Friday, February 24, 2012

ကျေးလက်တောရွာဓလေ့ မြန်ကောင်းပျောက်သည့် မြန်မာ့အယူအဆများ

၁။ အိုးများ ပြောင်အောင် တိုက်နည်း---
မီးဖိုချောင်သုံး အိုးခွက်ပန်ကန်များ အသုံးပြုပြီး ရေဆေးမရအောင် ဂျေး(ချေး)များ၊ အိုးမဲများ၊ ပေနေပါက ဖွဲပြာနဲ့ ဆပ်ပြာရော၍ တိုက်ကြပါတယ်။
ကျေးလက်တောရွာမှာ ဆန်စက်တွေကထွက်တဲ့ ဖွဲပြာ အလွယ်တကူ မရနိုင်ပါဘူး။ ဒီတော့ အိုးခွက်များ ပြောင်စင်အောင် တောရွာတွေမှာ အများဆုံးရှိတဲ့ သဖန်းမွေးစုတ် (အကိုင်းကို ဆေးရိုးစဉ်း၍ သောက်ရသော ဆေးရိုးပင်ဟုလည်း ခေါ်သည်)


ယင်းသဖန်းမွေးစုတ်ရွက်ကို ခူး၍ အိုးနှင့်ပန်ကန်များကို ပွတ်တိုက်ပြီး သပွတ်သီး၊ အူတိုင်တွင် ဆပ်ပြာသုတ်၍ နောက်တစ်ကြိမ် ပွတ်တိုက် ဆေးကြောပါက အိုးမဲနှင့် ဂျေး(ချေး)များ ကင်းစင်ပြောင်သော အိုးခွက်များ ဖြစ်လာပါလိမ့်မယ်။


၂။ ခြေဝဲစား ပျောက်ကင်းသောနည်း---
ယခုလို မိုးကျတဲ့အခါ သဲ၊ ရွှံ့နွံတွေထဲမှာ သွားလာရတော့ ခြေဝဲများ စားတတ်ပါတယ်။ မြေနဲ့ ခြေညှိုးကြားမှာ အများဆုံး ဖြစ်တတ်ပါတယ်။ 
ညဆိုရင် အလွန်ယားလို့ ကုန်လွန်းရင် ခြေချောင်းတွေ၊ ခြေခုံတွေ ရောင်လာတတ်ပါတယ်။
 ခြေဝဲစား ပျောက်ကင်းတဲ့ ဆေးနည်းကတော့ မီးဖိုချောင်သုံး ဆားနဲ့နနွင်း ဆတူ မန်ကျည်းစေ့ခန့် ရောပြီး
 ခြေဝဲစားတဲ့နေရာကော၊ ခြေချောင်း၊ ခြေခုံပေါ်မှာ ပွတ်လိမ်းပေးထားရင် ညလိမ်း မနက်ကျ သက်သာပျောက်ကင်းသွားပါတယ်။


၃။ ထိကရုန်းဆူး စူးသော်---
နေရာအနှံ့ ပေါက်တတ်တဲ့ ထိကရုန်းပင်ကို ကျေးလက်တောရွာတွေမှာ ရှောင်လို့ မရပါဘူး။
လယ်ထွန် ကောက်စိုက် နွားကျောင်း မြက်ရိတ် သွားရင်းလာရင်း ထိခိုက်မိပြီး အများဆုံး ခြေဖဝါး ခြေခုံနဲ့ ခြေကျင်းဝတ်တွေမှာ စူးတတ်ပါတယ်။


ထိကရုန်းဆူးဟာ အဆိပ်ရှိလို့ စူးရင် ယားတတ်ပါတယ်။ တချို့ ယားလို့ကုတ်ရင်းနဲ့ ခြေခုံ ခြေကျင်းဝတ်တွေမှာ
 ပြည်တစိုစိုတဲ့ ဝဲနှင်းခူ ဖြစ်တတ်ပါတယ်။ အဲဒီလို ထိကရုန်းဆူး စူးလို့ ယားရင်တော့ ဆူးကို ထွင်ထုတ်ပြီး 
ထုံးကြက်တက်ရည် (ထုံးရေကြည်) ကို သုတ်လိမ်းပေးရင်ဖြင့် အဆိပ်ပြယ်ပြီး ပျောက်ကင်းပါတယ်။


၎။ မျှော့တွယ်လျှင်---
အင်းအိုင်ပေါများတဲ့ နေရာတွေမှာ ကျွဲနွားကျောင်း၊ လယ်ထွန်၊ ကောက်စိုက်လျှင်ဖြင့် မျှော့များဟာ တွယ်တတ်ပါတယ်။ နီးစပ်ရာ ခန္ဓာကိုယ်ပေါ် တက်ပြီး သွေးစုပ်လျှင်ဖြင့် ခွါဖို့သိပ်မလွယ်ပါဘူး။ မျှော့ပေါများရင်  ကိုယ်လုပ်မဲ့အလုပ် နှောင့်နှေးကြန့်ကြာတတ်ပါတယ်။


မျှော့ကာကွယ်နည်းကတော့---
ရေနဲ့ထိမယ့် မိမိကိုယ်ခန္ဓာ၊ ခြေလက်များကို အင်ဂျင်ဝိုင် ထူထူ သုတ်လိမ်းထားပါက မျှော့များ တွယ်မတက်နိုင်တော့ပါဘူး။
အကယ်၍ မျှော့တွယ်ပါကလည်း ကွမ်းစားဆေးကို ဝါးပြီး မျှော့သွေးစုပ်တဲ့ ခေါင်းမှာ အုံပေးရင် အလွယ်တကူ ကွာကျသွားပါတယ်။


၅။ ဖြုတ်-မှက်ကျား ကိုက်လျှင်---
လယ်သမားများ ကောက်စိုက်သမများနဲ့ လယ်ကွင်းထဲဆင်းတဲ့ လူတိုင်းအတွက် ရှောင်မရတာကတော့ ဖြုတ်နဲ့ မှက်ကျားတို့ ဖြစ်ပါတယ်။ ဖြုတ်နဲ့ မှက်ကျားတို့ကိုက်ရင် ကျွဲနွားများတောင် နေလို့မရပါဘူး။


လယ်ထွန် ကောက်စိုက်တဲ့ လယ်ကွင်းထဲမှာ ကိုက်ရင်တော့ လေလာရာ အထက်ကနေ ကောက်ရိုးမီး ရှို့ပြီး လယ်ကန်သင်းရိုးနဲ့ ချောင်းစပ်တွေမှာ ပေါက်တဲ့ မိစပ်ကဒူပင် အစိုတွေကို မီးထည့်ပေးရင် မီးခိုးအားနဲ့ လယ်လုပ်ငန်းခွင်နေတဲ့ လူတွေထံ ရောက်အောင် ပို့ပေးနိုင်ရင် သက်သာလာပါလိမ့်မယ်။


အကယ်၍ မီးခိုးလို့ အသက်ရှူမဝ ဖြစ်ရင်တော့ အိမ်မှာ မီးခြစ်ဖို့ ဆောင်ထားတဲ့ ဓာတ်ဆီကို အဝတ်မှာ အနည်းငယ်စီ ဆွတ်ထားရင် ဓာတ်ဆီရဲ့ အငွေ့ကြောင့် ဖြုတ်နဲ့မှက်ကျားများ ရန်မှ ကင်းဝေးစေပါတယ်။


တင်မောင်မောင်သန်း (သုံးဆယ်)