Tuesday, February 21, 2012

သစ်ပင်ခုတ်လျှင် သတိယှဉ်

လူ့လောကကြီးတွင် သစ်ပင်များသည် မရှိမဖြစ်သော အခန်းကဏ္ဍမှ ပါဝင်ပေသည်။ အိမ်ဆောက်ခြင်း၊ အိမ်ထောင်ပရိဘောဂများ ပြုလုပ်ခြင်း၊ အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ခြင်းအပြင် လောင်စာအဖြစ် ထင်းပြုလုပ်ကာ သုံးစွဲကြရပေသည်။ ဤကဲ့သို့ အိမ်၊ ပရိဘာဂ အသုံးအဆောင် ထင်များ ရရှိအောင် သစ်ပင်ကို ခုတ်လှဲ အသုံးပြုကြရပေသည်။ 

သစ်ပင်ငယ်များ  ခုတ်လှဲရာတွင် မပြောပလောက်သော်လည်း သစ်ပင်ကြီးများကို ခုတ်လှဲရာဝယ် အဆင်မသင့်လျှင် သို့မဟုတ်-ခုတ်မတတ်လျှင် ခိုက်မှုများနှင့် ကြုံတွေ့ကြရပေသည်။ 
မြန်မာ့ ရာဇဝင်တွင် အနော်ရထာမင်းအား ထိမ်ပင်စောင့်နတ်က အညှိုးထားကာ ကျွဲရိုင်းယောင် ဆောင်၍ ခုတ်ခဲ့ရာ အနော်ရထာမင်းကြီး နတ်ရွာစံခဲ့သည်ဟု သိရပါသည်။ သစ်ပင်နှင့်ပတ်သက်ပြီး ထိန်တစ်ရိုးခုတ် တစ်မျိုးလုံးပြုတ်-ဟု ဆိုရိုးစကား ရှိခဲ့ပေသည်။

သစ်ပင်များသည်ကား ပြိတ္တာများ ခိုအောင်းရာ နေရာ ဖြစ်ပေသည်။ ညောင်ပင်ကဲ့သို့သော သစ်ပင်ကြီးများတွင်ကား ရုက္ခစိုးနတ်များပင် နေထိုင်ကြပေသည်။ ဤကဲ့သို့သော သစ်ပင်ကြီးများကို ခုတ်လှဲရန် ဝေးစွ၊ သစ်ပင်နားတွင် ကျင်ကြီး ကျင်ငယ် မဖွယ်မရာ ပြုခြင်းကိုပင် မလုပ်ရဲကြပေ။ 

အထူးသဖြင့် သစ်ပင်ကြီးများကို ခုတ်လှဲရာတွင် သတိထားစေပြီး အန္တရာယ်ကင်းရှင်းစွာ ခုတ်လှဲနိုင်သည့် နည်းများ မှတ်သားမိသော နည်းများကို တင်ပြလိုက်ရပါတော့သည်။ ယုံကြည်သူများအပြင် အယုံအကြည် မရှိသူများလည်း ပြုလုပ်ကြပါဟု တိုက်တွန်းလိုပါသည်။

တောင်းပန်၍ ယာယီနေထိုင်ရန် ပြုလုပ်ပေးခြင်း---
ဤနည်းကား ထင်းခုတ်သမားတို့ များသောအားဖြင့် ဆောင်ရွက်သောနည်း ဖြစ်ပေသည်။ သစ်ပင်တစ်ပင် ခုတ်လှဲပြီးသောအခါ အဆိုပါ သစ်ပင်ငုတ်တွင် သစ်ကိုင်းတစ်ကိုင်း ယာယီနေထိုင်ရန် စိက်ထူပေးသော နည်းပင်ဖြစ်သည်။
အချို့က ဆိုလိုသည့် သဘောကိုမသိဘဲ အလေ့အထတစ်ရပ်အနေနှင့်သာ ဆောင်ရွက်ကြပေသည်.။ ဤနည်းကား သစ်ပင်ငယ်များ အတွက်သာ ကောင်းသည်။ သစ်ပင်ကြီးတို့အတွက်ကား ထိရောက်မှုမရှိလှ။

သစ်ပင်ရင်းအား မီးရှို့ခြင်း---
ဤနည်းသည်ကား နည်းကြမ်းဖြစ်ပေသည်။ သစ်ပင်ခြေရင်းတွင် ကောက်ရိုးမီးရှို့ပြီး ခုတ်လှဲသော နည်းပင်ဖြစ်သည်။ အပူတိုက်ကာ သစ်ပင်စောင့်နတ်အား မောင်းထုတ်သောနည်း ဖြစ်သည်။
အချို့က သေနတ်နှစ်ချက် သုံးချက် ပစ်ဖောက်ကာ မောင်းထုတ်ကြသေးသည်။ ခြောက်လှန့်သော နည်းဖြစ်သည်။ ထန်းပင်၊ အုန်းပင်တို့ လှဲသောအခါ ပြုလုပ်ကြပေသည်။ 
အောင်မြင်စွာ ခုတ်လှဲနိုင်သော်လည်း သစ်ပင်စောင့်နတ် အငြိုးထားနိုင်သည်၊ မပြုလုပ်သင့်။

အမိန့်ပြန်တမ်းဖြင့် မောင်းထုတ်ခြင်း---
ရှေးယခင် နည်းလမ်းဟောင်းပင်ဖြစ်သည်။ အုပ်ချုပ်သောမင်း၏ အမိန့်ပြန်တမ်းဖြင့် ဖယ်ရှားကာ ခုတ်လှဲကြသည်။ ဥပမာ-ရွာများတွင် သစ်ပင်ကြီးများ ခုတ်လှဲလိုသော် လူကြီးအမိန့်ဟုဆိုကာ ခုတ်လှဲကြပါသည်။ လမ်းချဲ့ထွင်သောအခါ ညောင်ပင်ကြီးများအား ဤကဲ့သို့ ပြုလုပ်ကာ လှဲတတ်ကြသည်။ 


ခုတ်လှဲသူမှာ ဘာမှမဖြစ်သော်လည်း အာဏာပိုင်မင်းတို့မှာ အငြိုးထားခြင်းကို ခံရပေသည်။ အချို့ကလည်း အာဏာအလွဲသုံးမှုကို ပြုလုပ်ကြ၍ ဤနည်းကိုလည်း ရှောင်သင့်သည်။ လိုအပ်မှသာ အသုံးချသင့်သည်။


နားလည်သဘောပေါက်အောင် ရှင်းပြခြင်း---
ဤနည်းအတိုင်း သစ်ပင်ခုတ်လိုသူများ စီရင်ဆောင်ရွက်သင့်ပါသည်။ လမ်းတိုးချဲ့မှုနှင့် ဆုံ၍ သစ်ပင်ကြီး တစ်ပင်ကို ခုတ်လှဲရမည်ဆိုပါစို့၊ အဆိုပါ သစ်ပင်ရှေ့တွင် သစ်ပင်ခုတ်လှဲမည့်သူများအားလုံး စူး, ဆောက်, ဓား, လွှ စသည်တို့ကို စုပုံပြီး တစ်ယောက်သောသူက---
သစ်ပင်စောင့်နတ်မင်းကြီး ဤသစ်ပင်သည် လမ်းနှင့် မလွတ်၊ လူများ ဆက်သွယ်သွားလာရေး လွယ်ကူစေရန် လမ်းချဲ့မည်ဖြစ်ပါ၍ ခုတ်လှဲခွင့်ပေးပါ။ ထင်းအဖြစ် အသုံးပြုရန် ခုတ်လှဲခြင်း မဟုတ်ပါ၊ အများအကျိုး အတွက်သာ ဖြစ်ပါသည်။ အခြားသောအရပ်သို့ ပြောင်းရွှေ့နေထိုင်ရန် မေတ္တာရပ်ခံပါသည်။
ယာယီအားဖြင့် နေထိုင်ရန် နတ်ကွန်းဆောက်လုပ်ထားပါသည်။ ဤနေရာတွင်ပင် နှစ်သက်သည်ဆိုပါက နတ်ကွန်းဘေးတွင် သစ်ပင်အသစ် ထပ်စိုက်ပျိုးထားပါသည်။ အများအကျိုးအတွက်ဖြစ်၍ ခွင့်ပြုပါရန် တောင်းပန်ပါသည်။-ဟု ပြည့်စုံစွာ ပြောဆိုသင့်ပေသည်။


ပြောဆိုထားသည့်အတိုင်း လမ်းနှင့်လွတ်ကင်းရာ သစ်ပင်နှင့်အနီးဆုံးနေရာတွင် နတ်ကွန်းတစ်ခုကို ပြုလုပ်ပေးရမည်။ ထို့နောက် အမျိုးတူသစ်ပင် တစ်ပင်ကို စိုက်ထားပေးရမည်။
ဤကဲ့သို့ ပြုလုပ်ပါက ကောင်းမွန်စွာ ခုတ်လှဲနိုင်ပေပြီ။ မည်သူမှလည်း မထိခိုက်၊ သစ်ပင်စောင့်နတ်လည်း သဘောကျတတ်သည်။ အကယ်၍ ထိုသို့ ပြောဆိုသော်ငြားလည်း ခေါင်းမာနေပါက ကုဝေရ နတ်မင်းကြီးအား တိုင်တည်၍ ပြောဆိုပါ။


အများအကျိုးအတွက် တောင်းပန်ဆောင်ရွက်သော်လည်း မနာခံလိုပါသဖြင့် ကုဝေရနတ်မင်းကြီးမှ စီမံဆောင်ရွက်ပေးပါ-ဟု တိုင်ကြားရမည်။ ဤကိစ္စမှာကား ရဟန်းများက ကျွမ်းကျင်ပေသည်။
သို့ဖြစ်၍ ဆရာတော်ကြီးများအား အာဋာနာဋိယသုတ်ကြီးကို ရွတ်ဆိုစေရပါမည်။ အာဋာနာဋိယ သုတ်ကြီးကား ဘီလူးတို့ပင် မခံနိုင်ဘဲ ထွက်ပြေးကြရပါသည်။ လိုအပ်ပါမှ ဤသုတ်ကို ရွတ်ဆိုသင့်ပါသည်။ 


နားလည်သဘောပေါက်အောင် ပြောဆိုပြီး ခုတ်လှဲပါက လဲသည်သာ များပါသည်။ လေ့လာမိသမျှ တင်ပြခြင်း ဖြစ်ပါသည်။ နှစ်သက်ရာ နည်းအရ စီရင်ဆောင်ရွက်ကြပါလော့။


အာလာဒင်

No comments: