Wednesday, May 2, 2012

ငှက်ဆိုး, ငှက်စုန်း ယံဒုန္နိ-သုံး

ငှက်ဆိုး-ငှက်စုန်း ဟူသည် သူ၏ပင်ကို သဘာဝအရ ငှက်ဆိုး-ငှက်စုန်း ဖြစ်နေခြင်း မဟုတ်ပါ။ လူအမျိုးမျိုး ဒေသအသီးသီးမှ အချို့သောသူများက မိမိတို့ ဘိုးဘွားများလက်ထက်က အတွေးအခေါ် အ.ူအဆ အစွဲအလမ်းများကို ဆက်လက်ယုံကြည်နေကြသော အယူအဆ ဥပါဒါန်များသာ ဖြစ်ကြပါသည်။

မြန်မာတို့က ဇီးကွက်ငှက်ကို လာဘ်ကောင်ဟု အယူအဆရှိသော်လည်း အခြားသော နိုင်ငံအချို့က ငှက်ဆိုးဟု သတ်မှတ်ကြပေသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် လူတို့၏ယုံကြည်ရာ ဥပါဒါန်များဖြစ်ကြောင်း သိနိုင်ပါသည်။ 
ကျွန်တော် ဤသို့ တင်ပြခြင်းမှာ ငှက်ဆိုး-ငှက်စုန်း ဟုတ်-မဟုတ်ကိုကား ရေးသားခြင်း မဟုတ်ပါ။ လူတို့၏ ယုံကြည်ရာ ဥပါဒါန်အစွဲလေးများကို တင်ပြခြင်း ဖြစ်ပါသည်။

ကျွန်တော်သည် မြန်မာပြည်အရပ်ရပ်ရှိ တောတောင်ဒေသများတွင် နှစ်ပေါင်း ၃၅-နှစ်ကျော်မျှ ဝန်ထမ်းဘဝဖြင့် ကျင်လည်ခဲ့ရသူတစ်ဦး ဖြစ်ပေရာ ဒေသအသီးသီး လူအမျိုးမျိုးတို့၏ ဓလေ့ထုံးတမ်း အယူအဆ အစွဲအလမ်းတို့ကိုလည်း သိနားလည်ခွင့် ရခဲ့သလို ကျွန်တော်၏ ဇာတိမွေးရပ်မြေ အစွဲအလမ်း အယူအဆသည်လည်း ကျွန်တော့်တွင် အထိုက်အလျောက် ရှိနေပါသည်။

ဒေသအတော်များများတွင် တစ်တီတူးငှက်ကို ငှက်ဆိုးဟု အယူရှိကြသလို အခြားသော ခင်ပုပ်ငှက်၊ လင်ကောင်ပိုး တို့ကိုလည်း ငှက်ဆိုးများဟု အယူရှိကြပြီး “အူးဝါး”ဟု အော်မြည်တတ်သော အောင်ဝါငှက်ကို ငှက်စုန်းဟူ၍ ခေါ်ကြသည်။
သပိတ်ကျင်းမြို့နယ်မှ ဒေသအချို့တွင် “အောင်ဝါငှက်စုန်း ခေါင်းနှစ်လုံး”ဟုပင် ဆိုကြသည်ကို ကြုံဖူးပါသည်။ အောင်ဝါငှက်သည် ဇီးကွက်၊ ဒီးဒုတ်၊ လင်ကောင်ပိုး၊ ကုပ်ကလူ၊ ခင်ပုပ်၊ တောလုံအုပ်စုတွင် ပါဝင်၍ မျိုးရင်း “တိုက်တွန်းနိဒီး”ဖြစ်သည်။


ဤအောင်ဝါငှက်စုန်းကို သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း ကွင်းသုံးဆယ် (သစ်တောကြိုးဝိုင်း အမှတ် ၃၀) ဓာတ်တိုက်စခန်း၊ ငါးမိုင်စခန်းတို့တွင် သယံဇာတ (Mineral) လေ့လာရှာဖွေရေး ဆောင်ရွက်စဉ်ကာလ ၆-နှစ်မျှ ကျင်လည်ခဲ့ရစဉ်က အတွေ့အကြုံအရ လူတော်များများ အယူသီးကြောက်လန့်ရသော ငှက်အဖြစ် တွေ့ရှိခဲ့ရပါသည်။


ထိုအထဲတွင် ကျွန်တော်လည်း အပါအဝင် ဖြစ်ခဲ့ရာ အောင်ဝါငှက်စုန်း အော်မြည်သံကြားရလျှင် စိတ်တွင် တစ်စုံတစ်ရာ ခံစားရစမြဲ ဖြစ်ပါသည်။
အောင်ဝါငှက်စုန်း သို့မဟုတ်-တစ်တီတူး၊ လင်ကောင်ပိုး၊ ခင်ပုပ်ငှက် သို့မဟုတ်-မိမိတို့ဒေသအလိုက် ငှက်ဆိုးတို့အော်သံ မြည်သံမှအစ ကျီးပြိုသံအဆုံး ကြားရ၍ မကောင်းဟု ယူဆပါက ဖြစ်စေ၊ မကြားလို၍ဖြစ်စေ ထိုအသံကြားရာအရပ်သို့ စိတ်ညွတ်၍သော်၎င်း၊ လက်ညှိုးထိုး၍သော်၎င်း၊ အောက်ဖော်ပြပါ ဂါထာသုံးပုဒ်ကို ရွတ်ဆိုပါ။


ဂါထာဆုံးလျှင် မကောင်းဆိုးဝါးသော ငှက်ဆိုးမြည်သံများ ချက်ချင်းရပ်သွားပါမည်။ ငါးပါးသီလ စောင့်ထိန်းသူဖြစ်လျှင် တစ်ခေါက်တည်းနှင့် အသံများ တိတ်သွားပါလိမ့်မည်။ ကိုယ်တွေ့ အောင်မြင်ကျင့်သုံးသောနည်းကို တင်ပြရေးသားခြင်း ဖြစ်ပါသည်။ ပရိတ်ကြီး ၁၁-သုတ်မှ ပုဗ္ဗဏှသုတ် အလွတ်ရသူဖြစ်လျှင် အထူး ကျက်မှတ်စရာ မလိုပါ။


(၁) ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယောစာ,မနာပေါ သကုဏဿ သဒ္ဒေါ။
     ပါပ,ဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ,မေန္တု။
(၂) ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယောစာ,မနာပေါ သကုဏဿ သဒ္ဒေါ။     ပါပ,ဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ,မေန္တု။
(၃) ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယောစာ,မနာပေါ သကုဏဿ သဒ္ဒေါ။     ပါပ,ဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ,မေန္တု။

ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
(ဓာတ်ပုံ-မောင်မောင်အေး)

No comments: