Tuesday, May 8, 2012

ရွှင်မြူးဖွယ်


ဆရာ့ကို အားနာလို့---
(မောင်ထွေး) ကျွန်တော့်ကို စာတွေ ခဏခဏ မမေးပါနဲ့ ဆရာ။
(ဆရာ) ဟေ-ဘာဖြစ်လို့လဲကွ။
(မောင်ထွေး) အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်းလို့ ဆရာပဲ ပြောထားတော့ ဆရာ့ကို ကျွန်တော် အားနာလို့ပါ။
=====


အင်္ဂလိပ်စာ မတတ်လို့---
တစ်နေ့တွင် အင်္ဂလိပ်စာ သင်ပြသော ဆရာမသည် ကျောင်းသား-ကျောင်းသူများအား “မင်းတို့ရဲ့ ဖခင်ထံ ပေးစာတစ်စောင် ရေးခဲ့ရမယ်”ဟု မှာကြားသည်။ ထိုအခါ-
(မောင်မောင်) မြန်မာလို ရေးရမှာလား ဆရာမ။
(ဆရာမ) ဘာဖြစ်လို့ မြန်မာလို ရေးရမှာလဲ။
(မောင်မောင်) ကျွန်တော်ဖေဖေက အင်္ဂလိပ်စာ မတတ်လို့ပါ။
=====
နှစ်က တစ်ထက် ပိုများတာပေါ့---
ဖခင်ဖြစ်သူက သူငယ်တန်းဖြစ်သူ သားအား အစမ်းစာမေးပွဲတွင် အဆင့်နှစ်ရ၍ ဆူရာ သားဖြစ်သူ ပြန်ဖြေလိုက်ပုံမှာ “အဖေရာ ပိုက်ဆံ နှစ်ကျပ်က တစ်ကျပ်ထက် ပိုများတာပေါ့”
=====
အလေးဆုံး အရာ---
(ဆရာ) မောင်မောင်-ကမ္ဘာပေါ်မှာ အလေးဆုံးအရာဟာ ဘယ်ဟာလဲ။
(မောင်မောင်) မျက်ခွံပါ ဆရာ။ အိပ်ချင်ပြီဆိုရင် ကရိန်းနဲ့ ဆွဲတင်တောင် မရနိုင်ပါဘူး။
=====
အကျိုးမရှိပါဘူး---
(မိခင်) ငါ့နှယ်နော် စိတ်ညစ်လိုက်တာ။ မင်းကို ဒီပန်းကန်တွေ မကွဲအောင် သယ်ခဲ့ပါလို့ အသေအချာ မှာရက်နဲ့ အခုတော့ ကွဲကုန်ပြီ။
(သား) စိတ်ထောင်းရင် ကိုယ်ကြေသတဲ့ မေမေ။ မေမေ စိတ်တိုနေလဲ ကွဲသွားတဲ့ပန်းကန်တွေက အကောင်းပြန်ဖြစ်လာမှာ မဟုတ်ဘူး။ သားကို ဆူမနေပါနဲ့တော့ နော်။
=====
အမည် ပဟေဠိ---
(မောင်ပု) မင်းကို ငါ ပဟေဠိ တစ်ခု မေးမယ်။
(မောင်စု) ဘာမေးမှာဘဲ မေးစမ်းပါဦး။
(မောင်ပု) ပါဠိနဲ့ အင်္ဂလိပ် ပေါင်းထားတဲ့ “ကိုးနေ့”လို့ အဓိပ္ပါယ်ရှိတဲ့ ရှေးစာဆိုတစ်ဦးရဲ့ အမည်ဟာ ဘာလဲ သိလား။
(မောင်စု) အတန်ကြာ စဉ်းစားပြီး-မင်းမေးတာ ငါ မဖြေနိုင်တော့ဘူး။ ကဲ-ဘယ်သူလဲ၊ ပြောစမ်းပါဦး။
(မောင်ပု) နဝဒေး-လေ။
=====
သူများလည်း ကိုယ့်လိုပဲပေါ့---
(ပထမ မိန်းမ) လူတွေဟာ နာမည်မှည့်တာ ကိုးရိုကားရား နိုင်လိုက်တာ။
(ဒုတိယ မိန်းမ) ဘာဖြစ်လို့လဲ။
(ပထမ မိန်းမ) ဘာဖြစ်ရမှာလဲ။ လသားအရွယ်နဲ့ ဆုံးသွားရှာတဲ့ ကလေးနာမည်က “မောင်သက်ရှည်” တဲ့။ အသက် ကိုးဆယ်ကျော် အဘိုးကြီး နာမည်က “ဦးလူကလေး”တဲ့။
အရုပ်ဆိုးတဲ့လူကို မှည့်ထားတဲ့နာမည်က “ကိုလူလှ” တဲ့။
အသားမည်းတဲ့ မိန်းကလေးရဲ့ နာမည်ကျပြန်တော့လည်း “မဖြူဖွေး”တဲ့လေ။
(ဒုတိယ မိန်းမ) သူများကိုပြောတာ ဟုတ်ပါရဲ့။ ရှင်လည်း အရပ်ကြီး ဒီလောက်ရှည်နေတာ ဘာပြုလို့ “မပု”လို့ မှည့်ထားတာလဲ။ ပြောစမ်းပါဦး။
(ပထမ မိန်းမ) “ဟို...ဟိုဒင်း၊ ဒါကတော့ အမေပေးလိုက်တာကိုး-ဟဲ့။
=====
သက်သတ်လွတ် မဟုတ်တော့ပြီ---
မွေးနေ့ဖြစ်သဖြင့် သက်သတ်လွတ်စားနေသော သမီးဖြစ်သူသည် မိခင်ဖြစ်သူအား ထမင်းဝိုင်းတွင် အလန့်တကြား ထအော်လိုက်သည်။
(သမီး) အမေရေ၊ သမီးတော့ ဒီနေ့ သက်သတ်လွတ် မဟုတ်တော့ဘူး။
(အမေ) ဘာကြောင့်လဲ သမီး။
(သမီး) အမေ့ထမင်းထဲက ဆန်ပိုးကောင်ကို သမီးကိုက်မိလို့။
=====
သားမမွေးခင်က အကြောင်းတွေ---
(အဖေ) သား-သမိုင်းဘာသာ ဖြေနိုင်ရဲ့လား။
(သား) လုံးဝ မဖြေနိုင်ဘူး အဖေရယ်၊ မဖြေနိုင်တာ သားအပြစ်တော့ မဟုတ်ပါဘူး။ သား မမွေးခင်က အကြောင်းတွေ စာမေးပွဲမှာ မေးတာကိုး။

No comments: