Tuesday, May 8, 2012

ဒေါသ


ကိုယ့်အသားကို ထိလျှင် နာသလို သူများအသားထိလျှင်လည်း နာလိမ့်မည်ဟူသော အသိကို ယုံကြည်မိသည်က လွန်ခဲ့သော လေးရက်ခန့်က ဖြစ်ပါသည်။ မနက်က ကျွန်မစိုက်ထားသော ပန်းခင်းကို အခြားအိမ်မှ ကြက်ကလေးတစ်ကောင်က လာရောက်ဖျက်ဆီးသွားပါသည်။ တယုတယ စိုက်ထားသော ပန်းခင်းလေးဖြစ်၍ နှမြောသည်။ ဒေါသထွက်သည်။ ထို့ကြောင့် ကြက်ကလေးကို ခဲကြီးကြီးတစ်လုံးဖြင့် ကောက်ပြီး ပေါက်လိုက်မိသည်။


ကြက်ကလေးမှာ အော်ဟစ်ရင်း ညာခြေဘက် ထော့နဲ့ ထော့နဲ့ဖြင့် ထွက်ပြေးသွားသည်။ ထိုအဖြစ်ကိုမြင်တော့ စိတ်မကောင်းမိ။ သို့သော် ဒေါသက အနိုင်ယူသွားလေပြီ။ ညနေတွင် ကျွန်မ ရုပ်ရှင်သွားကြည့်မည် ပြုသည်။ မမီမှာစိုးသဖြင့် အိမ်ပေါ်မှ ပြေးဆင်းမိသည်။ လှေကား တစ်ထစ်ကျော်နင်းမိကာ ခြေချော်သွားသည်။ ညာခြေထောက် ခြေကျင်းဝတ်မှ သွေးများ ထွက်လာပြီး အလွန်နာလှပါသည်။

ကျွန်မ ကြည့်ချင်သော ရုပ်ရှင်ကို မမီရုံမျှမက ၂-ရက်လောက် ဘယ်မှ သွား၍မရအောင် ဖြစ်ခဲ့ရသည်။ ကြက်ကလေး၏ ညာခြေမှာ ထိခိုက်မိသလို ကျွန်မ ညာခြေမှာ ပြန်ထိခိုက်မိသည်ကို စဉ်းစားမိပါသည်။ နောင်ကို ဘယ်သောအခါမျှ သူများခန္ဓာနှင့်စိတ် ထိခိုက်မှုမရှိအောင် နေထိုင်မည်ဟု ဆုံးဖြတ်မိပါတော့သည်။

မဉ္ဇူသင်း (သာစည်)

No comments: