Tuesday, February 21, 2012

မိုးညှင်း သမ္ဗုဒ္ဓေ စေတီတော်-မှ ထူးခြားသော နေရာများ

မိုးညှင်း သမ္ဗုဒ္ဓေစေတီတော်ကြီးကား မြန်မာနိုင်ငံအတွင်းရှိ စေတီပုထိုးများထဲတွင် ဗိသုကာလက်ရာ အမြောက်ဆုံး စေတီတော်ကြီးတစ်ဆူ ဖြစ်သည်။
သမ္ဗုဒ္ဓေ စေတီတော်ကြီး အတွင်းအပြင်၌ရှိသော စေတီတော်ပေါင်းမှာ (မြရွှေငွေ စိတ်သီးဆောင်း သမ္ဗုဒ္ဓေ ရုပ်ပွားပေါင်း) ဟူသော သမိုင်းလင်္ကာအရ (၅၈၂၃၆၃) ဆူ ရှိပါသည်။


ဤမျှ များပြားသော စေတီပုထိုး၊ ဗုဒ္ဓရုပ်ပွားတော်များကို တစ်နေရာတည်းတွင် စုစုစည်းစည်း ဖူးတွေ့ရခြင်းမှာ သမ္ဗုဒ္ဓေစေတီတော်ကြီး၌သာ ရှိပါသည်။
သမ္ဗုဒ္ဓေစေတီတော်ကြီးကို သာသနာသက္ကရာဇ် (၂၄၈၃)ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၀၁)ခုနှစ် ဒုတိယဝါဆိုလဆန်း (၅)ရက် (၂၀-၇-၁၉၃၉) ကြာသပတေးနေ့ နံနက် (၆)နာရီ (၃၀)မိနစ်မှ (၇)နာရီတွင်းတွင် ကျေးဇူးရှင် မိုးညှင်းတောရ ပထမဆရတော်အရှင်မြတ် အလှူးရှိသော သံဃာတော် အရှင်မြတ်(၄၀)ကျော်တို့မှ ဦးဆောင်၍ မင်္ဂလာပန္နက် ချတော်မူခဲ့ရာ ယခုအခါ နှစ်ပေါင်း(၅၇)နှစ်မျှ ကြာမြင့်ခဲ့ပေ၏။

ထူးခြားသော ဌာပနာစာရင်းများ၌ အမည်မဖော်လိုသူတစ်ဦးက---
သံဓာတ်လုံး (၂၀လုံး၊ သတ္တက္ခတ္တု့ (၁)လုံး၊ ချိုးအမြုတေ (၁)လုံး၊ မိုးကြိုးကွင်း(၂)ခုနှင့် လက်ဖွဲ့၊ အင်းအိုင်ဂါထာမန္တရား၊ ဆေးဝါးများကို၎င်း၊ 
ကျိုက်လတ်မြို့ မန္တဝိဇ္ဇာဓရဂိုဏ်း ဆရာကြီး ဦးမောင်ကြီး၊ ဆရာဦးဘရွှေ၊ ဆရာညွန်ွှတို့က သိုက်ထွပ်ရုပ်ရှင် ဘုရား(၁)ဆူ၊ ဗျည်းဘုရား(၂၈)ဆူ၊ ဗျည်း ရှင်သီလဝိ(၁)ဆူ၊ ဗျည်း ရှင်ဥပဂုတ္တ(၁)ဆူ၊ အန္တရာယ်ကင်းစေတတ်သော အက္ခရာဗြဟ္မာမင်းကြီးရုပ်ပုံ စသည် အသီးသီးရေးဆွဲထားသော သွေပြားအချပ်ပေါင်း (၅၈)ချပ်၊

အခြားဆရာများက စမများဖြင့် စီမ့ထားသော ဂုဏ်တော်ပုတီး၊ ကျောက်စိမ်းပုတီး၊ ဆင်စွယ်ပုတီး (၁၀)ကုံး၊ ဘုရားဂုဏ်တော်၊ အာဝေဏိက ဂုဏ်တော်၊ အနုလုံ ပဋိလုံတို့ကို ရေ/းသားထားသော ကြေးပြားကြီး(၂)ခု၊ 
ဘုရားဓာတ်တော်ပေါင်း(၁၄၅၄၆)ဆူ၊ 
ရဟန္တာဓာတ်တော်ပေါင်း (၃၇၃၀၅)ဆူနှင့် အခြားရွှေငွေ ရတနာပစ္စည်းပေါင်း များစွာတို့ကို ထည့်ဝင်လှူဒါန်းထားကြသည်။ 

အမှန်တော့ ထိုမိုးညှင်းတောရနေရာမှာ တချိန်က မိုးညှင်း မင်းတရားကြီး သာသနာပြုခဲ့ရာ မိုးညှင်းကျောင်းတိုက် (မိုးညှင်းမင်းကျောင်းတိုက်) ဟူ၍ ရှိခဲ့သော်လည်း နှစ်ကာလ ကြားသောအခါ တိမ်ကောပပျောက်လု ဖြစ်ခဲ့ရပါသည်။
ယခင်က ထိုနေရာကို မြေနဲတော-ဟု အလွယ်တကူ ခေါ်ဆိုကြပြီး လူသူနှင့် ကင်းဝေးပြီး နယ်မြေကြမ်းသောကြောင့် အသွားအလာမရှိသော နေရာလည်းဖြစ်၏။ 
ထိုနေရာသို့ (၁၂၇၃)ခုနှစ် ဝါဆိုလတွင် တောရဆောက်တည် သီတင်းသုံးရန် မထေရ်မြတ်တစ်ပါး ရောက်ရှိလာရာမှ သာသနာတော် စတင်ထွန်းကားလာခဲ့လေသည်။

ထိုမထေရ်မြတ်မှာ  နောင်အခါ မိုးညှင်းဆရာတော်ကြီး ဟူ၍ ထင်ရှားလာမည့် ရှင်သုမဏ-ပင် ဖြစ်သည်။ 
ရှင်သုမဏ မထေရ်မြတ် မြေနဲတောရကျောင်းနေရာသို့ ရောက်စဉ်က သက္ကရာဇ်(၇၈၈)ခုနှစ်တွင် အင်းဝရွှေနန်းကို သိမ်းမြန်းစိုးစံသော မိုးညှင်းမင်းတရားကြီး၏ (၂၇)ဌာနသော ကုသိုလ်တော်တို့တွင် (၉)ဌာနမြောက် ရေးထိုးထားသော ကမ္ဗည်းကျောက်စာများကို တွေ့ရသောကြောင့် “မိုးညှင်းတောရ”ဟု အမည်ပေးခဲ့သည်။


သို့နှင့် ဆရာတော်သည်လည်း ရှင်သုမဏ အမည်ပျောက်ကာ မိုးညှင်းဆရာတော်ကြီးဟူ၍၄င်း၊ မိုးညှင်းကိုယ်တော်ကြီး ဟူ၍၄င်း အမည်တွင်ခဲ့လေ၏။
မိုးညှင်းဆရာတော်ကြီးသည် နောင်သောအခါ မိုးညှင်းသမ္ဗုဒ္ဓေ စေတီတော်ကြီးကို မိမိစိတ်ကူးဖြင့် တည်ဆောက်ခဲ့ရာ ယခုအခါ နိုင်ငံခြား ဗိသုကာပညာရှင်များက “ဒီအဆောက်အအုံကြီးကို ဘယ်သူ ဆောက်သလဲ”ဟု မေးကြရာ
ဆရာတော်ကြီး ဆောက်ခဲ့တာဟု ပြန်ပြောသောအခါ ဆရာတော်ကြီးက ငယ်ဖြူလား၊ တောထွက်လား -ဟု မေးကြပြန်လေ၏။


အမှန်တော့ ဆရာတော်ကြီးသည် ဗိသုကာပညာယများကို ငယ်စဉ်က သင်ကြားတတ်မြောက်ခဲ့ပြီး ကြီးကာမှ ရဟန်းဝတ်ခဲ့သည်-ဟု ထင်သောကြောင့် ဖြစ်သည်။ ဆရာတော်ကြီး ရှိစဉ်က...
ဒီသမ္ဗုဒ္ဓေ စေတီတော်ကြီးကို ငါတစ်ယောက်တည်း စိတ်ကူးနဲ့ တည်ခဲ့တာ မဟုတ်ဘူး၊ ညဘက်တွေမှာ ဘယ်လိုတည်ရမယ်လို့ အာရုံထဲမှာ ပေးလာရင် ချက်ချင်းမှတ်ထားပြီး မနက်ကျရင် အဲဒီစိတ်ကူးအတိုင်း အကောင်အထည်ဖော်ပြီးတည်ခဲ့တာ။
အမှန်တော့ ဒီစေတီတော်ကြီးကို သိကြားဗြဟ္မာတွေရော၊ နတ်တေါရော၊ ဝိဇ္ဇာဇော်ဂျီ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေရော အားလုံး ဝိုင်းတည်ခဲ့ကြတာ...


ထိုသို့ အမိန့်ရှိခဲ့ကြောင်း ယခု မိုးညှင်းတောရကျောင်းတိုက် ဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တကောဝိဒ-က ပြန်လည် မိန့်ကြားခဲ့ပါသည်။
ယခုဖော်ပြခဲ့သော အကြောင်းများမှာ မိုးညှင်းသမ္ဗုဒ္ဓေ စေတီတော်ကြီးနှင့် မိုးညှင်းဆရာတော်ကြီးတို့၏ သမိုင်းအကြောင်း အကျဉ်းမျှသာ ဖြစ်ပါသည်။
ဤဆောင်းပါးတွင် ကျွန်တော် ရေးသားလိုသည့် အကြောင်းက သမ္ဗုဒ္ဓေစေတီတော်ကြီး ပရိဝုဏ်အတွင်း၌ ရှိသော ထူးခြားသောအကြောင်းအရာအချို့ပင် ဖြစ်ပါသည်။


ဦးစွာ ဖော်ပြလိုသည့်အကြောင်းမှာ မဟာဗောဓိပင်အကြောင်း ဖြစ်သည်။ မိုးညှင်းဆရာတော်ကြီး စိုက်ပျိုးခဲ့သော ဗောဓိမျိုးဆက်မှာ သီဟိုဠ် (သီရိလင်္ကာ) ဗောဓိမျိုးဆက် ဖြစ်သည်။
အရှင်မဟာမဟိန္ဒ ကိုယ်တော် စိုက်ပျိုးခဲ့သော သီဟိုဠ် (သီရိလင်္ကာ) ဒက္ခိဏသာခါ ဗောဓိပင်မှ မျိုးစေ့ကိုယူကာ ဓနုဖြူမြို့ ဘုန်းတော်ကြီး ဦးန၇ိန္ဒ-က ပူဇော်စိုက်ပျိုးခဲ့ရာ ဗောဓိ(၃)ပင်ပေါက်၏။ ထိုသုံးပင်မှ တစ်ပင်ကို ခင်မွန် ဗောဓိတောရ သုံးဂိုဏ်းချုပ် ဆရာတော်ထံ ပို့ဆောင်သဖြင့် (၁၂၅၂)ခုနှစ်တွင် ထိုဗောဓိပင်ကို စိုက်ပျိုးခဲ့သည်။


တစ်ဖန် ထိုဗောဓိတောရ ဗောဒိပင်မှ မျိုးစေ့ကိုယူ၍ မိုးညှင်းအရှုသူမြတ်က (၁၂၈၂)ခုနှစ် ဝါဆိုလတွင် မိုးညှင်းတောရတွင် စိုက်ပျိုးခဲ့ခြင်းဖြစ်၏။
၁၃၂၅-ခုနှစ် တော်သလင်းလပြည့်ကျော် (၈)ရက် ညနေ (၆)နာရီ (၄)မိနစ်အချိန်တွင် သက်တော် (၉၃)နှစ်၊ သိက္ခာတော် (၇၃)ဝါရှိသော မိုးညှင်းဆရာတော်ကြီး ခန္ဓာဝန်စွန့်သော အချိန်တွင်...


မဟာဗောဓိပင်ကြီးမှာလည်း တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် အရွက်များ ခြောက်သွေ့ ညှိုးရောကာ သေဆုံးသွားလေ၏။ ဗောဓိပင်၏ သက်တမ်းမှာ (၄၅)နှစ်ရှိပြီးဖြစ်၏။ မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး (၄၅)ဝါတွင် ပရိနိဗ္ဗာန် ပြုတော်မူခြင်းနှင့်လည်း တိုက်ဆိုင်မှုဖြစ်သည်။
ယခုအခါ ထိုပရိဘောဂ စေတီရတနာ ဗောဓိမြတ်စွာ၏ပင်စည် အကိုငးအခက်တိုပကို တခြားသို့ မရောက်စေဘဲ ပင်မပင်စည်များကို ဓမ္မစကြာရုပ်ပွားတော် ထုလုပ်ကာ ထိုနေရာမှာပင် ပူဇော်ထားရာ ထိုဗောဓိမြတ်စံရာ မဟာဗောဓိနေရာတစခု ဖြစ်ပါသည်။


နောက်တစ်နေရာမှာ မိုးညှင်းသမ္ဗုဒ္ဓေ စေတီတော်ကြီး ဂန္ဓကုဋီတိုက် အတွင်းထောင့် အသီးသီးတွင် ဗုဒ္ဓရုပ်ပွားတော်ကြီးများ တည်ရာတွင် ပထမဦးဆုံးတည်သော ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်သည်။ အရှေ့အရပ် ၈န္ဓကုဋီတိုက်အတွင်း၌ ဖူးတွေပနိုင်ပါသည်။ ထို့ပြင် ရှေးတိုက်ဟောင်းမှာရှိသော မိုးညှင်း၊ မိုးကောင်း စေတီတော်နှစ်ဆူမှာလည်း မူလစေတီဖြစ်သောကြောင့် သွားရောက်ဖူးမြော်သင့်ပါ၏။
စေတီတော်၏ အနောက်ဘက်တွင် ရှိပါသည်။


သမ္ဗုဒ္ဓေစေတီတော်အတွင်းရှိ သိဒ္ဓိပေါက် စေတီတော်နှင့် သမ္ဗုဒ္ဓေ ရင်ပြင်ပေါ်ရှိ ပန်းစေတီတော်မှာလည်း အထူးပြု ဖူးတွေ့သင့်သော နေရာများ ဖြစ်ကြပါသည်။ 
နောက်တစ်နေရာက ဗောဓိတိုက်၏ အရှေ့ဘက် ရိပ်သာများအနီးတွင် ရှိသော ရေတွင်းကြီး ဖြစ်ပါသည်။ ယခင်က ရေရှားလွန်းသောကြောင့် ရေကို ခတက်ခက်ခဲခဲ တူး၍ စက်သီးကြီးများတပ်ကာ လူအားဖြင့် ဆွဲတင်ရေငင်ကြရသည်။ လွန်စွာမှ ပင်ပန်းကြရသည်။


ထို့ပြင် သမ္ဗုဒ္ဓေစေတီတော်ကြီး တည်ဆောက်ရာတွင် သရွတ်များကို ဖျော်စပ်ပြီး ပတ်ပတ်နပ်နပ်ရှိအောင် မွေရာတွင် ဆီဆုံဖြင့် ဆီကြိတ်သကဲ့သို့ ဆီဆုံလမ်းဝန်းပမာဏ ဧရိယာအကျယ်၏ ပတ်ပတ်လည်၌ ဘီးလမ်း အနက်နှစ်ပေခန့် ရှိသော စက်ဝိုင်းသဏ္ဍာန် မြောင်းတူးရသည်။
ထိုမြောင်းတွင် ကြိတ်အားကောင်းအောင် ကျောက်ဘီးကြီးများ တပ်ဆင်ရသည်။ ထိုကျောက်ဘီး၌ ဝင်ရိုးတပ်ကာ ဝင်ရိုးနှင့် ထမ်းပိုးတို့ကို ဆက်၍ နွားဖြင့် ဆီဆုံမောင်းသကဲ့သို့ မောင်းခဲ့ရသော သရွတ်မွှေရာတွင် အသုံးပြုခဲ့သော ကျောက်ဘီး-ကြီးများကို ယခုအခါ သမ္ဗုဒ္ဓေစေတီတော်ကြီး မြောက်ဘက် ယခုပန်းခြံအတွင်း၌ လေ့လာတွေ့ရှိနိုင်ကြပါသည်။


သမ္ဗုဒ္ဓေ စေတီတော်သို့ သွားရောက်ရန် ခရီးစဉ်မှာ စစ်ကိုင်း-မုံရွာ ကားလမ်းအတိုင်း လာပါက မုံရွာမြို့ အဝင်နား ရောက်သောအခါ မိုးညှင်းသမ္ဗုဒ္ဓေသို့ ဟူသော လမ်းညွှန်ဆိုင်းဘုတ် ရှိပါသောကြောင်း ကားဖြင့် တော်လျှောက်မောင်း၍သော်၎င်း...
လမ်းဆုံတွင် ဆင်း၍ ခြေကျင်ခရီးနှင့်သော်၎င်း...
မြင်းလှည်းစီး၍သော်၎င်း..
(၁)မိုင်ခန့်သာ ဝေးပါသောကြောင့် အလွယ်တကူ အရောက်သွားနိုင်ပါကြောင်း လမ်းညွှန်ရေးသားရပါသည်။ 


လမ်းညွှန်ရောင်ခြည်



No comments: