Tuesday, May 8, 2012

နားလည်မှု

ကျောင်းသူတစ်ဦးဖြစ်သည့် ကျွန်မသည် ကျောင်းပိတ်ရက်၌ အိမ်အတွင်းသန့်ရှင်းရေး ပြုလုပ်နေသည်။ ကျွန်မသည် နံရံများ၊ ပြတင်းပေါက်များကို တံမြက်စည်းဖြင့် လှည်းနေရင်းမှ အိမ်ခေါင်မိုးသို့ လှမ်းကြည့်လိုက်မိ၏။

“ဟင် စာသိုက်တွေတောင် လုပ်နေကြပြီ”
နှုတ်မှ ရေရွတ်ရင်း စာသိုက်များ မည်သို့ဖယ်ရှင်းပစ်ရမည်ကို တွေးလိုက်မိ၏။ ထို့နောက် အကြံရကာ ဝါးလုံးတစ်လုံးကိုယူ၍ စာသိုက်အတွင်း ထိုးကာလှိမ့်လိုက်သည်။ စာသိုက်များ ဝါးလုံးထိပ်၌ အလွယ်တကူ ပါလာသောကြောင့် တစ်သိုက်ပြီး တစ်သိုက် ရှင်းပစ်နေမိတော့၏။

စာသိုက်အားလုံး ရှင်းလင်းသွားသောအခါ---
ကျွန်မသည် ပြန့်ကျဲနေသော စာသိုက်များကို အမှိုက်တောင်းအတွင်း ထည့်ရန် စုပုံလိုက်သည်။ အမှိုက်တောင်းထဲသို့ ကျုံးထည့်လိုက်သောအခါ၌ စာသိုက်အတွင်းမှ ပျော့အိအိအရာတစ်ခုကို ကျွန်မလက်ဖြင့် ကိုင်မိ၏။ ထိုအရာကို ကြည့်လိုက်သောအခါ ဗိုက်ဖောင်းဖောင်းကားကားနှင့် စာကလေးတစ်ကောင် ဖြစ်နေ၏။ နောက်ထပ် စာကလေးတစ်ကောင်ကိုလည်း ထပ်တွေ့ရ၏။ ကျွန်မသည် ထိုစာကလေးများကိုယူ၍ အိမ်နောက်ဖေး ကောက်ရိုးပုံအတွင်းရှိစာသိုက်တစ်ခုထဲသို့ သွားထည့်လိုက်သည်။ စာကလေးများ ထည့်လိုက်စဉ် ၄င်းစာသိုက်အတွင်းမှ စာမကြီးတစ်ကောင် ထွက်သွားသည်ကို တွေ့လိုက်ရသေး၏။ ထိုအခါ ကျွန်မစိတ်၌ စာမကြီးက စာကလေးများအား အစာမကျွေးဘဲ ထိုးဆိတ်နေမည်ကို စိုးရိမ်ခဲ့မိသည်။


ထို့ကြောင့် နောက်တစ်ရက် နံနက်၌ ကျွန်မထည့်ထားခဲ့သည့် စာကလေးများ ကျွန်မစိုးရိမ်ခဲ့သည့်အတိုင်း ဖြစ်နေမည်လောဟု တွေးမိကာ သွား၍ ကြည့်သည်။
ကျွန်မစာသိုက်အနီး ရောက်သွားချိန်၌ စာမကြီးသည် စာသိုက်အတွင်း ဝင်သွားသဖြင့် ကျွန်မစောင့်ကြည့်နေမိသည်။ ကျွန်မကြည့်နေစဉ်၌ စာမကြီးသည် သူ၏ပါးစပ်ဖြင့် သယ်ယူလာသော အစာများကို စာကလေးများအား ခွံ့ကျွေးနေသည်။ အစာဝေငှကျွေးပြီး အသိုက်အတွင်းမှ ပြန်ထွက်လာကာ အစာရှာထွက်သွား၏။ တစ်ဖန် စာကြီးတစ်ကောင် ဝင်သွားကာ စာကလေးများကို ထိုနည်းတူ အစာခွံ့ကျွေးပြန်၏။ ထို့နောက် စာမကြီး ပြန်ရောက်လာပြီး အစာထပ်ကျွေးလေသည်။


စာမောင်နှံသည် ကျွန်မထည့်ထားခဲ့သည့် စာကလေးများအပေါ်၌ တို့သားသမီးများ မဟုတ်ကြ-ဟူသည့် စိတ်ထားမျိုး မရှိကြပေ။ စာကလေးများ အစာမဝမချင်း ဤသို့ ရှာကျွေးနေကြပေဦးမည်။ ကျွန်မသည် သူတို့ပင်ပန်းစွာ အစာရှာနေကြရသည်ကို စိတ်မကောင်း ဖြစ်မိကာ ဆန်တစ်ဆုပ် ပြန်ယူ၍ စာသိုက်အတွင်း ထည့်ပေးရန် လာခဲ့သည်။


ကျွန်မ စာသိုက်အတွင်း ဆန်များထည့်ရန် လက်လှမ်းလိုက်စဉ် စာမောင်နှံသည် စာသိုက်အနီး ပြိုင်တူရောက်လာကြတော့၏။ ကျွန်မက စာကလေးများကို ပြန်ယူမည်အထင်ဖြင့် စိုးရိမ်နေကြဟန် တူသည်။ စာသိုက်အနီးမှ မခွါဘဲ ကျလိ-ကျလိ နှင့် အော်မည်၍ နေကြလေသည်။
ကျွန်မသည် ဆန်တစ်ဆုပ်ကို စာသိုက်ထဲသို့ လျင်မြန်စွာ ပစ်သွင်း၍ နောက်သို့ ဆုတ်လိုက်သည်။ ထိုအခါမှ စာကြီးနှစ်ကောင်စလုံး အသိုက်တွင်းသို့ တိုးဝင်သွားကြတော့၏။


ဟင်း---
ကျွန်မသည် သက်ပြင်း ငွေ့ငွေ့ချရင်း စဉ်းစားလိုက်မိပြီ။
မိဘအအရင်းမဟုတ်သည့် စာမောင်နှံပင်လျှင် စာကလေးများအပေါ် မေတ္တာစိတ်ထား၍ ရှာကြံကျွေးနေပါက မိဘရင်းများသည် မည်သို့ ဆိုဖွယ်ရာ ရှိအံ့နည်း။ သားသမီးများ ပျောက်၍ ရှာနေကြမည့် မိဘရင်း စာ-များ၏ သောကအပူမီးကိုလည်း နားလည်လာခဲ့သည်။ တိရစ္ဆာန်ဖြစ်သော်လည်း သူတို့၌ ကြီးမားသည့် မေတ္တာစိတ် ရှိကြပုံကို ကျွန်မ လက်တွေ့သိမြင်ခဲ့ရသည်။


တိရစ္ဆာန်ထက် အဆများစွာသာသည့် လူသားတို့၌လည်း မေတ္တာ၊ စေတနာ၊ အသီးသီး ရှိကြ၏။ ထိုအားလုံးထက် မိဘမေတ္တာသည် ကြီးမားနက်ရှိုင်းဆုံး ဖြစ်ပေသည်။ သားသမီးတို့ကို ချစ်သည့် မိဘတို့၏ မေတ္တာရောင်ခြည်သည် တုနှိုင်းဖွယ်မရှိပေ။
ကျွန်မ၏စိတ်အာရုံ၌ မိဘတို့၏ မေတ္တာကို လေးနက်စွာခံစားလိုက်ရသည်။ အလိုမကျလျှင် မိဘများအပေါ် စိတ်ကောက်တတ်သည့် အကျင့်ကို ဖျောက်ရန် ဆုံးဖြတ်လိုက်၏။ ထိုနည်းတူ သားသမီးတိုင်းသည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိဘတို့၏ မေတ္တာကို သိနားလည်စွာဖြင့် မွေးကျေးဇူး ဆပ်သင့်ကြောင်း သိရှိခံစားခဲ့ရပေသည်။


စုစံစိုးထက် (သာဝတ္ထိ)

No comments: