Tuesday, November 29, 2011

စပျစ်သီး သန္ဓေနှင့် နောက်ဆက်တွဲ

သားအိမ်အတွင်းတွင် ကလေးတည်ရမည့်အစား အရည်တွေပြည့်နေသော အိတ်ငယ်ကလေးများ စုဝေးဖြစ်ပေါ်နေခြင်းမျိုးကို စပျစ်သီးသန္ဓေဟု ခေါ်ပါသည်။ အရည်တွေပြည့်နေသော အိတ်ငယ်အစုအဝေးသည် သန္ဓေချောင်းမြှေး ပြောင်းလဲယိုယွင်းခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ စပျစ်သီးသဏ္ဌာန်များ ဖြစ်နေသည့်အတွက် စပျစ်သီးသန္ဓေဟုခေါ်ခြင်း ဖြစ်နိုင်ပါသည်။ စပျစ်သီးသန္ဓေသည် မျိုးပွားနိုင်သော အမျိုးသမီးများတွင် မည်သည့်အသက်အရွယ်မဆို ဖြစ်ပွားနိုင်ပါသည်။ 

အထူးသဖြင့် အသက် ၄၀-ကျော် ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် အဖြစ်များပါသည်။ သို့သော် အသက် ၁၄-၁၆ နှစ်အရွယ် ဆယ်ကျော်သက်သားဦး ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင်လည်းဖြစ်ပွားမှုအန္တရာယ်
မြင့်မားသည်ဟု ဆိုကြပါသည်။ 
သွေးအုပ်စု (အေဘီ) အမျိုးသမီးများ၊ သွေးအုပ်စု (အို)ရှိသော အမျိုးသားများနှင့် အိမ်ထောင်ကျသော သွေးအုပ်စု(အေ) အမျိုးသမီးများသည် စပျစ်သီးသန္ဓေဖြစ်ပွားရန် အန္တရာယ်အများဆုံး ဖြစ်၏။ မိသားစုရာဇဝင်တွင် စပျစ်သီးသန္ဓေဖြစ်ဖူးသော အမျိုးသမီးများတွင် မျိုးရိုးလိုက်၍ 
ဖြစ်ပွားသည်ဟူသော အထောက်အထား မရှိပါ။ သို့သော် စပျစ်သီးသန္ဓေဖြစ်ဖူးသော အမျိုးသမီးများသည် နောက်တကြိမ်ထပ်ဖြစ်ရန် အခွင့်အလမ်း အဆ ၂၀-ရှိလေသည်။


စပျစ်သီးသန္ဓေ ဖြစ်ပွားမှုသည် နေရာဒေသအလိုက် မတူညီကြပါ။ ဥရောပနှင့် မြောက်အမေရိကနိုင်ငံများ၌ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၀၀၀-မှ ၂၅၀၀-တွင် တဦး၊ အင်္ဂလန်နိုင်ငံ၌ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀၀၀-တွင် ၁-ဒသမ ၅-ဦး၊ အင်နိုနီးရှား၌ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၀၀-တွင် ၁၀-ဦး၊ ထိုင်ဝမ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၈၂-ဦး၌ တဦးနှုန်းဖြစ်ပွားကြပါသည်။


စပျစ်သီးသန္ဓေဟု ယေဘုယျအားဖြင့် ခေါ်ဆိုနေကြသော်လည်း အမျိုးအစားမှာ နှစ်မျိုးရှိပါသည်။ အပြည့်အဝ စပျစ်သီးသန္ဓေနှင့် တစိတ်တဒေသ စပျစ်သီးသန္ဓေဟူ၍ ဖြစ်သည်။ စပျစ်သီးသန္ဓေ တည်ရခြင်းနှင့်  ပတ်သက်၍ မျိုးရိုးဗီဇဗေဒ ပညာရှင်များက လေ့လာကြည့်ကြရာတွင် မူမမှန် သန္ဓေအောင်ခြင်း ဖြစ်စဉ်ကြောင့် စပျစ်သီး သန္ဓေဖြစ်ပေါ်လာသည်ကို တွေ့ရှိရ၏။


အပြည့်အဝ စပျစ်သီးသန္ဓေသည် အဖိုသုက်ပိုးမျိုးစေ့က ခရိုမိုဇုမ်း လုံးဝမပါသော အမဗလာမျိုးဥနှင့်
ပေါင်းစပ်မိ၍ ဖြစ်ပေါ်လာပြီး တစိတ်တဒေသ စပျစ်သီးသန္ဓေမှာ အမမျိုးဥတခုနှင့် အဖိုသုက်ပိုးမျိုးစေ့နှစ်ခု (23,x and 23,Y) တို့ ပေါင်းစပ်မိပြီး ဖြစ်ပေါ်လာသည်ဟု ယူဆကြပါသည်။
အပြည့်အဝ စပျစ်သီးသန္ဓေသည် တစိတ်တဒေသ စပျစ်သီးသန္ဓေထက် ပိုမိုဖြစ်ပွားပါသည်။ သန္ဓေသား၏ အစိတ်အပိုင်းများကို အပြည့်အဝ စပျစ်သီးသန္ဓေတွင် မတွေ့ရသော်လည်း တစိတ်တဒေသ စပျစ်သီးသန္ဓေတွင် တွေ့ရပါသည်။ အပြည့်အဝ စပျစ်သီးသန္ဓေသည် တစိတ်တဒေသ စပျစ်သီးသန္ဓေထက် ပိုပြီး ကိုရီယိုကာဆီနိုးမားခေါ် ကင်ဆာရောဂါဖြစ်ပွားလွယ်ပါ၏။ ကိုရီယိုကာဆီနိုးများ ကင်ဆာရောဂါဖြစ်ပွား ရသည့် ၅၀-ရာခိုင်နှုန်းသည် စပျစ်သီးသန္ဓေကြောင့် ဖြစ်ပါသည်။ စပျစ်သီးသန္ဓေမှ တဆင့် ကင်ဆာရောဂါ ဖြစ်နိုင်သည်ကို ဂရုပြုရမည် ဖြစ်၏။


စပျစ်သီးသန္ဓေ၏ ရောဂါလက္ခဏာများအနေဲ့ လူနာအများစုသည် ကိုယ်ဝန်အစောပိုင်း ၁၂-ပတ် သို့မဟုတ် ၁၆-ပတ်၌ သားအိမ်အတွင်းမှ သွေးယိုတတ်ပြီး ကလေးပျက်ကျသကဲ့သို့ စပျစ်သီးနှင့်တူသောအရာများ ကျဆင်းလာတတ်သည်။ အလွန်အမင်းး ပျို့ခြင်း၊ အန်ခြင်းဖြစ်ကာ လူနာသည် ကိုယ်အလေးချိန် ဆုံးရှုံးပြီး လူမမာရုပ် ပေါက်နေသည်။ လူနာတဝက်လောက်တွင် သွေးတိုးခြင်း ဖောရောင်ခြင်း စသော ကိုယ်ဝန်အဆိပ်တက် လက္ခဏာစုကို တွေ့ရ၏။


သားအိမ်ကို စမ်းသပ်ကြည့်လျှင် လူနာ ၅၀-ရာခိုင်နှုန်း၌ သားအိမ်သည် ကြီးထွားသင့်သည်ထက် ပိုကြီးနေပါသည်။ အချို့လူနာတွင် သားအိမ်သည် ကိုယ်ဝန်လထက် ငယ်နေတတ်၏။ သားအိမ်ကို လက်နှင့်စမ်းကြည့်လျှင် တင်းမာနေခြင်း သို့မဟုတ်-ပုံမှန်ကိုယ်ဝန်လိုပင် တွေ့နိုင်သည်။ သန္ဓေသား၏ အစိတ်အပိုင်များကို စမ်း၍မရပါ။ သန္ဓေသား၏ လှုပ်ရှားမှုနှင့် နှလုံးခုန်သံကိုလည်း မတွေ့ရ မကြားရပါ။


စပျစ်သီးသန္ဓေ ဟုတ်-မဟုတ် ရောဂါအမည်ဖော်ထုတ်ရာတွင် ရောဂါရာဇဝင်အကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်း၊ အာထရာဆောင်းဖြင့် စစ်ဆေးခြင်း၊ H.C.G ဟော်မုန်းပမာဏ စစ်ဆေးခြင်း နည်းများနှင့် အလွယ်တကူ ရောဂါအမည်ဖော်၍ ရပါသည်။ စပျစ်သီးသန္ဓေဟု ရောဂါသတ်မှတ်လျှင် သားအိမ်အတွင်းမှ စပျစ်သီးသန္ဓေကို စုပ်ထုတ်ပစ်ရမည် ဖြစ်သည်။ သားဖွားမီးယပ် ဆရာဝန်များသည် ပထမအကြိမ် သားအိမ်ကိုရှင်းပြီး သွေးသွန်လျှင် (သို့) ရက်သတ္တပတ် တပတ် နှစ်ပတ်ကြာလျှင် ဒုတိယအကြိမ် သားအိမ်ခြစ်ချမှု ပြုလုပ်တတ်ကြပါသည်။ သားအိမ်ခြစ်ရာတွင် သွေးသွန်တတ်သည့်အတွက်
ဆေးရုံတွင် ပြုလုပ်ရန် လိုအပ်ပါ၏။


အချို့ စပျစ်သီးသန္ဓေသည် သားအိမ်နံရံကို ထိုးဖောက် ဖောက်ထွက်တတ်ပါသည်။ထိုသို့သော စပျစ်သီး သန္ဓေကို ကျူးကျော်ဝင်ရောက်သော စပျစ်သီးသန္ဓေဟုခေါ်သည်။ ထရိုဘိုဗလတ်ဆဲလ်များသည် သွေးလမ်းကြောင်းမှတဆင့် အဆုတ်နှင့်ဦးနှောက်သို့ ရောက်ရှိသွားတတ် ပါသည်။ ကျူးကျော်ဝင်ရောက်သော စပျစ်သီးသန္ဓေသည် သားအိမ်ပေါက်ထွက်ပြီး သွေးယိုမှုဖြစ်စေသည့် အတွက် ထိရောက်သော ကုသမှုခံယူရန် လိုအပ်ပါသည်။


စပျစ်သီးသန္ဓေ၏ အဆိုးရွားဆုံး နောက်ဆက်တွဲပြဿနာမှာ ရှေ့၌ ဖော်ပြခဲ့သော ကိုရီယိုကာဆီနိုးမား ကင်ဆာရောဂါဖြစ်သည်။ စပျစ်သီးသန္ဓေ ၄၀-ဦးတွင် တဦးသည် ဤရောဂါဖြစ်နိုင်၏။ ဤကင်ဆာရောဂါသည် လျင်မြန်စွာ ထိုးဖောက်ပျံ့နှံ့သော ကင်ဆာအမျိုးအစားဖြစ်သည်။ သားအိမ်နံရံကို ဖောက်ထွက်ပြီး အဆုတ်၊ အသည်း၊ ဦးနှောက် စသော ကိုယ်အင်္ဂါများကို ပျံ့နှံ့သွားကာ အသက်ဆုံးရှုံးစေပါသည်။ 


ဤကင်ဆာရောဂါဖြစ်ပွားလျှင် ပထမ သားအိမ်ထုတ်ပစ်ပြီး ကင်ဆာဆေးများနှင့် ထပ်မံကုသရပါသည်။
ရောဂါနုသေးလျှင် ပျောက်ကင်းနိုင်သော်လည်း ရောဂါရင့်လျှင် ပျောက်ကင်းနှုန်း နည်းလေ့ရှိသည်။
အချုပ်ဆိုရလျှင် စပျစ်သီးသန္ဓေ ဖြစ်ဖူးသော အမျိုးသမီးများသည် စပျစ်သီးသန္ဓေကို စုပ်ထုတ်ပြီးနောက်
နောက်ဆက်တွဲပြဿနာများ မဖြစ်ပွားစေရန် ဆေးရုံမှ ရက်ချိန်းပေးပြန်လည်ခေါ်ယူ စစ်ဆေးမှုကို ခံယူရမည်ဖြစ်ပါသည်။ ရက်ချိန်းအတိုင်း ပုံမှန်စစ်ဆေးခြင်း၊ ကုသမှု ခံယူခြင်းတို့ကို နှစ်နှစ်တိတိ ခံယူ၍ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။


ဇော်လင်းမြင့် (ဆေး/မန်း)
Ref:
1/. Jeffcoate's Principle of Gynaecology (5th Edition)
2. Robbins Pathologic Basis of Disease (5th Edition)
3. Obstetrics by Ten Teachers (16th Edition)

ဆိုဆုံးမရခက်သော သားသမီးများအတွက် အစီအရင်

သားသမီး မလိမ္မာသူများ, မိဘစကား နားမထောင်သူများ, ဆိုဆုံးမရ ခက်နေသူများ, စာမကြိုးစားသူများ, အရာရာ ကြိုးစားချင်စိတ် နည်းနေသူများ ကြုံနေပါက ထိုပုဂ္ဂိုလ်တို့၏ ဓာတ်ပုံရဲ့ နောက်ကျောမှာ (ရေးရန် စမကို) ဆော့ပင်, မာကာပင်နဲ့ ထင်ထင်ရှားရှား ရေးပါ။
ရေးရမဲ့အချိန်က မနက် (၇း၀၀)နာရီမှ (၉း၀၀)နာရီအတွင်း ဖြစ်ပြီး
ရေးနေဆဲခဏမှာလဲ ကိုယ်ပြောလို ဖြစ်စေလိုသည့် စကားကို ပြောဆို, ရွတ်ဆိုနေရမည်။
ပြီးလျှင် ညအိပ်ရာဝင်တိုင်း (ရိုက်ရန် အရွက်အညွန့်နဲ့) ဓာတ်ပုံကို (အရွက်အညွန့် အရေအတွက်အတိုင်း) (ဥပမာ-၂၁-ညွန့်ဆိုလျှင် ၂၁-ချက်)  ရိုက်ရင်း စောစောက ပြောခဲ့သည့်စကားတွေကို ပြန်ပြောပါ။ 
ဒီအတိုင်း ဆက်လုပ်ပေးလျှင် (၂၁)ရက်အတွင်း အချိုးပြောင်းသွားလိမ့်မည်။

ဥပမာ===ခင်ဗျားသမီးက စနေသမီးဆိုပေမယ့် မြသီတာ-ဆိုတော့ ကြာသပတေး နာမည်ရှင်ပဲ၊ ဒီတော့ ဒီလိုလုပ်၊ သူရဲ့ ဓာတ်ပုံနောက်ကျောမှာ ( ဝ ) လုံးဗျည်းကို ဆော့ပင်၊ မာကာပင်နဲ့ ထင်ထင်ရှားရှားရေး၊ 
ရေးရမဲ့အချိန်က ကြာသပတေးနေ့ မနက် (၇း၀၀)နာရီမှ (၉း၀၀)နာရီအတွင်း ဖြစ်ရမယ်။
ရေးဆဲတခဏမှာ ရွတ်နေရမှာက (မြသီတာ လိမ်လိမ်မာမာနေ၊ မြသီတာ မိဘစကား နားထောင်၊ မြသီတာ စာမှန်မှန်လုပ်) လို့ ပြောနေရမယ်။
ပြီးရင် ညအိပ်ရာဝင်တိုင်း ဇီး(၈)ညွန့်နဲ့ ဓာတ်ပုံကို (၈)ချက်ရိုက်ရင်း စောစောကစကားကို ပြော။
( ဒီစကားတွေက ပုံသေမဟုတ်၊ ကိုယ်လိုချင်တာရှိရင်, ပြောချင်တာရှိရင် ထည့်ပြော၊ ပြောင်းပြောနိုင်တယ်။ ဒီအတိုင်း ရက်ဆက်လုပ်ပေး၊ (၂၁)ရက်အတွင်းမှာပဲ အချိုးပြောင်းလိမ့်မယ်။


လွယ်တယ်ဆိုပြီး ပေါ့ပေါ့ဆဆနဲ့ မလုပ်မိဖို့တော့ သတိထား။ ယုံယုံကြည်ကြည်နဲ့ လုပ်ပါ။ ဒါမှ မုချဖြစ်မှာ။ 
အခြား သားသမီးများအတွက် ပြုလုပ်တတ်ရန် ဇယားစနစ်သုံး၍ ဖော်ပြလိုက်ပါသည်။

(၁) နေ့နံ-၁-နွေ သားသမီး။ 
စမပြုလုပ်ရန်နေ့-၁-နွေ။
ရေးရန်စမ-တ။ 
ရိုက်ရန်အရွက်-သပြေ(၂၁)ညွန့်။ 
ရိုက်ရန်အချက်-၂၁-ချက်။ 

(၂) နေ့နံ-၂-လာ သားသမီး။ 
စမပြုလုပ်ရန်နေ့-၂-လာ။
ရေးရန်စမ-အ။ 
ရိုက်ရန်အရွက်-ဒန်း(၁၀)ညွန့်။ 
ရိုက်ရန်အချက်-၁၀-ချက်။ 

(၃) နေ့နံ-၃-င်္ဂါ သားသမီး။ 
စမပြုလုပ်ရန်နေ့-၃-င်္ဂါ။
ရေးရန်စမ-က။ 
ရိုက်ရန်အရွက်-အုန်း(၆)ညွန့်။ 
ရိုက်ရန်အချက်-၆-ချက်။ 

(၄) နေ့နံ-၄-ဟူး သားသမီး။ 
စမပြုလုပ်ရန်နေ့-၄-ဟူး။
ရေးရန်စမ-စ။ 
ရိုက်ရန်အရွက်-ကံ့ကော်(၁၅)ညွန့်။ 
ရိုက်ရန်အချက်-၁၅-ချက်။ 

(၅) နေ့နံ-၅-တေး သားသမီး။ 
စမပြုလုပ်ရန်နေ့-၅-တေး။
ရေးရန်စမ-ဝ။ 
ရိုက်ရန်အရွက်-ဇီး(၈)ညွန့်။ 
ရိုက်ရန်အချက်-၈-ချက်။ 

(၆) နေ့နံ-၆-ကြာ သားသမီး။ 
စမပြုလုပ်ရန်နေ့-၆-ကြာ။
ရေးရန်စမ-ပ။ 
ရိုက်ရန်အရွက်-ရွက်လှ(၁၇)ညွန့်။ 
ရိုက်ရန်အချက်-၁၇-ချက်။ 

(၇) နေ့နံ-၇-နေ သားသမီး။ 
စမပြုလုပ်ရန်နေ့-၇-နေ။
ရေးရန်စမ-သ။ 
ရိုက်ရန်အရွက်-ပေါက်ပန်းဖြူ(၁၉)ညွန့်။ 
ရိုက်ရန်အချက်-၁၉-ချက်။ 

လင်္ကာဒီပ (ပထမံ နေလ) 
******
ကောက်နှုတ်ဖော်ပြသည်။
မော်လူး

Monday, November 28, 2011

စင်္ကြံအကျိုး ၅-မျိုး

လမ်းလျှောက်ခြင်း (ဝါ) စင်္ကြံသွားခြင်းနှင့် ပတ်သက်၍ အကျိုးတရား ငါးပါးရကြောင်း ပဉ္စကနိပါတ် အင်္ဂုတ္တရ ပါဠိတော်၌ အောက်ပါအတိုင်း လာ၏။

ပဉ္စိမ ဘိက္ခဝေ စင်္ကမေ အာနိသံသာ။ ကတမေ ပဉ္စ-
အဒ္ဓါနက္ခမော ဟောတိ၊ 
ပဓာနက္ခမော ဟောတိ၊ 
အပ္ပါဗာဓော ဟောတိ၊ 
အသိတံ ပီတံ ခါယိတံ သာယိတံ သမ္မာ ပရိဏာမံ ဂစ္ဆတိ၊ 
စင်္ကမာဓိဂတော သမာဓိ စိရဋ္ဌိတိကော ဟောတိ။
ဣမေ ခေါ ဘိက္ခဝေ ပဉ္စ စင်္ကမေ အာနိသံသာ,တိ။

ဘိက္ခဝေ-ရဟန်းတို့၊  စင်္ကမေ-စင်္ကြံသွားခြင်း၌၊ အာနိသံသာ-အကျိုးတို့သည်၊ ဣမေ ပဉ္စ-ဤငါးပါးတို့တည်း။
ပဉ္စ-ငါးပါးတို့ဟူသည်၊ ကတမေ-အဘယ်သည်တို့နည်း။
(၁) အဒ္ဓါနက္ခမော-ခရီးရှည် သွားနိုင်သည်၊ ဟောတိ-ဖြစ်၏။
(၂) ပဓာနက္ခမော-အမှုမျိုးကို ကိုယ်ပင်ပန်းခံ၍ လုံ့လထုတ်နိုင်သည်၊ ဟောတိ-ဖြစ်၏။
(၃) အပ္ပါဗာဓော-အနာရောဂါ နည်းသည်၊ ဟောတိ-ဖြစ်၏။
(၄) အသိတံ-စားအပ်သော၊ ပီတံ-သောက်အပ်သော၊ ခါယိတံ-ခဲအပ်သော၊ သာယိတံ-လျက်အပ်သော အစားအသောက်သည်၊ သမ္မာ-ကောင်းစွာ၊ ပရိဏာမံ-ကြေကျက်ခြင်းသို့၊ ဂစ္ဆတိ-ရောက်၏။
(၅) စင်္ကမာဓိဂတော-စင်္ကြံသွားရာ၌ ရအပ်သော၊ သမာဓိ-သမာဓိသည်၊ စိရဋ္ဌိတိကော-မြင့်ရှည်စွာတည်သည်၊ ဟောတိ-ဖြစ်၏။
ဘိက္ခဝေ-ရဟန်းတို့၊ စင်္ကမေ-စင်္ကြံသွားခြင်း၌၊ အာနိသံသာ-အကျိုးတို့သည်၊ ဣမေ ပဉ္စ-ဤငါးပါးတို့တည်း။


ခရီးသွားနိုင်၊
ကြံ့ခိုင်အင်အား၊ 
ကင်းငြားရောဂါ၊ 
အစာကြေညက်၊ 
မပျက်သမာဓိ၊ 
ငါးပါးရှိ၊ မှတ်သိ စင်္ကြံကျိုး။
(မဟာစည်ဆရာတော်)

ဗုဒ္ဓဟောကြားခဲ့သော သာသနာတော်၏ အနာဂတ်

ကျွန်ုပ်တို့၏ ဗုဒ္ဓမြတ်စွာဘုရားသည် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၊ ရွှေသလွန်ထက်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာ အစရှိသော သံဃာတော်ရှစ်ကျိပ်၊
ရွှေသင်္ကန်းတစုံ လာရောက်လှူဒါန်းသော မိထွေးတော် ဂေါတမီနှင့် သာကီဝင်မင်းသား, မင်းသမီး ငါးရာ၊ စုစုပေါင်း ငါးရာရှစ်ဆယ်သော ပရိသတ်တွေ၏ ရှေ့မှောက်၌ အရှင်သာရိပုတ္တရာ၏ တောင်းပန်
လျှောက်ထားချက်အရ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အရဟတ္တဖိုလ် ဈာန်သမာပတ်ဝင်စားပြီး အဇိတရဟန်းငယ်မှာ နောင်အနာဂတ် ကာလ၌ အရိမေတ္တေယျ ဘုရားဖြစ်တော်မူမည့် အကြောင်း ဟောကြားရာတွင် သာသနာငါးမျိုး ကွယ်ပပုံအကြောင်းကို ထည့်သွင်းဟောကြားခဲ့လေသည်။

“ချစ်သား သာရိပုတ္တရာ...ငါဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး ကာလကြာသော် တဖြည်းဖြည်း သာသနာဆုတ်ယုတ် လာပြီးလျှင် သာသနာငါးထောင်ပြည့်တဲ့အခါ ငါဘုရားရဲ့ သာသနာတော်ကြီး ကွယ်ပျောက်လိမ့်မည်။”

ဗုဒ္ဓမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ခါနီးအချိန်တွင် နောက်ဆုံးသာဝက သုဘတ္တပရိဗိုလ်အား
ဟောကြားခဲ့သော တရားဒေသနာတော်၌ သမ္မာဝိဟနေယျုံ-ငါဘုရား၏ သာသနာတော် အတွင်းမှာ နေထိုင်သီတင်းသုံးကြသည့် ရဟန်းသာမဏေအားလုံး သီလ၊ သမာဓိ၊ ပညာ ပြည့်စုံစွာဖြင့် ပရိယတ်၊ ပဋိပတ်များကို ပွားများကျင့်ကြံအားထုတ်ကြမည်။ ဒါယကာ ဒါယိကာမများကလည်း ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းမှုတွေ ပြုနေသမျှကာလပတ်လုံး အနှစ်ငါးထောင်မက နှစ်ပေါင်းများစွာ တည်ရှိနေမည် ဖြစ်သည်။

ထိုဒေသနာတော် ဟောကြားချက်အရဆိုလျှင် သာသနာတော်ကြီး ကြာမြင့်စွာ အရှည်အခန့်တည်တံ့ 
နိုင်ဖို့အရေး၊ သာသနာတော်ကြီး မကွယ်မပျောက်ဖို့အရေးသည် သာသနာ့ဝန်ထမ်း ရဟန်း၊ သာမဏေများ နှင့် ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့ကြသည့် ဒါယကာ ဒါယိကမများအပေါ်တွင် အဓိက တည်မှီလျက် ရှိလေသည်။ အနာဂတဝင် ကျမ်းအလိုအရ သာသနာငါးထောင်ပြည့်လျှင် ကွယ်ပမည့် သာသနာငါးမျိုးရှိ၏။


ထိုငါးမျိုးမှာ---
* ပရိယတ္တိ သာသနာ
* ပဋိပတ္တိ သာသနာ
* ပဋိဝေဓ သာသနာ
* လိင်္ဂ သာသနာ
* ဓာတု သာသနာ-တို့ ဖြစ်သည်။ 


ပါဠိမြန်မာ တွဲ၍ ဖွင့်ဆိုကြည့်မည်ဆိုလျှင်
* စာသင် စာချ ပြုလုပ်နေခြင်းကို ပရိယတ္တိ သာသနာ။
* တရားဟော, တရားပြ, တရားအားထုတ်နေခြင်းကို ပဋိပတ္တိ သာသနာ။
* ထိုးထွင်း၍ သိခြင်း, ဈာန်တရား မဂ်တရား ဖိုလ်တရား-တို့ကို ရရှိခြင်းကို ပဋိဝေဓ သာသနာ။
* ရှင်သာမဏေများ ကျူးလွန်လျှင် ရှင်သာမဏေအဖြစ်မှ လျှောကျစေသော သိက္ခာပုဒ်ဆယ်ပါးကို လိင်္ဂ သာသနာ။
* မြတ်စွာဘုရားရှင်၏ ဓာတ်တော်, မွေတော်တွေကို ဓာတု သာသနာ။


မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက်ကာလ နှစ်ပေါင်းတထောင်ကျော်လောက်စပြီး သာသနာငါးမျိုး အစဉ်အတိုင်း ကွယ်ပလာလိမ့်မည်ဖြစ်သည်။
ထိုသို့သော ခေတ်ကာလရောက်လျှင် အမျိုးယုတ်သော မင်းတို့သည် တရားမစောင့်လတံ့၊ မင်း တရားမစောင့်၍ အမတ်၊ စစ်သူကြီးတို့လည်း တရားမစောင့်လတံ့၊ အမတ်, စစ်သူကြီး တရားမစောင့်၍ ပြည်ရွာ နိဂုံးသူတို့ တရားမစောင့်လတံ့။ ထို့ကြောင့် ရာသီဥတုဖောက်ပြန်၍ မိုးကောင်းစွာ မရွာ မိုးမရွာ၍ ကောက်ပဲ သီးနှံစပါးတွေမရ၊ မရတော့ ဒကာ ဒကာမတွေက ရဟန်းသံဃာတို့အား ပစ္စည်းလေးပါး မလှူဒါန်းနိုင်၊ မလှူနိုင်၍ လာဘ်လာဘတွေ မရ ရှားပါးလာကုန်၏။ စာသင်စာချ ရဟန်းတွေ လာဘ်လာဘမရ၊ ရှားပါးလာတဲ့အခါ လာဘ်လာဘတွေပေါများဖို့အတွက် ကြံစည်လုပ်ဆောင်သည့်ရဟန်းတွေ များပြားလာတော့၏။

လူပုဂ္ဂုလ် ဒကာ ဒကာမတွေကလည်း စာသင် စာချရဟန်းတွေ၊ ဘုန်းကြီးတွေကို မလှူဒါန်း၊ မကြည်ညိုကြတော့ဘူး၊ ထိုအခါ ရဟန်းတွေကလည်း စာသင်စာချ ပရိယတ္တိလုပ်ငန်းတွေကို စိတ်မဝင်စားဘဲ ဘယ်လိုနည်းမျိုးနဲ့ ပစ္စည်းလေးပါး လာဘ်လာဘရပါ့မလဲ၊ လူပုဂ္ဂိုလ် ဒကာ ဒကာမတွေ အထင်ကြီး ကိုးကွယ်မှုရအောင် ဘယ်လိုလုပ်ရပါ့မလဲဟူ၍သာ တွေးတောကြံစည်နေသောကြောင့် ပရိယတ္တိသာသနာတော်ကြီး တဖြည်းဖြည်း ကွယ်စပြုလာတော့သည်။


အခြေခံ ပရိယတ်စာပေတွေ မသင်၊ စာမတတ်၊ စာမတတ်တော့ တရားမဟောနိုင်၊ ဝိပဿနာတရားတွေ မပြနိုင်တော့ ကျင့်ရမည့်တရားတွေ မသိ၊ မသိတော့ မကျင့်နိုင်၊ မကျင့်နိုင်ကြ၍ ပဋိပတ္တိသာသနာတော်ကြီး ကွယ်လေတော့၏။ အခြေခံအကြောင်းဖြစ်သော ပရိယတ္တိ၊ ပဋိပတ္တိ သာသနာနှစ်မျိုး မရှိခဲ့လျှင် အကျိုးဖြစ်သော မဂ်, ဖိုလ်, နိဗ္ဗာန်ကို မရနိုင်တော့ပါ။ ထိုအခါ ပဋိဝေဓ သာသနာတော်ကြီး ကွယ်လေပြီ ဖြစ်သည်။


ထိုခေတ်ကာလရောက်လျှင် သာသနာ့ဝန်ထမ်း ရဟန်းတော်တွေကလည်း ဖန်ရည်စွန်းသောသင်္ကန်းကို ဝတ်ရုံထားခြင်းဖြင့် အကျိုးမရှိနိုင်တော့ဟု ယူဆကြပြီး ဦးခေါင်း၌ဖြစ်စေ, လည်ပင်း၌ဖြစ်စေ, သင်္ကန်းစ ကလေး တထွာ, တမိုက် ဆုပ်ချီထားကြပြီး အိမ်ထောင်ပြု၊ မိန်းမယူ၊ သားသမီးတွေမွေး၊ စီးပွားရေး, ကြီးပွားရေးလုပ်၊ ကုန်ထုတ်ကုန်သွယ် အရောင်းအဝယ်တွေ လုပ်ကြတော့မှာဟု ဆိုသည်။


ထိုသို့ လောကီအာရုံ ကာမဂုဏ်တွေ ခံစားနေကြရာမှ ကာလအတန်ကြာညောင်းလာသောအခါ သင်္ကန်းစဆောင်ထားရုံဖြင့် ဘာအကျိုးရှိမလဲဆိုပြီးတော့ ချုံတွေ၊ ငုတ်တွေ၊ တိုင်တွေပေါ်မှာ သင်္ကန်းစတွေကို တင်ထားကြလိမ့်မည်။ ထိုအခါ ရဟန်းအသွင်၊ သာမဏေ အသွင်တွေ ပျောက်ကွယ်ကြလိမ့်မည်။ ထိုအခါ လိင်္ဂသာသနာ ကွယ်လေပြီ ဖြစ်သည်။


ဓာတုသာသနာ ကွယ်ပြီဆိုတာကတော့ မြတ်စွာဘုရားရှင်၏ ဓာတ်တော်တွေ ပရိနိဗ္ဗာန်စံဝင် ကွယ်ပျောက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဤတွင် ဓာတုသာသနာ ပရိနိဗ္ဗာန်စံဝင်ခြင်း သုံးမျိုးရှိကြောင်း တွေ့ရပြန်၏။ ယင်းမှာ---
* ကိလေသ ပရိနိဗ္ဗာန်
* ခန္ဓ ပရိနိဗ္ဗာန်
* ဓာတု ပရိနိဗ္ဗာ...ဟူ၍ ဖြစ်သည်။


ကိလေသ ပရိနိဗ္ဗာန် ဆိုသည်မှာ---
ဘုရားဖြစ်သည့်နေ့သည် ကိလေသာပရိနိဗ္ဗာန် စံဝင်သောနေ့ ဖြစ်သည်။ ဘုရားဖြစ်တော့ လောဘ, ဒေါသ, မောဟ, မာန, ရာဂ စသော ကိလေသာတွေ ကွယ်ပျောက်ချုပ်ငြိမ်းသွား၏။ အရဟတ္တမဂ်ဉာဏ်နှင့် ကိလေသာတွေကို အပြီးအပိုင် သတ်ဖြတ်လိုက်လိုက်ပြီဖြစ်၍ ကိလေသာတွေ ကုန်ခန်းငြိမ်းအေးသွားခြင်းကို ကိလေသ ပရိနိဗ္ဗာန်ဟု ခေါ်ဆိုလေ၏။


ခန္ဓ ပရိနိဗ္ဗာန် ဆိုသည်မှာ---
မြတ်စွာဘုရား၏ ခန္ဓာချုပ်ငြိမ်းသွားခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့်နေ့ ညဥ့်သန်းခေါင်ယံအချိန် ကုသိနာရုံ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တောမှာ ပရိနိဗ္ဗာန် စံဝင်သွားခြင်းကို ခန္ဓပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ဆိုသည်။


ဓာတု ပရိနိဗ္ဗာန် ဆိုသည်မှာ---
ဘုရားရှင်၏ သာသနာငါးထောင်ပြည့်သော အခါကာလရောက်လျှင် လူတွေကလည်း ငါဘုရား၏ သာသနာတော်ကို ပူဇော်သက္ကာရ ပြုကြတော့မည် မဟုတ်။ ထိုအခါ ကျလျှင် လူ့ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်တို့၌ ရှိကြသော ငါဘုရား၏ဓာတ်တော် အားလုံးတို့သည် မဟာဗောဓိပင်သို့ ပြောင်းရွှေ့စုပုံ၍ ငါဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကဲ့သို့ နိမ္မိတရုပ်ပုံသဏ္ဌာန်ဖန်ဆင်း၍ ယမိုက်ပြာဋိဟာ ပြလိမ့်မည်။


စကြာဝဠာတိုက်တသောင်းမှာ ရှိနေကြသည့် နတ်၊ ဗြဟ္မာအပေါင်းတို့က မြတ်စွာဘုရား၏ ဓာတ်တော်တွေ စုဝေးစုပုံပြီး ဓာတုပရိနိဗ္ဗာန် စံဝင်တော့မည့်အကြောင်းကို ကြားသိရသောအခါ နုဿတိ လောကော
-လောကကြီး ပျက်စီးပြီ၊ လောကကြီး အမှောင်ထုကျ ဖုံးလွှမ်းသွားပြီ-ဟု ပြောဆိုပြီးတော့ နတ်၊ ဗြဟ္မာအပေါင်းတွေက ငိုကြွေးပူဆွေးကြလိမ့်မည်။ ထိုသို့ နတ်၊ ဗြဟ္မာတွေက ငိုကြွေးလျက် ဓာတ်တော်များစုဝေးရာ ဗောဓိပင်သို့ လာရောက်ကြပြီး ဖူးမြော်ကြ၊ တရားနာကြ၊ ကြည်ညိုကြတဲ့အခါမှာ ဓာတ်တော်တွေ အားလုံးတို့က နိမ္မိတဘုရားအသွင်ဖြင့် ရောင်ခြည်တော်(၆)ပါး အမျိုးမျိုး အဖုံဖုံလွှတ်ပြီး ဂန္ဓမာဒနတောင်မှာ တရားဟောကြားလိမ့်မည်။ တရားတော်ကို နာကြားရ၍ နတ်-ဗြဟ္မာ ပရိသတ်အပေါင်း ကုဋေတသိန်း အရိယာပုဂ္ဂိုလ်တွေ ဖြစ်ကြလိမ့်မည်။ ဓာတ်တော်, မွေတော် အားလုံး အကြွင်းမရှိ
တေဇောဓာတ် လောင်ကျွမ်းပြီးသကာလ အကြွင်းမရှိ အနုပါဒိသေသ ပရိနိဗ္ဗာန် စံဝင်တော်မူလိမ့်မည်။ ထိုအချိန်ကာလမှစ၍ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး လုံးဝမရှိတော့ဘဲ ကွယ်ပျောက်လိမ့်မည် ဖြစ်သည်။


သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ ဟူသော သာသာနတော်သုံးရပ် မကွယ်မပျောက် အဓွန့်ရှည်တည်တံ့စေရေးကို စွမ်းအားရှိသမျှ အပတ်တကုတ် အားထုတ်ကြိုးပမ်းကြရမည် ဖြစ်သည်။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများက ပရိယတ်၊ ပဋိပတ်၊ စာပေကျမ်းဂန်များကို သင်ကြားခံယူ ကျင့်ကြံပွားများကြရန် လိုအပ်သကဲ့သို့ လူပုဂ္ဂိုလ် ဒကာ ဒကာမများအပိုင်းကလည်း စေတနာသဒ္ဓါတရား ပြည့်ဝထက်သန်စွာ ပစ္စည်းဝတ္ထုများ လှူဒါန်းထောက်ပံ့ခြင်းများပြု၍ သာသနာတော်ကြီး စည်ပင်ထွန်းကားရေးကို ကြိုးပမ်းထမ်းရွက်ကြပါရန် တိုက်တွန်းရေးသားအပ်ပေသည်။


မောင်ထည်ဝါ (ပျော်ဘွယ်)
ကျမ်းကိုး။ ။ အရှင်ဥတ္တမ မောဠိ (သာသနဓဇ ဓမ္မာစ၇ိယ) ရေးသားသော ပန်ချင်သူများ ခေါင်းဖြီးထား တရားတော်။


( ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ)

Sunday, November 27, 2011

နှလုံးရောဂါ သဘာဝကာကွယ်ဆေး

ယနေ့ ကမ္ဘာတွင် အသက် ၄၀-အထက် ယောက်ျားများနှင့် သွေးဆုံးပြီးသည့် အမျိုးသမီးများ အသက်ဆုံးရှုံးကြရခြင်း၏ အဓိကအကြောင်းမှာ နှလုံးသွေးကြောပိတ် လေဖြတ်ခြင်းကြောင့် ဖြစ်ရပါသည်။ ဤရောဂါစုသည် တချိန်က တိုးတက်ပြီးနိုင်ငံများမှ လူသားများကိုသာ ဒုက္ခပေးခဲ့၍ ယနေ့ မြန်မာနိုင်ငံ ကဲ့သို့ တိုးတက်ဆဲနိုင်ငံများမှာလည်း ရောဂါဖြစ်သည့်နှုန်းသည် တိုးတက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အသက် ၃၀-မှ ၃၅-အရွယ် ယောက်ျားလေးများမှာပင်လျှင် ဤရောဂါစုကို ခံစာေးနရသူတွေ တယောက်စ နှစ်ယောက်စ ဆိုသလို တွေ့မြင်နေရပါသည်။ ထို့ကြောင့်ပင်လျှင် သွေးထဲ အဆီဓာတ် မတက်ရအောင် နေ့စဉ်စားသုံးဆီကို ထက်ဝက်ခန့် လျှော့ချကြရန် သတိပေးနေရခြင်း ဖြစ်သည်။

စားသုံးဆီတွင်ပါဝင်သော အဆီဓာတ်တို့ကို အမျိုးအစားခွဲလိုက်လျှင် အောက်ပါအတိုင်း လေးမျိုးလေးစား ရှိသည်ကို တွေ့ရပါမည်။
၁။ Total Cholesterol
စုပေါင်း ကိုလက်စထရောဓာတ်။
၂။ High Density Lypoprotein (HDL)
သိပ်သည်းဆ မြင့်သော လိုင်ပိုပရိုတင်း ကိုလက်စထရောဓာတ်။
၃။ Low Density Lypoprotein (LDL)
သိပ်သည်းဆ နိမ့်သော လိုင်ပိုပရိုတင်း ကိုလက်စထရောဓာတ်။
၎။ Total Glyceride
ဂလစ်စရိုက်ဓာတ်ပေါင်းတို့ ပါဝင်ကြသည်။


အဆိုပါ ဓာတ်ပေါင်းလေးမျိုးအနက် Total Cholesterol က အဓိကရောဂါဖြစ်သော တရားခံ ဖြစ်ပါသည်။
Cholesterol ဓာတ်သည် ဝက်သား၊ ဝက်ဆီ၊ ဝက်ဦးနှောက်၊ ကြက်ဥအနှစ်၊ အုန်းသီး စသည်တို့၌
ပေါများစွာပါရှိသည်။ ထို့ကြောင့် ကျန်းမာရေးကို အလေးထားသူများက ယခုအခါ ဝက်သားနှင့် အုန်းသီးတို့ကို ရှောင်နေကြပြီ ဖြစ်ပါသည်။ သို့သော် ယင်းတို့သည်လည်း အရေးကြီးသော ဓာတ်များ ဖြစ်ကြ ပါသည်။

စာရေးသူ၏ဖခင်သည် ဆီးချိုအခံရှိရာက နှလုံးသွေးကြောပိတ်ရောဂါဖြင့် အသက်သေဆုံးခဲ့ရသည်။ ထို့ကြောင့် စာရေးသူကိုယ်တိုင်လည်း သွေးထဲ ကိုလက်စထရောဓာတ် မတက်ရအောင် အမြဲသတိပြု
နေထိုင်ခဲ့သည်။ ယင်းသို့ နေထိုင်သည့်တိုင် လွန်ခဲ့သော ငါးနှစ်လောက်က ဒေါသထွက်ရာမှ လေဖြတ်ခံရလု အဆင့် T.I.A Transient Ischaemic Attack ကို ရောက်ခဲ့သေးသည်။ ထိုအချိန်က စာရေးသူ၏သွေးထဲ ကိုလက်စထရောနှင့် သကြားဓာတ်တို့သည် မြင့်တက်နေခြင်း အလျဉ်းမရှိ။ နောက်ဆုံး ခေတ်ပေါ်ကွန်ပျူတာ နည်းဖြင့် သွေးကို စစ်လိုက်သောအခါမှ Triglycerides ထရိုင်ဂလစ်စရိုက်ဓာတ်သည် ရှိသင့်သည်ထက် များစွာတက်နေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းဓာတ်တို့ကို အလေးပေး၍ ရှောင်စရာရှိသည်များကို အစားအသောက်မှ ရှောင်လိုက်ခြင်းဖြင့် ဤရောဂါစုများ ဒုက္ခပြန်မပေးတော့ခြင်း ဖြစ်သည်။


ဤသို့ သွေးထဲ ကိုလက်စထရောနှင့် အခြားအဆီဓာတ်အမျိုးမျိုးကို ချပေးနိုင်သော ဆေးဝါးများ အမျိုးမျိုးရှိကြပါသည်။ သို့သော် ဆေးတန်ဖိုးက တလအတွက် ကျပ်သုံးထောင်ကျော်မှ လေးထောင်နီးပါး သုံးရမည်ဖြစ်ပြီး အသက်သေဆုံးချိန်အထိ နောင် အနှစ်နှစ်ဆယ်၊ သုံးဆယ်ဆက်တိုက် သောက်သုံးရဦးမည်
ဖြစ်၍ တိုးတက်ဆဲနိုင်ငံသူ နိုင်ငံသားများအဖို့ အိပ်မက်ပင် မမက်ဝံ့နိုင်သောကိစ္စ ဖြစ်နေသည်။


သို့ကြောင့် စာရေးသူ ဆေးခန်းသို့ ရောက်လာသော လူနာများကို သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာစေ့ဆီ တို့ကိုသာ ဦးစားပေး သုံးစွဲစေသင့်ကြောင်း အကြံပြုပြီး ဝက်ဆီ၊ အုန်းဆီတို့ကို ရှောင်စေခြင်း၊ ကြက်ဥ၊ ဘဲဥတို့ကို ကန့်သတ်စားသုံးစေခြင်း၊ ခန္ဓာကိုယ် အလေးချိန် မမြင့်တက်ရအောင် ထိန်းထားစေခြင်းတို့ဖြင့် အကြံပေးဖြစ်သည်။


နှလုံး ကျန်းမာသန်စွမ်းစေဖို့ ဝိုင်အရက် (Red Wine) နှင့် ဘီယာအနက် (Dark Beer) တို့ကို နည်းနည်းစီ သောက်သုံးစေခြင်း၊ ဆေးလိပ်ကို လုံးဝ ဖြတ်တောက်စေခြင်း၊ ပူပင်သောကကို တတ်နိုင်သလောက် နည်းမျိုးစုံဖြင့် လျှော့ချစေခြင်း၊ Vitamin ဆေးဝါးများဖြင့် အားဖြည့်ပေးခြင်း၊ သင့်တင့်သော အစားအသောက်များ ရွေးချယ်စားသောက်ခြင်းတို့ကို ပြုလုပ်ပေးရမည်။


သဘာဝနည်းဖြင့် ကိုလက်စထရောဓာတ်ကို ထိန်းခြင်း---
အောက်ပါနည်းများဖြင့်လည်း သွေးထဲမြင့်နေသော ကိုလက်စထရောကို ချပေးနိုင်ပါသေးသည်။
(၁) ကောင်းသော အဆီဓာတ်ကို ဦးစားပေး စားသုံးပါ၊ သွေးကြောများတွင် သွေးခဲများ ပိတ်ဆို့စေတတ်သော အဓိကဇာတ်ကောင်မှာ L.D.L ကိုလက်စထရောဓာတ်ဖြစ်သည်။ ဤ L.D.L ကိုလက်စထရောဓာတ် မတက်ရအောင် ထောပတ်အစား သာမန်ဟင်းရွက်ဆီကို အစားထိုင်းနိုင်သည်။ မလိုင်အပြည့်ပါသော နွားနို့ကို သောက်မည့်အစား မလိုင်နှုတ်ထားသောနွားနို့ကို သောက်သုံးခြင်း စသည့်နည်းများဖြင့် ကာကွယ်၍ ရ၏။


(၂) ကြက်ဥ၊ ဘဲဥများတွင် ကိုလက်စထရောဓာတ်များ ပါရှိသည့်ဟု ဆိုထားသော်လည်း H.D.L ပြည့်ဝသော ကိုလက်စထရောဓာတ် အဓိကပါဝင်သည်။ ယင်းဓာတ်တက်စေရန် ကြက်ဥ၊ ဘဲဥကို စားသုံးနိုင်ပါသည်ဟု ဆိုလာကြသည်။ သို့ကြောင့် ယခုအခါ နှလုံးရောဂါသည်များပင်လျှင် ရက်သတ္တတပတ်လျှင် ဘဲဥ၊ ကြက်ဥ နှစ်လုံးမျှကို စားသုံးစေပါသည်။ (H.D.L ကောင်းသော ကိုလက်စထရောဓာတ် တက်နေပါက မကောင်းသော ကိုလက်စထရော L.D.L ဓာတ်ကို အချိုးကျကျ ဆင်းစေသောကြောင့် ဖြစ်၏)


(၃) မကောင်းသည့် အဆီများကို ကန့်သတ်၍စားသုံးပါ။ စားသုံးသည့် အဆီသည်လည်း နေ့စဉ် စားသုံးနေသော အာဟာရဓာတ်၏ ၃၀-ရာခိုင်နှုန်းထက် မပိုစေရပါ။ ကောင်းသောအဆီဆိုသည်ကား ဟင်းရွက်ဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ စားအုန်းဆီတို့ ဖြစ်၍ မကောင်းသော အဆီဆိုသည်ကား ဝက်ဆီ၊ အမဲဆီ၊ အုန်းဆီတို့ကို ဆိုလိုသည်။


(၄) ခန္ဓာကိုယ် အလေးချိန် မတိုးအောင် ထိန်းထားပါ။ ခန္ဓာကိုယ်အလေးချိန် လျှော့ချနိုင်ပါက H.D.L မြင့်တက်လာပါလိမ့်မည်။


(၅) လှုပ်ရှားသွားလာပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုပါ။ လှုပ်ရှားမှုနည်းသော သွေးဆုံးပြီး အမျိုးသမီးများတွင် ထရိုင်းဂလစ်စရိုက်ဓာတ်သည် သွေးမဆုံးမီ အမျိုးသမီးတို့ထက် ၈၅-ရာခိုင်နှုန်းအထိ မြင့်တက်နေတတ် ပါသည်။
ကိုယ်လက်လှုပ်ရှားခြင်းကြောင့် သွေးထဲ အဆီမျိုးစုံကို ကျစေသည်။ ကောင်းသော ကိုလက်စထရောများကို မြင့်တက်စေပါသည်။

(၆) အနီရောင် ဝိုင် သို့မဟုတ်-အနက်ရောင် ဘီယာတို့ကို နည်းနည်းစီ သောက်ခြင်းဖြင့် သွေးထဲ ကိုလက်စထရောဓာတ် အားလုံးကိုကျစေပါသည်။


(၇) ဆေးလိပ်ကို ဖြတ်ပါ။ ဆေးလိပ်သောက်သူများတွင် လူကိုအကျိုးပြုသော H.D.L ကျဆင်းစေပါသည်။ ဆေးလိပ်ဖြတ်မှသာ ယင်း H.D.L များ ပြန်တက်သွားလေ့ရှိပါသည်။


(၈) ပူပင်သောကရှိသူများ၊ ဒေါသကို အောင့်ထားရသူများ၊ ဒေါသကြီးသူများတွင် L.D.L ဓာတ် မြင့်တက်နေတတ်သည်။


(၉) ဗိုက်တာမင်မျိုးစုံထဲတွင် ဗိုက်တာမင် အီးသည် သွေးထဲရှိ L.D.L နှင့် ပေါင်းပြီး သွေးကြောထဲ
သွေးခဲပိတ်ဆို့မနေရအောင် ကာကွယ်ပေးပါသည်။
H.D.L နိမ့်ကျသည့်အခါ၊ ထရိုင်ဂလစ်ဆရိုက် မြင့်နေသည့်အခါ၊ နိုင်ရာဆင် Niacin (ဗိုက်တာမင် ဘီ တမျိုး) က အန္တရာယ်ဖြစ်မလာရအောင် အကာအကွယ် ပေးပါသည်။


(၁၀) ကောင်းသောအစားအစာများကို ပိုမိုစားပါ။ အထူးသဖြင့် ပဲအမျိုးမျိုး၊ ဘာလီ၊ လိမ္မော်၊ ရှောက်၊ သံပရာ တို့ကို ပိုမိုသောက်သုံးပါ။ ဆော်လမွန်ငါး၊ ငါးကွမ်းရှက်တို့၏ အဆီများသည် ပြည့်ဝအဆီ ပါဝင်မှုနည်းသောကြောင့် လူကို အကျိုးပြုပါသည်။


ထို့ပြင် အမျှင်ပေါကြွယ်ဝသော အစားအစာများ၊ ဥပမာ-ဟင်းသီးဟင်းရွက် မျိုးစုံနှင့် သစ်သီးဝလံမျိုးစုံကို ဦးစားပေး စားသုံးစေခြင်း၊ ပဲမှ ထုတ်လုပ်ရရှိသော တိုဟူး၊ ပဲနို့ စသည်တို့ကို ဦးစားပေး စားသုံးစေခြင်း စသည့်နည်းများဖြင့် ကိုလက်စထရောဓာတ်ကို လျှော့ချပေးနိုင်ပါသည်။ သို့သော် ယင်းအစားအသောက် များကို ရှောင်ကြဉ်ရန် ဝန်လေးနေကြသူများအတွက်လည်း ပူပင်စရာ မလိုတော့ပါ။ သင့်တော်ရာ ဆေးဝါး များကို မှီဝဲရုံဖြင့် အဆင်ပြေနိုင်ပါသည်။ ယင်းဆေးကား ဈေးလည်း များလှသည်မဟုတ်သည့်အပြင် စားသုံးရာတွင်လည်း ကရိကထ မများလှသည့်ဆေးဖြစ်သည်။


ကြားဖူးကြမည်ထင်ပါသည်။ မြောက်ဝင်ရိုးစွန်းတန်းအနီး ရေခဲတုံးများကို အိပ်ဆောက်ကာ နေထိုင်ခဲ့ကြသည့် အက်စကီးမိုး လူမျိုးတို့အကြောင်းပင် ဖြစ်သည်။ ဤလူမျိုးတို့သည်ကား ကျန်းမာရေးအမြင်အရ အမှန်ပင် စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ယင်းလူမျိုးတို့သည် ဗိုက်ရွှဲနေသူဟူ၍ မရှိ။ နှလုံးရောဂါတိုသည်လည်း  သူတို့ဆီမှာ မကြားစဖူး၊ ဆီးချိုရောဂါဆိုသည်လည်း သူတို့ပတ်ဝန်းကျင်တွင် အစိမ်းသက်သက်၊ သူတို့စားကြသည့် အစားအစာများကလည်း အဆီဓာတ်နှင့် ပြည့်နေသော ငါးမျိုးစုံကိုသာ အဓိကစားသုံးကြသည်။


'Eat fish to Live Long" အသက်ရှည်စေရန် ငါးကို ပိုမိုစားသုံးကြပါ။
'Eat Fat and Grow Slim"လူတွေ မဝကြရအောင် ငါးမှရသော အဆီကို သဘောရှိ စားသုံးကြပါ။ စသည့်အချက်အလက်တို့ကို ရေးသားပြုစုထားသော စာအုပ်စာတမ်းများသည် နောက်တိုင်းတွင်
ရောင်းမလောက်အောင် ထုတ်ဝေနိုင်ခဲ့ကြသည်။


ယင်းအချက်တို့ကို သိပ္ပံပညာရှင်များကလည်း ထောက်ခံမှုပေးထားသော စာတမ်းများလည်း ပလူပျံအောင် ထွက်ခဲ့ပြီး ဖြစ်သည်။ ယင်း အက်စကီးမိုး ဒေသ၌ ပေါများစွာ စားသုံးနေကြသော အဆီတို့ကို V-Omega အမည်ဖြင့် ကမ္ဘာတွင် တွင်ကျယ်စွာ ရောင်းချလျက်ရှိရာ မြန်မာနိုင်ငံ၌လည်း ယင်းဆေးလုံးများကို
မြန်မာကျပ်ငွေဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။


နှလုံးသွေးကြောပိတ် လေဖြတ်အန္တရာယ်နှင့် နီးစပ်သောလူကြီးများ အသက်ရှည်ကျန်းမာမှုအတွက် ဤငါးများမှ ထုတ်လုပ်ရရှိသော အဆီဓာတ် ဆေးလုံးကလေးများကို မှီဝဲကြည့်ပါ။ ဆေးဝါးမဟုတ်သော (နောက်ကွယ်၌ ခေတ်ပေါ်ဆေးဝါးကဲ့သို့ အန္တရာယ်လိုက်လာမှု မရှိသော) ဤဆေးလုံးများက မုချအကူအညီ ပေးမှာ သေချာပါသည်။


ဤဆေးလုံးများသည် Vitamin A နှင့် D ဓာတ်များ ရရှိရန် သောက်သုံးလျက်ရှိကြသော ငါးကြီးဆီအလုံး နှင့် လုံးဝမသက်ဆိုင်ပါ။ ဤအဆီက အပူပိုင်းဒေသ ငါးကြီးများ၊ ကောငါးကြီးများမှ ထုတ်လုပ်ရရှိသော Cod Liver Oil အဆီ ဖြစ်သတည်း။


ဆရာဝန် တင်ရွှေ

Saturday, November 26, 2011

အသံတိတ် ကျောက်ကပ်ပြဿနာ စစ်ဆေးပါ

ထိုင်ဝမ်၊ ကာအိုဟီစယမ်မှ အသက် ၂၅-နှစ်အရွယ် အရောင်းစာရေးမလေး လင်လီချန်သည်
တောင်တက်အဖွဲ့ဝင် တယောက် ဖြစ်သလို အားကစားနှင့် ပြင်ပလှုပ်ရှားမှုများ၌ စိတ်ဝင်တစားရှိသောကြောင့် လွန်စွာကျန်းမာ သန်စွမ်းသော အမျိုးသမီးလေးဖြစ်ပေသည်။ 

သို့ရှိရာမှ တနေ့သ၌ ခေါင်းများကိုက်ခဲပြီး ချောင်းဆိုးလာ၍ သူမ၏မိသားစု ဆရာဝန်ထံ ပြသလေသည်။ ဆရာဝန်က “တုပ်ကွေး”ရောဂါဟု အမည်တပ်ကာ ကုသပေးသော်လည်း သက်သာမလာသည့်အပြင် အားအင်များပါ နည်းပါးကာ မောပန်းသကဲ့သို့ ခံစားလာရသည်။ ထိုအခါ တိုင်းရင်းဆေးဖက်ဝင် သစ်ခေါက်၊ သစ်မြစ်များ၊ ကျွမ်းကျင်သော ဆေးဆရာများနှင့် ကုသခဲ့သေးသည်။ သို့သော် နွမ်းနယ်ခြင်းကား မသက်သာ။

သို့ဖြင့် ဒုတိယအကြိမ် သူမ၏မိသားစု ဆရာဝန်ထံ ထပ်မံတိုင်ပင် အကုသခံရာ ဆရာဝန်က စမ်းသပ်စစ်ဆေးပြီးနောက် ကျောက်ကပ်အထူးကုသမားတော်ထံ ထပ်မံလွှဲအပ်ပေးခဲ့၏။
ထိုအခါ ကျောက်ကပ်အထူးကုဆရာဝန်က လိုအပ်သော စစ်ဆေးခြင်းများ ပြုလုပ်ရာမှ သူမ၏ဆီးအတွင်း၌ အသားဓာတ် (Checking The Protein in Urine) စစ်ဆေးချက်အရ ရောဂါကို ရှာဖွေတွေ့ရှိခဲ့လေသည်။

“ခင်ဗျားရဲ့ ကျောက်ကပ်တွေဟာ ရာခိုင်နှုန်း ၂၀-ပဲ ပုံမှန်ကောင်းမွန်ပြီး ကျန် ၈၀-ရာခိုင်နှုန်းက အလုပ်မလုပ်တော့ဘူး”ဟု အထူးကုသမားတော်ကြီးက လင်လီချန်ကို ပြောလာချိန်တွင်မူ “လင်”တယောက် လွန်စွာ ထိတ်လန့်ချောက်ချားသွားရပေသည်။ 
“ဟင် ဒါပေမယ့် ကျွန်မဘာမှ မနာပါလား”
“ကျောက်ကပ်ရောဂါအတော်များများဟာ နောက်ဆုံးအဆင့်ရောက်သည့်တိုင်အောင် လက္ခဏာတစုံတရာ မပြကြတာများတယ်...ဘာနာကျင်ခြင်းမှ မရှိတတ်ကြဘူး”
သမားတော်၏ ရှင်းပြချက်များအပြီးမှာ လင်တယောက် မယုံကြည်နိုင်စွာဖြင့် ရှိခဲ့သည်။ သို့သော် ခြောက်လခန့်အကြာ၌ ရောဂါလက္ခဏာများပြကာ ကျောက်ကပ်ဆေးစက်ဖြင့် ကုသခြင်း (Renal Dialysis) ခံယူခဲ့ရလေသည်။ လေးလခန့်အတွင်း တပတ်လျှင် သုံးကြိမ်၊ တကြိမ်လျှင် လေးနာရီကြာ ကုသခံခဲ့ရ၏။


၁၉၉၀-ပြည့်နှစ် ဇူလိုင်လ (ရောဂါသိရှိပြီးချိန်မှ ၁၀-လအကြာ)တွင် လင်တယောက် ကျောက်ကပ်အစားထိုး ကုသခြင်း ခံခဲ့ရလေသည်။ ထိုခွဲစိတ်မှုပြီးသည်မှ ယနေ့အထိ လင်သည် ကျန်းမာစွာ ရှိနေလေပြီ။
အသံတိတ် ကြောက်မက်ဖွယ် ကျောက်ကပ်ရောဂါကို စောစီးစွာ စစ်ဆေးသိရှိနိုင်းခြင်းက သူ့အား ဘဝသစ်ရှင်သန်ခွင့် ပေးခဲ့လေသည်။


အလားတူစွာ တိုင်ပေကွန်ပျူတာ ကုမ္ပဏီတခုမှ ချောင်ဝမ်ချိုင်ဆိုသူသည်လည်း ၁၉၉၇-ခုနှစ်တွင် စီးပွားရေး ကိစ္စတခုဖြင့် တရုတ်ပြည်ရောက်ခိုက် ကျန်းမာရေးစစ်ဆေးချက်များ ပြုလုပ်ရာမှ ဆရာဝန်က
သွေးတိုးကြောင်း ပြောကြားခဲ့သည်။ သို့သော် သူသိပ်သတိမထားခဲ့ပေ။ နောက်ခြောက်လအကြာ၌ သူ့ခြေထောက်များ ရောင်ရမ်းနာကျင်လာလေသည်။ တိုင်ပေမှ ဆရာဝန်က သူ့တွင် Chronic Renal Failure နာတာရှည်ကျောက်ကပ် ချို့ယွင်းခြင်း ရောဂါရှိနေကြောင်း ပြောလေသည်။


“ကျွန်တော် မယုံနိုင်လောက်အောင် အံ့သြသွားခဲ့ရတယ်...ကျွန်တော့်မှာ ကျောက်ကပ်လုပ်ဆောင်ချက် ချို့ယွင်းသွားကြောင်း လက်ခံဖို့ အတော်ခဲယဉ်းခဲ့ပါတယ်”
သို့ရာတွင် ဆေးဝါးဓာတ်စာများဖြင့် ကုသအပြီးမှာ ချောင်တယောက် သက်သာလာခဲ့သည်။ ယခုတိုင် ကျောက်ကပ်စစ်ဆေးချက်များဖြင့် အကုသခံနေဆဲ ဖြစ်သည်။ သူ့မှာဝေဒနာ အကြီးအကျယ် မပြခင်ကတည်းက ကျောက်ကပ်တွင် ထိခိုက်ပြီးသားဖြစ်ခဲ့သည် ဆိုခြင်းကို ယခု သူလက်ခံပေပြီ။


နောက်တဖန် ဟောင်ကောင်မှ ဗင်းဆင့်ဟန် ဆိုသူလေးမှာကား လေးနှစ်သားအရွယ်ကပင် မိဘများ၏ ကျန်းမာရေး စစ်ဆေးပေးချက်အရ ကျောက်ကပ်ချို့ယွင်းကြောင်း သိရှိနိုင်ခဲ့လေသည်။ အနောက်တိုင်း သမားတော်များနှင့် တရုတ်သမားတော်များ၏ ကုသပုံမတူညီမှုကြောင့် ၁၄-နှစ်သား အရွယ်မှ ကျောက်ကပ်အစားထိုး ခံခြင်းဖြင့် အကုသခံခဲ့ရလေသည်။


ဤဖြစ်ရပ်များအရ ကျောက်ကပ်ရောဂါ၏ အသံတိတ်ဒုက္ခပေးပုံ (Silent Menace)ကို သိရှိနိုင်လေသည်။ သာမန်လူတိုင်းတွင် အသံတိတ်ဖြစ်နေနိုင်သော ကျောက်ကပ်ပြဿနာသည် အောက်ပါလူများအတွက် ပိုမို၍ လက်သီးပုန်းထိုးနှက်နိုင်ပေသည်။
၁။ ဆီးချိုရောဂါရှင်များ
၂။ သွေးတိုးရောဂါရှိသူများ
၃။ မိသားစုမျိုးရိုးတွင် ကျောက်ကပ်၊ နှလုံးရောဂါရှိသူများ
၎။ အဝလွန်သူများ (အထူးသဖြင့် ခန္ဓာကိုယ်အလယ်ပိုင်း ဝလွန်းသောသူများ)
၅။ အကိုက်အခဲ ပျောက်ဆေးကို ကြာရှည်စွာ စားသုံးသူများ။
ထို့ကြောင့် ကျောက်ကပ်စစ်ဆေးချက် မှန်စွာခံယူဖို့ အလွန်အရေးကြီးပေသည်။


မည်သည့်ရောဂါမဆို စဖြစ်ကာစတွင် စောစီးစွာအချိန်မီ သိရှိနိုင်ပါမှ အချိန်မီ ကုသခြင်း ခံယူနိုင်ပေမည်။
သို့အတွက် အသံတိတ်နှိပ်စက်တတ်သော ကျောက်ကပ်ပြဿနာများကို စောစီးစွာကြိုတင်သိရှိနိုင်ရန် 
ကျောက်ကပ်၏ ပုံမှန်လုပ်ဆောင်ချက်များနှင့် စစ်ဆေးတွေ့ရှိနိုင်ပုံများကို သိထားရန် အရေးကြီးပေသည်။


ကျောက်ကပ်ဆိုတာ ဘာလဲ---
ကျောက်ကပ်ဆိုသည်မှာ အရိုးဆုံးပြောရလျှင် ခန္ဓာကိုယ်တွင်းမှ မလိုလားအပ်သည့် အဆိပ်အတောက်များကို
ပြင်ပသို့ ဆီးမှတဆင့် စွန့်ထုတ်ပေးပြီး လိုအပ်အသုံးဝင်သော ဓာတ်ပစ္စည်းများကို ပြင်ပသို့ထွက်မသွားစေရန် စစ်ယူပေးထားသော ဆန်ခါတမျိုးဟုသာ အကြမ်းဖျင်း ဆိုနိုင်ပါသည်။


၎င်းသည် လူ့ခန္ဓာကိုယ်တွင် ဝမ်းဗိုက်၌ ကျောနောက်ကပ်လျက် တဖက်တချက်တည်ရှိသော လက်သီးဆုပ် အရွယ် ပဲစေ့ပုံအင်္ဂါလေးနှစ်ခုဖြစ်ပါသည်။
ကျောက်ကပ်သည် လီတာ ၂၀၀-မျှရှိသော သွေးများကို နေ့စဉ် ၄င်းအတွင်း၌ စီးဝင်ဖြတ်သန်းစေပြီး စစ်ထုတ်ပေး၏။ ထိုသွေးများအနက် နှစ်လီတာခန့်မှာ အညစ်အကြေး ဆီးအဖြစ် စွန့်ထုတ်ရန် ဆီးအိမ်သို့ 
ရောက်သွားလေ့ရှိ၏။


ကျောက်ကပ်က ဘာလုပ်ပေးသလဲ---
အညစ်အကြေးစစ်ထုတ်သော လုပ်ငန်းသည် ကျောက်ကပ်၏အရေးအကြီးဆုံးသော လုပ်ငန်းဖြစ်သည့် အလျောက် ကျောက်ကပ်ရောဂါ အတော်များများမှာလည်း ထိုစစ်ပေးသောစနစ်ကြီး ပျက်ယွင်းသွားသောကြောင့် ဖြစ်ကြရပေသည်။


ကျောက်ကပ်ထိခိုက်ပါက ဆီးများကို ပုံမှန်ဆက်လက်ထုတ်ပေးသွားနိုင်သော်လည်း ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များ၊ ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဓာတ်များ စွန့်ထုတ်မှုမှာမူ နည်းပါးသွားပေသည်။ ထိုစွန့်ထုတ်မှုနည်းသွားသော ပစ္စည်းများမှာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်ကျန်ခဲ့ကာ လူကိုဒုက္ခပေးတော့သည်။


ကျောက်ကပ်ပျက်တာ ဘယ်လိုသိနိုင်မလဲ---
ကျောက်ကပ်များ တစုံတရာ ပျက်စီးနေခြင်းကို ညွှန်ပြသည့်အချက်တချက်မှာ “ဆီးအတွင်း အသားဓာတ်များ (Protein) အလွန်အကျွဲပါနေမှု”ပင် ဖြစ်သည်။
ဆီးအတွင်း အသားဓာတ်များပြားနေခြင်းသည် ခန္ဓာကိုယ်အတွက် ကျောက်ကပ်လုပ်ငန်း ချို့ယွင်းသွားမှုကို စောစီးစွာနှင့် ထင်ရှားစွာဖော်ပြနိုင်သော အခြေခံအချက်တချက် ဖြစ်ပေသည်။


အဘယ်ကြောင့်နည်း---
ပုံမှန်ကျန်းမာသော ကျောက်ကပ်၏တာဝန်မှာ ပရိုတင်း (Protein) ခေါ် အသားဓာတ်များကို ခန္ဓာကိုယ်အတွက် သိမ်းဆည်းစစ်ယူထားရန်ဖြစ်ပြီး မလိုလားအပ်သော အညစ်အကြေးများကို စစ်ထုတ်ပေးရန်ဖြစ်သည်။
ထို့ကြောင့် ကျောက်ကပ်အလုပ် ချို့ယွင်းစပြုချိန်မှာ (Protein) များကို ပြည့်ဝစွာ သိမ်းဆည်းစစ်ယူမပေးနိုင်ပဲ ဆီးတွင်း၌ (Protein) များ ပါဝင်သွားနိုင်ပေသည်။ ထိုမျှမက ကျောက်ကပ်သည် ခန္ဓာကိုယ်၏ အရေးကြီး သက်စောင့်လုပ်ငန်းအဝဝကိုပါ လုပ်ဆောင်ရသဖြင့် ကျောက်ကပ်ပျက်စီးထိခိုက်ပါက တကိုယ်လုံး၏ လုပ်ငန်းဆောင်တာများပါ ယိုယွင်းစပြုလာနိုင်သည်။


ဥပမာအားဖြင့်-သွေးကြောများ ကျဉ်းမြောင်းလာသဖြင့် သွေးတိုးရှိလာခြင်းမှအစ အခြားသော ဦးနှောက်ကြွက်သားများပါ ထိခိုက်လာကာ သွေးတိတ်နိုင်စွမ်းရည်ပါ ကျလာလေ့ရှိပါသည်။ ထို့ပြင် ပြင်းထန်သော သွေးနီဥ နည်းပါးသောရောဂါ (Severe Anaemia) လည်း အတွေ့ရများပေသည်။
မလေးရှားနိုင်ငံ (Metro Specialist Hospital) မက်ထရို အထူးကုဆေးရုံမှ အတိုင်ပင်ခံသမားတော်ကြီး
ဒေါက်တာ ကောဘီလင်း (Dr. Khaw Bee Ling) က ကျောက်ကပ်ထိခိုက်ချို့ယွင်းခြင်းကြောင့် အရိုးများချည့်နဲ့အားပျော့လာခြင်း ဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်။


အရိုးများ ခိုင်မာတောင့်တင်းမှုအတွက် (Calcium) မှာ မရှိမဖြစ် လိုအပ်ပေသည်။ Calcium များ သွေးအတွင်း လုံလောက်စွာ ရှိနေရန်အတွက် ဖော့စဖရပ် (Phosphorus) များကို လိုအပ်သည်ထက် ပိုမလာအောင် စစ်ထုတ်ရန်မှာ ကျောက်ကပ်၏ အရေးအကြီးဆုံးတာဝန်ဖြစ်၏။ ကျောက်ကပ်၏ အညစ်အကြေးစွန့်ထုတ် လုပ်ငန်းစဉ် ချို့ယွင်းခြင်းကြောင့် ဖော့စဖရပ်များ သွေးတွင်းမြင့်မားလာခြင်းဖြင့် (Calcium)များ နည်းပါးသွားရာ ထိုမှတဆင့် အရိုးများ သန်စွမ်းစေမည့် (Calcium) နည်းပါးသွားနိုင်ပေသည်။


လူတဦးစီအတွက် ကျောက်ကပ်တခုဆိုလျှင် လုံလောက်သော်လည်း သဘာဝပေး အခြေအနေအရ
ကျောက်ကပ်နှစ်ခုရှိခြင်းအားဖြင့် တခုစီ၏ အစိတ်အပိုင်း အနည်းငယ်ပျက်ယွင်းသော်ငြား ကျန်အစိတ်အပိုင်းများက လုပ်ငန်းများကို ပုံမှန်ဖြစ်စေနိုင်ပေသည်။
မနီလာမြို့ အမျိုးသား ကျောက်ကပ်နှင့် ကျောက်ကပ်အစားထိုးခြင်းဆိုင်ရာ တက္ကသိုလ်မှ
ကျောက်ကပ်အထူးကု ဒေါက်တာ အန်တိုနီယိုပရာအစ်ဆိုက...
“ဒီနေ့ ကျွန်တော် လူနာ နှစ်ယောက်တွေ့ခဲ့ရတယ်၊ အဲဒီ နှစ်ယောက်စလုံးဟာ ဒီနေ့မှာပဲ ကျောက်ကပ်ဆေးစက်နဲ့ ဆေးဖို့ (Renal Dialysis) အရေးတကြီးလိုအပ်နေချိန် ရောက်နေလောက်အောင် သူတို့ရဲ့ ကျောက်ကပ်တွေဟာ အတော်ဆိုးဝါးစွာ ပျက်စီးနေကြပြီ။ အဲဒီလောက် ပျက်စီးနေတဲ့ ကျောက်ကပ်တွေ ဖြစ်နေပေမယ့် ကာယကံရှင်တွေဟာ ကျောက်ကပ်ဆိုင်ရာ ဘာလက္ခဏာမှ မခံစားကြရတာ တွေ့ရတယ်...”


ဤစာကိုကြည့်၍ ကျောက်ကပ်ပျက်စီးခြင်းသည် လူတို့၏ ကိုယ်ထဲ၌ အသံမပေးဘဲ အဆိပ်ဗုံးတလုံးလို တိတ်တဆိတ် ခိုဝင် ဒုက္ခပေးနိုင်သည်ဖြစ်၍ ကြောက်စရာကောင်းကြောင်း သိနိုင်ပေသည်။
ဟောင်ကောင်မှ ဒေါက်တာ လိုဝေကီက “အာရှတိုက်သား သန်းပေါင်းများစွာဟာ ဆီးထဲမှာ အသားဓာတ်လွန်ကဲစွာ ပါဝင်နေခြင်းတွေ့ရကြောင်း၊ ဟောင်ကောင်လူထုရဲ့ လူပေါင်း ၄၂၀၀ နှင့် စင်ကာပူရှိ လူပေါင်း ၃၀၀၀-ခန့်ဟာ ယခုအချိန်မှာ ကျောက်ကပ်ဆေးခြင်း ကျောက်ကပ်အစားထိုးခြင်းများ နှင့် ကုသခြင်း ခံပြီး ကျောက်ကပ်၏ လက်သီးပုန်းထိုးနှက်ထားခြင်းဒဏ်မှ အသက်ကို ပြင်းထန်စွာ ကယ်နေရကြောင်း ” အတိအလင်း အသိပေးသွားလေသည်။


ထိုနည်းတူစွာ ထိုင်ဝမ် ကျောက်ကပ်အဖွဲ့အစည်းတခုဖြစ်သည့် Emily Tsuei of the National Kidney Foundation မှ ထိုင်ဝမ်လူထု ၂၇၀၀၀-နီးပါးသည် လွန်ခဲ့သည့်နှစ်က ကျောက်ကပ်ရောဂါအတွက်
ဆေးကုသခံခဲ့ကြပြီး ၁၉၉၈-ခုနှစ်တွင် ၁၃-ဆ ပိုများလာသည်ဟု ကြေညာထားသည်။
ကျောက်ကပ်ရောဂါအတော်များများသည် ပြန်လည်၍ အဖတ်ဆယ်မရအောင် ပျက်စီးသွားကြသော်လည်း စောစောသိပါက ပျက်စီးမှုနည်းပါးအောင် ကုသပေးနိုင်သည်။


ထို့ကြောင့် ယခုအခါ ရိုးရှင်းလွယ်ကူစွာ ကုန်ကျစရိတ် သက်သာစွာ အစောဆုံးသိရှိနိုင်မည့်နည်းလမ်းတခုကို စင်ကာပူနိုင်ငံ ဘိုင်အိုနက်ဓာတ်ခွဲဌာန (Bio Net Laboratories Asia Pacific of Singapore) မှ တင်သွင်းသော ရှည်မျောမျော အချောင်းလေးများ (at-Home Test Strip) ဖြင့် ကြိုတင်စမ်းသပ်နိုင်ပေပြီ။ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနှင့် ယခုနောက်ပိုင်း ဟောကောင်တို့တွင်ပါ ရရှိစစ်ဆေးနိုင်ကြပြီ ဖြစ်၏။


စမ်းသပ်ပုံ---
ထိုအချောင်းပြားလေးများ သုံးစွဲပုံမှာလည်း ရိုးရှင်းလွယ်ကူသဖြင့် အိမ်၌ပင် မိမိဘာသာ စစ်ဆေးကြည့်နိုင်ပေသည်။ ဆီးကို ပိုးသတ်ထားသည့် သန့်ရှင်းသောခွက်တခွက်၌ ခံယူကာ ဓာတုဗေဒနည်းအရ စီမံထားသော ထိုအချောင်းပြားလေးကို ဆီးထဲနှစ်ထားကြည့်ရုံသာဖြစ်၏။ ထိုအခါ အချောင်းပြားလေး၏အရောင် ပြောင်းသွားပါက ထိုဆီးထဲ၌ အသားဓာတ် (Protein) လွန်ကဲစွာ ပါဝင်နေသည်ဟု သိနိုင်လေသည်။ သို့ဖြင့် ကျောက်ကပ်ပြဿနာကို စောစီးစွာသိပြီး လိုအပ်သမျှ ဆက်လုပ်နိုင်ပေပြီ။


အခြားခန္ဓာကိုယ်၏ အရေးတကြီး အခြေအနေများ၌လည်း ထိုအချောင်းပြားလေး အရောင်ပြောင်းနိုင်ပေသည်။ ဥပမာ-ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ထားခြင်း၊ အဖျားရှိခြင်းများ၌လည်း ထိုအချောင်းလေး အရောင် ပြောင်းတတ်ပေရာ ထိုအခါများ၌ သင်၏ဆရာဝန်နှင့်တိုင်ပင်ပြီး သီတင်းပတ် အနည်းငယ်အကြာ၌ ထပ်မံစမ်းသပ်နိုင်ပေသည်။ အချောင်းပြားလေး အရောင်ပြောင်းခြင်း ဆက်လက်ရှိနေပါက သင့်မှာ ကျောက်ကပ်တစုံတရာ ချို့ယွင်းနေကြောင်း စောစီးစွာသိနိုင်လေသည်။


ကျောက်ကပ်အထူးကုဆရာဝန်မှာက ထိုစစ်ဆေးချက်ကို နှစ်စဉ် လုပ်ဆောင်သွားရန် အကြံပြုထားကြသည်။
ထို့ကြောင့် လူတိုင်းအတွက် အချိန်မရွေး တိတ်တဆိတ် ဝင်ရောက်ထိုးနှက်နိုင်သော ကျောက်ကပ်ပြဿနာ များကို အထက်ပါရိုးရှင်းလွယ်ကူသော အချောင်းပြားလေးများ (Strips) သုံးကာ စစ်ဆေးခြင်းဖြင့် အသက်အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ပေတော့မည်။


ဒေါက်တာနုနုဆွေ
Ref: Reader's Digest, 2000, July.

Thursday, November 24, 2011

အားဆေး

“အားဆေး အညိုတောင့်ကြီးတွေ နေ့တိုင်း စားတယ်”
“ရေဆူ အားဆေးပြားကြီး တနေ့ နှစ်လုံး အမြဲစားတယ်လေ”
“ထမင်းစားပြီးတိုင်း အားဆေးပြား နှစ်မျိုး၊ သုံးမျိုးတော့ နေ့တိုင်း စားနေတာပဲ”
“စာအုပ်ထဲမှာပါတဲ့ အားဆေးတွေ ဖတ်ပြီး စားကြည့်နေတယ်”
အဆိုပါ “အားဆေး” ဆိုသည်မှာ အလွန် ရေပန်းစားနေပါသည်။ အရွယ်မရွေး အားဆေးစားသင့်သည်။ အားဆေးစားမှ ကျန်းမာမည်ဟု ယူဆထားလေ့ရှိကြပါသည်။

“ကျွန်တော်တို့ တင်သွင်းတဲ့ အားဆေးဟာ ဗီတာမင်၊ သတ္ထုဓာတ် ဆေးမြစ်တွေ အကုန်လုံး ပါဝင် ဖော်စပ်ထားပါတယ်။ အခု ရောင်းချနေတဲ့ တခြားအားဆေးတွေ နဲ့ နှိုင်းယှဉ်ပြထားပါတယ်။ ကျွန်တော်တို့ ဆေးက အများကြီး သာတယ်ဆိုတာ တွေ့ရပါမယ်။ ဒါကြောင့် ဒီဆေးကို သုံးကြည့်ပါ။ ညွှန်ပေးပါ” စသည်ဖြင့်လည်း ဆေးကုမ္ပဏီ အများအပြားက အလုအယက် ကြော်ငြာအားကောင်းနေသော အချိန်လည်း ဖြစ်ပါသည်။ အရောင်အသွေး စုံလင်စွာဖြင့် ဝယ်ယူသောက်ချင့်စဖွယ် ဆွဲဆောင်အားလည်း အလွန်ကောင်းပါသည်။

ထိုကဲ့သို့သော အခြေအနေမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်သာ ဖြစ်နေခြင်း မဟုတ်ပါ။ ကမ္ဘာနိုင်ငံ အသီးသီးတွင် ခေတ်မီ တိုးတက်ဖွံ့ဖြိုးလာသော ဆေးဝါးများ ထုတ်လုပ် ရောင်းချခြင်း၊ ဝယ်ယူ တင်သွင်းခြင်း တို့ကြောင့် ထိုဆေးဝါးများနှင့် အထူးရင်းနှီးနေကြခြင်း ဖြစ်ပါသည်။ အမှန်တကယ်လည်း လူအများအပြား လက်ခံ သုံးစွဲနေကြပါသည်။ အမေရိကန်နိုင်ငံတွင် ထိုအားဆေး၊ ဗီတာမင်ဆေးများသည် အလွန်အရောင်းရဆုံး ဆေးပစ္စည်းဖြစ်ပြီး နှစ်စဉ် ၁.ဒသမ ၇.ဘီလျှံ ဒေါ်လာခန့် ရောင်းချနေရသည်။ အမေရိကန်နိုင်ငံသား ၄၀-ရာခိုင်နှုန်းမှာ ထိုဆေးများကို မှီဝဲနေကြပြီး နိုင်ငံသားများ အနှစ်သက်ဆုံး ဆေးမှာ ဗီတာမင်“စီ” ဆေးပြားဖြစ်ကြောင်း သိရသည်။ အအေးမိ နှာစေးသည်နှင့် ဗီတာမင်”စီ”ဆေးပြား  သောက်သုံး တတ်ခြင်းသည် အိမ်သုံးဆေး ဆောင်ထားခြင်းကဲ့သို့ ဖြစ်ခဲ့ရာမှ ထိုဆေးပြားများနှင့် အမေရိကန်လူမျိုးတို့ ရင်းနှီးခဲ့ကြပါသည်။

မကြာသေးမီက အမေရိကန်အမျိုးသား သိပ္ပံ အကယ်ဒမီမှ သတင်းတခု ထုတ်ပြန်ခဲ့ပါသည်။ ထိုထုတ်ပြန်စာ၌ အမေရိကန် ဆေးရုံများတွင် အမှားအယွင်းများ ရှိခဲ့မှုများ ဖော်ပြထားပါသည်။ ထို့ပြင် အများကြိုက်နေသော ဗီတာမင်“စီ”နှင့်“အီး”ကို လိုအပ်သည်ထက် ပိုမိုသုံးစွဲစေခြင်း၊ သုံးစွဲနေခြင်း တို့ကြောင့် ကျန်းမာရေး
ပြဿနာများ ဖြစ်ပွားနေကြောင်းနှင့် ထိုအခြေအနေကို ဝိုင်းဝန်းထိမ်းသိမ်းကြရန် တိုက်တွန်းထားချက်တို့လည်း ပါဝင်ပါသည်။

လူ့ခန္ဓာကိုယ်ရှိ ဆဲလ်များသည် ဇီဝဖြစ်စဉ်များဖြစ်ပြီး ပျက်စီးသွားလိုက်၊ အသစ်ပြန်လည် တည်ဆောက်လိုက်ဖြင့် သံသရာလည်လျက်ရှိသည်။ ထိုဖြစ်စဉ်တို့တွင် Free Radicals ခေါ် ဓာတ်တိုးပစ္စည်းများ ထွက်လာတတ်ပါသည်။ ထိုပစ္စည်းတို့သည် ကျန်းမာ သန်စွမ်းနေသော ဆဲလ်အကောင်းများကို ထိခိုက်ပျက်စီးစေတတ်ပါသည်။ ထို့ပြင် ကင်ဆာရောဂါများ၊ နှလုံးနှင့် ပတ်သက်သော ရောဂါများမှအစ အယ်လ်ဇိုင်းမားရောဂါနှင့် အိုမင်းရင့်ရော်မှုများမှာလည်း ထိုပစ္စည်းများ ပါဝင်ပတ်သက်နေပါသည်။ ထိုမလိုလားအပ်သော ပစ္စည်းတို့ကို ဖယ်ရှားနိုင်ပါက ရောဂါဘယများမှ ကင်းဝေးနိုင်သည့်အပြင် အိုမင်းခြင်းမှပင် အတော်အတန် ဟန့်တားနိုင်မည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်သော ဓာတုပစ္စည်းတို့ကို ရှာဖွေတွေ့ရှိထားပါပြီ။ ဗီတာမင် “စီ” ဗီတာမင် “အီး”နှင့် ဆီလီနီယမ် (Selenium) တို့ ဖြစ်သည်ဟု သိရသောအခါ လွန်ခဲ့သည့် နှစ်အနည်းငယ်က ထိုပစ္စည်းတို့ဖြင့် ဖော်စပ်ထုတ်လုပ်ရောင်းချသော
ဆေးဝါးတို့သည် အလွန်လူကြိုက်များခဲ့ပါသည်။ အများအပြား ရောင်းချ၊ သုံးစွဲခဲ့ကြပါသည်။

အမေရိကန်နိုင်ငံ၊ တတ်ဖ်တက္ကသိုလ်မှ ဇီဝသိပ္ပံပညာရှင် နော်မန်ကရင်စ်စကီး ဦးဆောင်သော အဖွဲ့က အဆိုပါဆေးများ သုံးစွဲမှုကို လေ့လာခဲ့ပါသည်။ ဗီတာမင် “စီ”အပြည့်အဝပါသော အစားအစာများ၊ ဗီတာမင်“အီး”နှင့် ဆီလီနီယမ် အပြည့်အဝပါသော အစားအစာတို့ကို စားသုံးခြင်းဖြင့် နာတာရှည်ရောဂါများ ဟန့်တားခြင်းမှ အတော်အတန် ကာကွယ်နိုင်ကြောင်း သိရသည်။ သို့ရာတွင် ထိုပစ္စည်းတို့ဖြင့်
ဖော်စပ်ထားသော ဆေးဝါးများကို အများအပြား သုံးစွဲမိပါက မလိုလားအပ်သော ကျန်းမာရေး ပြဿနာများ ရင်ဆိုင်ကြရကြောင်း တွေ့ရပါသည်။ ဗီတာမင်“အီး” အများအပြား စားသုံးမိသူများမှာ သွေးယိုစီးခြင်း (အစာအိမ်၊ ဦးနှောက်၊ သွားဖုံး စသည်များ) ဖြစ်ပွား၍ ဗီတာမင် “စီ” အလွန်အမင်း စားသူတို့မှာ ဝမ်းပျက်ခြင်း၊ ကင်ဆာရောဂါကုဆေး မှီဝဲနေရသူ ဖြစ်ပါက ထိုဆေး၏ အာနိသင်များ ထိခိုက်ပျက်ပြယ်စေခြင်းများ
ဖြစ်ပွားကြောင်း တွေ့ရပါသည်။ ဆီလီနီယမ် အလွန်အမင်း စားမိသူများမှာ ဆံပင်ကျွတ်ခြင်း၊ လည်သည်းခွံများ ကျွတ်ခြင်း အထိပင် ဖြစ်ပွားကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ထိုဆေးတို့ကို လိုအပ်မှ စားပါ၊ စားသင့်သည့် အချိန်အဆခန့်သာ စားပါဟု အမေရိကန်ပြည်သူတို့အား တိုက်တွန်းထားပါသည်။ 

ဗီတာမင် “စီ”ကို အမျိုးသမီးများ နေ့စဉ် ၇၅-မီလီဂရမ်၊ အမျိုးသားများ မီလီဂရမ် ၉၀-သာ စားသုံးသင့်သည်။ ဆေးလိပ်သောက်သူတို့မှာ ခန္ဓာကိုယ်မှရှိပြီး ဗီတာမင်“စီ”များ ဆေးလိပ်ကြောင့် ဆုံးရှုံး တတ်သဖြင့် နေ့စဉ် ၃၅-မီလီဂရမ် အပိုဆောင်း၍ သုံးစွဲရပါမည်။ သို့သော် မည်သူမျှ နေ့စဉ် ဗီတာမင်“စီ” ကို ၂၀၀၀-မီလီဂရမ်ထက် ပိုမစားသင့်ဟု ဆိုပါသည်။


ဗီတာမင်“အီး”ကို အမျိုးသား၊ အမျိုးသမီး များအတွက် နေ့စဉ် ၁၅-မီလီဂရမ် (၂၂ ယူနစ်) ခန့်သာ သုံးစွဲသင့်သည်။ ထိုအတိုင်းအဆသည် ဗီတာမင်“အီး”ကို လူ့သွေးတွင် သိုလှောင်ထားနိုင်ကာ ဆဲလ်များသို့လည်း သယ်ယူပို့ဆောင်နိုင်သည်။ ဗီတာမင်“အီး”ဟုသာ ခေါ်သော်လည်း အမျိုးမျိုးရှိသည်။ “အယ်လဖာတိုကို ဖီရောလ်” အမျိုးအစားသည် ထိုအခြေအနေအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။ “ဒီအယ်လ်ဖာ” အမျိုးအစားဖြစ်ပါက နေ့စဉ် ၁၀၀-မီလီဂရမ် (၁၅၀၀ ယူနစ်) 
“ဒီအယ်လ်၊ အယ်လ်ဖာ”အမျိုးအစား ဖြစ်ပါက နေ့စဉ် ၇၀၀-မီလီဂရမ် (၁၁၀၀ ယူနစ်)သာ သုံးစွဲသင့်သည်။ ထို့ကြောင့် မိမိဘာသာ သုံးစွဲနေကြခြင်းသည် အလွန်အန္တရာယ်များပါသည်။ ဆရာဝန်နှင့် တိုင်ပင်ကာ ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်သည်။ ဆီလီနီယမ်ကို နေ့စဉ် ၅၅-မိုက်ခရိုဂရမ်ထက် ပိုမသုံးသင့်ဟုလည်း ဒေါက်တာမန်းက တိုက်တွန်းထားပါသည်။


အားရှိခြင်း-အားမရှိခြင်းဆိုသည်ကို မည်သို့တိုင်းတာသင့်ပါသနည်း။ လူတယောက် နေ့စဉ် စားသောက်သွားလာ လှုပ်ရှား အလုပ်လုပ်ကိုင်နေနိုင်လျှင် သူ၏ ပုံမှန်အလုပ် ဝတ္တရားများ လည်ပတ်နေနိုင်လျှင် အားရှိသည်၊ ကျန်းမာသည်။ ထိုသို့မဟုတ်ပါက မကျန်းမာခြင်း၊ ကျန်းမာရေး ချို့ယွင်းခြင်း၊ အားနည်းခြင်းဟု ဖွင့်ဆိုရမည် ထင်ပါသည်။ ကျန်းမာရေး ချို့ယွင်းခြင်း၊ အားနည်းဖြင်း ဖြစ်လျှင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခြေခံ အကြောင်းတရားများ ရှိပါမည်။ ကိုယ်စိတ်ပင်ပန်းမှုများမှအစ ရောဂါဘယများအထိ
ဖြစ်နိုင်ပါသည်။ ထိုအခြေအနေမျိုးတွင် “အားဆေး” တမျိုးတည်းဖြင့် ထိုပြဿနာကို မဖြေရှင်းနိုင်ပါ။ အရင်းခံ အချက်ကို ရှာဖွေ ကုသမှုသည်သာ အဓိကဖြစ်ပါသည်။ အားဆေးစားနေရုံမျှဖြင့် ပြန်ကောင်းမလာနိုင်ပါ။ မလိုအပ်ဘဲ ထိုအားဆေးဆိုသည်ကို စားသုံးခြင်းဖြင့်လည်း ဆေးကြောင့်လေးရမည့် နောက်ဆက်တွဲပြဿနာ များစွာရင်ဆိုင်ရတတ်ပါသည်။ 


ယခုအခါ နှလုံးအားဆေး၊ အသည်းအားဆေး၊ ကျောက်ကပ်အားဆေး၊ ဦးနှောက်အားဆေးဟူ၍ပင် ထုတ်လုပ်ရောင်းချနေကြပါသည်။ “အသည်း အားဆေးဆိုတာ ကျွန်တော့်အယူအဆအရတော့ မရှိဘူး။ အသည်းရောဂါကုတဲ့ ဆေးသာရှိတယ်။ လက်ခံတယ်ဆိုသော အသည်းရောဂါကု ဆရာဝန်ကြီးတဦး၏ အဆိုမှာ အလွန်ကောင်းမွန်ပါသည်။ အကြောင်းရင်းခံ တခုခု၊ ရောဂါတခုခုကြောင့်သာ နှလုံး၊ အသည်း၊ ကျောက်ကပ် စသည့် အင်္ဂါအစိတ်အပိုင်းတို့မှာ သူတို့၏ ပုံမှန်လုပ်ငန်းများ ပြည့်ပြည့်ဝဝ မဆောင်ရွက်နိုင်ကြခြင်း ဖြစ်ပါသည်။ သူတို့မှာ အားနည်း၍ မဟုတ်ပါ။ ရောဂါဖြစ်နေ၍  ဖြစ်ပါသည်။ ထို့ကြောင့် သူတို့အတွက် ရောဂါမြန်မြန်ပျောက်အောင် ကုသည့်ဆေးသည်သာ အဓိကကျသည်ဟု ယူဆပါသည်။ 


အားဆေးသည် အဓိကမဟုတ်ပါ။ အားဆေးဟူ၍လည်း ဆိုရန်ခက်ပါသည်။ သို့သော် အရက်သောက်သူများမှာ အသည်းထိခိုက်၍ ဗီတာမင်များ ကုန်ဆုံးတတ်ပါသည်။ သူတို့ကိုမူ လိုအပ်သော ဗီတာမင်ဆေးများ ပေးရ ပါသည်။ နာလန်ထစ လူနာများ၊ ကိုယ်ခံအား နည်းသူများကိုလည်း လိုအပ်သော ဗီတာမင်များ ပေးရပါသည်။ သွားလာလှုပ်ရှား နေနိုင်သူအတွက်မူ ထိုအားဆေး မလိုအပ်ပါ။ “သိပ်ပင်ပန်းနေသလား၊ ဒီဆေးတောင့်ကလေးကို သောက်လိုက် လန်းဆန်းသွားမယ်” ဟုဆိုသည့်အတိုင်း ထိုဆေးသောက်ရုံမျှဖြင့် မိမိကိုယ်အင်အား ပြည့်ဝမလာနိုင်ပါ။ ကိုယ်စိတ် အပြည့်အဝ အနားယူမှု၊ အာဟာရ ပြည့်ဝသော အစားအစာ စားသုံးမှုတို့သည်သာ အဓိကဖြစ်ပါသည်။ ထို့ကြောင့် နေ့စဉ် အသီးအရွက် ငါးမျိုးခန့် စားသုံးလေ့ရှိသူသည် သူ့အတွက် လိုအပ်သော ဗီတာမင် အပြည့်အဝ ရရှိပြီး ဖြစ်ပါသည်။ 


မြန်မာအစားအစာတို့တွင် ဗီတာမင် “စီ”အပြည့်အဝပါသော ဆီးဖြူသီး၊ ခရမ်းချဉ်သီး၊ ဖန်ခါးသီး၊ သံပရာသီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းရွက်၊ မန်းကျည်းရွက်၊ 
ဗီတာမင်“အီး” အပြည့်အဝပါသော နေကြာစေ့၊ ဝါစေ့များ၊ 
ဆီလီနီယမ် အပြည့်အဝပါသော ကြက်သွန်ဖြူ၊ ငါး စသည်တို့ စားသုံးသင့်ပါသည်။ 
အရည်ရွှမ်းသော အသီးများဖြစ်သည့် လိမ္မော်သီး၊ ရှောက်သီး၊ ကျွဲကောသီး၊ စသည်များ၊ စတော်ဘယ်ရီသီး၊ အာလူး၊ ဂေါ်ဖီပန်းပွင့်၊ အစိမ်းရောင် ဟင်းရွက်များကို ကိုယ်စိတ်ပင်ပန်းသူများ ပြန်လည် လန်းဆန်းလာရန် အလျဉ်းသင့်သလို စားသုံးသင့်ပါသည်။ ထိုအစားအစာတို့မှာ အားဆေးတို့ထက် အဆများစွာ အာနိသင်ရှိပါသည်။


ထို့ကြောင့် “သင် သိပ်ပင်ပန်းနေသလား၊ လန်းဆန်းသွားအောင်စား”
“ဘာစားရမလဲ အားဆေးလား”
“မဟုတ်ဘူး၊ အစာစား၊ အခုပြောခဲ့တဲ့ အသီးအနှံ နဲ့ ငါးတွေ စား၊ ပြီးတော့ အနားယူ”
“အားဆေးရော မစားရဘူးလား”
“ဆေးဆိုတာ လိုအပ်မှ စားရတယ်။ ဆရာဝန်က ညွှန်ကြားလိမ့်မယ်။ ညွှန်ကြားမှ လိုအပ်မှ စား၊ မလိုအပ်ပဲ စားရင်၊ တန်ရုံထက် ပိုစားရင် ဆေးမဖြစ်ဘဲ “ဘေး”ဖြစ်မယ် ဟူ၍သာ ဆိုရပေတော့မည်။


“ကောင်းတယ်ဆိုတာတွေဟာ ကိုယ့်အတွက် အဆိုးဖြစ်လာတတ်တယ်”ဟု အနောက်တိုင်းသားတို့ ဆိုကြပါသည်။ ယနေ့ အလွန် ရေပန်းစားနေသော ဗီတာမင်များ၊ အထူးသဖြင့် စီနှင့်အီးတို့သည် အမှန်တကယ် အစွမ်းထက်ပါသည်။ ထိုဗီတာမင်တို့ကို လူတိုင်း သူ့အတိုင်းအတာနှင့်သူ လိုအပ်သည်။ စားသုံးသင့်သည်။ ယင်းတို့သည် သဘာဝ အသီးအရွက်၊ အစားအစာတို့တွင် လုံလောက်စွာ ပါဝင်ပါသည်။ ဆေးဝါးများတွင် ပါဝင်သော ထိုဗီတာမင်တို့မှာ လူတို့က ထိုသဘာဝမှ ပြန်လည်ဖန်တီး အသွင်ပြောင်းထားခြင်းသာ ဖြစ်ပါသည်။ သဘာဝ ဗီတာမင်လောက် ကောင်းသည်မဟုတ်ပါ။ ထိုဆေးတို့တွင် မလိုအပ်သော အဆိပ်အတောက် များလည်း ပါဝင်တတ်ရာ ကိုယ်ခန္ဓာ၏ အသည်းက အဓိက ချေဖျက်ပေးရပါသည်။ မလိုအပ်ပဲ အများအပြား စုပုံလာပါက လူ့သွေးထဲတွင် ထိုအဆိပ်အတောက်များ ပျံ့နှံ့ကာ ဖော်ပြသကဲ့သို့သော ဆိုးကျိုးများ 
ဖြစ်လာတတ်ပါသည်။ ထို့ကြောင့် သဘာဝ အသီးအရွက်၊ ငါးတို့ကို စားသုံးသင့်ပါသည်။ ဗီတာမင်ဆေး၊ အားဆေး အလုံးအတောင့် လှလှကလေးများကို အလွယ်တကူ မသုံးစွဲသင့်ပါ။ လိုအပ်မှ လိုအပ်သည့် အတိုင်းအတာ ကာလအထိ လိုအပ်သည့် ဆေးကို သုံးစွဲသင့်ပါကြောင်း ရေးသားလိုက်ပါသည်။


ဒေါက်တာမြင့်သန်း
(ညောင်လေးပင်)
Ref: Time 8.5.2000

ရင်သွေးငယ်၏ အနာဂတ်အရေး

ယနေ့ ကလေးသူငယ် လူမမည်ကလေးများသည် နောင်အနာဂတ်အတွက် မျိုးဆက်သစ်များ ဖြစ်ကြပေသည်။ ကလေးသူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်မှ နောင်တခေတ် လူနေမှုစနစ်သည်လည်း ဖွံ့ဖြိုးတိုးတက်လာပေ မည်။ ကလေးသူငယ်တို့၏ အထွေထွေ ဖွံ့ဖြိုးမှုသည် မိဘများ ငယ်စဉ်ကထက် ပိုမိုရန် လိုပေသည်။ သို့မဟုတ်ပါက လူသားမျိုးဆက်၌ ဖွံ့ဖြိုးတိုးတက်လာမည် မဟုတ်ချေ။

ကလေးသူငယ်တို့ဘဝ ဖွံ့ဖြိုးတိုးတက်ရန် မည့်သို့လုပ်မည်နည်း။ ဤမေးခွန်း၏ အဖြေကို ကမ္ဘာအရပ်ရပ်ရှိ သိပ္ပံပညာရှင်များက အကြိမ်ကြိမ် သုတေသနပြုလုပ်ကာ ရှာဖွေခဲ့ကြသည်။ ၄င်း ရှာဖွေတွေ့ရှိချက်များမှ အရေးပါသော အချက်များကို စုစည်းတင်ပြလိုက်ပါသည်။

ယုယစွာ ပြောပြုမူပါ---
ကလေးသူငယ်များသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ၌ပါ အလွန်နုနယ်ပေသည်။ ကလေးအရွယ်တွင် အတွေးမှား၊ အမြင်မှားများ သိမြင်သွားပါက နောင်တချိန် လူကြီးဖြစ်ချိန်အထိ ထိုအတွေးအမြင်များက “ကျွဲကူးရေပါ”သဖွယ် ယှဉ်တွဲပါသွားတတ်သည်။ ထို့ကြောင့် ကလေးသူငယ် များကိုသော်၎င်း၊ ကလေးသူငယ်များ ရှေ့တွင်သော်၎င်း၊ ကြမ်းတမ်းသော အပြုအမူ အပြောအဆိုကို ရှောင်ကြဉ်ရမည်။

ကလေးသူငယ်များသည် ယုယမှုကို အလိုရှိကြသည်။ သူတို့ကို ချစ်ခင်ကြသည်ကို လိုချင်သည်။ ချီးကျူးခံရမှုကို ရယူလိုသည်။ ကလေးတဦးဦး အလုပ်တခု သို့မဟုတ်-ကစားမှုတခု လုပ်နေသည်ကိုတွေ့တိုင်း “ဟာ ကလေးက သိပ်တော်တာပဲ၊ လိမ္မာလိုက်တာ၊ ဒါကြောင့် ချစ်ရတာ” စသည်ဖြင့် ပြောဆိုပေးပါ။

ကစားခြင်းသည် မလွဲမသွေ လိုအပ်--- 
ကလေးတိုင်း ကလေးတိုင်းသည် ကစားမှု ပြုရသည်ကို ပျော်ရွှင်နေတတ်သည်။ အကယ်၍ သင့်ကလေးသည် မကစားဘဲ မှိုင်တွေ ငေးမောနေပါက ချို့ယွင်းချက်တရပ် ရှိနေပြီဖြစ်သည်။ ထိုအခါ နီးစပ်ရာ ကလေးဆရာဝန်ထံ ပြသ၍  အကူအညီတောင်းခံသင့်သည်။ 
ကလေးကစားနေသည်ကို “မကစားနဲ့”ဟု မတားမြစ်သင့်ပေ။ ထို့ပြင်“ဟိုဟာ ကစား၊ ဒါကို မကစားနဲ့”စသည်ဖြင့် ထိန်းချုပ်ကန့်သတ်မှုများ မပြုလုပ်သင့်ချေ။ မသင့်လျော်သော ကစားနည်းကို ကစားနေပါက မကစားသင့်ကြောင်း ကလေးနားလည်နိုင်သည့် အသုံးအနှုန်းဖြင့် ရှင်းပြပေးပါ။ သို့မဟုတ်လျှင်လည်း ကလေး စိတ်ပြောင်းသွားအောင် ညင်သာစွာ ပြုပြင်ဖန်တီးပေးပါ။ ဤနေရာတွင် မိဘ၏ လိမ္မာပါးနပ်မှုသည် အရေးပါပါသည်။


ကလေးကို ဝေဖန်ပြစ်တင်မှု မပြုရ---
ကလေးသူငယ်များသည် စူးစမ်းလိုကြသည်။ အရာရာကို သိလို၊ တတ်လို နားလည်လိုကြသည်။ စူးစမ်း လေ့လာလိုသောစိတ်ကြောင့် သူတို့မလုပ်ဖူးသော-မကြုံဖူးသော အလုပ်တို့ကို လုပ်ကြည့်တတ်ကြ သည်။ ထိုအခါ ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းပြီး အတွေ့အကြုံ မရင့်ကျက်သေးသည့်အတွက် အမှားများကို မှားမိတတ်ကြသည်။ ထိုအခါ ကလေးငယ်ကို ဝေဖန်ပြစ်တင်ခြင်း၊ မာန်မဲခြင်း၊ ဆူပူခြင်းတို့ကို အလွယ်နှင့် ပြုလုပ်မိတော့သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကလေးတို့၏ စူးစမ်း သိမြင်လိုစိတ်၊ တီထွင် လုပ်ကိုင်လိုစိတ်များ ကျဆင်းသွားပြီး နောင်လူကြီးဖြစ်လာချိန်တွင် သူများနောက်လိုက်အဖြစ်သာ နိဋ္ဌိတံသွား တတ်ပေသည်။


ကလေးကို မရိုက်ရ---
ကလေးများ အမှားလုပ်မိလျှင်သော်၎င်း၊ မိမိစိတ် အခန့်မသင့်လျှင်သော်၎င်း၊ ကလေးများကို မိဘများက ရိုက်တတ်ကြသည်။ တချို့မှာ ရိုက်နေရင်းမှာပင် “ကြောက်ပြီလား၊ တိတ်စမ်း မငိုနဲ့၊ တိတ်ဆိုတိတ်” စသည်ဖြင့် မာန်မဲတတ်သည်။ ထိုကလေးသည် ထိုသို့ ပြုမူခြင်း ခံရပြီးသည်မှစ၍ အရာရာကို ကြောက်တတ်သော၊ မလိုအပ်သည်ကို အလွန်အမင်း စိုးရိမ်ပူပန်တတ်သော၊ မကောင်းမှု ကိစ္စများ အပါအဝင် အမှုကိစ္စများ
ပြုလုပ်ရာတွင် လျှို့ဝှက်စွာ ခိုးလုပ်တတ်သော အကျင့်များ စွဲသွားတတ်သည်။ ထိုအကျင့်များသည် လူကြီးဘဝ ရောက်သည်အထိ ဖျောက်ဖျက်၍ မရနိုင်လောက်အောင် စွဲမြဲသွားတတ်သည်။
ထို့ကြောင့် ကလေးငယ်ကို မရိုက်သင့်ပေ။


ကလေးကို မခြောက်လှန့်ရ---
တချို့က ရှိသေးသည် “သရဲကြီး လာနေပြီ” “ဒေဝေါကြီး လာနေပြီ” “ကုလားကြီး လာနေပြီ၊ ကုလားကြီးရေ သည်ကလေးကို လာဖမ်းသွားပါ” စသည်ဖြင့် အဓိပ္ပါယ်မဲ့ ခြောက်လှန့်တတ်သည်။ ဤသည်မှာလည်း လူကြီးများ ရှောင်သင့်သော အပြုအမူဖြစ်သည်။ သင် ထိုသို့ ပြုမူခြင်းဖြင့် သင့်ကလေးသည် အလွန်အမင်း ကြောက်တတ်ခြင်း၊ လူကြီး၏ စကားအပေါ် ယုံမှားသံသယရှိလာခြင်း၊ လူကြီးများသည် လိမ်ပြောတတ်သည်ဟု ထင်လာခြင်း၊ နောင်အခါ လူကြီးများကို အတုယူကာ လိမ်ပြောတတ်လာ 
ခြင်းများ ဖြစ်လာတတ်သည်။ သင့်ကလေး ထိုသို့ မဖြစ်စေချင်ပါက ကလေးကို မခြောက်လှန့်ပါနဲ့။ 


ကလေးများထံမှ အကူအညီတောင်းပါ---
ကလေးများကို သင့်လျော်သော အလုပ်ကို လုပ်ခိုင်းနိုင်ပါသည်။ သို့သော် အတင်းအကျပ် မခိုင်းပါနဲ့။ “အမှိုက်တွေက ရှုပ်နေတာပဲကွယ်၊ အမေလဲ မလှည်းနိုင်တော့ဘူး၊ သားလေး အမေ့ကို ကူညီတဲ့အနေနဲ့ တံမြက်စည်း လှည်းပေးနော်” စသည်ဖြင့် ညင်သာစွာပြောပါ။ ထိုသို့ ပြောသည့်တိုင် အလုပ် ကူမလုပ်သေးပါက ထိုအလုပ်၏ အရေးပါပုံကို ရှင်းပြပြီး နားလည်အောင် ပြောဆိုပါ။ ကူညီလုပ်ဆောင်မှုပြီးပါက “သားက သိပ်လိမ္မာတာပဲ၊ နောက်လဲ မေမေ့ကို ကူဦးနော်” စသည်ဖြင့် ချီးကျူးပါ။ ပွေ့ဖက် နမ်းရှုပ်ကာ ယုယခင်မင်မှုကို ပြသပါ။ ဤသို့ဖြင့် ကလေးများ အလုပ်တွင် စိတ်ပါဝင်စားအောင် ပြုလုပ်နိုင်ပါသည်။


ကလေးများအတွက် စံပြဖြစ်ပါစေ---
ကလေးသူငယ်များသည် အတုမြင်ခြင်း၊ အတတ်သင်တတ်ကြသည်။ သို့ဖြစ်၍ ကလေးများရှေ့တွင် ပြောဆိုပြုမူရာတွင် အထူးသတိပြုပါ။ ကလေးရှေ့တွင် ဆဲဆို၍ ကြမ်းတမ်းစွာ ပြောဆိုပါက ကလေးငယ်သည်လည်း ထိုသို့ပင် ကြမ်းတမ်းစွာ ပြုမူပြောဆိုပေလိမ့်မည်။ ထို့ကြောင့် ကလေးရှေ့တွင် လူကြီးကိုယ်တိုင်က စံပြ နမူနာဖြစ်အောင် ယဉ်ကျေးစွာ နေပေးပါ။ သို့မှသာ ကလေးများသည် ယဉ်ကျေးပျူငှာစွာ နေထိုင်တတ်လာပေမည်။


အတင်းအကျပ် ပညာသင်ပေးမှုကို မပြုပါနဲ့---
အခြားအရေးကြီးသော အချက်တချက်မှာ ကလေးသူငယ်များကို ပညာသင်ကြားရေးကိစ္စပင် ဖြစ်သည်။ တချို့သော မိဘများသည် သားသမီးတို့အပေါ် ထားရှိသော မေတ္တာဓာတ် ကြီးမားကာ ငယ်ရွယ်စဉ် အသက်တနှစ်၊ နှစ်နှစ်ခန့်ကပင် ပညာသင်ကြားပေးကြသည်။ မူကြိုပို့တတ်ကြသည်။ တဖန် အသက် ငါးနှစ်မပြည့်မီကပင် မူလတန်းပညာကို သင်ယူစေတတ်ကြပြန်သည်။ ကျောင်းတွင် သင်ရုံမျှမက ကျူရှင်အဖြစ် ထပ်မံသင်ကြားမှုကိုပင် ပံ့ပိုးပေးတတ်ကြသည်။ ထိုသို့ စာကို အပြင်းအထန် ဖိအားပေး သင်ကြားပေးခြင်းသည် ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများကို ထိခိုက်စေသည်။ 


ထိုသို့ ပညာရေးတွင် အပြင်းအထန် လိုသည်ထက် ပို၍ ဖိအားပေး သင်ယူစေခြင်း ခံရသော ကလေးငယ်များသည် သာမန်ကလေးငယ်များထက် ပို၍ စာသင်ရသည်ကို စိတ်ပါဝင်စားမှု မရှိခြင်း၊ စာမတော်ဘဲရှိခြင်း၊ စသည်တို့ဖြစ်ရန် အလားအလာများစွာ ပိုလာပေသည်။ ထို့ကြောင့် ကလေးငယ်၏ အရွယ်နှင့် သင့်ရုံတန်ရုံမျှသာ ပညာသင်ကြားပေးရန် လိုပေသည်။


ကျန်းမာရေးကို စဉ်ဆက်မပြတ် စောင့်ကြည့်ပေးပါ---
ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေကိုလည်း လူကြီးမိဘများအနေဖြင့် မျက်ခြည်မပြတ် လေ့လာနေသင့်သည်။ ငယ်ရွယ်စဉ် အသက်ခြောက်လ အထိတွင် မိခင်နို့ရည်ကိုသာ တိုက်ကျွေးရမည်။ ခေတ်ပေါ် အာဟာရဓာတ်များ ဖြည့်စွက်ထားသည်ဆိုသော မည်သည့် အကောင်းစား နို့မှုန့်၊ နို့ဘူးကမှ မိခင်နို့ရည်ကို မမီပါ။ အသက် ခြောက်လမှ ၁၈-လအတွင်းတွင်မူ မိခင်နို့နှင့်အတူ တွဲဖက်အစာများကို တနေ့ လေးကြိမ် ကျွေးပေးရမည်။
တွဲဖက်ကျွေးသော အစာများသည် သန့်ရှင်းပြီး အာဟာရဓာတ်ပြည့်ဝကာ ကြေလွယ်သော အစာဖြစ်ရန် လိုပေသည်။


ပိုလီယိုကာကွယ်ဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေး၊ ဆုံဆို့နာ ကာကွယ်ဆေး စသော ကာကွယ်ဆေးများကိုလည်း နီးစပ်ရာဒေသန္တရ ကျန်းမာရေးဌာနများတွင် ထိုးနှံတိုက်ကျွေးကြရန်လည်း လိုပေသည်။
ထိုသို့ ပြုလုပ်ဂရုစိုက်နေပါလျက် ကလေး၏ ဖွံ့ဖြိုးမှုသည် နှေးကွေးနေပါက ကလေးငယ်တွင် တစုံတခုချို့ယွင်း နေပြီဖြစ်သည်။


အသက်အရွယ်အလိုက် ကလေးငယ်၏ ဖွံ့ဖြိုးကြီးထွားမှုမှာ 
ကလေးအသက် သုံးလတွင်---
- အလင်းရောင်နှင့် တောက်ပသော အရောင်များဘက်သို့ ခေါင်းလှည့်တတ်ရမည်။
- ကျယ်လောင်သော အသံလာရာသို့ ကြည့်တတ်ရမည်။
- လက်နှစ်ဖက်လုံး လက်သီးဆုပ်တတ်ရမည်။
- လက်ရောခြေပါ လှုပ်ရှား ရုန်းကန်တတ်ရမည်။
- ပြုံးပြတတ်ရမည်။
- ဝူးဝူးဝါးဝါး စသည်ဖြင့် မပီသသေးသော အော်သံကို ပြုတတ်ရမည်။


ကလေးအသက် တနှစ်တွင်---
- အမှီမပါဘဲ ထိုင်နိုင်ရမည်။
- လေးဘက် တွားသွားနိုင်ရမည်။
- အမှီကိုကိုင်ပြီး မတ်တတ်ရပ်နိုင်ရမည်။
- လက်မ လက်ညှိုးတို့ဖြင့် ညှပ်ပြီး ပစ္စည်းတခုခုကို ကောက်ယူနိုင်ရမည်။
- လွယ်ကူ ရှင်းလင်းသော ညွှန်ကြားချက်ကို လိုက်နာနိုင်ရမည်။
- ချစ်ခင် တွယ်တာတတ်ရမည်။
- စကား တလုံးစ နှစ်လုံး စ ပြောတတ်ရမည်။

ကလေးအသက် နှစ်နှစ်တွင်---
- စကား နှစ်လုံး သုံးလုံး ပြည့်စုံသော ဝါကျများ ပြောတတ်ရမည်။
- တွေ့နေကျ အရာဝတ္ထုများကို မှတ်မိရမည်။
- လမ်းလျှောက်ရင်း ပစ္စည်းတခုခုကို သယ်ယူနိုင်ရမည်။
- သူများပြောသော စကားကို လိုက်ပြောတတ်ရမည်။
- ကိုယ်တိုင် ကိုယ်တွယ် စားသောက်နိုင်ရမည်။
- ဆံပင်၊ နားရွက်၊ နှာခေါင်း စသည်တို့ကို ညွှန်ပြတတ်ရမည်။

ကလေးအသက် လေးနှစ်တွင်---
-ခြေတပေါင်ကျိုး ရပ်တတ်ရမည်။
- အခြားသူများနှင့် အတူ လွယ်ကူသော ကစားနည်းများကို ကစားတတ်ရမည်။
- မေးခွန်းများ မေးတတ်ရမည်။
- လွယ်ကူရှင်းလင်းသော မေးခွန်းများကိုလည်း ဖြေတတ်ရမည်။
- ခံစားမှုများကိုလည်း ဖော်ပြတတ်ရမည်။
- အကူအညီ မလိုဘဲ ကိုယ်တိုင် ခြေလက်ဆေးတတ်ရမည်။
- အခြေခံ အရောင် ခြောက်မျိုးကို ခွဲခြား ညွှန်ပြတတ်ရမည်။

ကလေးအသက် ငါးနှစ်အရွယ်တွင်---
- ရှင်းလင်းပြတ်သားစွာ စကားပြောနိုင်ရမည်။
- အကူအညီမလိုဘဲ ကိုယ်တိုင် ဝတ်စားဆင်ယင်နိုင်ရမည်။
- စက်ဝိုင်း၊ လေးထောင့်ပုံ၊ စတုဂံ၊ တြိဂံများကို ကူးဆွဲတတ်ရမည်။
- အရာဝတ္ထုများကို ၅-ခု၊ ၁၀-ခု၊ စသည်ဖြင့် ရေတွက်တတ်ရမည်။

သင့်ကလေးငယ်သည် သက်ဆိုင်သော အသက်အပိုင်းအခြား ရောက်သည့်တိုင် ဖော်ပြထားသည့် ဖွံ့ဖြိုးမှုများကို ပြသခြင်း မရှိလျှင် ကလေးငယ်ကို ပိုမိုဂရုစိုက်ရန် လိုပေသည်။ ချို့ယွင်းချက်ကို ပြင်ဆင်ပြီး စိတ်ရော ကိုယ်ပါ ဖွံ့ဖြိုးတိုးတက်ရန် အစဉ်ဂရုတစိုက်စောင့်ကြည့်သင့်ပေသည်။

ဖော်ပြပါ အချက်များကို အပြည့်အဝ လိုက်နာခြင်းဖြင့် သင့်ရင်သွေး၏ အနာဂတ်အရေးကို သင်ကိုယ်တိုင် စိတ်ကြိုက် ဖန်တီးနိုင်ပါကြောင်း တင်ပြလိုက်ရပေသည်။

မြတ်ထွဋ်ညွန့် (ဆေး-၂)
Ref: (1) ဝြတွက်တာ သိမှတ်စရာ (UNICEF 1999-မေ)
(2) ကမ္ဘာ့ကလေးငယ်များ အခြေအနေ (UNICEF 1998)
(3) The state of world child (UNICEF 1992) 

Tuesday, November 22, 2011

နို့စို့ ကလေးငယ် နို့ပြန်ပြီး အန်သော်

လေးငါးလ အရွယ် နို့စို့ကလေးငယ်များ နို့ပြန်ပြီး အန်ခြင်းသည် မိခင်၏ နို့ရည် မသန့်သောကြောင့် ဖြစ်ပါသည်။
ထိုသို့ နို့စို့ကလေးမှ နို့ပြန်ပြီး အန်သော် မိခင်ဖြစ်သူမှ အရွယ်သင့်သော “ထန်းလျက်ခဲ ၂-လုံးကို မီးဖိုချောင်သုံး ရိုးရိုးဆားနှင့် တို့ပြီး စားပေးပါ။ ယင်းကဲ့သို့စားပြီး နာရီဝက်ခန့်ကြာမှ ကလေးကို နို့တိုက်ပါ။
ကလေးသည် နို့အန်ခြင်း ရပ်သွားပြီး ကျန်းမာသွားပါလိမ့်မည်။

နတ်မောက် လှမြင့်သစ်

လက်ကိုက် ဝေဒနာအတွက် ဆေးတလက်

လက်ကိုက်, ဇက်နာ, နောက်ကြောတက်, လက်ပြင်ငုပ်, ဦးခေါင်းလှည့် မကောင်း, လက်မောင်း-လက်ဖျံ-တတောင်ဆစ်-လက်ချောင်း မနေနိုင်အောင် ကိုက်ခဲခြင်းအတွက် ဆေးနည်းမှာ---
ရေသန့် (၁)လီတာ ဘူးခွံ သန့်သန့်တွင် ရှောက်သီးတလုံးကို အရည်ညှစ်ပြီး ထည့်ပါ။
ဆန်ဆေးရည် ဒုတိယအရည် (ပထမအရည်မှာ ညစ်ပတ်နိုင်သဖြင့်) ကို
ရှောက်ရည်ထည့်ထားသော ရေသန့်ဘူးထဲသို့ အပြည့် ထည့်လိုက်ပါ။
ဆားသင့်ရုံထည့်ပြီး တနေ့လျှင် တဘူး-သောက်သုံးရန် ဖြစ်ပါသည်။ 

ဆေးသောက်သည့်နေ့မှစ၍ ဆီး-ဝမ်း-လေ မှန်ပြီး ပေါ့ပါး သွက်လက်လာသည်ကို သတိပြုမိပါသည်။

သတိထားရမည့် အချက်မှာ---
အအေးမိခြင်း၊ ဝမ်းချုပ်ခြင်း မဖြစ်အောင် အထူးဂရုစိုက်ရပါမည်။ 


ကိုယဉ်ချစ်(မန္တလေး)

သက်ရှည် ကျန်းမာ-ပန်းတရာ, အသီးတရာ, အမြစ်တရာ

အသက်ရှည် ကျန်းမာစေရန်အတွက် 
ပန်းပေါင်းတရာ၊ အသီးပေါင်းတရာ၊ အမြစ်ပေါင်းတရာ ဖော်စပ် စားပါ။

ပန်းပေါင်းတရာမှာ--ပျားရည်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ပျားကောင်သည် ပန်းပေါင်းစုံ၏ ဝတ်ရည်ကို စုပ်ပြီး ပျားရည်ဖြစ်လာခြင်းကြောင့် ဖြစ်ပါသည်။

အသီးပေါင်းတရာမှာ--မျောက်၏ အူ (သို့မဟုတ်) အစာအိမ် ဖြစ်ပါသည်။ 
မျောက်တွင်လည်း မျောက်ညိုက ပို၍ ကောင်းသည်ဟု ဆိုသည်။
မျောက်က အသီးပေါင်းများစွာ စားခြင်းကြောင့် ဖြစ်ပါသည်။

အမြစ်ပေါင်းတရာမှာ--ဖြူကောင်၏ အစာအိမ် ဖြစ်ပါသည်။ 
ဖြူသည်လည်း ဥ,အမြစ် ပေါင်းစုံကို စားခြင်းကြောင့် ဖြစ်သည်။

ဆေးဖော်စပ်ပုံ---
မျောက်ကောင်၏ အူနှင့် အစာအိမ်ကို အထဲမှ အညစ်အကြေးများ သန့်စင်အောင်ဆေးကြော၍ နေ (သို့) မီးဖြင့် အခြောက်လှန်း/ကင် ပေးရမည်။ 
ထို့အတူ ဖြူကောင် အစာအိမ်ကိုလည်း အခြောက်လှန်းပေးရမည်။  အစာအိမ်အတွင်းရှိ အစာများ ဆေးကြော ပေးရန်မလိုပါ။ ဒီအတိုင်း အခြောက်ထားရန် ဖြစ်သည်။
မျောက်နှင့်ဖြူ အစာအိမ်များ ခြောက်သွေ့လျှင် နုပ်နုပ်စဉ်း၍ အမှုန့်ပြုရမည်။ ရလာသည့် အမှုန့်များကို ပျားရည်ဖြင့် စိမ်၍ ထားရမည်။ အချို့က အမှုန့်ကို လက်သန်းခန့် အလုံးကလေးများ ပြုလုပ်ပြီး နေပူလှန်းသည်။

မှီဝဲ အသုံးပြုပုံ---
ပျားရည်စိမ်ထားသည့် ဆေးကို ည-နံနက် အိပ်ရာဝင်-အိပ်ရာထ လက်ဖက်ရည်ဇွန်းဖြင့် နှစ်ဇွန်းမှ သုံးဇွန်းစီ၊ အလုံးပြုထားသည့် ဆေးကို ည-နံနက် နှစ်လုံးမှ သုံးလုံးစီ စားသုံးပေးရမည်။

အကျိုးအာနိသင်---
အမူအမော် အကိုက်အခဲ ပျောက်သည်။ ချည့်နဲ့ ညှိုးနွမ်းမှုကို သက်သာပျောက်ကင်းသည်။ ခြင်ဆီနှင့် သွေးကို အားပေးစေသည်။ အခြား အာရောဂါများ ကျရောက်ဖြစ်ပွားမှုကို ကာကွယ်သည်။ ကိုယ်စိတ်နှစ်ပါး လန်းဆန်း၍ အားအင်ပြည့်ဖြိုး အသက်ရှည် ကျန်းမာစေသည်-ဟု ဆိုသည်။

စာကြည့်တိုက် ခင်မောင်
ပြန်ကြားရေး-ကန်ပက်လက်

ခန္ဓာကိုယ်နံ့ မကောင်းခဲ့သော်

မိမိရဲ့ ခန္ဓာကိုယ်နံ့ မကောင်းခဲ့သော် 
ကင်ပွန်းချဉ်ရွက် လက်တဆုပ်လောက်ကို ထန်းလျက်နဲ့ သုံးခွက်တခွက်တင် ကျိုပြီး 
မနက်-နေ့-ည လက်ဖက်ရည်ပန်းကန် တလုံးစီ ၇-ရက်တပတ် သောက်ပါ။ 
ခန္ဓာကိုယ် မကောင်းနံ့ ပျောက်၏။ 

အောင်သီဟ

လေဖြတ်သလား လက်ပံခါး

လေဖြတ်ခဲ့သော်---
လက်ပံခါး လက်ကောက်ဝတ်ခန့် အတုံးများကို အရှည် ၅-လက်မခန့် ဖြတ်ပြီး ထန်းချက် အခဲ ၂၀-ထည့်ပြီး ရေချိုးခွက်နဲ့ ရေ ၃-ခွက် ထည့်၍ တခွက်ကျန်အောင် ကျိုချက်ပါ။
ပြီးလျှင် ပျားရည်ရှိလျှင် ပျားရည်နဲ့ နံနက်တကြိမ်၊ ညတကြိမ် အကြမ်းပန်းကန် တလုံးကျ သောက်ပါ။
ပျားရည်မရှိလျှင် ဒီအတိုင်း သောက်ပါ။ 
လက်ပံခါးပြုတ်ရည် နံနက်-ည သောက်၍ ၂-ရက်ပြည့်သောအခါ ဝမ်းပျော့ပျော့ တနေ့ ၃-ကြိမ် တခါတရံ ၄-ကြိမ် သွားပါမည်၊ စိုးရိမ်စရာ မရှိပါ၊ မှန်မှန်ဆက်သောက်ပါ။

လက်ပံခါး အကိုင်းအခက်များကို ဓားဖြင့် နုပ်နုပ်စဉ်း၍ အခြောက်လှန်း၊ သံဆုံဖြင့် အမှုန့်ထောင်း၍ ဆန်ခါချထားပါ။ ပြီး လက်ပံခါးအမှုန့် အကြမ်းပန်းကန် တလုံးနှင့် ပျားရည် အကြမ်းပန်းကန် ၃-လုံး ရောစပ်၍ တေပြီး အဝကျယ်သော ဖန်ပုလင်းတွင်ထည့်၍ လေလုံအောင် ပိတ်ထားပြီး  တပတ်ပြည့်သောအခါ ဆေးမှာ ပွ၍ ပွားလာပြီး ပျစ်နေပါမည်။ 
ထိုအခါ ပျားရည် တပန်းကန် ထပ်မံရော၍ သမအောင် မွှေပေးပြီး လက်ဖက်စားဇွန်းဖြင့် နံနက်-ည တနေ့ ၂-ကြိမ်ကျ မှန်မှန်သောက်ပါ။ 


ဦးကျော်ဒင်

မော်လူး
(ကောက်နှုတ်ဖော်ပြသည်)

မီးယပ်သွေးသွန် သွေးလွန်နာ ကုထုံး

ဟိုပင်မြို့ တိုင်းရင်းဆေးခန်းမှူး ဒေါ်ခင်ဝိုင်းရည်-(တဆ-၀၉၁၆) ပြောပြသည့် 
မီးယပ်သွေးသွန် သွေးလွန်နာ ကုထုံး

အမျိုးသမီးတွေဟာ များသောအားဖြင့် ခန္ဓာကိုယ် ဖွံ့ဖြိုးပြီး သွေးသားကောင်းမယ်ဆိုရင် အသက် ၁၂-နှစ်လောက်ကစပြီး မီးယပ်သွေး စ,ပေါ်လေ့ရှိပါတယ်။ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုလဲ နည်းမယ်၊ သွေးအားနည်းပြီး ပိန်ပါးကြုံလှီသူ ဖြစ်ရင်တော့ (၁၄)နှစ်၊ (၁၅)နှစ်လောက်ကျမှပဲ စပြီး သွေးပေါ်တတ်ပါတယ်။

အသက် ၄၅-ကနေ အသက် ၅၅-နှစ်အတွင်းမှာ သွေး လစဉ်ပေါ်မှု ရပ်တန့်ပြီး သွေးဆုံးလေ့ရှိပါတယ်။ ကိုယ်ဝန်မဆောင်ရတဲ့ အမျိုးသမီးတွေမှာ သွေးဆုံးတာ စောတတ်ပါတယ်။ ကိုယ်ဝန်နှုတ်ငုံ ဆောင်လွယ် ထားချိန်နဲ့ ကလေးငယ်တဲ့အချိန်ကလွဲပြီး လစဉ်မှန်မှန်ပေါ်တဲ့ သွေးဟာ သုံးရက်ကနေ ငါးရက်အထိ ကြာနိုင်ပါ တယ်။ တချို့ကျတော့ ခုနစ်ရက်လောက်အထိ ကြာတာလဲ ရှိပါတယ်။ တလတကြိမ် သွေးပေါ်တယ်ဆိုပေမယ့်
နှစ်ဆယ့်ရှစ်ရက် ပတ်ဝန်းကျင်လောက်မှာ တကြိမ် ပေါ်တတ်ပါတယ်။


သွေးသွန် သွေးလွန်ခြင်း---
အမျိုးသမီးတွေ သွေးပေါ်ရက်မှာ ထဘီတထည်ပြီး တထည် လဲနေရလောက်အောင် ရေသွန်သလို တရစပ် သွေးဆင်းတာမျိုး၊ အမှတ်မထင် ကြောက်စရာ ကောင်းလောက်အောင် အမြောက်အမြား ကျဆင်းတာမျိုး။ တချို့ကျတော့လဲ သွေးဆင်းရမယ့် ကြာရှည်ရမယ့်ရက်ထက် ကျော်လွန်ပြီး ရပ်သင့်တဲ့ အချိန်မှာ မရပ်ဘူး၊ ဆယ်ရက်၊ ဆယ့်ငါးရက်၊ တလလောက် အထိ နေ့စဉ် သွေးဆင်းနေတာမျိုး၊ ဒီလို အဖြစ်မျိုးတွေကို သွေးသွန်နာ၊ သွေးလွန်နာ လို့ ခေါ်ပါတယ်။


အကြောင်းရင်း---
ဒီလိုဆင်းရမယ့် အတိုင်းအတာ၊ ဆင်းရမယ့် ရက်ထက် ပိုလွန်ပြီး သွေးဆင်းရတဲ့ အကြောင်းတွေက-
၁။ အနေအထိုင် မဆင်ခြင်ခြင်း
၂။ ဝမ်းဗိုက်ကို တစုံတရာနဲ့ ထိခိုက်မိခြင်း
၃။ သွေးဆင်းစေတတ်တဲ့ ဆေးဝါး၊ အစားအစာတွေ လွန်ကဲစွာ စားမိခြင်း
၎။ ယခင်လက ကျန်ခဲ့တဲ့ မပေါ်ခဲ့တဲ့ သွေးတွေ အောင်းနေ ကျန်နေပြီး သွေးဟောင်းများ ရောနှော ကျဆင်းခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။


ဆေးချက်---
ဒီလို သွေးလွန်နေမယ်ဆိုရင်-
၁။ ကန်စွန်းရွက် တဆယ်ကျပ်သားကို ရေ-နှစ်ဆယ့်ငါးကျပ်သားနဲ့ ပြုတ်၊ ရေ သုံးပုံတပုံ ကျန်တဲ့အခါ သကြားချိုချို ရောပြီး သောက်ပါ။
* ဒီရက်တွေမှာ ကန်စွန်းရွက်ကို နိုင်သလောက် စားပေးပါ။ ကြော်စား၊ သုပ်စား၊ တို့စားပေးပါ။
* ဆီးဖြူသီးအစို ဖြစ်စေ၊ အခြောက်ဖြစ်စေ များများစားပေးပါ။
ဆီးဖြူသီးသနပ် လုပ်စားပါ၊ သား-ငါး တမျိုးမျိုးနှင့် ရောချက်စားပေးပါ။
ငါးနဲ့ ရောချက်မယ်ဆိုရင် ငါးမြွေထိုး ဖြစ်စေ၊ ငါးရှည့်ဖြစ်စေ ဆီးဖြူသီးနဲ့ ချက်ပြီး စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။


၂။ ဆီးဖြူသီးအရည် တဆ၊ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၁၆) အပူငြိမ်းသွေးဆေး နှစ်ဆရောပြီး အကြမ်း(ရေနွေးကြမ်း) ပန်းကန် တလုံးလောက် တနေ့ သုံးကြိမ် သောက်ပါ။
သကြားနည်းနည်း ရောပေးနိုင်ရင် ကောင်းပါတယ်။ ဆီးဖြူသီးစိမ်း မရရင် ဆီးဖြူသီးခြောက်အမှုန့် သုံးပုံတပုံ ရောစပ် သောက်နိုင်ပါတယ်။
(ဒါမှမဟုတ်) ဆီးဖြူသီးအရည်အစား မုရားကြီးရွက် ပြုတ်ရည်ကို အစားထိုး သုံးနိုင်ပါတယ်။


ရှောင်ရန် အစာ---
* ပူစပ်သော ဆေးဝါး၊ အစာများ ရှောင်ပါ.
* သွေးသက်စေတတ်တဲ့ ဆေးဝါး၊ အစာ ရှောင်ပါ။
(ကျန်းမာရေး ဝန်ထမ်းများနဲ့ တိုင်ပင်ရပါမယ်)
* လှုပ်ရှားသွားလာခြင်း၊ ကုန်းခြင်း၊ ကွခြင်း၊ ကိုယ်ဟန် အနေအထားများ ရှောင်ပါ။


လိုက်နာရန်---
* အိပ်ရာထက်တွင် ငြိမ်သက်စွာ နားနေပါ။
* ကန်စွန်းဥ သရေစာ စားပါ။


သွေးတန့်စေသည့် ကန်စွန်းဥ---
ကန်စွန်းဥ ၂၅-ကျပ်သား
ထောပတ် ၁၀-ကျပ်သား
သကြား ၅-ကျပ်သား 
ကန်စွန်းဥကို ပြုတ်ပြီး အခွံနွှာ၊ ထောင်းပါ၊ ထောပတ်ကို ကျက်အောင် ချက်ပြီး သကြား၊ ကန်စွန်းဥထောင်းများ ထည့်မွှေလျှင် ကန်စွန်းဥယို ရပါတယ်။
သွေးဆင်းတာ ရပ်ဖို့အတွက် ကန်စွန်းဥယို ဟင်းသောက်ဇွန်း တဇွန်းနှုန်း၊ နံနက်-ည နှစ်ကြိမ် လျက်ပေး-စားပေးရင် ဓမ္မတာ သွေးလွန်တာ ကောင်းသွားမှာပါ။


ရှမ်းပြည်နယ်ဘက်မှာ မဲဒီးဒုတ်ပင်တွေ ရှိတတ်တယ်။ အဲဒီအရွက် ကျကျပြုတ်ပြီး
သောက်ပေးရင်လဲ သွေးရပ်ပါတယ်။


သွေးထိန်းဆေး သီးသန့်ဖော်စားချင်ရင်တော့-
၁။ ကံ့ကော်ဝတ်ဆံ
၂။ ကြာဝတ်ဆံ
၃။ ထိမ်ပွင့်
ပေါင်း သုံးမျိုး ဆတူအမှုန့်ပြု ရောစပ်ပါ။ သွေးဆင်းများနေရင် ဟင်းသောက်ဇွန်း တဇွန်းစာလောက် သကြား ဆတူ ရောသောက်ပါ။ တနေ့ နှစ်ကြိမ် သောက်ပါ။ မုရားကြီးရွက်ပြုတ်ရည်နဲ့ သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ 
သကြား မထည့်ချင်ဘူးဆိုရင် သကြားအစား ပျားရည် ကော်ဖီဇွန်း နှစ်ဇွန်းလောက် ရောနိုင်ပါတယ်။
ဖော်ပြခဲ့တဲ့ သွေးထိန်းဆေးအတွက် ဆေးအမည် ရှာရခက်ရင် ဟောဒီသွေးထိန်းဆေးကိုလဲ ခုနက အညွှန်းအတိုင်း ဖော်သောက်လို့ ရပါတယ်။


၁။ မုရားကြီးရွက်နု အခြောက် ၅-ကျပ်သား
၂။ နွယ်ချို ၅-ကျပ်သား
၃။ ဒန္တကူးနီ ၅-ကျပ်သား
၎။ ဆီးဖြူသီးခြောက် ၅-ကျပ်သား
၅။ ဖန်ခါးသီးခြောက် ၅-ကျပ်သား
၆။ သစ်ဆိမ့်သီးခွံ ၅-ကျပ်သား
၇။ ဆားလှော် ၃-ကျပ်သား
ရေနွေးနဲ့ သောက်ပါ။ သူ့ကျတော့ တနေ့ သုံးကြိမ်လောက် သောက်သင့်ပါတယ်။ အမျိုးသမီးများ သွေးသွန်ခြင်း၊ လွန်ခြင်းဒဏ်မှ လွတ်မြောက်နိုင်ကြပါစေ။


ခွန်စိုင်းဝမ်း

မောသလား ရဲယိုသီးစား

ရဲယိုသီး အမှည့် (၁၀)လုံးကို ဆန်ခါကုန်းထဲထည့်ပြီး အောက်က လင်ပန်းခံထားကာ အနှစ်ကို တိုက်ယူရပါမယ်။ 
ပြီးရင် ရဲယိုသီးအနှစ်ကို ဖန်ပုလင်းထဲမှာ ထည့်ပါ။
အဲဒီနောက် ထန်းဖို ထန်းလျက်ခဲက (၁၀)ကျပ်သား ထည့်ပါ။
ပြီးရင် ၄င်းနှစ်မျိုးစလုံး ဖန်ပုလင်း လုံအောင်ပိတ်၍ နေလှန်းရပါမယ်။
၎င်းဆေးကို မှီဝဲပါက သွေးဆုံးကိုင်၊ ဒူလာကိုင်၊ အမောရောဂါ ကင်းစင်ကြောင်း ကိုယ်တွေ့သိရပါသဖြင့် 
တင်ပြအပ်ပါသည်။

ထွန်းလှိုင်(မြနန္ဒာ)

ရွတ်ပွား သရဇ္ဈာယ်ခြင်း

(ဘုရားဂုဏ်တော် ကိုးပါး)
ဣတိပိ သော ဘဂဝါ 
၁။ အရဟံ 
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ဝိဇ္ဇာစရဏ သမ္ပန္နော
၎။ သုဂတော
၅။ လောကဝိဒူ
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ

၇။ သတ္ထာ ဒေဝမနုဿာနံ
၈။ ဗုဒ္ဓေါ 
၉။ ဘဂဝါ။


ဧဝံ နဝဟိ ဂုဏေဟိ၊ လောကမှိ ကိတ္တိဗျာပိတံ။
အတုလံ ဓမ္မရာဇာနံ၊ ဝန္ဒာမိ တီဟိ သာဒရံ။


အနက်။ 
ဧဝံ နဝဟိ ဂုဏေဟိ-ဤအရဟတာ, အစလာသည့်, ကိုးဖြာသောဂုဏ်တော်တို့ဖြင့်၊
လောကမှိ-ဘဝဂ်ဆုံးအောင်, ဘုံသုံးဆောင်၌၊
ကိတ္တိဗျာပိတံ-သိမ့်သိမ်တုန်ခတ်, ပဲ့တင်ထပ်မျှ, နှံ့စပ် ကျော်စောတော်မူထသော၊
အတုလံ-သီလခေါင်ထိ, သမာဓိနှင့်, ကြီးဘိပညာ, လွန်ကဲသာ၍, ပြိုင်လာနှိုင်းသူ, အတူလည်း ရှိတော်မမူထသော၊
ဓမ္မရာဇာနံ-သုံးဘုံမကိုဋ်, သုံးတိုက်သရဖူ, သုံးလူသင်းကျစ်, ဓမ္မရာဇ်ထွတ်ထား, ရှင်တော်မြတ်ဘုရားကို၊
တီဟိ-လက်အုပ်အဉ္ဇလီ, နှုတ်သံချီလျက်, ရွှင်ကြည်မနော, သုံးပါးသော ဒွါရတို့ဖြင့်၊
သာဒရံ-လေးမြတ်ကြည်ညို, ရိုသေခြင်းရှိသည်ဖြစ်၍၊
ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာညွတ်ကျိုး, လက်အုပ်မိုး၍, ရှိခိုးကန်တော့ပါ၏, အရှင်ဘုရား။
( အများဖြစ်လျှင် “ဝန္ဒာမ” ဟု ပြင်၍ “ရှိခိုးကန်တော့ပါကုန်၏ အရှင်ဘုရား” ဟု အနက်ပြန်ပါ။ 


(တရားဂုဏ်တော် ခြောက်ပါး)
၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော
၂။ သန္ဒိဋ္ဌိကော
၃။ အကာလိကော
၎။ ဧဟိပဿိကော
၅။ သြပနေယျိကော
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။


ဣစ္စေဝံ ဆဟိ ဂုဏေဟိ၊ ပါကဋံ ဇိနပူဇိတံ။
သမ္ပတ္တိဒါယကံ ဓမ္မံ၊ ဝန္ဒာမိ တီဟိ သာဒရံ။


အနက်။ 
ဣစ္စေဝံ ဆဟိ ဂုဏေဟိ-ဤသွာက္ခာတတာ, အစလာသည့်, ခြောက်ဖြာသော ဂုဏ်တော်တို့ဖြင့်၊
ပါကဋံ-တိတ္ထိတို့ဘောင်, လွန်မြားမြောင်သည့်, ဟန်ဆောင်တရား, အစားစားထက်, မားမားစွင့်စွင့်, ဂုစ်ရည်တင့်၍, ကြီးမြင့်ထင်ရှားပေထသော၊
ဇိနပူဇိတံ-ကိုယ်တိုင်သိငြား, ကိုယ့်တရားလည်း, ငါးပါးမာရ်နှိမ်, မာရဇိန်ပင်, ကြိမ်ကြိမ်လေးမြတ်, မှီဝဲပူဇော် အပ်ထသော၊
သမ္ပတ္တိဒါယကံ-ကျင့်ကြံလိုက်နာ, ဝေနေယျာအား, လူ့ရွာနတ်ထံ, နိဗ္ဗာန်အထိ, သမ္ပတ္တိကို, မိမိရရ, ပေးစွမ်းနိုင်ပေထသော၊
ဓမ္မံ-မဂ်ဖိုလ်နိဗ္ဗာန်, ဓမ္မက္ခန်ဟု, ဆယ်တန်သော တရားတော်မြတ်ကို၊
တီဟိ-လက်အုပ်အဉ္ဇလီ, နှုတ်သံချီလျက်, ရွှင်ကြည်မနော, သုံးပါးသော ဒွါရတို့ဖြင့်၊
သာဒရံ-လေးမြတ်ကြည်ညို, ရိုသေခြင်းရှိသည်ဖြစ်၍၊
ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာညွတ်ကျိုး, လက်အုပ်မိုး၍, ရှိခိုးကန်တော့ပါ၏, အရှင်ဘုရား။
( အများဖြစ်လျှင် “ဝန္ဒာမ” ဟု ပြင်၍ “ရှိခိုးကန်တော့ပါကုန်၏ အရှင်ဘုရား” ဟု အနက်ပြန်ပါ။ 


(သံဃာ့ဂုဏ်တော် ကိုးပါး)
၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
၎။ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
ယဒိဒံ စတ္တာရိ  ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော
၅။ အာဟုနေယျော
၆။ ပါဟုနေယျော
၇။ ဒက္ခိဏေယျော
၈။ အဉ္ဇလိကရဏီယော
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။


ဧဝံ နဝဟိ ဂုဏေဟိ၊ လောကမှိ ဝိဿုတံ ဂဏံ။
သာသနံ စိရဓာတာရံ၊ ဝန္ဒာမိ တီဟိ သာဒရံ။


အနက်။
ဧဝံ နဝဟိ ဂုဏေဟိ-ဤ သုပ္ပဋိပန္နတာ, အစလာသည့်, ကိုးဖြာသော ဂုဏ်တော်တို့ဖြင့်၊
လောကမှိ-ဘဝဂ်ဆုံးအောင်, ဘုံသုံးဆောင်၌၊
ဝိဿုတံ-တိတ္ထိတို့ဘောင်, လွန်မြားမြောင်သည့်, ဟန်ဆောင်သံဃာ, အဖြာဖြာထက်, အရာရာဖြင့်, ဂုဏ်ရည်တင့်၍, ကြီးမြင့်ထင်ရှားပေထသော၊
သာသနံ-ကမ္ဘာ့ကမ္ဘာ, လွန်လေပါလည်း, တခါတဖန်, ကြုံရန်ခဲကပ်, အမြတ်ရတနာ, ဤသာသနာတော် မြတ်ကြီးကို၊
စိရဓာတာရံ-ဘုရားလက်ထက်, အဆက်ဆက်မှ, မပျက်ရအောင်, ပို့ချသင်ယူ, ဆောင်ရွက်တော် မူပေထသော၊
ဂဏံ-အတွင်းစိတ်ဓာတ်, မြင့်မြတ်ကြည်လင်,သူတော်စင်ကောင်း, အရိယာသံဃာတော် အပေါင်းကို၊
တီဟိ-လက်အုပ်အဉ္ဇလီ, နှုတ်သံချီလျက်, ရွှင်ကြည်မနော, သုံးပါးသော ဒွါရတို့ဖြင့်၊
သာဒရံ-လေးမြတ်ကြည်ညို, ရိုသေခြင်းရှိသည်ဖြစ်၍၊
ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာညွတ်ကျိုး, လက်အုပ်မိုး၍, ရှိခိုးကန်တော့ပါ၏, အရှင်ဘုရား။
( အများဖြစ်လျှင် “ဝန္ဒာမ” ဟု ပြင်၍ “ရှိခိုးကန်တော့ပါကုန်၏ အရှင်ဘုရား” ဟု အနက်ပြန်ပါ။

ကပ်လှူ ပူဇော်ခြင်း

(ဆွမ်းကပ်လှူပုံ) 
အရဟတာဒိ နဝဂုဏေဟိ-အရဟံ အစရှိသော, ကိုးပါးသော, ဂုဏ်တော်တို့နှင့်၊
သမန္နာဂတံ-ပြည့်စုံတော်မူသော၊
နထံ-လူနတ်တို့၏, ကိုးကွယ်အစစ်, ဖြစ်တော်မူသော၊
ဗုဒ္ဓံ-သက်တော်ထင်ရှား, သဗ္ဗညုမြတ်စွာဘုရားသခင်ကို၊
ဥဒ္ဒိဿ-ရည်မှတ်၍၊
စေတိယဿ-ဓာတုစေတီ,ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂ စေတီတော်မြတ်အား၊
(ဝဏ္ဏ-ဂန္ဓ-ရသ-သမ္ပန္နံ-အဆင်း-အနံ့-အရသာနဲ့ ပြည့်စုံသော၊
ဣမံ ပိဏ္ဍပါတခါဒနီယဘောဇနီယံ-ဤဆွမ်းခဲဘွယ်, ဘောဇဉ်, ချိုချဉ်ရသာ, အဖြာဖြာကို၊)
သက္ကစ္စံ-ရိုရိုသေသေ၊
ဒေမိ-နိဗ္ဗာန်ရည်မှန်း, လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ-နိဗ္ဗာန်ရည်မျှော်, ပူဇော်ပါ၏ အရှင်ဘုရား။


ဆုတောင်း---
     မေ-အကျွန်ုပ်၏၊ (မေ-အမှာကံ-အကျွန်ုပ်တို့၏)
ဣဒံ ပုညံ-ဤကောင်းမှုသည်၊
အာသဝက္ခယာဝဟံ-အာသဝေါတရား, လေးပါးတို့၏, ကုန်ရာကုန်ကြောင်းဖြစ်သော, မဂ်ဉာဏ်-ဖိုလ်ဉာဏ်, မြတ်နိဗ္ဗာန်ကို, ဧကန်ရောက်အောင်, ရွက်ဆောင်နိုင်သည်။ 
ဟောတု-ဖြစ်ပါစေသတည်း။
*****
(ရေချမ်း ကပ်လှူပုံ)
အရဟတာဒိ နဝဂုဏေဟိ-အရဟံ အစရှိသော, ကိုးပါးသော, ဂုဏ်တော်တို့နှင့်, 
သမန္နာဂတံ-ပြည့်စုံတော်မူသော၊
နထံ-လူနတ်တို့၏, ကိုးကွယ်အစစ်, ဖြစ်တော်မူသော၊
ဗုဒ္ဓံ-သက်တော်ထင်ရှား, သဗ္ဗညုမြတ်စွာဘုရားသခင်ကို၊
ဥဒ္ဒိဿ-ရည်မှတ်၍၊
စေတိယဿ-ဓာတုစေတီ,ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂ စေတီတော်မြတ်အား၊
(သုဒ္ဓသီတလ သမ္ပန္နံ-သန့်ရှင်းအေးမြ, ကြည်လင်လှသော၊
ဣမံ ပါနီယ ပရိဘောဇနီယံ- ဤသောက်တော်ရေ သုံးဆောင်တော်ရေကို၊)
သက္ကစ္စံ-ရိုရိုသေသေ၊
ဒေမိ-နိဗ္ဗာန်ရည်မှန်း, လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ-နိဗ္ဗာန်ရည်မျှော်, ပူဇော်ပါ၏ အရှင်ဘုရား။


ဆုတောင်း---
     မေ-အကျွန်ုပ်၏၊ (မေ-အမှာကံ-အကျွန်ုပ်တို့၏)
ဣဒံ ပုညံ-ဤကောင်းမှုသည်၊
အာသဝက္ခယာဝဟံ-အာသဝေါတရား, လေးပါးတို့၏, ကုန်ရာကုန်ကြောင်းဖြစ်သော, မဂ်ဉာဏ်-ဖိုလ်ဉာဏ်, မြတ်နိဗ္ဗာန်ကို, ဧကန်ရောက်အောင်, ရွက်ဆောင်နိုင်သည်။ 
ဟောတု-ဖြစ်ပါစေသတည်း။
*****
(ပန်း ကပ်လှူပုံ) 
အရဟတာဒိ နဝဂုဏေဟိ-အရဟံ အစရှိသော, ကိုးပါးသော, ဂုဏ်တော်တို့နှင့်, 
သမန္နာဂတံ-ပြည့်စုံတော်မူသော၊
နထံ-လူနတ်တို့၏, ကိုးကွယ်အစစ်, ဖြစ်တော်မူသော၊
ဗုဒ္ဓံ-သက်တော်ထင်ရှား, သဗ္ဗညုမြတ်စွာဘုရားသခင်ကို၊
ဥဒ္ဒိဿ-ရည်မှတ်၍၊
စေတိယဿ-ဓာတုစေတီ,ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂ စေတီတော်မြတ်အား၊
(ဝဏ္ဏ-ဂန္ဓ-သမ္ပန္နံ-အဆင်း-အနံ့-နဲ့ ပြည့်စုံသော၊
ဣမံ ပုပ္ဖံ-ဤပန်းကို)
သက္ကစ္စံ-ရိုရိုသေသေ၊
ဒေမိ-နိဗ္ဗာန်ရည်မှန်း, လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ-နိဗ္ဗာန်ရည်မျှော်, ပူဇော်ပါ၏ အရှင်ဘုရား။


ဆုတောင်း---
     မေ-အကျွန်ုပ်၏၊ (မေ-အမှာကံ-အကျွန်ုပ်တို့၏)
ဣဒံ ပုညံ-ဤကောင်းမှုသည်၊
အာသဝက္ခယာဝဟံ-အာသဝေါတရား, လေးပါးတို့၏, ကုန်ရာကုန်ကြောင်းဖြစ်သော, မဂ်ဉာဏ်-ဖိုလ်ဉာဏ်, မြတ်နိဗ္ဗာန်ကို, ဧကန်ရောက်အောင်, ရွက်ဆောင်နိုင်သည်။ 
ဟောတု-ဖြစ်ပါစေသတည်း။
*****
(ဆီမီး ကပ်လှူပုံ)
အရဟတာဒိ နဝဂုဏေဟိ-အရဟံ အစရှိသော, ကိုးပါးသော, ဂုဏ်တော်တို့နှင့်, 
သမန္နာဂတံ-ပြည့်စုံတော်မူသော၊
နထံ-လူနတ်တို့၏, ကိုးကွယ်အစစ်, ဖြစ်တော်မူသော၊
ဗုဒ္ဓံ-သက်တော်ထင်ရှား, သဗ္ဗညုမြတ်စွာဘုရားသခင်ကို၊
ဥဒ္ဒိဿ-ရည်မှတ်၍၊
စေတိယဿ-ဓာတုစေတီ,ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂ စေတီတော်မြတ်အား၊
(ပဘာဝဏ္ဏေဟိ-အရောင်အဆင်းတို့ဖြင့်၊ အန္ဓကာရံ-အမိုက်မှောင်ကို၊ ဝိနာသကံ-ပယ်ဖျောက်တတ်သော၊
ဣမံ ဒီပဇာလံ-ဤဆီမီးလျှံကို)
သက္ကစ္စံ-ရိုရိုသေသေ၊
ဒေမိ-နိဗ္ဗာန်ရည်မှန်း, လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ-နိဗ္ဗာန်ရည်မျှော်, ပူဇော်ပါ၏ အရှင်ဘုရား။


ဆုတောင်း---
     မေ-အကျွန်ုပ်၏၊ (မေ-အမှာကံ-အကျွန်ုပ်တို့၏)
ဣဒံ ပုညံ-ဤကောင်းမှုသည်၊
အာသဝက္ခယာဝဟံ-အာသဝေါတရား, လေးပါးတို့၏, ကုန်ရာကုန်ကြောင်းဖြစ်သော, မဂ်ဉာဏ်-ဖိုလ်ဉာဏ်, မြတ်နိဗ္ဗာန်ကို, ဧကန်ရောက်အောင်, ရွက်ဆောင်နိုင်သည်။ 
ဟောတု-ဖြစ်ပါစေသတည်း။
*****

ရတနာသုံးပါးကို ရှိခိုးပူဇော်ပုံ

ဗုဒ္ဓံ ပူဇေမိ
ဗုဒ္ဓံ-သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တိုင်မြင်သည့် ရှင်တော်မြတ်ဘုရားကို၊
ပူဇေမိ-နှစ်စုံ လက်-ဒူး, မြတ်နဖူးဖြင့်, ညွတ်နူးဝပ်စင်း,မြေ၌ခင်း၍, တည်ခြင်း(ထိခြင်း)ငါးမည်, စုံအညီဖြင့်, ဂုဏ်ရည်မြော်ကိုး, လွန်မြတ်နိုးလျက်, ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

ဓမ္မံ ပူဇေမိ
ဓမ္မံ-မဂ်-ဖိုလ်-နိဗ္ဗာန်, ဓမ္မက္ခန်ဟု, ဆယ်တန်ပိုင်းခြား, ခွဲဝေထားသည့်, တရားတော်မြတ်ရတနာကို၊
ပူဇေမိ-ခြေ-လက်-နဖူး, တတောင်-ဒူးဖြင့်, ညွတ်နူးဝပ်စင်း, မြေ၌ခင်း၍, တည်ခြင်း(ထိခြင်း)ငါးမည်, စုံအညီဖြင့်, ဂုစ်ရည်မြော်ကိုး, လွန်မြတ်နိုးလျက်, ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

သံဃံ ပူဇေမိ
သံဃံ-မဂ္ဂဋ္ဌာန်-ဖလဋ္ဌာန်, ရှစ်တန်ထင်ပေါ်, သူတော်စင်ကောင်း, အရိယာသံဃာတော် အပေါင်းကို၊
ပူဇေမိ-စံပယ်လက်အုပ်,ခြေဆုပ် မေတ္တာ, ရိုသေစွာဖြင့်, ညွတ်ကာဝပ်စင်း, မြေ၌ခင်း၍, တည်ခြင်း(ထိခြင်း)ငါးမည်, စုံအညီဖြင့်, ဂုဏ်ရည်မြော်ကိုး, လွန်မြတ်နိုးလျက်, ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။


ကိုယ်ဖြင့် ရှိခိုးပုံ (ကာယ ပဏာမ)
ဆောင့်ကြောင့်ထိုင်၍ ဦးခေါင်းကို မြေ၌ချ ရှိခိုးခြင်း (သို့မဟုတ်) လက်အုပ်ချီမိုး ရှိခိုးခြင်းနှင့် မတ်တတ်ရပ်၍ ဦးခေါင်းညွတ် ရှိခိုးခြင်းသည် “ကာယ ပဏာမ” ကိုယ်ဖြင့် ရှိခိုးခြင်းမည်၏။ 
ယင်းသို့ ကိုယ်ဖြင့်ရှိခိုးဦးချ ကန်တော့ကြရာတွင် လက်ခုပ်နှစ်ဘက်ကို ကြာငုံသဏ္ဌာန် လက်အုပ်ပြုလုပ်ပြီး ထိုလက်အုပ်(ကြာငုံ)ကို ဦးထိပ်ရောက်အောင် မြှောက်ချီ၍ လက်မကို မျက်မှောင်ကြား၌ ထားလျက် လက်ညှိုးကို နဖူးဆံစ၌ တည်စေကာ ရှိခိုးခြင်းသည် “အဉ္ဇလီကမ္မ” လက်အုပ်ချီမိုး ရှိခိုးခြင်းမည်၏။


တဖန် “ပုဆစ်နှစ်ဘက်, တတောင်နှစ်ဘက်, ဦးခေါင်း, ဤငါးပါးသော အင်္ဂါတို့ကို မြေ၌ထိစေ၍ တည်ခြင်း (ထိခြင်း)ငါးပါးတို့ဖြင့် ရှိခိုးဦးချ ကန်တော့ကြခြင်းသည် “ပဉ္စပတိဋ္ဌိတ”တည်ခြင်း(ထိခြင်း) ငါးပါးဖြင့် မြေ၌ခေါင်းချ ရှိခိုးခြင်းမည်၏။


ယင်းသို့ တည်ခြင်း(ထိခြင်း) ငါးပါးဖြင့် မြေ၌ခေါင်းချ ရှိခိုးကန်တော့ကြပြီးနောက် ရှိခိုးခံသူ (ရတနာသုံးပါး ဆရာမိဘများ)ထံမှ ပြန်လိုသည့်အခါတွင် ထိုပုဂ္ဂိုလ်များကို ရုတ်တရက်မျက်နှာလွှဲ၍ ကျောပေး၍ မပြန်ပဲ လက်အုပ်ချီ နောက်ဆုတ်သွားကာ ထိုပုဂ္ဂိုလ်တို့ မမြင်နိုင်လောက်သည့် အရပ်ရောက်မှ တည်ခြင်း(ထိခြင်း)ငါးပါးဖြင့် ရှိခိုးဦးချ ကန်တော့၍ ပြန်လှည့်ပုံကို (သီလက္ခန် အဋ္ဌကထာ၊ သာမညဖလသုတ်၊ ၂၁၂)၌ ပြဆိုထားပေသည်။


တည်ခြင်း(ထိခြင်း)ငါးပါး အယူအဆများ---
တည်ခြင်း(ထိခြင်း)ငါးပါးကို ဖော်ပြကြရာတွင် တကျမ်းနှင့်တကျမ်း အဆိုမတူကြပေ။ အဆို(၃)မျိုး ကွဲပြားလျက်ရှိပေသည်။
(၁) ပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပုဒ်၌ “နှစ်စုံ လက်-ဒူး, မြတ်နဖူးဖြင့်, ညွတ်နူးဝပ်စင်း, မြေ၌ခင်း၍” ထိခြင်းငါးပါးဖြင့် ရှိခိုးရမည်ဟု ဆိုသည်။
(၂) သီလက္ခန်ဋီကာသစ်၊ ဒု၊ နှာ-၁၈-၌ “ခြေ-လက်-နဖူး, တတောင်-ဒူး ဖြင့် ညွတ်နူးဝပ်စင်း, မြေ၌ခင်း၍” ထိခြင်းငါးပါးဖြင့် ရှိခိုးရမည်ဟု ဆိုသည်။
(၃) ပရိဝါပါဠိတော် ကထိနတ္ထာရဝဂ်၌ကား “စံပယ်လက်အုပ်, ခြေဆုပ်မေတ္တာ, ရိုသေစွာဖြင့် ညွတ်ကာဝပ်စင်း မြေ၌ခင်း၍” ထိခြင်းငါးပါးဖြင့် ရှိခိုးရမည်ဟု ဆိုသည်။


အဆိုပါ ရှိခိုးနည်း သုံးမျိုးတွင် ပါရိဝါပါဠိတော်လာ နောက်ဆုံး ရှိခိုးနည်းမှာ အနီးမျက်မှောက်၌ ရှိခိုးစဉ်အခါ ပြုအပ်သော ကျင့်ဝတ်များသာဖြစ်၍ အဝေးမှာ ရှိခိုးရာ၌ မရနိုင်သောကြောင့် ပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပုဒ်နှင့် သီလက္ခန်ဋီကာသစ်လာ ရှိခိုးနည်းကိုသာတွင်ကျယ်စွာ အသုံးပြုကြသည်။ ထိုနှစ်နည်းတွင်လည်း ပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပုဒ်လာ (ပထမ)နည်းသာ သင့်လျော်ကောင်းမြတ်ပေသည်ဟု ပါရမီဒီပနီ ၂၅-တွင် လယ်တီ ဆရာတော်ဘုရားကြီး ဆုံးဖြတ်ထားပါသည်။


မတ်တတ်ရပ် ရှိခိုးပုံ---
အကယ်၍ မြေ၌ခေါင်းချ၍ ရှိခိုးရန် ခွင့်မသာခဲ့သော် မတ်တတ်ရပ်လျက်သာလျှင် ကိုယ်ကို ရှေ့သို့ညွတ်၍ လက်အုပ်ချီပြီး ဦးညွတ်ကန်တော့နိုင်ကြောင်း (သာရတ္ထဒီပနီ ဋီကာ၊ တ-၄၃)နှင့် (ဝိနယာလင်္ကာရ ဋီကာ၊ ဒု-၃၆၈) တို့၌ မိန့်ဆိုထားပေသည်။ 
ရှိခိုးနည်းမှာ “ခြေစုံရပ်တည် လက်အုပ်ချီလျက် ဦးတည်ညွတ်ကျိုး” ရှိခိုးရပေမည်။


နှုတ်ဖြင့် ရှိခိုးပုံ (ဝစီ ပဏာမ) 
“ဗုဒ္ဓံ ပူဇေမိ” စသည်ဖြင့်၎င်း၊ “သြကာသ”စသည်ဖြင့်၎င်း၊ နှုတ်ဖြင့်ရွတ်ဆို၍ ရှိခိုးခြင်းသည် “ဝစီပဏာမ” နှုတ်ဖြင့် ရှိခိုးခြင်းမည်၏။ 
( သြကာသ ဘုရားရှိခိုး-အမျိုးမျိုး ရှိကြ၏)


ဘုရားရှင်လက်ထက်တော်၌ကား ပင်ကိုယ်က ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်သေးပဲ ယခုမှ ကြည်ညိုသဖြင့် ကိုးကွယ်ဆည်းကပ်မည့်သူများ ဖြစ်လျှင် “တပည့်တော်သည် ဘုရား တရား သံဃာများကို ကိုးကွယ်ဆည်းကပ်ပါ၏၊ ယနေ့မှစ၍ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါ” စသောအားဖြင့် လျှောက်ထား၍ အရိုအသေပေး ရှိခိုးလေ့ရှိကြပါသည်။


စိတ်ဖြင့် ရှိခိုးပုံ (မနော ပဏာမ)
ကိုယ့်ဖြင့် ဦးညွတ်ရှိခိုးရာတွင်၎င်း, နှုတ်ဖြင့် ရွတ်ဆိုသီကျူး၍ ရှိခိုးရာတွင်၎င်း ရှေ့အဖို့ နောက်အဖို့ 
ဖြစ်သော စေတနာပြဋ္ဌာန်းသော ကုသိုလ်ဇောစိတ္တုပ္ပါဒ်သည် “မနော ပဏာမ” စိတ်ဖြင့် ရှိခိုးခြင်းမည်၏။ 
ဦးသုံးကြိမ်ချ၍ ရှိခိုးကြရာ၌ စိတ်ကလည်း ဘုရားသခင်စသည်ကို အာရုံမပြု၊ နှုတ်ကလည်း ဗုဒ္ဓံ ပူဇေမိ-စသည်ဖြင့် မရွတ်ဆိုပဲ ဝတ်ကျေဝတ်ကုန် ဦးချသူတို့မှာ ကာယကံ ကုသိုလ်မျှသာဖြစ်သည်။ 
အချို့ကား ဗုဒ္ဓံ ပူဇေမိ-စသည်ဖြင့် နှုတ်မှ ရွတ်ဆို၏။ ကိုယ်ဖြင့် ရှိခိုး၏။ စိတ်က ဘုရားစသောအာရုံသို့ မရောက်၊ ထိုပုဂ္ဂိုလ်များမှာ မနောကံ ကုသိုလ်မဖြစ်။ ကာယကံ ဝစီကံ နှစ်မျိုးသာ ဖြစ်ပေသည်။
ထို့ကြောင့် ကံသုံးပါးမြောက်အောင်  စိတ်က ဘုရားစသည်ကို အာရုံပြု၍, ဗုဒ္ဓံ ပူဇေမိ-စသည်ကို 
နှုတ်ကရွတ်ဆိုပြီး, ရှိခိုးဦးချ ကန်တော့ကြရမည်။ သို့မှသာ ကုယကံ ကုသိုလ်, ဝစီကံ ကုသိုလ်, မနောကံ ကုသိုလ် သုံးမျိုးလုံးကို အပြည့်အဝ ရနိုင်ကြပါမည်။


ရှိခိုးရာ၌ မှတ်သားဖွယ်---
အချို့ ပညာရှိ သူတော်ကောင်းတို့ကား မိမိက ရှိခိုးဦးချသည့်အခါဖြစ်စေ၊ မိမိက ရှိခိုးဦးချ ခံရသည့်အခါဖြစ်စေ မည်သည့်အခါမဆို ဂုဏ်တော်များကို ရွတ်ဖတ်ပွားများလေ့ရှိသည်ကို တွေ့ရသည်။ 
ရှိခိုးဦးချသည့်အခါ၌ ရွတ်ခြင်းကား ရှိခိုးမှုနှင့်စပ်၍ ကာယကံ ကုသိုလ်အပြင် ဝစီကံကုသိုလ် မနောကံကုသိုလ်များပါ ဖြစ်စေရန် ရည်သန်ကြောင်း သိရသည်။
ရှိခိုးခံသည့်အခါ၌ ရွတ်ခြင်းကား ရှိခိုးခံထိုက်သူ ဖြစ်စေရန်ဟု ဆိုပါသည်။ လွန်စွာ အဓိပ္ပါယ်ရှိ၍ လေးစားလိုက်နာ မှတ်သားဖွယ်ကောင်းလေစွ။

Sunday, November 20, 2011

ရောင်ခြည်တော်ဖွင့် ဘုရားပင့်

(ရောင်ခြည်တော်ဖွင့် ဘုရားပင့်)
နီလာယော နီလဋ္ဌာနေဟိ၊ ပီတောဒါတာ စ လောဟိတာ။
တမှာ တမှာ တု မဉ္ဇိဋ္ဌာ၊ နိက္ခမိံသု ပဘဿရာ။
ဧဝံ ဆဗ္ဗဏ္ဏရံသိ သော၊ ဌာတု မေ ဘဂဝါ သိရေ။

ဘဂဝတော-ရွှေဘန်းတော်သခင် ရှင်တ်ာမြတ်ဘုရား၏၊ 
နီလဋ္ဌာနေဟိ-ဆံမုတ်ဆိတ်တော် မျက်နက်တော်မှ စ၍ထိုထို ညိုရောင်ဖိတ်ဖိတ် ကိုယ်အင်္ဂါတော် အစိတ်စိတ်တို့မှ၊
နီလာယော-နီလာရွှဲညို ဖဲအညိုနှင့် ကြာညိုပွင့်ချပ် မြညိုယပ်သို့ လျှပ်လျှပ်စိုပြောင် ညိုမှောင်သော ရောင်ခြည်တော်တို့သည်။
နိက္ခမိံသု-ဝန်းကျင်အောက်ထက် ဝဲယာယှက်၍ မြန်းတက်ကွန့်မြူး ဘဝဂ်ကျူးအောင် တင့်ထူးပျံထွက်တော်မူကြလေကုန်ပြီ။


ပီတဋ္ဌာနေဟိ-ကိုယ်အရေတော် မျက်လုံးတော်မှ စ၍ထွေထွေ ရွှေရောင်ဖိတ်ဖိတ် ကိုယ်အင်္ဂါတော်အစိတ်စိတ် တို့မှ။
ပီတာ-ရွှေနှစ်သိင်္ဂီ ရွှေအထည်နှင့် ရွှေရည်ယဉ်သန်း ရွှေစင်ပန်းသို့ လျှမ်းလျှမ်းထိန်ဝေ ဝါရွှေသော ရောင်ခြည်တော်တို့သည်။
နိက္ခမိံသု-ဝန်းကျင်အောက်ထက် ဝဲယာယှက်၍ မြန်းတက်ကွန့်မြူး ဘဝက်ကျူးအောင် တင့်ထူးပျံထွက်တော်မူကြလေကုန်ပြီ။




သြဒါတဋ္ဌာနေဟိ-ရိုးတော်သွားတော် မျက်ဖြူတော်မှ စ၍ဖွေးလူ ဖြူရောင်ဖိတ်ဖိတ် ကိုယ်အင်္ဂါတော်အစိတ်စိတ်တို့မှ၊
သြဒါတာ စ-ငွေလရောင်ခြည် ငွေအထည်နှင့် ငွေရည်ယဉ်သန်း ငွေစင်ပန်းသို့ လျှမ်းလျှမ်းဖွေးလူ ဖြူစင်သော ရောင်ခြည်တော်တို့သည်။
နိက္ခမိံသု-ဝန်းကျင်အောက်ထက် ဝဲယာယှက်၍ မြန်းတက်ကွန့်မြူး ဘဝဂ်ကျူးအောင် တင့်ထူးပျံထွက်တော်မူကြလေကုန်ပြီ။


လောဟိတဋ္ဌာနေဟိ-အာတော်လျှာတော် နှုတ်ခမ်းတော်မှ စ၍ထိုဤ နီရောင်ဖိတ်ဖိတ် ကိုယ်အင်္ဂါတော်အစိတ်စိတ်တို့မှ၊
လောဟိတာ-ကမ္ဗလာနီ သန္တာနီနှင့် ကြာနီပွင့်ချပ် ပတ္တမြားယပ်သို့ တလျှပ်လျှပ်ထိန်ကြည် နီသောရောင်ခြည်တော်တို့သည်၊
နိက္ခမိံသု-ဝန်းကျင်အောက်ထက် ဝဲယာယှက်၍ မြန်းတက်ကွန့်မြူး ဘဝဂ်ကျူးအောင် တင့်ထူးပျံထွက်တော်မူကြလေကုန်ပြီ။


တမှာ  တမှာ-အထက်ဆံဖျားတော်တလျှောက်မှ အောက်ခြေဖဝါးတော်တခို ထိုထိုထိုထို ကိုယ်အင်္ဂါတော်အစိတ်စိတ်မှ၊ 
မဉ္ဇိဋ္ဌာ-ထန်းကျင့်နီပဆေး ပန်းရောင်သွေးသို့ နီထွေးလွင်လွင် ဝါကြင်ကြင်လောင်း မောင်းသော
ရောင်ခြည်တော်အပေါင်းတို့သည်၊
နိက္ခမိံသု-ဝန်းကျင်အောက်ထက် ဝဲယာယှက်၍ မြန်းတက်ကွန့်မြူး ဘဝဂ်ကျူးအောင် တင့်ထူးပျံထွက်တော် မူကြလေကုန်ပြီ။


ပဘဿရာ-နဘံဇဋာ ဝသန်ခါဝယ် သံဝါထစ်ချုန်း မိုးရွာတုန်း၌ ရုန့်ရင်းပြက်သန်း လျှပ်စစ်ပန်းသို့ ပျံမြန်းပြိုးပြက် တလက်လက်ထွက်သော ရောင်ခြည်တော်တို့သည်၊
နိက္ခမိံသု-ဝန်းကျင်အောက်ထက် ဝဲယာယှက်၍ မြန်းတက်ကွန့်မြူး ဘဝဂ်ကျူးအောင် တင့်ထူးပျံထွက်တော် မူကြလေကုန်ပြီ။


ဧဝံ-ဤသို့ ရောင်ခြည်တော်ခြောက်သွယ် ဆန်းကြယ်ကွန့်မြူး ဂုဏ်တော်ထူးကို ချီးကျူးဖွင့်ဆိုခဲ့သည့်အတိုင်း။
ဆဗ္ဗဏ္ဏရံသိ-အညိုတဖြာ အဝါတလီ အနီတဆူ အဖြူတကြောင်း အမောင်းတချက် ပြိုးပြက်ငွားငွား
ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင်ကို စိုးပိုင်ရရှိတော်မူပေထသော၊
ဘဂဝါ-ဘုန်းတော်သရဖူ ဆောင်တော်မူ၍ အောင်သူညွတ်ရုံး အထွတ်ဆုံးလည်းဖြစ်တော်မူသော။
သော-ထိုသုံးလောကညွန့်ဖူး နိဗ္ဗာန်မှူး ဖြစ်တော်မူပေသော ရှင်တော်မြတ်ဘုရားသည်။
မေ-ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓာတ်ကို စွဲမှတ်သမုတ် အကျွန်ုပ်၏၊
သိရေ-ဆံပင်ဂနိုင် ပန်းမြိုင်တောညို စိမ်းစိုနွဲ့နှောင်း ဦးခေါင်းတွင်ခေါ် တောင်ထွတ်ပေါ်၌၊
ဌာတု-ပဋ္ဌာန်းဉာဏ်သွား ဈာန်ကစားလျက် တန့်နားကိန်းဝပ်တော်မူလှည့်ပါ သုံးလောကကေသျှောင်
ရွှေဘုန်းခေါင် ကိုယ်တော်မြတ်ကြီးဘုရား။


(ကြည့်ရှုမှတ်သားဖွယ်)
ရောင်ခြည်တော် ခြောက်သွယ်။ ။ “ရောင်ခြည်တော်”ဟူသည် ဘုရားရှင်၏ ကိုယ်ခန္ဓာ၌ တည်ရှိသော အဆင်းတော်နှင့်တူစွာ အတွင်းစိတ်တော်၏ ရာဂ, ဒေါသ စသော အညစ်အကြေးကင်း၍ ကြည်လင်သန့်ရှင်း မှုကြောင့် တန်ခိုးဣဒ္ဓိပါဒ်တော်အစွမ်းဖြင့် အဆက်ဆက်ဖြာ၍ ထွက်ပေါ်လာသော အရောင်များပင်
ဖြစ်သည်။


(၁) နီလ ရောင်ခြည်တော်။ ။ ပင်ကိုယ်အားဖြင့်  ညိုမှောင်နေသော ဘုရားရှင်၏ “ဆံမုတ်ဆိတ်တော် မျက်နက်တော်စသည့်”ကိုယ်အင်္ဂါတော် အစိတ်အပိုင်းမှ ဣန္ဒနီလာ ကျောက်ရတနာအဆင်း ရွဲညိုအဆင်း ပုလဲညိုအဆင်း ဝါညိုအဆင်း ကြာညိုပွင့်ချပ်အဆင်း မြရတနာဖြင့်ပြုအပ်သော ယပ်တောင်အဆင်း စသည်နှင့်တူစွာ အလွန်ကြည်နူးဖွယ်ကောင်းသော အပြာရင့်ရောင် ညိုညိုမှောင်မှောင် “နီလရောင်ခြည်တော်” များ ထွက်တော်မူလာကြသည်။


(၂) ပီတ ရောင်ခြည်တော်။ ။ ပင်ကိုယ်အားဖြင့် ဝါဝါဝင်းဝင်း ရွှေအဆင်းရှိသော ဘုရားရှင်၏ “ကိုယ်သား ကိုယ်ရေတော် မျက်လုံးတော်အထက်က မျက်ခွံတော်စသည်” ကိုယ်အင်္ဂါတော် အစိတ်အပိုင်းမှ သိင်္ဂနိက် ရွှေအဆင်း မဟာလှေကား ရွှေစကားပန်းအဆင်း သက္ကလပ်ဖဲဝါအဆင်း ရွှေပြား ရွှေထည်
ရွှေရည်အဆင်းစသည်နှင့်တူစွာ အလွန်ကြည်နူးဖွယ်ရှိသော ဝါရောင်ဝင်းလျှပ်သည့် “ပီတ ရောင်ခြည်တော် ဓာတ်များ” ထွက်တော်မူလာကြသည်။


(၃) သြဒါတ ရောင်ခြည်တော်။ ။ ပင်ကိုယ်အားဖြင့် ဖြူဝင်းသောအဆင်းရှိနေသော ဘုရားရှင်၏ “အရိုးတော် သွားတော် စွယ်တော် မျက်ဖြူတော်အစုံ ဥဏ္ဏလုံမွေးရှင်တော်စသည့်”ကိုယ်အင်္ဂါအစိတ်အပိုင်းမှ ငွေလရောင် အဆင်း စပယ်အဖြူ ကြယ်အဖြူအဆင်း ရတီစိန်အဖြူ ခရုသင်းဖြူအဆင်း စသည်နှင့်တူစွာ အလွန်ကြည်နူး ဖွယ်ဖြစ်သော ဖြူဖွေးဝင်းလျှပ်သည့်“သြဒါတရောင်ခြည်တော်ဓာတ်များ” ထွက်တော်မူလာကြသည်။


(၄) လောဟိတ ရောင်ခြည်တော်။ ။ ပင်ကိုယ်အားဖြင့် အနီရောင်အဆင်းရှိနေသော ဘုရားရှင်၏“အာတော် လျှာတော် နှုတ်ခမ်းတော်နှင့် ခြေဖဝါး လက်ဖဝါး အသွေးတော် စသည့်”ကိုယ်အင်္ဂါအစိတ်အပိုင်းမှ
ခေါင်ရမ်း နှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားနီအဆင်း ဟင်္သပြဒါးသွေး နီနီတွေးတွေး အဆင်း စသည်နှင့်တူစွာ အလွန်ကြည်နူးဖွယ်ကောင်းသော နီရောင်ဝင်းလျှပ်သည့်“လောဟိတရောင်ခြည်တော် ဓာတ်များ” ထွက်တော်မူလာကြသည်။


(၅) မဉ္ဇိဋ္ဌ ရောင်ခြည်တော်။ ။ အဝါဘက်လည်း မကျ, အနီရင့်ဘက်လည်း မကျ, နီကြင်ကြင် ဝါကြန့်ကြန့်အဆင်းရှိသော ဘုရားရှင်၏ “အထက်ဆံဖျားတော် တလျှောက်မှ အောက်ခြေဖဝါးတော်တခို ထိုထိုထိုထိုသို့သော” ကိုယ်အင်္ဂါတော် အစိတ်အပိုင်း အသီးသီးမှ ထန်းကျင့်ပင် သို့မဟုတ်-“နီပဆေး”ဟု
ခေါ်သော သစ်ပင်၏ အတွင်းသားအဆင်းနှင့်တူစွာ အလွန်ကြည်နူးဖွယ်ကောင်းသော နီလွင်လွင်+ဝါကြန့်ကြန့် နှစ်ပြင်ပေါင်းကား ပန်းနုရောင်(မောင်းသော) အဆင်းရှိသည့် “မဉ္ဇိဋ္ဌ ရောင်ခြည်တော်”များ ထွက်တော်မူလာကြသည်။ 


(၆) ပဘဿရ ရောင်ခြည်တော်။ ။ ပြိုးပြိုးပြက်ထွက်သော “ပဘဿရ ရောင်ခြည်တော်အဆင်းကား
ရှေးရှေးသော ရောင်ခြည်တော်ငါးသွယ်၏ အဆင်းများပင် ဖြစ်သည်။ ထွက်တော်မူပုံ ထူးသောကြောင့်
ရောင်ခြည်တော်တပါးဟု ခွဲထားရသည်။ ရှေးရှေးရောင်ခြည်တော်များမှာ အဆက်မပြတ်ပဲ အိမ်လုံး တောင်လုံးခန့် စသည်ဖြင့် ကြီးကြီးမားမား ကျယ်ဝန်းစွာ ပျံ့နှံ့ကွန့်မြူးလျက် ထွက်တော်မူကြသည်။
ဥပမာ-ညိုသောရောင်ခြည်တော် ဆိုလျှင် လကွယ်သန်းခေါင်အခါ၌ ညိုမှောင်နေသကဲ့သို့ တဆက်တည်း ညိုမှောင်နေသည်။ ဤ “ပဘဿရ” ခေါ် ရောင်ခြည်တော်ကား တဆက်တည်းမဟုတ်၊ ကောင်းကင်ဝယ် လျှပ်စစ်ပြက်သလို ပြိုးကနဲ ပြက်ကနဲ လက်ကနဲဖြစ်ကာ အရောင်အမျိုးမျိုးဖြာလျက် တမျိုးအားဖြင့် ကျက်သရေရှိအောင် ထွက်တော်မူကြသည်။ ဤကဲ့သို့ လင်းကနဲ လက်ကနဲနှင့် ပြိုးပြိုးပြက်ပြက် ထွက်တော်မူရာဝယ် “ပိုးစုန်းကြူး”ခေါ် ပိုးကောင်ကလေးများ ညအခါလက်သလို သေးသေးသိမ်သိမ် မဟုတ်၊ ကြေးမုံမှန်ပြင် ရေအပြင်ဝယ် လရောင် ဓာတ်မီးရောင်များ ထင်ဟပ်သကဲ့သို့ ကပ်ကပ်သတ်သတ် မထင်မရှား မလင်းတလင်းမျိုးလည်း မဟုတ်၊ ကြီးကြီးမားမား ထင်ထင်ရှားရှား ထွက်တော်မူကြပေသည်။

ဤ“ရောင်ခြည်တော်ဖွင့် ဘုရားပင့်”မှာ လာသည့်အတိုင်း  သက်တော်ထင်ရှား ဘုရားရှင်၏ ပတ်ဝန်းကျင်ဝယ် အလွန်ကြည်နူးဖွယ်ကောင်းသော ရောင်ခြည်တော်ခြောက်သွယ်တို့၏ စံပယ်ကွန့်မြူးနေပုံကို စိတ်ကူးဉာဏ်ဖြင့် မှန်းဆ၍ ရောင်ခြည်တော်များ ထွက်တော်မူနေပုံကို ထင်ယောင်မြင်ယောင် ဖြစ်လာအောင် ကြိုးစား၍ အာရုံပြုနိုင်ကြပါစေ။


စေတီတော်များမှ ရောင်ခြည်တော် လွှတ်ခြင်းအကြောင်း ၃-မျိုး။ ။ အကြောင်း ၃-မျိုးတွင် တမျိုးမျိုးကြောင့်
စေတီတော်များမှ ရောင်ခြည်တော်စသော တန်ခိုးများကို ဖူးမြင်ကြရသည်။

(၁) ရဟန္တာတပါးသည် ပရိနိဗ္ဗာန်စံတော်မမူမီကပင် လူနတ်တို့ကို သနားတော်မူသောကြောင့်“ငါ၏အရိုးဓာတ် ဌာပနာရာ စေတီတော်မှ မည်သည့်တန်ခိုးမျိုး ထွက်ပေါ်ရစ်စေသတည်း”ဟု အဓိဋ္ဌာန်တော်မူတတ်၏။ ထိုအဓိဋ္ဌာန်တော်မူချက်ကြောင့်လည်း စေတီတော်မှ ရောင်ခြည်တော်စသော တန်ခိုးများ ပေါ်ထွက်တတ်
ပေသည်။


(၂) သာသနာအကျိုးကို များစွာလိုလားသော နတ်တို့သည် “စေတီတော်၌ တန်ခိုးပြရလျှင် သာသနာတော်ကို ပိုမို၍ ကြည်ညိုကြလိမ့်မည်၊ ကြည်ညိုသူတို့မှာ ကုသိုလ်တရား တိုးပွားများလိမ့်မည်”ဟု ကောင်းမြတ်သော 
ဆန္ဒဖြင့် တန်ခိုးပြတတ်ကြ၏။ ထိုသို့ နတ်များက တန်ခိုးပြမှုကြောင့်လည်း စေတီတော်မှ ရောင်ခြည်တော် စသော တန်ခိုးများ ပေါ်ထွက်တတ်ပေသည်။ 


(၃) သဒ္ဓါတရားထက်သန်သော အမျိုးသား အမျိုးသမီး လူကြီးလူကောင်းတို့သည် ပန်းနံ့သာအဝတ် စသော လှူဖွယ်ဝတ္ထုများကို စေတီတော်သို့ ကပ်လှူလျက် “မည်သည့်တန်ခိုးများ ပြပါစေသား” ဟု အဓိဋ္ဌာန်တတ်ကြ၏။ ထိုသို့ သဒ္ဓါထက်သန်သူတို့၏ ထူးခြားသော အဓိဋ္ဌာန်မှုကြောင့်လည်း စေတီတော်မှ တန်ခိုးထွက်ပေါ်တတ်ပေသည်။ 
ဤကား စေတိယပါဋိဟာရိယ အခန်း၌ မိလိန္ဒမင်းအား အရှင်နာဂသိန် ဖြေကြားမိန့်မြွက်တော်မူချက်ပေတည်း။


ဤအမိန့်တော်ကို ထောက်ထားလျှင် ဘုရားရှင်နှင့် ရဟန္တာများ၏ အထူးအဓိဋ္ဌာန်ထားချက် မရှိသော စေတီတော်များမှ ရောင်ခြည်တော်များ ထွက်ဖို့ရန် မဖြစ်နိုင်၊ အကယ်၍ ရောင်ခြည်တော် ထွက်ရိုးမှန်လျှင်လည်း ဆိုင်ရာနတ်များက ဆောင်ပြခြင်းသာ ဖြစ်ရာ၏။ ဘုရားရှင်၏ အဓိဋ္ဌာန်တော်မူချက်ကြောင့် မဟာဗောဓိပင်မှ၎င်း၊ အရိုးဓာတ်တော်များမှ၎င်း၊ ရောင်ခြည်တော်များ ခမ်းနားစွာ ကွန့်မြူးကြောင်း, သာသနာကွယ်သောအခါ ဓာတ်တော်အားလုံး စုရုံး၍ ဘုရားပွင့်တော်မူရာ မူလမဟာဗောဓိပင်သို့ ကြွတော်မူပြီးလျှင် ရောင်ခြည်တော်များ ကွန့်မြူးကြလိမ့်မည့် အကြောင်းမျှသာ ကျမ်းဂန်၌ လာသည်။