ အလန်လေဗီရဲ့ သွေးအစား ကိုယ်ထဲက ကိုလက်စထရောတွေကိုသာ အဓိကထားပြီး ဓာတ်ခွဲစစ်ဆေးတယ်။ အလန်လေဗီရဲ့ကိုယ်ထဲမှာ ဘီအဆင့်ရှိတဲ့ L.D.L ကိုလက်စထရောတွေ ဖုံးလွှမ်းနေတာကို စစ်ဆေးတွေ့ရှိဖြစ်တယ်။


အဲဒီ L.D.L ဆိုတဲ့ လူကို ဆိုးဆိုးရွားရွား ဒုက္ခပေးလေ့ရှိတတ်တဲ့ ကိုလက်စထရောတွေကြောင့် နှလုံးရောဂါ ခံစားလာရတာပါလားလို့ တွေးဆကြတယ်။ သွေးထဲမှာ အဲဒီ ကိုလက်စထရောအမှုန့်တွေ သက်ရောက်ခဲ့ရင်လည်း လူကိုကောင်းစွာ အန္တရာယ်ပေးမှာဖြစ်တယ်။ (သိပ်မှုန်တဲ့ ကိုလက်စထရောကို LDL Pattern B လို့ ခေါ်ကြပါတယ်)။ အဲဒီအမှုန့်တွေဟာ များလာတဲ့အချိန်မှာပဲ နှလုံးရောဂါ ခံစားရတော့တယ်။ ဒီအမှုန့်တွေဟာ သွေးလွှတ်ကြောတွေထဲ အဝင်လွယ်ကူပြီး ကျောက်လိုတည်သွားတတ်ပါတယ်။ HDL ဆိုတဲ့ လူကို ကောင်းမွန်းစွာ အကျိုးပြုမယ့် ကိုလက်စထရောတွေနည်းပြီး pattern B ကိုလက်စထရောအမှုန့် အများအပြား ခံယူမိတတ်သူတိုင်းဟာ နှလုံးရောဂါဝေဒနာနဲ့ ပတ်သက်ရမြဲ ရှိတတ်ပါတယ်။ ဘာကြောင့်ဆို H.D.L (ကောင်းမွန်မယ့်) ကိုလက်စထရောမှာ ဆိုးဝါးမယ်၊ L.D.L ကိုလက်စထရောတွေကို သယ်ယူဖယ်ရှားနိုင်အောင် မစွမ်းဆောင်နိုင်တော့တဲ့အတွက် ဖြစ်ပါတယ်။


အမေရိကန်နိုင်ငံက ပညာရှင်တွေရဲ့ သုတေသနပြုလုပ်မှုထဲမှာလည်း ယောက်ျားသားသုံးဦးမှာ တဦးလောက်က L.D.L pattern B ဆိုတဲ့ (အဆိုး)ကိုလက်စထရော အမှုန့်တွေ ရှိတတ်မှာဖြစ်သလို အမျိုးသမီး တို့ရဲ့ ဗီဇသဘာဝအရ ခုနစ်ဦးမှာ တဦးရှိနေနိုင်မှာ မြင်ခဲ့ပါတယ်။


သို့သော် ဒီပြဿနာကို အလွယ်တကူပဲ ဖြေရှင်းလို့ရတာကတော့ သတင်းကောင်းဖြစ်ပါတယ်။ အဆီလျှော့စားမယ်၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လေ့ကျင့်မယ်၊ ဗီတာမင်ဘီပါတဲ့ ဆေးဝါးတွေ နေ့စဉ်စားသုံး ခဲ့မယ်ဆိုရင်တော့ L.D.L ကိုလက်စထရောတွေဟာ ထုထည်လျော့ပါးသွားနိုင်ပါမယ်။ (ဗီတာမင်ဘီဟာ ဘေးထွက်ဆိုးကျိုးဖြစ်စေမယ့် သဘောရှိတာကြောင့် ဆရာဝန်ညွှန်ကြားသလောက်ပဲ သောက်ရမှာ ဖြစ်တယ်)။ 


အလန်လေဗီရဲ့သွေးကို စစ်ဆေးလိုက်တဲ့အခါမှာလည်းပဲ သွေးထဲမှာ L.D.L pattern B တွေ သက်ရောက်တဲ့လက္ခဏာ ပြနေခဲ့တာကို အဖြေတွေ့ရှိလာရပါတယ်။ ဒါကြောင့် ဗီတာမင်ဆေးဝါးအပြင်းစား (niacin)ကို ၆-ပတ် စားပေးပြီး သောက်ခိုင်းလိုက်တယ်။ မကြာခင်မှာပဲ သွေးထဲမှာ အဆိုး-ကိုလက်စထရော အမှုန့်တွေ ကင်းစင်သွားပြီဆိုတာ သိလိုက်ရတယ်။


နှလုံးရောဂါဖြစ်ပွားမှုမှာ ကြံရာပါတဲ့ မော်လီကျူး---
သွေးကြောတွေ ရောင်ရမ်းတဲ့ အကြောင်းကလည်း လမ်းကြောင်းဖြစ်တဲ့ သွေးပြွန်ငယ်တွေထဲမှာ အဆိုး ကိုလက်စထရောအမှုန့်တွေ ကျောက်လိုတည်ပြီး ပိတ်ဆို့လာရတဲ့အတွက်ကြောင့်ပါပဲ။
ပြီးတော့ သွေးထဲမှာ CRP (C-reative protein) ဆိုတဲ့ မော်လီကျူးအမှုန့်လေးတွေ ရောက်ရှိမှုများခဲ့ရင်လည်း
လေသင်ဓုန်းဖြတ်ခံရခြင်း၊ ဒါမှမဟုတ် နှလုံးရောဂါဖြစ်ရခြင်း အကြောင်းတွေ ရှိလာနိုင်မယ်လို့
ဘော်စတွန်အမျိုးသမီးဆေးရုံက နှလုံးသွေးကြောဆိုင်ရာ ဆရာယန် ပေါလ်ရစ်(ဒ်)ကာက ဆိုပါတယ်။


ဒီမော်လီကျူးတွေကိုလည်း အလွယ်တကူနဲ့ပဲ ဖယ်ရှားလို့ရနိုင်ပါမယ်။ အက်(စ်)ပရင် ဆေးပြားတွေ သောက်ပေးရုံနဲ့ ပျောက်ကွယ်သွားနိုင်ပါမယ်။


မကြာခဏ သံသယရှိဖြစ်တဲ့ ပရိုတင်းကလည်း ကြံရာပါ---
သွေးလွှတ်ကြောရောင်ရမ်းမှုကို ဖြစ်စေနိုင်မယ့် ရန်သူအပေါင်းဟာ ကိုယ်ခန္ဓာမှာ အထောင်အသောင်း မကအောင် ရှိနိုင်ပါမယ်။ ဝေဒနာမစတင်မီ ဗိုင်းရပ်(စ်) ကပ်ပါးပိုးမွှားနဲ့ ဘက်တီးရီးယားပိုးမွှားတို့ ဝင်အောင်းခံရတဲ့အတွက်ကြောင့်ပါ ဖြစ်တတ်သေးတာကို ဒေါက်တာရောဘတ်ဆူပါကို လေ့လာမိဖူးကြောင်း သိရပါသည်။


(Chlamydia) အဆုတ်ရောင်ရောဂါကိုဖြစ်စေတဲ့ ပိုးမွှားဟာ နှလုံးရောဂါနဲ့ ဆက်နွယ်နေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတမျိုးကို ဖြစ်ပွားစေခဲ့ပါတယ်။ အလန်လေဗီမှာ ဒီပိုးဝင်နေတဲ့လက္ခဏာကို အတိအကျနဲ့ပဲ မြင်ခဲ့ရပါတယ်။ ဒါကြောင့်မို့ အဲဒီဘက်တီးရီးယား ပိုးမွှားတွေကိုပါ ဖယ်ရှားဖို့အတွက် ပိုးသတ်ဆေးတွေ တိုက်ကျွေးရသေးတယ်။ 


Homocysteine အမီနီအက်ဆစ်တွေဟာ သွေးစီးကြောင်းထဲမှာ တည်ဆောက်နိုင်တတ်ပြီး သွေးလွှတ်ကြော အနားကြောင်းတွေကို စပ်ဖျဉ်းဖျဉ်းနဲ့ ရှိစေတတ်ပါမယ်။ ဒီလိုဖြစ်တာဟာ နှလုံးရောဂါနဲ့ ဆက်စပ်မှု ရှိ-မရှိဆိုတာတော့ တိတိပပ မသိနိုင်သေးပါဘူး။ သို့သော် ဒီအကြောင်းအရာအတွက် ဝေဒနာရှင်ကို ဗီတာမင် B-6 နဲ့ B-12 တို့ကို တိုက်ခိုင်းခဲ့သလို ဖောလစ်အက်ဆစ်ကိုပါ သောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။


ကိုလက်စထရောအမှုန့်ဖြစ်တဲ့ Lipoprotein(a) ဟာလည်းပဲ သွေးထဲမှာ အနည်ထိုင်စေတတ်ပါတယ်။
နှလုံးရောဂါခံစားရတဲ့ ဝေဒနာရှင် (၁၅%)နဲ့ (၃၀%)တို့မှာ လစ်ပိုပရိုတင်း(အေ) အမှုန့် မြင့်မားစွာ အနည်ထိုင်နေတာကို မြင်ခဲ့ရကြောင်း ကျန်းမာရေးသုတေသီတွေက ဆိုခဲ့ဖူးပါတယ်။ ဒီအတွက် niacin အပြင်းစားဆေးနဲ့သာ ကုသရမှာဖြစ်တဲ့အကြောင်း သိရပါတယ်။


“ဘယ်လိုအခြေအနေရှိရှိ လူတိုင်းဟာ ကိုယ်ထဲမှာ ကိုလက်စထရော ဖြစ်ပွားမှု များ-မများ၊ သွေးတိုးမှု ရှိ-မရှိ၊ ဆီးချိုနဲ့ အဝလွန်ရောဂါ ရှိ-မရှိ အမြဲစစ်ဆေးနိုင်မယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်လာမှာကို မှုနေစရာလိုပါဘူး”
အဲဒီအကြံပြုချက်ကို အမေရိကန်နိုင်ငံ၊ ကိုလက်စထရောဆိုင်ရာ ပညာရှင်အသင်းက ဂျိမ်း(စ်)ကလေးမင်းက တင်ပြခဲ့တာ ဖြစ်ပါတယ်။ သွေးကြောရောင်ရမ်းတာကို ပျောက်အောင်ကုသပေးနိုင်ခဲ့ရင်လည်း နှလုံးရောဂါ
ပျောက်နိုင်မယ်ဆိုတဲ့ အထောက်အထားတွေပါ မြင်ခဲ့ရတဲ့အကြောင်းလည်း တဆက်တည်းဖော်ပြခဲ့ပါတယ်။


အလန်လေဗီဟာ မျိုးရိုးကြောင့်ဖြစ်ရတဲ့ ဝေဒနာမျိုးလားလို့ သံသယရှိမိတဲ့အတွက် မိမိညီအကို သုံးဦးကိုပါ နှလုံးနဲ့ပတ်သက်ပြီး အစစ်ဆေးခံယူခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အသက်(၅၅)နှစ်အရွယ်မှာ ကြုံကြရတော့မယ့် သူ့ညီအကိုသုံးဦးရဲ့ နှလုံးရောဂါကိုပါ ကယ်တင်နိုင်ဖြစ်သွားပါတယ်။


မေ-အာရောဂျံ
Ref: Heart Attack New Ways You Can Prevent It by SUSANFREJNKEL.
(ဂမ္ဘီရ ၂၀၀၇-၁၂)

Sunday, October 23, 2011

ရွှေတိဂုံ စေတီတော်ကြီး အောက်မှ အံ့မခန်း ဆံတော်တွင်း

ကျွန်ုပ် (ကျီးမနိုးတင်ဝင်း) နှင့် ကျွန်ုပ်မိတ်ဆွေကြီး ဦးရွှေသိန်းတို့သည် ရွှေတိဂုံစေတီတော်ကြီးနှင့် ခပ်လှမ်းလှမ်းတွင်ရှိသော လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတဆိုင်တွင် လက်ဖက်ရည်သောက်ကာ စကားစမြည်ပြောရင်း ဦးရွှေသိန်း-က 
“ရွှေတိဂုံဘုရားကြီးအောက်တည့်တည့်မှာ လိုဏ်ဂူကြီး အကြီးကြီးနဲ့ ရေတွေရှိတယ်။ အဲဒီရေတွေက ပင်လယ်ရေ အတက်အကျနဲ့ ဆက်နေတယ်။ ရေပြင်ပေါ်မှာလဲ ဌာပနာတွေတင်ထားတဲ့ ကရဝိက်ရွှေလှေ ရှိတယ်ဗျ”ဟု ပြော၏။

(ကျီး)...ဟုတ်ပါ့မလား ဆရာရယ်.. မယုံနိုင်စရာဘဲ။ မျက်မြင်ကိုယ်တွေ့ တွေ့သူ ရှိလို့လား၊ ဒီအကြောင်းက ဒဏ္ဍာရီလိုလို ပုံပြင်လိုလို ပြောနေကြတာမဟုတ်လား။
ဦးရွှေသိန်းက-ပုံပြင်လဲ မဟုတ်ဘူး၊ ဒဏ္ဍာရီလည်း မဟုတ်ဘူး၊ တကယ့်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်-ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ပြရင် ယုံမှာလား-ဟု ပြော၏။ 


ကျီး...“သက်သေအထောက်အထားနဲ့ပြရင် ယုံတာပေါ့ ဆရာ၊ ဘယ်လောက်ခိုင်မာတဲ့ သက်သေအထောက်အထားလဲ”ဟု အလောတကြီး မေးလိုက်၏။ 
ကိုကျီးမနိုးကတော့ ရဲအရာရှိပီပီ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ဘာတွေနဲ့ အတိအကျမေးနေပြန်ပြီ၊ ဒီလိုဗျ...ကျွန်တော့်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀-နီးပါးက ကြေးမုံသတင်းစာ တစောင်ရှိတယ်။ အဲဒီသတင်းစာထဲမှာ ရွှေတိဂုံဘုရားအောက်က လိုဏ်ဂူထဲရောက်ပြီး လိုဏ်ဂူထဲက ရေပေါ်မှာ ဆံတော်တွေ ဌာပနာထားတဲ့ ရွှေလှေကြီးကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသူ လူအကြောင်း ဓာတ်ပုံအထောက်အထားတွေနဲ့ ပါတယ်ဗျ။


ဟင်-ဟုတ်လား
ဟုတ်တယ်ဆရာရေ...နောက်နေ့ကျ အဲဒီသတင်းစာကို ယူလာပြမယ်၊
ဤသို့ဖြင့် ကျွန်ုပ်၏မိတ်ဆွေကြီး ဦးရွှေသိန်းသည် နောက်တနေ့တွင် လွန်စွာမှ ဟောင်းနွမ်းနေပြီး လွန်စွာမှ ဆွေးမြည့်နေပြီဖြစ်သော ကြေးမုံသတင်းစာတစောင်အား ပေး၍ ကျွန်ုပ်လည်း ချက်ချင်းပင် သတင်းစာအားယူ၍ ကြည့်လိုက်ရာ---


(၁၃၂၉)ခု တပေါင်းလဆန်း ၁၅-ရက်၊ ဗုဒ္ဓဟူးနေ့၊ (13.3.68)၊ (၁၃၄၂)ခု ရက်စွဲများ ရေးထားသော
ကြေးမုံသတင်းစာအား ခေါင်းစီးဒီဇိုင်းအနီရောင်ဖြင့် တွေ့လိုက်ရ၏။
(မှတ်ချက်။ ။ သတင်းစာပေါ်ရှိ ရက်စွဲများမှာ မူရင်းသတ်ပုံအတိုင်း ကူးယူဖော်ပြထားခြင်းဖြစ်၏)


သတင်းစာ၏ မျက်နှာဖုံးစာမျက်နှာတွင် ရွှေတိဂုံစေတီတော်ကြီး၏ ဓာတ်ပုံနှင့်အတူ-
ရွှေတိဂုံစေတီတော်ကြီးအောက်မှ အံ့မခန်း ဆံတော်တွင်း ဗိသုကာလက်ရာများ ရင်သပ်ရှုမောဖွယ် ဆန်းကြယ်လှ၊ လွန်ခဲ့သည့် နှစ် ၆၀-ကျော်က ဝင်ရောက်ခဲ့ဖူးသူက ဂေါပက အဖွဲ့သို့တင်ပြခြင်း...ဟူသော စာသားများကို တွေ့လိုက်ရ၏။ သတင်းနှင့်အတူ ဌာပနာတိုက်အတွင်းသို့ ဆင်းလာခဲ့ဖူးသူ၏ ဓာတ်ပုံကိုလည်း ဖော်ပြထားသည်ကို တွေ့လိုက်ရပြန်၏။


ထိုသတင်းအား ဖတ်ပြီး လွန်စွာမှ အံ့သြသွားကာ ဤအကြောင်းအရာအား မသိရှိသေးသူများ၊ ဗဟုသုတ ရှာဖွေလိုသူများအား သိစေလိုသောစေတနာဖြင့် သတင်းအား မိတ္တူကူးယူခြင်း၊ ဓာတ်ပုံများအား မိတ္တူ ကူးယူခြင်းများ ပြုလုပ်လျက် သတင်းစာထဲတွင် တွေ့ရသည့် စာလုံးပေါင်းသတ်ပုံများအတိုင်း တလုံးမကျန်အောင် ဂရုစိုက်ပြီး စနစ်တကျကူးယူ၍ မဂ္ဂဇင်းတိုက်သို့ မနှေးအမြန် ရေးပို့လိုက်ရပေသတည်း။


ရန်ကုန်၊ မတ်လ (၁၂) ---
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏အောက် ပေ ၆၀-ခန့်တွင် ဆံတော်တွင်း ဌာပနာတိုက်ကြီး ရှိသည်။ ဗုဒ္ဓမြတ်စွာ၏ ဆံတော်မြတ်များသည် ကရဝိက်ရွှေလှေပေါ်တွင် ကိန်းဝပ်လျက်ရှိသည်။ ဆံတော်တို့ ကိန်းဝပ်ရာ ဌာပနာတိုက်သည် ဗိသုကာလက်ရာအားဖြင့် အံ့မခန်း ဆန်းကြယ်လှသည်ဟု ဆံတော်ဌာပနာတိုက်သို့ ဝင်ရောက်ခဲ့ဖူးသည်ဆိုသူ အာမေးနီးယားလူမျိုး မစ္စတာဒီ အက်စအပရမေ (၇၃)နှစ်က ယနေ့ ကြေးမုံနှင့်တွေ့ဆုံရာတွင် ပြောပြလိုက်သည်။


နှစ် ၆၀-ကျော်---
မစ္စတာအပရမေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀-ကျော် (၁၉၀၄)ခုနှစ်က ဆံတော်ကိန်းဝပ်ရာ ဌာပနာတိုက် အတွင်းသို့ ဆင်းသက်ကြည့်ရှုဖူးခြင်းဖြစ်သည်ဟု ဆို၏။


ဂေါပက---
မစ္စတာအပရမေက ရွှေတိဂုံစေတီ ဌာပနာတိုက် တည်ဆောက်ထားပုံကို ပုံစံဆွဲကာ ရွှေတိဂုံဂေါပကအဖွဲ့သို့ တင်ပြထားရာ ဂေါပကအဖွဲ့ဝင်များကလည်း မစ္စတာအပရမေကို တွေ့ဆုံမေးမြန်းပြီး ထိုနေရာကို လိုက်လံပြသစေသည်။ 


ဌာပနာတိုက်လိုဏ်ဂူမှာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့် တန်ဆောင်းနေရာတွင် ရှိသည်ဆိုသော်လည်း နောက်တိုးတန်ဆောင်းနှင့် ဘုရားများ ထပ်မံမွမ်းမံပြင်ဆင် ထားမှုကြောင့် အတိအကျ ပြသနိုင်ခြင်းမရှိဘဲ ဆုတောင်းပြည့်စေတီ၏ လိုဏ်ဂူအောက်တွင်ရှိမည်ဟုသာ ခန့်မှန်းညွှန်ပြသွားနိုင်သည်ဆို၏။


သော့ခတ်---
အထူးအဆန်း မြင်တွေ့လိုသူများ၊ မသမာသူများ နှောင့်ယှက်နိုင်ခြင်းမရှိစေရန် ဆုတောင်းပြည့် စေတီ လိုဏ်ဝကို ဂေါပကအဖွဲ့က သံတံခါးပိတ် သော့ခတ်ထားလိုက်ပြီး မစ္စတာအပရမေ၏ တင်ပြချက်များကို
လေ့လာစူးစမ်းလျက် ရှိသည်ဟု သိရသည်။


ငယ်ငယ်ရွယ်ရွယ်---
မစ္စတာအပရမေကို ယနေ့ကြေးမုံက တွေ့ဆုံမေးမြန်းရာတွင် (၁၉၀၄)ခုနှစ်၊ မိမိအသက် ခုနစ်နှစ်သားအရွယ်တွင် သူငယ်ချင်းဖြစ်သူ ဘမွှေး၊ ဘနှစ်၊ ဘအေး၊ မောင်ချစ် ဆိုသူတို့နှင့်အတူ ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့ကြပါသည်။


ရသေ့ကြီး---
ရွှေတိဂုံရင်ပြင်တော်၏ အရှေ့မြောက်ထောင့် (တနင်္ဂနွေထောင့်) ရှိ ဌာပနာတိုက်အဝသို့ ရောက်သောအခါ ရသေ့ကြီးတပါးကိုတွေ့၍ ချဉ်းကပ်တောင်းပန်ပြီး ဌာပနာတိုက်ထဲသို့ ဆင်းခဲ့ကြပါသည်။


ယောဂီတွေ့---
ရသေ့ကြီး၏ ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲသို့ ဆင်းသွားရာတွင် လမ်းတလျှောက်လုံး ယောဂီဝတ်နှင့် နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇)ဦးကို (၈)ပေ, (၉)ပေခြား တယောက်ကျစီ တွေ့ရပါသည်။


(၃၆)ခန်း---
ဌာပနာတိုက်အောက်ပိုင်းတွင် လှေကားထစ်များ ထပ်မံတွေ့ရပါသည်။ ပတ်ပတ်လည်၌ အခန်း (၃၆)ခန်းဖွဲ့လျက် အုတ်များဖြင့် တည်ဆောက်ထားပါသည်။ အလယ်တိုင်မရှိဘဲ ခံ့ညားစွာ အခိုင်အမာတည်ဆောက်ထားသည်။


ရေတွင်း---
အခန်း ၃၆-ခန်း၏ အလယ်ဗဟိုတွင် (၁၀)ပေပတ်လည်ခန့်ရှိ ရေတွင်းတတွင်း ရှိပါသည်။ ထိုရေတွင်းသည် ပင်လယ်ရေအတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်ပါသည်။


ကရဝိက်လှေ---
ထိုရေတွင်းထဲ၌ အလျား ၆-ပေခွဲခန့်ရှိ ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသော ကရဝိက်လှေတစင်းကို တွေ့ရပါသည်။ ထိုလှေသည် ဒီရေအတက်အကျအလိုက် ရေတွင်းထဲ၌ အနိမ့်အမြင့် လှုပ်ရှားနေပါသည်။ ထိုလှေသည် ထိုခေတ်ကာလ၌ တန်ဖိုးအရပင် လေးသိန်းထက်မနည်း တန်မည်ဟု ခန့်မှန်းရကြောင်း လူကြီးသူမများ ပြောကြားခဲ့သည်ကို ကြားခဲ့ရပါသည်။ ထိုကရဝိက်ရွှေလှေပေါ်တွင် ဆံတော်များဟု ယူဆရသော ဌာပနာများ ကိန်းဝပ်လျက်ရှိသည်ကို တွေ့ရပါသည်။ သို့သော် ပဝါလွှမ်းထား၍ ဆံတော်ဟု အတိအကျမပြောနိုင်ပါ။


လင်းထိန်---
ဌာပနာတိုက်၏ ထူးခြားချက်မှာ တခန်းလုံးလင်းနေခြင်းပင် ဖြစ်ပါသည်။ တခုသောအလင်းရောင်သည် ချိန်ခါမရွေး ရွှေလှေပေါ်သို့ ထိုးစိုက်ကျရောက်နေခြင်းကြောင့် ဖြစ်ပါသည်။


ဤမျှ ထုထည်ကြီးမားသော စေတီအဆောက်အအုံကြီးကိုပင် ပင်မအလယ်တိုင်မပါ၊ သံရက်မ, မရှိဘဲ ကျောက်တုံးကျောက်ခဲများဖြင့်သာ တည်ဆောက်ပြီး ပင်လယ်ရေ ဝင်ပေါက် ထွက်ပေါက်နှင့် အလင်းရောင်ယူထားပုံမှာ ရှေးဗိသုကာများ၏ ပြောင်မြောက်သော အံ့မခန်းလက်ရာဖြစ်ပါသည်။


သုတေသန---
ထိမျှ ခမ်းနားဆန်းကြယ်သော ဌာပနာတိုက်ကို မိမိကိုယ်တွေ့ မြင်ခဲ့ရခြင်းကြောင့် နှောင်းလူများ သုတေသနပြုနိုင်စေရန် မသေမီ ဖော်ထုတ်ပြောကြားလိုသောဆန္ဒ ပေါ်ခဲ့ပါသည်။ ထို့ကြောင့် ဂေါပကအဖွဲ့ကို တင်ပြခဲ့ခြင်းဖြစ်ပါသည်ဟု ပြောပြလိုက်သည်။


ဇာတိ---
မစ္စတာဒီအက်စ် အပရမေသည် လွစ္စလမ်း (ယခု ဆိပ်ကမ်းသာလမ်း)အမှတ် ၂၅-တွင် (၁၈၉၅)ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ မစ္စတာအက်စ် အပရမေ နှင့် မစ္စက်ရိုစ်လူကပ်စ် တို့ဖြစ်သည်။ 


မိသားစု---
မက်သဒစ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး (၁၉၁၃)ခုနှစ်တွင် ဘာလ်သာဇာကုမ္ပဏီသို့ ဝင်ရောက် အလုပ်လုပ်ခဲ့သည်။ မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေ ဆိုသူနှင့်အိမ်ထောင်ကျပြီး သားသမီးငါးယောက် ထွန်းကားသည်။

ပန်းချီဆွဲ---
ယခုအခါ သားသမီး မြေးများနှင့်အတူ နတ်စင်၊ ဘောက်ထော်၊ (ဇ)ရပ်ကွက်၊ အမှတ်(၁၆၈)(ဃ)တွင် နေထိုင်လျက်ရှိသည်။ အားလပ်ချိန်တွင် ရွှေတိဂုံဌာပနာတိုက် အနေအထားပုံကို ပန်းချီရေးဆွဲလျက်ရှိသည်ဟု သိရ၏။


ကျီးမနိုးတင်ဝင်း (ပေါင်းတည်)
(ဂမ္ဘီရ ၂၀၀၇-၁၂)

Saturday, October 22, 2011

ပဗ္ဗာဇနိယ ကမ္မဝါစာ နှင့် ပြိတ္တာမျိုးနွယ် တစ္ဆေသရဲ အနှောင့်အယှက်များ (၆)

ကမ္မဝါ ပါဠိ၌လာသော အနှောင့်အယှက်များ---
ပဗ္ဗာဇနိယ ကမ္မဝါစာ မူရင်းပါဠိတွင် “ဣမေ အမနုဿာ ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါ၊ စဏ္ဍာ၊ ရုဒ္ဓါ၊ ရဘသာ၊ အဒယာလုကာ၊ ဝိဟေသကာ”ဟု ဖော်ပြထားပေရာ ပေါ့ပေါ့တန်တန် သဘောထား၍မဖြစ်ပေ။ လူတို့ကို ခြောက်လှန့် ဒုက္ခဖြစ်စေတတ်သော မကောင်းဆိုးဝါးများသာဖြစ်၏။ 

ထိုပါဠိပုဒ်အား အနက်ပေးကြည့်လျှင် ပို၍ အဓိပ္ပါယ်ပေါက်ပေမည်။ အနက်ထွက်ရှိပုံမှာ---
စဏ္ဍာ-ကြမ်းတမ်းကုန်သော၊
ရုဒ္ဓါ-ကုသိုလ်တရားတို့ကို ဆို့ပိတ်တတ်ကုန်သော၊
ရဘသာ-မကောင်းမှုအကုသိုလ် ဒုစရိုက်တရားကို အားထုတ်တတ်ကုန်သော၊
အဒယာလုကာ-သနားခြင်း ကရုဏာ အလွန်ကင်းကုန်သော၊ 
ဝိဟေသကာ-သတ္တဝါတို့အား ရက်ရက်စက်စက် မညှာမတာ နှိပ်စက်တတ်ကုန်သော၊
အမနုဿာ-လူဇာတ်စစ်စစ် မဟုတ်ကုန်သော၊

ထိုမကောင်းဆိုးဝါးကောင်များ၏ သဘောသကန်မှာ ကြမ်းတမ်းပါသည်။ ကြမ်းတမ်းသည့်အပြင် ကုသိုလ်လုပ်ရာမှာလည်း ပိတ်ဆို့တတ်သည့် သဘောရှိပြီး မကောင်းမှုဒုစရိုက်ဘက်မှာသာ သူတို့ မွေ့ပျော်တတ်ပါသည်။ ထိုမကောင်းဆိုးဝါးတို့မှာ အဒယာလုကာ-ပုဒ်အရ သနားခြင်းကရုဏာ အလွန်အမင်း ကင်းမဲ့ကြပေသည်။ 

နောက်ပြီး ရက်ရက်စက်စက် မညှာမတာ  နှိပ်စက်လေ့ရှိ၍ သူတို့သည် လူဇာတ်စစ်စစ် မဟုတ်ကြရကား လက်ဦးမှုရလျှင် အသက်ဇီဝိန်ကိုပင် မညှာမတာ ခြွေခွင်းနိုင်ကြသည်ကို တွေ့ရ၏။

တဖန် ကမ္မဝါစာပါဠိတွင် လူမဟုတ်သည့် အခြောက်အလှန့်တို့ကို ဖွင့်ပြဆိုခဲ့ရာ “ယက္ခ၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ္ဍ၊ နာဂါ”ဟု အတိအကျ ပြဆိုခဲ့ပါသည်။ ထိုပါဠိ၏အဓိပ္ပါယ်မှာ “ဘီလူး၊ ဂန္ဓဗ္ဗနတ်၊ နဂါး၊ အစိမ်းသရဲ၊ သင်းကွဲပြိတ္တာ၊ လူကို ဖမ်းစားတတ်သော တစ္ဆေ၊ မြေဖုတ်ဘီလူး နတ်ဘီလူး၊ နတ်မိစ္ဆာဟူသမျှ”ကို ဖော်ညွှန်းခဲ့သဖြင့် လူတို့အနီးဝန်းကျင်တွင် နေထိုင်တတ်ကြသော မကောင်းဆိုးဝါးကောင်များကို သတိပြု၍နေထိုင်မှ တန်ကာကျပါမည်။ မြို့ရွာများ၌ အထိတ်တလန့် ဖြစ်စေတတ်သည့် အခြောက်အလှန့်များ၊ ကပ်ရောဂါများ ကြုံတွေ့ရလျှင် ရဟန်းသံဃာတော်များအား ဖိတ်မန္တကပြုပြီး အရေးကြီးသော “ပဗ္ဗာဇနိယ ကမ္မဝါစာ”ကို အလေးအနက် ရွတ်ဖတ်စေပြီးနာယူကြည်ညိုကြလေ့ရှိပါသည်။ ထိုသို့ အန္တရာယ်ကင်းလိုက်မှသာ ထူးခြားမှုရှိပြီး စိတ်နှလုံး ရွှင်ပြုံးကြည်သာ ရှိကြသည်မှာ ကမ္မဝါစာ၏ လက်ငင်းကောင်းကျိုးသာဖြစ်၏။

ကမ္မဝါစာနှင့် မန္တလေး---
(၁၉၃၇)ခုနှစ်တွင် မန္တလေးမှာ ပလိပ်ရောဂါဘေးဆိုးကြီး ကျရောက်ပြီး လူပေါင်းများစွာ သေဆုံးခဲ့ရ၏။
 လူသေတွေ ထူထပ်လာခဲ့ရာမှ မြို့ထဲ၊ အရပ်ထဲသို့ ဘီလူး၊ တစ္ဆေ၊ သရဲတို့ ဝင်ရောက်သောင်းကျန်း လာခဲ့ပြန်သည်။ ဘုရားရှင်၏လက်ထက်က ဝေသာလီမြို့မှာ ဒုဗ္ဘိက္ခန္တရဘေး(ငတ်မွတ်မှု ဘေးဆိုးကြီး) ကျရောက်ခဲ့စဉ်က သရဲ၊ တစ္ဆေ၊ ဘီလူးတွေ ဝင်ရောက် မွှေနှောက်သည့်နှယ် မန္တလေးမြို့ကြီး ဒုက္ခမိုးမှောင် ကြုံဆုံရစဉ် လယ်တီဆရာတော်နှင့် အခြားသော ဆရာတော်ကြီးများသည် မြို့ထဲ နေရာအနှံ့အပြားတွင် “ပဗ္ဗာဇနိယကမ္မဝါစာ”များ ရွတ်ဖတ်ပေးခဲ့ကြ၏။ 

ဒါယကာ ဒါယိကာမများတွင် ကြုံတွေ့နေရသည့် ပလိပ်ရောဂါနှင့် လူသေများ မကြာခဏပေါများနေစဉ် ဝင်ရောက်နှိပ်စက်နေကြသော ဘီလူး၊ သရဲ၊ တစ္ဆေများ၏ ဘေးရန်များ ကင်းရှင်းစေဖို့ ရွတ်ဖတ်ပေးကြ၏။ ထိုရက်ပိုင်းအတွင်း အသေအပျောက်များလည်း မပြတ်ဘဲ အလောင်းတွေ ပွစိခတ်နေခဲ့သည်။ နောက်ဆုံး၌ လယ်တီဆရာတော်က အမိန့်ပြန်တမ်းထုတ်ပြီးမှ နတ်မင်းကြီးလေးပါးထံ နေရာတောင်းယူရန်နှင့်
မေတ္တာပို့ရန်ဟု မိန့်ကြားပြီး မေတ္တပရိတ်ပါ ရောနှောပြီးမှ “ပဗ္ဗာဇနိယကမ္မဝါစာ”ကို ရွတ်ဖတ်စေခဲ့ပါသည်။ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်အရံအတားကိုပါ ပြုလုပ်စေခဲ့၏။


ထိုအခါမှစပြီး ပလိပ်ရောဂါဘေးနှင့် ဘီလူး၊ သရဲတို့၏အန္တရာယ်များ ကင်းစင်လွင့်ပြယ် ပျောက်ခဲ့ဖူးကြောင်း ဆရာတော်ကြီးများ၏ မှတ်ချက်များအရ သိရှိရ၏။ အချို့သော ဆရာတော်များမှာ ပဗ္ဗာဇနိယကမ္မဝါစာသည် တဖက်သားကို ရက်စက်စွာ နှင်ထုတ်မှုဖြစ်သဖြင့် အသုံးမပြုကြဘဲ သီးခြားစီစဉ်ထားသော “အန္တရာယိကကမ္မဝါစာ”ကိုသာ ရွတ်ဖတ်သည်ဟု ဆိုကြ၏။ စင်စစ် အန္တရာယ်ပေးတတ်သော မြွေဆိုးများကို တုတ်နှင့် မောင်းထုတ်ပေးရုံနှင့် ဘေးကင်းမသွားနိုင်။ ထိုနေရာ၌ နောက်တကြိမ်မက ပြန်ရောက်ရှိလာပြီး လူများကို သေအောင်ကိုက်သတ်နိုင်သဖြင့် သုတ်သင်ရှင်းလင်းမှသာ မြွေအန္တရာယ်ကင်းစေမည်ဖြစ်သလို လူတွေကို နှိပ်စက်၊ ဒုက္ခပေး၊ ကိုက်ဖြတ်စားဖို့ သက်သက် လူတွေကြားရောက်လာလေ့ရှိသည့် ဘီလူး၊ သရဲ၊ တစ္ဆေ၊ စုန်း၊ ကဝေ၊ နတ်ဆိုးနတ်ယုတ်များအား အပြင်နှင်ထုတ်ပေးနိုင်မှသာ စိတ်အေးချမ်းမည်ဖြစ်သဖြင့် “ပဗ္ဗာဇနိယကမ္မဝါစာ”ရွတ်ဖတ်ပြီး နှင်ထုတ်ပစ်မှသာ သင့်လျော်ပေမည်။ နှင်မထုတ်ဘဲထားလျှင် ကလေးသူငယ်များကအစ ဒုက္ခမျိုးစုံ ကြုံတွေ့ရတတ်ပေသည်။


မင်းကိုချည်---
ရှင်သာမဏေပြုသောအခါ ညနေ ပရိတ်မနာမီ ရှင်သာမဏေလောင်းများကိုဖြစ်စေ၊  မကျန်းမာသူတို့ကို ဖြစ်စေ ချည်မျှင် (၇)မျှင်နှင့် ခြံရံရစ်ပစ်ထားလေ့ရှိ၏။ 
အဓိပ္ပါယ်မှာ ပွင့်တော်မူပြီးသော ဘုရားရှင်တို့သည် အမျိုးလေးပါးအနက် မြတ်သောဗြဟ္မဏ ခတ္တိယမျိုးတို့မှာသာ ဖြစ်တော်မူကြရ၏။ ထိုဗြဟ္မဏမျိုးများမှာ ချည်(၇)မျှင်ကို အရံအတားအဖြစ် အမြဲတစေ စလွယ်သိုင်းဝတ်ဆင်လေ့ရှိကြ၏။ ရှင်ပြုပွဲမှာလည်း ရှင်လောင်းများ မြတ်သည့်ကိုရင်အဖြစ်ရောက်မည်၊ ထိုသို့ရောက်လျှင် အနှောင့်အယှက်ပယောဂတို့ မပေါ်ပေါက်စေဘို့ မင်းကိုချည်ကို ဝတ်ဆင်ရ၏။


ထိုသည့်အလားတူ လူမမာ၌ လူတွေကို နှောင့်ယှက်ခြောက်လှန့်တတ်သော အစိမ်းသရဲ၊ တစ္ဆေ၊ မြေဖုတ်ဘီလူး စသော မကောင်းဆိုးဝါးကောင်တို့ကို အရံအတားဖြစ်စေရန် မင်းကိုချည်(၇)ချောင်းကို ရံတားပေးကြရ၏။ ဤသည်မှာ ဗဟုသုတမှတ်ရန်ဖြစ်၏။


ခြောက်လှန့်တတ်သော တစ္ဆေ၊ သရဲ နှင့် အဖြစ်အပျက်များ---
(၁၂၇၆)ခုနှစ် မြန်မာလို ပထမဝါဆိုလ (၆)ရက်နေ့က ရန်ကုန်မြို့ လသာလမ်းနေ ဒေါ်နှစ်၏သမီး မအေးမေ-သည် မီးယပ်နှင့်ယှဉ်ပြီး ကြီးစွာသောရောဂါ စွဲကပ်ခြင်းကြောင့် မြန်မာဆရာ ၃-ယောက်၊ ဆရာဝန် ၂-ယောက်နှင့် ကုသ၏။ မသက်သာသဖြင့် ဘုရား-တရား-သံဃာ ကုသခြင်းဖြင့် ကုသရန် ဗဟန်းမြို့၊ ကျောင်းတော်ရာ ရွှေကျင်တိုက်၊ ကံသာဆရာတော်အား ပင့်ဖိတ်၏။ ကြို့ကုန်းတောရကျောင်း ဆရာတော် ဦးစက္ကိန္ဒ-စသော သံဃာ ၄-ပါးနှင့်လိုက်သွားပြီး အမိန့်တော်ပြန်ခြင်း၊ ကမ္မဝါဖတ်ခြင်း၊ ပရိတ်ရေ၊ ပရိတ်ဆီ သောက်စေခြင်းပြု၍ ပရိတ်ကြိုးလည်း လက်ကောက်မှာ ချည်စေခြင်းပြုပေးခဲ့ရာ ချက်ချင်းပင် ထထိုင်နိုင်သည်အထိ ထူးခြားစွာပျောက်ကင်းခဲ့သည်။


သူရဲငါးယောက် အိမ်ပေါ်ကဆင်းပြေး---
(၁၂၇၂)ခုနှစ် ဝါဆိုလဆန်း ၁၁-ရက်နေ့က ရန်ကုန်မြို့ စစ်ကဲမောင်ခိုင်လမ်းနေ အငြိမ်းစားမြို့အုပ်မင်း ဦးတာပိုး၏သား မောင်လှခိုင်၊ မင်းကတော် မညီမ၊ ၄င်း၏တူမ မဂွမ်း၊ မဖြူ၊ ၄င်း၏သမီး မသန်း၊ လူပေါင်းငါးယောက်တို့သည် နေထိုင်မကောင်းဖြစ်ကြ၍ ကံသာဆရာတော် ကြွတော်မူပါဟု ပင့်လျှောက်သဖြင့် ဆရာတော်ကိုယ်တိုင်ကြွပြီး လူနာငါးယောက်ကို သံဃာများအနီးဝယ် နေစေခဲ့ပြီး အမိန့်တော်ပြန်ပေးခြင်း၊ ကမ္မဝါစာ ဖတ်ခြင်း၊ ပရိတ်ရွတ်ခြင်းပြုလျက် ပရိတ်ရေသောက်စေခြင်း၊ ဖျန်းစေခြင်း၊ ပရိတ်ကြိုးကိုလည်း လက်ကောက်ဝတ်မှာချည်စေသဖြင့် စိတ်နှလုံးချမ်းမြေ့၍ တနေ့တခြား ကျန်းမာလာခဲ့သည်။


ထိုသို့ ကမ္မဝါဖတ်နေစဉ် မဂွမ်းသည် အိပ်ပျော်သကဲ့သို့ မျက်စိက တိုက်ရိုက်မြင်တွေ့လိုက်ရပုံအား ကံသာဆရာတော်ကို လျှောက်ပြ၏။ ထိုအိမ်ပေါ်က ဆံပင်ဖိုသီဖတ်သီနှင့် မိန်းမငါးယောက် ဆင်းပြေးတာကို မြင်နေရကြောင်း လျှောက်ကြား၏။ ဤ၌ မည်သူမဆို ကျန်းမာရေးဆိုးရွာနေပါက ကမ္မဝါ ဖတ်ခြင်း၊ ပရိတ်ချည်ဖွဲ့နှောင်ခြင်းများက အကျိုးကြီးကြောင်း သတိပြုသင့်၏။


အင်းဝဘုရင် ဆင်ဖြူရှင်နှင့် နတ်သမီး---
အင်းဝ၌ မင်းကြီးစွာစော်ကဲ၏သားတော် ဆင်ဖြူရှင်တရာ့ဖျားသည် (၇၆၂)ခုနှစ်တွင် နန်းတက်၍ မင်းဖြစ်ခဲ့ရာ ငါးလရှိသောအခါ တောကစားထွက်မည်ဟု မှူးတော်မတ်တော်အပေါင်းနှင့်အတူ တောင်ပင်လယ်သို့ ထွက်ခဲ့သည်။ တောသို့ရောက်သော် သမင်လိုက်ကြ၏။ သမင်လိုက်ကြရင်းနှင့် မင်းကြီးမှာ မှူးမတ်များနှင့်ကွဲကာ တောချုံထူထပ်ရာ လျှိုမြောင်ဝှမ်းတွင် ရောက်ခဲ့ရ၏။ တောကြီးထဲ၌ မင်းကြီးတပါးတည်း ယောင်ချာချာဖြစ်နေခိုက် ဇော်ဂျီတပါးသည် ကောင်းကင်မှပျံလာရင်း မင်းကြီးရှေ့မှောက် သက်ဆင်းခဲ့သည်။ 


အသင်မင်းကြီး...မင်းကြီး၏လက်ယာရစ် ခရုသင်းကို ပေးပါလော့၊ အသင်မင်းကြီး အလိုရှိသမျှသော အတတ်တွေကို ငါ သင်ပေးခဲ့မည်။
ထိုအခါ မင်းတရားသည်---မည်သည့်အတတ်ကိုမှ ငါမရချင်၊ ငါ့အားနတ်သမီးတပါးသာ ပေးလေ-ဟု
ဇော်ဂျီအား ပြောလေသော် ဇော်ဂျီသည် ကောင်းပေစွ..ကောင်းပေစွ၊ နတ်သမီး ရစေရမည်-ဟု
ခေါင်းညိတ်ဝန်ခံ၍ လက်ဖျောက်တီး၏။ ထို့နောက် နှုတ်မှ မန္တန်ကို ရွတ်ဆိုလိုက်သော် တခဏတွင် အလွန်တရာ ချောမောလှပသော နတ်သမီးတပါး ကောင်းကင်ထက်မှ ကျရောက်လာခဲ့ရ၏။
ဇော်ဂျီသည် နုနယ်ပျိုမျစ် ရွှန်းသစ်စိုပြည်လွန်းလှသည့် နတ်သမီးချောအား လက်ကိုဆွဲကိုင်၍ မင်းကြီးလက်ထဲ ပေးအပ်လိုက်သည်။


မင်းကြီးမှာ နတ်သမီးအား စိတ်တိုင်းကျ စုံမက်လွန်း၍  တစိမ့်စိမ့်ကြည့်ရင်းမှ ရမ္မက်ဇောတို့ လှိုင်းထန်လာသည်ဖြစ်သဖြင့် တောတွင်းဆိတ်ကွယ်ရာနေရာကလေး၌ နတ်သမီးအား
နွားငတ်ရေကျသည့်နှယ် အငမ်းမရစွာ ကာမကိစ္စ နှီးနှောလေ၏။ ထိုသို့ မင်းကြီးသည် နွားသိုးကြိုးပြတ်သဖွယ် နတ်သမီးချောအား စိတ်ကြိုက် ဖို,မ ကိစ္စပြီးသောအခါ မျက်စိအောက်က အပျောက်မခံချင်လောက်အောင် စွဲငြိခဲ့ရသည့် အလှနတ်သမီးမှာ ဗြုန်းစားကြီးပျောက်ကွယ်သွားလေသည်။


သို့နှင့် ရှာရင်းဖွေရင်း လက်မှိုင်ချပြီး နန်းတော်သို့ ပြန်ရောက်သောအခါ နတ်သမီးအား တသသစွဲလမ်းနေခဲ့ရာမှ နှလုံးတော်မတည်မငြိမ်ဖြစ်ပြီး မင်းကြီးမှာ ထိုတဏှာစိတ်နှင့်ပင် ရူးသွပ်ခဲ့ရလေသည်။
ရာဇဝင်၌ မိန်းမနှင့်ရူးရသော ဘုရင်ဖြစ်ခဲ့ရ၏။
(အပိုင်း ၇-ဆက်ရန်) 


သက်နိုင်ထွန်း
(ဂမ္ဘီရ ၂၀၀၇-၁၂) 


ကျမ်းကိုး။ 
၁။ တဇ္ဈတ္ထဒီပနီ။
၂။ ကျောင်းတော်ရာ ရွှေကျင်တိုက် ကံသာဆရာတော်၏ ပဗ္ဗာဇနိယကမ္မဝါစာ နိဒါန်း။

Friday, October 21, 2011

ဒန့်သလွန်ရွက်

နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။

ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။

ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်ကို
နေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေတယ်။ တက်နေသောသွေးကို ကျစေတယ်။ ဆီးနှင့်ဝမ်းကို ရွှင်စေပါတယ်။ အဲဒီလို ဂုဏ်ထူးဝိသေသအပေါင်းပြည့်သော ဒန့်သလွန်ရွက်ပါ။ 

ဒါ့အပြင် ဒန့်သလွန်ရွက်ကို မည်သည့်ဝေဒနာရှင်ကိုမဆို မြိန်စေတယ်။ အစာကို ကြေညက်စေတယ်။ နှုတ်ကို မြိန်စေတယ်။ မျက်စိကို အကျိုးပြုတယ်။
ဒေါသသုံးပါးလုံးကို နိုင်တယ်လို့ ဆေးကျမ်းတွေမှာ ဖွင့်ဆိုထားပါတယ်။

ဒန့်သလွန်၏စွမ်းပကား--- 
(၁) ဒန့်သလွန်ရွက် ဟင်းခါးကို ကြက်သွန်ဖြူခတ်၍ နေ့, ည သောက်ပေးပါက မိုးဥတုတွင် ဖြစ်ပေါ်တတ်သည့် နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ်ဖွဲ့ဖျားခြင်းတို့ကို သက်သာပျောက်ကင်း စေပါတယ်။ 

သွေးတက်နှင့်သွေးတိုး--
(၂) နေ့စဉ် ဒန့်သလွန်ရွက်ကို ဟင်းခါး (ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူပါသည်) ချက်သောက်ပေးပါက သွေးတိုးနှင့် သွေးတက်ရောဂါဝေဒနာရှင်များ သက်သာပျောက်ကင်းပါသည်။


သန်ကောင်နှင့် ဒန့်သလွန်သီး---
(၃) သန်ရှိပြီး ဗိုက်ပူနံကားဖြစ်နေသော ကလေးများအား ဒန့်သလွန်သီးကို ရက်ဆက် ချက်ကျွေးပေးပါ။ ဒန့်သလွန်သီးရဲ့ စွမ်းပကားကြောင့် ကလေးငယ်များ ဝမ်းတွင်းရှိ သန်ကောင်၊ တုတ်ကောင်များ
သေကြေကုန်ကြပါတယ်။ ဒီနည်းဟာ ကလေးငယ်များအတွက် အန္တရာယ်ကင်းသော ရိုးရာနည်းဖြစ်ပါတယ်။


ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း)
(၄) ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ) ကို အမှုန့်ပြုပြီး နေ့စဉ် သကြားနှင့် ရောသောက်ပေးပါက ဆီးများခြင်းကို သက်သာပျောက်ကင်းပါတယ်။


နားကိုက်၊ နားအူ---
(၅) အစေ့မှုန့်ကို နားနာ၊ နားကိုက်၊ နားပြည်ယိုရောဂါများအတွက် အုန်းဆီနှင့်ရောစပ်ပြီး ကြက်တောင်သန့်သန့်ဖြင့် နားကျပ်ပေးပါက အထက်ပါရောဂါများကို ပျောက်ကင်းသက်သာစေပါတယ်။


ပါးစပ်မှ နံခြင်းအတွက်---
(၆) ပါးစပ်မှ အနံ့ဆိုးများ နံခြင်း၊ သွားဖုံးများမှ သွေးယိုခြင်းများအတွက် ဒန့်သလွန်ပင်စည်ကို ဓားဖြင့်ထစ်၍ ထွက်လာသောအစေးကို ရေနွေးဖြင့်ရောစပ်ကာ ပါးလုတ်ကျင်းပေးရပါတယ်။ ဒီလို မကြာခဏ ပြုလုပ်ပေးပါက ပါးစပ်နံခြင်း၊ သွားဖုံးသွေးယိုခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။


ခေါင်းအုံ၊ ဇက်လေး---
(၇) ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့်ထုပ်ကာ ထုခြေပြီး နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေးရောဂါများ ပျောက်ကင်းစေတယ်။ 


နို့ထွက်ဆေး---
(၈) မီးနေသည် အမျိုးသမီးများအတွက် ဒန့်သလွန်ရွက် ဟင်းခါးချက်သောက်ပေးခြင်း (သို့မဟုတ်) ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးပါက မထွက်သောနို့မှ နို့ရည်များ ဖြိုင်ဖြိုင်ထွက်လာပါတယ်။


ပန်းသေ၊ ပန်းညှိုး---
(၉) ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့်ချက်ပြီး မကြာခဏစားပေးပါက ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။


ကျား,မ မရွေး အားဆေး---
ပရန္နဝါ, ပါးပါးလွှာ
သကာများနှင့်ဖက်၊
ဒန့်သလွန်ပွင့်, အုန်းဆံရင့်
ချိန်သင့်ညီမျှစွက်၊
မင်းတုန်းမင်းခေါင်, သူသုံးဆောင်
ဘုန်းခေါင်နေသို့လက်။

အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။ ဒါကြောင့် မင်းတုန်းမင်းတရား ကြီးသည် ကျန်းမာခြင်း ကာယ-စိတ္တသုခ နှစ်ဝတို့ဖြင့် ပြည့်စုံကြောင်း ကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။

အထက်ပါဆေးနည်းကို ဖော်စပ်မည်ဆိုပါက 
(၁) ပရန္နဝါပင် ပဉ္စငါးပါးကို ပါးပါးလှီးထားရမယ်။
(၂) ဒန့်သလွန်ပွင့်ကို အသင့်စုဆောင်းထားရမယ်။
(၃) အုန်းသီးဆံရင့်ရင့်ကို အသင့်ခြစ်ထားရပါမယ်။
(၄) နောက် ပျားရည်တဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန်အညီအမျှရောထည့်ပြီး ရေလေးခွက်ထည့်ကာ တခွက်သာကျန်အောင် ကြိုရပါမယ်။


စားသုံးနည်း---
အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာထည့်ထားပေးပါ။ အဲဒီဆေးရည်ကို ည-မနက် ဟင်းစားဇွန်း တဇွန်းစီ သောက်ပေးသွားခြင်းဖြင့် မောပန်းအားနည်းသောရောဂါ၊ သွေးလေမမှန်သောရောဂါ၊ ပန်းသေ၊ ပန်းညှိုးရောဂါ၊ နှလုံးအားနည်းခြင်း ရောဂါနှင့် ဒူလာပိန်၊ မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့ နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ်။


ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်သုံးနိုင်ကြောင်း တင်ပြအပ်ပါတယ်။
မှတ်ချက်။ ။ အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့် ပြည့်စုံသည်။ ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။ (စာရေးသူ)


ဝေဝေနွယ်(တိုင်းရင်းဆေး)
(ဂမ္ဘီရ ၂၀၀၇-၁၂)

သမ္ဗုဒ္ဓေအကျိုး နှင့် တန်ခိုးအနန္တ

သမ္ဗုဒ္ဓေဂါထာတော်သည် မြတ်ဗုဒ္ဓဟောကြားခဲ့သော ဂါထာမဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ပိဋကတ်သုံးပုံတွင် ပါဝင်သော ဂါထာလည်း မဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာကို မည်သူက စတင်ဖွဲ့နွဲ့ သီကုံးခဲ့သည်ကိုလည်း မသိရပါ။
သို့သော် မြတ်ဗုဒ္ဓ၏ သာသနာအလင်းရောင် မြန်မာနိုင်ငံဝယ် စတင်ဖြန့်ကျက်သည့် သထုံခေတ်မှ စတင်ပေါ်ပေါက်လာသည်ဟုသာ ရဟန်းပညာရှိ၊ လူပညာရှိများက ခန့်မှန်းခဲ့ကြသည်။

ထိုသထုံခေတ် သာသနာတော် လင်းရောင်ခြည် စတင်ထွန်းလင်းသည့်ခေတ်မှသည် မြန်မာနိုင်ငံတဝန်းသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့ခဲ့ပါသည်။
ဤသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့သွားခြင်းမှာ သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ရိုးရိုးကုသိုလ်ရအောင် ဘုရားရှိခိုးအဖြစ်သာမက ယခုမျက်မှောက်ဘဝ၌ တွေ့ကြုံရင်ဆိုင်ရမည့် ဘေးဆိုးအမျိုးမျိုး၊ အန္တရာယ်ဆိုး အဖုံဖုံတို့မှ လက်တွေ့ မျက်တွေ့ ပွဲတွေ့ အန္တရာယ်ကင်းကြသည်ကို တွေ့ကြုံခံစားကြရသဖြင့် နာမည်ကြီးပြီး ပူဇော်ကန်တော့ကြခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ကြခြင်း ဖြစ်သည်။

သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသည့် သရဏဂုံမြတ်သုံးပါးကို အမြဲမပြတ် နှလုံးသွင်းခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကဲ့သို့ပင် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် မြတ်ဘုရားကို ပို၍အားထားကြည်ညို ကိုးကွယ်ဆည်းကပ်ခြင်းနှင့် မြတ်တရားနှင့် မြတ်သံဃာအပေါင်းကိုလည်း ယုံကြည်အားထားကာ ကြည်ညိုကိုးကွယ်ဆည်းကပ်သော ဂါထာတော်ကြီးအဖြစ် တွေ့ရှိရပါသည်။

ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်ဖတ်ပူဇော်ခြင်းသည် သရဏဂုံသုံးပါးကို ရွတ်ဖတ်ပူဇော်ခြင်းကဲ့သို့ အသွင်သဏ္ဍာန်ခြင်း တူညီနေပါသည်။
သို့သော် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး၏ ထူးခြားချက်မှာ အနှိုင်းမဲ့မြတ်ဗုဒ္ဓ တဆူတည်းကို ပူဇော်ထားခြင်းမဟုတ်၊၊ ငါးသိန်းတသောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ပွင့်လေကုန်ပြီးသည့် မြတ်ဗုဒ္ဓအပေါင်းကို ပူဇော်ထားသော ဂါထာ (ဝါ) ဘုရားရှိခိုးကြီး ဖြစ်သည်။

ထို့အပြင် ထိုအနှိုင်းမဲ့ဘုရားရှင်များ ဟောကြားတော်မူခဲ့သည့် တရားတော်မြတ်အပေါင်းတို့အား၎င်း၊ ထိုမြတ်ဘုရားသခင်တို့၏ တပည့်သားသာဝက ရဟန္တာ၊ သံဃာတော်မြတ်အပေါင်းတို့အား၎င်း၊ ရိုသေလှစွာ ရှိခိုးပူဇော်ကန်တော့သော ဘုရားရှိခိုးဂါထာတော်ကြီး ဖြစ်ပါသည်။

ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးသည် တန်ခိုးထက်မြက်လှ၏။ အန္တရာယ်ဆိုးအမျိုးမျိုးမှ ကင်းလွတ်ကြ၏။ အသတ်ခံရမည့်ဘေးဆိုး အဖုံဖုံမှ လွတ်မြောက်ကြ၏၊ ရောဂါဆိုးအထွေထွေမှ ကင်းလွတ်ကြ၏။ ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးသည် မြန်မာနိုင်ငံဝယ် ထင်ရှားကျော်စော ဂုဏ်သတင်း သင်းပျံ့ပြီး ဗုဒ္ဓဘာသာဝင်များ နှုတ်ဖျားဝယ် သီကျူးပူဇော်နေကြခြင်း ဖြစ်၏။

ဦးပြုံးချိုနှင့် သမ္ဗုဒ္ဓေဂါထာတော်ကြီး---
ကျွန်တော်တို့ငယ်စဉ်တုန်းက အမိ,အဖများက သမ္ဗုဒ္ဓေဂါထာတော်ကြီးကို နှုတ်တိုက်ချပေးခဲ့သည်၊ ကျွန်တော်တို့ မိသားတစု ဂျပန်ခေတ်ကြီးဝယ် နံနက်အိပ်ရာမှ ထလျှင်ထချင်း မျက်နှာသစ်ပြီး သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ၉-ခေါက်တိတိရွတ်ဆိုပြီး ဘုရားရှိခိုးရသည်။
အလားတူပင် ညအိပ်ရာမဝင်မီ၌လည်း သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ၉-ခေါက်တိတိ ဘုရားရှိခိုးပြီးမှ အိပ်ရာဝင်ကြရသည်။


ဤသမ္ဗုဒ္ဓေဘုရားရှိခိုးကြီးကြောင့်ပင် အိမ်ခေါင်မိုးပေါ်မှ စက်သေနတ် တဒက်ဒက်ပစ်ခတ်နေသော်လည်း ကျွန်တော်တို့မိသားစုကို ကျည်တပွင့်မျှ မထိမမှန်ခဲ့။ ကျွန်တော်တို့အိမ်မှာ မြစ်ကမ်းနားနှင့်နီးသဖြင့် နေ့စဉ် ကျွဲညီနောင်ခေါ် မဟာမိတ်လေယာဉ်များက မြစ်တွင်းရှိ လှေ၊ သမ္ဗန်များကို တရစပ်ပစ်ခတ်နေခြင်းဖြစ်သည်။ တချို့အိမ်များမှာ လေယာဉ်ပေါ်မှပစ်သည့် စက်သေနတ်ကျည်ဆန်ကြောင့် မီးဟုန်းဟုန်းထလောင်သွားသည်။
သေလိုက်ကြသည်မှာလည်း အတုံးအရုံး။

ယုတ်စွအဆုံး ကျွန်တော်တို့မိသားတစု ဝဲခြောက်ပင် မပေါက်ကြပါ။ ဂျပန်ခေတ်တွင် ဝမ်းရောဂါအစ ဝဲခြောက်အဆုံး လူတိုင်း အိမ်တိုင်းတွင် ဖြစ်ခဲ့ကြသည်။ ဤသို့သောရောဂါဝေဒနာဆိုးများမှလည်း ကျွန်တော်တို့ လွတ်ကင်းကြသည်။
*****
ရှုမဝ ဦးကျော်နှင့် သမ္ဗုဒ္ဓေဂါထာတော်ကြီး---
ဂျပန်ခေတ်တခေတ်လုံးတွင် ရှုမဝဦးကျော်နှင့် မိသားစုသည် ရန်ကုန်မြို့ စမ်းချောင်းရပ်တွင် နေထိုင်ကြသည်။ ဂျပန်ခေတ်တခေတ်လုံးဝယ် ရန်ကုန်မြို့ကြီးပေါ်သို့ မဟာမိတ်တို့၏ လေယာဉ်များ နေ့စဉ် တဝုန်းဝုန်း၊ တဒိန်းဒိန် ဗုံးမိုးများ ရွာချလျက်ရှိသည်။


ဂျပန်ခေတ်သာ် နေ့မြင်ညပျောက် ခေတ်ဆိုး,ခေတ်ပျက်ကြီး ဖြစ်သည်။ ယနေ့တွေ့နေရသော မိသားစုသည် မနက်ဖြန်တွင် တွေ့ချင်မှတွေ့ရမည်။ မိမိတို့နေအိမ်ပေါ်သို့ ဗုံးကျ၍ မိသားတစုလုံး ပျောက်ကွယ်သွားကြသည်။
ရန်ကုန်မြို့တွင် နေထိုင်ကြသော မိသားစုများမှာ နေ့သေမလား၊ ညသေမလား မသိရသဖြင့် ကျီးလန့်စာစားဘဝဖြင့် နေနေရသည်။ ဤအထဲတွင် ဦးကျော်တို့မိသားစုလည်း အပါအဝင်ဖြစ်သည်။


ဦးကျော်သည် မိမိရင်သွေးများကို အရေးကြုံလျှင် အန္တရာယ်ဆိုးများမှ ကာကွယ်နိုင်သော သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးကို နှုတ်တိုက်ရအောင် သင်ကြားပေးထားသည်။ ပြီးတော့ နံနက်တကြိမ်၊ ညတကြိမ် ဘုရားစင်ရှေ့တွင် ဝတ်တက်ရှိခိုးပူဇော်ကြသည်။ ပြီးတော့လည်း ရန်သူဗုံးကြဲလေယာဉ်ပျံများလာကြောင်း အချက်ပေးဥသြသံကြီးကို ကြားလိုက်လျှင် ဗုံးခိုကျင်းထဲပြေးဝင် ကြပြီး သမ္ဗုဒ္ဓေဂါထာကို တဖွဖွရွတ်ဆိုကြသည်။

ထို့ကြောင့်ပင် ရှုမဝဦးကျော်နှင့် မိသားတစုလုံး အန္တရာယ်ဆိုးအမျိုးမျိုးမှ လွတ်ကင်းခဲ့ကြသည်။ ဦးကျော်တို့နေသော စမ်းချောင်းရပ်ရှိ ဗုံးခိုကျင်းများ အိမ်များပေါ်သို့ မီးလောင်ဗုံးများကျ၍ သေကြ, 
ကြေကြသည်မှာ မြင်မကောင်းပါ။


တနေ့ ဦးကျော်တို့မိသားစု ပုန်းအောင်းနေသော ဗုံးခိုကျင်းများအနီးသို့ ဗုံးများအကျခံရသဖြင့် ဗုံးဒဏ်ကြောင့် ကျင်းပိပြီး အသေဆိုးနှင့် သေကြရသည်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့သည်ဟု ဆိုသည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ရှုမဝဦးကျော်နှင့် မိသားစုတို့ ဗိုလ်ရာညွန့်လမ်း(စကော့ဈေး-ဝါ-ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး)သို့ ပြောင်းရွှေ့လာခဲ့ကြသည်။ ထို့နောက် မြန်မာစာပေလောက၌ ဆန်းသစ်ပေါ်ထွန်းခဲ့သော ရှုမဝမဂ္ဂဇင်းကြီးကို ထုတ်ဝေခဲ့ရာ အောင်မြင်ကျော်ကြားခဲ့သည်။ 


တဖန် ဦးကျော်သည် အပယ်ရတနာ၊ လာလုလုငေး၊ ချစ်တဲ့သူရဲ့ရင်ခွင် စသော ရုပ်ရှင်ကားများကို ရိုက်ကူးခဲ့ရာ အောင်မြင်ကျော်ကြားခဲ့သည်။
ဤသို့ ရှုမဝဦးကျော်၏ အောင်မြင်ကျော်ကြားမှုများသည် နေ့စဉ်ဝတ်မပျက် သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်ဖတ်ပူဇော်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဦးကျော်၏သာကြီး စာရေးဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာ မောင်ဆွေတင်(ဦးဆွေတင်)က ပြန်လည်ပြောပြခဲ့ပါသည်။
*****
ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးနှင့် သမ္ဗုဒ္ဓေဂါထာတော်ကြီး---
မင်းတုန်းမင်းတရားကြီးသည် နံနက်အိပ်ရာမှ ထတော်မူပြီးလျှင် မျက်လဲသန့်စင်တော်မူသည်။ ပြီးလျှင် နန်းဦးဘုရားဆောင်တော်၌ ရွှေဗန်းကြီးဝယ် ပန်းပေါက်ပေါက်အပြည့်ထည့်ကာ လှူဒါန်းပူဇော်လေသည်။
ပြီးလျှင် သမ္ဗုဒ္ဓေဂါထာတော်ကြီးနှင့်တကွ အနက်များကို ရွတ်ဆိုပူဇော်လေသည်-ဟု မန္တလေးမြို့တည်နန်းတည် စာတမ်းတွင် စည်သူမောင်မောင်ကျော်က မှတ်တမ်းတင်ထားခဲ့ပါသည်။


မင်းတုန်းမင်းတရားကြီးကိုယ်တိုင် နေ့စဉ်ဝတ်ထားကာ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးကို ရွတ်ဆိုပူဇော်ခဲ့သည်။ ထို့ကြောင့်ပင် မြင်ကွန်း၊ မြင်းခုံတိုင်တို့က လုပ်ကြံရာ၌ အသက်ဘေးမှ သီသီလေးလွတ်မြောက်သွားခဲ့ပါသည်။ ဤသည်မှာ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးကြောင့်ဟု ဆိုချင်ပါသည်။
*****
သမ္ဗုဒ္ဓေဂါထာတော်မြတ်ကို ပြန်လည် စိစစ်ခြင်း---
အနှိုင်းမဲ့ ဂေါတမဘုရားရှင်သည် အလောင်းတော်ဘဝက ဘုရားဆုကို စိတ်ကူးခဲ့သည်မှာ ၇-သေင်္ချတိုင် ကြာခဲ့ခြင်း၊
နှုတ်ဖြင့် မြွက်၍ တောင်းဆိုခဲ့သည်မှာ ၉-သင်္ချေ တိုင်တိုင် ကြာခဲ့၏။ 
စိတ်ရောနှုတ်ပါ တောင်းဆိုခဲ့သည်မှာ ၄-သင်္ချေနှင့် ကမ္ဘာတသိန်းတိုင်တိုင် ကြာခဲ့၏။
ပေါင်း အသင်္ချေ ၂၀-နှင့် ကမ္ဘာတသိန်းဖြစ်ပါသည်။

ဤတွင် ၄-သေင်္ချနှင့် ကမ္ဘာတသိန်းအတွင်း၌ တဏှင်္ကရာဘုရားမှစ၍ ဘုရားပေါင်း ၂၈-ဆူ ပွင့်တော်မူခဲ့ကြ။ ထို ၄-သင်္ချေနှင့် ကမ္ဘာတသိန်းအတွင်း ပွင့်တော်မူကြသော ဘုရားရှင်တို့ကို ရည်စူး၍ ဘုရားရှိခိုးကြောင်းကို သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ-ပါဠိဖြင့် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့အား စတင်ပူဇော်ကြောင်း ဖော်ပြသည်။


စိတ်ကူးဖြင့် ဆုတောင်းခဲ့သော ၇-သင်္ချေနှင့် နှုတ်မြွက်ဆို၍ ဆုတောင်းခဲ့သော ၉-အသင်္ချေတို့ကို ပေါင်းသော် ၁၆-အသင်္ချေဖြစ်၏။ ထို ၁၆-သင်္ချေအတွင်း၌ ဗြဟ္မာဒေဝဘုရားမှစ၍ ဘုရားပေါင်း (၅၁၂၀၀၀) (ငါးသိန်းတသောင်းနှစ်ထောင်) ပွင့်တော်မူခဲ့ကြလေသည်။


ထို ၁၆-သင်္ချေအတွင်း ပွင့်တော်မူကြသော ဘုရားရှင်အပေါင်းကို ရည်စူး၍ ရှိခိုးပူဇော်ကြောင်းကို 
သမ္ဗုဒ္ဓေ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
ပါဠိဖြင့် ဖော်ပြထားသည်။


တဖန်-
ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတသဟဿာနိ၊ သမ္ဗုဒ္ဓေ စ သိရသာမဟံ နမာမိ-ငါးသိန်းတသောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့ကို ဦးခေါင်းဖြင့် တပည့်တော်ရှိခိုးပါ၏-ဟု ဖွင့်ဆိုထားသည်။


တဖန်-
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ-ဟူသော နှစ်ပါဒသည် နှဲကြိုးဆရာတော်ကြီးနှင့် လယ်တီဆရာတော်ကြီးများခေတ်တွင် အဆိုပါနှစ်ပါဒ မပါရှိပေ။ နှောင်းခေတ်မှ ပါရှိလာခဲ့သည်။
ထိုနှစ်ပါဒမပါလျှင် အသင်္ချေ ၂၀-အတွင်း ပွင့်တော်မူခဲ့ကြသော ဘုရားရှင်တို့ကိုသာ ရှိခိုးသောဂါထာဟု မှတ်သားပြီး ထိုနှစ်ပါဒပါလျှင် အသင်္ချေ ၂၀-၏ ဟိုဘက်မှာ ပွင့်တော်မူခဲ့ကြသော ပေါရာဏဂေါတမ အစရှိသော ဘုရားရှင်အပေါင်းတို့ကို ရှိခိုးပူဇော်သောဂါထာဟု ဖွင့်ဆိုထားပါသည်။


တဖန်--
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ-
ဟူသောနှစ်ပါဒဖြင့် ထိုဘုရားအပေါင်းတို့၏ တရားတော်ဆယ်ပါးနှင့် ရှစ်ပါးသော အရိယာသံဃာတော်မြတ် အပေါင်းကိုလည်း ရိုသေစွာရှိခိုးပါ၏ဟူ၍ အနက်အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။


ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် ငါးသိန်းတသောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ မြတ်ဗုဒ္ဓအပေါင်းတို့အား ပူဇော်ကန်တော့ခြင်း၊ ထိုဘုရားရှင်အပေါင်းတို့၏ တရားတော်မြတ်အပေါင်းတို့အား ရှိခိုးခြင်း၊ ထိုဘုရားရှင်အပေါင်းတို့၏ တပည့်သာဝက ရဟန္တာမြတ်အပေါင်းတို့အား ရှိခိုးခြင်း စသော ရတနာမြတ်သုံးပါးတို့အား ရှိခိုးပူဇော်သောဂါထာဖြစ်ပါသည်။


ထို့ကြောင့် ဤသမ္ဗုဒ္ဓေဂါထာတော်ကြီးမှာ နှောင်းခေတ်မှ ပေါ်လာသော်လည်း ထေရဝါဒဗုဒ္ဓဘာသာဝင်တိုင်း အရိုအသေ၊ အလေးအမြတ်ထားကာ ပူဇော်ကြသည်။
ထို့ကြောင့်ပင် ကျိုက်လတ်မြို့နေ ပစ္ဆိမာရုံဆရာတော်ဘုရားကြီးက ဤသမ္ဗုဒ္ဓေဂါထာတော်ကြီးသည်
လောကီ, လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ပေးစွမ်းနိုင်သည်ဟု မိန့်ဆိုထားခြင်းဖြစ်သည်။


သုသုက
(ဂမ္ဘီရ ၂၀၀၇-၁၂) 


သမ္ဗုဒ္ဓေဂါထာ ဘုရားရှိခိုး ပါဌ်-အနက်
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကာ အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

အဋ္ဌဝီသံ-သုံးပါးဘဝ, သုံးလောကတွင်, ဉာဏရောင်ဖိတ်, အောင်ဘိသိက်နှင့်, နှစ်ကျိပ်ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ-တန်ဆောင်ပမာ, ဉာဏ်ရောင်ဝါဖြင့်, သစ္စာပွင့်လင်း, တရားမင်းတို့ကို၎င်း၊ 
ဒွါဒသဉ္စ သဟဿကေ-နိဗ္ဗာန်ကိန်းအောင်း, စက်မွေ့လျောင်းသည့်, တသောင်းနှစ်ထောင်ကုန်သော၊
သမ္ဗုဒ္ဓေ စ-လရောင်ပမာ, ဉာဏ်ရောင်ဝါဖြင့်, သစ္စာလင်းပြောင်, မြတ်ဘုန်းခေါင်တို့ကို၎င်း၊
ပဉ္စသတသဟဿာနိ-သောင်းတိုက်စကြာဝဠာ, ဂုဏ်ဝါရှောင်ရှိန်း, ငါးသိန်းကုန်သော၊
သမ္ဗုဒ္ဓေ စ-နေရောင်ပမာ, ဉာဏ်ရောင်ဝါဖြင့်, သစ္စာလင်းထိန်, မြတ်မုနိန်တို့ကို၎င်း၊ 
အဟံ-အကျွန်ုပ်သည်၊ သိရသာ-ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ နမာမိ-ရိုသေညွတ်ကျိုး, လက်အုပ်မိုး၍, ရှိခိုးပါ၏။


ဂင်္ဂါ-ဂင်္ဂါယ-ဂင်္ဂါမြစ်အတွင်း၌၊ ဝါဠုကာ-ရှိကြကုန်သော သဲတို့သည်၊ အပ္ပကာ-နည်းကြကုန်သေး၏။ နိဗ္ဗုတာ-ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော၊ ဇိနာ-နှောင့်ယှက်ဖန်လာ, မာရ်ငါးဖြာကို, အရိယာမဂ်, ဘုန်းရောင်စက်ဖြင့်, ချိုးဖျက်လွယ်ကူ, အောင်တော်မူသော, ဘုရားရှင်အပေါင်းတို့ကား၊ အနန္တာ-သင်္ချာဂဏန်း, ရေတွက်မှန်းလည်း, ဆုံးခန်းတိုင်မြောက်, မရောက်နိုင်ကြကုန်၊ တေ ဇိနေ စ-ထိုဘုရားရှင် တို့ကို၎င်း၊ တေသံ-ထိုငါးသိန်းတသောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်, မရေတွက်နိုင်သော ဘုရားရှင်တို့၏၊ ဓမ္မဉ္စ-တရားတော်မြတ်ကို၎င်း၊ သံဃဉ္စ-တပည့်သားသံဃာတော်မြတ်ကို၎င်း၊ အဟံ-အကျွန်ုပ်သည်၊ အာဒရေန-အာဒရံ-ရိုသေစွာ၊ နမာမိ-ရှိခိုးပါ၏။


နမက္ကာရာနုဘာဝေန-ဤသို့ ရှိခိုးပူဇော်, ဖူးမြှော်မာန်လျှော့, ကန်တော့ရသော, ပဏာမကုသိုလ်,
စေတနာကြောင့်၊ သဗ္ဗေ-ခပ်သိမ်းကုန်သော၊ ဥပဒ္ဒဝေ-ဘေးရန်တို့ကို၊ ဟိတွာ-ပယ်ဖျောက်၍၊ အနေကာ အန္တရာ ယာပိ-တပါးမက, များလှသွယ်သွယ်, အန္တရာယ်တို့သည်လည်း၊ အသေသတော-အကြွင်းအကျန် မရှိသောအားဖြင့်၊ ဝိနဿန္တု-ပျောက်ပျက်ပါစေကုန်သတည်း။


(မော်လူး)

Thursday, October 20, 2011

ဆရာတော်ကြီးများ၏ မှတ်သားဘွယ်ရာ သြဝါဒကထာ

ဘုန်းကြီးတို့ မြန်မာပြည်မှာ အားလုံး ရှေးအခါကစပြီး ယခုအထိ အဲဒီလို သာသနာတော်ကို ကြည်ညိုမြတ်နိုးတဲ့ စိတ်ရှိလို့ ကိုယ့်သားကလေးမွေးလာရင် ရှင်ပြုပေးရမှ၊ သင်္ကန်းဝတ်ပေးရမှ ကျေနပ်ကြတယ်။ သင်္ကန်းမဝတ်ပေး ရသေးသမျှ တာဝန်ကျေတယ်လို့ မယူဆကြဘူး။ အဲဒီ သာသောတ်အပေါ်မှာ မြတ်နိုးတဲ့စိတ်ကလေးဟာ အဲ...မိမိတို့ သာသနာကို ထွန်းကားဖို့အကြောင်း ကောင်းမြတ်တဲ့စိတ်ထားကောင်းလေးပဲ။
(ဦးဝါသေဋ္ဌာဘိဝံသ-အဘိဓဇမဟာရဋ္ဌဂုရု၊ ပုဇွန်တောင် ရွှေကျင်တိုက်သစ်)

အလှူကြီးတွေပေးပြီး ပျော်ကြရွှင်ကြ၊ ပွဲတွေလမ်းတွေနဲ့ ဒါ...ကုသိုလ်မဟုတ်ဘူး။ အလှူ့ဒကာကို ဝိုင်းမြှောက်ကြ၊ တီးကြ၊ မှုတ်ကြနဲ့၊ ဒါ...လောဘတွေပဲ။ ဒါ...မှားတာပဲ။ လမ်းမှားတာပဲ။ အခုလို ကုသိုလ်ပြုတဲ့နေရာမှာ တိတ်ဆိတ်ငြိမ်သက်နေမှ ကောင်းတယ်။ ဒါ့ကြောင့် ကုသိုလ်ပြုတဲ့နေရာမှာ စိတ်ကို ကြည်ကြည်လင်လင် နိဗ္ဗာန်မှန်းပြီး ကုသိုလ်ပြုတတ်အောင် လုပ်ပါ။
(မဟာဂန္ဓာရုံ အရှင်ဇနကာဘိဝံသ)


အလကားလူကို ဘယ်သူမှ အသုံးမချပ။ အသုံးကျတဲ့လူမှ အသုံးချာတပါ။ လူကောင်းတယ်၊ တော်တယ်ဆိုတာ အသုံးချလို့ရလို့ ကောင်းတာ တော်တာ။ အလကားလူဟာ အသုံးမကျဘူး။ ဘယ်သူမှ အသုံးမချပါ။ ယခု မျက်မှောက်လောကမှာ ကျော်ကြားနေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပါ။ ရှေ့တန်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပါ။ အလကားလူတွေ မဟုတ်ပါ။ အလကားလူကို ဘယ်သူမှ ရှေ့တန်းမတင်ပါ။ ရှေ့တန်းလည်း မရောက်ပါ။ ရောက်ရင်လည်း ခဏပါ။ အချိန်ကြာရင် အလကားလူဟာ အလကားပဲ ပြန်ဖြစ်သွားတာပါ။
(ဓမ္မဒူတ-အရှင်ပညာဇောတ)


သာသနာပြုဖို့ တာဝန်ကိုယ်စီရှိကြတယ်လို့ ဟောပြောနေသော်လည်း သာသနာဆိုတာ ဘာမှန်းမသိတဲ့သူတွေအနေနဲ့ သူများက သာသနာပြုလို့ အမည်ခံပြီး သာသနာနဲ့ ဆန့်ကျင်ဘက်လုပ်ငန်းတွေ လုပ်နေသော်လည်း ထိုသူများအဖို့ ထိုလုပ်ငန်းတွေကို ပြုလုပ်နေတာသည်ပင် သာသနာပြုပါလားလို့ စိတ်ထဲမှာ မှားယွင်းစွာ ထင်မြင်ယူဆသွားတတ်ပါသည်။
(ဓမ္မဒူတ-အရှင်ဣန္ဒာဝုဓ)


ကိုယ်ကျိုးပဲဖြစ်ဖြစ်၊ သူများအကျိုး သည်ပိုးရာမှာပဲ ဖြစ်ဖြစ် ဟန်ဆောင်ပန်ဆောင် လူအထင်ကြီးအောင် မဟုတ်ဘဲ စိတ်ပါလက်ပါ တက်တက်ကြွကြွ၊ သဲသဲမဲမဲ ဇွဲနပဲဖြင့်လုပ်ပါ။ လုပ်တဲ့အလုပ် အောင်မြင်မည်။ အောင်မြင်လျှင် ဆီလိုအပေါက်ရှာသူတွေ ဟာကွက်ကို ထောက်ပြစရာ မတွေ့နိုင်တော့ပေ။ အများအကျိုးဆောင်သူအဖို့ လုံခြုံမှု တနည်းတလမ်း ရသွားပြီ။
(မဟာသဇ္ဇနောဒယ ဆရာတော်-စစ်ကိုင်းတောင်ရိုး)


မြတ်ဗုဒ္ဓသည် ကမ္ဘာ့ဘာသာရေးသမိုင်းတွင် အဦးဆုံးသော သာသနာပြုပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ခရစ်တော်သည် မြတ်ဗုဒ္ဓ၏နောက် နှစ်(၆၀၀)ခန့် နောက်ကျပြီး မိုဟာမက်သည် နှစ်ပေါင်းတထောင်ကျော်
နောက်ကျပါသည်။ ခရစ်တော်နှင့် မိုဟာမက်တို့သည်လည်း ခရီးလှည့်သာသနာပြု ပုဂ္ဂိုလ်များပင်ဖြစ် ဖြစ်သည်။ သို့သော် သာသနာနှင့် သာသနာပြုနည်းတို့ကား မြတ်ဗုဒ္ဓ၏နည်းများနှင့် ခြားနားလှပေသည်။ မြတ်ဗုဒ္ဓကား ဓမ္မကိုဟောသည်။ အခြားဘာသာရေး ခေါင်းဆောင်တို့က ယုံကြည်ဖို့၊ ဆုတောင်းဖို့ ဟောသည်။ မည်သူမဆို မည်သည့်ယုံကြည်ချက်၊ မည်သည့်ကိုးကွယ်မှုပဲရှိရှိ ဓမ္မကိုသင်ခြင်း၊ ကျင့်ခြင်း၊ သိမြင်ခြင်းဖြင့် ဘဝအဆင့်မြင့်စေလိုခြင်းမှာ မြတ်ဗုဒ္ဓ၏အလိုတော်ဖြစ်သည်။ 
(သီတဂူဆရာတော် ဦးဉာဏိဿရ)


ကိုယ့်ဗုဒ္ဓဘာသာအကြောင်းကိုမှ ကိုယ်နားမလည်ရင် ဗုဒ္ဓဘာသာခံယူကျင့်သုံးမှု မခိုင်မြဲဘူး။ ယောင်ဝါးဝါး ဗုဒ္ဓဘာသာမျှပါပဲ။ သူများတွေက မေးမြန်းလိုက်ရင် ကိုယ့်ဗုဒ္ဓဘာသာအကြောင်းကို မဖြေနိုင်ကြဘူး။ တချို့ ဘာသာခြားဘက် ပါသွားနိုင်သေးတယ်။ ခင်ဗျားတို့ ဗုဒ္ဓဘာသာတွေလည်း ဆုတောင်းတာပဲ၊ အခြားဘာသာတွေလည်း ဆုတောင်းတာပဲ၊ အတူတူပါပဲလို့ ပြောလိုက်ရင် ကိုယ့်ဗုဒ္ဓဘာသာအကြောင်း ကိုယ်ကိုယ်တိုင် လေးလေးနက်နက် သိမထားတော့ ဟုတ်ပါတယ်ဗျာ၊ ဆုတောင်းရတာချည်းပဲလို့ ထင်သွားရင် မှားမယ်။ အခြားဘာသာဝင်တွေ ထာဝရဘုရားထံ ဆုတောင်းတယ်။ ပရေး(Pray) လုပ်တယ်ဆိုတာက လူကြီးမိဘထံ ကလေးက မုန့်တောင်းသလို တောင်းနေတာပါ။ 
(အရှင်သီလာနန္ဒာဘိဝံသ-ဟတ်မွန်းဘေး အမေရိကန်နိုင်ငံ)


အလှူဒါနတွေ များနေလို့ သာသနာတော်ကြီး အချောင်သမားတွေ ဝင်လာကြတယ်။ တချို့ကြတော့ ယီးတီးယားတားနဲ့ ဝင်လာကြတယ်။ မြန်မာတွေက အလှူဒါန ရက်ရောလွန်းအားကြီးတယ်။ ဒါကြောင့် မတိုးတက်ဘဲ အချောင်သမားတွေ ပေါလာတယ်။ သင်္ကန်းလည်း မရှားဘူး၊ ကျောင်းလည်း မရှားဘူး၊ ဘုရားလက်ထက်က သင်္ကန်းရှားလို့ သိက္ခာပုဒ် ပညတ်ရတယ်။ တနေ့ကလည်း လူတယောက် ခေါင်းညှပ်ဆိုင်ဝင်ပြီး ခေါင်းတုံးရိပ်ပြီး အဲဒီအနားမှာပဲ သင်္ကန်းဝတ်လိုက်သတဲ့၊ အချောင်သမားတွေ များကုန်ပြီ။
(အမရပူရ  မဟာဂန္ဓာရုံ ဆရာတော်)


ဂုဏ်ကျက်သရေတက်အောင်လည်း သူများက လုပ်မပေးနိုင်ဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်ရတယ်။ ဂုဏ်ကျက်သရေယုတ်အောင်လည်း သူများလုပ်တာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်တယ်။ အဲဒါကြောင့် အားလုံး ကိုယ့်ဂုဏ်ကျက်သရေ သူများလုပ်ပေးလို့မရဘူး။ ကိုယ့်ဟာကိုယ် ကြိုးစားကြဖို့။ ကိုယ့်ဂုဏ်ပျက်အောင်လည်း သူများက ကိုယ့်ဂုဏ်ဖျက်တယ်လို့ မအောက်မေ့နဲ့။ သြော်...တို့များ အမှားအယွင်းရှိခဲ့လို့ တို့ဂုဏ်သိက္ခာကျတယ်လို့ အဲဒီလို တွက်ကြည့်။ အဲဒီတွက်ချက်မှုဟာ အမှန်ပဲ။
(သီတဂူဆရာတော် ဦးဉာဏိဿရ)


ဘုရားသာသနာတော်အတွင်းမှာ လူဖြစ်ပါလျက် ဝိပဿနာကုသိုလ်မှ ရ,မသွားဘူးဆိုရင် သာသနာတော်နှင့် တွေ့ရကျိုးမနပ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါန၊ သီလ၊ သမထ ကုသိုလ်ဆိုတာတွေက သာသနာပမှာလည်း ရှိတယ်။ ဝိပဿနာကတော့ သာသနာပမှာ မရှိဘူး။ ဒါကြောင့်ပါပဲ။
(မဟာစည်ဆရာတော်)


လူ-လူ့စည်းကမ်းနဲ့၊ 
ရဟန်း-ရဟန်းစည်းကမ်းနဲ့
သူ့စည်းကမ်းနဲ့သူ ရှိကြပါစေ။ 
အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ တဲ့။ 
စည်းကမ်းမရှိတဲ့ ပုဂ္ဂိုလ်ဆိုရင်လည်း လူဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ်၊ ပရမ်းပတာကြီးပဲ။ သူတို့ကို ကြည့်ရတာ တယ်သမာဓိမရှိဘူး။
(စစ်ကိုင်း ရွှေဟင်္သာဆရာတော်)


ကောင်းကင်ကို ဈာန်တန်ခိုးဖြင့် နိုင်၏။
သမုဒ္ဒရာကို လှေသင်္ဘောဖြင့် နိုင်၏။
အမိုက်မှောင်ကို ဆီမီးဖြင့် နိုင်၏။
မသူတော်ကို အဘယ်နည်းဖြင့် နိုင်မည်နည်း။
ငရဲကြီးရှစ်ထပ်ကို ကမ္ဘာဖျက်မီး ကျွမ်းစေ၏။
မြေကြီးအထုကို ကမ္ဘာဖျက်ရေ ကြေမွစေ၏။
မြင့်မိုရ်တောင်ကို ကမ္ဘာဖျက်လေ လွင့်စေ၏။
မသူတော်ကို ဘယ်သူ ဘယ်သို့ဖြစ်စေနိုင်သနည်း။
မသူတော်ကို အမှီပြုလျှင် မသူတော်သာ ဖြစ်သည်။
ကျား၏သား သမင်မဖြစ်။ 
(ပထမရွှေကျင်ဆရာတော်-မင်းတုန်းမင်းလက်ထက်) 

စာပေတွေ ဖတ်တယ်ဆိုတဲ့နေရာမှာလည်း အဲဒီထဲက မှတ်သားစရာ၊ လိုက်နာစရာပါလာရင် ချက်ချင်းရေးမှတ်၊ ကိုယ်တိုင်ကျင့်သောအားဖြင့် အသုံးချ။ သူများတွေကိုလည်း ကြုံလာရင် ကိုယ်ကျင့်သလိုပြန်ပြပေး။ အဲဒီလိုလုပ်မယ်ဆိုရင် တနှစ်ထက်တနှစ် ပိုတော်လာမယ်။
(ဓမ္မဒူတ-အရှင်ပညာဇောတ)


ကူးစက်တဲ့ရောဂါ၊ နူနာရောဂါတို့ စွဲကပ်နေတဲ့လူ အနီးအပါးကို မကပ်ချင်ကြသလိုပဲ ဒေါသဖြစ်နေတဲ့သူ၊
ဒေါသကြီးတဲ့သူရဲ့ အနီးအပါးလည်း မကပ်ချင်ကြဘူး။
(မဟာစည်ဆရာတော်)


ကိုယ့်အပေါ် မမှန်မကန်ပြောချင်ပြောပါစေ၊ စွပ်စွဲကဲ့ရဲ့တယ်ဆိုတာ အခုမှဖြစ်ပေါ်လာတဲ့ အောက်တန်းစား အလုပ်မဟုတ်ဘူး။ ဘုရားရှင်လက်ထက်မှာကတည်းက ရှိနှင့်နေခဲ့တာပဲ။ သူများအပေါ် မဟုတ်တမ်းတရမ်းတွေ ပြောဆိုတတ်တဲ့သူတွေမှာ သေချာလေ့လာကြည့်လိုက်ပါ။ ဘယ်မှာကျက်သရေရှိလို့လဲ။ မျက်နှာမြင်ရုံနဲ့ ကြည့်တတ်ရင် သိတယ်ဆိုတာ အဖြေက အရှင်းကြီးပါပဲ။ ဦးပဉ္ဇင်းကတော့ ကြုံတိုင်းပြောမိတယ်။ မေတ္တာကလေး နာနာဖိပြီးပို့ပါ။ မေတ္တာတရားဟာ အကောင်းဆုံးတုံ့ပြန်နည်းဖြစ်တယ်။ 


လူ,လူချင်း၊ ဘုန်းကြီး,ဘုန်းကြီးချင်းလည်း အခန့်မသင့်ရင် ဆန့်ကျင်ပုတ်ခတ် ပြောဆိုတတ်ကြတာပါ။ ကိုယ့်ဘက်ကသာ မူမှန်မှန်နေပြီး မေတ္တာတရား ပွားများပေးဖို့သာလိုအပ်တယ်။ ဦးပဉ္ဇင်းတို့ဝါဒကတော့ ပေးမယ်၊ မေတ္တာပေးမယ်၊ လိုချင်သူကို ပေးလိုက်ပါ။ ကဲ့ရဲ့ချင်သူကိုလည်း မေတ္တာဓာတ်ပို့လိုက်ပါ။
(ဦးအာစိဏ္ဏ ဆေးကျောင်း တမ္ပဝတီဆင်တဲတိုက် မန္တလေး)


ရေလိုအေး၍ ပန်းလိုမွှေးပါစေ
မအေးလှ(နဘား) 


(ဂမ္ဘီရ ၂၀၀၇-၁၂)

ပါဒစေတီ

မြတ်စွာဘုရား၌ မည့်သည့်ပုဂ္ဂိုလ်နှင့်မျှမတူအောင် ထူးခြားသော အမှတ်အသား မဟာပုရိသလက္ခဏာတော်ကြီး ၃၂-ပါး ထင်၇ှားစွာပါရှိလာရာတွင် ဒုတိယမြောက်လက္ခဏာတော်မှာ စက္ကေနင်္ကီတ ပါဒလက္ခဏာတော်ပင်
ဖြစ်သည်။  

စက္ကေနင်္ကီတ ပါဒလက္ခဏာဟူသည် မြတ်စွာဘုရားရှင်၏ နှစ်ဖက်သောခြေဖဝါးတော်အပြင်၌ အကန့်တထောင်၊ အကွပ်တံကူ၊ ပုံတောင်းချက်မနဲ့တကွ ဖြစ်ကုန်သော ခပ်သိမ်းသောအခြင်းအရာ (၁၀၈)ကွက်တို့နှင့် ပြည့်စုံကုန်သော ဝန်းဝိုင်းသောစက်ဝန်းတို့ ဖြစ်ပေါ်လျက်ပါရှိခြင်းပင်ဖြစ်သည်။


ဗုဒ္ဓခြေတော်ရာ---
မြတ်စွာဘုရားရှင်သည် တပည့်သာဝကများ သတိသံဝေဂဖြစ်ကြစေရန်နှင့် မဂ်ဖိုလ်တရားထူးကို ရကြစေရန် ရည်သန်၍ဖြစ်စေ၊ နောင်လာနောက်သားတို့ ထာဝရဖူးမြော်နိုင်ကြစေရန် ရည်သန်လျက်
ဝေနေယျသတ္တဝါတို့၏ တောင်းပန်ချက်ကြောင့်ဖြစ်စေ အဓိဋ္ဌာန်ဖြင့် ခြေတော်ရာကို ချထားတော်မူရာ၌ အကန့်တထောင်၊ ပုံတောင်းအချက် အကွပ်တံကူနှင့် (၁၀၈)ကွက် လက္ခဏာတို့နှင့် ပြည့်စုံသောစက်ဝန်းတို့ ထင်ရှားစွာ မြင်တွေ့ကြရကြောင်း ဒေါဏသုတ် ပါဠိတော်၌ ပြဆိုထား၏။


ထိုစာပိုဒ်၌ ခြေတော်ရာဟူသည် အကန့်တထောင် အကွပ်တံကူ (အနားရေနှုတ်ခမ်းသပ်)၊ ပုံတောင်း (ဗဟိုချက်)နှင့်တကွ (၁၀၈)ကွက်လက္ခဏာတို့နှင့် ပြည့်စုံသော စက်ဝန်းပါရှိသည့် မြတ်စွာဘုရားရှင်တို့
ခြေတော်ာကွလှမ်းတော်မူ၍ ချတော်မူရာ၌ ထင်ကျန်ရစ်သော ခြေဖဝါးတော်၊ အရာတော်တို့ပင်ဖြစ်ကြောင်း ဖွင့်ဆိုပြထား၏။


ခြေတော်ရာ စက်ဝန်းလက္ခဏာတော်တန်ခိုး---
မြတ်စွာဘုရား ကြွလှမ်းတော်မူရာ အရပ်ဌာန၊ ဒေသလမ်းခရီးဟူသမျှတို့သည် နိမ့်ဝှမ်း၊ မြင့်မောက်၊ ကျင်း၊ ချိုင့်၊ အနိမ့်၊ အမြင့်ဟူ၍ မရှိစေရ။ အားလုံး ညီညာပြန့်ပြူးေချြောလျက်သာရှိ၏။ မြတ်စွာဘုရားရှင် ကြွလှမ်းစဉ် နိမ့်သောချိုင့်ဝှမ်းကျင်းနေရာအရပ်သည် မြင့်တက်လာရ၏။ မြင့်မောက်သောအရပ်သည်ကား ညီညာပြန့်ပြူးပေးရသည်။ 


ထို့အပြင် လမ်းပေါ်မှာရှိသော ဆူး၊ ငြောင့်၊ ခလုတ်ကန်သင်း၊ ကျောက်စရစ်ခဲ၊ အိုးခြမ်းကွဲတို့သည်၎င်း၊ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး စသော အညစ်အကြေး၊ အမှိုက်သရိုက်တို့သည်၎င်း မြတ်စွာဘုရားရှင် ကြွမြန်းရန် ခြေတော်မချမီကပင် ဖယ်ခွါရှောင်ပေး အဝေးသို့လွင့်ပြေးကြရသည်။ ဤကား ခြေဖဝါးတော်၌ပါရှိသော စက်လက္ခဏာတော်၏ အစွမ်းပင်တည်း။


ခြေတော်ရာ သဘာဝ---
မြတ်စွာဘုရားရှင်၏ ခြေတော်ရာသဘာဝမှာ ဘုရားရှင်ကိုယ်တိုင် ရည်ညွှန်းသည့်ပုဂ္ဂိုလ်ကို
ခြေတော်ရာမြင်စေရန်အတွက် အဓိဋ္ဌာန်ကာ ခြေတော်ကိုချမှသာ ခြေတော်ရာသည် မြေပြင်ပေါ်တွင်၎င်း၊
ကျောက်ပြင်ပေါ်တွင်၎င်း ထင်ပေါ်လေ့ရှိ၏။


ဘုရားရှင်ကိုယ်တော်တိုင် အဓိဋ္ဌာန်ပြီး ခြေတော်ရာမချပါက မြေပြင်ပေါ်တွင် ခြေတော်ရာမထင်ကျန်ဘဲ ရှေ့ကသွား နောက်က အလိုလိုပျောက်ကွယ်သွားလေသည်။ သို့သော် တစုံတရာ အကြောင်းထူးရှိသည့်အခါတွင် အဓိဋ္ဌာန်ဖြင့် ဘယ်ပုဂ္ဂိုလ်မြင်ပါစေ၊ တွေ့ပါစေဟု ဆို၍ တကူးတကချပေးသော ခြေတော်ရာသည်သာ ထင်ကျန်ရစ်ခြင်းဖြစ်၏။ ထိုထင်ကျန်ရစ်ခဲ့သော ခြေတော်ရာသည် မိုးကြီးသည်းထန်စွာ ရွာသွန်းသော်လည်း မြတ်စါာဘုရားရှင် ရည်ညွှန်းသည့်ပုဂ္ဂိုလ် မမြင်မချင်း ပျောက်ကွယ်ပျက်စီးသွားခြင်း မရှိ။ မည်မျှပင်ကြီးကျယ်သော ဟာရီကိန်းမုန်တိုင်းသော်၎င်း, မာလာမုန်တိုင်းသော်၎င်း, ဝေရမ္ဘလေသော်၎င်း,
ပြင်းထန်စွာတိုက်ခတ်သော်လည်း ခြေတော်ရာမှာ ပျက်စီးသွားခြင်းမရှိ။


ထို့အပြင် ပျက်စီးစေလိုသောပုဂ္ဂိုလ်တွေအနေနဲ့ ခြေတော်ရာကို တမင်ပျက်စေရန်အလို့ငှါ ကျွဲ၊ နွား၊ တိရစ္ဆာန်၊ လက်ါနက်မျိုးစုံဖြင့် ဖျက်ဆီးသော်လည်း ပျောက်ပျက်သွားခြင်း မရှိချေ။ ဤသည်ကား ခြေတော်ရာ၏ သဘာဝပင်တည်း။


အဓိဋ္ဌာန်ပြုခဲ့ရာ ခြေတော်ရာ (၈)ဌာန---
ဘုရားရှင်၏ခြေတော်ရာသည် အထက်တွင်ရေးသားဖော်ပြခဲ့သည့်အတိုင်း ခြေတော်ချတိုင်း ထင်ကျန်ရစ်သည် မဟုတ်ပေ။ ခြေတော်ရာထင်ကျန်ရစ်မှုသည် ဘုရားရှင်က အဓိဋ္ဌာန်ပြုမှသာ ထင်ကျန်ရစ်ခြင်းဖြစ်သည်။ အဓိဋ္ဌာန်မှု မပြုလျှင် ထင်ကျန်ရစ်ခြင်းမရှိချေ။ အဓိဋ္ဌာန်ပြုပြီး ခြေတော်ရာ ထင်ကျန်ရစ်မှုကိုလည်း တစုံတရာအကြောင်းထူးရှိမှသာ ဘုရားရှင်က ပြုတော်မူခြင်းဖြစ်၏။ 


စာပေကျမ်းဂန်တို့၌ ဘုရားရှင်အဓိဋ္ဌာန်ပြုပြီး ခြေတော်ရာချသောနေရာ (၈)ဌာနကို ဤသို့ပြဆိုထားလေသည်။ ၄င်းတို့မှာ-
(၁) ဒေါဏပုဏ္ဏားကြီး မြင်တွေ့စေရန် သက္ကဋ္ဌမြို့နှင့် သေတဗျမြို့တို့၏အကြား လမ်းခရီးအရပ်ဌာန။
(၂) မာဂဏ္ဍီပုဏ္ဏား ဇနီးမောင်နှံတို့ မြင်တွေပစေရန် ကမ္မာသဒမ္မနိဂုံးရွာကြီးနှင့် တောအုပ်အကြား လမ်းခရီးအရပ်ဌာန။
(၃) ကုက္ကဋမိတ္တ မုဆိုးသားအဖတို့ မြင်တွေ့စေရန် ရာဇဂြိုဟ်မြို့အနီး တောအုပ်အတွင်း၌ ထောင်ထားအပ်သော ကျော့ကွင်းနီး အရပ်ဌာန။
(၄) အဇိတ စသော ရသေ့တို့ မြင်တွေပစေ၇န် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်အတွင်း ဂန္ဓကုဋီကျောင်းအနီး အရပ်ဌာန။
(၅) အရှင်သာရိပုတ္တရာမထေရ် မြင်တွေ့စေရန် ဟိမဝန္တာရှိ တခုသော တောင်ဝှမ်းအတွင်း အရပ်ဌာန။
(၆) သုမနနတ်မင်း၏ တောင်းပန်ချက်အရ သီဟိုဠ်ကျွန်း သမန္တကူဋသုမနတောင်ပေါ် အရပ်ဌာန။ 
(၇) နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်အရ သုနာပရန္တတိုင်း နမ္မဒါမြစ်ကမ်းနား အရပ်ဌာန။
(၈) သစ္စဗန္ဓ ရဟန္တာမထေရ်၏ တောင်းပန်ချက်အရ သစ္စဗန္ဓတောင်ပေါ် ကျောက်ဖျာအရပ်ဌာန စသည်တို့ပင်ဖြစ်၏။


မှတ်ချက်။ 
ဘုရားရှင်ခြေတော်ချခဲ့ရာ (၈)ဌာနဖြစ်သော်လည်း (၅)ဌာနတွင်ရှိသော ခြေတော်ရာမှာ ဒေါဏပုဏ္ဏား စသောမြင်တွေ့စေချင်သည့် ပုဂ္ဂိုလ်တို့ မြင်တွေ့ပြီး အကျိုးကိစ္စများ ပြီးစီးပြီဖြစ်၍ အလိုအလျောက် ပျောက်ကွယ် သွားကြပြီး ကျန်(၃)ဌာနတွင်ရှိသော ခြေတော်ရာကိုမူ ယနေ့ထက်တိုင် ဖူးမြင်ကြရ၏။
နမ္မဒါနဂါးမင်း တောင်းပန်ချက်အရ ချတော်မူသော ခြေတော်ရာမှာ  မန်းစက်တော်ရာရှိ
အောက်စက်တော်ရာဖြစ်ပြီး သစ္စဗန္ဓရဟန္တာမထေရ် တောင်းပန်ချက်အရ ချတော်မူသော ခြေတော်ရာမှာ မန်းစက်တော်ရာဘုရားရှိ အပထက်စက်တော်ရာ (စေတီငုံ၍ တည်ထားရာ) တို့ ဖြစ်သည်။
(စာရေးသူ)


စေတီထိုက်သော ခြေတော်ရာ---
မြတ်စွာဘုရား၏ ခြေတော်ရာတို့ကား ပါဒစေတီဟူ၍ မည်တွင်သည့်အပြင် ဘုရားရှင်အဓိဋ္ဌာန်ဖြင့် ချတော်မူခဲ့သော ပူဇော်ဖွယ်ဝတ္ထုဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်ပေသည်။ ဘုရားရှင်၏ မူလခြေတော်ရာကို ရည်မှန်း၍ တူနိုင်သမျှ တူအောင် ထုလုပ်ပူဇော်ထားသော ခြေတော်ရာပွာတို့သည်ကား ဥဒ္ဒိဿစေတီ ထိုက်ပေသည်။

မြတ်စွာဘုရားရှင်သည် သုမနနတ်မင်း၊ နမ္မဒါနဂါးမင်းနှင့် သစ္စဗန္ဓရဟန္တာမထေရ်တို့ တောင်းပန်ချက်အရ အမြဲထာဝရ ဖူးမြော်နိုင်ကြရန် ခြေတော်ရာတို့ကို ချတော်မူခဲ့သည်-ဟူသော အထိမ်းအမှတ်အဖြစ်
ရှေးဆရာတော်ကြီးများ၊  ဘုရားဒါယကာ၊ ဒါယိကာမများ၊ ဂေါပကလူကြီးတို့သည် မြန်မာပြည်အနှံ့ စေတီပုထိုး၊ ဘုရားတန်ဆောင်း၊ ကျောင်းကန်အတွင်းနှင့် တော်ငပေါ်အရပ်ဒေသဌာနတို့၌ စကျင်ကျောက်ကို ထုလုပ်ပူဇော်လျက် ခြေတော်ရာ ပါဒစေတီတို့ကို တည်ထားခဲ့ကြလေသည်။
လိုဏ်ဂူတို့၌မူ မုခ်ဝအတွက် အဝင်အဝတွင် နံရံဆေးဖြင့် ရေးခြယ်လျက် ပါဒစေတီကို ပူဇော်ကြ၏။

ရတနာဗုဒ္ဓခြေတော်ရာ ပါဒစေတီ---
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် လှရတနာကျောင်းသို့
ရောက်ရှိသွားပါက ကျောက်မျက်ရတနာမျိုးစုံဖြင့် ပြုလုပ်ထားသော ဗုဒ္ဓခြေတော်ရာကို ဖူးတွေ့နိုင်ကြပေလိမ့်မည်။ 


ဗုဒ္ဓခြေတော်ရာကို ကျောက်မျက်ရတနာမျိုးစုံဖြင့် ပြုလုပ်ကြရာတွင် ပထမဆုံးဖြစ်သော ရတနာဗုဒ္ဓခြေတော်ရာ၏ အရွယ်ပမာဏမှာ ၃-ပေ ၉-လက်မ၊ အနံ ခြေဖျားတော် ၂၁-လက်မ၊ ခြေဖဝါးတော် ၂၀-လက်မ၊ ခြေဖနောင့်တော် ၁၇-လက်မ ဖြစ်ပေသည်။ ထိုဗုဒ္ဓခြေတော်ရာ ရတနာပါဒစေတီသည်ကား
ခြေတော်ရာ ဘယ်ညာ ၂-မျိုးတွင် မြန်မာပြည်၌ ချတော်မူခဲ့သော ဘယ်ခြေတော်ရာဖြစ်၏။ 
၁၀၈-ကွက် ရေတွက်နည်းမူ အမျိုးမျိုးတွင် တောင်ခွင်သာသနာပိုင်နှင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး တို့၏ တိပိဋက မဟာဗုဒ္ဓဝင် ကျမ်းလာမူဖြစ်သည်။ ၁၀၈-ကွက်ထားနည်း ၂-မျိုးတွင် စက်ဝန်းအဝိုင်း၏ အပြင်ဘက်မှ လက်ယာရစ် ခရုပတ်လှည့်ပတ်၍ ပြထားသည်။


သင်္ကဿနဂိုရ်မြို့မှ ဗုဒ္ဓခြေတော်ရာ---
သင်္ကဿနဂိုရ်မြို့သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားအား အမှူးထား၍ နတ် ဗြဟ္မာတို့အား အဘိဓမ္မာတရားကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူပြီး မဟာသက္ကရာဇ် (၁၀၉)ခုနှစ် သီတင်းကျွတ်လပြည့် (မဟာပဝါရဏာ)နေ့၌ နတ်ပြည်မှ ရွှေ-ငွေ-ပတ္တမြား
စောင်းတန်းသုံးသွယ်ခြင့် နတ်-ဗြဟ္မာများ ခြံရံကာ လူ့ပြည်သို့ သက်ဆင်းကြွရောက်တော်မူရာ
နေရာဌာနဖြစ်၏။ 

တနည်းအားဖြင့် မြတ်စွာဘုရားရှင် လူ့ပြည်သို့ ပတ္တမြားစောင်းတန်းမှ ပြန်လည်ဆင်းသက် ကြွရောက်တော်မူကာ ပတ္တမြားစောင်းတန်းဦးမှ ပထမဦးစွာ လက်ယာခြေတော်ကို ချတော်မူခဲ့သော နေရာဌာန မြို့တံခါးဝပင်တည်း။
မှတ်ချက်။ ။ စာပေ၊ ကျမ်းဂန်တို့တွင် ဘုရားရှင်သည် သင်္ကဿနဂိုရ် မြို့တံခါးအရပ်၌ ရှေးဦးစွာ လက်ယာခြေတော်ချတော်မူကြောင်းကိုသာ ပြဆိုထားသော်လည်း ခြေတော်ရာထင်ကျန်ရစ်သည်ဟူ၍ မပြဆိုခဲ့ပေ။ (စာရေးသူ)


ခြေတော်ရာပါဒစေတီ ရှိခိုးနည်း---
(ဒေါင်းကျောင်းဆရာတော်၏ လင်္ကာ)
သူ့ချမ်းသာဆောင်၊ မကြောက်အောင်ရွယ်၊ စောင့်ရှောက်ကယ်၍၊ ဖွယ်ရာခြံရံ၊ လှူဒါနံကြောင့်၊ ဝန်းရံပတ်လျက်၊ ရာရှစ်ကွက်ဖြင့်၊ မြချက်ပုံတောင်း၊ အကွပ်ဆောင်း၍၊ ထောင်ပေါင်းအကန့်၊ ရှင်းသန့်ပြတ်သား၊ ခြေတော်ဖဝါး၌၊ ကြီးမားတေဇာ၊ စက်တော်ရတနာ၊ လက္ခဏာဖြင့်၊ မကွာခစား၊ ထံတော်ပါးဝယ်၊ များသောအခြံအရံ၊ ရှိတော်မူသော မြတ်စွာဘုရား...မြတ်စွာဘုရား။


ကိုးကွယ်ပူဇော်ရကျိုးများ---
ဗုဒ္ဓခြေတော်ရာကို တည်ထားကိုးကွယ်သူများ၊ ပန်း၊ နံ့သာတို့ဖြင့် လှူဒါန်းပူဇော် ရှိခိုးသူများသည် အခြံအရံပရိသတ် ပေါများခြင်း၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းဟု ဆိုအပ်သော ပကတိခရီးသွားလာရာ၌ ဘေးအန္တရာယ်ကင်းခြင်း၊ ဘဝသံသရာခရီးသွားလာရ၌ အပါယ်လေးပါး မကျနိုင်ခြင်း၊ နိဗ္ဗာန်မရောက်မီ လူအဖြစ်၊ နတ်အဖြစ်တို့၌သာ စုန်ဆန်ကျင်လည်ရခြင်း၊ ရုပ်ရည်အဆင်းလှပတင့်တယ်ခြင်း၊ စကြဝတေးမင်း ဖြစ်နိုင်ခြင်း၊ နောက်ဆုံးဘဝ၌ အာသဝေါကုန်ခန်းသော ရဟန္တာအဖြစ်သို့ ရောက်ရှိခြင်း စသော အကျိုးများကို ရရှိနိုင်ပါသည်။


ခြေတော်ရာစက်လက္ခဏာ ပုတီးစိပ်ခြင်း အကျိုးများ---
(၁၀၈)ကွက်ရှိသော ဗုဒ္ဓစက်လက္ခဏာတော်ကို (၁၀၈)လုံးပါရှိသော စိပ်ပုတီးကုံးဖြင့် ပါဠိဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာဖြင့် ဖြစ်စေ ရွတ်ဆိုကာ ပုတီးစိပ်နိုင်၏။ သမာဓိရလွယ်သော ပုတီးစိပ်နည်းဖြစ်သည့်အပြင် အလွန်အကျိုးများလှပေသည်။


ဥပမာအားဖြင့် ပါဠိဘာသာဖြင့် ပုတီးစိပ်မည်ဆိုပါက 
သတ္တိစက်-ပုတီးတလုံးချ၊ 
သီရိဝစ္ဆစက်-ပုတီးတလုံးချ၊ 
နိန္ဒိယာဝဋ္ဋစက်-ပုတီးတလုံးချ၊
စသည်ဖြင့် စိပ်နိုင်ပြီး

မြန်မာဘာသာဖြင့် ရွတ်ဆိုစိပ်လိုပါက
လှံမပုံပုတီးတလု့းချ၊
အိမ်မွန်ပုံ-ပုတီးတလုံးချ၊
ဇလပ်ပန်းပုံ-ပုတီးတလုံးချ နည်းဖြင့် ပုတီးတပတ် (၁၀၈)လုံး၊ စက်လက္ခဏာတော် (၁၀၈)ကွက် အပြီးစိပ်သွားနိုင်ပေ၏။

စက်လက္ခဏာတော်ကို ပုတီးစိပ်ခြင်းဖြင့် 
(၁) အခြံအရံ ပေါများခြင်း။
(၂) ခရီးသွားလာရာ၌ ဘေးအန္တရာယ် ကင်းခြင်း။
(၃) ဂြိုဟ်စီး ဂြိုဟ်နင်း အတိုက်အခိုက်ဆိုးများ အန္တရာယ်ဆိုးများ ပြေပျောက်စေခြင်း။
(၄) စက်က္ခဏာတို့ကို ကျက်မှတ်ရါတ်ဆို ပုတီးစိပ်စဉ် စကြဝတေးမင်းကဲ့သို့ ဟိတ်ဟန်တို့ပြည့်စုံစေခြင်း။
(၅) စက်လက္ခဏာ တကွက်စီမှာရှိသော သိဒ္ဓိဓာတ်များ ရရှိစေနိုင်ခြင်း။
(၆) စက်လက္ခဏာကို ရွတ်ဆိုကျင့်ကြံ ပူဇော်သူများအား ခြေတော်ရာစက်ကို စောင့်ရှောက်သော နတ်နဂါးများက ကြည့်ရငစောင့်ရှောက်ခြင်း။
(၇) အပါယ်လေးပါး မကျနိုင်ခြင်း။
(၈) နိဗ္ဗာန်သို့မရောက်မီ လူ့ပြည် နတ်ပြည်တို့၌သာလျှင် စုန်ဆန်ကျင်လည်ရခြင်း။
(၉) စကြဝတေးမင်း ဖြစ်နိုင်ခြင်း။
(၁၀) နော်ကဆုံးဘဝ၌ အာသဝေကုန်ခန်းသော ရဟန္တာအဖြစ်သို့ ရောက်ရှိနိုင်ခြင်း---
စသော အကျိုးများကို ရရှိနိုင်ပါသည်။


သို့ကြောင့် စာဖတ်ပရိသတ်၊ ဓမ္မမိတ်ဆွေများအတွက် စက်လက္ခဏာတော်ဖြင့် ပုတီးစိပ်၍ အဓိဋ္ဌာန်ပြုနိုင်ကြ စေရန် ပါဠိနှင့် မြန်မာဘာသာ တွဲကာ စက်လက္ခဏာတော်များအား ဆက်လက်ရေးသား ဖော်ပြလိုက်ရပေ၏။


စက်လက္ခဏာတော်များ---
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ နှစ်ဖက်သော ခြေဖဝါးတော်အပြင်တို့၌ တထောင်သော အကန့်၊ အကွက် အကွပ်တံကူ၊ ပုံတောင်းချက်မနှင့်တကွ ဖြစ်ကုန်သော၊ ခပ်သိမ်းသောအခြင်းအရာတို့နှင့်
ပြည့်စုံကုန်သော (၁၀၈)ကွက် စက်လက္ခဏာများမှာ---
(၁) သတ္တိစက်-လှံမပုံ။
(၂) သီရိဝစ္ဆစက်-အိမ်မွန်ပုံ။
(၃) နန္ဒိယာဝဋ္ဋစက်-ဇလပ်ပန်းပွင့်ပုံ။
(၄) သောဝတ္တိကစက်-လည်ရေးသုံးဆင့်ပုံ။
(၅) ဝဋံသကစက်-ဦးဆောက်ပန်းပုံ။
(၆) ဝဍ္ဎမာနကစက်-ထမင်းပွဲပုံ။
(၇) ဘဒ္ဒပီဌစက်-အင်းပျဉ်ဝန်း (ခေါ်) ရွှေသလွန်တော်ပုံ။
(၈) အင်္ကုသစက်-ချွန်းတောင်းပုံ။
(၉) ပါသာဒစက်-ပြာသာဒ်ပုံ။
(၁၀) တောရဏစက်-တံခါးတိုင်ပုံ။
(၁၁) သေတစ္ဆတ္တစက်-ထီးဖြူပုံ။
(၁၂) ခဂ္ဂစက်-သန်လျက်ပုံ။
(၁၃) တာလဝဏ္ဋစက်-ထန်းရွက်ယပ်ဝန်းပုံ။
(၁၄) မယူရဟတ္ထစက်-ဥဒေါင်းမြီးယပ်ပုံ။
(၁၅) ဥဏှီသစက်-သင်းကျစ်ပုံ။
(၁၆) မဏိစက်-ပတ္တမြားပုံ။
(၁၇) ပတ္တစက်-သပိတ်ပုံ။
(၁၈) သုမနဒါမစက်-မြတ်လေးပန်းဆိုင်းပုံ။
(၁၉) နီလုပ္ပလစက်-ကြာညိုပန်းပုံ။
(၂၀) ရတ္တုပ္ပလစက်-ကြာနီပန်းပုံ။
(၂၁) သေတုပ္ပလစက်-ကြာဖြူပန်းပုံ။
(၂၂) ပဒုမစက်-ပဒုမ္မာကြာပန်းပုံ။ 
(၂၃) ပုဏ္ဍရိကစက်-ပုဏ္ဍရိက်ကြာပန်းပုံ။
(၂၄) ပုဏ္ဏဃဋစက်-ရေပြည့်အိုးပုံ။
(၂၅) ပုဏ္ဏပါတိစက်-ရေဖြည့်ဖလားပုံ။
(၂၆) သမုဒ္ဒစက်-သမုဒ္ဒရာပုံ။
(၂၇) စက္ကဝါဠပဗ္ဗတစက်-စကြဝဠာတောင်ပုံ။
(၂၈) ဟိမဝန္တပဗ္ဗတစက်-ဟိမဝန္တာတောင်ပုံ။
(၂၉) မေရုပဗ္ဗတစက်-မြင်းမိုရ်တောင်ပုံ။
(၃၀) သူရိယမဏ္ဍလစက်-နေဝန်းပုံ။
(၃၁) စန္ဒမဏ္ဍလစက်-လဝန်းပုံ။
(၃၂) နက္ခတ္တာနိစက်-နက္ခတ်တာရာများပုံ။
(၃၃) ပုဗ္ဗဝိဒေဟစက်-အရှေ့ကျွန်းပုံ။
(၃၄) အပရဂေါယာနစက်-အနောက်ကျွန်းပုံ။
(၃၅) ဇမ္ဗုဒီပစက်-ဇမ္ဗူဒိပ်တောင်ကျွန်းပုံ။
(၃၆) ဥတ္တရကုရုစက်-မြောက်ကျွန်းပုံ။
(၃၇) စက္ကဝတ္တိစက်-စကြဝတေးမင်းပုံ။
(၃၈) ဒက္ခိဏဝဋ္ဋသင်္ခစက်-လက်ယာရစ်ခရုသင်းအဖြူပုံ။
(၃၉) သုဝဏ္ဏမစ္ဆယုဂဠစက်-ရွှေငါးကြင်းအစုံပုံ။
(၄၀) စက္ကာဝုဓစက်-စက်လက်နက်ပုံ။
(၄၁) လဝဏသီတာစက်-ဆားငန်ရည်သီတာပုံ။
(၄၂) ဥစ္ဆုသီတာစက်-ကြံရည်ချိုသီတာပုံ။
(၄၃) သုရာသီတာစက်-သေရည်သီတာပုံ။
(၄၄) သာဓိသီတာစက်-အမငခပ်သိမ်းပြီးသောသီတာပုံ။
(၄၅) ဒဓိသီတာစက်-နို့ဓမ်းသီတာပုံ။
(၄၆) ဒုဒ္ဓသီတာစက်- နို့ရည်သီတာပုံ။
(၄၇) ဇလသီတာစက်-ရေချိုသီတာပုံ။
(၄၈) ယုဂန္ဓရစက်-ယုဂန္ဓရတောင်ပုံ။
(၄၉) ဣသန္ဓရစက်-ဣသန္ဓရတောင်ပုံ။
(၅၀) ကရဝိကစက်-ကရဝိကတောင်ပုံ။
(၅၁) သုဒဿနစက်-သုဒဿနတောင်ပုံ။
(၅၂) နေမိန္ဓရစက်-နေမိန္ဓရတောင်ပုံ။
(၅၃) ဝိတနကစက်-ဝိတနကတောင်ပုံ။
(၅၄) အဿကဏ္ဏစက်-အဿကဏ္ဏတောင်ပုံ။
(၅၅) အနောတတ္တစက်-အနောတတ္တရေအိုင်ပုံ။
(၅၆) ကဏ္ဏမုဏ္ဍစက်- ကဏ္ဏမုဏ္ဍရေအိုင်ပုံ။
(၅၇) ရထကာရစက်-ရထကာရရေအိုင်ပုံ။
(၅၈) ဆဒ္ဒန္တစက်-ဆဒ္ဒန္တရေအိုင်ပုံ။
(၅၉) ကုဏာလစက်-ကုဏာလရေအိုင်ပုံ။
(၆၀) မဏ္ဍကိနီစက်-မဏ္ဍကိနီရေအိုင်ပုံ။
(၆၁) သီဟပ္ပပါတစက်-သီဟပ္ပပါတရေအိုင်ပုံ။
(၆၂) သုပဏ္ဏရာဇာစက်-ဂဠုန်မင်းပုံ။
(၆၃) သံသုမာရစက်-မိကျောင်းမင်းပုံ။
(၆၄) ဓဇောစက်-တံခွန်လျားပုံ။
(၆၅) ပဋာကစက်-တံခွက်ကုက္ကားပုံ။
(၆၆) သုဝဏ္ဏသိဝိကာစက်-ရတနာသန်လျင်ပုံ။
(၆၇) သုဝဏ္ဏဝါဠဗီဇနီစက်-ရွှေစာမရီသားမြီးယပ်ပုံ။
(၆၈) ကေလာသပဗ္ဗတစက်-ကေလာသငွေတောင်ပုံ။
(၆၉) သီဟရာဇာစက်-ခြင်္သေ့မင်းပုံ။
(၇၀) ဗျဂ္ဃရာဇစက်-ကျားမင်းပုံ။
(၇၁) ဝလာဟကအဿရာဇာစက်-ဝလာဟကမြင်းပျံပုံ။
(၇၂) ဥပေါသထဆဒ္ဒန္တ ဟတ္ထိရာဇာစက်-ဥပေါသထ ဆဒ္ဒန်ဆင်မင်းပုံ။
(၇၃) ဗာသုကီနာဂရာဇာစက်-ဗာသုကီနဂါးမင်းပုံ။
(၇၄) ဟံသရာဇာစက်-ဟင်္သာမင်းပုံ။
(၇၅) ဥသဘရာဇာစက်-နွားလားဥသဘမင်းပုံ။
(၇၆) ဧရာဝဏဟတ္ထိရာဇာစက်-ဧရာဝဏ်ဆင်မင်းပုံ။
(၇၇) သုဝဏ္ဏမကာရစက်-ရွှေမကာရ်းပုံ။
(၇၈) သုဝဏ္ဏနာဝါစက်-မုခ်ဦးလေးခုရှိသော ရွှေလှေပုံ။
(၇၉) ဗြဟ္မရာဇာစက်-ဗြဟ္မာမင်းပုံ။
(၈၀) သဝစ္ဆကာဓေနုစက်-နို့တိုက်နေသော နွားသားအမိပုံ။
(၈၁) ကိံပုရိသ ကိံပုရိသီစက်-ကိန္နရာအဖိုနှင့် ကိန္နရာအမပုံ။
(၈၂) ကရဝိကရာဇာစက်-ကရဝိက်ငှက်မင်းပုံ။
(၈၃) မဟူရရာဇာစက်-ဥဒေါင်းမင်းပုံ။
(၈၄) ကောဉ္စရာဇာစက်-ကြိုးကြာငှက်မင်းပုံ။
(၈၅) စက္ကဝါကရာဇာစက်-စက္ကဝါငှက်မင်းပုံ။
(၈၆) ဇီဝ ဇီဝက ရာဇာစက်-ဇီဝဇိုးငှက်မင်းပုံ။
(၈၇) စတုမဟာရာဇိကာစက်-စတုမဟာရာဇ်နတ်ဘုံပုံ။
(၈၈) တာဝတိံသာစက်-တာဝတိံသာနတ်ဘုံပုံ။
(၈၉) ယာမာစက်-ယာမာနတ်ဘုံပုံ။
(၉၀) တုသိတာစက်-တုသိတာနတ်ဘုံပုံ။
(၉၁) နိမ္မာနရတီစက်-နိမ္မာနရတီနတ်ဘုံပုံ။
(၉၂) ပရနိမ္မိတဝသဝတ္တီစက်-ပရနိမ္မိတဝသဝတ္တီနတ်ဘုံပုံ။
(၉၃) ဗြဟ္မပါရိသဇ္ဇာစက်-ပါရိသဇ္ဇာဗြဟ္မာဘုံပုံ။
(၉၄) ဗြဟ္မပုရောဟိတာစက်-ပုရောဟိတ်ဗြဟ္မာဘုံပုံ။
(၉၅) မဟာဗြဟ္မာစက်-မဟာဗြဟ္မာဘုံပုံ။
(၉၆) ပရိတ္တာဘာစက်-ပရိတ္တာဘာဗြဟ္မာဘုံပုံ။
(၉၇) အပ္ပမာဏာဘာစက်-အပ္ပမာဏာဘာဗြဟ္မာဘုံပုံ။
(၉၈) အာဘဿရာစက်-အာဘဿရာဗြဟ္မာဘုံပုံ။
(၉၉) ပရိတ္တသုဘာစက်-ပရိတ္တသုဘာဗြဟ္မာဘုံပုံ။
(၁၀၀) အပ္ပမာဏသုဘာစက်-အပ္ပမာဏသုဘာဗြဟ္မာဘုံပုံ။
(၁၀၁) သုဘကိဏှာစက်-သုဘကိဏှာဗြဟ္မာဘုံပုံ။
(၁၀၂) ဝေဟပ္ဖလာစက်-ဝေဟပ္ဖလာဗြဟ္မာဘုံပုံ။
(၁၀၃) အသညသတ္တာစက်-အသညသတ်ဗြဟ္မာဘုံပုံ။
(၁၀၄) အဝိဟာစက်-အယိဟာဗြဟ္မာဘုံပုံ။
(၁၀၅) အတပ္ပာစက်-အတပ္ပာဗြဟ္မာဘုံပုံ။
(၁၀၆) သုဒဿာစက်-သုဒဿာဗြဟ္မာဘုံပုံ။
(၁၀၇) သုဒဿီစက်-သုဒဿီဗြဟ္မာဘုံပုံ။
(၁၀၈) အကနိဋ္ဌာစက်-အကနိဋ္ဌာဗြဟ္မာဘုံပုံ။


ခြေတော်ရာတန်ခိုးဖြင့် ပြည့်ဖြိုးကြပါစေ။
ရွှေတလေး(လွယ်လင်) 


ကျမ်းကိုး။
၁။ ၂၀၀၆-ခုနှစ် ဒီဇင်ဘာလထုတ် ဘဒ္ဒန္တနာရဒါဘိဝံသ (လှ၇တနာ)၏ သင်္ကဿနဂိုရ်၊ ဗုဒ္ဓခြေတော်ရာ ဓမ္မဒါနစာအုပ်။
၂။ စာရေးသူ ရှာဖွေလေ့လာသော မန်းစက်တော်ရာသမိုင်း မှတ်တမ်း။


(ဂမ္ဘီရ ၂၀၀၇-၁၂)