Tuesday, May 1, 2012

ဆရာကို ရန်ငြိုးထားသော မင်းသား

တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံ၌ ပညာသင်ကြားရန် လာရောက်နေကြသော တပည့်များတွင် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၏ သားတော် မင်းသားတစ်ပါးလည်း ပါရှိသည်။ တစ်နေ့သောညအခါ မင်းသားသည် ဆရာကြီးနှင့်အတူ မြစ်ဆိပ်သို့ ရေချိုးရန် လိုက်ပါသွားရာ လမ်းခရီး အိမ်တစ်အိမ်ရှေ့တွင် အဖြူချွတ်၍ သန့်စင်စွာ နေလှန်းထားသော နှမ်းဖျာကို တွေ့သဖြင့် နှမ်းတစ်ဆုပ်ကို နှိုက်ယူထား၍ စားလိုက်သည်။ 

ထိုအခြင်းအရာကို  အနီးတွင် ထိုင်စောင့်နေသော အဘွားအိုက မြင်လိုက်၏။ သို့သော် လူငယ်ပီပီ အမှုမဲ့ အမှတ်မထင် နှိုက်စားခြင်းသာဖြစ်သည်ဟု သဘောထားကာ ဘာမျှမပြောဘဲ နေလိုက်၏။ မကြာမီရက်တွင် အိမ်ရှေ့မှ ဖြတ်သွားပြန်ရာ နှမ်းတစ်ဆုပ် ယူစားပြန်၏။ အဘွားအိုက ဘာမျှ မပြောမဆိုဘဲ နေလိုက်၏။ တတိယနေ့တွင် ထပ်မံ နှိုက်ယူစားပြန်သောအခါ သည်းမခံနိုင်တော့ဘဲ ရှေ့ဆုံးမှသွားနေသော ဒိသာပါမောက္ခ ဆရာကြီးကို လှမ်းခေါ်၍ အော်ဟစ်တိုင်ကြားလိုက်သည်။ “ဆရာကြီးသည် တပည့်များကို ထိန်းကျောင်းခြင်း မရှိ၊ လျစ်လျူရှုထားပြီး မကောင်းမှုကို မဆုံးမ,ဘဲ နေသည်”ဟု အပြစ်ပြောဆိုလေသည်။
ဆရာကြီးသည် အဘွားအိုအား ကျေအေးရန် တောင်းပန်လိုက်ပြီး တန်ဖိုးကို လျော်ပေးမည်ပြုရာ အဘွားအိုက “လျော်ကြေးကို မယူလိုပါ၊ နောင်ကို ဤသို့ မပြုလုပ်အောင် ဆုံးမပေးပါ”ဟု ပြောဆို၏။ ဆရာကြီးသည် အဘွားအို၏ ရှေ့တွင်ပင် မင်းသားအား ခေါ်ယူဆုံးမပြီး ဝါးခြမ်းစိတ်ဖြင့် သုံးချက် ရိုက်လိုက်သည်။ မင်းသားသည် ရှက်သွေးမွှန်သွားကာ စိတ်ထဲတွင် နာကြည်းစွာ မှတ်စွဲထားလိုက်၏။

ပညာတတ်မြောက်၍ မိမိတိုင်းပြည်သို့ ပြန်ခါနီးတွင် “ဆရာကြီး၊ ကျွန်ုပ် မင်းအဖြစ် ရောက်သောအခါ တပည့်ကို ချီးမြှောက်သောအနေဖြင့် ကြွရောက်ခဲ့ပါ”ဟု နှုတ်ဆက် ဖိတ်ကြားသွားလေသည်။ ဖခင် ဘုရင်ကြီးလွန်၍ မင်းအဖြစ် ရသောအချိန်တွင် “ဆရာကြီး ကြွရောက်တော်မူပါ”ဟု မှာကြားလိုက်၏။ ဆရာကြီးသည် “မင်းသားကား ငယ်ရွယ်နုနယ်သေးသည်၊ အသိဉာဏ်ရင့်ကျက်၍ အတွေ့အကြုံ အတန်ပြည့်စုံလှမှ သွားမည်”ဟု သဘောထားကာ ချက်ချင်းမသွားသေးပေ။ နှစ်အနည်းငယ် စောင့်ပြီးမှ မင်းသားထံ သွားရောက်လည်ပတ်၏။ မင်းရင်ပြင် မှူးမတ်များ စုံညီချိန်၌ ဆရာကြီးရောက်လာသောအခါ မင်းသားသည် သူအချိန်ကြာမြင့်စွာ မျိုသိပ်ထားခဲ့သော ရန်ငြိုးကို အများကြားအောင် ဖော်ထုတ်လိုက်၏။

“မှူးမတ်တို့၊ ငါသည် ကျောင်းသားဘဝ စာသင်ကြားနေစဉ်က ဤဆရာကြီးသည် ငါးအား ဘာမဟုတ်သော နှမ်းစားမှုနှင့် ပတ်သက်၍ လူအများရှေ့တွင် ရိုက်နှက်ဒဏ်ပေးကာ အရှက်ရစေခဲ့သည်။ ထိုအမှုကို ယနေ့ထိ ငါအခဲမကျေနိုင်။ ယခု ဆရာကြီးရောက်လာ၍ ငါက တန်ပြန် ဒဏ်ပေးရန် ခွင့်ရခဲ့ပြီ။ ငါ လက်စားချေရ တော့မည်။ ဆရာကြီး ဘာဆင်ခြေပေးနိုင်ပါမည်လဲ။ “မှူးမတ်များသည် မျက်စိမျက်နှာပျက်၍ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ ဆရာကြီးကို အားတုံ့အားနာဖြစ်ကာ ဆရာကြီးအဖြေကို နားစွင့်နေကြသည်။ ဆရာကြီးသည် တည်ငြိမ်သောဣနြေ္ဒ၊ ခံ့ညားပြတ်သားသော အသံဖြင့် ဖြေကြားလိုက်၏။

“အရှင်မင်းကြီး၊ ဆရာနှင့် တပည့်တွင် ပြုလုပ်ဆောင်ရွက်အပ်သော တာဝန်များ ရှိပါသည်။ ဆရာသည် ပညာသင်ကြားပေးရုံသာမက မသင့်တော်သော အမူအကျင့်၊ အနေအထိုင်၊ အပြောအဆို၊ အကျင့်စာရိတ္တ တို့ကို အားလုံးမှန်ကန်အောင် ပြုပြင်ဆုံးမရန် တာဝန်ရှိပါသည်။ မှားယွင်းသော အကျင့်တစ်ခုကို သေးငယ်သည်ဟူ၍ လျစ်လျူမရှုရပါ။ မှန်ကန်သော အကျင့်ဖြစ်အောင် လမ်းညွှန်သင်ကြားရပါသည်။ ငယ်ရွယ်သောအမှား ပြုလုပ်ဖန်များလျှင် တဖြည်းဖြည်း အကျင့်ပါကာ အမှားငယ်မှ အမှားကြီး ဖြစ်လာနိုင်ပါသည်။ ထိုအခါ ပြုပြင်ရန် ခက်ခဲပါမည်။ 

ငယ်ရွယ်စဉ်က အဆုံးအမကိုရခဲ့၍ ပြုပြင်ခဲ့သဖြင့် ယခုကဲ့သို့ မင်းအဖြစ်ရချိန်တွင် စိတ်နေစိတ်ထား ရင့်ကျက်လာကာ အမှုကိစ္စများ ဆောင်ရွက်ရာ၌ အမှားအမှန်ကို စဉ်းစားဉာဏ်အလိုလို ပါလာပါမည်။ ကောင်းမွန်မှန်ကန်သော အပြုအမူ အဆုံးအဖြတ်များ ပေးနိုင်သဖြင့် တိုင်းသူပြည်သားများ ကြည်ညိုလေးစားလာပါသည်။ အကယ်၍ သေးငယ်သောအမှားများ များပြားလာပါက ဖြေရှင်းရန်ခက်သော ပြဿနာများဖြစ်ကာ အရှင်မင်းကြီးအား တနည်းနည်းနှင့် ဒုက္ခပေးနိုင်ပါသည်။ ယခု တိုင်းပြည်ကို အေးချမ်းသာယာအောင် တိုင်းသူပြည်သားများ ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်နိုင်ခြင်းမှာ မှန်ကန်သော ဆောင်ရွက်မှုများကြောင့် ဖြစ်ပါသည်” စသည်ဖြင့် ဆရာကြီးက ရှင်းလင်းလျှောက်ထားရာ မင်းသား နားလည် သဘောပေါက်ကာ စိတ်တွင် အခဲမကျေသော အငြိုး အေးငြိမ်းပြေပျောက်သွားလေသည်။ ထို့နောက် ဆရာကြီးကို ကန်တော့တောင်းပန်ကာ နန်းတော်တွင် အကြံပေး ပုရောဟိတ်အရာ ခန့်ထားပြီး သူကောင်းပြုထားလိုက်လေသည်။
တိကနိပါတ် တိလမုဋ္ဌိဇာတ်။

မောင်စန်မှီ

No comments: