Sunday, May 6, 2012

သူပြိုင် ငါပြိုင်

ကဝိလက္ခဏာသတ်ပုံကျမ်းပြု စိန္တကျော်သူ ဦးသြသည် ဟံသာဝတီရောက်မင်း၊ အလောင်းမင်းတရားကြီး၊ နောင်တော်ကြီးမင်းနှင့် ဆင်ဖြူရှင်မင်း တိုင်အောင် မင်းလေးဆက်တွင် အမှုတော်ကို ထမ်းရွက်ခဲ့သူဖြစ်၏။ ၁၅-နှစ်သား အရွယ်ကပင် ကဝိလက္ခဏာသတ်ပုံကျမ်းကို ပြုစု၍ ရတုများ၊ ပျို့ကဗျာများ၊ အေးချင်းများ စသည်ဖြင့် ကဗျာလင်္ကာမြောက်မြားစွာ ရေးသားခဲ့သော ပညာရှိကြီးဖြစ်သည်။ ရွှေတောင် ရာဇကျော်ဘွဲ့၊ စိန္တကျော်သူဘွဲ့နှင့် မဟာဇေယျ သင်္ခယာဘွဲ့တို့ကို ရရှိခဲ့လေသည်။

စိန္တကျော်သူသည် မောင်းထောင်ဇာတိဖြစ်သည်။ ဇနီးနှစ်ယောက် ရှိခဲ့သည်။ ဇနီးနှစ်ယောက်ကို တစ်အိမ်တည်းတွင် အတူပင်ထားလေသည်။ ဒေါ်မင်းသာမှာ ပထမဇနီးဖြစ်သော်လည်း သားသမီး မဖွားမြင်ပေ။ ဒုတိယဇနီး ဒေါ်ကေးတွင်မူ သား-မောင်အိုနှင့် သမီး- နှစ်ယောက်ရှိသည်။ သားသမီးတို့ မျက်နှာဖြင့် ဒေါ်ကေးက အစစရှေ့ဆောင်ပြု၍ နေသည်။


စိန္တကျော်သူ ဦးသြ-ကွယ်လွန်သောအခါ ဇနီးနှစ်ဦးတို့သည် ကဗျာဆန်ဆန်ဖြင့် ကာရန်ကလေးများထည့်၍ ဖွဲ့ဖွဲ့နွဲ့နွဲ့ ငိုကြသည်။
ဒေါ်မင်းသာ-က
“စာဆိုချောတဲ့ ကိုသြရယ်၊ ကျွန်တော်မ မှ ဘာမျှမပြောတယ်”ဟု ဦးသြသည် ဘာမဆို မယားကြီးဖြစ်သော သူ့ကို ပြောနေကျ ဖြစ်သော်လည်း သေဆုံးနေသဖြင့် ယခု ဘာမျှမပြောနိုင်ပါတကလား-ဟု အသားယူသံဖြင့် ငိုသည်။
ထိုအခါ ဒေါ်ကေး-က အားကျမခံ သားသမီး မရှိသော ဒေါ်မင်းသာထက် သားသမီး သုံးယောက်ရှိသော မိမိအား ဦးသြက ပိုမို မျက်နှာသာပေးကြောင်း ထုတ်ဖော်၍ ကြွားဝါသံကလေးဖြင့် ကဗျာဆန်ဆန် ငိုလိုက်သည်မှာ “ညည်းထားလို့ ရှင်မင်းသာ၊ မောင်အိုအလျောက်၊ သုံးယောက်မိခင်၊ တိုင်ပင်နေကျ၊ ကျွန်တော်မတောင် ဘာမျှ မတိုင်ပင်”ဟူသတည်း။


လင်္ကာသာရ

No comments: