Friday, March 9, 2012

သားမြတ် ၏ အံ့ဘွယ်

သမိုင်းကာလတလျှောက်တွင် ကဗျာဆရာများသည်၎င်း၊ ပန်းချီ ပန်းပု အနုပညာရှင်များသည်၎င်း၊ အမျိုးသမီး၏ အလှကို ခြယ်မှုန်းရာတွင် သားမြတ်ကို ဖွဲ့နွဲ့အလှဆင်ကြ၏။ သို့သော် ကဗျာ့ဝိဓူ ပါရဂူအဆူဆူနှင့် ပန်းချီ ပန်းပု အနုပညာ အကျော်အမော်များသည် ပုံသဏ္ဍာန်ကိုသာ ခြယ်သဖော်ပြနိုင်ခဲ့ကြ၏။

သားမြတ်၏ အံ့ဖွယ်များကိုကား မဖော်ပြနိုင်ကြပေ။ ယင်းပညာရှင်များ မဆိုထားဘိ ဆေးပညာ သုတေသီများပင် မိခင်သားမြတ်၏ အံ့ဖွယ်များကို ယနေ့ထက်တိုင် ရှာဖွေစူးစမ်းဆဲရှိပေသည်။ လူသားတဦးတယောက်၏ ခန္ဓာကိုယ် ကြံ့ခိုင်ကြီးထွားမှုသည်၎င်း၊ အသားအရေ စိုပြေညက်ညောမှုသည်၎င်း၊ အသက်ရှည်လျားမှုသည်၎င်း မိခင်၏ နို့ရည်ပေါ်၌ တည်နေသည်ဟူသော အဆိုကို မည်သူမှ ငြင်းချက် မထုတ်နိုင်ပေ။

လူသားတယောက်သည် လူ့လောကသို့ ရောက်သည်နှင့် တပြိုင်နက် မိခင်၏နို့ရည်ကို မှီခိုခဲ့ရ၏။ တစက်တစက် ယိုစိမ့်စီးဆင်းလာသော မိခင်၏နို့ရည်သည် အသက်ရာကျော် ရှည်သော လူသားအတွက် “အသက်ဆက် အာဟာရ”ဟု ဆိုလာလျှင် မည်သူငြင်းနိုင်ပါအံ့နည်း။ ကလေးငယ်များပါးစပ်မှ ပထမဦးစွာ ထွက်လာသော (Mam ma) မန်မ (မြန်မာဘာသာ ဖြင့် ဆိုရလျှင် မေမေ)-ဟူသော စကားလုံးသည် လက်တင်ဘာသာမှလာသော စကားလုံးဖြစ်၍ “သားမြတ်”-ဟု အဓိပ္ပါယ်ရလေသည်။

စက်ကိရိယာဆန်ဆန် ရှုပ်ထွေးပွေလီလျက်ရှိသော ရင်သား (ဝါ) သားမြတ် တည်ဆောက်ပုံကို ပီပီပြင်ပြင် နားလည်နိုင်ရန် မလွယ်ကူလှပေ။ မွေးကင်းစ ကလေး၏ ရင်သားပင်လျှင် အလုပ်လုပ်လျက်ရှိပေသည်။ ကလေးမွေးလာလျှင် မွေးကင်းစ ကလေး၏ ကိုယ်တွင်း၌ နို့ရည်ဓာတ် အနည်းငယ် ပါလာသည်။ ယင်းနို့ရည်ဓာတ်များသည် မိခင် ဟိုမုန်း (Hormones) မှ လက်ခံရရှိလာသော နို့ရည်ဓာတ်များ ဖြစ်လေသည်။  မိန်းကလေးတယောက်၏ ရင်သားသည် မွေးသည့်အချိန်နှင့် အရွယ်ရောက်သည့်အချိန်စပ်ကြားကာလ တလျှောက်တွင် အပြောင်းအလဲ တစုံတရာမရှိဘဲ နဂိုအနေအထားအတိုင်းပင်ရှိသည်။ အရွယ်ရောက်လာသောအခါ အကြို မိခင်လောင်းအသွင်ကို ဆောင်သောအားဖြင့် ရင်သားအနေအထားသည် အပြောင်းအလဲ ဖြစ်လာလေသည်။ 


သားမြတ်တခုတွင် နို့ရည်ပို့ပေးသော လမ်းသွယ်(နို့ကြော) ၁၅-ခုမှ ၂၀-အထိ ရှိလေသည်။ ဤလမ်းသွယ်များသည် သားမြတ်ထိပ်ဖူး (သားမြတ်ခေါင်း)၌ ဆုံမိကြလေသည်။ လမ်းသွယ်တခုစီသည် မိမိလမ်းကို မိမိချဲ့ခြင်းအားဖြင့် နို့ရည်သိုလှောင်သော ပိုက်ပြွန်များသဖွယ် ဖြစ်ပေါ်လာသည်။ ပုံသဏ္ဍာန်အားဖြင့် သားမြတ်အနေအထားသည် အမြစ်ဖြတ်၍ ထောင်ထားသော သစ်ပင်နှင့်တူလေသည်။ သစ်ပင်၏ အကိုင်းအခက်များသည် သစ်ရွက်သို့ ပို့ဆောင်သော အစာ သွားရာလမ်းကြောင့်ဖြစ်သကဲ့သို့ ၂၀-မျှရှိသော နို့ရည်စီးကြောင်း လမ်းသွယ်မျးသည် သားမြတ်အတွင်းသားနှင့် သားမြတ်ထိပ်ဖူးစပ်ကြား နို့ရည်ပေါင်းကူး လုပ်ပေးသော လမ်းသွယ်များဖြစ်လေသည်။


အမျိုးသမီးတယောက်သည် အရွယ်မရောက်သေးသမျှကာလပတ်လုံး ၄င်း၏နို့ရည်သွားလမ်းသည် မဖွံ့ဖြိုးသေးပေ။ သားအိမ်သည် မိမိ၏တာဝန်ကို ထမ်းဆောင်သောအခါ (Oestrogen) နှင့် (Progesterone) ဟူ၍ ပေါ်ပေါက်လာလေသည်။ (Oestrogen) သည် နို့ရည်ပြွန်လမ်းကြောင်း ကြီးထွားလာရန် လမ်းထွင်ခြင်းတာဝန်ကို ထမ်းဆောင်ပေသည်။ Progesterone သည် နို့ရည်ကို ထုတ်လုပ်ပေးသော အခန်းငယ်များ (ကန်ငယ်များ) သဘာဝအတိုင်း ရှိသင့်ရှိထိုက်သည့်  အခြေအနေဖြစ်လာအောင် ဖန်တီးပေးခြင်းတာဝန်ကို ထမ်းဆောင်ပေသည်။ (Oestrogen နှင့် Progesterone တို့ကို ဟိုမုံးအမျိုးအစားထဲတွင်လည်း ထည့်သွင်းသတ်မှတ်ထားကြသည်)။


သားမြတ် ထင်ထင်ရှားရှား ပေါ်လာသည်အထိ ရင်တွင်း ပြောင်းလဲမှု အဆင့်ဆင့်မှာ နှစ်ကာလ များစွာ ကြာလေသည်။ ရှေးဦးစွာ သားမြတ်၏ ဖိပ်ဖူးသည် သေးငယ်ပေသည်။ သို့သော် နောင်သောအခါတွင် အသားမျှင်များ ဖြစ်ပေါ်လာပြီးလျှင် အတန်ငယ်မာကျောသော အသားဆိုင်ထိပ်ဖူး ဖြစ်ပေါ်လာလေသည်။ ဤထိပ်ဖူးသည် ကလေးငယ်ပါးစပ်နှင့် အလောတော်ဖြစ်ရုံအထိ တဖြည်းဖြည်း ကြီးထွားလာလေသည်။ ၄င်းထိပ်ဖူး ပတ်ဝန်းကျင်တွင် (ကလေးနို့စို့သောအခါ အဆင်သင့်ရှိစေရန်) နို့ရည်များ စုဝေးလျှက် ရှိလေသည်။ ၄င်းနေရာကို (Pigmented Zone) ဟု၎င်း၊ (Areola) ဟု၎င်း ခေါ်သည်။ အဆိုပါစက်ဝန်းနေရာကို အဆီဓာတ်ပြည့်ဝစွာ ပါသော သွေးအိမ်များ ဝိုင်းရံလျက်ရှိသည်။ ဤသို့ ဝိုင်းရံလျက်ရှိခြင်းမှာ ကလေးငယ် နို့စို့လျက် ရှိသောအခါ နို့မခန်းခြောက်ရန်နှင့် သားမြတ်ထိပ်ဖူး အသားမျှင် ကွဲအက်ကြမ်းတမ်းခြင်းကို ကာကွယ်ရန် ဖြစ်လေသည်။


သားမြတ်အနေအထား ပြောင်းလဲမှုနှင့် ကိုယ်ဝန်ဆောင်မှုသည် ဆက်နွှယ်လျက်ရှိ၏။ ကိုယ်ဝန် ၂-လမျှ ဖြစ်လာသောအခါ သားမြတ် ကြီးထွားစ ပြုလာ၏။ ထိုအခါ နို့သီးခေါင်း စက်ဝန်းသည် ညှိုးစ ပြုလာ၏။  ဤသည်ကား ကိုယ်ဝန်ရှိခြင်း၏ လက္ခဏာဖြစ်၏။


ကလေးမွေးပြီး ၂-ရက်မှ  ၄-ရက် ကြာပြီးနောက် မိခင်၏ သားမြတ်မှ ဝါကျင့်ကျင့်နှင့် စေးလျက်ရှိသော ခွန်အားကို မဖြစ်စေနိုင်သော အရည်တမျိုး ထွက်လာလေသည်။ ၄င်းကို နို့ရည်ဦး (Colostrum) ဟုခေါ်လေသည်။ ၄င်းနို့ရည်ဦး၏ အာနိသင်များမှာ အတန်ငယ် ဝမ်းလျှောစေခြင်း၊ ချွဲသလိပ်ကို သန့်စင်စေခြင်း၊ ကလေးငယ်၏ အစာချေ လမ်းကြောင်း တလျှောက်တွင် မလိုအပ်သော အရာများကို ဆေးကြောသုတ်သင်ခြင်းများ ဖြစ်လေသည်။


၎င်းအပြင် နို့ရည်ဦးတွင် ရောဂါပိုး ကာကွယ်နိုင်သော သတ္တိထူးများ ပါသောကြောင့် ၄င်းသည် မွေးခါစ ကလေးငယ် ရက်သားအရွယ်တွင် ရောဂါများကို ကာကွယ်နိုင်လေသည်။
မွေးကင်းစ ကလေးသည် ပထမရက်အနည်းငယ်တွင် ကိုယ်အလေးချိန် လျော့တတ်၏။ ထိုအချိန်တွင် အာဟာရလိုအပ်ပေသည်။ ကလေး ရက်သားအချိန်တွင်ပင် မိခင်၏ သွေးအိမ်မှ (Prolactin)ခေါ် ဟိုမုန်းများ ထွက်ပေါ်လာသည်။ ယင်းဟိုမုန်းသည် နို့ရည်ကို စတင်၍ ဖန်တီးပေးသော ဟိုမုန်းဖြစ်လေသည်။  (Prolactin ကို မိခင်၏ စူးရှသော မေတ္တာဟုလည်း ခေါ်သည်။ ၄င်းသည် ဟိုမုန်းတမျိုးလည်း ဖြစ်သည်)။ ၄င်းတွင် ထူးခြားသော ဂုဏ်သတ္တိများ ရှိ၏။ ၄င်းသည် ကာမဆန္ဒနှင့် ဓမ္မတာပေါ်မှုကို နှိပ်ကွပ်နိုင်၏။ မိခင်၌ Prolactin ရှိနေပြီးလျှင် မိခင်သည် ကလေးငယ်အား ဆက်လက် နို့တိုက်နေသမျှကာလပတ်လုံး နောက်ထပ်ပဋိသန္ဓေ လွယ်လွယ်ကူကူ မဖြစ်လာနိုင်ပေ။ ထို့ကြောင့် နို့တိုက်သော မိခင်အများ သားသမီးဝေးကြသည်။


မိခင်၏ သားမြတ်မှ ထွက်လာသော နို့ရည်သည် အလွန်အံ့သြစရာကောင်းပေသည်။ မိခင်၏ နို့ရည်နှင့် တူသော နို့ကို ဓာတုဗေဒပညာရှင်များသည် ယခုထက်တိုင် ဖန်တီးတီထွင်၍ မရနိုင်သေးပေ။ ဖန်တီးရယူသော နို့ရည်အမျိုးပေါင်း များစွာပေါ်ပေါက်နေသည်မှာ ကြာလေပြီ။ သို့သော် ယင်းနို့ရည်များသည် ကလေးငယ်၏ လိုအင်ကို အပြည့်အဝ မပေးနိုင်ပေ။


ပင်လယ်ဖျံမှ ရသော နို့ရည်တွင် ပါသော အဆီဓာတ်သည် လူနို့ရည်တွင် ပါသော အဆီဓာတ်၏ ၁၂-ဆ ရှိသည်။ နွားကလေး တကောင်သည် ရက် ၆၀-အတွင်း အလေးချိန် ၂-ဆ နီးပါး ရှိလာသည်။ လူကလေးငယ် ကြီးထွားနှုန်းနှင့် နှိုင်းယှဉ်လျှင် ကလေးငယ် ရက်ပေါင်း ၁၂၀-အတွင်း ကြီးထွားသည့်နှုန်းနှင့် ညီမျှလေသည်။ 


နွားနို့တွင်ပါသော အသားဓာတ်သည် လူနို့ရည်တွင်ပါသော အသားဓာတ်၏ ၂-ဆ၊ နွားနို့တွင်ပါသော ထုံးဓာတ်သည် လူနို့ရည်တွင် ပါသော ထုံးဓာတ်၏ ၄-ဆ၊ နွားနို့တွင် ပါသော မီးစုန်းဓာတ်သည် လူနို့ရည်တွင်ပါသော မီးစုန်းဓာတ်၏ ၅-ဆနှင့် ညီမျှလေသည်။ 


သားမြတ်မှ နို့ရည်ထွက်ပေါ်ခြင်းမှာ သိပ္ပံနယ်ပယ်တွင် ထူးဆန်းအံ့သြဖွယ်ရာ အနေနှင့်ပင် ရှိနေဆဲဖြစ်ပေသည်။ နို့ ၁-အောင်စ ရရှိနိုင်ရန် သားမြတ်အတွင်း၌ သွေးအောင်စ ၄၀၀-လည်ပတ်ရမည်
 ဖြစ်သည်။ သွေးထဲ၌ပါဝင်သော ဓာတ်များနှင့် နို့ရည်ထဲ၌ပါသော ဓာတ်များမှာ မတူပေ။ ဥပမာ-သွေးထဲ၌ ပါသော (Sugary Glucose) ခေါ် အချို ဂလူးကို့စ်ဓာတ်သည် နို့ရည်တွင်ပါသော (Lactose)  ခေါ် သကြားဓာတ်နှင့် ထပ်တူမဟုတ်ပေ။


သွေး၌ပါသော (Amino acids) ဓာတ်ကို ဖယ်ရှားခြင်းဖြင့် နို့ထဲ၌ (Complex Protains)ဓာတ် ကျန်ရှိလေသည်။ ထိုနည်းတူစွာ သွေးထဲတွင် (Fatty acids) ကို ဖယ်ရှားခြင်းဖြင့် နို့ထဲတွင် (Fats) ဓာတ်များ ကျန်ရှိလေသည်။
ကလေးငယ်တယောက် ကြီးထွားလာရေးအတွက် လိုအင်များကို ဖြေရှင်းနိုင်ရန် ထူးခြားသော စွမ်းရည်များကို သားမြတ်တွင် တွေ့ရှိနိုင်ပေသည်။ မိခင်၏ သားမြတ်မှ ထွက်လာသော နို့ရည်အောင်စ အနည်းငယ်သည် ၇-ပေါင်မျှ လေးသော ကလေးတယောက်အဖို့ တနေ့အတွက် လုံလောက်ပေသည်။ ကလေးငယ် ကြီးထွားလာသည်နှင့်အမျှ မိခင်၏ သားမြတ်သည် ကလေးလိုအင် ပြည့်ဝလေအောင် နို့ရည်ကို ပို၍ထုတ်ပေးလေသည်။


ကလေးတယောက်ကို နို့ဖြတ်လိုလျှင် ဆေးဝါးအကူအညီဖြင့် သားမြတ်ကို ပြုပြင်ပေးရသည်။ ဤသို့ ပြုပြင်ခြင်းသည် နောက်ထပ်နို့ရည်ထွက်ခြင်းကို တားဆီးပိတ်ပင်ရန် ဖြစ်သည်။ နို့ရည်ထွက်ခြင်း တစတစ နည်းရာမှ နောက်ဆုံး၌ နို့ရည်သည် ခန်းခြောက်သွားလေသည်။


သားမြတ်သည် လူသားအားလုံးသာမက လူမှအပဖြစ်သော နို့တိုက်သတ္တဝါမှန်သမျှလည်း မှီခိုအားထားရာ ဖြစ်ပေသည်။ သားမြတ်သည် ကလေးငယ်အတွက် နို့ချိုယိုစိမ့် စီးဆင်းရာဌာန ဖြစ်သည်ဟု မှတ်ယူသည်ထက် ဘဝအသက်ဆက်ရာဌာန (ဝါ) အသက်ကို စတင်တည်ဆောက်ပေးရာဌာနဟု မှတ်ယူလျှင် ပို၍သင့်လျော်ပေမည်။
၁၉၆၁-ခု နိုဝင်ဘာလထုတ် ရီးဒါး(စ်)ဒိုင်ဂျက်(စ်)မှ ''The Brest and its Mysteries'' ကို ပြန်ဆိုသည်။ 


မောင်မောင်သိန်း (စိတ်ပညာ)
(မြဝတီ မဂ္ဂဇင်း ၁၉၈၀-စက်တင်ဘာလ)

No comments: