Wednesday, January 11, 2012

လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ မင်္ဂလာ သြဘာစာ

နာမည်ကျော် စာရေးဆရာကြီး သိပံ္ပမောင်ဝ-၏ 
လက်ထပ်မင်္ဂလာပွဲတုန်းက
လယ်တီပဏ္ဍိတ ဦးမောင်ကြီး-၏ မင်္ဂလာ သြဘာစာ

စာရေးသူသည် ဤမည်သော သိပံ္ပမောင်ဝ-၏ မင်္ဂလာလက်ထပ်ပွဲတွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးကိုယ်တိုင် ရေးသားကူညီခဲ့သော မင်္ဂလာသြဘာစာကို လက်ဝယ်ရရှိထားသည်မှာ ကြာပါပြီ။ 
သို့သော် ဤပုဂ္ဂိုလ်နှစ်ဦးစလုံးသည် တကယ့်အရည်အချင်းပြည့် ပညာရှင်များဖြစ်ကြသည့် အပြင် နာမည်ကျော် လောကီလောကုတ် နှစ်မျိုးစလုံး နှံ့စပ်သူများ ဖြစ်နေကြသဖြင့် နှစ်ဦးစလုံး၏ ဘဝနောက်ခံ အကြောင်းများကို အထူးမဖော်ပြတော့ပါဘဲ...


သိပံ္ပမောင်ဝ-၏ ဘဝဇာတ်တွင် ဖြစ်ခဲ့စဉ်ကို အနည်းငယ်မျှလောက်သာ မီးမောင်းထိုးပြမှာ ဖြစ်ပါ၏။
သိပံ္ပမောင်ဝသည် မော်လမြိုင်မြို့ မုပွန် နတ်ကျွန်းရပ်နေ ဖူးကားကုမ္ပဏီ စာရေးကြီး ဦးအုန်းရွှေ+ဒေါ်ဒေါ်သစ် တို့မှ ၁၈၈၉-ခု ဇွန်လ ၅-ရက် တနင်္လာနေ့တွင် မွေးဖွားသော သား-သမီး သုံးယောက်အနက် ဒုတိယမြောက်သား (အလတ်)ဖြစ်ပြီး ငယ်နာမည်မှာ မောင်စိန်တင် ဖြစ်လေသည်။

၁၉၀၅-ခုခန့်မှ ၁၉၁၉-အတွင်း မုပွန်ရပ် ဆရာ ဦးချစ်လှ ကျောင်းတွင် စတင်ပညာသင်ကြားပြီးနောက် မောင်ငံရပ်ရှိ စိန်အောဂပ်စတင်းအက်စ်ပီဂျီ သာသနာပြုကျောင်းသို့ ပြောင်းရွှေ့၍ သတ္တမတန်း အောင်သည်အထိ အင်္ဂလိပ်/မြန်မာ ၂-ဘာသာဖြင့် ပညာသင်ယူခဲ့သည်။

အဋ္ဌမတန်းရောက်သောအခါ ရှင်မဟာဗုဒ္ဓဃောသကျောင်းသို့ ပြောင်းရွှေ့သင်ယူခဲ့သည်။
၁၉၂၀-ဒသမတန်းစာမေးပွဲကို ပါဠိ+မြန်မာ နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
၁၉၂၀-၂၃-ဗဟန်း ကြားတောရလမ်းနှင့် သရက်တောတိုက်သို့ရှိ ဗဟိုနေရှင်နယ် အမျိုးသားကျောင်းတွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။

၁၉၂၇-ခုနှစ်တွင် ဘီအေ စာမေးပွဲအောင်၍ ဒယ်လီဂျမ်း-ရှယ်ဂျီနယ် ဆုတံဆိပ် ချီးမြှင့်ခြင်းလည်း ခံခဲ့ရသည်။
ထို့နောက် ပါမောက္ခဦးဖေမောင်တင်၏ ကြိုးပမ်းချက်ဖြင့် မြန်မာစာဂုဏ်ထူးတန်းသို့ တက်ရောက်ခဲ့ပြီး ထို့နှစ် တဦးတည်းသော စာသင်သားအဖြစ် စာသင်ကြားရင်း ပထမတန်းကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သည်။ ၁၉၂၇-၁၉၂၉ ကျူတာဘဝဖြင့် ၅-လကြာ အိန္ဒိယနိုင်ငံသို့၎င်း၊ အိုင်စီအက်စ် ဝန်ထမ်းလောင်းအဖြစ်နှင့် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်သို့၎င်း ပညာသင်ယူခဲ့ပါသည်။

၁၉၂၉-ခုတွင် အင်္ဂလန်နိုင်ငံမှ ပြန်ပြီးနောက် မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း ဆီဆုံရပ်နေ ပညာဝန်ထောက် ဦးချစ်စု+ဒေါ်သန်းရင်တို့၏ ဒုတိယသမီး မလှသန်းနှင့် လက်ထပ်ထိမ်းမြားမင်္ဂလာ ပြုလုပ်ပါတော့၏။ ထိုပွဲတွင် နာမည်ကျော် ကျမ်းပြုအကျော် လယ်တီပဏ္ဍိတ ဦးမောင်ကြီးက သူတော်ချင်းချင်း သတင်းလွေ့လွေ့ တန်ဖိုးမဖြတ်နိုင်လောက်သော ထောပနာကို သြဘာစာဟု ဖတ်ကြားတင်သွင်းခဲ့ပါ၏။ ဦးမောင်ကြီးသည် ပထမ လယ်တီဆရာတော် ဘုရားကြီး၏ အာဇာနည် တပည့်များစွာထဲက လက်ရွေးစင် အားထားရဆုံး တပည့်ကြီးတပါးဟု ဆိုပါလျှင် မှားမည်မထင်ပါပေ။

လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ လက်ရာအစစ် မင်္ဂလာ သြဘာစာကတော့ ဤလို ဤလို ဖြစ်ပါ၏။

ပန်းမွေ့ယာခင်း၊ စမ်းရေတွင်းနှင့်၊ လမင်းတမျှ၊ သာယာလှသည့်၊ ဖိုမမိတ်ဆုံ၊ လှရိပ်မြုံသို့၊ စုံပစ်ဝင်မည်၊ စိတ်က ရည်သော်၊ လောကီမှာတမ်း၊ ဆုံးမခန်းမှာ၊ ဤသို့ပါတည်း---
မေတ္တာလွှမ်းခြုံ၊ သစ္စာငုံလျက်၊ ယုံကြည်မျှတ၊ အတ္တ မဆန်၊ အနစ်နာခံ၍၊ မောင်နှံ မခွဲ၊ တတွဲတွဲဖြင့်၊ အမြဲစွဲရစ်၊ အသဲနှစ်အောင်၊ အချစ် အကြင်၊ စမ်းရေသွင်သို့၊ အမြင်မငြီး၊ သွင်သွင်စီးလျက်၊ ငြီးငြူပြစ်တင်၊ ဆောလျှင်ဝေဖန်၊ ဒေါမာန်ချေးထူ၊ နားပူ နားဆာ၊ စကားနာကို၊ မပြောဆိုဘဲ၊ သကာပျားလို၊ စကားဆိုလျက်၊ သူ့အလို ကိုယ်လိုက်၊ ကိုယ့်အကြိုက် သူဆောင်၊ မကြိုက်ရှောင်လျှင်၊ မောင်မောင်မယ်မယ်၊ နှောင်နှောင်တွယ်လျှင်၊ ပြင်ဆင်လှပ၊ အိမ်ဝပြေးကြို၊ အလိုကိုကြည့်၊ အလိုက်သိ၍၊ ကြိုက်သည့်အစာ၊ ဖွယ်ဖွယ်ရာကို၊ ချက်ခါမွှေးကြိုင်၊ တလှိုင်လှိုင်ဖြင့်၊ ကိုယ်တိုင်ခူးခပ်၊ ပူးကပ်နညု၊ လပ်ကျွေးပြုလျက်၊ တယုတယ၊ ချစ်ဖွယ်ပြသော်၊ လောကလူ့ရွာ၊ အိမ်မှုသာ၍၊ နှစ်လွှာပေါင်းလျက်၊ စွယ်တော်ရွက်လို၊ အသက်ဆုံးအောင်၊ ချစ်ထုံးနှောင်မည် မလွဲတည်း----ဟူ၍ဖြစ်ပါသည်။


သို့သော်...သို့သော် လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ သြဘာစာက အနုအလှတွေစုံသော်လည်း သိပံ္ပမောင်ဝနှင့် မလှသန်းတို့သည်ကား လူ့ဘဝကံကုန်၍လေလား မပြောတတ် မင်္ဂလာဆောင်ပြီး ၉-လမျှသာ ပေါင်းရပြီး ဇနီးခမျာ ကွယ်လွန်သွားပါတော့၏။


သိပံ္ပမောင်ဝသည် ကျိုက်လတ်မြို့နေ ဆန်စက်ပိုင်ရှင် ဦးစိုးကြီး+ဒေါ်ချစ်-တို့ သမီး မခင်မြင့်(ခ) ဒေါ်ခင်သန်းမြင့် နှင့် အိမ်ထောင်ကျပြန်ပြီး သား မောင်မွှေး(ခ) မောင်လူမွှေး၊ သမီး မတင်မေမြင့် မတင်ဆွေမြင့်-တို့ ထွန်းကားသွားခဲ့ လေသည်။


သိပံ္ပမောင်ဝသည် စာပေကို ကလောင်အမည် အမျိုးမျိုးဖြင့် ရေးခဲ့သည့်အပြင် နိုင်ငံဝန်ထမ်းမှာလည်း ဌာနအမျိုးမျိုး နယ်ပိုင် ဝန်ထောက် အရေးပိုင် ဒုတိယအတွင်းဝန် ရာထူးအမျိုးမျိုး စစ်ကိုင်း မိတ္ထီလာ စသော မြို့ပေါင်း ၁၂-မြို့တို့၌ နေထိုင်ခဲ့ပြီး ၁၉၄၂-ခု ဇွန်လ ၆-ရက် စနေနေ့တွင် ရွှေဘိုခရိုင် ကန့်ဘလူအရှေ့ ၁၀-မိုင်ခန့်တွင် ဂါးထားရွာ ဗိုလ်တဲ၌ ဓားပြလူဆိုးတို့၏ အထင်မှားချက်ဖြင့် ကွယ်လွန်သွားရှာလေသည်။


ကြည်အောင်မိုး(မုံရွာသမုဒေ)
(ချင်းတွင်းရွှေပြည် ဂျာနယ် ၁၆-၃၀၊ နိုဝင်ဘာ၊ ၂၀၁၀)

No comments: