Thursday, April 26, 2012

ဒူးရင်းသီး နှင့် အာလူးများ

ကြော်ငြာ မကပ်ရ။
အမှိုက် မပစ်ရ။
ပန်း မခူးရ။
မြက်ခင်းပေါ် မနင်းပါနဲ့။
ပိုက်ဆံ မပေးပါနဲ့။
ဆေးလိပ် မသောက်ရ။

သူနဲ့သက်ဆိုင်ရာ ဆိုင်ရာနေရာများတွင် ထိုစာတန်းကလေးများကို ဆိုင်းဘုတ်၌ ရေးသား၍ ချိတ်ဆွဲထားသည်ကို၎င်း၊ စာရွက်တွင် ရေး၍ ကပ်ထားသည်ကိုသော်၎င်း၊ စာရှုသူများ သတိထားမိကြပါလိမ့်မည်။ ထိုစာတန်းများသည် တားမြစ်ချက်များ (တားမြစ်ထားသော စာတန်းများ) ဖြစ်၏။ ကျွန်တော့် သူငယ်ချင်း စာရေးဆရာ မောင်ညိုပြာ-ကမူ ထိုစာတန်းများကို “အသက်မဝင်သော စာတန်းများ”ဟု ခေါ်ဝေါ်ခြင်း ပြု၏။ အမှန်တကယ်လည်း ထိုစာတန်းများသည် ချိတ်ဆွဲထားရုံကလွဲ၍ တစ်စုံတစ်ရာ အသက်ဝင်ခြင်း မရှိသည်မှာ အမှန်ပင်ဖြဟ်၏။ လူအချို့သည် ထိုတားမြစ်ချက်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်ခြင်းပြုနေသည့်နောက် ထိုစာတန်းများ ရေးသားချိတ်ဆွဲ ထားခြင်း၊ သို့မဟုတ်-ကပ်ထားခြင်းသည်လည်း လုံးဝ အဓိပ္ပါယ်မရှိတော့ပြီ မဟုတ်သလော။

“ကြောငြာ မကပ်ရ”ဟူသော နေရာ၌ ကြော်ငြာ ကပ်ကြ၏။
“အမှိုက် မပစ်ရ”ဟူသောနေရာ၌ အမှိုက် ပစ်ကြ၏။
“ပန်း မခူးရ”ဟူသော ဥယျာဉ်၌ မိမိကိုယ်ကို မရွှေအထက်တန်းစားဟု ယူဆထားကြသော မိန်းမ ကြီး,ငယ် များက ပန်းတွေခူးကြ၏။
မြို့တော်၏ အလှအပအတွက် တမင်မွေးမြူ စိုက်ပျိုးထားသော မြက်ခင်းများကို မြက်ခင်းပေါ် မနင်းပါနဲ့ဟူသောာ စာတန်းအား မျက်ကွယ်ပြုလျက် ခြေဖြင့် နင်းကာကျော်ဖြတ်ကြ၏။
“ပိုက်ဆံ မပေးပါနဲ့”ဟူသော နေရာများတွင်လည်း တောင်းသည့်သူက တောင်းနေတော့ မပေး၍ မဖြစ်ပြန်၊ ထို့ကြောင့် “ပိုက်ဆံ မပေးပါနဲ့”ဟူသော  တားမြစ်ချက်ကို ချိုးဖောက် ပိုက်ဆံပေးခြင်းအမှုကို မလွှဲမရှောင်သာ ပြုမိကြပြန်၏။


“ဆေးလိပ် မသောက်ရ”ဟူသော စာတန်းသည်လည်း လုံးဝ အဓိပ္ပါယ်မရှိသယောင်၊ ကောင်ကလေးတချို့သည် ဆေးလိပ်ကြော်ငြာ မင်းသားဂိုက်ဖမ်းလျက် ငါးသုံးလုံး စီးကရက်ကို နှုတ်ခမ်းတွင်တေ့ကာ ကားပေါ်သို့တက်လာကြ၏။ ထို့ကြောင့် ကျွန်တော့်သူငယ်ချင်း စာရေးဆရာ (မောင်ညိုပြာ)က ထိုစာတန်းများကို “အသက်မဝင်သော စာတန်းများ”ဟု ပြောသည်မှာ မလွန်၊ အမှန်ကို အမှန်အတိုင်း ကြော်ငြာခြင်းသာ။ ယင်းသည် စာရေးဆရာ၏ တာဝန်ပင် မဟုတ်သလော။

တရားဝင်တားမြစ်ထားသည့် ရေးသားဖော်ပြထားသည့်၊ စာတန်းများ မရှိသော်လည်း မိမိ၏အသိစိတ်ဓာတ်ဖြင့် မိမိဘာသာ ဆင်ခြင်ရမည့် လုပ်ဆောင်ရမည့်  အရာတွေလည်း အများကြီးပင်ရှိပါသည်။
ဆိုပါတော့---
ကားပေါ်တွင် “သံဃာတော်များသာ”ဟူသော သီးသန့်စာတန်း ရှိ၏။ ကိုယ်ဝန်ဆောင် မိန်းမများအတွက်၊ သက်ကြီးရွယ်အိုများအတွက် ဟူ၍ကား သီးသန့်စာတန်း ရေးမထား၊ သို့သော် မိမိ၏ လူမှုရေးအသိ စိတ်ဓာတ်၊ ယဉ်ကျေးမှုအရ ကိုယ်ဝန်ဆောင် မိန်းမ၊ သက်ကြီးရွယ်အို ကလေးတွဲလောင်းနဲ့ သားသည်မိခင် အစရှိသည်တို့ကို ထိုင်နေသူအချို့က နေရာမှ ထပေးကြ၏။ ဦးစားပေးကြ၏။ တချို့ကတော့ မသိကျိုးကျွန် ပြုနေကြလေသည်။ 


ကျွန်တော်သည် ကားစီးရင်း တွေးမိတွေးရာ လျှောက်တွေးနေရာမှ ဆူးလေကားဂိတ်မှ အလုအယက် ဆူညံဆူညံဖြင့် တက်လာသောလူအုပ်ကြောင့် ရုတ်တရက် လန့်ဖျပ်သွားမိသည်။ ကျွန်တော့်ဘေးမှ ဆင်းသွားသော လူနှစ်ယောက်၏နေရာတွင် မိန်းမနှစ်ယောက် ဝင်ထိုင်သည်။ တစ်ယောက်က ကိုယ်လုံးကိုယ်ပေါက် ခပ်တောင့်တောင့်၊ ဆိုဖီယာလောရင်းလို ပုံစံမျိုး၊ သူတို့ ဝင်ထိုင်လိုက်သည်နှင့် သူတို့ဆီမှ ပြင်းထန်စူးရှသော အနံ့တစ်ခုကို သတိထားမိလိုက်သည်။ ကားထွက်သည်နှင့် ထိုမိန်းမနှစ်ယောက်သည် ၄င်းတို့၏ ဆွဲခြင်းတောင်းထဲမှ အထုပ်ကိုယ်စီကို ထုတ်ယူလိုက်ကြသည်။ ပြီးတော့ နှစ်ယောက်သား စကားတပြောပြောနဲ့ ၄င်းတို့၏အထုပ်ထဲမှ ဒူးရင်းသီးအမွှာများကို အားရပါးရ စားတော့သည်။ ခပ်တောင့်တောင့် မိန်းမ ဆိုဖီယာလောရင်းက အကဲဆုံး၊ ကျွန်တော် ကားပေါ်မှ ခုန်ချထွက်ပြေးချင်စိတ်ပင် ပေါက်လာ၏။ (လူတစ်ယောက်အတွက် အစားသည် အခြားလူတစ်ယောက် အတွက် အဆိပ်အတောက်) ဖြစ်နေတတ်သည်ဟူသော စကား၊ အသိတရား၊ ထိုမိန်းမနှစ်ယောက်တွင် ရှိဟန်မတူ။ သူတို့ မြိန်ရေယှက်ရေ စားနေသော ဒူးရင်းသီး၏အနံ့ကြောင့် ကျွန်တော့်မှာ ချက်ချင်း အကောင်းပကတိကနေ ခေါင်းတွေကိုက်၊ ဇက်ကြောတွေတက်လာကာ အလိုလိုနေရင်း စိတ်တွေ တိုလာတော့သည်။


ကျွန်တော့်တွင် အသင့်ပါလာသော ပရုတ်ဆီဘူးကလေးပါ၍ တော်သေးသည်။ ကျွန်တော်သည် လွယ်အိတ်ထဲမှ ပရုတ်ဆီဘူးကို ထုတ်ယူ၍ နှာခေါင်းကို ဦးဆုံးပွတ်၊ နားထင်နှစ်ဖက်ကို ပွတ်၊ ကုပ်ကြော နှစ်ဖက်စလုံးကို ပွတ်မိနေ၏။ ကျွန်တော့်အရှေ့ အလယ်တန်းခုံတွင် ထိုင်နေသော မိန်းမပျိုကလေး သည်လည်း နှာခေါင်းကို လက်ကိုင်ပုဝါဖြင့် အုပ်ထားသည်ကို တွေ့ရ၏။ ထို့ကြောင့် ကျွန်တော်သည် အလိုက်သိစွာဖြင့် သူ့ကို ပရုတ်ဆီဘူးကလေး လှမ်းပေးလိုက်မိသည်။ တခြားသူတွေကို လှမ်းကြည့်လိုက်တော့လဲ မျက်နှာတွေ ရှုံ့မဲ့လျက်။ စင်စစ် ဒူးရင်းသီးလို အစားအစာမျိုးမှာ မိမိအိမ်တွင်မိမိ ထမင်းတွေ ဘာတွေ စားသောက်ပြီးမှ အချိုတဲသည့်အနေဖြင့် အေးအေးဆေးဆေး စားသောက်ရမည့် အစားအစာမျိုး။ အခုလို လူပုံအလယ်တွင် စားရမည့် အစားအစာမဟုတ်၊ ယခုတော့ ၄င်းတို့နှစ်ယောက်၏ မဆင်ခြင်သော လွတ်လပ်မှု တစ်ကိုယ်ကောင်းဆန်မှုသည် လူအများအား အနှောင့်အယှက် ဖြစ်စေတော့၏။ သူတို့ကို တစ်စုံတစ်ယောက်က သူတို့၏ အပြုအမူကို ကန့်ကွက်ရှုတ်ချ ပြောဆိုသည်ဆိုပါအံ့ ထိုမိန်းမနှစ်ယောက်က ပြန်ပြောမည့်စကားကို ကျွန်တော် သိနေပြီးပြီ။ “ကိုယ့်ဘာသာကိုယ် စားတာ ဘာဖြစ်လဲ-ကားပေါ်မှာ ကားစီးရင်း ဒူးရင်းသီး မစားရဘူးလို့ တားမြစ်ထားတာ ရှိသလား၊ ဥပဒေကော ရှိသလား၊” ထိုသို့ အသိဉာဏ်မဲ့စွာ ကက်ကက်လန်အောင် ပြန်၍ ရန်တွေ့မည်မှာ သေချာ၏။ 

ကျွန်တော်သည် မိမိငယ်စဉ် မူလတန်းကျောင်းသားဖြစ်မည်။ ထိုအထုပ်ကလေးကား ၅၀-သားခန့်ရှိမည့် အာလူးထုပ်ကလေး။ အဆင်သင့် အခွံသင်ပြီးသား၊ အာလူးခြင်းကြီးထဲမှ အပုပ်အနာများကို သီးသန့်ဖယ်ထုတ်ပြီး ကုန်စုံပိုင်ရှင်က လမ်းဘေးဈေးသည်ကို ရောင်းလိုက်၏။ လမ်းဘေးဈေးသည်က ထိုအာလူးများကို အိမ်သို့သယ်လာကာ အိမ်တွင်ပြန်၍ ပြုပြင်၏။ ပြုပြင်သည်ဆိုခြင်းမှာ အာလူးများ၏ မကောင်းသည့် အစိတ်အပိုင်းများကို ဓားဖြင့် လှီးဖြတ်ကာ အခွံသင်ခြင်း ဖြစ်၏။ ပြီးမှ လမ်းဘေးဈေးတွင် ဈေးပေါပေါဖြင့် ချရောင်းဖြင်းဖြစ်၏။ ထို့ကြောင့် ထိုအာလူးများသည် တချို့က တခြမ်း၊ တချို့က တစိတ်၊ စောင်းသည့်ဟာက စောင်း၊ စွေသည့်ဟာက စွေ ပုံသဏ္ဍာန်အထွေထွေ ဖြစ်နေခြင်းပင်။ ဒါတွေကို နံနက်တိုင်း ဈေးသွားနေရသော ကျွန်တော်က နောကျေပြီးဖြစ်၏။ သူ့ကို ကျွန်တော် ပြောပြလိုက်ချင်ပါသည်။


“အာလူးမလေးရေ၊ ဒါ ရှက်စရာမဟုတ်၊ ကိုယ့်အကြောင်းနဲ့ ကိုယ်၊ ကိုယ့်အထွာနဲ့ ကိုယ်၊ စားသုံးရတာပဲ၊ ဘယ်သူ့ကိုမှ ထိခိုက်စေတာမှ မဟုတ်တာ၊ ရှက်ဖို့ကောင်းတာက ဟို-ဒူးရင်းသီးမတွေလို” သူသည် ၄၉-အစိမ်းပေါ်သို့ ကမန်းကတန်း ပြေးတက်သွား၏။ ကျွန်တော်ကား ဒဂုံထဲသို့ဝင်မည့် ကျွန်တော်တို့အပိုင်းကို ရောက်မည့် ၆၁-ကားကို ရှာဖွေရဦးမည်။ ကားတွေကား ရှုပ်ယှက်ခပ်လျက်၊ သို့သော် တွေ့သည့်ကားတိုင်း တက်စီး၍ရသည် မဟုတ်၊ သူ့အပိုင်းနဲ့သူ၊ သူ့လိုင်းနှင့်သူပါတကား။


ဇော်နောင်

No comments: