Sunday, January 29, 2012

အကျော် နှင့် တရုတ်စံကား

၂၀၀၅-ခုနှစ် ဇွန်လခန့်မှစ၍ “တရုတ်စကားပင်”များကို တစ်ဖက်နိုင်ငံက ဈေးကောင်း ပေးဝယ်နေကြောင်း နယ်စပ်ဖြစ်သော “မြဝတီ”မြို့တွင် သဆင်းထွက်ပေါ်လာခဲ့သည်။
ထို့နောက် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ တရုတ်စကားပင်အချို့ မြဝတီသို့ ရောက်ရှိလာပြီး အရောင်းအဝယ် ဖြစ်လာခဲ့သည်။

အရောင်းအဝယ်ဖြစ်သော တရုတ်စကားပင်များကို လေ့လာကြည့်သောအခါ ပင်စည်၏ ရင်ဆို့လုံးပတ်သည် (လူကြီး) သုံးထွာဆိုင် အနည်းဆုံး ရှိရမည်ဖြစ်ပြီး အမြစ်ရင်းပါအောင် တူးဖော်လာရမည်။
တစ်ပင်လျှင် ကျပ်ငွေ တစ်သိန်းခန့် ဈေးဖြတ် ဝယ်ယူနေကြောင်း စုံစမ်းသိရှိရသည်။

အထူးစိတ်ဝင်စားဖွယ်ကောင်းသော အချက်မှာ တစ်ဖက်နိုင်ငံမှ ဝယ်ယူနေသော တရုတ်စကားပင်-ဟူသည်မှာ “တရုတ်စကားပင်” မဟုတ်ဘဲ “အဖိုးတန် အကျော်ပင်များ” ဖြစ်ကြောင်း လာရောက် ရောင်းချသူများ အမှန်တကယ် မသိကြခြင်းလား၊ မသိဟန်ဆောင်နေကြခြင်းလားဆိုသည့် အချက်ပင် ဖြစ်သည်။

မြန်မာနိုင်ငံအသီးသီးတွင် တရုတ်စကားပင်နှင့် အကျော်ပင်များကို “ရနံ့သင်း၊ အရိပ်ရ၊ မျက်စိပသာဒဖြစ်အောင်” စိုက်ပျိုးထာေးလ့ရှိကြသည်။ သို့သော် သာမန်ပြည်သူအများစုကမူ တရုတ်စကားပင် နှင့် အကျော်ပင်ကို ကွဲပြားစွာ မသိဘဲ ရှိကြသည်။ 
စင်စစ်တွင် တရုတ်စကားပင်နှင့် အကျော်ပင်သည် ဆင်ဆင်တူရုံသာရှိပြီး အသွင်ကွဲပြားသလို ဆေးဖက်ဝင် အာနိသင်လည်း ကွဲပြားပါသည်။ တန်ဖိုးလည်း မိုးနှင့်မြေပမာ ကွာခြားပါသည်။

သက်တမ်းရင့် အကျော်ပင်၏ အရည်အသွေးမီ ပင်စည်အနှစ်သည် တစ်ပိဿာလျှင် ကျပ်တစ်သိန်း ဝန်းကျင် ပေါက်ဈေးရှိပါသည်။ တရုတ်စကားမှာမူ ပင်စည်အသုံးဝင်မှု မတွေ့ရှိပါ။ 
“အကျော်”သည် မြန်မာတို့ အမြတ်တနိုး တန်ဖိုးထားသော နံ့သာတစ်မျိုး ဖြစ်ပါသည်။
၁။ နံ့သာဖြူ
၂။ နံ့သာနီ
၃။ အကျော်
၎။ စမ္ပာ
၅။ ကရမက်
တို့ကို “နံ့သာမျိုး ငါးပါး”ဟူ၍ ရှေးအတီတေကတည်းက ပြဋ္ဌာန်း သတ်မှတ်ခဲ့ပါသည်။


မြေဆီမြေသြဇာ အထူးကောင်းမွန်ပြီး ရာသီဥတု သင့်တင့်မျှတသော မြန်မာမြေတွင် အကျော်ပင်၏ ကိုင်းကို ချိုးယူထိုးစိုက်ရုံမျှနှင့် အလွယ်တကူ ရှင်သန်နိုင်သော်လည်း ရင်စို့လုံးပတ် သုံးထွာဆိုင်ပမာဏရရှိရန် အနည်းဆုံး (၁၅)နှစ်မှ (၂)နှစ်ခန့် အချိန်ကာလ ရင်းနှီးမြှုပ်နှံရပေမည်။


ဤသည်နှင့် ချင့်တွက် နှိင်းစာပါက ကျပ်ငွေတစ်သိန်းဟူသော တန်ဖိုးသည် လွန်စွာ နည်းပါးလျက်ရှိကြောင်း သတိပြုမိကြစေလိုပါသည်။
တရုတ်စကားပင်နှင့် အကျော်ပင် တို့၏ ကွဲပြားခြားနားပုံ သဏ္ဍာန်နှင့် ဆေးဖက်ဝင် အာနိသင်တို့ကို လက်လှမ်းမီသမျှ စုဆောင်း တင်ပြအပ်ပါသည်။


တရုတ်စကား---
(1) Plumiera acuminata, Ait, Pagoda Tree. (Apocynaceae) 
(2) Plumiera Obtusa. Linn. (Apocynaceae)
တရုတ်စကားပင်သည် နှစ်ရှည်ခံပင်ဖြစ်ပြီး အဖြူမျိုးနှင့် အနီမျိုးဟူ၍ မြန်မာပြည် ဒေသအနှံ့တွင် တွေ့မြင်နိုင်ပါသည်။ တရုတ်စကားရွက်သည် အစိမ်းရောင် (အနည်းငယ်ဖျော့) ရှိပြီး ရွက်ဖျားချွန် သန်လျက်ပုံ ဖြစ်ပါသည်။(အကော်ရွက်ထက် သိသာစွာ သေးငယ်ပါသည်)။


အနီမျိုး၏ အရွက်သည် အနည်းငယ် နီကျင်ရောင်သန်းသော ရွက်ကြောနှင့် ရွက်နားတို့ ရှိသည်။ ပင်စည်တွင် အခေါက်ပါး၍ ကိုင်းနုဖျားတွင် အခေါက်ထူပါသည်။
အဖြူမျိုး၏ ပွင့်ဖတ်၇င်း အပြင်ဘက်တွင် နီညိုရောင်ဖျော့ဖျော့ ရှိပါသည်။ အတွင်းဘက် ပွင့်ဖတ်ရင်းတွင် အဝါနုရောင်ရှိပြီး ရနံ့ စူးရှပါသည်။ (ပွင့်ဖတ်ငါးခုစီ ရှိသော်လည်း အကျော်ပွင့်ထက် သိသာစွာ ငယ်ပါသည်)။


တရုတ်စကားပွင့် အခြောက်သည် မြန်မာ့တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၅) သည်းခြေဆေးတွင် ပါဝင်ပါသည်။ 
မြန်မာ့တိုင်းရင်း ဆေးပညာတွင် “ရသ၊ ဝိပါက၊ ဂုဏ်၊ ဝီရိယ၊ ကိစ္စ၊ ပဘာဝ”တို့ဖြင့် ဆုံးတ်ြသည်ဖြစ်ရာ တရုတ်စကားပွင့်သည်---
ရသ=ပူ-ခါး-ဖန် (စပ်)
ဝိပါက=ပူ-စပ်
ဂုဏ်=ဥဏှဂုဏ်၊ လူခဂုဏ်၊ ဂရုဂုဏ်၊ တိက္ခဂုဏ်။
ဝီရိယ=ဥဏှ ဝီရိယ၊ လူခ ဝီရိယ၊ ဂရု ဝီရိယ၊ တိက္ခ ဝီရိယ။
ကိစ္စ=တရုတ်စကားသည် ဝမ်းကိုသက်စေပြီး လေနှင့်သလိပ်ကို နိုင်ပါသည်။ ဝမ်းမီးတောက်၍ အစာကို ကြေစေပါသည်။


အကြောအားရှိစေပြီး နားလေထွက်ခြင်း၊ နားအူခြင်းကို ပျောက်ကင်းစေပါသည်။ လေချုပ်ခြင်းနှင့် နှလုံးသွေးကြော ကျဥ်းခြင်းကို ပျောက်ကင်းစေပါသည်။ ခေါင်းမူးခြင်းကို ပြေစေသည်။
တရုတ်စကားပွင့်ကို ပြုတ်ပြီး သုပ်စားပါက အစာအိမ်ရောဂါ၊ လေငန်းရောဂါနှင့် သွက်ချာပါဒရောဂါများကို ကာကွယ်စေနိုင်ပါသည်။ ခံတွင်းပျက်ခြင်းကို ပျောက်ကင်းစေပြီး နှုတ်မြိန်စေပါသည်။


တရုတစကားကိုင်းနုနုကို လက်လေးသစ်ခန့်ပိုင်းပြီး အူတိုင်ထုတ်ကာ သိန္ဓောဆား (သို့) ဆားပုပ်၊ (သို့) အိမ်သုံးဆား ဖြည့်သိပ်ပြီး အကျွမ်းဖုတ် အမှုန့်ပြုကာ သံပရာရည်နှင့် လျက်ပေးပါက လည်ချောင်း ယားယံ ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေပါသည်။


တရုတ်စကားမြစ် အခြောက်ကို သနပ်ခါးနှင့်သွေး၍ လိမ်းပါက အသားနုချောစေပါသည်။(ပဘာဝ-အထူးညွှန်းဆိုမှု မရှိပါ)။


အကျော်---
Aquilaria agallocha, Bagle, Aloe Wood, (Thymeleaceae)
အကျော်သည် နှစ်ရှည်ခံပင် ဖြစ်ပြီး အခေါက်ပွ၍ အသားဆတ်ပါသည်။ (တရုတ်စကားထက် သိသာစွာ အခေါက် ထူပွပါသည်)။ အရွက်ဖားပြီး ရွက်ဖျားဝိုင်းပါသည်။
အရွက်သည် အစိမ်းရင့်ရောင် စိုစိုလွင်လွင် ရှိပြီး ရွက်ောကာ ထင်ရှား၍ ရွက်နားညီပါသည်။ အပွင့်သည် ဆွတ်ဆွတ်ဖြူဖွေးပြီး ရနံ့အထူး သင်းပျံ့ပါသည်။ (အပွင့်နီညိုရောင် ရင့်ရင့်လည်း တွေပဖူးပြီး ရှားပါးပါသည်)။


ပွင့်ဖတ် ငါးခုရှိပြီး အပွင့်ပမာဏသည် တရုတ်စကားအပွင့်နှင့် သိသိသာသာ ကြီးမားကွာခြားပါသည်။
အကျော်၏ ပင်စည်အနှစ်သည် မြန်မာ့တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၅) သည်းခြေဆေးတွင် ပါဝင်ပြီး တိုင်းရင်းဆေးဆရာကြီးများ၏ ကိုယ်ပိုင်သွေးဆေးအမည်များစွာတွင် ပါဝင်ပါသည်။
ရသ=ပူ-ခါး-စပ်-မွှေး။
ဝိပါက=ပူ-စပ်။
ဂုဏ်=ဥဏှဂုဏ်၊ လူခဂုဏ်၊ လဟုဂုဏ်၊ တိက္ခဂုဏ်။
ဝိရိယ=ဥဏှဝိရိယ၊ လူခဝီရိယ၊ လဟုဝီရိယ၊ တိက္ခဝီရိယ။
ကိစ္စ=ဝမ်းမီးတောက် အစာကြေစေသည်။ သလိပ်ကို နိုင်နင်းပြီး သွေးကို ကြည်လင်စေသည်၊ အေးဖွဲ့ပိတ်သော ဦးခေါင်း လေးလံခြင်းကို ပျောက်ကင်းစေသည်။ 


ဇက်ကြောတောင့်တင်းခြင်းနှင့် ကိုယလက်လေးလံထိုင်းမှိုင်းခြင်းကို ပျောက်ကင်းစေသည်။ လျှာလေးခြင်း၊ နှုတ်လေးခြင်းကို လျှာပွတ်ပေးနိုင်သည်။ သွေးနှင့်လေကို သက်စေသည်။ သွေးကြော ပိတ်ဆို့ခြင်းကို နိုင်သည်။ နှလုံးတုန်ခြင်းကို သက်သာပျောက်ကင်းစေသည်။ အနှစ်သည် အားကို ကြွစေသည်။ သည်းခြေကို ရွှင်စေသည်။ ကိုယ်တွင်း ပိတ်ဆို့မှုများပို ပယ်ရှား၏။ 


ပဘာဝ=ကိုယ်နံ့ကောင်းစေ၍ အသားအရေ ခန်းခြောက်ခြင်းကို ပျောက်ကင်းစေသည်။
ဒဗ္ဗဂုဏပကာသနီ ဆေးကျမ်းကြီးတွင် အကျော်၏အကျိုးကား အမာပေါက်ခြင်းကို နိုင်ခြင်း၊ ခါးသော အရသာ, စပ်သော အရသာရှိခြင်း၊ ပူခြင်း၊ သလိပ်နှင့်လေကို နိုင်ခြင်း၊ သတ္တိရှိ၏-ဟုပြဆိုထားပါသည်။


အစားထိုးဆေးပစ္စည်း အနေဖြင့် အကျော်မရရှိလျှင် ပန်းနုကို အစားထိုး အသုံးပြုနိုင်ပါသည်။
အဖိုးတန် “အကျော်ပင်” များကို မြန်မာနိုင်ငံအနှံ့တွင် လွယ်ကူစွာ စိုက်ပျိုးနိုင်ပါသည်။ အကျော်ပင်များကို စိုက်ပျိုးထားခြင်းဖြင့် မျက်စိပသာဒ ဖြစ်စေခြင်း၊  အေးမြသော အရိပ်ရခြင်း၊ အကျော်ပွင့်၏ သင်းပျံ့သော ရနံ့ကြောင့် စိတ်နှလုံး သာယာ ရွှင်လန်း အပန်းပြေစေခြင်း အကျိုးကျေးဇူးတို့ကို ရရှိစေနိုင်သည့် အပြင် သက်တမ်းရင့်လေ တန်ဖိုးမြင့်လေ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။


မောင်ဆင့် (ဆင်မင်း)
မှီငြမ်းပြုသော ကျမ်းကိုးစာရင်း
၁။ အရှင်ပဒုမ-မထေရ်၊ (ဘာသာပြန်ဆိုတော်မူသော) ဒဗ္ဗဂုဏပကာသနီကျမ်း (၁၁၈၁-၁၁၈၉)ခုနှစ်ခန့်။
၂။ ဘေသဇ္ဇနယ ညွန်ပပေါင်းကျမ်း။ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအဖွဲ့ (၁၉၉၁)ခုနှစ်။
၃။ (မြန်မာ့တိုင်းရင်း) “ဆေးပညာ စာပေစာတမ်း” ဦးသာတင် (ဆရာကြီး ဦးမာဃ) (၁၉၈၃)ခုနှစ်။
၎။ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန တိုင်းရင်းဆေး ဆရာ သင်တန်း အမှတ်စဉ်(၁) မန္တလေးမြို့၊ သင်တန်းမှတ်စုများ၊ (၁၉၉၈)ခုနှစ်။
၅။ စာရေးသူ၏ နယ်စပ်ဒေသ လေ့လာတွေ့ရှိချက်များ (၂၀၀၅-ခုနှစ် ဇွန်လမှ အောက်တိုဘာလထိ)။

(နက္ခတ္တ ၂၀၀၆-၃)

No comments: