Sunday, January 22, 2012

စာမေး ဖြေဆိုမည့်သူများအတွက်

နတ်မောက်မြို့၏ မြောက်ဘက် (၁၇)မိုင်ခန့် ဝေးကွာသော ရွှေကန်ရွာသို့ ရောက်ရှိစဉ် ကျောင်းထိုင် ဆရာတော်ကြီး ဦးဝါသဝ-မှ အောင်မြင်မှုအလီလီ ဆွတ်ခူးရရှိစေနိုင်သော “မကိုဋ်ထါတ်ဦး၊ အောင်ဆုထူး ဂါထာ” ကို ချီးမြှင့်မိန့်ကြားသဖြင့် ရေးသားတင်ပြလိုက်ပါသည်။


(သို့သော် ဘာမှမလုပ်ဘဲ ထိုင်နေပြီး လုံ့လဝီရိယ မစိုက်ထုတ်ဘဲ ဤဂါထာကို တစ်သက်လုံး ထိုင်ရွတ်နေလဲ ဘာအောင်မြင်မှုမှ ရမည်မဟုတ်-ဟု မှတ်ယူပါ)
အောင်မြင်မှုဟူသည် ကြိုးစားမှ ထိုက်သင့်သော ပေးဆပ်ရင်းနှီးမှု ရှိမှသာ ရရှိနိုင်သောအရာ ဖြစ်ပါသည်။ 
သို့သော်---
သို့သော် ကြိုးစားပါလျက် ထိုက်သင့်သော လုံ့လဝီရိယနှင့် ပေးဆပ်ရင်းနှီးမှု ရှိပါလျက် အောင်မြင်မှု မရသူများ ဤဂါထာကို နေ့စဉ် (၉)ခေါက် ယုံကြည်စွာ ရွတ်ပါ။ ဂါထာ၏အစွမ်းကို အကျယ်ချဲ့ မတင်ပြလိုတော့ပါ။ လက်တွေ့အကျိုးထူးကို ကိုယ်တိုင် ရွတ်ဖတ်ကြည့်လျှင် သိရှိလာပါလိမ့်မည်။

ဂါထာတော်မှာ-
ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသိနံ၊ ဇယံ ဒေတု ဇယုတ္တရော။
အနက်---
ယော ယဇစက္ကော-ပါရမီတော်ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။
ဇယာသနေ-အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌။
ဇယိတဗ္ဗေ-အောင်အပ်သည့်တရား မာရ်ငါးပါးတို့ကို။ 
ဇယန္တော-အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။
ဇယေသီနံ-မြတ်နိဗ္ဗာန်အောင်ခန်းနှင့် အောင်ဘိသိက်ပန်းမဂ်ဖိုလ်ကို များထိုထို ဝဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှားမှီးကာ နေကြသူတို့အား။
ဇယာပေသိ-ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကိုဆွတ်ချူ၍ ထွတ်အငူ အမြိုက်ဓာတ်သို့ ဆိုက်ကပ်တော် မူစေ၍ အောင်စေတော်မူလေပြီ။
ဇယုတ္တရော-အောင်သူတကာတို့၏မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး အောင်ပွဲဝင်ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော။
သော ဇယစက္ကော-အလုံးစုံအောင်ခြင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ 
မေ-မြတ်နိဗ္ဗုအောင်ပန်းကို ဆွတ်ချူရန် လက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူအကျွန်ုပ်အား။
ဇယံ-အောင်ခြင်းကို (ဝါ) အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိပန်းခိုင်ကြီးကို။ 
ဒေတု-ပေးသနားတော်မူပါဘုရား။


လက်တွေ့ရွတ်ဖတ် အောင်မြင်မှု ရရှိကြပါစေသော်။
နတ်မောက် ကောင်းမွန်မြင့်
(နက္ခတ္တ ၂၀၀၆-၃)

No comments: