Sunday, February 12, 2012

တာရှည်လတ်ဆတ်သော သံပရာသီးများ ဖြစ်အောင် ထားသိုနည်း

သံပရာသီးများကို ဈေးချိုချို၊ ဈေးပေါပေါရသည့်အချိန်တွင် ဝယ်ယူထားပြီး တာရှည် အထားခံ၍ လတ်ဆတ်အောင် သိုလှောင်ထားတတ်ကြပါသည်။
ရေခဲသေတ္တာ ရှိသူများ၊ ရေခဲအလွယ်တကူ ဝယ်ယူရရှိသော မြို့ကြီးများတွင် ရေခဲဘူး၌ သိုလှောင်ထားသည်ကို တွေ့မြင်ရဖူးပါသည်။ 

ယခုနည်းမှာ အိမ်တိုင်း၊ နေရာဒေသမရွေး သိုလှောင်ထားနိုင်သောနည်း ဖြစ်၍ တင်ပြလိုက်ပါသည်။
စိမ်းစိမ်းစိုစို လတ်ဆတ်သော သံပရာသီးများကို ဝယ်ယူပါ။ ထို့နောက် အဖုံးအပိတ်ပါသော တစ်လုံးချိုင့်ထဲတွင် သန့်စင်သော ရေကို ထည့်ပြီး သံပရာသီးများကို ရေပေါ်ထည့်၍ အဖုံးကို ပိတ်ထားပါ။
ခုနစ်ရက် တစ်ကြိမ် ရေသန့်ကို လဲပေးပါ။ ရက်လရှည်ကြာ သိုလှောင်ထားခံသည့်အပြင် သံပရာသီးမှ ယခုချက်ချင်း ခူးယူသကဲ့သို့ လတ်လတ်ဆတ်ဆတ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ထိုသို့ ထုတ်ယူ အသုံးပြုသော သံပရာသီးများ ပိုလျှံနေလျှင် ပန်းကန်ပြားတွင် ပိုသော သံပရာသီးကို ထည့်၍ ဖန်ခွက်အဝကျယ်နှင့် လေလုံအောင် အုပ်ထားပါ။ ပုပ်သိုးခြင်း မရှိဘဲ လတ်လတ်ဆတ်ဆတ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
စာရေးသူ၏ နေအိမ်တွင် လက်တွေ့အသုံးပြုနေသော နည်းလမ်းများ ဖြစ်၍ တင်ပြလိုက်ပါသည်။

နတ်မောက် မျိုနော်

No comments: