Thursday, February 23, 2012

နှလုံးရောဂါသမားများအတွက် အုန်းနို့ခေါက်ဆွဲ

နှလုံးရောဂါရှိသူများ ဆိုရင် ဆရာဝန်တွေက သွေးထဲမှာ အဆီဓာတ်တွေ များနေသလားဆိုတာ တိုင်းတတ်ကြပါတယ်။
အထူးသဖြင့် နှလုံးသွေးကြောကျဉ်းနေပြီလို့ ဆိုရင်တော့ ငတ်ပြီသာ မှတ်ပါတော့။ အထူးသဖြင့် အဆီတွေပေါ့။
အဆီထဲမှာမှ အုန်းနို့၊ အုန်းဆီ ဆိုရင် ပိုပြီးရှောင်ရပါတယ်။ အုန်းနို့နဲ့ အုန်းဆီဟာ တိရစ္ဆာန်တွေရဲ့ အဆီတွေနဲ့ ဓာတ်သဘာဝချင်း ပိုပြီးနီးစပ်တာမို့ ခန္ဓာကိုယ်ထဲကို ပိုပြီးရောက်လွယ်တယ်။

ဒါကြောင့် အန္တရာယ်ပိုပြီးကြီးတယ်။ ဒါကြောင့် ပိုပြီးရှောင်ကြဉ်ရခြင်း ဖြစ်ပါတယ်။ ကျန်းမာရေးဌာနကလည်း မြန်မာတွေ အဆီစားတာ များနေပြီ။ တစ်ဝက်လျှော့ပြီး စားကြပါလို့ နှိုးဆော်နေရပြီ။
ဒါကြောင့် အုန်းနို့ခေါက်ဆွဲဟာ နှလုံးရောဂါရှိသူတွေ၊ ဝသူတွေ၊ အဆီများသူတွေ၊ အဆီကြောက်သူတွေရဲ့ အလယ်မှာ မျက်နှာငယ်ရပါတယ်။

လိုလျှင်ကြံဆ နည်းလမ်းရ-ဆိုသလိုပါပဲ။ အုန်းနို့ လုံးဝ မသုံးဘဲ အုန်းနို့လုံးဝမပါဘဲ၊ အုန်းနို့အရသာနဲ့ ခွဲမရအောင် တူတဲ့ အုန်းနို့ခေါက်ဆွဲကလေးများ မစားချင်ကြဘူးလားလို့-မေးလိုက်ချင်ပါတယ်။
ကောင်းပါပြီ၊ စားချင်ကြပါတယ် ဆိုရင်တော့ နည်းပေးရမှာပေါ့။ အဲဒီအရွက်ဟာ ပေါပါတယ်။ အခု စာရှုနေတဲ့ မိတ်ဆွေရဲ့ အိမ်အနီးအနားမှာကို ရှိနေပါတယ်။

အခု လောလောဆယ်တော့ သူ့ကို “အုန်းနို့ရွက်”လို့ပဲ ယာယီခေါ်ပါရစေ။ အပွင့်ဖြူဖြူလေးတွေ ပွင့်ပါတယ်။ အရွက်ကလေးတွေက နူးညံ့ပြီး အမွေးငယ်များ ရှိပါတယ်။
ကြက်သား၊ ကြက်သွန်နီ၊ ငရုတ်သီး၊ နနွင်းဆီသတ် စတာတွေတော့ အုန်းနို့ခေါက်ဆွဲ မူလချက်တဲ့အတိုင်းပဲ စီမံပါ။ ဒီချက်ပြုတ်ပုံအဆင့်ဆင့်ကတော့ ဟင်းချက်တတ်သူတိုင်း သိပြီးသားမို့ အသေးစိတ် မရေးတော့ပါဘူး။

အရေးကြီးတဲ့ အစိတ်အပိုင်းကိုပဲ ရေးပါမယ်။ ကြက်သွန်နီ၊ ငရုတ်သီး ဆီသတ်ပြီး ကြက်သားနဲ့
 နှပ်ထားလို့ ရေနည်းနည်း ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။
ဒီအချိန်မှာ ကြက်သား ၅၀-ကျပ်သား တစ်အိုးချက်အတွက် အုန်းနို့ရွက် လတ်လတ်ဆတ်ဆတ် လက်သီးဆုပ် လေးဆုပ်စာ ပမာဏကို ငရုတ်ဆုံထဲ ထည့်ထောင်းပြီး အရည်ညှစ်ယူပါ။

အဲဒီအရည်ကို သတ္တုရည်လို့ ခေါ်ပါတယ်။ အဲဒီအရည် ရသမျှကို ဆူပွက်နေတဲ့ ကြက်သားဟင်းအိုးထဲ
လောင်းထည့်ပြီး မွှေပေးလိုက်ပါ။
ဟင်းရည်တွေဟာ အုန်းနို့ထည့်လိုက်သလိုပဲ ဖွေးသွားပြီး မကြာမီ အုန်းနို့နံ့ မွှေးလာပါလိမ့်မယ်။ အချို၊ အပေါ့၊ အငန် မြည်းပြီး ဟင်းရည်အကျဲအပြစ် လိုသလိုစီမံပါ။ ကြက်သားနူးရင် ချပြီး ခေါက်ဆွဲဖတ်၊ မုန့်တီဖတ်နဲ့ ရောလို့ သုံးဆောင်နိုင်ပါပြီ။

တကယ့်ကို အုန်းနို့မပါတဲ့ အုန်းနို့အရသာရှိတဲ့ ဟင်းလျာကို တအံ့တသြ စားရပါလိမ့်မယ်။ ဘာအန္တရာယ်၊ ဘာအဆိပ်အတောက်မှ မရှိပါဘူး။ ကျန်းမာရေးနဲ့လည်း အင်မတန် ညီညွတ်ပါတယ်။

စာရှုသူများ သိချင်နေပြီဖြစ်တဲ့ “အုန်းနို့ရွက်”ဆိုတာ ဘာလဲဆိုတာ ဖော်ပြပါတော့မယ်။ အုန်းနို့ရွက်ဆိုတာ တခြားမဟုတ်ပါဘူး၊ စာရှုသူရဲ့ အိမ်နားမှာ အလေ့ကျပေါက်နေတဲ့ အပင်၊ ကလေးတွေ ရင်ကျပ်ချောင်းဆိုး
 ဖြစ်ရင် အရည်ညှစ်ပြီး တိုက်လေ့ရှိတဲ့ “ခွေးသေးပန်းရွက်”ပဲ ဖြစ်ပါတယ်။ မူလအမည်က ခပ်ဆိုးဆိုးမို့ အုန်းနို့ရွက်လို့ တင်စားပြီး ခေါ်လိုက်တာပါ။


ကဲ...မယုံတဲ့သူရော၊ ယုံတဲ့သူရော ချက်စားကြည့်ပါ။ ဟုတ်ပါပေတယ်၊ ကောင်းလှပါပေတယ်လို့ ဝန်ခံကြရမှာ မုချပါပဲ။


မဖြူ

No comments: