Saturday, January 28, 2012

ဒူလာရောဂါနှင့် အဆီများ အဝလွန်ရောဂါ ကုထုံး

သဗ္ဗရောဂမူလံ အ,ဇိဏ္ဏံ---
အနာရောဂါအပေါင်းတို့ ဖြစ်ပေါ်စွဲကပ်ရခြင်းဟာ အစာကြေချက်မှု မမှန်ကန်ခြင်းကြောင့် အစာအိမ်ကို အခြေခံပြီး ရောဂါဖြစ်ပေါ်လာရသလို ကံ၊ စိတ်၊ ဥတု၊ အာဟာရ သမုဋ္ဌာန်လေးပါး ညီညွတ်မျှတအောင် နေထိုင်မှုမရှိရင်လည်း ရောဂါ ရတတ်ကြပါသည်။


အဲဒီအကြောင်းအချက်တွေကို အခြေခံပြီး အမျိုးသားများ ဖြစ်တတ်တဲ့ ဒူလာရောဂါအကြောင်းနဲ့ ကျား/မ မရွေး ဖြစ်တတ်တဲ့ အဆီများ အဝလွန်ရောဂါ အကြောင်းတွေကို ဆွေးနွေးဖို့ တောင်ဥက္ကလာမြို့နယ်
ရောက်တဲ့အခါ ဆရာ ဦးကျော်လှိုင်ဦး-နဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဆရာ ဦးကျော်လှိုင်ဦးဟာ ဆင်ဖြူကျွန်း ကျော်လှိုင်ဦး အမည်နဲ့ စာပေရေးသားနေတဲ့ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ဆရာ ဦးကျော်လှိုင်ဦးဟာ ဟင်္သာတမြို့က ဆရာကြီး ဦးထွေး၊ ဆရာကြီး ဦးကျော်သန်း၊ ဦးတင်မြ တို့ရဲ့ တပည့်တစ်ဦးဖြစ်ပြီး ဇလွန်မြို့နယ် တစ်ဖက်ကမ်း အေးရွာကျောင်းကြီးကျောင်း ဆရာတော် ဦးသာဂိန္ဒ-ထံမှ တိုင်းရင်းဆေးပညာ (၃)ဘာသာကို စာတွေ့ လက်တွေ့ သင်ကြားတတ်မြောက်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဆရာ ဦးကျော်လှိုင်ဦးက အသက် ၆၀-နှစ်ရှိပြီး ဆေးကုသက် ၃၆-နှစ်ရှိနေပြီ ဖြစ်ပါတယ်။ ဆရာ ဦးကျော်လှိုင်ဦးနဲ့ တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့သမျှ ပြန်လည်တင်ပြလိုက်ပါတယ်။ 

(မေး) ဒူလာ ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို ပြောပြပေးပါ ဆရာ။
(ဖြေ) ဒူလာဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ စာရကသံဟိတာအဉ္စန နိဒါန်းနဲ့ မြန်မာ့လက်တွေ့ ကုထုံးကျမ်းကြီးတွေမှာ မွန်ဘာသာ တွန်လာ-ဆိုတဲ့စကားက ကာလ ရွေ့လျားလာပြီး ဒူလာလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ 
အဓိပ္ပါယ်ကတော့-ရှေးဦးပင်ကို ဓမ္မတာရောဂါ ဖြစ်ပါတယ်။ 


တိုင်းရင်းဆေးလောကမှာ အများပြောနေကြတဲ့ “ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး”ဆိုတဲ့ စကားရပ်အတိုင်း ဒူလာရောဂါ မှန်သမျှ ဆီးနဲ့ပတ်သက်နေပါတယ်။
ထုံကျဉ်၊ ကိုက်ခဲ၊ ညောင်းကိုက် ရောဂါဟာ ခြေဖဝါးက အထက်ကို တက်ပြီး ဖြစ်တာကြောင့် “ဒူလာပါဒရက် ခြေကတက်” ဆိုတဲ့ ဆိုရိုးရှိပါတယ်။ အချို့က “ဝါတ”ခေါ်တဲ့ လေနဲ့ “ရတ္တ”သွေးတို့ ဖောက်ပြန်ပြီး အညောင်းအကိုက်ရောဂါ ထုံကျဉ်ရောဂါဖြစ်လာတာကြောင့် “ဝါတရက်”ဝေါဟာရက ရွေ့လျားပြောင်းလဲပြီး ပါဒရက်လို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
အဲဒီအကြောင်းအချက်တွေဟာ ဒူလာရောဂါ ဝေါဟာရနဲ့ နိဒါန်း အကြောင်းအချက်တွေပဲ ဖြစ်ပါတယ်။
*****
(မေး) ဆီးဒူလာ၊ သွေးဒူလာ ဆိုတဲ့ အကြောင်းအချက်တွေကို ဆက်ပြီး ပြောပြပေးပါဦး။
(ဖြေ) ဆီးဒူလာ၊ သွေးဒူလာ ဆိုတဲ့ အကြောင်းအချက်တွေကို ပြောပြရရင် လူရဲ့ခန္ဓာကိုယ်သန္တာန်မှာ တေဇောဓာတ်မီးများဖြစ်တဲ့ ဥသ္မာ မီး၊ ပါစက မီး၊ သန္တပ္ပ မီး၊ ဒါဟ မီး၊ ဇီရဏ မီး ဆိုပြီး တေဇောဓာတ်မီး (၅)မျိုးရှိတဲ့အနက် ဥသ္မာ-ခေါ် ပကတိကိုယ်ငွေ့ထက် လွန်ကဲတဲ့ အပူရောဂါအမျိုးမျိုး
ဖြစ်ပေါ်လာပါတယ်။ 


သန္တပ္ပန မီးဟာ ပူတဲ့ ဥဏှမီး ဖြစ်တဲ့အတွက် တစ်ခါတစ်ရံ ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ဒေသကို စွဲလောင်ပြီး တစ်ခါတစ်ရံ တစ်ကိုယ်လုံး စွဲလောင်တတ်ပါတယ်။
လူတို့ရဲ့ ခန္ဓာကိုယ် (၃၂)ပါးသော ကောဋ္ဌာသတို့ထဲက ပထဝီဓာတ်ခြင်းရာ (၂၀)မှာ မပါတဲ့ ကျောက်ကပ်ဟာ နံရိုးအောက်အထက် ရှည်ပေါက်တဲ့ ကျောကုန်းရိုး အဆစ်အတွင်း ကျောကုန်းရိုးကို တစ်ဖက်(၂)ချက် ညှပ်ပြီး သွေးကြောပြွန်တံနဲ့ တွဲဆက်နေပါတယ်။ 


ဒီသွေးကြောဟာ ကျင်ငယ်အိမ်ကို စိုစွတ်စေပြီး အနည်းငယ် စိမ့်ဝင်တဲ့အတွက် ကျင်ငယ်ရည်နဲ့ ရောနှောပြီး အဲဒီကျင်ငယ်ရည်ဟာ ခပ်ဝါဝါအဆင်း ရှိတတ်ပါတယ်။ မရောရင်တော့ အဖြူရောင်အဆင်း ရှိပါတယ်။ ဖြူတဲ့အဆင်းရှိတဲ့ ဆီးဖြူရောဂါကို ရိဖြူရောဂါ (သို့) ဆီးဒူလာလို့ ခေါ်ပါတယ်။


သန္တပ္ပနတေဇော အားကြီးခြင်းကြောင့် ခါးမှာ အပူများပြီး အဲဒီအပူကြောင့် ခါးနဲ့နီးတဲ့ ကျောက်ကပ်ဟာ တဖြည်းဖြည်း ရိကြွေကာ သွေးဖြစ်ပြီး ကျင်ငယ်ရည်ထဲ စိမ့်ဝင်ပါများတဲ့အခါ ရိနီခေါ်တဲ့ သွေးဒူလာရောဂါ
ဖြစ်ပေါ်စေပါတယ်။


ရိဖြူအစ ဆီးပူက-ဆိုသလို ရိနီအစ ရိဖြူက-လို့ ခေါ်ရမှာ ဖြစ်ပါတယ်။
ရိဖြူကို ဆီးဒူလာလို့ ခေါ်ကြပြီး ရိနီကို သွေးဒူလာ-လို့ ခေါ်ကြတာဖြစ်ပါတယ်။ 
*****
(မေး) အဲဒီ ဆီးကို အခြေခံပြီး ဒူလာရောဂါ ဘယ်နှစ်မျိုး ရှိတယ်ဆိုတာ ဆက်ပြီး ပြောပြပေးပါဦး။
(ဖြေ) အဲဒီ ဆီးကို အခြေခံပြီး ဒူလာရောဂါအမျိုး(၂၀) ရှိပါတယ်။ အဲဒါတွေကတော့---
(၁) သလိပ်ကြောင့် ဖြစ်တဲ့ ဒူလာသရောနာ ပမေဟ ဆီးရောဂါ (၁၀)မျိုး။
(၂) သည်းခြေကြောင့်ဖြစ်တဲ့ ဒူလာသရောနာ ပမေဟ ဆီးရောဂါ (၆)မျိုး။
(၃) လေကြောင့်ဖြစ်တဲ့ ဒူလာသရောနာ ပမေဟ ဆီးရောဂါ (၄)မျိုး ဆိုပြီး ဒူလာသရောနာ ဆီးရောဂါ အမျိုး(၂၀) ရှိပါတယ်။
*****
(မေး) ဒူလာရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကို ပြောပြပေးပါဦး။
(ဖြေ) ဒူလာရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ နေပူမိုးရွာ မရှောင် အလုပ်လုပ်ခြင်း၊ အတွင်းအပြင် ပထဝီကို တိုးပွားစေတဲ့ အဆီ၊ အဆိမ့်၊ အဖန်၊ စတဲ့ အစားအစာများကို လွန်ကဲစွာစားသောက်ခြင်း၊ အချိန်လွန်မှ အစားအစာ စားသောက်ခြင်း၊ ချိန်ခါမဟုတ် ရေချိုးခြင်း၊ ပန်ကာလေ လေအေးစက်နဲ့ နေထိုင်မှုများခြင်း၊ ဆီး, ဝမ်း, လေ တို့ အဟုန်ကို တားမြစ်ချုပ်တည်းခြင်း စတဲ့ အကြောင်းအချက်များကြောင့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ပါစက ဝမ်းမီးဓာတ် အားနည်းပြီး သည်းခြေဓာတ်၊ သွေးဓာတ်များ ဖောက်ပြန်လာပါတယ်။ 
*****
(မေး) ဒူလာရောဂါရဲ့ ပုဗ္ဗရုပ် လက္ခဏာများကို ပြောပြပေးပါဦး။
(ဖြေ) ဒူလာရောဂါရဲ့ ပုဗ္ဗရုပ် ရှေ့ပြေးလက္ခဏာများကတော့---
(၁) ခြေဖျား လက်ဖျား အေးတတ်ခြင်း။
(၂) ဝမ်းချုပ်ခြင်း။
(၃) ခြေသလုံးသားများ တစစ်စစ် ကိုက်ခဲခြင်း။
(၄) အထိုင်အထ လေးလံနှေးကွေးခြင်း။
(၅) ခြေဖျား လက်ဖျား ထုံကျဉ်ခြင်း။
(၆) စိတ်လက် မကြည်မသာဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်း။ စတဲ့ လက္ခဏာများ ဖြစ်ပေါ်လာပြီဆိုရင် ဒူလာရောဂါ စွဲကပ်တော့မယ့် ရှေ့ပြေးလက္ခဏာများကို အတပ်သိနိုင်ပါတယ်။ 
*****
(မေး) ဒူလာရောဂါရဲ့ ကုထုံးဆေးချက်များကို ပြောပြပေးပါဦး။
(ဖြေ) ရောဂါမကုမီ လူနာကို ပထမ ချဉ်းကပ်လေ့လာရပါတယ်။ ကံ-စိတ်-ဥတု-အာဟာရ၊ အပူ အအေး၊ သက်-တက်၊ ပိတ်-ဖွင့်၊ ဆိုတဲ့ ဒေသနာနည်းနဲ့ ချဉ်းကပ်ခြင်း၊ နက္ခတ္တဗေဒအရ ဥတု၊ ရတု၊ ဝီထိ၊ ဓာတ်သက်၊ ခြောက်လီတို့ကို သိရခြင်း၊ အာယုဗ္ဗေဒနည်းအရ ကာလ၊ အတ္တ၊ ကမ္မ၊ လွန်၊ ယုတ်၊ လွှဲမှားပြုချက် များကို ကြည့်ပြီး ဆေးချက်ချရပါတယ်။


ပထမ နံနက်ချိန်မှာ အဘိညာဉ် နှလုံးအားဆေး မန်ကျည်းစေ့ ၂-စေ့ခန့် (လေးပဲသား)ခန့်ကို ရေနွေးနဲ့ တိုက်ရပါတယ်။ 
နေ့လယ်ချိန်မှာ ဒူလာရောဂါ သက်သာပျောက်ကင်းစေတဲ့ ဒူလာဆေးကို တိုက်ကျွေးရပါတယ်။ 
အိပ်ရာဝင်မှာတော့ ဆီး၊ ဝမ်း၊ လေ မျှတစေတဲ့ ညဆေးကို ရေအေးနဲ့ တိုက်ကျွေးရပါတယ်။ လိုအပ်ရင် အကိုက်အခဲပျောက် လိမ်းဆေးများကို လိမ်းစေပါတယ်။ 


တိုင်းရင်းဆေး အမှတ်များနဲ့ ကုသမယ်ဆိုရင်တော့ နံနက်(၇)နာရီမှာ 
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၂၄) နာဂရာ (လေးညှင်းကလပ်ဆေး)၊ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၅) သည်းခြေဆေး၊ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၇) သွေးဆေးနီကြီးတို့ကို ဆတူရောစပ်ပြီး ဆေး-လက်ဖက်စားဇွန်း (၁)ဇွန်းခန့် ရေနွေးနဲ့ တိုက်ရပါတယ်။

နေ့လည်ချိန်မှာတော့---
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၅) မတဲမြင်းမိုရ် ကုန်းဆေးနဲ့ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၇)ပြည်လုံးချမ်းသာ ဆေးကြီးကို ဆတူရောစပ်ပြီး
ဆေး လက်ဖက်စားဇွန်း ၁-ဇွန်းခန့် ရေနွေးနဲ့ တိုက်ရပါတယ်။


ညအိပ်ရာဝင်ချိန်မှာတော့---
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၉) ဆီးဒူလာဆေး (သို့) 
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၀) ဆီးရွှင် ဝမ်းနုတ်ဆေး တစ်မျိုးမျိုးကို ရေအေးနဲ့ လက်ဖက်စားဇွန်း ၁-ဇွန်းခန့် ဝမ်းအခြေအနေကို ကြည့်ပြီး တိုက်ရပါတယ်။


လိမ်းဆေး အနေနဲ့ကတော့---
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၄၃) အကင်း(၁၀)ပါးဆေးနဲ့ 
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၉) သဗ္ဗဇေယျ ဆေးစပ်ကြီးတို့ကို ဆတူရောစပ်ပြီး သနပ်ခါးရည်ကျဲကျဲနဲ့ တစ်နေ့(၃)ကြိမ်က (၅)ကြိမ်ထိ လိမ်းပေးနိုင်ပါတယ်။


ထုံကျဉ်ကိုက်ခဲနေရင်---
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၉)နဲ့ 
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၄၃)ကိုပဲ ဆတူရောစပ်ပြီး နံ့သာရည် (သို့) နှမ်းဆီ၊ မုန်ညင်းဆီ တစ်မျိုးမျိုးနဲ့ ရောစပ် လိမ်းပေးနိုင်ပါတယ်။ အစားအစာ အနေအထိုင် ဆင်ခြင်ပြီး သက်ဆိုင်ရာဆေးများနဲ့ တိုက်ကျွေးကုသသွားရင် ဒူလာရောဂါ သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
*****
(မေး) အဝလွန် အဆီတိုးခြင်းဟာ ဘာကြောင့်ဖြစ်တာပါလဲဆရာ။
(ဖြေ) အဝလွန်ပြီး အဆီများနေတာ ရောဂါလားလို့မေးရင် တိုက်ရိုက်ရောဂါတော့ မဟုတ်ပါဘူး။ ဝလွန်းခြင်းရဲ့ နောက်ကွယ်မှာ စိုးရိမ်ဖွယ်ရာ ရောဂါတွေ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ပင်မခန္ဓာကိုယ်ကြီး တစ်ခု ဖြစ်ပါတယ်။ 

အဆီများ အဝလွန်ခြင်းဟာ ဘာကြောင့်ဖြစ်သလဲဆိုရင်---
(၁) ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း။
(၂) နေ့အခါ အအိပ်များခြင်း။
(၃) ကြေခဲ ကျက်ခဲသည့် အေး၊ ချို၊ ဆိမ့်၊ ဖန်၊ ချွဲသလိပ် ပွားစေတဲ့ အစာအာဟာရများ လွန်ကြူးစွာ စားသုံးခြင်း။
(၄) ကိုယ်တွင်း ဟော်မုန်းဓာတ်များ အပြောင်းအလဲ ရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။


အထက်ပါ အကြောင်းအချက်တွေကို ရှင်းလင်းပြောကြားရရင် ကိုယ်လက်လှုပ်ရှားမှု နည်းတာနဲ့အမျှ သွေးကြော လေကြောတွေ ထိုင်းမှိုင်း ပိတ်ဆို့လာပါတယ်။ 
အထူးသဖြင့် ဒုတိယအချက်ဖြစ်တဲ့ နေ့အခါ အိပ်ခြင်းကို အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။ ရှေးခေတ် တိုင်းရင်းသမားတော်ကြီးတွေက “နေ့အခါအိပ်မူ ရောဂါထူ” လို့ အဆိုအမိန့်ရှိခဲ့ပါတယ်။ 


ဘာကြောင့်လဲဆိုရင် နေ့အခါမှာ သြကာသလောကကြီးဟာ ပွင့်လင်းနေပါတယ်။ နေ့အခါ အိပ်ခြင်းဟာ ပွင့်လင်းမှုကို ပိတ်ဆို့ရာ ရောက်ပါတယ်။
အထူးသဖြင့် ရုပ်ဝသူတွေ နေ့အခါ အိပ်စက်ခြင်းဟာ ရောဂါမျိုးစုံ ဖိတ်ခေါ်ရာ ရောက်ပါတယ်။


နံပါတ်(၃)အချက်က အေး၊ ချို၊ ဆိမ့်၊ ချွဲ၊ ကြေကျက်ခဲတဲ့ သလိပ်ပွား အစားအစာများ စားသုံးခြင်းဟာ စားသမျှအစာ မကြေဘဲ ပါစက ဝမ်းမီးညံ့ပြီး ဥသ္မာကိုယ်ငွေ့ အားနည်းခြင်းကြောင့် သွေးချို ဆီးချိုရောဂါ၊ အဆီတိုးပြီး သွေးကြောကျဉ်းရောဂါ၊ အဆစ်အမြစ် ကိုက်ခဲမှုရောဂါတွေ ဖြစ်လာရပါတယ်။ 


ပထဝီ အာပေါဓာတ်တွေ ကပ္ပဒေါသအုပ်စုတွေကို အရေထူ အရေပါးကနေ ပိတ်ဖွဲ့နေတဲ့အတွက် ခန္ဓာကိုယ်တွင်းက လေဓာတ်တွေ အပုပ်အခိုးဓာတ်တွေဟာ ထွက်ပေါက်မရှိဘဲ အကျဉ်းမိပြီး နှလုံးအိမ်ကို ရိုက်ခတ်တဲ့အတွက် နှလုံးတုန်၊ ရင်ခုန်၊ မူးမော်၊ မောပန်း၊ အသက်ရှူမဝ ဆိုတာတွေ ဖြစ်ပေါ်လာပါတယ်။
အဲဒါကို အားနည်းတယ်ထင်ပြီး အားရှိအောင် နွားနို့၊ ကြက်ဥ စတဲ့ ဆိမ့်တဲ့ အာဟာရတွေ ထပ်စားမိတဲ့အတွက် ရောဂါ ပိုပြီး တိုးလာပါတယ်။


အမှတ်(၄)အချက်ဖြစ်တဲ့ ကိုယ်တွင်းဟော်မုန်းဓာတ်များ အပြောင်းအလဲရှိခြင်းတို့ကို မသိဘဲ အထက်မှာ ပြောခဲ့တဲ့ အချက်(၃)ချက်အတိုင်း နေထိုင်စားသောက်တဲ့အတွက် အဆီတိုး အဝလွန်ရောဂါ ဖြစ်ရခြင်းပဲ ဖြစ်ပါတယ်။


အေး, ချို,ဆိမ့်, ချွဲ၊ ကြေကျက်ခဲကို၊ အမြဲစားလျက်၊ နေ့အိပ်စက်၍၊ ကိုယ်လက်လှုပ်ရှား၊ လွန်နည်းပါးမူ၊ လူကား ဝ,၏၊ အားမရှိဘဲ၊ ဗျဝိထူပြော၊ ရောဂါပေါသည်၊ ဝသော သူ၏ အပြစ်တည်း။
လို့ ရှေးတိုင်းရင်း သမားတော်ကြီးများက လင်္ကာဖြင့် စပ်ဆိုမှတ်တမ်းတင်ထားခဲ့ပါတယ်။
*****
(မေး) အဆီများ အဝလွန်သူရဲ့ ဖြစ်ဆဲ လက္ခဏာများကို ဆက်ပြီး ပြောပြပေးပါဆရာ။
(ဖြေ) (၁) အာခြောက်ပြီး ရေ မကြာခဏ ငတ်ခြင်း။
(၂) ဆီး အသွားများခြင်း။
(၃) ချွေး အလွန်ထွက်တတ်ခြင်း။
(၄) ကိုယ်သားရေ အေးစက်နေခြင်း။
(၅) အသားပွခြင်း။
(၆) ကိုယ်ငွေ့မရ ဥသ္မာဓာတ် တေဇော အားနည်းခြင်း။
(၇) မောပန်းလွယ်ခြင်း။
(၈) တောင်ကုန်းအမြင့်၊ အိမ်အမြင့် မတက်နိုင်ခြင်း။
(၉) အစားအစာ မကြာခဏ စားလိုခြင်း။
(၁၀) ငိုက်မျဉ်းခြင်း။
(၁၁) တွေဝေခြင်း၊ မူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း။
(၁၂) ကိုယ်သား ကိုယ်ရေ ယားယံခြင်း။
(၁၃) အရေပြားမှာ အနာပေါက်ခြင်း။
(၁၄) အသံပြာခြင်း၊ အသံတိမ်ခြင်း။
(၁၅) ဝမ်းဗိုက်သား စူထွက်ခြင်း၊ ဗိုက်ခေါက်ထူခြင်း၊ ဗိုက်ပူခြင်း။
(၁၆) ပန်းသေ ပန်းညှိုးရောဂါ ဖြစ်တတ်ခြင်း စတဲ့ လက္ခဏာများဟာ အဆီများ အဝလွန်သူများရဲ့ ဖြစ်ဆဲလက္ခဏာများ ဖြစ်ပါတယ်။
*****
(မေး) အဝလွန် အဆီများသူများ ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက်ဆက်တွဲ ရောဂါများကို ဆက်ပြီး ပြောပြပေးပါဦးဆရာ။
(ဖြေ) အဝလွန် အဆီများသူများ ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက်ဆက်တွဲ ရောဂါများကတော့---
(၁) ယားနာအမျိုးမျိုး ပေါက်ခြင်း။
(၂) အစာမကြောရောဂါနှင့် စိတ်ရောဂါ ဖြစ်ခြင်း။
(၃) နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ခြင်း။
(၄) သွေးတိုးနှင့် လေငန်းရောဂါ ဖြစ်ခြင်း။
(၅) ဆီးချိုရောဂါနှင့် ဆီးရောဂါအမျိုးမျိုး ဖြစ်ခြင်း။
(၆) လိပ်ခေါင်းရောဂါ ဖြစ်ခြင်း။
(၇) အနာနှင့်အကျိတ်အဖု ပေါက်ခြင်း။
(၈) ချောင်းဆိုး ရင်ကျပ်ရောဂါ ဖြစ်ခြင်း။
(၉) သွေးယားကွက် ထခြင်း။
(၁၀) အဆစ်ရောင် အဆစ်ကိုက်ရောဂါ ဖြစ်ခြင်း။
(၁၁) လေားဖက်နာရောဂါ ဖြစ်ခြင်း။
(၁၂) သည်းခြေအိတ်ရောင်ရောဂါ ဖြစ်ခြင်းတို့ဟာ အဝလွန် အဆီများသူများရဲ့ နောက်ဆက်တွဲရောဂါများ ဖြစ်ပါတယ်။
*****
(မေး) အဝလွန် အဆီများသူများအတွက် ကုထုံးနဲ့ ဆေးချက်များကို ပြောပြပေးပါဦး။
(ဖြေ) အဝလွန်ရောဂါ ဖြစ်သူများအတွက် သီတနာ၊ သီတလက္ခဏာလို့ တစ်ဖက်သတ် ဆုံးဖြတ်ပြီး အပူဆေးများကို မပေးသင့်ပါဘူး။ သီတဥဏှ အပူ အအေး မျှတတဲ့ဆေးများကိုသာ ပေးသင့်ပါတယ်။


တိုင်းရင်းဆေး အမှတ်များနဲ့ ကုသမယ်ဆိုရင်---
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၇) သွေးဆေးနီကြီး (၁)ကျပ်၊
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၈)သက်ရင်းကလာပ်ဆေးကြီး (၁)ကျပ်၊
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၉) သဗ္ဗဇေယျ ဆေးစပ်ကြီး (၁)ကျပ်၊
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၇) ပြည်လုံးချမ်းသာဆေးကြီး (၂)ကျပ်၊
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၄၃) အကင်း(၁၀)ပါးဆေး (၂)ကျပ်၊
အထက်ပါ ဆေး(၅)မျိုး၊ ဆေးချိန်(၇)ကျပ်တို့ကို စုပေါင်းရောစပ်ပါ။
နံနက်နဲ့ နေ့လယ် ဆေး လက်ဖက်စားဇွန်း (၁)ဇွန်းခန့် ရေနွေးနဲ့ သောက်ပါ။

ည အိပ်ရာဝင်ချိန်မှာ---
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၉) ဆီးဒူလာဆေး၊ 
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၁၀) ဝမ်းနုတ်ဆေး၊
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၂) စက္ခုပါလ ဝမ်းပုပ်ချဆေး၊
တစ်မျိုးမျိုးကို ဝမ်းအခြေအနေကြည့်ပြီး လက်ဖက်စားဇွန်း (၁)ဇွန်းမှ (၂)ဇွန်းထိ ရေအေးနဲ့ သောက်နိုင်ပါတယ်။


နောက်တစ်ချက်က ပျားရည်ဟောင်းနဲ့ ရေကျက်အေးကို ဆတူရောစပ်ပြီး နံနက်စောစောမှာ သောက်ရင် အဝလွန်ရောဂါဖြစ်ခြင်းကို ပယ်ဖျက်နိုင်တယ်လို့ ရှေးဆေးကျမ်းများမှာ ပြဆိုထားပါတယ်။
*****
(မေး) ဒူလာရောဂါရှင်များနဲ့ အဝလွန် အဆီများသူများအတွက် ဆေးနည်းများ ဒါနပြုပေးပါဦး။
(ဖြေ) ဒူလာ အညောင်းကိုက် ရောဂါ ပျောက်ဆေးနဲ့ အဆီကျ အသားကျစ်ဆေး၊ ဆေးနည်း (၂)ခု ဒါနပြုပေးပါမယ်။


ဒူလာ အညောင်းအကိုက်နှင့် အမျိုးသား အားနည်းရောဂါ ပျောက်ဆေး---
၁။ ကလောဆန်   ၄-ပဲသား
၂။ ချေးသီး   ၄-ပဲသား
၃။ လိပ်ကျောက်ဆူး   ၈-ပဲသား
၎။ ပင်လယ်ရေမြှုပ်   ၈-ပဲသား
၅။ ကြွေပုပ်   ၂-ကျပ်သား
၆။ နွယ်ချို   ၂-ကျပ်သား
၇။ ဇဝက်သာ   ၃-ကျပ်သား
၈။ ဆားပုပ်   ၃-ကျပ်သား
၉။ သိန္ဓော   ၃-ကျပ်သား
၁၀။ အလိုကျူ   ၅-ကျပ်သား
၁၁။ စမုန်နက်   ၅-ကျပ်သား
၁၂။ ကြစု   ၇-ကျပ်သား
၁၃။ ပွေးကိုင်း   ၁၀-ကျပ်သား
ဆေး ၁၃-မျိုး ဆေးချိန် ၄၁-ကျပ် ၈-ပဲသား
အထက်ပါဆေးများ အမှုန့်ပြုလုပ်ပြီး လေလုံပုလင်းနဲ့ ထားပါ။ ည အိပ်ရာဝင်ချိန် ဆေး လက်ဖက်စားဇွန်း (၁)ဇွန်းခန့် ရေအေးနဲ့ သောက်ပါ။ ဒူလာ အညောင်းအကိုက်ရောဂါများနဲ့ အမျိုးသား အားနည်းရောဂါများ သက်သာပျောက်ကင်းစေပါတယ်။


အဝလွန် အဆီကျ အသားကျစ်ဆေး---
၁။ အိမ်မွေ့သီး   ၂-ကျပ်သား
၂။ ချင်းခြောက်   ၂-ကျပ်သား
၃။ ယမ်းစိမ်း   ၂-ကျပ်သား
၎။ သစ်ဆိမ့်သီး   ၂-ကျပ်သား
၅။ ကြစုသီး   ၂-ကျပ်သား
၆။ ဆီးဖြူသီး   ၂-ကျပ်သား
၇။ ပိတောက်မြစ်   ၂-ကျပ်သား
၈။ ကန့်ချုပ်နီ   ၂-ကျပ်သား
၉။ နနွင်းမှုန့်   ၂-ကျပ်သား
ဆေး ၉-မျိုး ဆေးချိန် ၁၈-ကျပ်။
အထက်ပါဆေးများ အမှုန့်ပြုလုပ်ပြီး ပျားရည် သင့်ရုံထည့်ရောစပ်၍ ဆီးကင်းခန့် အလုံးလေးများ လုံးပြီး နေလှန်းပါ။ တစ်ကြိမ်သောက် ဆေး(၁)လုံး နံနက်၊ နေ့လယ်၊ ညနေ တစ်နေ့ ၃-ကြိမ် သောက်ပါ။ ဆေး တစ်လ,နှစ်လ သောက်ပါက သက်သာပျောက်ကင်းစေပါတယ်။


မြောင်းမြ-မောင်ယဉ်တင့်
(နက္ခတ္တ ၂၀၀၆-၃)

1 comment:

zinnwe ko said...

အ၀လွန် ရောဂါ အတွက် အဲဒီဆေးတွေ ကို စပ်ပြီးသားဝယ်လို့ ရလားဟင်။ ဘယ်မှာ ၀ယ်လို့ ရနိုင်မလဲ ဆရာ။