Thursday, February 23, 2012

ဝမ်းချုပ်ခြင်းအတွက် အစာလည်း-ဆေး

ကျုပ်တို့ရွာက မြို့နဲ့ အလှမ်းဝေးပြီး အသွားအလာ ခက်ခဲတယ်။ ရွာမှာ ဆေးရုံ ဆေးခန်း မရှိဘူး။ အနီးဝန်းကျင်ရွာ ဆိုတာလည်း အတော်ဝေးပါတယ်။ ဆေးရောင်းတဲ့ဆိုင်လည်း မရှိဘူး။ ဗိန္ဓောဆေးဆရာဆိုတာလည်း တခါတရံမှ ရောက်လာတတ်တယ်။ တော်ရုံရောဂါတွေလောက်နဲ့ မြို့ကို မသွားပြနိုင်ကြပါဘူး။

မိရိုးဖလာ ဆေးမြီးတိုတွေကိုပဲ အားထားကုသနေကြရပါတယ်။ အများအားဖြင့်တော့ အစာလည်း-ဆေး၊ ဆေးလည်း-အစာ ဆိုတဲ့စကားကို ကြားဖူးသားပဲ။ ကျုပ်အခုတင်ပြချင်တာကတော့ ဝမ်းချုပ်လွန်းသူတွေ ဝမ်းနုတ်ဆေး မလိုဘဲ ဝမ်းသက်စေတဲ့နည်းပါ။

၁။ ငုရွှေဝါ အရွက်နုနု ထွက်တဲ့အကိုင်း တစ်ကိုင်းလောက် ချိုးယူပြီး မီးမြိုက်လိုက်ပါ။ ထမင်းစားရင် အရွက်နုကို ငါးပိရည်နဲ့ တို့စားကြည့်စမ်းပါ။ တစ်ရက်အတွင်း ဝမ်းသက်ဆင်းပါတယ်။

၂။ မဲဇလီရွက် နုနုတွေကို ခူးပြီး ပါးပါးလှီး၊ သံပရာရည်ညှစ်၊ ဆားအနည်းငယ်၊ အချိုမှုန့် ပုစွန်ခြောက်လေး စားကောင်းရုံထည့်ပြီး သုပ်၊ ထမင်းနဲ့စားလိုက်ပါ။ ဒါလည်း ချုပ်နေတဲ့ဝမ်းကို ပျော့သွားစေပါတယ်။

၃။ ကြောင်လျှာသီး မနုမရင့် တစ်တောင့်ကိုခူးပြီး တစ်ပိုင်းကို ပါးပါးလှီးပြီး ကြက်သွန် နီ-ဖြူ၊ ပုစွန်ခြောက်တွေနဲ့ ကြော်၊ ကျန်တပိုင်းကို မီးဖုတ်၊ ကြောင်လျှာသီးကြော်ကို ထမင်းနဲ့ စား၊ ကြောင်လျှာသီး မီးဖုတ်ကို ငါးပိနဲ့ တို့စား၊ ဝမ်းချုပ်တဲ့ရောဂါ အလွယ်နဲ့ ပျောက်ပါတယ်။


၎။ ဟင်းနုနယ်ပင်ကို ကြော်စား၊ ချဉ်ဟင်းချက်စားပါ။ 
အထက်မှာ ဖော်ပြခဲ့တဲ့ အစာတွေကို တပတ်မှာ နှစ်ရက် သုံးရက်လောက် မှန်မှန် စားသုံးသွားရင် ဘယ်တော့မှ ဝမ်းမချုပ်နိုင်ဘူး။
ဝမ်းမှန်နေသမျှတော့ တခြားရောဂါ အတော်များများကိုလည်း ကာကွယ်ပြီးသား ဖြစ်နေပါပြီ။


ဆရာငြိမ်းမောင် (ဘီးလင်း)

No comments: