Thursday, February 23, 2012

မုတ်ခါး နဲ့ သံပရာ အူကျနာပျောက်ဆေး

ကျွန်တော် ငယ်စဉ်က ဘီအေအေ အားကစားကွင်း (ယခု အောင်ဆန်း အာကစားကွင်း) တွင် လက်ဝှေ့နည်းပြဆရာ မစ္စတာ-ဘာဝါ သင်ကြားပြသသော (နဂါး) လက်ဝှေ့အသင်း (Naga Boxing Club) တွင် လက်ဝှေ့ပညာ သင်ကြားခဲ့ပါသည်။

ထိုစဉ်က မစ္စတာ-ဘာဝါ ကိုယ်တိုင် ကြီးကြပ်အုပ်ချုပ်ကာ သင်ကြားပေးနေချိန် ဖြစ်ပါသည်။ လေ့ကျင့်ရာ အခန်းတွင်း၌ ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ခန်း၊ သဲအိတ်ထိုး လေ့ကျင့်ခန်း၊ Punching Ball ထိုးခြင်း၊ တစ်ဦးနှင့်တစ်ဦး လေ့ကျင့်ထိုးသတ်ခြင်း  Sparing များ လေ့ကျင့်ကြရပါသည်။


ထို့အပြင် အမောခံနိုင်စေရန် (သက်လုံကောင်းစေရန်) အားကစားကွင်းကြီးအား ပတ်ပြေးရခြင်း၊ ကြိုးခုန်ခြင်းနှင့် တစ်မတ်တန်း လှေကားထစ်ထိုင်ခုံကြီးများပေါ်သို့ ပြေးတက်ပြေးဆင်းဟူသော
 လေ့ကျင့်ခန်းများလည်း လေ့ကျင့်ကြရပါသည်။ သို့ကြောင့်လည်း ကျွန်တော်တို့တစ်တွေ ကျန်းမာသန်စွမ်းကြပါသည်။ အမောလည်း လုံကြရပါသည်။ 


သို့သော်လည်း လေ့ကျင်ခန်းများ၏ ပြင်းထန်မှုကြောင့်ဟုထင်ပါသည်။ ကျွန်တော်တို့တစ်တွေ အူကျသူ ကျကြပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း အူကျရောဂါရပြီး မနေနိုင် မထိုင်နိုင် ဖြစ်ကာ အိပ်ရာတွင် လှဲနေရပါသည်။
အူကျရောဂါဆိုသည်မှာ ခါးက ကိုက်ခဲလာပြီး ကပ်ပယ်အိတ်အတွင်းသို့ အူချောင်းကြီး ထိုးကျနေသည်ဖြစ်ရာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေပါသည်။ လှုပ်လိုက်လျှင် အူက ထောက်မိပြီး ကပ်ပယ်အိတ်က အလွန်နာကျင်ခြင်း ခံရပါသည်။


ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် သွားရောက်ပြသသောအခါ ပထမတော့ ထိုးဆေး သောက်ဆေးများနှင့် ကုသပေးပြီး ခွဲရ စိတ်ရမည်ဟု ပြောသဖြင့် နောက်ထပ် မသွားတော့ဘဲ အိပ်ရာတွင် ခွေနေရပါသည်။

တစ်ပတ်ခန့်အကြာတွင် အမေ ဈေးကအပြန် သံပရာသီး သုံးလေးလုံး နှင့် မုတ်ခါး အနည်းငယ် ဝယ်လာပါသည်။ အမေက ကျွန်တော့်အား သံပရာသီးနှင့် မုတ်ခါးပေး၍ မုတ်ခါးကို သံပရာရည်နှင့် သွေးလိမ်းရန် ပြောပါသည်။


ကျွန်တော် ပျောက်ချင်ဇောဖြင့် ချက်ချင်းပင် သွေးလိမ်းလိုက်ပါသည်။ ဆေးလိမ်းရာတွင် ပူခြင်း စပ်ခြင်း လုံးဝမရှိပါ။ ဆေးလိမ်းပြီး အိပ်ရာထက်တွင် မှေးနေရာမှ အိပ်ပျော်သွားခဲ့ပါသည်။
ကျွန်တော် အိပ်ရာက နိုးတော့ ခါးကိုက်သက်သာသလို ရှိနေသဖြင့် ကပ်ပယ်အိတ်ကို စမ်းသပ်ကြည့်ရာ အကောင်းပကတိ ရှိနေကြောင်း တွေ့ရှိရပါသည်။ ထိုအခါမှ သံပရာသီးနှင့် မုတ်ခါးကို ယုံကြည်စိတ်ချစွာ လေးငါးရက် ဆက်လိမ်းခြင်းဖြင့် ယခုတိုင် အကောင်းပကတိ ရှိနေပါသည်။


အမေ့အား ဆေးနည်းအကြောင်း မေးကြည့်ရာ မြန်မာပရဆေးဆိုင်မှ ရရှိကြောင်း သိရပါသည်။ ကျွန်တော်ကဲ့သို့ အူကျရောဂါ ခံစားနေရသူများ ယုံကြည်စိတ်ချစွာ မုတ်ခါးနှင့် သံပရာကို အသုံးချနိုင်ကြပါစေ။


စိန်ထက်လင်း

1 comment:

phyolay said...

ကိုစိန်ထက်လင်း ခင်ဗျာ...
အခုလို တိုင်းရင်းဆေးနည်းလေးကို ပြောတဲ့အတွက် ကျေးဇူးလည်း အထူးတင်ပါတယ်..ကျွန်တော်လည်းခုတစ်လော အူ ကျကျနေတယ်ဗျာ.. ကျေးဇူးတင်ပါတယ်အစ်ကို
နောက်တစ်ခုလောက်မေးချင်လို့ပါ
ကျွန်တော်ချောင်းဆိုးတာ ကြာပြီး အဆက်မပြတ်ဆိုးတာလည်းမဟုတ်ဘူးခင်ဗျာ.. ချောင်း ခြောက် ဆိုးတာဗျာ... ပြီးခဲ့နှစ် သင်္ကြန်ကတည်းက ဆိုးတာ ခုဆို ၁ နှစ်ပြည့်တော့မယ်အစ်ကို ဆရာဝန်ပြတယ် ချောင်းဆိုးပျောက်ဆေး သောက်လည်း မသက်သာဘူး အစ်ကို မြန်မာတိုင်ရင်းဆေး လေးရှိရင် ပြောပါခင်ဗျာ.. ကျွန်တော်လည်း အဟွတ် အဟွတ်နဲ နေ့တိုင်းဖြစ်တော့ အာနာပါတယ်အစ်ကိုရာသူများတွေကို..ကျေဇူးပြုပြီး.....