Thursday, March 1, 2012

ဝဲနှင်းခူ ရောဂါ ဆေးနည်း

ဆေးမြီးတိုနဲ့ စမ်းသပ်ပျောက်ကင်းအောင် ကုပြီးမှ လက်တွေ့ ဆေးပေးတတ်တဲ့ ကြီးကြီး-အိမ်ကို စာရေးသူ တစ်ခေါက်ရောက်ခဲ့ပြန်ပါတယ်။
ယခုတစ်ခါပေးတဲ့ ဆေးနည်းကတော့ ဝဲနှင်းခူ ပျောက်ဆေးပါ။ ကြီးကြီးခင်ပွန်းရဲ့ ခြေခုံပေါ်မှာ ပေါက်တဲ့ ဝဲနှင်းခူကို တစ်ခါတည်း လိမ်းရုံနဲ့ ပျောက်တဲ့ ဆေးနည်း ဖြစ်ပါတယ်။

ဒီဆေးကလည်း တစ်ချိန်က သတင်းစာထဲမှာ ပါလာတဲ့ ဆေးနည်းကို ကြီးကြီးက သူ့ခင်ပွန်းကို ကုသပေးပါတယ်။ 
ဆေးနည်းကတော့ ဝဲနှင်းခူ ဖြစ်နေတဲ့ အနာကို ဝါးခြမ်းဖြစ်စေ၊ ဓားဖြင့်ဖြစ်စေ၊ အရေပြာ နီရဲအောင် ခြစ်ချပြီး ဆီးဖြူသီးစိမ်းကို ကျောက်ပျဉ်မှာ သွေး၊ ရရှိသော ဆီးဖြူသီး စိမ်းရည်ကို သံပရာရည်နှင့် ဆတူရောစပ်ပြီး အနာပေါ်သုတ်လိမ်းပေးပါ။ သံပရာခွံကိုလည်း အနာပေါ်မှာ ကပ်ပေးပါ။ စပ်တာတော့ အတော်စပ်ပါမယ်။ တစ်ခါလိမ်းရုံနဲ့ ပျောက်ကင်းသွားတယ်လို့ ပြောပါတယ်။

စာရေးသူသိရှိတဲ့ ဝဲနှင်းခူဆိုတာ အရေပြားပေါ်မှာ ဖြစ်တဲ့ အနာတမျိုးဖြစ်ပြီး ယားလာတာကို ကုတ်ရင်းနဲ့ ဖြစ်တာတွေ များပါတယ်။
လမ်းမပေါ်၊ လယ်ကန်သင်းရိုးပေါ်မှာ သွားရင်း ထိကရုံးဆူး ခြစ်မိပြီး ကုတ်ရင်းဖြစ်တာလည်း တွေ့ဖူးပါတယ်။ တချို့ ပြည်တစိုစိုနဲ့ အပွေးတက် အရေပြားကြမ်းနေတဲ့ ဝဲနှင်းခူ အစိုများ တွေ့ရသလို အပွေးတက် ဖောင်းကြွပြီး အမည်းကွက်တွေ ဖြစ်နေတဲ့ ဝဲနှင်းခူ အခြောက်များကိုလည်း  တွေ့ရပါတယ်။


အသား ငါးနဲ့ သွေးကြွစေတဲ့ အစာတွေစားရင်း အနာကြွလာပြီး ယားယံလို့ ကုတ်ရင် အနာအရည်ကြည်မှ ကူးစက်ပြန့်ပွားတတ်ပါတယ်။ ဝဲနှင်းခူဆေးနည်းများကို စာရေးသူ မှတ်သားထားသည့်ဆေးနည်းများလည်း ရှိပါသေးတယ်။


ဒီဆေးနည်းကတော့ ကလေးတစ်ယောက် ခြေသလုံးသား တစ်ခုလုံးမှ ဝဲနှင်းခူကို ကုသပြီး ပျောက်ကင်းမှ တိုင်းရင်းဆေးဆရာတဦး ပေးတဲ့ ဆေးနည်းဖြစ်ပါတယ်။


ဆေးနည်းကတော့---
ချက်ပါတဲ့ ပုလင်းဖင်ပိုင်းကို ထုခြေပြီး အမှုန့်ပြု၊ ဆင်သားရေ ပြာချ၊ ဆေးရွက်ကြီး ပြာချ၊ ကင်းပွန်းသီး ပြာချ၊ မဖောက်ထုံး အမှုန့်နှင့် ဆတူရောစပ်၊ အိုးသစ်တစ်လုံးထဲသို့ ထည့်၊ အရက်ပြန်နှင့်ကျို၊ (အိုးထဲသို့ မီးမဝင်စေရန် သတိပြု၍ မီးခဲနှင့်ကျိုပါ) ဆူလာလျှင်ချ။
ယင်း ဆေးရည်းကို မလိမ်းမီ အုန်းသီးနုနုပြုတ်ရည်နှင့် အနာကို ဖန်ရည်ဆေး၍ လိမ်းပေးပါ။ အနာကြောင့် နေ့စဉ်ငို၍ ကုတ်နေရသော ကလေးရဲ့ ဝဲနှင်းခူများ ပျောက်ကင်းသွားသည်ကို တွေ့ခဲ့ပါတယ်။ 


နောက်ဆေးနည်း တမျိုးကတော့...
မင်းကိုကာ၊ နှင်းပန်းဖြူ၊ ထန်းနို့ခြောက်၊ ဂဒူးဖုံးမသိန်တို့ကို ဆတူပြာချပြီး ရေနံချေးနဲ့ လိမ်းပေးရတဲ့ ဆေးနည်း ဖြစ်ပါတယ်။
ဒီဆေးကလည်း ဆေးမလိမ်းမီ တမာရွက်နဲ့ သင်္ဘော မဲဇလီ ပြုတ်ရည်တို့နဲ့ ဖန်ရည်ဆေးပြီးမှ လိမ်းရပါတယ်။ ဝဲနှင်းခူရောဂါ ကုမယ်ဆိုရင် ဝမ်းပျော့မယ့် အစာတွေကိုလည်း စားပေးရပါမယ်။


စိတ်ရှည်ရှည်နဲ့ နေ့စဉ် လိမ်းပေးရင် တဖြည်းဖြည်း ညှိုးခြောက်ပြီး ရောဂါပျောက်ကင်းသွားတဲ့
 ဆေးများ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဆေးနည်းပေးသော ပုဂ္ဂိုလ်များကို ကျေးဇူးတင်လျက်----


တင်မောင်မောင်သန်း (သုံးဆယ်)

No comments: