Monday, March 12, 2012

တိုင်းရင်းသားတို့ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရယူခဲ့သော လွတ်လပ်ရေး

ယနေ့ အသက် ၅၀-ခန့်သာ ရှိသေးသူတစ်ဦးသည် အသက်နှင့်ရင်းပြီး ခက်ခက်ခဲခဲ ယူခဲ့ရသော “လွတ်လပ်ရေး” အကြောင်း ပြည့်ပြည့်စုံစုံ သိချင်မှသိပေမည်။ လွတ်လပ်ရေး အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲရေးကို ကြိုးပမ်းကြမည်ဆိုလျှင် မြန်မာ့လွတ်လပ်ရေးသမိုင်းကို စုံစုံစေ့စေ့ လေ့လာသိရှိထားရန် လိုပါ၏။

မိဘဟူသည် သားသမီးများကို ကောင်းစားစေလိုသူများသာ ဖြစ်ပါ၏။ ကောင်းသောအမွေကိုသာ
 ပေးရစ်ခဲ့လိုသူများသာ ဖြစ်ပါ၏။ သား၊ သမီး၊ မြေး၊ မြစ်တို့ကို လွတ်လပ်သော နိုင်ငံကြီးသားများအဖြစ် ကမ္ဘာ့အလယ်တွင် ခံ့တည်စွာ ရပ်တည်စေလိုသည့် ဆန္ဒသဘောထားများ မိဘတိုင်း၏ရင်ဝယ် ကိန်းဝပ်မြဲ ဖြစ်ပါ၏။

ထို့ကြောင့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ ကိုယ့်အမျိုးကို ကိုယ်ချစ်မြတ်နိုးသော ဝံသာနုရက္ခိတ စိတ်ဓာတ်များ၊ လွတ်လပ်ရေးကို ချစ်မြတ်နိုးသောစိတ်ဓာတ်များ၊ တဖွားဖွား ပေါ်ထွက်လာအောင် မိဘနှင့်တူသော နိုင်ငံတော်အစိုးရက နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေခြင်း ဖြစ်သည်ကို အားလုံးအသိ ဖြစ်၏။


လွတ်လပ်ရေးနေ့ဖြစ်စဉ်သမိုင်းကို လေ့လာကြည့်လျှင် မမေ့နိုင်စရာများ၊ မှတ်သားဖွယ်ရာများ၊ လိုက်နာကျင့်ကြံဆောင်ရွက်ဖွယ်ရာများ၊ ပြည့်နှက်လျက်ရှိသည်ကို တွေ့ရမည်။ အထူးသဖြင့် ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ကာကွယ် ထိန်းသိမ်းကြမည့် မျိုးဆက်သစ်များဖြစ်သဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အချုပ်အခြားအာဏာ တည်တံ့ခိုင်မြဲရေး အတွက် မြန်မာ့လွတ်လပ်ရေးသမိုင်းကို မဖြစ်မနေ လေ့လာသိရှိထားရန် လိုပါ၏။


ပထမကျူးကျော်စစ်---
နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာ့ပိုင်နက် ဖြစ်သော အာသံ၊ မဏိပူရတိုင်း ပြည်တွင်းရေးများ၌သာမကဘဲ ရှင်မဖြူကျွန်းကို ကျူးကျော်သိမ်းပိုက် တပ်စွဲလိုက်သောကြောင့် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်၏။ ၁၈၂၄-ခုနှစ် မတ်လ ၅-ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်အင်းဟတ်က
 မြန်မာနိုင်ငံကို စစ်ကြေညာ၍ ကျူးကျော်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။


ထိုအချိန်မှစ၍ တိုင်းရင်းသားများ၏ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများသည် တားမနိုင် ဆီးမရ
 ပေါ်ပေါက်လာလေတော့သည်။ အကျဉ်းအားဖြင့် တင်ပြရလျှင် ၁၈၂၅-ခုနှစ် မတ်လတွင် ဖြစ်ပွားသော ဓနုဖြူ ခံတပ်တိုက်ပွဲတွင် ဓနုဖြူအရှေ့နှင့်အနောက်ရှိ ကျေးရွာများမှ ကရင်အမျိုးသားများ ပါဝင်တိုက်ခိုက်ခဲ့ကြ၏။ ထိုအထဲတွင် ထင်ရှားသော ကရင်ခေါင်းဆောင်မှာ “ဗိုလ်လန်”ဖြစ်သည်။ ထိုကာလတွင် သာယာဝတီ ခရိုင်တွင်လည်း ကရင်-ဗမာ ပူးပေါင်း၍ အင်္ဂလိပ်ဆန့်ကျင်ရေး တိုက်ပွဲများကို ဆင်နွှဲလျက်ရှိကြ၏။

၁၈၂၄-ခုနှစ် စက်တင်ဘာလဆန်းတွင် နယ်ချဲ့တို့သည် ထားဝယ်ကို ချီတက်တိုက်ခိုက်ခဲ့ရာ “ဦးရွှေလုပ်”က ခုခံတိုက်ခိုက်ခဲ့သည်။ ထို့အပြင် မြိတ်မြို့ဝန် ဦးမြတ်လေး ခေါင်းဆောင်သော မွန်-မြန်မာ မျိုးချစ်တပ်များက အပြင်းအထန် ခုခံတိုက်ခိုက်ကြသည်။  
တဖန် ၁၈၂၇-ခုနှစ်တွင် ရခိုင်ဒေသ၌ ဦးအောင်ကျော်ရှီး မြို့သူကြီး ဦးအောင်ကျော်ဇံ နှင့် ဗိုလ်ရွှေပန်း-တို့
 ခေါင်းဆောင်သော ရခိုင်အမျိုးသားများသည် ဆိတ်တိုက်ညောင်ပင်စခန်းကို ဗဟိုပြု၍ သံတွဲရှိ အင်္ဂလိပ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ကြသည်။ ထို့အတူ အလယ်ကြော တိုက်နယ်သူကြီး ဗိုလ်သာဦးလည်း နယ်ချဲ့တို့ကို တော်လှန်တိုက်ခိုက်ရာတွင် ပါဝင်သည်။


အာသံ-မြန်မာ နယ်စပ်တွင်လည်း နယ်ချဲ့တို့ကို ခန္တီးရှမ်းနှင့် ဂျိန်းဖောအမျိုးသားတို့က ၁၈၄၃-ခုနှစ်အထိ ခုခံတိုက်ခဲ့ကြ၏။ ထင်ရှားသော ခေါင်းဆောင်မှာ “ဝက်ကွန်ခွန်ယွန်း” ဆိုသူဖြစ်၏။


ဒုတိယကျူးကျော်စစ်---
အင်္ဂလိပ်တို့သည် ၁၈၅၂-ခုနှစ် ဖေဖော်ဝါရီလ ၁၈-ရက်နေ့တွင် မြန်မာဘုရင်ထံပေးပို့ခဲ့သော အချက် ၄-ချက်ပါ ရာဇသံကို အကြောင်းပြု၍ ဒုတိယနယ်ချဲ့ စစ်ပွဲကို စတင်တော့သည်။ အင်္ဂလိပ်တို့ဘက်မှ ပေးပို့သော မောက်မာလှသည့် ရာဇသံအား မြန်မာတို့က အကြောင်းမပြန်သဖြင့် အင်္ဂလိပ်တို့က စစ်စတင်တိုက်ခိုက်ရန် အခွင့်ကောင်းတရပ် ရရှိသွားခြင်းဖြစ်သည်။


ဒီဇင်ဘာလ ၁၄-ရက်နေ့တွင် အင်္ဂလိပ်တပ်များက ပဲခူးကို သိမ်းပိုက်ပြီး ဒီဇင်ဘာလ ၂၀-ရက်နေ့တွင် “အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ကြောင်း” အင်္ဂလိပ်တို့က ကြေညာချက်ထုတ်ပြန်သည်။
ထိုအချိန်မှစ၍ မွန်လူမျိုးဖြစ်သော ဓနုဖြူမြို့နယ် သပြုရွာသူကြီး မျိုးရိုးဖြစ်သည့် “ဗိုလ်မြတ်ထွန်း”သည် “ဗိုလ်ရွှေပန်း”နှင့် ပူးပေါင်း၍ အင်္ဂလိပ်တို့ကို တိုက်ခိုက်သည်။ မွန်၊ ကရင်၊ မြန်မာ စုစုပေါင်း လူ ၇၀၀၀-
ပါဝင်သည်။ အခြား ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးမှား သာယာဝတီ တာပွန်တိုက်နယ် သူကြီးဟောင်း “ဗိုလ်ခေါင်းကြီး” ဖြစ်၏။ ထို့အပြင် “ဇလွန်မြို့ဝန် ဦးဘို၊ ပုသိမ်မြို့ဝန် ဦးငို” ရေကြည်ပဲ့နင်းကြီးဟောင်း ဦးသာဦးနှင့် ဦးကျော်ဇံလှ တို့သည်လည်း အရေးကြုံတိုင်း နယ်ချဲ့တို့ကို တိုက်ခိုက်ခဲ့ကြသူများ ဖြစ်သည်။


တတိယကျူးကျော်စစ်---
ဘုံဘေဘားမား ကုမ္ပဏီသည် သစ်လုံးရေ ရှစ်သောင်းကျော် ထုတ်ယူခဲ့သော်လည်း သုံးသောင်းကျော်မျှသာ စာရင်းပြု၍ အကောက်ခွန်ကို လိမ်လည်ရှောင်ရှားသည်။ ခိုးထုတ်သည့် သစ်လုံးရေမှာ ၅၆၇၀၂-ဖြစ်၏။
 မြန်မာ့လွှတ်တော်က သစ်ခိုးထုတ်သော ဘုံဘေဘားမား ကုမ္ပဏီအား ဒဏ်ငွေ ကျပ် နှစ်သန်းသုံးသိန်း
 ပေးဆောင်စေရန် အမိန့်ချသည်။ ဤသည်ကို အကြောင်းပြု၍ အင်္ဂလိပ်တို့သည် မြန်မာတို့အပေါ်
 နိုင်လိုမင်းထက်လုပ်ကာ တတိယ ကျူးကျော်စစ်ကို ဆင်နွှဲခြင်းဖြစ်သည်။ ၁၈၈၅-ခုနှစ် နိုင်ဝင်ဘာလ ၁၁-ရက်နေ့တွင် အင်္ဂလိပ်တို့ စစ်ကြေညာကာ မတရားစစ် ဖြစ်ရပြန်သည်။


အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ မတရား သိမ်းပိုက်ပြီးနောက် မြန်မာတိုင်းရင်းသား ပြည်သူများသည် နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲများကို ရပ်နားခြင်း အလျဉ်းမရှိဘဲ တရစပ်တိုက်ခိုက်ခဲ့ကြ၏။ ထိုသို့ တိုက်ခိုက်ရာတွင် မင်းဘူး၊ မြင်းခြံနှင့် မိတ္ထီလာခရိုင်တို့တွင် ထင်ရှားသော ခေါင်းဆောင်များမှာ ဗိုလ်ဥတ္တမ၊ ဗိုလ်ရွှဲ (ဗိုလ်ဆွဲ)၊ ဗိုလ်ချို၊ ဗိုလ်ရာညွန့်၊ ဗိုလ်တုတ်ကျော်တို့ ဖြစ်ကြ၏။ ထို့အတူ မကွေး၊ ပျဉ်းမနား၊ ရမည်းသင်း၊ ပခုက္ကူ၊ ရွှေဘို၊ မန္တလေးနှင့် ကျောက်ဆည်ခရိုင်များတွင် ထင်ရှားသော ခေါင်းဆောင်များမှာ ဗိုလ်မင်းရောင်၊ ဗိုလ်ရိုင်း၊ မြင်းစိုင်းမင်းသား၊ ဗိုလ်လယ်၊ ဗိုလ်ရာကွပ်၊ ရွှေဓားဗိုလ် စသည်တို့ ဖြစ်ကြ၏။


လွတ်လပ်ရေး ပြန်လည်ရရှိရေးအတွက် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြသူများအနက် ထင်ရှားသော တိုင်းရင်းသား ခေါင်းဆောင်များမှာ ဗန်းမော်ခရိုင် နှင့် မြစ်ကြီးနားခရိုင်တို့တွင် “ဖုံကန်ဒူဝါ၊ ဗိုလ်ဖိုးစော၊ ဆမားဒူးဝါ၊ ဆနားဒူဝါး၊ တုံဟုံးဒူဝါး၊ စေရန်ပိုင် မင်းသားနှင့် မိုးလှိုင်စော်ဘွား စောခမ်းလှိုင်” တို့ ဖြစ်ကြ၏။


ထိုနည်းတူစွာ ရှမ်းအမျိုးသားများကလည်း နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများကို တခဲနက် ဆင်နွှဲခဲ့ကြ၏။ ယင်းတို့အနက် ထင်ရှားသော မိုနဲစော်ဘွား စောခွန်ကြည်၊ ရပ်စောက်စော်ဘွာ စောပိုင်း၊ မိုင်းပွန်စော်ဘွာ စောခွန်တီ၊ ကျိုးတုံစော်ဘွား စောခမ်းဖု၊ မိုင်းနောင်စော်ဘွားနှင့်
 မောက်မယ်စော်ဘွားတို့ ဖြစ်ကြ၏။
ဝန်းသိုစော်ဘွား ဦးအောင်မြတ်-သည်လည်း ကသာခရိုင် ဝန်းသိုနှင့် မိုးကောင်းမြို့များမှအင်္ဂလိပ်တို့အား
 တော်လှန်တိုက်ခိုက်ရာတွင် ထင်ရှားသည်။


အခြားထင်ရှားသော ချင်းတိုင်းရင်းသား ခေါင်းဆောင်များမှာ ကြွန့်ဘိခ် (ဗိုလ်ဆွန်ပက်)၊ ကိုင်တွာ၊ ဦးတွမ်စောင် နှင့် ဗိုလ်ခိုင်ကမ်း-တို့ ဖြစ်ကြ၏။ ကယားတိုင်းရင်းသားခေါင်းဆောင် စော်ဘွားကြီး စောလဖော-သည်လည်း နယ်ချဲ့တို့အား ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်ရာတွင် ထိပ်တန်းမှ ပါဝင်ခဲ့သူ ဖြစ်ပါ၏။


အလားတူ အနောက်မိုင်းလွန်းနယ်ပိုင် စော်ဘွား စောမဟာ-သည်လည်း ဝ-နယ်များကို စုရုံးခေါင်းဆောင်၍ နယ်ချဲ့အင်္ဂလိပ်တို့အား တော်လှန်တိုက်ခိုက်ရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့၏။
ရခိုင်ဒေသမှ နယ်ချဲ့အင်္ဂလိပ် တော်လှန်ရေးကို ဦးဆောင်ခဲ့သူမှာ ဗိုလ်မောင်ပိုင် နှင့် ဗိုလ်ငတာ-တို့ ဖြစ်ကြ၏။
ယခုတင်ပြခဲ့သော တိုင်းရင်းသားခေါင်းဆောင်များတွင် မပါဝင်ဘဲ ကျန်ရစ်ခဲ့သည့် ပုဂ္ဂိုလ်အချို့ ရှိပါမည်။ ကျွန်တော် လက်လှမ်းမီသရွေ့ အကျဉ်းချုပ်တင်ပြခြင်းသာ ဖြစ်ပါ၏။


မည်သို့ရှိစေ မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းရာတွင် တိုင်းရင်သားလူမျိုးပေါင်းစုံ ပါဝင်ခဲ့သည်မှာ ငြင်းကွယ်၍မရသော အကြောင်းတရပ်ဖြစ်ပါ၏။
ထို့ကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြား အာဏာတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်ရန်၊ ထိမ်းသိန်းရန် တာဝန်သည် တိုင်းရင်းသားအားလုံး၏ မွေးရာပါတာဝန်ဖြစ်သည်ကို မမေ့အပ်ပေ။


နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲမှသာ တမျိုးသားလုံး၏ ရည်မှန်းချက်ဖြစ်သော “အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်” ဆီ လှမ်းချီနိုင်မည်ဖြစ်ကြောင်း သိမြင်လျက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ မျိုးချစ်စိတ်ဓာတ် မြဲမြံခိုင်မာရေးတို့ကို တိုင်းရင်သားအားလုံးတို့က မဖြစ်မနေ
 ဖော်ဆောင်ကြရမည် ဖြစ်ပါ၏။


တက္ကသိုလ် သင်္ခ
( မြဝတီ မဂ္ဂဇင်း ၂၀၀၁-ဇန်နဝါရီလ)

No comments: