Thursday, March 29, 2012

စည်းနဲ့ကမ်းနဲ့ မြန်မာစာ

ညီလေး
အရင်တလောက ကိုကြီးရေးလိုက်တဲ့ “အကဲခတ် နဲ့ အကဲခပ်”အကြောင်း စာထဲမှာ “စုတူသတ် စနစ်” အကြောင်း ပါသွားတော့ သီလေးက စိတ်ဝင်စားပြီး နည်းနည်းလောက် ချဲ့ပြီးရှင်းပြပေးပါလို့ တောင်းဆိုလာလို့ ဒီစာကို ဆက်ရေးလိုက်တာပါ။ “စုတူသတ်စနစ်” အကြောင်း ညီလေး စိတ်ဝင်စားတာ ဝမ်းသာပါတယ်။ ညီလေး စာစိတ်ပေစိတ် ဝင်လာတာကို ချီးကျူးကြိုဆိုပါတယ်။

တကယ်တော့ “စုတူသတ်စနစ်”ဆိုတာ ကိုကြီး ပေးထားတဲ့ နာမည်ပါ။ နာမည်ကိုသာ ပေးတာနော်။ ဒီစနစ်ကတော့ မြန်မာစကား၊ မြန်မာစာမှာ နဂိုကတည်းက ရှိပြီးသားစနစ်ပါ။ စနစ်နာမည် တပ်လို့ပဲ ဖြစ်ဖြစ်၊ စနစ်နာမည် မတ်ဘဲပဲ ဖြစ်ဖြစ်၊ ဒီစနစ်ကို သုံးနေကြပါတယ်။ ဒီစနစ်ကလည်း မြန်မာစကား မြန်မာစာမှာ စာလုံးပေါင်းသတ်ပုံ မှန်ကန်ဖို့နဲ့ အနက်အဓိပ္ပါယ်သိဖို့ အလွန်ကောင်းတဲ့စနစ် ဖြစ်နေတာကိုး၊ ဆရာတော် ဦးကောသလ္လကတော့ “ဗြဟ္မနိရုတ္တိနယသင်္ဂဟ ခေါ် မြန်မာစာလုံးပေါင်း ပြောင်းထုံးကျမ်း(၁၉၈၅)မှာ အက္ခရာ ဖိုမ ပြောင်းလဲခြင်း”လို့ ခေါ်ထားလေရဲ့။

“စုတူသတ်စနစ်”လို့ နာမည်ပေးရတဲ့အကြောင်းကစပြီး ရှင်းပြပါမယ်။ မြန်မာစာမှာ အသတ် ၁၀-ပါး ရှိတာကို ညီလေးသိပါတယ်။ က-သတ်၊ င-သတ်၊ စ-သတ်၊ ည-သတ်၊ တ-သတ်၊ န-သတ်၊ ပ-သတ်၊ မ-သတ်၊ ယ-သတ်၊ ဝ-သတ်၊ ဆိုတာတွေပေါ့။ 
ဒါက ရှေးအစဉ်အလာ သတ်မှတ်ခဲ့ကြတဲ့ မြန်မာအသတ် ၁၀-ပါး။ အခုသတ်မှတ်ထားတာလည်း အသတ် ၁၀-ပါးပဲ။ အဲဒါတွေကတော့ က-သတ်၊ င-သတ်၊ စ-သတ်၊ ဉ-သတ်၊ ည-သတ်၊ တ-သတ်၊ န-သတ်၊ ပ-သတ်၊ မ-သတ်၊ ယ-သတ်၊ ဆိုတာတွေပါ။
ရှေးအစဉ်အလာ မြန်မာအသတ် ၁၀-ပါးထဲမှာ ဝ-သတ်ပါတယ်၊ ဉ-သတ် မပါဘူး၊ အခု သတ်မှတ်တဲ့ အသတ် ၁၀-ပါးမှာတော့ ဝ-သတ် မပါဘူး၊ ဉ-သတ်ပါတယ်။ ဆယ်ပါးတော့ ဆယ်ပါးချည်းပဲ။

မြန်မာမှာ-
က၊ ခ၊ ဂ၊ ဃ၊ င-ဆိုတဲ့ က-ဝဂ် ဗျည်း ၅-လုံး
စ၊ ဆ၊ ဇ၊ ဈ၊ ည-ဆိုတဲ့ စ-ဝဂ် ဗျည်း ၅-လုံး
ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ-ဆိုတဲ့ ဋ-ဝဂ် ဗျည်း ၅-လုံး
တ၊ ထ၊ ဒ၊ ဓ၊ န-ဆိုတဲ့ တ-ဝဂ် ဗျည်း ၅-လုံး
ပ၊ ဖ၊ ဗ၊ ဘ၊ မ-ဆိုတဲ့ ပ-ဝဂ် ဗျည်း ၅-လုံး
ရယ်လို့ ဝဂ်ဗျည်း ၂၅-လုံးရှိတယ်ဆိုပြီး ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ဋ-ဝဂ်ဗျည်း ၅-လုံးကိုတော့ ပါဠိဗျည်းသက်သက်ဖြစ်လို့ ချန်ထားရပါတယ်။ အဲဒီတော့ မြန်မာမှာ ဝဂ်ဗျည်း (၂၀) ရှိတယ်ဆိုပါစို့၊ (သဒ္ဒဗေဒသဘောအရ မြန်မာဗျည်းတွေအကြောင်း အလျဉ်းသင့်တဲ့အခါ ရှင်းပြပါဦးမယ်) အဲဒီဝဂ်ဗျည်း (၂၀)မှာ  မြန်မာမှုအရ အသတ်ဗျည်းတွေက ၈-လုံး ရှိပါတယ်။

အဲဒါတွေကတော့---
က-ဝဂ်မှာ က-သတ်နဲ့ င-သတ်၊ ဝဂ်တူ၊ အစုတူ၊
စ-ဝဂ်မှာ စ-သတ်နဲ့ ည-သတ်၊ ဝဂ်တူ၊ အစုတူ၊
တ-ဝဂ်မှာ တ-သတ်နဲ့ န-သတ်၊ ဝဂ်တူ၊ အစုတူ၊
ပ-ဝဂ်မှာ ပ-သတ်နဲ့ မ-သတ်၊ ဝဂ်တူ၊ အစုတူ၊ တို့ ဖြစ်ပါတယ်။
စ-ဝဂ်က ည-ဆိုတာမှာ ဉ-ကလေးသတ်နဲ့  ည-ကြီးသတ်ဆိုတဲ့ နှစ်မျိုးလုံးကို ထည့်ရပါတယ်။ အဲဒီလိုဆိုရင်တော့ မြန်မာအရ အသတ်ဗျည်း ၉-လုံးပေါ့။
က-သတ်၊ င-သတ်၊ စ-သတ်၊ ဉ-ကလေးသတ်၊ ည-ကြီးသတ်၊ တ-သတ်၊ န-သတ်၊ ပ-သတ်၊ မ-သတ်၊ ဆိုတာတွေပါပဲ။

ဒီလိုဆိုတော့ က-ဝဂ် က-အစုမှာ က နဲ့ င ဝဂ်တူ၊ အစုတူတာမို့ က-သတ်နဲ့ င-သတ်က စုတူသတ်ပေါ့။
အဲဒီလိုပဲ စ-ဝဂ်မှာ စ-သတ်နဲ့ ဉ-သတ်၊ ည-သတ် တို့က စုတူသတ်။
တ-ဝဂ်မှာ တ-သတ်နဲပ မ-သတ်တို့က စုတူသတ်။
ပ-ဝဂ်မှာ ပ-သတ်နဲ့ မ-သတ်တို့က စုတူသတ်တွေပဲ။
ဒီနေရာမှာ ညီလေးကို ထပ်မှာချင်တာကတော့ မ-သတ်နဲ့ သေးသေးတင်ကလည်း တူတာမို့  ပ-သတ်နဲ့ သေးသေးတင်ကိုလည်း စုတူသတ်လို့ ဆိုနိုင်ပါတယ်။
တနည်းပြောရရင်တော့ ပ-သတ်နဲ့ မ-သတ်၊ သို့မဟုတ် သေးသေးတင်ပေါ့။

ညီလေး ထပ်ပြီးမှတ်စရာတွေ ရှိသေးတယ်နော်။ အဲဒါကတော့
က-သတ် ၃-လုံး၊ င-သတ် ၉-လုံး၊
စ-သတ် ၁-လုံး၊ ဉ-သတ် ၃-လုံး၊ ည-သတ် ၃-လုံး၊
တ-သတ် ၃-လုံး၊ န-သတ် ၉-လုံး၊
ပ-သတ် ၃-လုံး၊ မ-သတ် ၉-လုံး ရှိတယ်ဆိုတာပါပဲ။ 

အဲဒီမှာ က-သတ်၊ စ-သတ်၊ တ-သတ်၊ ပ-သတ်၊ (က၊ စ၊ တ၊ ပ၊ အသတ်) တွေကို ရှေးကတော့ “တိုင်သံ” လို့ ခေါ်ကြတယ်။ “သက်အောင့်သံ”လို့လည်း ခေါ်ကြသေးတယ်။ သံရပ်သရတွေကို ဖြစ်စေတာမို့ “ရပ်သံ”လို့လည်း ခေါ်မှာပေါ့လေ။
င-သတ်၊ ဉ-သတ်၊ ည-သတ်၊ န-သတ်၊ မ-သတ် ( င၊ ဉ၊ ည၊ န၊ မ-အသတ်တွေ) တွေကိုတော့ “နှာသံ”လို့ ခေါ်ပါတယ်။

အခု ကိုကြီးပြောနေတဲ့ က-သတ်၊ စ-သတ်၊ တ-သတ်၊ ပ-သတ်တွေနဲ့ င-သတ်၊ ဉ-သတ်၊ ည-သတ်၊ န-သတ်၊ မ-သတ် ဆိုတာတွေဟာ ဝဂ်ဗျည်းသတ်တွေ၊ အစုဗျည်းသတ်တွေနော်။ အဲဒီ ဝဂ်ဗျည်း၊ အစုဗျည်းတွေမှာ ဝဂ်တူ၊ အစုတူ အသတ်ချင်း အနက်နှီးနွယ်ဆက်စပ်တယ်။ အနက်တူတယ်ဆိုတာကို ပြောချင်လို့ ဝဂ်တူသတ်၊ ဒါမှမဟုတ် စုတူသတ်စနစ်လို့ ခေါ်လိုက်တာပါပဲ။ ပိုပြီးမှတ်မိသွားအောင် ထပ်ပြီး ဇယားချကြည့်လိုက်ကြရအောင်။

ပထမက္ခရာသတ်.......ဝဂ္ဂန္တအက္ခရာသတ်...................................ဝဂ်အမည်-(အစုအမည်)............မှတ်ချက်
သက်အောင့်သံ.......သံရှည်..........သံတို..........သံလေး............
အက်.......................အင်................အင့်............အင်း.................ကဝဂ်................အနက်နှီးနွှယ်(သို့)အနက်တူ
အောက်..................အောင်............အောင့်.......အောင်း................က-ဝဂ်.......................................။...
အိုက်.......................အိုင်................အိုင့်............အိုင်း..................က-ဝဂ်.......................................။
အစ်.........................အဉ်................အဥ့်............အဉ်း...................စ-ဝဂ်........................................။
      .........................အည်..............အည့်..........အည်း.................စ-ဝဂ်.........................................။
အတ်........................အန်...............အန့်............အန်း...................တ-ဝဂ်.......................................။
အိတ်........................အိန်...............အိန့်............အိန်း....................တ-ဝဂ်......................................။
အုတ်........................အုန်................အုန့်...........အုန်း....................တ-ဝဂ်......................................။
အပ်..........................အမ်(အံ).........အမ့်(အံ့)....အမ်း....................ပ-ဝဂ်........................................။
အိပ်..........................အိမ်.................အိမ့်...........အိမ်း...................ပ-ဝဂ်........................................။
အုပ်..........................အုမ်(အုံ)..........အုမ့်(အုံ့)....အုမ်း(အုံး)...........ပ-ဝဂ်........................................။

အဲဒီတော့ ဇယားကြည့်တာနဲ့ က-ဝဂ် (က-အစု) မှာ အက် နဲ့ အင်၊ အင့်၊ အင်း၊
အောက် နဲ့ အောင်၊ အောင့်၊ အောင်း၊
အိုက် နဲ့ အိုင်၊ အိုင့်၊ အိုင်း-တို့ အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်၊ တူညီတယ်။

စ-ဝဂ် (စ-အစု) မှာ အစ် နဲ့ အဉ်၊ အဥ့်၊ အဉ်း၊
အည်၊ အည့်၊ အည်း-တို့ အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်။ တူညီတယ်။
တ-ဝဂ် (တ-အစု)မှာ အတ် နဲ့ အန်၊ အန့်၊ အန်း၊
အိတ် နဲ့ အိန်၊ အိန့်၊ အိန်း၊
အုတ် နဲ့ အုန်၊ အုန့်၊ အုန်း-တို့အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်၊ တူညီတယ်။
ပ-ဝဂ် (ပ-အစု)မှာ အပ် နဲ့ အမ်၊ အမ့်၊ အမ်း၊ (အံ၊ အံ့)
အိပ် နဲ့ အိမ်၊ အိမ့်၊ အိမ်း၊ နဲ့ အုမ်၊ အုမ့်၊ အုမ်း၊ (အုံ၊ အုံ့၊ အုံး) အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်၊ တူညီတယ် ဆိုတာတွေကို သိနိုင်လောက်တယ်ထင်ပါရဲ့။

အဲဒီ “စုတူသတ်စနစ်”ကိုသိရင် စုတူသတ်ရဲ့ သဘောသဘာဝ-ကို သိရင် မြန်မာစာမှာ အထူးသဖြင့် အသတ်အလတ်ကိစ္စမှာလည်း ပိုင်-မယ်။ မြန်မာစာ မြန်မာစကားရဲ့ အနက်အဓိပ္ပါယ်အရာမှာလဲ နိုင်-မယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ အကဲခတ် နဲ့ အကဲခပ်-အကြောင်းပြောတုန်းက အကဲခတ်-ကို တ-သတ်၊ ခတ်နဲ့ရေးမှ သင့်တယ်။ မှန်တယ်ဆိုတာဟာ အကဲခတ်-ကို အကဲခန့်-နဲ့ ဖလှယ်ပြီး အကဲကို ခန့်မှန်းတယ်ဆိုတဲ့ အနက်အဓိပ္ပါယ်ရတယ်ဆိုတာ အခြေခံပြီး ပြောခဲ့တာပဲ။ အကဲကို ခန့်မှန်းတယ်၊ အကဲခန့်တယ်၊ အကဲခတ်တယ်ပေါ့၊ အကဲကို တီးခတ်၊ တီးခေါက်တဲ့အနက်နဲ့ ကြံရင်လည်း အကဲခတ်-လို့ တ-သတ် ခတ်-နဲ့ ရေးရမှာပဲ မဟုတ်လား။ ကဲ စုသူသတ်စနစ်ဟာ မြန်မာစာမှာ စာလုံးပေါင်းသတ်ပုံနဲ့ အနက်အဓိပ္ပါယ်ဆိုင်ရာတွေမှာ တနည်းပြောရရင် မြန်မာစာမှာ အရေးနဲ့အနက်မှာ ဘယ်လောက်အသုံးဝင် အရာရောက်သလဲဆိုတာ သာဓကလေးတွေနဲ့ ကြည့်လိုက်ကြရအောင်၊ က-သတ်နဲ့ င-သတ်က စလိုက်ကြတာပေါ့။

က-သတ်မှာ အက်၊ အောက်၊ အိုက်-လို့ က-သတ် ၃-လုံး ရှိတယ်နော်။
င-သတ်ကတော့ အင်၊အင့်၊ အင်း။ အောင်၊ အောင့်၊ အောင်း၊ အိုင်၊ အိုင့်၊ အိုင်း-ရယ်လို့ ၉-လုံးပေါ့။
အက်,အင်၊ အင့်၊ အင်း
က-သတ် အက် ကာရန်နဲ့ င-သတ် အင်၊ အင့်၊ အင်း ကာရန်တွေ အနက်နှီးနွှယ် ဆက်စပ်တာ၊ အနက်တူတာကို သာဓကလေးတွေနဲ့ ရှင်းပြပါမယ်။

မြန်မာစာ၊ မြန်မာစကားမှာ “လေ့ကျက်၊ လေ့ကျင့်”ဆိုတဲ့ စကားနှစ်လုံးရှိတာ ညီလေးသိပြီးသားပါ။ အဲဒီစကားနှစ်လုံးဟာ မူလအနက်အားဖြင့်တော့ တသဘောတည်းပါပဲ။ ကျက် နဲ့ ကျင့်က က-သတ်နဲ့ င-သတ် စုတူသတ်လေ။ တဆက်တည်း တစပ်တည်း တဝဲလည်လည်၊ ဖန်တလဲလဲ ပြုလုပ်တဲ့ အနက်ရှိတယ်။
(စာ)ကျက်တယ်ဆိုတာ (စာကို) နှုတ်တက်ရအောင် စွဲမြဲမှတ်မိအောင် ထပ်တလဲလဲ ကြိမ်ဖန်များစွာ ရွတ်ဆိုတာပဲ။
ကျင့်တယ်ဆိုတာလည်း အမှုအလုပ်တခုခုကို ကျွမ်းကျင်အောင် ထပ်တလဲလဲ ပြုမူတာပဲ မဟုတ်လား။ မူလအနက်သဘောတူတူပဲနော်။ ဒါပေမဲ့ အသုံးအနှုန်းအရ လေ့ကျက် နဲ့ လေ့ကျင့်ဟာ ရိုးတိုးရိပ်တိပ်တော့ အနက်ရိပ်ပြားတာကို မှတ်ထားဖို့ကောင်းတယ်။

မြန်မာစာအဖွဲ့က ပြုစုတဲ့ မြန်မာအဘိဓာန်မှာ လေ့ကျက်ကို စွဲမြဲအောင် အကြိမ်ကြိမ် ကြည့်ရှုမှတ်သားသည်-လို့ ဖွင့်ပြီး လေ့ကျင့်ကိုတော့ စွမ်းရည်တိုးအောင် အထပ်ထပ်အားထုတ်သည်-လို့ ဖွင့်ထားတယ်လေရဲ့။ ဒီနေရာမှာ လေ့ကျက် နဲ့ လေ့ကျင့်ကို အချို့က အနက်တူလို့တောင် ယူတတ်ကြတယ်။ အနက်တူ-လို့ မယူဘဲ အနက်နှီးနွှယ် ဆက်စပ်လောက်နဲ့ဆိုရင် သင့်မယ်ထင်ပါတယ်။

ကွက် နဲ့ ကွင်းလည်း စုတူသတ်၊ အနက်တူ ဆိုတာ ညီလေး တွေးမိပြီထင်ပါတယ်။ ကွက်ရော ကွင်းပါ တဆက်တည်း၊ တစပ်တည်းဖြစ်တဲ့ အနက်ရင်းကို အခြေခံတာပဲ။ အကွက် နဲ့ အကွင်း၊ လယ်ကွင်း နဲ့ လယ်ကွက်၊ ကွက်ကွက် နဲ့ ကွင်းကွင်း တို့ကတော့ က-သတ်၊ င-သတ် အနက်တူဆိုတာ ပေါ်လွင်တဲ့ သာဓကတွေပါ။ သွေကွက်က ကွက်နဲ့ ကွေကွင်းက ကွင်းတို့ အနက်တူကိုလည်း စဉ်းစားကြည့်နိုင်ပါတယ်။ သွေကွက်က ကွက်ဟာ သွေသွား၊ ဖည်သွား၊ ကွင်းသွားတာပဲ မဟုတ်လား။

ခက် နဲ့ ခင် လည်း စုတူသတ်၊အနက်တူပဲ ညီလေး။ အနက်ရင်းကတော့ ဆက်စပ်ပူးယှဉ် နှောင်ဖွဲ့တွဲချည်တဲ့ အနက်ပဲ။ ကြိုး၊ ကြိမ်၊ တမျိုးမျိုးနဲ့ ပူးတွဲချည်ဖွဲ့တာကို ကြိုးနဲ့ခက်တယ်၊ ကြိမ်နဲ့ ခက်တယ်လို့ ပြောတာ ညီလေးသိပါတယ်နော်။ ချည်မျှင်တွေကို ပေါင်းစည်းဖွဲ့ယှက် တွဲဖွဲ့ထားလိုက်ရင် ချည်ခင်မဖြစ်ပေဘူးလား။ ခက် နဲ့ ခင် အနက်တူတာ ထင်ရှားပါတယ်။ တဦးနဲ့တဦး သံယောဇဉ် ကြိုးနဲ့ ချည်ထား၊ နှောင်ထား၊ ဖွဲ့ထား၊ လက်ထားတာကို ခင် တယ်လို့ ပြောတာလည်း အလားတူပဲပေါ့။

တွက်ချက်တယ်၊ ချင့်တွယ်တယ်၊ ချင့်ချိန်တယ်-ဆိုတဲ့ စကားတွေမှာ ချက် နဲ့ ချင့် အနက်ရင်းတူတာကို သိနိုင်ပါတယ်။ ဂဏန်းပုစ္ဆာရဲ့ အဖြေကို ရှာတာကိုလည်း တွက်ချက်တယ်လို့ ဆိုတယ်။ တွက်ဆတဲ့သဘော၊ မှန်းဆတဲ့သဘော၊ ချင့်ချိန်တဲ့သဘောမှာလည်း တွက်ချက်ကို သုံးပါတယ်။ ချင့်ချိန်တယ်ဆိုတာကတော့ ကောင်း-မကောင်း၊ သင့်-မသင့် အစရှိတာကို တိုင်းဆ ဆင်ခြင်တာပါပဲ။ ချက် နဲ့ ချင့်-ဟာ စုတူသတ်၊ အနက်တူပေါ့။

ခွက်ရဲ့အနက်က မျက်နှာပြင် ချိုင့်ဝှမ်းတဲ့ အနက်ဖြစ်ပါတယ်။ ပက်လက်အနေအထား၊ ပက်လက်အနေအထားမှာ ချိုင့်ဝှမ်းတဲ့သဘောပါ။ ခွင် ရဲ့အနက်ကလည်း ကွေးတာ ကောက်တာ၊ ချိုင့်ဝှမ်းသဘောမျိုး ဖြစ်တာပါပဲ။ ဒေါင်လိုက်အနေအထား၊ မတ်မတ်အနေအထားမှာ ကွေးတာ ကိုင်းတာ မျိုးပါ။ ဒါကြောင့် ခြေထောက် နည်းနည်းကွေးတာကို ခြေခွင်တယ်၊ ခွင်တယ်-လို့ ဆိုကြတာပဲ။

ဒိုးကစားတဲ့အခါ ဒိုးစိုက်ဖို့ တွင်းရာကလေး၊ အခွက်ကလေး၊ လုပ်ထားရတယ် မဟုတ်လား။ အဲဒီအခွက်ကလေးကို ခွင်လို့ ခေါ်တာ ညီလေးသိပါတယ်။ ခွက် နဲ့ ခွင် စုတူသတ်ပေါ့။ ချိန်ခွင်မှာ ခွင်ရဲ့အနက်ကို က-သတ်နဲ့ ဖလှယ်လိုက်ရုံပါပဲ။ ခွင်-ဆိုတာ ခွက်နဲ့ အတူတူပဲလို့ သိသွားတာပေါ့။

အသားအရေ ချောမွေ့နူးညံ့တာမျိုး၊ အဆိုအက အရေးအသား ပြေပြစ်တာမျိုးကို ညက်တယ်လို့ ပြောကြတယ်။ အပြောအဆို အပြုအမူ ညက်ညောတာကို ညင်သာတယ်လို့ ဆိုတယ်လေ။ ညက်ညောက ညက်နဲ့ ညင်သာက ညင်ဟာ စုတူသတ် အနက်တူပါပဲ။ လေပြေလေညင်းဆိုတာ ညက်ညက်ညောညော၊ ညင်ညင်သာသာ၊ ညင်းညင်းပျောင်းပျောင်း၊ ညင်းညင်းပျပျ တိုက်တဲ့လေကို ခေါ်ပါတယ်။ ညက်ညော၊ ညင်သာ၊ ညင်းပျောင်း၊ ညင်းပျ တို့မှာပါတဲ့ ညက်၊ ညင်၊ ညင်း-တို့ စုတူသတ် အနက်တူပဲနော်။ လေပြည်လေညင်းလို့ ရေးတဲ့အခါ ညင်းမှာ ဟထိုး ပါ-မပါ သိချင်ရင် ညက်နဲ့ ဖလှယ်ကြည့်၊ တိုက်ဆိုင်ကြည့်လို့ ရပါတယ်။ ညက်မှာ ဟထိုးမပါတော့ ညင်းမှာလည်း ဟထိုး မပါရဘူးပေါ့။ စာလုံးပေါင်း သတ်ပုံကိုလည်း မှန်စေတဲ့ စုတူသတ်စနစ်လေ။

အရာဝတ္ထုတခုရဲ့ မျက်နှာပြင်အနံကို ဗြက်လို့ ခေါ်တယ်။ ဗြက်ရဲ့ ရင်းမြစ်သဘောကိုလည်း မသိ၊ စုတူသတ် စနစ်နဲ့လည်း မချိန်မိသူတွေက ဗျက်လို့ မှားရေးတတ်ကြတယ်။ တကယ်တော့ မျက်နှာပြင်၊ မြေပြင်၊ ရေပြင်လို ပြင်၊ အပြင်နှင့် ဆက်နွှယ်စဉ်းစားကြည့်ရင် အနက်အဓိပ္ပါယ်လည်း သိ၊ စားလုံးပေါင်း သတ်ပုံလည်း သိသွားနိုင်ပါတယ်။ ပြင်ကိုပဲ ပြက်လို့ ဖလှယ်လိုက်ပါ။ ပြက်ကို အသံစွဲအရေးနဲ့  ရေးရင် ဗြက်ပဲပေါ့။ ဗြက်တိုတာ ရေပြင်၊ မြေပြင်၊ မျက်နှာပြင်တို့က ပြင်နဲ့ အနက်တူတာကို သိရင် ဗြက်လို့ ရရစ်နဲ့ ရေးတာကိုလည်း ဘဝင်ကျကျ လက်ခံနိုင်တာပေါ့။

မက်မော၊ တပ်မက်၊ စွဲမက်တို့မှာပါတဲ့ မက်ဟာ ခုံမင်၊ ခင်မင်တို့မှာပါတဲ့ မင်နဲ့ အနက်မတူပေဘူးလား။ မက်ကလည်း စွဲလမ်းတွယ်တာတဲ့ အဓိပ္ပါယ်၊ မင်ကလည်း စွဲလမ်းတွယ်တာတဲ့ အဓိပ္ပါယ်ပဲလေ။ အစားမက်တယ်ဆိုတာ အစား မင်တာပဲပေါ့။ ခုံမင် နဲ့ ခုပ်မက် တို့က မင်တာနဲ့ မက်တာ တူသလို၊ ခုံတာနဲ့ ခုပ်မက်-တို့က မင်တာ နဲ့ မက်တာ တူသလို၊ ခုံတာနဲ့ ခုပ်တာလည်း အတူတူပါပဲ။ ခင်မင်တယ်၊ ခင်မက်တယ်လို့ ပရိယာယ်အနေနဲ့ သုံးတာလည်း ညီလေးသိမှာပါ။

ဦးယာရဲ့ အဲချင်းတပုဒ်မှာ “ဟက်လက်ကယ်တဲ့ ဟာလာ၊ အသည်းလှိုက်ဆူ၊ မယ့်ကြင်သူငယ်ကြောင့်၊ လွမ်းပူဆာလို့လေ” ဆိုတဲ့ စာလေးကို တွေပတော့ သြော်-ဟက်လက်ဆိုတာ ဟင်းလင်းပါပဲကလားလို့ တွေးမိပြီး စုတူသတ်စနစ်ကို အတော် ကျေးဇူးတင်မိတယ်။
စာလည်းအတော်ရှည်သွားပြီ။ နောက်မှ ဆက်ရေးလိုက်ပါမယ်။ စိတ်ရှည်ရှည် ဇွဲကြီးကြီးနဲ့သာ ဆက်ဖတ်ဖို့ အားခဲထားပေတော့။

မြန်မာစာကို ချစ်မြတ်နိုးတတ်ပါစေ။
ကိုကြီး။

ထွန်းတင်
(မြဝတီမဂ္ဂဇင်း ၂၀၀၁-ဇန်နဝါရီလ)

1 comment:

ko said...

ကောင်းလိုက်တဲ့ပို့စ်လေး ဘယ်ကနေသိတာလဲဗျ တော်တော်ဗဟုသုတရတယ်ဗျာ ကျေးဇူး မြန်မာစာဆို ခုနောက်ပိုင်း ဘယ်သူမှ စိတ်မဝင်စားကြတော့ပါဘူးဗျာ ရေးတတ်ဖတ်တတ်ရင် ရနေပြီဆိုတော့လေ အင်္ဂလိပ်လိုပဲ စာကသင်တာများတာဆိုတော့လည်း ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ