Wednesday, January 25, 2012

ပိစပ်ပင်နဲ့ ဆေးအသုံး

ကျွန်မတို့ အထက်မြန်မာနိုင်ငံ မိုးနည်းရပ်ဝန်းဒေသတစ်ခု ဖြစ်သည့် မန္တလေးတိုင်းအတွင်းရှိ အချို့သော မြို့နယ်ရှိ ကျေးလက်တောရွာ ဒေသများတွင် ပေါက်လေ့ရှိသည့် ဆေးပင်ကလေးအကြောင်း တင်ပြလိုပါသည်။ ဆေးပင်၏အမည်မှာ ပိစပ်ပင် ဖြစ်ပါသည်။ အချို့က တောပိစပ်ပင်-ဟု ခေါ်ကြပါသေးသည်။


အပင်၏ ပင်စည်မှာ အတန်ငယ်တုတ်ပြီး အရှည်မှာ (၃)ပေမှ (၇)ပေ၊ (၁၀)ပေအထိ မြင့်တတ်ပါသည်။ ပင်စည်အရောင်မှာ အစိမ်းရင့်ရောင်ဖြစ်ပြီး အကိုင်းအခက်များဖြင့် ဝေဆာနေတတ်ပါသည်။ ၄င်း၏အရွက်မှာ အဓိက ဆေးဖက်ဝင်ခြင်း ဖြစ်ပါသည်။

အရွက်၏အနံပမှာ စိမ်းရွှေရွှေအနံ့ ဖြစ်ပါသည်။ အများဆုံးတွေ့ရသော ဒေသမှာ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်အတွင်းရှိ သာစည်၊ မလှိုင်၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ ရမည်းသင်း မြို့နယ်များရှိ ကျေးလက်ဒေသများတွင် လယ်ကွင်း၊ ယာခင်း၊ လမ်းဘေး ဝဲယာ ချုံနွယ်များကြားတွင် များစွာ တွေပနိုင်ပါသည်။

အသုံးချနည်းမှာ ပိစပ်ပင်၏ အရွက်ကို ခူး၍ အစိမ်းလိုက် ရေစိမ်ပြီး ဆေးကြောပြီးနောက် အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့သို့ မှန်မှန် ခတ်သောက်လျှင်၎င်း၊ အရွက်စိမ်းကို ဟင်းလျာအတို့အမြှုပ်အဖြစ်၎င်း၊ စားသုံးနိုင်ပါသည်။

သက်သာပျောက်ကင်းနိုင်သော ရောဂါများမှာ---
(၁) ကိုယ်ဖော ကိုယ်ရောင်ခြင်း။
(၂) ရင်ခေါင်း၊ ရင်ဘတ်အောင့်၍ နာခြင်း။
(၃) ဝမ်းပျက်၊ ဝမ်းရောင်၊ ဝမ်းကိုက်ခြင်း။
(၄) သွေးတိုးရောဂါ (သက်သာပျောက်ကင်းပါသည်)

နေ့စဉ် မှန်မှန် အအေးခံ၍ ည၊ မနက် အစာစားပြီးချိန်တွင် သောက်ပါက ဆီးရွှင်ခြင်း၊ လေသက်ခြင်း စသည့် အကျိုးများ ခံစားရပါသည်။ လက်ဖက်ရည်ကြမ်း ကဲ့သို့ မှန်မှန်သောက်နိုင်ပါသည်။ စာရေးသူကိုယ်တိုင် စားသုံးလျက်ရှိပါသည်။

ကျွန်မနှင့် ခင်မင်ရင်းနှီးသူ အမျိုးသားကြီးမှာ အသက်(၈၀)ကျော်ရှိချိန် ကိုယ်ရောင်ရောဂါအား သွားရောက်ပြသ ကုစားခဲ့သော်လည်း တစ်လခန့်သာ သက်သာ၍ ဝက်သားပြန်စားတိုင်း ကိုယ်များ ပြန်ရောင်လာပါသည်။

နောင်အချိန်တွင် ဤဆေးပင်ကလေး၏ အရွက်ကို အိမ်၌ အမြဲဆောင်ထားပြီး ပြုတ်၍သောက်ရာ ကိုယ်ရောင် ကိုယ်ဖောများ သက်သာပျောက်ကင်း၍ ကျန်းမာဝဖြိုးပြီး ယခုတိုင် အသက်(၁၀၀)ကျော်အထိ အိပ်၍ကောင်း စားတိုင်းဝင် အစာကြေလျက် ရှိပါသည်။

အိပ်ရာမှ နိုးထတိုင်း စိတ်ရော ကိုယ်ပါ လန်းဆန်းဖြတ်လတ်၍ ဦးနှောက်ကြည်လင်စေသည့် ဆေးပင်ကလေး
ဖြစ်ပါကြောင်း ရေးသားပေးပို့တင်ပြ လိုက်ရပါသည်။


ရွှေစည် ကြည်ကြည်အေး
(နက္ခတ္တ ၂၀၀၆-၃)

No comments: