Tuesday, May 8, 2012

အကြောက်လွန်ရောဂါ

တစ်ရက်တွင် ကျွန်တော့်မိတ်ဆွေ ကိုမောင်မောင်၏ ဇနီး ဒေါ်မာလာ-က ဖုန်းဆက်၍ ကျွန်တော့်အကူအညီကို တောင်းခံပါသည်။ “ဆရာညို၊ ကျွန်မအိမ်က မွေးစားသမီးလေး တုန်ပြီးဖျားနေလို့ လာကြည့်ပေးပါဦး၊ ကိုမောင်မောင်လဲ အိမ်မှာမရှိလို့ ဖုန်းလှမ်းဆက်ရတာပါ”ဟု သူမက ပြောပါသည်။ ကျွန်တော်လဲ ကောင်းပါပြီ-ဟုဆိုကာ နားကျပ်နဲ့ သေတ္တာကို ကိုင်၍ သူမတို့အိမ်သို့ လမ်းလျှောက်သွားလိုက်ပါသည်။ 

သူမ၏မွေးစားသမီးလေးမှာ အသက် ၁၂-နှစ်၊ ၁၃-နှစ်သာ ရှိသေးသော ရှမ်းတရုတ်မလေး ဖြစ်ပါသည်။ စောင်ခြုံ၍ ခုတင်ပေါ်တွင် အိပ်နေရာ ကျွန်တော်က ဒေါ်မာလာနှင့် သူ၏သမီး ၂-ယောက်ရှေ့တွင် စမ်းသပ်ကြည့်လိုက်ပါသည်။ မျက်နှာမှာ နီနေသော်လည်း ခန္ဓာကိုယ် အပူချိန်မှာ ပုံမှန်ပင် ရှိပါသည်။ အဆုတ်၊ နှလုံးနှင့် သွေးဖိအားများလည်း ကောင်းပါသည်။

“အခုတော့လဲ အဖျားမရှိပါလား၊ တုန်ပြီး ဖျားတယ်ဆိုတော့ ငှက်ဖျားလည်း ဖြစ်နိုင်တယ်။ ဘယ်လိုဖြစ်တယ် ဆိုတာလဲ ပြောပါဦး၊ ငှက်ဖျား ဟုတ်-မဟုတ် သေချာဖို့ကတော့ သွေးဖောက်စစ်ကြည့်ပြီးမှ ပြောနိုင်မှာပဲ”ဟု ကျွန်တော်က ဒေါ်မာလာအား ပြောရပါသည်။
“ကျွန်မတို့အိမ် ဒီကလေးမလေး ရောက်လာတာ ၃-၄ လပဲ ရှိသေးတယ်။ ရှမ်းပြည်က ခေါ်လာတာ။ တစ်ခါမှ မဖျားဖူးဘူး။ မနေ့ကတော့ ရန်ကုန်မြို့ကို အစုံလိုက်ပြတာ၊ ပြန်လာကတည်းက တုန်ဖျားတာပဲ။ ဒီနေ့တော့ ဖျားပြီးအိပ်နေတာ။ အခု ဆရာလာမှ အဖျားကျသွားတာ။ ရွှေတိဂုံ ဘုရားပေါ်တုန်းကလဲ လူတွေ ကြောက်တယ်၊ ကြောက်တယ် ဆိုပြီး အန်သေးတယ်။ ဒါနဲ့ အစောကြီး အိမ်ကို ပြန်လာရတယ်-ဟု ဒေါ်မာလာက ပြောပြပါသည်။


“ဒီလိုဆိုရင် ငှက်ဖျားလဲ ဖြစ်နိုင်တယ်။ လူကြောက်တဲ့ရောဂါ ဖိုဘီးယားလဲ ဖြစ်နိုင်တယ်။ ဒီတော့ ငှက်ဖျားပျောက်ဆေးနဲ့ စိတ်ငြိမ်ဆေး ပေးခဲ့မယ်”ဟု ကျွန်တော်က ပြန်ပြောရပါသည်။
မှန်ပါသည်။ အချို့သောသူများသည် လူသူအရောက်အပေါက် နည်းသည့်အရပ်ဒေသမှ လူအများကြီးရှိသော မြို့သို့ ရောလာသောအခါ လူကြောက်ခြင်း၊ ကားကြောက်ခြင်း၊ စက်ကိရိယာများကို ကြောက်ခြင်း စသော အကြောက်လွန်ရောဂါများကို ဖိုဘီးယားဟု ခေါ်ပါသည်။ ထိုသူများသည် သူတို့ကြောက်သည့်အရာနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ရသောအခါ မူးမေ့ခြင်း၊ အော့အန်ခြင်း၊ တုန်၍ဖျားခြင်းနှင့် သတိမေ့မြောခြင်းအထိ ဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်သူများကို ကုသရန်မှာ တဖြည်းဖြည်း ထိုကြောက်သောအရာနှင့် မြင်တွေ့စေခြင်းနှင့် ရုတ်တရက် တွေ့ပေးခြင်းတို့ ဖြစ်ပါသည်။


ရုတ်တရက် တွေ့ပေးခြင်းမှာ ကာရန်မတော်က ယခုကဲ့သို့ အကြောက်လွန်၍ ဖျားတတ်ပါသည်။ ဤသို့မဖြစ်ရန် တဖြည်းဖြည်း ထိုကြောက်သည့်အရာကို ကြောက်စရာ မလိုကြောင်း ပြောပြရပါသည်။ ထိုအရာနှင့် တဖြည်းဖြည်း တွေ့ပေး၍ မတွေ့မီ စိတ်ငြိမ်ဆေးများ ပေးရပါသည်။
တောကလူများ မြို့ရောက်သည့်အခါ လူကိုအကြောက်လွန်သကဲ့သို့ မြို့ကလူများလည်း တောတိရစ္ဆာန်များကို အကြောက်လွန်ခြင်း၊ ကွင်းပြင်ကို အကြောက်လွန်ခြင်း၊ အမြင့်တက်ရမှာကို အကြောက်လွန်ခြင်း စသော အကြောက်လွန်ရောဂါများ ရတတ်ပါသည်။ ပညာပေးမှု မမှန်ကန်၍ ကလေးများ တစ္ဆေကြောက်ခြင်း၊ စုန်းနတ်ကဝေများကို ကြောက်ခြင်း စသည်တို့လည်း ဖြစ်တတ်ပါသည်။ အချို့သူများမှာ အခန်းကျဉ်းကို ကြောက်လွန်းခြင်းရှိ၍ ဓာတ်လှေကားကို မစီးရဲသူပင် ရှိပါသည်။


“ဒီလူ ကြောက်ရောဂါကို ပျောက်အောင် ဘယ်လိုလုပ်ပေးရမလဲဆရာ“ဟု ဒေါ်မာလာက မေးမြန်းပါသည်။
အထူးအထွေ လုပ်ဖို့မလိုပါဘူး။ အိမ်ကို ဧည့်သည်တွေလာရင် သူမြင်ပါ တွေ့ပါစေ။ ကိုယ်က အနီးအနား ဈေးသွားရင် ခေါ်သွားပါ။ ဒီအနီးတဝိုက် ဘုရားဖူးသွားရင်လဲ ခေါ်သွားပါ။ ပထမတခါ ခေါ်မသွားမီ ကျွန်တော်ပေးတဲ့ စိတ်ငြိမ်ဆေးကို တိုက်သွားပါ။ ဒီလိုနဲ့ လူအများကြီးရှိရာကို ခေါ်ခေါ်သွားပါ”ဟု ကျွန်တော်က ပြောပြရပါသည်။


တလောကမူ ဒေါ်မာလာနှင့်သူ၏မွေးစားသမီးလေးတို့ဝတ်ကောင်းစားလှနှင့် ကျွန်တော့်ထံ ရောက်လာပြီး ဒံပေါက် ၂-ထုပ် လာပေးပါသည်။ 
“ဘာဖြစ်လို့ ဒံပေါက်တွေ လာပေးတာလဲ”ဟု ကျွန်တော်က မေးသောအခါ ဒေါ်မာလာက “အခုပဲ ရန်ကုန်မြို့လယ်က ဘုရားဖူးလျှောက်လည်ပြီး ပြန်လာကြတာ။ ဒီသမီးလေးလဲ အရင်ကလို မဖြစ်တော့ဘူး။ ပျော်မြူးပြီး လူမကြောက်တော့လို့ ဆရာရေ့၊ အဲဒါ ရွှေဘုံသာလမ်းက ဒံပေါက်ကို အမှတ်တရ ဝယ်လာပြီး ဆရာ့ကို ကန်တော့တာ”ဟု ပြောပါသည်။


ကျွန်တော်ကလည်း ကောင်းပါ့ဗျာ၊ အကြောက်လွန်ရောဂါဆိုတာ မကြောက်တော့ရင် ပျောက်တာပေါ့”ဟု ကောင်းချီးပေးလိုက်ရပါသတည်း။


ဝေါဟာရ (GLOSSARY)
အကြောက်လွန်ရောဂါ=Phobia
လူ အကြောက်လွန်ရောဂါ=Homo Phobia
တိရစ္ဆာန် အကြောက်လွန်ရောဂါ=Zoo Phobia
အခန်းကျဉ်း အကြောက်လွန်ရောဂါ=Claustro Phobia
အမြင့် အကြောက်လွန်ရောဂါ=Acro phobia
ကွင်းပြင် အကြောက်လွန်ရောဂါ=Agora phobia
ငှက်ဖျားရောဂါ=Malaria
တုန်၍ဖျားခြင်း=Fever With Rigor
စိတ်ငြိမ်ဆေး=Tranquilizer
တဖြည်းဖြည်း ထိတွေ့ကုခြင်း=Gradual Therapy
ရုတ်တရက်=Cold Turkey
ထိတွေ့ကုခြင်း=Method Or Flooding Therapy.


ဒေါက်တာ မောင်မောင်ညို

No comments: