Friday, February 3, 2012

သိက္ခာလေးတော့ ကျန်ချင်သား

၁။ သတ္တဝါမျိုးစိတ်တိုင်းတွင်အသိအမှတ်ပြုရမည့် ကိုယ်ပိုင်အရည်အချင်း တစ်ခုစီ ရှိတတ်ကြပါသည်။ သဘာဝတရားကြီးက ပေးထားသည့် မွေးရာပါ အရည်အချင်း ဖြစ်ပါသည်။ ထိုမှတဆင့် ဉာစ်ရည်မြင့်သည့် သတ္တဝါက ဉာဏ်ရည်မြင့်သလောက် သူတို့၏ မျိုးဆက်သစ်များကို ရှာဖွေပြီး လက်ဆင့်ကမ်းလေ့ရှိပါသည်။ ထိုနည်းဖြင့် ပိုမိုတိုးတက်လာသည့် ကမ္ဘာသစ်ကြီး ဖြစ်လာပါသည်။


၂။ ကျွန်မတို့ငယ်စဉ်က သတ္တမတန်း ကဗျာလက်ရွေးစင်တွင် “ပညာသည်”ဟူသည့် ခေါင်းစဉ်ဖြင့် စာဘူးတောင်း ကဗျာအကြောင်း သင်ကြားခဲ့ရပါသည်။ ခေတ်စမ်းလင်္ကာ ကဗျာ အမျိုးအစားဖြစ်ပြီး ရေးသားသူမှာ “မိုးစည်”ဖြစ်ပါသည်။ 
တိမ်မှောင်ချဉ်း၍
မလင်းရောင်ဝါ
မှိုင်းအုပ်ကာလျှင်
ဘယ်ညာမလပ်
လောကဓာတ်သို့ 
တိုက်ခတ်တုန်ဟီ
လေပြင်းချီသော်
တွဲလီတွဲလောင်း
စာဘူးတောင်းလည်း 
မညောင်းမကြောက်
သိုက်အုံဆောက်သည်
အံ့လောက်ပညာသည် တကား။

ထိုကဗျာလေးကို အလွတ်ရွတ်ဆိုနိုင်လာသောအခါ စာကလေးငှက်များ၏ စာဘူးတောင်းသိုက်ကို
လေ့လာကြည့်မိပါသည်။ လူတို့ပင် မဖန်တီးနိုင်သော လက်ရာကို တွေ့ရပါသည်။ လေပြင်းတိုက်ခတ်၍ လူနေအိမ်များ အမိုးအကာ ပျက်စီးသွားသော်လည်း စာဘူးတောင်းသိုက်ကတော့ ဟန်မပျက် ကျန်ရစ်နေတာကို တွေ့ခဲ့ရဖူးပါသည်။ တော်ရုံဖြင့် မပျက်စီးသွားတာကို တွေ့ရသည်။ စာကလေးများအတွက် သဘာဝကပေးထားသော အရည်အချင်း ဖြစ်ပါလိမ့်မည်။


ကျွန်မတို့နေထိုင်ရာ တိုက်ခန်းများ၏ ပြတင်းပေါက် အထက်ဘက်တွင် လေဝင်လေထွက် ကောင်းစေရန်နှင့် မိုးရေလည်း မပက်ရအောင် မှန်ပြားနှစ်ချပ်ကို လွှဲပြီးကာပေးထားပါသည်။ ထိုမှန်ပြားနှစ်ချပ်ကြားသည် စာကလေးများအတွက် စာဘူးတောင်းလုပ်ရန် အကောင်းဆုံးနေရာ ဖြစ်နေပါသည်။ လွန်ခဲ့သော ငါးနှစ်ခန့်က ကျွန်မနေထိုင်ရာအရပ်တွင် စာကလေးများ အသိုက်လာဆောက်ကြပါသည်။ ဥကလေးများ ပေါက်နေသည်ကို တွေ့သောကြောင့် ကျွန်မလည်း မဖျက်ဆီးရက်ဘဲ သည်အတိုင်း ပေးနေ လိုက်ပါသည်။ အကောင်ပေါက်ကလေးများ ပျံသန်းနိုင်သည့်အရွယ်သို့ရောက်သောအခါ သူတို့ဘာသာ အသိုက်ကိုဖျက်ပြီး နေရာပြောင်းသွားကြပါသည်။ အဲသည်နောက်မှာတော့ နှစ်အတန်ကြာ အသိုက်လာမဆောက်ဘဲ နေကြပါသည်။


လွန်ခဲ့သည့်တစ်ပတ်က ကျွန်မဧည့်ခန်းထဲသို့ သစ်ရွက်အမျိုးအစားပေါင်းစုံနှင့် ကောက်ရိုးလို အမျှင်ကလေးများက လေတိုက်တိုင်း ကျလာပါသည်။ တံမြက်စည်းလှည်းလို့လဲ မနိုင်၊ ဖုန်စုပ်လို့လည်း မနိုင်အောင် များပြားလှပါသည်။ ကျွန်မအခန်းသည် အပေါ်ဆုံးအထပ်ဖြစ်သဖြင့် လေပိုတိုက်ခံရပါသည်။ သည်လောက်များသည့် အမှိုက်ပေါင်းစုံ ဘာကြောင့်အိမ်ထဲဝင်လာရသည်ကို ကျွန်မ ဆန်းစစ်ကြည့်ရပါ
တော့သည်။ စာကလေးများသည် အရင်ကလိုပင် လေဝင်လေထွက်ပေါက် မှန်နှစ်ချပ်ကြားသို့ အသိုက်လာဆောက်ကြပြန်ပါသည်။ သို့သော်လည်း သူတို့သည် အသိုက်ကိုဖြစ်အောင် မဆောက်နိုင်တော့တာကို တွေ့ရသည်။ သူတို့သယ်လာသည့် သစ်ရွက်များနှင့် အမှိုက်စ တစ်ချို့ကို နေရာချခဲ့ပြီး ပျံထွက်သွားချိန်တွင် လေတိုက်သောအခါ အကုန်ပြုတ်ကျလာပြီး ကျွန်မ၏ ဧည့်ခန်းထဲသို့ ဝင်လာခြင်းဖြစ်ပါသည်။


ကျွန်မတိုက်ခန်းတွင် နေထိုင်ပြီး ခြံထဲတံမြက်စည်းလှည်းသလို လှည်းနေရပါသည်။ လေတိုက်နေလို့ အသိုက်မဆောက်နိုင်တာနေမှာဟု တွေးရအောင်လည်း ကျွန်မတို့တိုက်ခန်းသို့
ပြောင်းရွှေ့စအချိန်တုန်းက လေတိုက်နှုန်း ပိုပြီးပြင်းပါသည်။ ကျွန်မတို့ တိုက်တန်းလျား ရှေ့သည် ကွင်းပြင်ကြီးအဖြစ်သာ ရှိနေသေး၍ ဖြစ်ပါသည်။ ယခုအခါမှာတော့ စက်မှုဇုန် အဆောက်အအုံကြီးများ ထွန်းကားနေပြီဖြစ်သောကြောင့် အကာအကွယ်ရကာ လေတိုက်သက်သာသွား ပါသည်။ နှစ်ပတ်ဆက်တိုက် အသိုက်ဆောက်သော်လည်း မအောင်မြင်သောအခါ ဘယ်အရပ်သို့ ပြောင်းရွှေ့သွားကြသည် မသိတော့ပါ။ 
“ပညာသည်”အဖြစ် တင်စားခံရသည့် စာကလေး သိက္ခာကျသွားပြီဟု ကျွန်မ ခံစားလိုက်ရပါသည်။


၃။ ဆေးပညာများ တိုးတက်လာသည့် သည်နေ့ခေတ်တွင် ငှက်ဖျားရောဂါပိုး ပျောက်သလောက် နီးပါး
ဖြစ်သွားသည်ကို တွေ့ရပါသည်။ ဆေးပညာများကလည်း အစွမ်းထက်လာတာ ဖြစ်သလို ငှက်ဖျားရောဂါပိုး သယ်ဆောင်နိုင်သည့် ခြင်မျိုးစိတ် တုံးသွားသောကြောင့်လည်း ဖြစ်သည်ဟု ဆေးသုတေသနတစ်ခုတွင် ကျွန်မဖတ်လိုက်ရသည်။ အမျိုးမတူသည့် ခြင်များနှင့် သွေးရောနှောမိ၍ ငှက်ဖျားပိုး သယ်ဆောင်သည့်  
ခြင်မျိုးစိတ် ပျက်သွားခြင်းဖြစ်မည်ဟု သုတေသနသမားများက သုံးသပ်ကြသည်။


ခြင်နှင့်ပတ်သက်သည့် ဟာသလေးတစ်ခု ကျွန်မဖတ်ခဲ့ဖူးသည်။ ခြင်ထီးကြီးတစ်ကောင်က ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်၍ စာဖတ်နေပြီး သူ့အိမ်သူ ခြင်မအား ရှင်မရေ နေမကောင်းချင်သလို
ဖြစ်နေလို့ ခြင်ဆေးလေး ထွန်းပါဦးကွာ-ဟု လှမ်းပြောနေသည့်ပုံဖြင့် သရုပ်ဖော်ထားတာတွေ့ရသည်။ 
ခြင်မျိုးစိတ် ပျက်သွား၍ ခြင်သိက္ခာကျသွားခြင်းလား၊ ခြင်ဆေးဒဏ်ခံနိုင်လာပြီး ခေတ်သစ် ခြင်မျိုးစိတ်ကို ကာကွယ်ပေးနိုင်၍ သိက္ခာတက်လာပြီ ပြောရမလား ကျွန်မ မသိတော့ပါ။ 


၎။ ကျွန်မတို့ငယ်စဉ်တွင် အဖေက အိမ်မှာ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ခဲ့ဖူးပါသည်။ အရာရှိ ဝန်ထမ်းအိမ်ရာ ခြံဝင်းကျယ်ကြီးများထံတွင် မွေးထားစရာမလိုသည့် ခွေးလေခွေးလွင့်များကလည်း လာနေကြပါသည်။ ဝက်စာ အကြွင်းအကျန်များကို စားရပြီး ဝဖြိုးနေကြပါသည်။ ခြံထဲသို့ လူစိမ်းဝင်လာလျှင် ခွေးများက အေးဆေးသက်သာစွာ အိပ်နေကြပြီး ဝက်များက အော်ပေးကြပါသည်။ ဝက်များကို ဝက်ခြံထဲသို့ ထည့်မထားမိသည့် နေ့များဆိုလျှင် ဝက်များသည် လူစိမ်းကို လိုက်ကိုက်ပါတော့သည်။ ခွေးကိုက်ခံရသကဲ့သို့ အနာတရ ဖြစ်သောကြောင့် ကျွန်မအဖေက ခြံရှေ့တွင် “ဝက်ကိုက်တတ်သည်”ဟုပင် ချိတ်ဆွဲထားခဲ့ရဖူးပါသည်။ ထိုဆိုင်းဘုတ်ကို ဖတ်မိသူတိုင်း အထူးတဆန်း ဖြစ်ကြသည်။ ခွေးကပဲ သိက္ခာကျသလား၊ ဝက်ကပဲ နေရာယူလွန်းနေသည်လား မတွေးတတ်တော့ပါ။


၅။ အိုင်တီခေတ်တွင်တော့ လူ့အသိဉာဏ် အဖွံ့ဖြိုးဆုံးဟု ပြောလို့ရပါသည်။ သို့သော်လည်း လူသားတို့ တီထွင်လိုက်သော ကွန်ပျူတာများကပင် လူသားများကို ပြန်ခိုင်းစေနေပြန်ပါသည်။ အခွေများကို အင်စတော်လေးရှင်းလုပ်လျှင်ပင် သူညွှန်ကြားသည့်အတိုင်း လိုက်လုပ်ရပြီး တစ်ခါတစ်ရံ “Please Wait” ဟုပင် စောင့်ခိုင်းနေတတ်ပြန်သည်။ အင်တာနက်ကွန်ရက်သည် လူသားတို့အတွက် အသုံးချရမည့် ပစ္စည်းမဟုတ်ဘဲ လူသားတို့ကသာ အသုံးချခံဖြစ်နေရပြန်သည်။ ကျွန်မကတော့ လူပီပီ အတ္တကြီးတယ်လို့ပဲ ဆိုဆို တိရစ္ဆာန်အသီးသီးတို့ သိက္ခာလျော့ပါးလာနေချိန်တွင် လူသားတို့ကိုတော့ သိက္ခာကျန်နေစေချင်သေးပါသည်။


ခင်သန္တာ
(အလင်းတန်းဂျာနယ် ဇန်နဝါရီ ၃၁-၂၀၁၁)

1 comment:

ဒေါ်စိုး said...

ဗဟုသုတလည်းဖြစ်၊သတိထားစရာအပြင် ဟာသလည်းပါသောဆောင်းပါးကောင်းလေးဖြစ်ပါသည်။
ဒေါ်စိုး