Tuesday, May 8, 2012

ကျွန်မချစ်သော သူငယ်ချင်း


ကျွန်မသည် အလယ်တန်းပြ ဆရာမတစ်ယောက် ဖြစ်သည်။ နေ့စဉ် အလုပ်ခွင်၌ အခက်အခဲများနှင့် ကြုံတွေ့ရသောအခါ ကျွန်မကျောင်းသူဘဝက အလွန်ချစ်ခင်လှသော သူငယ်ချင်း ခင်လေးဝင်း-အား အမှတ်ရနေမိတော့သည်။


ကျွန်မသည် ခင်လေးဝင်းနှင့် အခန်းဖော်အဖြစ် အတူနေထိုင်ခဲ့ဖူးသည်။ သူ့တွင် သူများထက် ထူးခြားသောအချက်မှာ အနေရိုးခြင်းနှင့် စကားနည်းခြင်းတို့ပင် ဖြစ်ပေသည်။ ထမင်းတစ်ဝိုင်းကို  နှစ်ယောက် စားစဉ်အခါတိုင်းလိုလိုပင် ကျွန်မအတွက် အလွန်ညှာတတ်ပေသည်။ “ငါက အသားမကြိုက်ဘူးကွ”ဟု ပြောပြီး သင့်တင့်သော ဟင်းဖြင့်သာ ရောင့်ရဲတတ်သူ ဖြစ်သည်။

၎င်းအပြင် ကျွန်မ ကျောင်းပျက်သောအခါ၌ စာများကူးပေးခြင်းနှင့် မဖြေတတ်သော ကျောင်းစာများကို ပြသပေးတတ်ပြန်သေး၏။
ကျွန်မ ကျောင်းသူဘဝတုန်းက ဖခင်ကြီးဆုံးသောအခါ အားပေးနှစ်သိမ့်ရန်အတွက် ကျွန်မအိမ်သို့ တစ်လခန့် လာနေပေးဖူးလေသည်။ သူမသည် ကျွန်မအောက် တစ်နှစ်ခန့် ငယ်သော်လည်း အမကြီး တစ်ယောက်၏ သဘောမျိုးထားနိုင်သူလည်း ဖြစ်ပေသည်။

ကျွန်မသည် အလုပ်ခွင်၌ ကြုံတွေ့ရသောအဖြစ်များကို စဉ်းစားမိတိုင်း ကျောင်းသူဘဝက ကြုံခဲ့ရသော ချစ်သူငယ်ချင်း ခင်လေးဝင်း၏ စေတနာ၊ မေတ္တာတို့ကို သတိမရဘဲ မနေနိုင်တော့ပေ။ ယခုဆိုလျှင် သူနှင့်ကျွန်မ စာအဆက်အသွယ် မရှိသည်မှာ နှစ်ပေါင်း ၂၀-ခန့် ရှိပါပြီ။

တစ်နေ့သ၌ အလုပ်တာဝန်ကိစ္စတစ်ခုဖြင့် သူ့အမ ခင်လေးသင်းသည် ကျွန်မတို့ မြို့နယ်သို့ ခေတ္တရောက်ရှိလာသည်။ ထိုအခါ ကျွန်မသည် ခင်လေးဝင်း၏ အကြောင်းကို မေးမြန်းကြည့်ရာ “ဟင်-ညည်းသူငယ်ချင်းအကြောင်း မသိဘူး ဟုတ်လား၊ အံ့ပါကွယ်၊ အိမ်ထောင်ကျနေပြီ။ သူ့အမျိုးသားက သိပ်သဘောကောင်းတာ။ သူ အိမ်ထောင်ရေး ကုသိုကောင်းတယ် ဟေ့-ဟူ၍ ခင်လေးသင်းက ပြောပြသည်။

ကျွန်မသည် ခင်လေးသင်း၏ စကားကို နားထောင်ပြီး “စေတနာကြောင့် တုံ့ပြန်သော အကျိုးတရားကို ရရှိခြင်းပေပဲ”ဟု တွေးမိရင်း သူငယ်ချင်း၏ ကောင်းသတင်းလေးပေါ်တွင် ပီတိဖြစ်မိပါတော့သည်။

ခင်မေ(ရွှေတောင်)

No comments: