Thursday, May 3, 2012

လူစွမ်းအင်တိုးအောင် ကျားမနိုင်ပင် အသုံးပြုစို့

တော၏ဘုရင် တော၏သခင် စွမ်းအင်ကြီးမားလှတဲ့ ကျားရိုင်းသတ္တဝါကို မည်သည့် တောရိုင်းတိရစ္ဆာန်များမှ မယှဉ်ပြိုင်နိုင်ကြပါဘူး။ အကောင်အထည် ကြီးမားလှတဲ့ ဆင်ကြီးကိုတောင် ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ဝံ့တယ်ဆိုတဲ့ သတ္တဝါမျိုးပါ။
လူများပင်လျှင် လက်နက် လူသူ အင်အား မပြည့်စုံဘဲ သူနဲ့ကြုံလိုက်လို့ကတော့ နိုင်ဖို့ မလွယ်လှပါဘူး။ ကျားကြီးများမှ ရရှိသော ကျားအားဟု ခေါ်သော ပစ္စည်းဟာလဲ ဆေးဖက်ဝင် အာနိသင်ကြီးလှလို့ ရှားပါး တန်ဖိုးကြီးပစ္စည်းအဖြစ် အသိအမှတ်ပြုကြပါတယ်။

ယခု ကျွန်တော်တင်ပြလိုတဲ့ ကျားမနိုင်နွယ်-ဆိုတဲ့ သစ်ပင်ဟာလဲ ကျားအားနှင့်မခြား အင်အားကို ဖြစ်စေပြီး တောထဲတောင်ထဲမှာ သစ်ခုတ်ဝါးခုတ် တောင်ယာလုပ်၊ ရွှေတွင်း ကျောက်တွင်းများမှာ အလုပ်လုပ်ကြသူတို့ အတွက် တောရိုင်းသတ္တဝါ ကျားပမာ အနာရောဂါကင်းပြီး အားခွန်ဗလ တိုးပွားကြလို့ မိမိရဲ့ လုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်နိုင်ကြတဲ့ အနေထားကို လေ့လာသိရှိသမျှ တင်ပြရေးသားလိုက်ပါတယ်။

ကသာမြို့နယ် တောထဲတောင်ထဲမှာ နေထိုင်လုပ်ကိုင်ကြတဲ့ ဒေသခံလူများရဲ့ စာသုံးမှုကို လေ့လာတဲ့အခါ ကျားမနိုင်နွယ်ကို နုပ်နုပ်စဉ်း အခြောက်လှန်းထားရမယ်။ ရေကို ကျိုက်ကျိုက်ဆူအောင် တည်ပြီး ရေနွေးကြမ်းမှာ လက်ဖက်ခြောက်ခတ်သလို ခတ်ပြီးလဲ သောက်ကြပါတယ်။ 
ငှက်ဖျားရောဂါကို ကာကွယ်နိုင်ပြီး အင်အားကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ အရက်သောက်တတ်သူများကတော့ အရက်ထဲမှာ စိမ်ပြီးလဲ သောက်ကြပါတယ်။ အရောင်လှပြီး အနံ့ကောင်းတယ်လို့ ပြောပါတယ်။

ကျားမနိုင်နွယ်ပင်ရဲ့ အရွက်ဟာ စွယ်တော်ရွက်နဲ့ ဆင်ဆင်တူပြီး မင်းကတော်ကတ်ကြေးနဲ့လဲ မှားကြပါတယ်။ အရွက်ရဲ့အရောင်မှာ စိမ်းရင့်ရောင်ရှိပြီး အနားပတ်လည်မှာတော့ ကတ္တီပါ အနားကွပ်ထားသလို ရှိပါတယ်။ သူရဲ့ ထူးခြားမှုကတော့ နွယ်ကို ဖြတ်လိုက်ရင် အတွင်းသားမှာ ကျားခြေရာသဏ္ဍာန် ပေါ်လွင်စွာတွေ့ရှိရတာပါပဲ။


ရှင်နာဂသိန် ရုပ်ပြဆေးကျမ်းမှာတော့ ဟုန်းမျိုးနွယ်ဝင် ဆေးပင်ဖြစ်ပြီး စားသုံးမှု လွန်ကဲရင် အေးလွန်း၍ မီးပင်ကင်ရသည်လို့ ဆိုပါတယ်။
အကြောများ ပိတ်ဆို့မှုကို တွန်းကန်နိုင်တဲ့ သတ္တိရှိကြောင်း၊ အဖျားအို အဖျားမင်းများကို ပျောက်ကင်းနိုင်ကြောင်း အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲတဲ့ လေးဘက်နာ ရောဂါကိုလဲ ပျောက်ကင်းနိုင်ကြောင်း လေ့လာတွေ့ရှိပါတယ်။ 


အစွမ်းထက် ကျားမနိုင် အားတိုးဆေးကို ဖော်စပ် စားသုံးလိုတယ်ဆိုရင် နေ့ကောင်းအခါကောင်း ရွေးချယ်လို့ ကျားမနိုင်နွယ်ပင်ကို တောထဲမှာ ရှာဖွေ ခုတ်ယူရပါတယ်။
အဲဒီလို ခုတ်ယူခဲ့ပြီး မြေအိုးသစ်တစ်လုံးမှာ ထည့်နိုင်အောင် တစ်ပိဿာခန့်ကို ခပ်သေးသေး လှီးဖြတ် ခုတ်စဉ်းလို့ ဖိုခုံလောက် သုံးခုနဲ့ ထင်းခုနစ်ချောင်းထိုးကာ အကြိမ်ကြိမ် ပြုတ်ရပါမယ်။


အနည်းဆုံး ခုနစ်ကြိမ်မျှ ပြုတ်ပြီးရရှိတဲ့ ပြုတ်ရည်ပျစ်ပျစ်ကို ပုလင်းသန့်သန့်တစ်လုံးနဲ့ ထည့်ထားလိုက်ရင် အသင့်သုံးနိုင်တဲ့ အားဆေးကို ရပါပြီ။
ဒီဆေးပြုတ်ရည် အားဆေးကို လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ပျားရည်စစ်စစ် ဟင်းစားဇွန်းတစ်ဇွန်းကို ရောလို့ ညအိပ်ရာဝင်ချိန်မှာ ပုံမှန်သောက်သုံးပေးရုံမျှနဲ့ လူတစ်ယောက်အတွက် လိုအပ်တဲ့ အင်အားကို ရရှိနိုင်ပါတယ်။


အခုလို ကိုယ်ခံစွမ်းအား မြင့်မားစေတဲ့ သဘာဝ တောဆေးကို ရောဂါဘယ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တဲ့ အနေရော လိုအပ်တဲ့ အင်အားကို ရရှိရန်အတွက်ပါ သုံးစွဲနိုင်ပါတယ်။ ကိုယ်ခံစွမ်းအား မြင့်မားတဲ့ ခန္ဓာကိုယ်မှာ ပြင်ပမှ ရောဂါပိုးမွှားတို့ဟာလဲ လွယ်ကူစွာ မကပ်ရောက်နိုင်တဲ့အတွက် များစွာမှ အကျိုးကျေးဇူးကြီးလှတဲ့အတွက် လက်လှမ်းမီသမျှ ရှာဖွေရေးသား တင်ပြလိုက်ရပါတယ်။
(ဆေးပင်ကို ကိုယ်တိုင် ရှာဖွေ၍ လက်တွေ့အသုံးပြုနေသော ဆရာဦးသာဒွေး-၏ ပြောပြချက်များကို ရေးသားတင်ပြပါတယ်)


(မြင့်ဟိန်းကျော်-ကသာမြေ)

No comments: