Sunday, May 13, 2012

မိုးရွာတော့မည့် နိမိတ်များ

မိုးလေဝသ သတင်းကို တို့တစ်တွေ အချိန်တိုင်း ဘယ်မှာနားထောင်နိုင်မှာလဲ။ လယ်ယာချောင်ခင်းထဲ သွားရင်းလာရင်း လုပ်ရင်းကို်င်ရင်းနဲ့ မိုးလေဝသ အခြေအနေကို ရာသီဥတု အပြောင်းအလဲနဲ့ တိရစ္ဆာန်တွေရဲ့ နေထိုင်မှု ပြောင်းလဲတတ်တဲ့ သဘောလေးတွေ သတိထားရင် မိုးရွာနိုင် မရွာနိုင် ခန့်မှန်းသိနိုင်တယ်။

ဥပမာကွာ-မိုးဦးကျခါစမှာ စာပြည်လုံး (ဘီလုံး)ငှက်လေးတွေဟာ လူ့တစ်ရပ်လောက် ပျံတက်ပြီး အသံတစ်မျိုးလေးနဲ့ အော်အော်ပြီး ပျံတက်ပျံဆင်း လုပ်နေရင် ဒီနေ့ မိုးရွာနိုင်တယ်လို့ အကြမ်းဖျင်း မှတ်ယူလို့ရပြီ။
အထူးသဖြင့် စာပြည်လုံး (ဘီလုံး)ငှက်လေးတွေဟာ ညနေ နေဝင်မိုးချုပ်မှာ အဲဒီလို အော်အော်ပြီး ခဏခဏ ပျံတက်ပျံဆင်းလုပ်နေရင် သေချာပြီ မိုးရွာတော့မယ်။ ဟိုအမြင့်ကြီးတက်ပြီး အတက်အဆင်း လုပ်နေရင်တော့ မိုးရွာတောင်  နည်းနည်းဖွဲဖွဲပဲ။


ညနေ နေဝင်ခါနီးမှာ တက်လာတဲ့ တိမ်စိုင်တိမ်ခဲတွေကြည့်ရင်လဲ မိုးရွာနိုင်-မရွာနိုင် ပြောလို့ရတာပဲ။ နေဝင်တော့မယ့်အချိန်မှာ တိမ်ပုပ်မည်းမည်းကြီး တောင်ကြီးကာဆီးထားသလို နေလုံးကြီးကို ကွယ်ထားပြီး အပေါ်ကို တိမ်တိုက်တွေ ထိုးထွက်နေတာ မြင်ရမယ်၊ လျှပ်လေးတွေက တဝင်းဝင်းလက်နေရင် မိုးရွာမှာ သေချာပြီ။ နေဝင်လျှပ်လက် ညမနက်-စကားလဲ ရှိသားပဲ၊ ရာသီဥတုက လေပြည်လေညင်းလေးတောင် ပေးမတိုက်ဘဲ အိုက်စပ်စပ်ကြီး ဖြစ်နေမယ်ဆိုရင် မိုးရွာမှာမုချပဲ။


အေး မိုးရွာမယ့် နိမိတ်ပုံတွေကတော့ အများသား။
ပုရွက်ဆိတ်အကောင် မည်းမည်းလေးတွေ ထောင်ချီပြီးသူတို့ဥတွေနဲ့ အမြင့်ပိုင်းဖြစ်တဲ့ တဲပေါ်တို့ သစ်ပင်ပေါ်တို့ တက်နေကြတာ မြင်ရရင် ရက်ပိုင်းအတွင်း မိုးကြီးရွာလို့ ရေကြီးနိုင်တဲ့သဘော။


ပြီးတော့ လယ်ပုဇွန်လုံးတွေ တွင်းဝမှာ ရေမရှိဘဲ ပြူတစ်ပြူတစ် လုပ်နေရင် မိုးရွာတော့မယ်။ လယ်ပုဇွန်လုံးတွေ လယ်ကန်သင်းပေါ်မှာ တွင်းဖောက်နေကြရင် အဲဒီနှစ် မိုးကောင်းလိမ့်မယ်။ ကန်တွေ လယ်တွေထဲမှာ ရေရှိနေပါလျက်နဲ့ တွင်းကို ကျစ်စာခဲတွေ လုံအောင်ပိတ်ထားရင် မိုးခေါင်ဦးမယ်၊ လနဲ့ချီကြာ မိုးခွါဦးမယ်ပေါ့။


မိုးနဲ့ပတ်သက်ပြီး ကိုယ့်ကျွဲနွားတွေကို ဂရုစိုက်ကြည့်မယ်ဆိုလဲ သိနိုင်တာပဲ။ ကျွဲနွားတွေဟာ စားကျက်ထဲ ရောက်ရောက်ချင်း မြက်ကောင်းလိုက်ရှာပြီး ဟိုသွားဒီလာနဲ့ ကျောင်းတဲ့လူ အငြိမ်နေရတယ် မရှိဘူး။ နေလေးတိမ်သွားပြီဆိုမှ ငြိမ်ပြီး ကုပ်စားတတ်ကြတာ။ ကိုယ်ကျောင်းနေကျ ကျွဲနွားတွေဟာ ခါတိုင်းနဲ့လဲ မတူဘူး၊ စားကျက်ထဲ ရောက်ကတည်းက ကုပ်စားနေမယ်၊ ဟိုဒီ ဘယ်မှ လိုက်မမောင်းရဘူးဆိုရင် ကျွဲကျောင်း နွားကျောင်းသားတွေဟာ ဒီနေ့ မိုးရွာလိမ့်မယ်လို့ သိနေကြတယ်။ မြက်ပင်တွေပေါ်မှာ လက်ဝါးသာသာ ပင့်ကူမှေးတွေ ယှက်ပြီးခံထားတာ နေရာတိုင်းမှာ တွေ့မြင်နေရရင် ခေတ္တ မိုးပြတ်ဦးမယ်ပေါ့။


ညခင်းမှာ လသာလို့ လခမောက်ဆောင်းရင် နောက်နေ့ နေသာမယ်။ အဲ နေခမောက် ဆောင်းရင်တော့ မိုးရွာလိမ့်မယ်။ နေဝင်ချိန်မှာ နေလုံးကြီးဟာ တစ်နေ့လုံး အုံ့ဆိုင်းနေတဲ့ တိမ်တိုက်ကြားက လုံးလုံးလျားလျား အကာအကွယ်မဲ့နဲ့ ထွက်လာပြီး တဖြည်းဖြည်း နေလုံးကွယ်ပျောက်သွားရင် နောက်နေ့ တစ်နေ့လုံး နေပူတော့မယ်လို့ ပြောနေတာပဲ။


လုံးဝ မိုးမရွာတော့ဘူး၊ မိုးကုန်သွားပြီ ဆိုတာကို ဘာတွေကြည့်ပြီး သိနိုင်လဲ---ဆိုတော့
ပလူကောင်တွေဟာ တစ်နှစ်မှာ နှစ်ကြိမ်ပဲ ထွက်ကြတယ်၊ မိုးဦးကျစမှာ တစ်ခါထွက်တယ်။ နောက် မိုးလုံးဝ ကုန်သွားပြီဆိုရင်လဲ ပလူကောင်တွေ ထောင်သောင်းချီထွက် ပျံကြတာကို ကြည့်ပြီး မိုးကုန်ပြီ ပြောရတယ်။ 
နောက်တနည်း---ရမဇဲပင်၊ နောက်အခေါ် ကရင်မ ပန်းဖူးပင်၊ ပြီးတော့ ဂျာမနီပင်၊ နောက်အခေါ် ရှင်ဘီးစပ်လို့ အမျိုးမျိုးခေါ်ကြတဲ့ ပိစပ်ပင်၊ အဲဒီအပင် ဖူးနေတုန်း မိုးရွာနေရင်တောင် ပွင့်ပြီဆိုတာနဲ့ လုံးဝ မိုးမရွာတော့ဘူး။ မိုးကုန်ပြီလို့ စိတ်ချလက်ချ မှတ်လိုက်ပေတော့။ 


အေးချမ်းအောင် (ရမည်းသင်း)

No comments: