Tuesday, January 31, 2012

ရခိုင်ဘုရင်များနှင့် အတိတ်နိမိတ် ကောက်ယူခြင်း

အတိတ်ဆိုသော စကားမှာ ပါဠိမှဆင်းသက်လာသော စကားတစ်ရပ်ဖြစ်ပေသည်။ အနာဂတ်တွင် တွေ့ကြုံ ဖြစ်ပျက်မည့်အရာကို ကြိုတင်၍ တိုက်ရိုက်မဟုတ်သော်လည်း တစ်နည်းနည်းဖြင့် ဖော်ပြခြင်းဖြစ်သည်။

ထို့အတူ နိမိတ်စကားရပ်မှာလည်း ပါဠိမှ ရွေ့လျားလာသော မြန်မာဝေါဟာရဖြစ်သည်။ အနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် အကြောင်းအရာကို ကြိုတင်သိမြင်နိုင်သော ကိစ္စရပ် ပေါ်ပေါက်ခြင်းပင် ဖြစ်သည်။

ဤနိမိတ်မှာလည်း တိုက်ရိုက်ဖြစ်ပေါ်ခြင်း မဟုတ်ဘဲ ဉာဏ်ပညာဖြင့် ကောက်ယူရသော လက္ခဏာတစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် ရှေးအခါက တွေ့ကြုံခဲ့ရသော ကြိုတင် အကြောင်းခြင်းရာများကို ခန့်မှန်းတွက်ဆပြီး အနာဂတ်ကို ဟောသော ပညာရပ်ကို အတိတ်နိမိတ် ကောက်ယူသော ပညာရပ်အဖြစ် ကျမ်းတစ်စောင် ပြုစုထားခဲ့ပေသည်။ ၄င်းမှာ တိတ်တုံကျမ်းပင် ဖြစ်ပေသည်။

ရှေးအခါက ရခိုင်ဘုရင်များသည် အတိတ်နိမိတ်ပညာကို ယုံကြည်ကြသည်။ အဘယ့်ကြောင့်ဆိုသော် တွေ့ရှိရသော အတိတ်နိမိတ်အတိုင်းလည်း ဖြစ်ပေါ်လာသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ဗေဒင်ပညာရှိ၊ အတိတ်နိမိတ် ဖတ်ကြားနိုင်သော ပညာရှိ နက္ခတ်ပညာရှိများကို ဟူးရားတတ်များအဖြစ် ခန့်အပ်ထားခဲ့သည်။ ဘုရင်၏နန်းတော်အတွင်း၌ ဟူးရားဖြူ၊ ဟူးရားညို-ဟူ၍ နှစ်မျိုးရှိခဲ့သည်။

ဟူးရာဖြူ-မှာ ပုဏ္ဏားမျိုးနွယ် ဗြာဟ္မဏဖြစ်ပြီး၊ ဟူးရားညိုများမှာ တိုင်းရင်းသား ပညာရှိများ ဖြစ်ကြသည်။
အတိတ်နိမိတ် ကောက်ယူ၍ လျှောက်ထားချက်များကို ရခိုင်ဒေသတွင် ဒုတိယ ဓညဝတီခေတ်(ဘီစီ-၁၅၀၇ မှ ၅၈၀) ကပင် တွေ့ရှိရပေသည်။

ထိုခေတ် ဘုရင်သီဟရာဇာမင်းသည် မိဖုရားကြီး ဝိမလာဒေဝီနှင့် ဓညဝတီကို အုပ်ချုပ်ခဲ့သည်။ ထိုဘုရင်ကြီးသည် တစ်ခုသော ညအခါ၌ ဤသို့အိပ်မက် မြင်မက်ခဲ့သည်။
“သီရိရာဇာ ဘုရင်ကြီးသည် နေနှင့်လတို့ကို ယူ၍ မိဖုရားကြီး ဝိမလာဒေဝီအားပေးသည်-ဟု အိပ်မက် မြင်မက်ခဲ့သည်။”
ဤအကြောင်းကို အတိတ်ယူပြီး ဝိမလ အမတ်ကြီးက လျှောက်ထားခဲ့သည်။


“အရှင်မင်းမြတ် သူရိယ နေကိုသာ ဆွတ်ယူ၍ ပေးတော်မူသော် ဘုန်းတော် ကျက်သရေ တောက်ထွန်းသော သားတော် ဖွားမြင်ရသည်။ စန္ဒာ, လကို ဆွတ်ယူလျက် ပေးသည်ဟု မြင်မက်လျှင် စကြာမန္ဓာတ်သားနှင့် ထိုက်တန်သော သမီးတော် ဖွားရာသည် အမှန်ဖြစ်ပါသည်။


ယခု ထင်မြင်တော်မူသော အိပ်မက်တွင် နေလအစုံကို ဆွတ်၍ မိဖုရားကြီးအား ပေးတော်မူသည့်အလို ဇမ္ဗူဒိပ်ကျွန်း၌ အတက်မရှိအောင် ဘုန်းရောင် ထွန်းလင်း အမင်းမင်းတို့ ဦးညွတ်လာရသော သားတော်မြတ်ကို ဖွားမြင်တော်မူပါမည်။ လရောင်ပမာ ချမ်းအေးစွာ သတ္တဝါတို့၏ အထွတ်အထိပ် ဖြစ်တော်မူသော ဘုရားလောင်း ဓမ္မတာ ဝိဇ္ဇာပွင့်၍ သားတော်နှင့်တွေ့ကြုံတော်မူရပါမည် အမှန်ဖြစ်ပါကြောင်း မဟာမင်္ဂလာကြီး မြင်မက်သော အိပ်မက်ဖြစ်ခဲ့တော်မူပါသည်။”

ဟု လျှောက်ထားလေသည်။ ထိုအခါ ဘုရင်ကြီးသည် သဘောကျတော်မူ၍ ပတ္တမြားလက်စွပ် တစ်ကွင်းနှင့် ဆင်ပေါက် တစ်စီး ချီးမြှင့်တော်မူသည်။
ထိုအမတ်တော် ဝိမလ လျှောက်ထားချက်အတိုင်း မဟာသက္ကရာဇ်(၇၂)ခု ပြာသိုလ်ပြည့်နေ့ နေဝင်လုဆဲဆဲ လပြည့်ဝန်းကလည်း ထွက်ပေါ်လာသည့်အချိန် မိဖုရားကြီးသည် သားတော်တစ်ပါး မွေးဖွားခဲ့သည်။ ထိုမင်းသားငယ်အား နေလ အတိတ်နှင့် နိမိတ်ကို ယူပြီး စန္ဒသူရိယ-ဟု အမည်ပေးခဲ့သည်။ စန္ဒသူရိယ မင်းသားသည် ဘုရင်ဖြစ်သောအခါ တတိယ ဓညဝတီကို (ဘီစီ ၅၀၀)တွင် တည်ထောင်စိုးစံခဲ့သည်။ ဤဘုရင်လက်ထက်တွင် မြတ်ဗုဒ္ဓသည် ဓညဝတီသို့ ကြွရောက်ပြီး မဟုမြတ်မုနိ ရုပ်ရှင်တော်ကို သွန်းလုပ်ခဲ့သည်။ 


ထိုမင်းသားကို ဖွားသော ညအခါ၌ ဥက္ကာကြယ်ပျံ တစ်စုသည် အနောက်အရပ်မှ လာရောက်ပြီး နန်းတော်အထွတ် ပြာသာဒ်၌ ကျရောက်ခဲ့သည်။ ဤနိမိတ်ကို အမတ်တော် ဝိမလအား လျှောက်စေခဲ့သည်။ အမတ်ကြီးသည် ဤနိမိတ်အကြောင်းကို လျှောက်ထားခဲ့သည်မှာ---
“အရှင်မင်းမြတ် ဥက္ကာကြယ်ကြီးသည် အနောက်အရပ်မှ လာရောက်ပြီး နန်းတော်အထွတ် ပြာသာဒ်တော်၌ ကျသည်အလိုကား အရှင်မင်းကြီး၏ သားတော် စန္ဒသူရိယမင်း လက်ထက်တွင် အနောက်အရပ်မှ တန်ခိုးကြီးသော မြတ်စွာဘုရားသည် ဓညဝတီသို့ ကြွရောက်ရန်အကြောင်းပင် ဖြစ်ပါသည်။ -ဟုလျှောက်ထားလေသည်။


စန္ဒသူရိယ၏ အနွယ်တော် (သူရိယမင်းဆက်) (၂၅)ဆက်မြောက်တွင် တတိယ ဓညဝတီ၌ သူရိယကေတုမင်း အုပ်စိုးခဲ့သည်။ မိဖုရားကြီးမှာ သုဘာသီလဒေဝီ ဖြစ်ပေသည်။ 
သူရိယကေတုမင်းတွင် သားယောက်ျားမရှိ၍ သားဆုတောင်းခဲ့သည်။ မကြာမီ ငှက်လင်းတ တစ်ကောင်သည် သားတစ်တစ်ခုကို ကိုက်၍ နန်းတော်အမိုး၌ လာရောက်နာေးလသည်။ ထိုလင်းတသည် သားတစ်ကို ထားပြီး ပျံသွားခဲ့သည်။ ဤနိမိတ်ကို မင်းကြီးသည် အမတ်ကြီး ဥတ္တမသီရိကျော်အား လျှောက်တင်စေခဲ့သည်။


အမတ်ကြီးသည် ဤနိမိတ်အကြောင်းကို လျှောက်တင်ခဲ့သည်မှာ---
“အရှင်မင်းမြတ် ငှက်အမျိုးတွင် ဤငှက် လင်းတမျိုးသည် သတ္တဝါတို့၌ အသက်ကုန်မှသာ စားပါသည်။ ငှက်သူတော်မျိုး ဖြစ်ပါသည်။ မိမိတို့ သွားရာသို့လဲ အစာချီယူ ပျံသွားလေ့ မရှိပါ။ လင်းတငယ်တို့မှာ မိဘတို့စားခဲ့သော အာဟာရနှင့်သာ ကြီးပြင်းလာရပါသည်။
ထိုငှက်မျိုး သားတစ်ကို ချီလျက် နန်းတော်၌ နား၍ သားတစ်ကို ချခဲ့သည့် အလို ဘုန်းပညာ ကျက်သရေနှင့် ပြည့်စုံတော်မူသော သားတော်ကို အရှင်မိဖုရား ဖွားမြင်တော်မူပါလိမ့်မည်”
ဟု လျှောက်ထားခဲ့လေသည်။


ဘုရင်မင်းမြတ်သည် ဥတ္တမသီရိကျော် အမတ်ကြီး၏ လျှောက်ထားချက်ကို သဘောကျ၍ အမတ်ကြီးအား ပတ္တမြားလက်စွပ်တစ်ကွင်း ဆုချတော်မူသည်။ 
မိဖုရားကြီးသည် သားတော်တစ်ပါး ဖွားမြင်ခဲ့သည်။ ထိုနေ့၌ ဥက္ကာပျံခြင်း၊ မြေကြီးလှုပ်ခြင်း၊ စသော နိမိတ်တို့ ထင်ကုန်သည်။ ထိုမင်းသားအား မဟာတိုင်းစန္ဒြမင်းသားဟု အမည်မှည့်ခဲ့သည်။


ထိုမင်းသားသည် ခမည်းတော် လွန်သောအခါ ထီးနန်းကို ဆက်ခံခဲ့သည်။ နောက်တွင် ဝေသာလီမြို့တော်ကို တည်ထောင်စိုးစံခဲ့သည်။ ထိုမင်း၏ မိဖုရားကြီးမှာ ကပ္ပိလဝတ်ပြည်မှ သာကီဝင်မျိုးနွယ် သုပဘာဒေဝီ မိဖုရား ဖြစ်လေသည်။ ဤမင်းသည် သူရိယစိတ္တြမင်း ဖြိုကြွင်းသက္ကရာဇ် (၂၄၉)တွင် ဝေသာလီမြို့တော်ကို တည်ထောင်စိုးစံခဲ့သည်။


ထို့ကြောင့် ရှေးအခါက ရခိုင်ဘုရင်တို့သည် အတိတ်နိမိတ်ကို များစွာယုံကြည်မှု ရှိခဲ့ကြသည်။


ရွှေခိုင်ကျော် (မြောက်ဦး)
ကျမ်းကိုး။ ။ ရမ်းဗြဲမြို့ တောင်ကျောင်းဆရာတော် အရှင်စန္ဒမာလာလင်္ကာရ ရေးသားသော ရခိုင်ရာဇဝင်သစ်ကျမ်း။


(နက္ခတ္တ ၂၀၀၆-၃)

No comments: